Wednesday, December 24, 2008

အင်အားစုများ ညီညွတ်ရန် စီအာပီပီ တိုက်တွန်း

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008

နယူးဒေလီ (မဇ္ဈိမ)။ ။ တိုင်းပြည်အတွက် နိုင်ငံရေးအင်အားစုများ အားလုံး ညီညွတ်မှုရှိရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ - စီအာပီပီက ယနေ့ တိုက်တွန်းလိုက်သည်။

တိုင်းပြည် ဒီမိုကရေစီရေးအတွက် နိုင်ငံရေးပါတီအချင်းချင်း၊ ပါတီတွင်း၊ အပစ်ရပ်နှင့် ဆက်လက်တိုက်ပွဲဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ညီညွတ်ရေး လိုအပ်ကြောင်း ယမန်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည့် စီအာပီပီ အစည်းအဝေး နောက်ရက်တွင် ယခုလို ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ပါတီများအနေနဲ့ တဖွဲ့နဲ့တဖွဲ့ ယုံကြည်မှုတည်ဆောက်ပြီး၊ အပြန်အလှန်နားလည်ပြီး ညီညွတ်ရင် အကောင်းဆုံးပဲ။ တိုင်းပြည်အတွက် အရေးအကြီးဆုံး အခြေအနေဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီရော၊ ငြိမ်းချမ်းရေး လုပ်ထားတဲ့ အဖွဲ့တွေရော၊ ငြိမ်းချမ်းရေး မလုပ်ရတဲ့ အဖွဲ့တွေရော အားလုံးဟာ ဒီအချိန်မှာ ညီညွတ်ဖို့ စည်းလုံးဖို့ ဒါမှလည်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်လို့ရမယ်" ဟု စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

"ညီညွတ်ရေးကို တည်ဆောက်ရာမှာ ယုံကြည်မှုက အရေးကြီးတယ်။ ဒါကြောင့်မို့ နအဖ အာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုတယ်" ဟု သူက ဆက်ပြောသည်။

အစည်းအဝေးသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် ၁၁ ဦး တက်ရောက်ခဲ့ကာ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ဆွေးနွေးခဲ့ကြသည်။

စစ်မှန်သည့် ဒီမိုကရေစီစနစ် တည်ဆောက်မည်ဆိုလျှင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်သည့်အနေဖြင့် မြန်မာစစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်ရန်အတွက် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ရန် အစည်းအဝေးက တောင်းဆိုခဲ့သည်။

ဦးအေးသာအောင်က "တိုင်းပြည်မှာ ညီညွတ်ရေး မရှိဘဲနဲ့ ယိုယွင်းနေတဲ့ နိုင်ငံတခုကို ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အင်အားစုတွေအားလုံး ညီညွတ်ဖို့လိုတယ်။ မကြိုက်တာတွေ၊ သဘောမကျတာတွေ ဘေးဖယ်ပြီးတော့ ညီညွတ်ရေးကို တည်ဆောက်ရမယ်။ ဒီလို မတည်ဆောက်ရင်တော့ ဒီ့ထက်ပိုဆိုးနိုင်တယ်" ဟု ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် ပြည်သူ့လွှတ်တော် မပေါ်ပေါက်မီစပ်ကြား လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ စီအာပီပီကို ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က အန်အယ်ဒီနှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့သည်။

သို့သော်လည်း နအဖ စစ်အာဏာပိုင်များဘက်ကမူ တရားမ၀င် အသင်းအဖြစ် ပြောဆိုလေ့ရှိသည်။

ထောင်ချသော်လည်း ကြောက်ရွံ့နောက်တွန့်မည် မဟုတ် (အင်တာဗျူး)

ဇာနည်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008


(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ဝေးထောင်များတွင် ထောင်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးနေသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်တင်က 'အကျဉ်းသား မိသားစုများပါ ဒုက္ခရောက်နေသဖြင့် ၀ိုင်းဝန်းကူညီကြရန်' ယနေ့ တိုက်တွန်းလိုက်သည်။

သို့သော်လည်း ဆင်းရဲလှသည့် မိသားစုဝင်များအနေဖြင့် အားငယ်သွားခြင်း၊ အားလျော့သွားခြင်း မရှိသလို၊ ထောင်ချသည့်အတွက်လည်း အာဏာပိုင်များကို ကြောက်ရွံ့သွားမည်၊ တွန့်ဆုတ်သွားမည် မဟုတ်ကြောင်း ဆရာကြီးက ပြောသည်။

ဒီမိုကရေစီရေး လှုပ်ရှားနေသူများအနေဖြင့် အသံညီညီဖြင့် လက်တွဲလုပ်ဆောင်ပါရန် တိုက်တွန်းလိုက်သေးသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုများထံ သွားရောက်အားပေးနေသည့် အခြေအနေနှင့် သူ့အမြင်များကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ဇာနည်က မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ ။ ဘဘ အခု အကျဉ်းကျနေတဲ့ သူတွေရဲ့ မိသားစုတွေကို လိုက်တွေ့နေတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် အခုလို လိုက်တွေ့ဖြစ်တာလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ ဒီဥစ္စာက ဘယ်လိုလဲဆိုတော့ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတာဗျာ။ အဲဒီမှာ အဖွဲ့ချုပ်ကရော၊ နောက် အားလုံးကရော ၀ိုင်းကူညီကြတယ်။ အားပေးတယ်၊ သတိရတယ်လို့ ပြောတယ်။ တခါတလေလည်း မုန့်ဘာညာ စသည်ပေါ့ဗျာ လာလာပြီးတော့ ပေးကြတယ်။ ငပိကြော်ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ ကျနော် အနှစ် ၂၀ ကို ဖြတ်သန်းခဲ့ရတာ။

ဆိုတော့ ဒီလူတွေရဲ့ကျေးဇူး၊ ဒီလူတွေရဲ့ လုပ်ရပ်ကို မမေ့နိုင်ဘူး။ ကျနော့် ပေးတဲ့သူက မောင်ဖြူ ဖြစ်ပေမယ့်လို့ ကျနော် ပြန်ပေးတာက မောင်မဲဆိုရင်လည်း ဒါက မောင်ဖြူကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားတယ်လေ။ ဘာလို့လဲဆိုတော့ ဒါက လူတိုင်း ၀ိုင်းလုပ်ပေးလို့ ကျနော် အသက်ရှည်လာတာဗျ။ ထောင်ထဲမှာက အသက်ရှည်နိုင်စရာ မရှိဘူး။ ဒီအစိုးရရဲ့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ ခံနေရတာ။ ဒါတောင် ကျနော် ညှဉ်းဆဲခံရတာတွေ ထည့်မပြောသေးဘူး။ ဒီအစိုးရ ဒီလောက်ကြပ်မတ် ချုပ်ချယ်ထားတဲ့ အထဲမှာ တယောက်ထဲ ပိတ်နေတဲ့အခါတွေမှာ ကျနော် အသက်ရှည်စရာအကြောင်း မရှိဘူး။

ဒီလို ကျနော့်ကို အားပေးတဲ့ လူတွေ၊ ကျနော့်ကို သတိရတဲ့လူတွေကြောင့်သာ ကျနော် အသက်ရှည်ခဲ့တာဗျ။ ဒါကြောင့် ဒီနေ့ ကျနော်သွားကူနေတယ်၊ ဘာညာဆိုတာက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရကို လုပ်တာ။ တော်တော့်ကိုတော့ မောတယ်ဗျာ။ ဒါပေမဲ့ ကျနော် တတ်နိုင်သမျှ လုပ်မှာပါပဲ။ ကျနော် ဘယ်ကမှ ပိုက်ဆံ ရလို့တော့ မဟုတ်ဘူး။ ကျနော့ မိတ်ဆွေတွေ ထောက်ပံ့တဲ့ လမ်းစရိတ်ကို ကျနော် ချွေတာပြီး လိုင်းကားစီးပြီး သူတို့ကို မုန့်လေး ဘာလေး ၀ယ်ပြီး ပေးတယ်။ ဒါပါပဲ။

မေး။ ။ ဘဘ ဒီလိုသွားတော့ သူတို့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ အခြေနေတွေကို ဘယ်လိုတွေ့ခဲ့ရပါလဲရှင့်။

ဖြေ။ ။ ကျနော်ပြောချင်တာတော့ နှစ်ချက် သုံးချက် ရှိမယ်ဗျ။ တချက်က လူတိုင်းက သိပ်ပြီးတော့ ကျနော်တို့ ထင်သလို စိတ်ပျက် အားငယ်နေတာတော့ မရှိဘူးဗျ။ လူတိုင်းက တက်ကြွနေတယ်။ ကျနော်တို့ လာတဲ့အတွက်လည်း ပိုပြီးတော့ ထက်သန်တက်ကြွနေတယ်။ ၀မ်းသာနေတယ်။ ကျနော် အဲဒါကို တွေ့ခဲ့ရတယ်။ နောက်တချက်က ဘယ်လိုလဲဆိုတော့ ဒီထဲမှာက တချို့ တောင့်တောင့်တင်းတင်းပေါ့ဗျာ၊ စီးပွားရေးအားဖြင့် တောင့်တင်းပုံပေါ်တဲ့ မိသားစုများထက် တော်တော်ဆင်းရဲတဲ့သူတွေကို သွားတွေ့တယ်ဗျ။ အဲဒီ အခါကျတော့ ကျနော်တော့ ဒီအစိုးရလုပ်တဲ့ပုံကို သိပ်ပြီးတော့ စိတ်ထဲ စိတ်ပျက်တယ်ဗျာ။

ဘာလို့လဲဆိုတော့ ကျနော်ပြောတာက အကျဉ်းသားတွေ ထောင်ကျတယ်။ နိုင်ငံရေး လုပ်တဲ့အတွက် ထောင်ကျမယ်ဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်ပြီးသား ကိစ္စ။ ဆိုပါတော့ ကျနော်ဆို ထောင်ပြန်ကျလည်း ရယ်ဒီပဲ။ ကျနော် ဒီနေ့အထိလည်း ထောင်အ၀တ်အစား အပြာရောင်တို့ ဘာတို့ပဲ ၀တ်နေတာပဲ၊ ဘာမှလည်း တွန့်ဆုတ်မှု မရှိဘူး၊ ဘာမှလဲ ဂရုမစိုက်ဘူး။ ကျနော် လုပ်စရာရှိတာ ကျနော် လုပ်နေတာပဲ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတိုင်းအတွက်ကလည်း ထောင်ကျတယ်ဆိုတာ မဆန်းဘူးဗျ။ ဒါပေမဲ့ ဒီအစိုးရက သိပ်ပြီးတော့ကို တော်တော့်ကို ဆိုးဆိုးဝါးဝါး လုပ်တာပဲ။

ကျနော် စဉ်းစားကြည့်တယ်။ ခုနက ပြောတဲ့ တချက်ပေါ့ဗျာ။ မိသားစုတွေက တော်တော်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲတဲ့ အခါကျတော့ ဒီလောက်ဆင်းရဲတဲ့ မိသားစုတွေက ဘယ်လိုဖြစ်လဲဆိုတော့ အဝေးမှာ ထောင်တွေက ကျတယ်ဆိုတော့ ဥပမာဆို ပူတာအိုကျတဲ့ မိသားစု ပါတယ်ပေါ့။ တနေ့က ကျနော် ဒေါပုံနယ်ထဲ သွားတယ်။ အဲဒီမှာ လေး၊ ငါး ဆယ်အိမ်လောက်သွားတာဆိုတော့ အဲဒီက လူတွေက တော်တော့်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲလိုက်တာမှဗျာ အိမ်လေးတွေကလည်း ကျဉ်းကျဉ်းလေးတွေ။ ဒါပေမဲ့ သူတို့ စိတ်ဓာတ်အားဖြင့်တော့ မကျဘူး။ မကျဘူး ဆိုပေမယ့်ဗျာ စိတ်တော့ နည်းနည်းလေး ညစ်နေတာပေါ့။

စိတ်ညစ်တယ်ဆိုတာက ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဒီထဲမှာ ကလေးတယောက်က ပူတာအိုသွားရမယ်ဆိုပြီး ပါတယ်။ စစ်တွေကို သွားရမယ့်သူတွေ ပါတယ်။ အဲဒီဟာတွေဟာ ခရီးစရိတ်ကထား၊ ICRC က ကူတယ် ဆိုသော်ငြားလည်း၊ ခင်ဗျား ဒီခရီးက စားရေးသောက်ရေး၊ နေရေးထိုင်ရေး ရှိသေးတယ်။ ဘာလို့ဆိုတော့ အဲဒီကို သွားတာ တပတ်နှစ်ပတ်ကြာတယ်။ အဲဒီတော့ သူတို့ စားရေးသောက်ရေးက ဟိုမှာတင် အခက်အခဲရှိရုံ မဟုတ်ဘူး။ သူတို့ ရန်ကုန်မှာက နေ့စား လက်လုပ်လက်စားတွေဗျာ။ သူတို့ ဘာမှ အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံရေး လုပ်တဲ့သူတင် ထောင်ကျတာ မဟုတ်ဘူး။ မိသားစုပါ ဒုက္ခရောက်နေတာဗျာ။ ၀ိုင်းကူနိုင်ရင် ကူကြပါ ကူနိုင်အောင်လည်း လုပ်ကြပါလို့ ကျနော် တိုက်တွန်းချင်တယ်။

မေး။ ။ အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာတွေ၊ နောက် နယ်ဝေးက ထောင်တွေကို ပို့ခံရတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ ဘဘ။

ဖြေ။ ။ အဲဒါက အစိုးရ အနေနဲ့က မလုပ်ကောင်းတာပဲဗျာ။ ထောင်ချချပေါ့ဗျာ။ မိသားစုပါ ဒုက္ခရောက်အောင်တော့ မလုပ်ကောင်းဘူးပေါ့ဗျာ။ ကျနော်တော့ အဲလိုပဲ သဘောရတယ်ဗျ။ တမင်နှိပ်စက်တာပေါ့ဗျာ။ လူတွေကို အကျဉ်း နှစ်ပေါင်းများစွာ ချတယ်။

စဉ်းစားကြည့်ဗျာ။ လူသတ်မှု ကျူးလွန်တာတောင် ထောင်ဒဏ် နှစ်၂၀ စသည်လောက်ပဲ ကျနိုင်တယ်။ အဲဒါမျိုးတွေကို၊ လူတွေကို ထောင်ဒဏ် နှစ် ၆၀ တွေဘာတွေ ချတယ်ဆိုတာက ရှင်းရှင်းပြောရင် ဒါက လူတွေကို မတရားသဖြင့် လုပ်တာပဲဗျ။ တရားဥပဒေနဲ့ အညီလုပ်တာ မဟုတ်ဘဲ မတရားသဖြင့် လုပ်တာပဲဗျ။

မနေ့တနေ့က လူငယ်တယောက်ဆိုရင် တနေရာကို ၃ နှစ်လောက်ကျတာ။ ၀န်ထမ်းတယောက်နဲ့ ပတ်သက်တယ်ဆိုပြီးတော့လား မသိဘူး။ သူ့ကို ၃ မှုနဲ့ ထောင်ဒဏ် ၉ နှစ် ချတယ်ဗျာ။ ဒါမျိုးက မလုပ်ကောင်းတဲ့ အလုပ်တွေပဲ။ တရားစီရင်ရေးဟာ တရားသဖြင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။ ထားတော့ ဒါကတော့ အကျဉ်းသားတွေကို ထောင်ချတဲ့အတွက် ကျနော်ကတော့ မပြောချင်ဘူး။ များတာ နည်းတာလည်း ဂရုမစိုက်ပါဘူး။

နိုင်ငံရေးသမား ထောင်ချတာလည်း ကျနော်က သိပ်ပြီး မပြောချင်ဘူး။ နိုင်ငံရေးသမားကတော့ ထောင်ကျရင်ကျမယ် လုပ်တာပဲ။ ဒါပေမဲ့ မိသားစုကိုတော့ ဒီလောက်ကြီး မညှဉ်းဆဲကောင်းဘူးဗျ။ စဉ်းစားကြည့်လေ။ တရားသဖြင့်လည်း မဟုတ်ဘူးဗျာ။ မိသားစုကို ဒုက္ခရောက်အောင် ထပ်လုပ်တယ်။ ဒါလုပ်ကောင်းသလားဗျာ။

အောက်ဗမာပြည်က အကျဉ်းသားကို ပုသိမ်ပို့တာတို့၊ ဖျာပုံပို့တယ်။ ဘားအံပို့တယ်ဆို ထားအုံး။ နောက် အင်းစိန်ထောင်မှာ မတရားနဲ့ ထောင်ကျနေတဲ့သူတွေ များလွန်းလို့ နေရာမရှိဘူး။ နေရာမရှိလို့ အဝေးပို့ရတယ်ဆို တော်သေးတယ်။ ဘယ့်နှယ်ဗျာ အောက်ဗမာပြည်က လူကို ပူတာအိုပို့တယ်ဆိုတာတော့ တရားလွန်တာပေါ့။ ကျနော်ကတော့ ဒီလိုပဲ သဘောရပါတယ်။

မေး။ ။နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေကို အခုလိုမျိုး နှစ်ရှည်ထောင်ဒဏ်တွေချတာ အဝေးက ထောင်တွေကို ပို့တာတွေ လုပ်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေက အရှိန်လျော့သွားနိုင်ပါသလား ဘဘ။

ဖြေ။ ။ မလျော့ဘူး မနည်းသွားဘူး။ ကျနော်ကတော့ စိတ်အားထက်သန်နေလို့လားတော့ မသိဘူး။ ကျနော်တော့ နည်းမယ်လို့ မထင်ဘူး။ ဘာလို့ ကျနော် ဒီလိုပြောနိုင်လဲဆိုတော့ အထောက်အထားမရှိ၊ စိတ်ကူးစိတ်သန်းနဲ့ ပြောနေတာ မဟုတ်ဘူး။ အခု ကျနော် သွားတွေ့တဲ့ မိသားစုတွေဆိုရင် တော်တော်ကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ဖြစ်ပေမယ်လို့ အကုန်လုံးက မျက်ရည်တပေါက် မကျဘူး။ ဘယ်သူကမှ စိတ်အားပျက်တဲ့စကား မပြောဘူး။ မိဘတွေကလည်း သူတို့ကို ထောက်ခံနေတုန်းပဲဗျ။ မိဘတွေကလည်း ဘာမှ စိတ်ပျက်တာ မရှိဘူး။

အဲဒီတော့ ကျနော်ထင်တယ် ဒီလို ထောင်ချတဲ့အတွက်နဲ့တော့ လူတွေက ပိုပြီးတောင် ထက်သန်လာတယ်။ အိမ်တအိမ်ဆိုရင် မိခင်တယောက်က ပြောတယ်။ 'အခု ကလေးတွေ ကြည့်ရတာတဲ့၊ ထောင်တွေ အရမ်းချတာတောင်မှ ပိုတောင်မှ စိတ်အားထက်သန်နေတယ်' တဲ့။ တက်ကြွနေတယ်ပေါ့လေ။ ဆိုတော့ ကျနော်က အထောက်ထားမဲ့ ပြောတာ မဟုတ်ဘူး။ ကျနော့ ကိုယ်တွေ့ပေါ့လေ။ မြင်တွေ့နေရတယ်။

ဆင်းရဲတဲ့ မိသားစုတွေထဲမှာ အားငယ်သွားခြင်း၊ အားလျော့သွားခြင်းဆိုတာ ဘာမှ မရှိဘူးဗျ။ အဲဒီတော့ ကျနော်ပြောနိုင်တယ်။ ဒီလိုထောင်ချတဲ့အတွက်နဲ့ကတော့ သူတို့ကို ဘယ်သူမှ ကြောက်မှာလည်း မဟုတ်ဘူး။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ ဘယ်သူမှ ဂရု မစိုက်ဘူးဆိုတာက အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသားလူငယ်တွေ မကဘူး၊ ပြင်ပမှာရှိနေတဲ့ သူတို့ မိဘတွေကလည်း ဘာမှကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာမှ ကြောက်မှာ မဟုတ်ဘူး။ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။

မေး။ ။ ဘဘ ဒီလို အကျဉ်းကျသူတွေရဲ့ မိသားစုတွေကို လိုက်တွေ့တော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ၊ နှောင့်ယှက်တာတွေရော ရှိပါသလား ဘဘ။

ဖြေ။ ။ ဟာ အများကြီးပေါ့ဗျာ၊ အများကြီးပေါ့ဗျာ။ တနေ့က ကျနော် မြောက်ဥက္ကလာဘက်သွားတာ။ ထွက်ထားတဲ့ ကျောင်းသားလူငယ် ၁၄ ယောက်လောက်ပါတယ်။ ဒါပေမယ့်ဗျာ ကျနော်တို့ကို နောက်ကနေ အမြဲတမ်း လိုက်နေကျက ထောက်လှမ်းရေးက လူ ၂ ယောက်လောက် မော်တော်ဆိုင်ကယ် ၂ စီးလောက်ပဲ ရှိတာ။ အဲဒီနေ့ကဆို ဆိုင်ကယ်က အားလုံးပေါင်း ၉ စီးလောက်ရှိတယ်။ နောက်ထပ် ၇ စီး ရောက်လာတယ်။ ကျနော်တို့လည်း လူတော့ နည်းနည်းတော့ များတယ်ပေါ့ဗျာ။

ဒါပေမယ်လို့ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ လူတွေက ၀ိုင်းကြည့် ဘာညာနဲ့ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒီနေရာ၊ ဒီအိမ်မှာကတော့ အကျဉ်းကျနေတဲ့ ဘယ်သူဘယ်ဝါဆိုတာ အန်အယ်လ်ဒီက လူတွေ အိမ်ဆိုတာတွေက သူတို့ သိကြတယ်။ အဲဒီ သိတဲ့အထဲမှာ ထပ်ပြီးတော့ သူတို့တွေက မော်တော်ဆိုင်ကယ်တွေ ဘာတွေနဲ့ 'တဘွန်းဘွန်း' လုပ်တဲ့ အခါကျတော့ လူတွေက ၀ိုင်းကြည့်ဘာကြည့်။

အဲဒီတော့ ကျနော်ပြောချင်တာက အကြောင်းကြောင်းကြောင့် ဆူတာပူတာတို့ လှုပ်လှုပ်ရှားရှားဖြစ်တာတို့ အော်တာဟစ်တာဖြစ်ရင် သူတို့တာဝန်က ပိုများတယ်လို့ ထင်တယ်ဗျ။ ဘာလို့ဆို ကျနော်တို့ကတော့ အကျဉ်းကျတဲ့သူတွေ ရဲဘော်တွေ ကိုယ့်မိတ်ဆွေတွေ ဟုတ်လား။ နောက် ကိုယ့်အဖွဲ့အစည်းက လူတွေအနေနဲ့ ကျနော်တို့ သွားပြီး နှုတ်ဆက်တာပဲ အားပေးတာပဲ။ ဒါ့အပြင် မပိုဘူး။ ကျနော်တို့ အေးအေးဆေးဆေး သွားပြီးတော့ တွေ့တယ်။ တခါတလေ ကျနော်တို့ ဒီက တယောက် နှစ်ယောက်ပဲ သွားတယ်။ တခါတလေတော့လည်း များတယ်ပေါ့ဗျာ။

ဒါပေမဲ့ သူတို့ လုပ်တာက တရားလွန်တယ်။ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ ဆူတာပူတာ၊ အော်တာဟစ်တာ မဟုတ်ရရင်လည်း လှုပ်လှုပ်ရှားရှားဖြစ်တာတွေဆိုရင် ဒါ သူတို့တာဝန်ဗျ။ သူတို့တာဝန်။ တခုတော့ ရှိတယ်ပေါ့ဗျာ။ အစိုးရ ကိုယ်၌ကလည်း တရားလွန်တယ်ဆိုတော့ သူတို့လက်အောက်က သူတို့ခိုင်းတာ လုပ်နေရတဲ့ သူတွေ၊ သူ့တာဝန်အရ သူလုပ်တာကတော့ ပိုပြီးတော့ များတော့မှာပေါ့ဗျာ။

ကျနော်ကတော့ အပြစ်မတင်ပါဘူး။ သူတို့တာဝန် သူတို့လုပ်ပေါ့။ ဒါပေမဲ့ လုပ်ပုံ ပြောပါတယ်။ အခုကျတော့ ဟိုလူက ၀ိုင်းကြည့်၊ ဒီလူက ၀ိုင်းကြည့်နဲ့ပေါ့။ တခုပေါ့၊ ကျနော်တို့ကို ၀ိုင်းပြီး ရိုက်လွှတ်ရင်လည်း ဒါကတော့ တမျိုးပေါ့ဗျာ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အော်ကြဟစ်ကြနဲ့ဆိုရင်တော့ သူတို့ရဲ့တာဝန်ပေါ့။ သူတို့ကို မကျေနပ်လို့ ဆူပူရင် ဒါက ကျနော်တို့ လှုံ့ဆော်တာ မဟုတ်ဘူး။

မေး။ ။ ဘဘ အခု သွားတာမှာ အန်အယ်လ်ဒီကနေ ထွက်ထားတဲ့ လူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဒီထွက်ထားတဲ့ လူငယ်တွေကို ဘဘ ဘယ်လိုစုစည်းထားလဲ။ သူတို့အပေါ် ထားရှိတဲ့ ဘဘ ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ အတွင်းက လူငယ်တွေနဲ့လည်း သွားတယ်။ မြို့နယ်ဥက္ကဋ္ဌတွေနဲ့လည်း သွားတယ်။ ဒီနေ့ဆို မြို့နယ်ဥက္ကဋ္ဌ တယောက်ပါတယ်။ ကျနော်တော့ အစုံသွားကြည့်နေတာပဲဗျာ။ ထွက်ထားတဲ့ လူငယ်ဆိုတော့ပေမယ့်လည်း ကျနော်ကတော့ ထွက်ထားတဲ့ လူငယ်လို့ သဘောမထားဘူး။ ကျနော်ကတော့ ဒါ အန်အယ်လ်ဒီအတွင်းမှာ ရှိနေတဲ့လူတွေပဲ။ ဒါတွေက ကျနော်က ဖက်ထားတဲ့ လူတွေ။ ဘာလို့လဲဆိုတော့ ကျနော်က သူတို့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။

မပေးနိုင်တော့ ကျနော်က ဖက်ထားတယ်။ မင်းတို့ ဒီကနေထွက်ချင်တာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မဟုတ်ဘူးဆိုတော့ ငါတော့ မင်းတို့ကို ဖက်ထားမယ်။ မင်းတို့ဟာ ထွက်ထားတဲ့ လူတွေ ဘာတွေ ပြောပြော မင်းတို့ဟာ ထုတ်ထားတဲ့လူတွေ မဟုတ်ဘူး။ မင်းတို့ကို ပြန်လည်ညီညွတ်ရေးလုပ်ရအောင် ငါ့မှာလည်း နိုင်ငံရေးသြဇာ မရှိဘူး။ အင်အားလည်း မရှိဘူး။ သို့သော် ငါထင်တယ်။ ငါမင်းတို့ကို ပိုက်ထွေးထားတဲ့ အားပဲ ရှိတယ်။ အဲလိုလုပ်ရတဲ့ အကြောင်းက ဘာလဲဆိုတော့ ဒေါ်စုလာရင် ဖြေရှင်းကြမယ်ပေါ့။ ဘာလို့ဆိုတော့ ဒေါ်စုက နိုင်ငံရေး သြဇာရှိတယ်။ အင်အားရှိတယ်။ အဲဒီ အခါကျရင် သူ့သြဇာ။ သူ့နိုင်ငံရေး အင်အားနဲ့ သူတို့ အခု ဖြစ်နေတာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ကျနော်က ပိုက်ထွေးထားနိုင်တယ်လို့ ကျနော် ယုံတယ်လေ။

မေး။ ။ ဒါဆိုရင် ဘဘက ဒေါ်အောင်ဆန်းစုကြည်က ပြန်လွတ်၊ မလွတ် ဆိုတဲ့အပေါ် ဘယ်လို မျှော်လင့်ချက်ထားလို့ပါလဲရှင့်။

ဖြေ။ ။ ဒါကတော့ ဟိုလူ လွတ်မယ်၊ ဒီလူ လွတ်မယ်လို့ နိုင်ငံရေးဗေဒင်ဟောတာက မကောင်းဘူးခင်ဗျ။ အရူးဖြစ်တတ်တယ်။ နိုင်ငံရေး ဗေဒင်ဟောရင် မှားတာပဲ များတယ်။ ဖြစ်နိုင်ချေက သူတို့အစိုးအရရဲ့ အခြေအနေနဲ့ကရော၊ ကမ္ဘာက ဖိအားပေးတာနဲ့ကရော လွတ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ ဒါကတကြောင်း။ နောက်တခုကတော့ ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတာတွေ၊ နောက် ဦးအုန်းကြိုင်လို ပုဂ္ဂိုလ်မျိုးကို ပြန်လွှတ်လိုက်တာမျိုး။ ထောင်ချဖို့ ဖမ်းတာပဲဗျာ။ ထောင်မကျဘဲ ပြန်လွတ်လာတယ်ဆိုတာ ရှားတယ်လေ။ အဲဒီ အပြင်ကို ဒေါ်စုနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့စကားက ရှေ့နေက အယူခံတင်တော့ သူတို့က တွေ့ခွင့်ပေးတယ်ဆို ပေးတယ်၊ မပေးဘူးဆို မပေးဘူးပြောရင် ပြီးပြီ။ အခုက သူတို့က အစိုးရအဖွဲ့က ကိုင်တွယ်နေပါတယ်လို့ ပြောခြင်းအားဖြင့် ဒါက ရှင်းရှင်းလေးပဲ။ လွှတ်ဖို့ ကိုင်တွယ်တာလည်း ဖြစ်မယ်။ မလွှတ်ဖို့ စဉ်းစားတာလည်း ဖြစ်မယ်ပေါ့။ ဘာပဲပြောပြော အကောင်းဘက်ကပဲ စဉ်းစားကြည့်တာပေါ့။ မှားရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။

မေး။ ။ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေကို ဘဘ အနေနဲ့ ဘာများ ပြောချင်ပါလဲရှင်။

ဖြေ။ ။ ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူတွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံ မညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်းကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီနဲ့ လုပ်ကြရအောင်လို့ပါ။

Tuesday, December 23, 2008

ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ ထောင်ဒဏ် ၅ နှစ်ထပ်တိုး

မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 23 2008

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့တွင် ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြသူ ကိုခင်မောင်ချို (ခေါ်) ကိုဖိုးတုတ်ကို ယမန်နေ့က ရန်ကုန်တိုင်း ရန်ကင်းတရားရုံးက ထောင်ဒဏ် ၅ နှစ် ထပ်တိုးသဖြင့် ပြစ်ဒဏ် ၂၄ နှစ် ဖြစ်သွားသည်။

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်သား သူ့ကို ယခုလ ၈ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၁၉ နှစ် ချခဲ့ပြီးနောက်၊ ယမန်နေ့က ရန်ကင်းမြို့နယ် တရားရုံးက နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် ၅ နှစ် ထပ်တိုးချလိုက်ခြင်းဖြစ်သည်။

"ပထမဦးဆုံး စံပြဈေးမှာ ကုန်ဈေးနှုန်း ကျဆင်းရေးတုန်းက သူ ပါခဲ့တယ်။ အလုပ်သမားရေး ကိစ္စတွေမှာလည်း အိုင်အယ်လ်အို (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) ကို တိုင်တန်းပေးတဲ့ အထဲမှာလည်း ပါဝင်ခဲ့သူပါ။ အခု ၅ နှစ်ထပ်ကျတာပေါ့နော်။ စုစုပေါင်း ၂၄ နှစ်ရှိပြီ" ဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ကိုခင်မောင်ချိုကို နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု၊ ဗီဒီယိုအက်ဥပဒေ၊ လိမ်လည်မှု၊ စာရွက်စာတမ်းအတု လက်ဝယ်ကိုင်ဆောင်မှုတို့ဖြင့် ကြည့်မြင်တိုင် တရားရုံးက ယခုလ ၈ ရက်နေ့မှ စတင်ကာ နှစ်ရှည်ထောင်ဒဏ် ချခဲ့ခြင်းဖြစ်သည်။

အလားတူ ထိုရက်၌ပင် သူ့အမှုတွဲတွင် ပါဝင်သူ တောင်ဒဂုံမြို့သား ကိုညွန့်ဝင်းကို ၅ နှစ်နှင့် ကိုကံမြင့်ကို ၁၀ နှစ် ပြစ်ဒဏ်ချခဲ့သေးသည်။

ကျောင်းသားခေါင်းဆောင် ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြ

မြင့်မောင်
တနင်္လာနေ့၊ ဒီဇင်ဘာလ 22 2008

နယူးဒေလီ (မဇ္ဈိမ)။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုသက်ဇော်သည် မော်လမြိုင်ထောင် အာဏာပိုင်များက ဖိနှိပ်နေသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်။

မွန်ပြည်နယ် မော်လမြိုင်ထောင်တွင်း၌ အာဏာပိုင်များက သူ့ကို သံခြေကျင်းခတ်ထားသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၄ ရက်ရှိနေပြီဖြစ်ကြောင်း သိရခြင်းဖြစ်သည်။

"မော်လမြိုင်ထောင်မှာ ရောက်နေတဲ့ ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရတယ်။ ထောင်အာဏာပိုင်တွေကို မကျေနပ်လို့ ဆန္ဒပြနေတယ်လို့ ကြားတယ်။ အကြောင်းစုံကိုတော့ ကျနော်တို့ တိတိကျကျ မသိရသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြတယ်လို့ ကြားတယ်။ သူ့အဖေက ၂ ကြိမ် တွေ့ခဲ့ပြီးပြီ။ ကျနော် သူနဲ့ တွေ့လို့ မေးကြည့်တော့၊ လာမယ့် စနေနေ့မှာ ထပ်တွေ့ဖို့ ကြိုးစားနေတယ်" ဟု ပြောသည်။

လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်နှစ် သြဂုတ်အတွင်းက ကိုသက်ဇော် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦး စတင်ဖမ်းဆီးခံခဲ့ရသည်။

ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းစိန် သီးသန့်တရားရုံးက ကျောင်းသားခေါင်းဆောင် ၃၅ ဦးအား ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် နယ်စွန်နယ်ဖျား ဒေသများရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ရာတွင် ကိုသက်ဇော်သည် မော်လမြိုင်ထောင်သို့ ရောက်ရှိသွားခဲ့သည်။

ဆန္ဒပြနေသည့် အခြေအနေ အသေးစိတ်ကို ပိုမိုသိရှိနိုင်ရန် ဖခင်ဖြစ်သူထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ကျန်းမာရေးဆိုးရွားသည့် နိုင်ငံရေးအကျဉ်းသား ၃ ဦး ထောင်ဆေးရုံတက်

မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 23 2008


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၃ ဦးသည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် ယခုအခါ ထောင်ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း ဆွေမျိုးသားချင်းနှင့် အကျဉ်းထောင် အသိုင်းအ၀ိုင်း အဆိုအရ သိရသည်။

နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များအား ကူညီစောင့်ရှောက်သူ မယဉ်ယဉ်ဝိုင်း ခေါ် ဆည်းဆာ (လှိုင်မြို့နယ်)၊ အန်အယ်ဒီ အဖွဲ့ဝင် ဦးတင်ယု (လှိုင်သာယာမြို့နယ်) နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်းမြို့နယ်) ၏ ကျန်းမာရေး အခြေအနေသည် တနေ့ထက်တနေ့ ပိုမို ဆိုးရွားလာသည့်အတွက် အင်းစိန်ထောင်တွင်းရှိ ဆေးရုံတွင် ကုသနေရကြောင်း သိရခြင်း ဖြစ်သည်။

"မယဉ်ယဉ်ဝိုင်းက လွန်ခဲ့တဲ့ ၂ လက စဖြစ်နေတယ်။ အစာအိမ်က နဂိုကတည်းကရှိတော့ ကျန်ခဲ့တဲ့ ၂ လ လောက်ကစပြီး ဆန်ပြုပ်ပဲ သောက်နေရတယ်။ ထမင်းမစားဘူး။ ပေါင်မုန့်လေး၊ ဘီစကစ်လေးပဲ စားနေတာ။ ကျန်ခဲ့တဲ့ တပတ်က အန်တော့ သွေးပါတယ်" ဟု အမည်မဖော်လိုသူ ဆွေမျိုးသားချင်းတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး "အရင်တုန်းကလည်း ဆန်ပြုပ်သောက်ပေမယ့် ၂ လ အတွင်းမှာ နည်းနည်းချင်း အန်တယ်။ အခုလို မဖြစ်ဘူး။ သူ့ဆီမှာ အမျိုးသမီးရောဂါ ရှိတယ်။ ခွဲစိတ်ဖို့ ဘာညာလည်း ရှိတယ်။ ဒီအပတ် သူ့အမနဲ့ တွေ့တော့ အပြင်ကို ထုတ်ပြီး ဆေးကုသခွင့်ရအောင် အထက်ကို စာတင်မယ်လို့ သိထားတယ်။ လောလောဆယ် မတင်ရသေးဘူး" ဟု ပြောသည်။

မယဉ်ယဉ်ဝိုင်းသည် ယခုနှစ် မေလဆန်းက နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ဒုက္ခသည်များကို အားတက်သရော ကူညီနေစဉ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ လှိုင်သာယာ အန်အယ်ဒီအဖွဲ့ဝင် ဦးတင်ယုကို ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ကာ ယခုအခါ သူသည် အရိုးကျီးပေါင်းတက် ရောဂါကြောင့် ထောင်ဆေးရုံတွင် ကုသနေရသည်။

"ဦးတင်ယုက အရိုးကျီးပေါင်းတက် ရောဂါနဲ့ ခြေထောက်ကို ဂဲ စွဲနေရတယ်။ ထောင်ဆေးရုံကို သူ့အဆောင်ကနေ သွားတယ်။ ခြေတောက်ကို ဂဲ စွဲရတာက အချိန်ပိုင်းနဲ့ ကုသနေတယ်" ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

သူက ဆက်ပြီး "ဦးတင်ယုလိုပဲ ၈၈ ကျောင်းသားခေါင်းဆောင်တဦး စမ်းချောင်း ကိုကိုကြီးလည်း ဂဲ စွဲနေရတယ်။ သူ့ကျတော့ အချိန်ပိုင်းနဲ့ မဟုတ်ဘူး။ အမြဲတမ်း ဂဲ စွဲဖို့ အင်းစိန်ထောင် ဆေးရုံကို ရောက်နေပြီ။ ဘာရောဂါမှန်း မသိရသေးဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ဆေးရုံများ ရှိသော်လည်း စောင့်ရှောက်ကုသမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ယခုလို ပြောပြသည်။

"နိုင်ငံရေး အကျဉ်းသားတွေဟာ ဆရာဝန်နဲ့တွေ့ဖို့ အချိန်အတော်ကြာ စောင့်ရတယ်။ မလိုလားအပ်တဲ့ ရောဂါဝေဒနာတွေ ပိုမိုခံစားရတယ်။ လူတယောက်က သွေးအန်တဲ့အဆင့်၊ သွေးပါတဲ့အဆင့် ရောက်ပြီဆိုရင် ကျန်းမာရေး အတော်စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ။ လုံလောက်တဲ့ အချိန်မီ ဆေးဝါးကုသခွင့် မရဘူးဆိုရင် ကျန်းမာရေးက ဒီ့ထက်ပိုပြီး ဆုတ်ယုတ်သွားတာမျိုး၊ အသက်ဆုံးရှုံးတာမျိုး ဖြစ်လာနိုင်တယ်" ဟု ကိုဘိုကြည်က ပြောသည်။

သူက "ဆေးကုသခွင့်ရဖို့ အချိန်တိတိကျကျ မပြောနိုင်ဘူး။ ထောက်လှမ်းရေးတွေ အပေါ်မှာ မူတည်တယ်။ အောက်ခြေက ဘယ်လောက်ပဲ တင်ပြတင်ပြ၊ သူတို့ မအားဘူးဆိုရင် ဂရုမစိုက်ဘဲ အမှိုက်တောင်းထဲ ထည့်တာမျိုးတွေဖြစ်ပြီး၊ မလိုလားအပ်ဘဲ ပိုကြာသွားတာမျိုးတွေ ဖြစ်တယ်။ အဲဒီလိုမျိုး လုပ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့တဲ့ နိုင်ငံရေးသမားတွေလည်း ရှိခဲ့ဖူးတယ်" ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၂၁၅၉ ဦးရှိသည့်အနက် ၁၀၀ နီးပါးမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း အေအေပီပီ အဆိုအရ သိရသည်။

Sunday, December 21, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် “လူငယ်နှင့်အနာဂတ်” ဆွေးနွေးပွဲတွင် ဦးဝင်းတင်၏ဟောပြောချက်များ၊

Free Burma Federation

အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် အောက်ခြေအပြန်အလှန်နားလည်ရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့်တကွ လူငယ်အဖွဲ့ဝင်များခင်ဗျား။ ကျနော်ဟာ ဒီဟောပြောပွဲလုပ်မယ်လို့ စီစဉ်ပြီးကာမှ နေထိုင်မကောင်းတာကတကြောင်း၊ နောက်ပြီးမျက်စိလည်း ခွဲစိတ်မှုလုပ်ရတော့ ဟောပြောမှုနဲ့ပတ်သက်ပြီးတော့ အဆင်မပြေတာလေးတွေရှိပါတယ်။

သို့သော် ဘယ်လိုပဲရှိရှိ မူလရည်ရွယ်ချက်က ဟောပြောတာဆိုတဲ့ ပုံစံမျိုးထက် ကျနော်ဖြစ်စေချင်တဲ့သဘောက ကျနော်တို့တွေ အဖွဲ့ ချုပ်ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေအဖွဲ့အစည်းအဆင့်ဆင့်က ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကို အထူးသဖြင့်တော့ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ လူငယ်တွေနဲ့အပြန်အလှန် ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း တယောက်သဘောတယောက်စဉ်းစားနိုင်တဲ့သူတွေဖြစ်အောင် လုပ်ချင်တဲ့သဘောပါ။

အဲဒါကြောင့် ကျနော်က ဟောပြောပွဲဆိုတဲ့ ပုံစံထက် ဆွေးနွေးပွဲဆိုတဲ့ပုံစံမျိုး ပိုမကောင်းဘူးလားလို့ လူငယ် တွေကို မေးမြန်းကြည့်ပါတယ်။ အဲဒီလိုမေးမြန်းတဲ့အခါကျတော့ သူတို့ကလည်း သူတို့လုပ်ချင်တဲ့ အစီအစဉ်တွေ အများကြီးကို ပြောပြပါတယ်။

အဲတော့ ကျနော်ပြောချင်တဲ့သဘောက ဟောပြောပွဲဆိုတဲ့သဘောမျိုးကို ကျနော်တို့ပညာရှင်တွေက ဟော ပြောတဲ့အပိုင်းပေါ့။ ဆွေးနွေးပွဲဆိုတာကတော့ ကျနော်တို့ ကိုယ့်အချင်းချင်း တယောက်နဲ့တယောက် သဘောပေါက်အောင်၊ စကားပေါက်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ထင်တဲ့အတွက် ဆွေးနွေးပွဲပုံစံမျိုးလုပ်ချင် တာပါ။ အားလုံးဆွေးနွေးပြီးတဲ့အခါကျတော့ ဟောပြောပွဲပုံစံနဲ့တပိုင်း ဆွေးနွေးပွဲပုံစံနဲ့ကတပိုင်း နှစ်ပိုင်းနဲ့ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးတွေကိုလည်း အသက်အရွယ်ကြီးရင့်မှုကတပိုင်း၊ မအားမလပ်ဖြစ်တာကတပိုင်းနဲ့ ရှိနေတာသိပါတယ်။ သို့သော်လည်း အားလပ်တဲ့အချိန်လေးမှာ ပါဝင်ပြီးဆွေးနွေးပေးဖို့ကို ဖိတ်ခေါ်ထားပါတယ်။ ဒီလိုလုပ်ချင်းအားဖြင့် လူကြီးတွေရဲ့အသိအမြင်တွေကို လူငယ်တွေ သိမြင်ခွင့်ရမှာဖြစ်သလို တခါလူငယ်တွေရဲ့ မေးခွန်းတွေကို လေ့လာကြည့်ရင်းနဲ့ လူငယ်တွေ ဘယ်လိုစဉ်းစားနေတယ်၊ ဘယ်ဘက်ကို မျက်နှာမူ နေတယ် ဆိုတာ ကို လူကြီးတွေ သိရှိနိုင်ပါတယ်။

စည်းရုံးသူမရှိဘဲခေါင်းဆောင်၍ မရ

အဲဒီတော့ လူကြီးတွေ သိပ်ပြီးပင်ပင်ပန်းပန်းမဖြစ်အောင် ဟောပြောပွဲဆိုတဲ့ပုံစံမျိုးထက် ဆွေးနွေးပွဲဆိုတဲ့ပုံစံမျိုး လုပ်သွားရင် ပေါ့ပေါ့ပါးပါးလုပ်ချင်ပါတယ်။ ဒါလည်း ကျနော်ဘာပဲပြောပြော ဟောပြောပွဲလို့ပဲ ပြောပြော၊ ဆွေးနွေးပွဲလို့ပဲပြောပြော နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လှုပ်ရှားမှုဆိုတာ အရေး ကြီးပါတယ်။ သက်ဝင်နေရ မယ်လှုပ်ရှားနေရမယ်။ ဒီလိုမှသာလျှင် ကျနော်တို့ နိုင်ငံရေးလုပ်လို့ရမယ်။

နိုင်ငံရေးအဖွဲ့တခုဟာ လူထုကို စည်းရုံးနိုင်ရမယ်၊ လူထုကိုခေါင်းဆောင်နိုင်ရမယ်။ ခေါင်း ဆောင်တယ်ဆိုတာလည်း စည်းရုံးသူမရှိဘဲ ခေါင်းဆောင်နေလို့ မရဘူး။ ဆိုင်းဘုတ်တင်ထားရုံနဲ့ လည်း ခေါင်းဆောင်လို့ မရဘူး၊ အမြဲတမ်း လှုပ်ရှားနေရမယ်။ အဲဒီတော့ ဒီဟာက ကျနော်တို့ ဆွေးနွေးကြတယ်။ ပြောကြတယ်ဆိုတဲ့ဟာက လှုပ်ရှားမှုတခုပဲဖြစ်ပါတယ်။

အခုဟောပြောပွဲမှာ လူငယ်နဲ့ အနာဂတ်ဆိုတဲ့ခေါင်းစဉ်ကို ပေးထားပါတယ်။ ဘာဖြစ်လို့ ဒီခေါင်းစဉ်ကို ပေးထားတာလဲဆိုတော့ လူငယ်တွေသည်သာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ အင်အားစုတွေဖြစ်ပါတယ်ဆိုတာကို
သိမြင်ပြီးတော့မှာ ဒီကိစ္စကိုပြောတာဖြစ်ပါတယ်။ အဲဒီတော့ လူငယ်နဲ့အနာဂတ်ဆိုတာကို ပြောတဲ့အခါမှာ ဘယ်ကနေစပြီး ပြောချင်လည်းဆိုတော့ ကမ္ဘာနဲ့ အနာဂတ်ဆိုတာလေးကို စပြီးပြောချင်ပါတယ်။

ကမ္ဘာကြီးရဲ့အနာဂတ်မှုန်ဝါးနေ

ကမ္ဘာကြီးရဲ့ အနာဂတ်ကို ကျနော် အကျဉ်းပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့အနာဂတ်ဟာလည်း အတော့ကို စိုးရိမ်စရာအနေအထားရှိနေပါတယ်။ ပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့လူဦးရေဟာ နောက်လာမယ့် နှစ်တွေအတွင်းမှာ ကမ္ဘာကြီးမှာ သန်းပေါင်း (၉,၀၀၀) လောက်ရှိလာမယ်။ အခုရှိနေတဲ့သန်းပေါင်း (၇,၀၀၀) မှာကိုတောင် ကမ္ဘာကြီးအနေနဲ့က ကျွေးဖို့မွေးဖို့ အတော့ကို ခက်နေတဲ့အခြေအနေ ဖြစ်နေပါတယ်။ ဒီသန်းပေါင်း (၇,၀၀၀)၊ (၈,၀၀၀)၊ (၉,၀၀၀) ဆိုတဲ့ဟာတွေဟာ အရေအတွက်သဘောပဲလို့ ပြောရင်လည်း ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှိနေတာကိုး။ (၆,၀၀၀) ကနေ (၇,၀၀၀) ဖြစ်နေတာကိုး။ သို့သော်လည်း ဒီပြဿနာကို ကျနော်တို့စဉ်းစားတဲ့အခါမှာ ကျွေးဖို့မွေးဖို့တင်ပြီးတာမဟုတ်ဘူး။

လူဆိုတာက ထမင်းစားရုံနဲ့လည်းပြီးတာမဟုတ်ဘူး။ လူပေါင်းသန်း (၇,၀၀၀) လောက် ဖြစ်လာတဲ့အခါမှာ ဘယ်လိုလုပ်ရမယ်လို့ စဉ်းစားတဲ့သူတွေ သိပ္ပံပညာရှင်တွေရှိပါတယ်။ သို့သော် လူဆိုတာက လူဖြစ်လာရင် နေဖို့ ထိုင်ဖို့ အိုးအိမ်တွေလိုလာမယ်။ လူတွေနဲ့ပတ်သက်နေတဲ့ကိစ္စတွေကို ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ ကောင်းပြီ
ကမ္ဘာကြီးဟာ ဒီလိုလူပေါင်းသန်းပေါင်း (၉,၀၀၀) ဆိုတဲ့အနေအထားကို ရောက်လာရင် သူတို့နေထိုင် အသက်ရှင်ဖို့ တိုးပြီးလုပ်လာကြမယ်။ အဲဒီအခါ သယံဇာတတွေ ရှားပါးလာမယ်။ ဥပမာရေနံဆိုရင် ရှားလို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ကြီးများက သိုလှောင်လို့ ဖြစ်ဖြစ် လာမယ့်နှစ်ပေါင်း (၁၀၀) တောင်ခံပါ့မလားဆိုတဲ့ ပြဿနာပေါ်လာတယ်။ အခြားခြားသောသယံဇာတများလည်း ဒီလိုပဲ။ ရှားပါးခြင်း၊ ကုန်ခန်းခြင်းဆိုတာတွေ ရှိလာမှာဖြစ်တယ်။


အခုပြောခဲ့သလို ကမ္ဘာကြီးရဲ့အနာဂတ်ကို မှန်းဆချက်တွေနဲ့ သိပံ္ပပညာရှင်တွေရဲ့ တွေ့ရှိချက်တွေဟာ စိတ်ပျက်အားငယ်မှုမရှိဘူးလို့ ဆိုသော်ငြားလည်း ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ မှုန်ဝါးလျက်ရှိနေတာကို တွေ့ရမှာဖြစ်တယ်။ ဒါဟာ ကမ္ဘာရဲ့အနာဂတ်ဆိုရင်လည်းမမှားဘူး။ စီးပွားရေးကပ်တွေ လူ့အခွင့်အရေးအခြေအနေတွေကို ခြုံပြီးကြည့်ရင် ကမ္ဘာရဲ့အနာဂတ်ဟာ ပိုပြီးစိုးရိမ်စရာတွေရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော အနာဂတ်ကတော့ ရှိနေမှာဖြစ်ပါတယ်။ ဒါဟာလည်း နောက်ထပ်ဖြစ်ပေါ်လာမယ့်လူငယ်တွေက ဆက်လက်ပြီးရင်ဆိုင်သွားရမယ့် ပြဿနာလည်းဖြစ်နေပါတယ်။

မြန်မာပြည်ရဲ့အနာဂတ်ကို စစ်ယန္တရားကြီးစိုးထားဆဲ
နောက်တခုက ကျနော်တို့ ဗမာပြည်ရဲ့ အနာဂတ်ပါ။ ဗမာပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ဒီထဲမှာ ကျနော်တို့ နိုင်ငံရေး၊ စီးပွားရေးတွေကိုတော့ ကျနော်မပြောချင်ပါဘူး။ ကျနော် ပြောချင်တာကတော့ အနာဂတ်အကြောင်းပါပဲ။ ကျနော်တို့ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က မျှော်မှန်းခဲ့တဲ့ အနာဂတ်ကလည်း စစ်အစိုးရရဲ့ဖိနှိပ်မှုနဲ့ အုပ်ချုပ်မှုနဲ့ ဆိုတာတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။

နောက်ထပ်အနှစ်နှစ်ဆယ်ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင်ချောချောမွေ့မွေ့ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာစိတ်ပျက်ဖို့ ပြောတာမဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာပဲ ဒီစစ်အာဏာရှင်ကို ဖြေရှင်းဖို့ အများကြီး ကြိုးပမ်းခဲ့ကြတယ်။ ဥပမာဆိုရင် စစ်အာဏာရှင်ယန္တရားကြီးက ဒီမိုကရေစီကို ရော့အင့်ဆိုပြီးတော့ ပေးမှာမဟုတ်ပါဘူး။

သို့သော် အခြားအခြားသော အဆောက်အအုံတွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေ၊ စစ်တပ်နဲ့ဆိုင်တဲ့လုပ်ငန်းတွေ အခြားခြားသော စီးပွားရေးလုပ်ငန်းကြီးများကလည်း စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ခံနေရတဲ့အခြေအနေမျိုးမှာ ကျနော်တို့ဟာ ချက်ချင်းပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီ အစိုးရပြောင်းလဲဖို့ဆိုတာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေကို လူတိုင်းသိပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာလည်း ကျနော် စောစောကပြောသလို ကမ္ဘာကြီးရဲ့ အနာဂတ်လိုပဲ စစ်အာဏာရှင်စနစ်ရဲ့ အရိပ်မည်းကြီးလွှမ်းမိုးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဗမာပြည်ရဲ့အနာဂတ်ဆိုတာ ဗမာပြည်တွင်းမှာ နေထိုင်ကြတဲ့လူငယ်တွေ ကြုံတွေ့ရမယ့် အနာဂတ်ဖြစ် နေပါ တယ်။ အဲဒါတွေကို ညှိနှိုင်းဖို့လိုပါတယ်။ ဆွေးနွေးဖို့လိုပါတယ်။ ဒီနေ့ မနက်ဖြန်ဆိုသလို ဒီမိုကရေစီဟာ ဘွားခနဲ ပေါ်လာမှာမဟုတ်ပါဘူး။ ဒါကိုခင်ဗျားတို့လည်း သိမှာပါပဲ။ တွေးမိကြမယ်ထင်ပါတယ်။

အန်အယ်လ်ဒီရဲ့ အနာဂတ်လည်းမှုန်ဝါးနေ

ဆက်ပြီး အဖွဲ့ချုပ်လူငယ်တွေကို အန်အယ်လ်ဒီရဲ့ အနာဂတ်ကို နည်းနည်း ပြောချင်ပါတယ်။ ပြောချင်တယ်ဆိုပေမယ့် ပြောစရာလည်း များများစားစားမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်အယ်လ်ဒီနဲ့ ကင်းကွာနေတာကလည်း ကြာပြီဆိုတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို တိတိကျကျတော့ မသိဘူး။
ကျနော်မှန်းလို့ရသလောက်ကတော့ ကမ္ဘာရဲ့ အနာဂတ်လို၊ မြန်မာရဲ့အနာဂတ်လို၊ အန်အယ်လ်ဒီရဲ့ အနာဂတ်ကလည်း အတော်ကိုမှုန်ဝါးလျက်ရှိတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။ ဒါဟာ စိတ်ပျက်ခြင်း၊ အဆိုးမြင်ခြင်း စတဲ့အမြင်တွေအပေါ်မှာ အခြေမခံပါဘူး။

ျနော်တို့အထဲမှာ အသက်(၁၀၀) ကျော်နေနိုင်တဲ့သူတွေ ရှိနိုင်ပါတယ်။ ရှိဦးတော့လည်း သူတို့ရဲ့ ဦးဆောင်နိုင်မှုဆိုတာ အများကြီးလျော့လာမှာဖြစ်ပါတယ်။ သို့သော် ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်လည်း သူတို့ဆီမှာ ဆက်လက်ပြီးတော့ ရှင်သန်နိုင်စွမ်း နည်းတယ်လို့ ဒီနေ့တက်ရောက်လာတဲ့ လူငယ်များ စဉ်းစားမိကြမှာပဲ။ နိုင်ငံရေးဆိုတာကလည်း ကြွေတလှည့်ကြက်တခုန်ဆိုတဲ့ သဘောလည်း ရှိတာပေါ့ဗျာ။ ဒီမှာ အန်အယ်လ်ဒီရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် အားလုံးသိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ်အနည်းငယ်ဆိုရင် ပြဿနာတွေအများကြီးနဲ့ ရင်ဆိုင်ရတော့မယ်။

အဲဒီလိုပြဿနာတွေထဲမှာ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ သဘောထားတွေ၊ သုံးသပ်စရာရှိတာတွေ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေ၊ ဘယ်လိုအဖြေပေါ်မလဲဆိုတာတွေကို စဉ်းစားကြရတော့မှာ ဖြစ်တယ်။ တခါ အဲဒီအခြေခံဥပဒေကနေပေါက်ဖွားလာမယ့် ပါတီအဖွဲ့အစည်း မှတ်ပုံတင်ဖို့ ကိစ္စတွေ ဒါကတော့ ထားလိုက်ပါတော့။ ဒါဟာလည်း အခြေခံဥပဒေဆိုင်ရာကိစ္စတွေကို အဆင့်ဆင့်ဆောင်ရွက် မှုပေါ်မှာ ဆက်ပြီးဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ထားလို့ မရတဲ့ကိစ္စက ဘယ်လိုပဲပြောပြော ပါတီတွေ မှတ်ပုံတင်ခြင်းကိစ္စပဲဖြစ်ပါတယ်။

အဲဒီတော့ အန်အယ်လ်ဒီရဲ့ အနေအထားကလည်း အနည်းနဲ့အများ ပြဿနာတော့ မသေးဘူးလို့။ ဒါဟာလည်း အခြေခံဥပဒေနဲ့ တွဲရက်ပါလာတဲ့ ပါတီတွေ တရားဝင်ရပ်တည်ပိုင်ခွင့်နဲ့လည်း ဆိုင်နေတယ်။ ဘယ်လိုပဲပြောပြော အန်အယ်လ်ဒီရဲ့ အနေအထားဟာလည်း ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ဖို့ ရှိပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလိုက်လို့ ကျနော်တို့ ပါတီက နိုင်ငံတော်ရဲ့ နိုင်ငံရေးရာလှုပ်ရှားမှုတွေဟာ အကောင်အထည် ပေါ်လာမယ်၊ ပါဝင်ပြီးတော့ သက်ဝင်လှုပ်ရှားလာမယ် ဆိုရင်တောင်မှ ပြဿနာတွေ အများကြီးပဲလို့ ထင်ပါတယ်။

တိုင်းပြည်ပြဿနာတွေ ကျန်သေး

အဲဒီပြဿနာတွေဟာလည်း လူငယ်တွေ ရင်ဆိုင်သွားရမယ့် ပြဿနာတွေဖြစ်နေတယ်။ အန်အယ်လ်ဒီ ရဲ့ ပြဿနာလို့လည်း ပြောလို့မရပါဘူး။ ဒါဟာ အမျိုးသားရေးပြဿနာလည်းဖြစ်တယ်။ တချိန်မှာ ရှိနေတဲ့ပြဿနာတွေကို အန်အယ်လ်ဒီမှာ ပါဝင်နေတဲ့လူငယ်တွေက ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အကြောင်းကြောင်းကြောင့် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ပြေလည်သွားရင်တောင် တိုင်းပြည်အတွက် ပြဿနာတွေက ရှိနေသေးတယ်။ တိုင်းပြည်အတွက် ဆိုတာက ကျနော်စောစောက ပြောသွားသလို စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာ တွေဟာ အများကြီးဖြေရှင်းစရာတွေ ရှိနေသေးတယ်။ ဒါတွေကိုလည်း လူငယ်တွေဟာ မလွှဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ ခေါင်းထဲမှာထည့်ပြီးတော့ စဉ်းစားကြရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။

မှုန်ဝါးတဲ့အနာဂတ်ကို ဖြေရှင်းဖို့တာဝန်ရှိ

အခု ကျနော်ပြောခဲ့တဲ့အချက်တွေကို အခြေခံစဉ်းစားရင် လူငယ်တွေရဲ့ အနာဂတ်ဟာ ပြောစရာများများစားစား မကျန်တော့ပါဘူး။ လူငယ်တွေဟာ ကမ္ဘာရဲ့ အနာဂတ်ဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်ကိုလည်း လူငယ်တွေပဲ ကိုင်တွယ်ရမှာဖြစ်သလို၊ အန်အယ်လ်ဒီရဲ့ အနာဂတ်ကိုလည်း လူငယ်တွေကပဲ ကိုင်တွယ်ကြရမှာ ဖြစ်ပါတယ်။
ချုပ်လိုက်ရင် မှုန်ဝါးသောကမ္ဘာရဲ့ အနာဂတ်၊ မှုန်ဝါးသောတိုင်းပြည်ရဲ့ အနာဂတ်၊ မှုန်ဝါးသော အန် အယ်လ်ဒီရဲ့အနာဂတ် အဲဒါတွေကို လူငယ်တွေသာလျှင် ဖြေရှင်းကြရမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီ လူငယ်တွေဟာ အခြားသာမန်လူငယ်တွေထက်စာရင် ဒီမိုကရေစီရေးမှာ အတွေ့အကြုံလည်းရှိတယ်၊ အစဉ်အလာလည်းရှိတယ်။ အဲဒီတော့ ဒီအစဉ်အလာတွေကို ကိုင်တွယ်ပြီး ဒီအစဉ်အလာတွေအတိုင်း ရပ်တည်ပြီး ပြဿနာတွေကို ဖြေရှင်းသွားရမှာလည်း ဖြစ်တယ်လို့ ယူဆပါတယ်။

အဖွဲ့အစည်း လောင်းရိပ်

ဒါဘာဖြစ်လို့ ကျနော် ပြောရသလဲဆိုရင် လူငယ်တွေကိစ္စကို စဉ်းစားတဲ့အခါမှာ အဖွဲ့ အစည်းအတွင်း မှာ ရှိတဲ့လူငယ်တွေဟာ အဖွဲ့အစည်းရဲ့ လောင်းရိပ်ဟာ တခါတလေမှာသွားပြီးတော့ ထိုးနေတာတွေ ရှိတတ်ပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေကလည်း သတိထားရမှာက လူငယ်အဖွဲ့အစည်းဆိုတာ ခိုင်းတာလုပ်ဖို့ နို့မို့ရင်လည်း အင်အားပြဖို့လောက်ပဲ သဘောထားလို့ မရပါဘူး။ ဒီလူငယ်အဖွဲ့အစည်းဆိုတာ အဖွဲ့အစည်းတခုလုံးရဲ့ ခေါင်းဆောင်မှု အစိတ်အပိုင်းတခုဖြစ်နေ တယ်လို့ သဘောထားရမယ်။ ဒီလိုမှသာလျှင် လူငယ်တွေအနေနဲ့ ခေါင်းဆောင်တွေကို ပျိုးထောင် ပေးခြင်း၊ ခေါင်းဆောင်ကောင်းဖြစ်ဖို့ မြှင့်တင်တာဝန်ပေးခြင်း၊ ခေါင်းဆောင်အဆင့်ဆင့်စွဲတင်မြှင့် တင်ခြင်းဆိုတဲ့ စီမံမှုအဆင့်ဆင့်ကို ဆောင်ရွက်မှုပုံစံပေါ်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းအနေနဲ့ စောစောကပြောခဲ့သလို လောင်းရိပ်မိတတ်တဲ့ သဘောတရား ရှိတတ်သော်ငြားလည်း အဖွဲ့အစည်းမှာ မှန်ကန်တဲ့သဘောထားရှိရင် ဒီလူငယ်တွေဟာ ဘယ်တော့မှ သေးသိမ်သွားမှာ မဟုတ်ပါဘူး။ ဒါလည်းပဲ သဘောပေါက်ထားရမယ့် အချက်တချက်ဖြစ်ပါတယ်။

စည်းကမ်းရှိတဲ့ ဒီမိုကရေစီမဟုတ်

လူငယ်အဖွဲ့ဖွဲ့စည်းဖို့စဉ်းစားတဲ့အခါမှာ ရဲရင့်ခြင်း၊ ဇွဲရှိရမယ်။ ဇွဲဆိုတာကလည်း အားလုံးသိကြတဲ့ အတိုင်းပဲ စွဲစွဲမြဲမြဲလုပ်တယ်။ အားသွန်ခွန်စိုက်လုပ်တယ်ဆိုတဲ့ ဇွဲမျိုး၊ မာန်ဆိုတာလည်း ရှိရမယ်။ အရေးအကြီးဆုံး အချက်ကတော့ စည်းကမ်းရှိခြင်းပဲ။ ဒေါ်စုရဲ့ကောင်းသော အရည်အချင်းတွေထဲမှာ စည်းကမ်းလည်း ပါဝင်ပါတယ်။ ဒေါ်စုဟာ စည်းကမ်းကို တန်ဖိုးထားတယ်၊ သူများကိုလည်း စည်းကမ်းရှိစေချင်တယ်။ အဲဒီတော့ ကျနော်တို့ဟာ ဒီအချိန်မှာ စည်းကမ်းအကြောင်းကို ဒေါ်စုကို တည်ပြီး ပြောရတာလည်း မကောင်းဘူး၊ တော်ကြာ ဒေါ်စုပါ စည်းကမ်းရှိသော ဒီမိုကရေစီထဲပါ သွားမှာလည်း စိုးရတာကိုး။

လူငယ်တွေကို ကျနော်ပြောချင်တာက စည်းကမ်းနဲ့ပတ်သက်လို့တော့ အလေးထားပါ။ ဒေါ်စုမှာ စောစောက ပြောတဲ့ ရဲရင့်ခြင်း၊ ဇွဲကောင်းခြင်း၊ ဥာဏ်ပညာမြင့်မားခြင်း စတဲ့အချက်တွေအပြင် စည်းကမ်းရှိခြင်းဆိုတာက အရေးအကြီးဆုံးတခုလိုဖြစ်နေတယ်။ ဒါတွေကို အမြဲတမ်း စံနမူနာယူပါ။ ဒေါ်စုရဲ့ ကောင်းခြင်းတွေကို လေ့လာပါ။ ဒါဟာလည်း လူငယ်တွေ အနာဂတ်ကို ရင်ဆိုင်တဲ့အခါမှာ ဒါတွေဟာ အကောင်းဆုံး စံပြုရမယ့်အရာတွေလည်း ဖြစ်ပါတယ်။

အနာဂတ်ကို ဖောက်ထွက်ကြပါ

အနာဂတ်ကို ဦးဆောင်မယ့်လူငယ်တွေအနေနဲ့ တခါတလေ တွေးတဲ့ခေါ်တဲ့နေရာမှာ ထွက်ပေါက်ဆိုတဲ့ စကားကိုပြောကြတယ်။ ကျနော်တို့ ထွက်ပေါက်ဘယ်မှာလဲ၊ ထွက်ပေါက်ကို ဘယ်လိုလုပ်မလဲ စသည်ဖြင့် ထွက်ပေါက်ကိစ္စတွေကို ခဏခဏကြားလာရတယ်။ ဒီတော့ အနာဂတ်ကိုရင်ဆိုင်တဲ့အခါ ခုနကပြောသလို လူငယ်တွေရင်ဆိုင်ရမယ့် အနာဂတ်အလွန်ကို ခက်ခဲနက်နဲတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီလိုထွက် ပေါက်ထက် ပိုပြီးအရေးကြီးတာက ဖောက်ထွက်ဖို့ပဲဖြစ်ပါတယ်။ ဖောက်ထွက်ဖို့ကို စဉ်းစားကြပါ။ ဖောက်ကိုထွက် ရမယ့်အနာဂတ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ အမြဲတမ်းထွက်ပေါက်ကိုချည်း စဉ်းစားမနေဘဲ ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီးအရေးကြီးပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ယမန်နေ့က အမျိုးသားနေ့ စာပေဟောပြောပွဲ ကို သတင်းစာဆရာကြီး ဦးဝင်းတင်က ဟောပြောခဲ့ကြောင်း သိရသည်။

ဆရာကြီးဦးဝင်းတင်ရဲ့ စာပေဟောပြောပွဲတွင်“လူငယ်နဲ့ အနာဂတ်”ခေါင်းစဉ်ဖြင့် ဟောပြောပွဲအပြီးတွင်လူငယ် တွေရဲ့ အခန်းဂဏ္ဍကို ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို အမေးအဖြေလုပ်ပြီး လူငယ်တွေ က အနာဂတ်မှ ခေါင်းဆောင် ကောင်းတွေ ဖြစ်လာနိုင်တယ်ဟု ဟောပြောခဲ့သည်။
--------------- ------------------- ------------- ---------------- ------------ ---
မဇ္ဈိမ သတင်းဌာနမှာ တဆင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ လူငယ် အဖွဲ့ဝင်တဦး တင်ပြ

“လူငယ်တွေ ပညာပေး ဟောပြောပွဲ လုပ်တာပါ။ “လူငယ်နဲ့ အနာဂတ်” ဟောပြောပွဲ အပြီး တက်လာတဲ့ လူငယ်တွေက အပြန်အလှန် မေးခွန်းတွေ မေးမြန်ကြတယ်” သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောသည်။

သူက“ကျနော်တို့ ပြောကြားတဲ့အပေါ်မှာ လူငယ်တွေအနေနဲ့ ဘယ်လို စိတ်ကူ စိတ်ကန်းရှိတယ်ဆိုတာ သိချင်တာရယ်။ ကျနော်ပြောတဲ့ ပုံစံက ကမ္ဘာရဲ့အနာဂတ်၊ မြန်မာပြည်ရဲ့ အနာဂတ်၊ အဖွဲ့ချုပ်ရဲ့ အနာဂတ် တွေကို နည်းနည်းရှင်းပြတယ်။

ကမ္ဘာ့ရဲ့ အခြေအနေ၊ မြန်မာပြည်ရဲ့ အခြေအနေ၊ အဖွဲ့ချုပ်ရဲ့ အခြေတွေကို ရှင်းပြပြီးတော့ ဒီအနာဂတ်တွေဟာ သိပ်ကောင်းလှတဲ့ အခြေအနေတော့ မရှိဘူး။ကမ္ဘာကလဲ ကမ္ဘာ့ အလျှောက် ပြဿနာတွေရှိတယ်။ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေကလည်း စစ်တပ်ဆိုးမိုးမှုအောက်မှာ နေရတဲ့ အတွက် ဗမာပြည်ရဲ့ အနာဂတ်ကလည်း သိပ်ကောင်းလှတာ မဟုတ်ဘူး။

အဖွဲ့ချုပ်ရဲ့ အနာဂတ်ဆိုတာကလည်း NLD အနေနဲ့ ဘယ်လိုများ ရပ်တည်မလဲ ဘယ်လိုများ ဆက်ပြီးတော့ လှုပ်ရှားသွားတော့ မလည်း ဆိုတာ ရယ်မှတ်ပုံ တင်ကိစ္စတွေမှာ ဘယ်လိုရပ်တည်မလဲ ဆိုတဲ့ အနေအထား တွေရှိတယ်။ တိုင်ပြည်ရဲ့ အနာဂတ် ၊ကမ္ဘာရဲ့အနာဂတ်၊ အဖွဲ့ချုပ်ရဲ့ အနာဂတ်ဆိုတာက ဒါတွေ အားလုံးဟာ လူငယ်တွေရဲ့ အနာဂတ်ပဲ။ လူငယ်တွေနဲ့ ခွဲခြားလို့ မရဘူး။ အဲဒီအနာဂတ်တွေအတွက် လူငယ်တွေအနေနဲ့ ပြင်ဆင်ထားရမယ်။

လူငယ်တွေအနေနဲ့ စွန့်လွတ် အနစ်နာခံခြင်း ဆိုတဲ့ သဘော တရား ၊ အရွယ်ဘယ်လောက်ပဲကြီး အင်အားကို ပဲ ဖြစ်ဖြစ် ရင်ဆိုင်အန်တုနိုင်တဲ့ ပြန်အန်တုရေးဆိုတဲ့ စိတ်ဓာတ် ၊ စွန့်လွတ် အနစ်နာခြင်းဆိုတဲ့ စိတ်ဓာတ်၊ ဘယ်လောက်ပဲ ကြီးမားတဲ့ အင်အား ကို ရင်ဆိုင် အန်တုတဲ့ စိတ်ဓာတ် ဆိုတဲ့ အမျိုးသားရေး သတ္တိ ၁၉၂၀ ကတည်းက ကျောင်းသားတွေ ကိုင်စွဲထားတဲ့ စိတ်ဓာတ်ကို လူငယ်တွေကိုင်စွဲပြီးတော့ ဒီအနာဂတ်ကို ဖြေရှင်းသွားရမှာပဲ ဆိုတဲ့ ဟောပြောပွဲတွင် ထည့်တွင်း ဟောပြောခဲ့သည်။

ဟောပြောပွဲကို တက်ရောက်တဲ့ တောင်ဒဂုံမှာ ကိုဝင်းဝင်းကလည်း ဆရာကြီး ဟောပြောချက်ကို ယခုလိုပြော ပြသည်။

ကိုဝင်းဝင်းက “ ရည်ရွယ်ချက်ကတော့ လူငယ်ထု တရပ်လုံး စိတ်ဓာတ်ခွန်အား ဖွင့်ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပဲလေး လုပ်တာပါလို့ ပဏာမ ဟောပြောတယ်”ဟု ပြောသည်။

သူက“ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်းစုံမှာ လူငယ်တွေ လူငယ်လုပ်ငန်းအဖွဲ့တွေ စုံစုံညီညီ တက်ရောက် ကြတယ် တက်တက်ကြွကြွ တက်ရောက်ကြပါတယ်”ဟု ပြောသည်။

ဟောပြောပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ အဖွဲ့ချုပ်လူငယ်၂၀၀ ကျော် တက်ရောက်ခဲ့ ကြသည်။

Tuesday, December 16, 2008

ရေနံချောင်း အန်အယ်ဒီ - လွတ်လပ်ရေးနေ့ စည်းဝေးပွဲ တားမြစ်ခံရ

မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 16 2008


နယူးဒေလီ (မဇ္ဈိမ)။ ။ မကွေးတိုင်း ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်း အဖွဲ့ဝင် ၁၀ ဦး၏ လွတ်လပ်ရေးနေ့ အကြို အစည်းအဝေးပွဲကို ဒေသအာဏာပိုင်များက ယနေ့ တားမြစ်ခဲ့သည်။

ရေနံချောင်းမြို့နယ် အန်အယ်ဒီ ဘဏ္ဍာရေးမှူး ဦးတင့်လွင် နေအိမ်တွင် အစည်းအဝေး လုပ်နေသည်ကို ရပ်ကွက် အာဏာပိုင်များက အကြိမ်ကြိမ် လာရောက် တားမြစ်ခဲ့ခြင်း ဖြစ်သည်။

"ရုံးတွေကို ပိတ်ထားတာ ၂၀၀၃ ခုနှစ်က စပိတ်ခဲ့တယ်။ ရုံးကိုလည်း ပိတ်ထားတယ်။ အဖွဲ့လုပ်ငန်းတွေ လုပ်တဲ့ အခါမှာ၊ အဖွဲ့ဝင်တွေ အိမ်မှာ လုပ်တဲ့အခါမှာ မလုပ်ရဘူးဆိုပြီး လာပိတ်တယ်။ ကျနော်တို့ လုပ်ငန်းတွေ လုပ်ဖို့ရာအတွက် ရုံးရှိဖို့လိုတယ်ဆိုပြီး မယက ၊ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ ရုံးဖွင့်ဖို့ဆိုတဲ့စာ တင်ရအောင် မနက်ဖြန် သွားမယ်" ဟု ရေနံချောင်း မြို့နယ်စည်း အဖွဲ့ဝင် ကိုသန်းအောင်က ပြောသည်။

ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီ - ရယက ဥက္ကဋ္ဌ ဦးလှိုင်မြင့်ဦးက မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းက တားမြစ်ခိုင်းသဖြင့် လာရောက်ရခြင်းဖြစ်ကြောင်း ပြောပြသလို၊ အစည်းအဝေး ကျင်းပချိန်တွင် အိမ်ပတ်ဝန်းကျင်၌ ရဲတပ်သား ၈ ဦးခန့် စောင့်ကြည့်နေခဲ့သည်ဟု သူက ပြောသည်။

ကိုသန်းအောင်က "'ကျနော်တို့က တရားဝင် ပါတီဖြစ်တယ်။ တရားဝင် လုပ်ငန်းတွေကို ဆွေးနွေးတိုင်ပင်တာတွေ ဆက်ပြီး လုပ်သွားမယ်" ဟု ပြောသည်။

အန်အယ်ဒီ မြို့နယ်စည်းများက ပါတီ ရှေ့လုပ်ငန်းစဉ်၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ အဖွဲ့ချုပ် အားနည်းချက် / အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။

ကိုအေးလွင်အဖွဲ့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေ

သဲသဲ၊ မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 16 2008


နယူးဒေလီ (မဇ္ဈိမ)။ ။ အတိုက်အခံအများစုက ကန့်ကွက်ထားသော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားရန် စစ်အစိုးရလိုလားသော ကိုအေးလွင် ဦးဆောင်သော အဖွဲ့က ပြင်ဆင်မှု ပြုနေသည်။

စစ်အစိုးရ၏ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ မူဝါဒများကို အားပေးထောက်ခံလေ့ရှိသည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့က စစ်အစိုးရ၏ လမ်းပြမြေပုံအရသွားမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သွားမှာ ဖြစ်သည်။

''ပါတီနာမည်တော့ မရွေးရသေးဘူး။ ကျနော်တို့ ပြင်ဆင်နေပါတယ်။ အစိုးရကနေ ပါတီဥပဒေ ထုတ်ပြန်ရင်လာရင် အဆင်သင့် ဖြစ်အောင်ပါ'' ဟု ကိုအေးလွင်က မဇ္ဈိမကို ပြောဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှ စတင်ကာ ထိုအဖွဲ့သည် နိုင်ငံရေး စည်းရုံး လှုပ်ရှားမှုများကို ပြုလုပ်လာရာ ယခုအခါ ရန်ကုန်တိုင်း အပါအ၀င် မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များအထိ လှည့်လည် စည်းရုံးခဲ့ပြီး ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ စာနယ်ဇင်းသမားများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

"ပြည်သူကြားထဲမှာ ကျနော်တို့နဲ့ အမြင်တူတဲ့သူတွေကို နိုင်ငံရေးအရ ပါဝင်လာအောင် ဆောင်ရွက်လာတာ အခု ရန်ကုန် အပါအ၀င် တိုင်း ၆ ခုနဲ့ ပြည်နယ် ၃ ခု ရှိသွားပြီ" ဟု ကိုအေးလွင်က ပြောသည်။

၁၉၈၈ ခုနှစ်က ပါတီစုံ ဒီမိုကရေစီသို့ ပြောင်းလဲရန် နိုင်ငံအ၀ှမ်းလမ်းပေါ် ဆန္ဒပြမှုများကို ဖြစ်ပေါ်စေသည့် တက္ကသိုလ် ကျောင်းသားများ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် စက်မှုတက္ကသိုလ် ကျောင်းသားတဦးဖြစ်သည့် ကိုအေးလွင်သည်လည်း ဦးဆောင် ပါဝင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဓိက အတိုက်အခံ အင်အားစုများနှင့် ခေါင်းဆောင်များကို ဝေဖန်သူ ဖြစ်လာခဲ့သည်၊

ထို့အပြင် သူ၏အဖွဲ့သည် အမေရိကန်နှင့် ဥရောပ၏ စစ်အစိုးရအား စီးပွားရေး ပိတ်ဆို့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက် ခံထားရသော်လည်း ပါလီမန်ခေါ်ယူခွင့် မရရှိခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အပါအ၀င် ဒီမိုကရေစီ အင်အားစုများက စစ်အစိုးရက တကျော့ပြန် ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံပယ်ချထားသည်။

"သူတို့ဘာသာလုပ်တဲ့ သဘောပဲ။ အန်ကယ်တို့အနေနဲ့ စည်းရုံးရေးဆင်းဖို့ ဆန္ဒမရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူး။ နအဖ အာဏာပိုင်တွေအနေနဲ့ တရားဝင် ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးတာ မလုပ်ဘူး၊ အပေးအယူ မလုပ်ဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ရွေးကောက်ပွဲဝင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် ရွေးကောက်ကို ၀င်ဖို့ စဉ်းစားမယ်။ ဘာတွေပြင်မှာလဲ၊ ဘယ်လို့ ပြင်မှာလဲ ဆိုတဲ့အပေါ်မှာ ပြန်စဉ်းစားမယ်" ဟု စီအာပီပီမှ ဦးအေးသာအောင်က ပြောသည်။

မကွေးတိုင်း ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးကတော့ လက်ရှိ အခြေခံဥပဒေသည် လူသတ်လိုင်စင်ပေးသည့် ဥပဒေဟု ပြောလိုက်သည်။

"ဒီအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ၀င်လိုက်မယ်ဆိုရင် လူသတ်လိုင်စင်ပေးတဲ့ ဥပဒေ ဖြစ်နေတယ်။ ကိုယ့်ကို သတ်ပါလို့ ပြောနေတဲ့ အတိုင်းပဲ။ ဒါကြောင့် ဒီဟာကို လုံးဝ လက်မခံဘူး။ အန်တီတို့က အခြေခံ ဥပဒေမှာထဲက ဆန့်ကျင်ခဲ့တာ အခုလည်း ဆန့်ကျင်အုံးမယ်" ဟု သူက ပြောသည်။

"နိုင်ငံရေး လုပ်စားသူတွေနဲ့ နိုင်ငံရေးကို တကယ်လုပ်တဲ့ လူတွေက တကယ့်ကို ကွာတယ်။ အခု ရွေးကောက်ပွဲကို ဘာကြောင့်မို့ ၀င်ရမှာလဲ။ ၉၀ ခုနှစ် ရွေးကောက်ပွဲ နိုင်တာတောင်မှ လွှဲမပေးတဲ့ ကိစ္စပဲ။ အခုတခါ အန်အယ်ဒီ ၀င်ပြိုင်လို့ နိုင်ရင်လည်း အန်အယ်ဒီ မရဘူး။ ဒီအခြေခံဥပဒေအတိုင်း ၀င်ပြိုင်မယ် ဆိုရင်လည်း ဘယ်နိုင်ငံရေးသမားကောင်း ဖြစ်မလဲ။ ကိုယ်တိုင်းပြည်ကို သေတွင်းထဲပို့တာနဲ့ အတူတူပဲ။ နဂိုမှ မသေမရှင် ဖြစ်နေတဲ့ဟာကို သတ်ပစ်လိုက်တာနဲ့ တူနေတယ်" ဟု သူက ဆက်ပြောသည်။

အဆင့် ၇ ရပ်ဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းခြင်းဟု စစ်အစိုးရက ပြောဆိုထားချက်တွင် ရွေးကောက်ပွဲလုပ်ရေးအတွက် ဥပဒေပြု ပြဌာန်းချက်မှာ အစောဆုံးအားဖြင့် ယခု လကုန်ပိုင်းတွင် ထွက်ရှိလာလိမ့်မည်ဟု ပြည်တွင်း နိုင်ငံရေးသမားများက မျှော်လင့်ထားကြသည်၊

ဆရာတော် ဦးသုမင်္ဂလ တရားပွဲ ပိတ်ပင်ခံရဟု အကျိုးဆောင်များ ပြောကြား

မြင့်မောင်
အင်္ဂါနေ့၊ ဒီဇင်ဘာလ 16 2008


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေးကို ရည်ညွှန်းဟောကြားသည်ဟု ယူဆသဖြင့် အာဏာပိုင်များက ဓမ္မာစရိယဆရာတော် ဦးသုမင်္ဂလကို ရန်ကုန်တိုင်းအတွင်း တရားပွဲများ ကျင်းပခွင့် ပိတ်ပင်လိုက်သည်ဟု အကျိုးဆောင်များနှင့် မိတ်ဆွေများ အပြောအရ သိရသည်။

ဘာသာရေးစိတ်သန်သူ ဗုဒ္ဓဘာသာဝင်များအကြား နာမည်ကျော်ကြားလာသည့် မန္တလေးမြို့ မိဂဒါဝုန်ကျောင်းတိုက်မှ ဆရာတော် ဦးသုမင်္ဂလအား ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည့် တရားပွဲများမှ စတင်ကာ ကျင်းပခွင့် မပြုတော့ခြင်း ဖြစ်သည်။

သက်တော် ၄၀ နှစ်၊ ၀ါတော် နှစ် ၂၀ ရှိသော ဆရာတော်၏ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်းနှင့် မြောက်ဥက္ကလာပ မြို့နယ်များအတွင်း မကြာခင် ကျင်းပသွားမည့် တရားပွဲများ ပိတ်ပင်ခံရသည်ဟု တရားပွဲဖြစ်မြောက်ရေး အကျိုးဆောင်များနှင့် ရန်ကုန်ရှိ သံဃာတော် အသိုင်းအ၀ိုင်းက ပြောသည်။

ဆရာတော် ဦးသုမင်္ဂလ၏ "တရားပွဲကွယ်လျှင် သာသနာသည်လည်း ကွယ်ပျောက်"၊ "မြေမျိုခံနီးပြီ"၊ "ခတ်တိုင်းခံ တရားတော်"၊"ခေါင်းဆောင်ကောင်းကို ရွေးတတ်ဖို့လိုတယ်" ဟူသည့် တရားဟောချက်များသည် လူကြိုက်များကြသည်ဟု ဆိုသည်၊

မန္တလေး မစိုးရိမ်ကျောင်းတိုက်သို့ ဆက်သွယ်ကြည့်ရာတွင် သံဃာတော်တပါးကမူ ဦးသုမင်္ဂလ သီတင်းသုံးရာ မိဂဒါဝုန်ကျောင်းသို့ လျှောက်ထားမေးမြန်းသည့်အခါ ကျောင်းတိုက်ဆရာတော်တပါးက ဦးသုမင်္ဂလသည် ယခုအခါ မန္တလေးတွင် မရှိဘဲ ရန်ကုန်တိုင်း မှော်ဘီမြို့တွင် သီတင်းသုံးနေကြောင်းနှင့် မန္တလေးတွင်လည်း တရားပွဲ ကျင်းပခွင့် မရတော့ကြောင်း မိန့်ဆိုခဲ့သည်ဟု ပြန်လည် မိန့်ကြားပြောဆိုသည်။

၂၀၀၈ ခုနှစ် သြဂုတ်လက လှိုင်သာယာမြို့နယ် တရားပွဲတခုတွင် "ခေါင်းဆောင်ကောင်းကို ရွေးတတ်ဖို့ လိုတယ်" ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဟောရာ၌ တရားနာပရိသတ်အနေဖြင့် ကိုယ်အားကိုးရမည့် ခေါင်းဆောင်ကို ရွေးချယ်တတ်ရန်နှင့် မြတ်စွာဘုရားကဲ့သို့ အားကိုးရမည့်သူမျိုးကို ရွေးချယ်ရန် ဟောကြားခဲ့သေးသည်။

မင်္ဂလာတောင်ညွန့် ဒေသခံတဦးက "တရားထဲမှာ မာန်နတ်က ဖျက်ဆီးခဲ့သလို အခုခေတ်မှာလည်း မာန်နတ်တွေ များနေတယ်တဲ့။ 'ခတ်တိုင်းခံ တရားတော်' ထဲမှာ - 'လူတွေ အခုဖြစ်နေကြတာက မုန်တိုင်းတိုက်လို့ရှိရင် သူတို့ (အာဏာပိုင်များ) ဆီကို တိုက်ပါလား၊ သူတို့တတွေတော့ မဖြစ်ဘူး၊ လူထုတွေပဲ ဖြစ်နေရတယ်' တဲ့။ ဆရာတော်က 'အဲဒီလို မပြောရဘူး၊ သူတို့မှာ ကုသိုလ်ရှိနေသေးလို့၊ ကုသိုလ်ကုန်သွားရင် တချိန်ကျရင် ဖြစ်မှာပဲ' လို့ တည့်တည့်ဟောတယ်" ဟု ပြောသည်။

စမ်းချောင်းမြို့နယ် ဒေသခံတဦးကလည်း "မြေမျိုခံနီးပြီဆိုတဲ့ တရားထဲမှာ ဟောတာက - 'အထက်တင် မဟုတ်ဘူး၊ အောက်ခြေ တရားသူကြီးအဆင့်က ၀ဇီ (နှုတ်) နဲ့ ဒီလိုမျိုး လုပ်နေရင် မြေမျိုတတ်တယ်။ သံဃာတပါးကို စော်ကားတာက သံဃာထုကို စော်ကားတာနဲ့ အတူတူပဲ၊ အဲဒါ သံဃနာယကကို ပြောချင်တယ်၊ ငြိမ်သက်မနေပါနဲ့' လို့ ဟောခဲ့တယ်'' ဟု ပြောသည်။

ဆရာတော် ဦးသုမင်္ဂလအား တရားဟောခွင့် ပိတ်ပင်သည့် ကိစ္စနှင့်ပတ်သက်၍ အကြောင်းစုံ သိရှိရန် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တာဝန်ကျဝန်ထမ်းက ပြန်လည်ဖြေဆိုခြင်း မရှိပါ။

တရားပွဲများ ကျင်းပနိုင်ရန်အတွက် တရားပွဲ အကျိုးဆောင်များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင် သံဃနာယကအထိ ခွင့်ပြုချက်လျှောက်လွှာ တင်ရသလို၊ နိုင်ငံရေးများ ထည့်သွင်းမပြောပါဟူသော ၀န်ခံလက်မှတ် ရေးထိုးရသည်။

ယုဇနပလာဇာ မီးလောင်

မြင့်မောင်
တနင်္လာနေ့၊ ဒီဇင်ဘာလ 15 2008


နယူးဒေလီ။ ။ ရန်ကုန်ရှိ နာမည်ကျော် ယုဇနပလာဇာ ဆူပါမားကက်ကြီးတွင် ယမန်နေ့က မီးလောင်သဖြင့် မြေညီထပ်ရှိ တီအာရ်အိုင် ဖက်ရှင်ဆိုင် အပါအ၀င် အနည်းဆုံး ဆိုင်ခန်း ၄ ခန်း လောင်ကျွမ်းခဲ့သည်ဟု မျက်မြင်များနှင့် မီးသတ်တပ်ဖွဲ့က ပြောသည်။

မျက်မြင်သက်သေတဦး အဆိုအရ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာ မြေညီထပ်တွင် ည ၆ နာရီခွဲကျော်က ထင်ရှားသည့် တီအာရ်အိုင် ဖက်ရှင်ဆိုင်မှ စတင်ကာ မီးလောင်ခဲ့ပြီး အခြား ဆိုင်ခန်း ၃ ခန်းပါ လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

ရန်ကုန် ဗဟိုမီးသတ်တပ်ဖွဲ့က ယခု မီးလောင်မှုကို အတည်ပြုခဲ့ပြီး မီးသတ်ကား ၃၀ ခန့်က မီးငြိမ်းသတ်နိုင်သည်ဟု ပြောဆိုသော်လည်း အသေးစိတ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

''ဟုတ်ပါတယ်။ အဲဒီ (ယုဇနပလာဇာ) မှာ မီးလောင်ခဲ့တယ်ဗျ။ ဒါပေမဲ့ ကျနော် ဒီ့ထက်တော့ ပိုမပြောနိုင်ပါဘူး'' ဟု မီးသတ်အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း မျက်မြင်သက်သေများကမူ ချည်ထည်နှင့် အ၀တ်အထည်များ အဓိက ရောင်းချသည့် တီအာရ်အိုင် ဖက်ရှင်ဆိုင်အတွင်း လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ အခြား ဆိုင်ခန်း ၃ ခန်းသို့ ကူးဆက်လောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။

လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ မီးလောင်ဆိုင်ခန်းများကိုမူ ပိတ်ထားကြောင်းနှင့် ဆိုင်ခန်းမည်မျှ လောင်ကျွမ်းဆုံးရှုံးရသည်ကို ချက်ချင်း မသိခဲ့ရကြောင်း သက်သေတဦးက ပြောသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာပလာဇာနှင့် နီးကပ်သည့် အိမ်ခန်းတခန်းတွင် မီးလောင်သဖြင့် အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးခဲ့သည်။

သူတို့နှစ်ဦးသည် မီးလောင်မှု စတင်ချိန်က အခန်းထဲတွင် ရှိနေခဲ့သည်။ မီးသတ်က မီးငြိမ်းနိုင်ခြင်း မရှိခင် အမျိုးသမီးမှာ မီးခိုးများဖြင့် အသက်ရှူမွန်းကျပ်နေခဲ့ပြီး၊ အမျိုးသားမှာမူ လွတ်မြောက်ရေးအတွက် မြေပြင်ပေါ်သို့ ခုန်ချရာမှ ထိခိုက်မှုဖြစ်ပွားခဲ့ကာ နှစ်ဦးစလုံးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့သည်။

အခြား ရန်ကုန်ဒေသခံတဦးက မြန်မာပြည်တွင် ယခုရက်ပိုင်းတွင် ပိုများလာသည်ဟု ဆိုသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အများအပြားမှာ တရက်လျှင် ၆ နာရီသာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးရရှိပြီး လူအများက လျှပ်စစ်မီးခလုတ်ကို ပြန်ပိတ်ထားရန် မေ့လျော့ရာမှ မကြာခဏ ၀ါယာရှော့ခ်ဖြစ်ပွားသည်ဟု သူက ပြောသည်။

ယုဇန ပလာဇာ မီးလောင်မှုတွင် တီအာရ်အိုင် ဖက်ရှင်ဆိုင်အတွင်းရှိ လျှပ်စစ်မီးခလုတ်ခုံမှ စတင်လောင်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ရှင်များက ဆိုင်ပိတ်စဉ်က မီးခလုတ်ပိတ်ရန် မေ့လျော့ခဲ့ကြောင်းနှင့် ထိုစဉ်က လျှပ်စစ်မီးမလာခဲ့ကြောင်း သူက ပြောသည်။

လျှပ်စစ်မီး ရရှိရန် လည်ပတ်သည့် တာဘိုင်စက်များတွင် ဂက်စ်အား မပြည့်မီသဖြင့် လျှပ်စစ်မီး မဖြန့်ဝေနိုင်ခဲ့ကြောင်းနှင့် မြို့နယ်အများအပြားသို့ အလှည့်ကျ ခွဲတမ်းစနစ်ဖြင့် ပေးဝေခြင်းသာဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဌာနမှ အရာရှိတဦးက အစောပိုင်းက မဇ္ဈိမကို ပြောဆိုခဲ့သည်။

ရန်ကုန်မှာ ခွဲတန်းစနစ်နဲ့ လျှပ်စစ်မီး ပြန်ရပြီ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 10 2008


နယူးဒေလီ။ ။ ရန်ကုန်တွင် ရက်သတ္တတပတ်ခန့် လျှပ်စစ်မီး ပြတ်တောက်သွားရာမှ ယမန်နေ့က စတင်ကာ ပြန်ရလာသည်။

လျှပ်စစ်မီးဖြန့်ဝေသည့် စက်များကို မောင်းနှင်ရာ၌ လိုအပ်သည့်ဂက်စ်များ နည်းပါးနေသဖြင့် မြို့နယ်အများစုကို လွန်ခဲ့သည့် တပတ်ခန့်က လျှပ်စစ်မီးပေးဝေမှု လုံးဝရပ်ဆိုင်းခဲ့ရာမှ ယမန်နေ့က ပြန်ပေးနိုင်ခြင်း ဖြစ်သည်။

မြို့နယ်များကို ယခင်ကလို ၆ နာရီခြားတခါ လျှပ်စစ်မီး ပြန်ပေးနိုင်ပုံကို ရန်ကုန်တိုင်း သာကေတမြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ တိုင်တန်းရေးဌာနမှ တာဝန်ကျ ၀န်ထမ်းတဦးက မဇ္ဈိမကို ယခုလို ပြောသည်။

သူက “အလှည့်ကျစနစ်နဲ့ (ယမန်နေ့) မနက် ၆ နာရီက စပေးတယ်။ ၆ နာရီခြားတခါ ပေးတယ်။ မြို့နယ်တိုင်းမှာ ခွဲတန်းစနစ်တွေ ရှိတယ်။ အလှည့်ကျ ပြန်ပေးနေပြီ” ဟု ပြောသည်။

စမ်းချောင်းမြို့မှ အိမ်ရှင်မတဦးက “ကျမတို့ဆီလည်း မီး လာပါတယ်။ အလှည့်ကျ သဘောမျိုးပေါ့။ မနက် ၆ နာရီလာရင် ညနေကနေ စပျက်တယ်။ ဟိုရက်ပိုင်းတွေက လုံးဝ မလာဘူး။ မနေ့မနက်က စလာတယ်” ဟု ပြောသည်။

လျှပ်စစ်မီး ပြတ်တောက်ခဲ့စဉ်က အင်တာနက်ဆိုင်၊ စာရိုက်စာစီ၊ မိတ္တူကူးလုပ်ငန်းနှင့် ရုံးလုပ်ငန်း အများစုတွင် ဒီဇယ်၊ ဓာတ်ဆီသုံး မီးစက်များ သုံးစွဲခဲ့ရသဖြင့် ကျသင့်ငွေမှာ ပုံမှန်ထက် ဈေးတက်ခဲ့သည်။

ရန်ကင်းရှိ အင်တာနက်ဆိုင်မှ အမျိုးသမီးက “မီး ပြန်လာပြီလေ။ ကျမတို့ဆိုင်ကတော့ မီး လာလာ၊ မလာလာ ပုံမှန်ဈေးပါပဲ။ တချို့ဆိုင်တွေက မီးစက်မောင်းရရင် တိုးတောင်းတယ်။ မနက်ပိုင်း လာရင် ညနေပိုင်းမှာတော့ မလာဘူး။ အလုပ်လုပ်ရတာ တော်တော်လေးကို အခက်အခဲတွေ ရှိတယ်” ဟု ပြောသည်။

တာမွေမြို့မှ ဒေသခံတဦးကလည်း “မီးပျက်ရင်တော့ ရေ အခက်အခဲ ရှိတယ်။ မီးလာတဲ့ အခါကျရင် နည်းနည်း ဂရုစိုက်ပြီးတော့ တင်ထားရတာ ရှိတယ်။ မီးပျက်တဲ့အခါ ရေကို အောက်မှာ ဆင်းခပ်ရတယ်။ မီးလာတဲ့အချိန်ကို စောင့်ပြီး တင်ရတယ်။ ညမှဆိုရင်တော့ အိပ်ရေးပျက်အောင် စောင့်ရတာပေါ့” ဟု ပြောသည်။

သူက ဆက်ပြီး “အိမ်က မီးစက်ရှိတော့ တော်သေးတာပေါ့။ အရင်တုန်းက ကိုယ့်မီးစက်လေးက နိုင်တာပေါ့။ အခု မီးစက်ကလည်း ခိုင်းတာကြာတော့ ကျနေတဲ့အတွက် မနိုင်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တနာရီလျှင် မဂ္ဂါဝပ် ၉၆ဝဝ ဖြစ်သော်လည်း ဖြန့်ဖြူးသည့်အခါ မဂ္ဂါဝပ် ၆၆ဝဝ သာ ရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးဌာန စာရင်းက ဆိုသည်။

Monday, December 8, 2008

မြန်မာစာရေးဆရာများ စာပေဟောပြောပွဲ မလေးရှားတွင် ကျင်းပ

မြင့်မောင်
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008


နယူးဒေလီ။ ။ မလေးရှားနိုင်ငံ ပူချုန်းမြို့နယ်တွင် နာမည်ကြီး မြန်မာစာရေးဆရာ ၃ ဦး၏ စာပေဟောပြောပွဲ တရပ်ကို ယမန်နေ့က ကျင်းပခဲ့သည်။

ပူချန်းမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် အာသောကရာမ ဘုန်းကြီးကျောင်းတွင် မြန်မာနိုင်ငံမှ စာရေးဆရာကြီးများဖြစ်သည့် လယ်တွင်းသားစောချစ်၊ ဆရာဖေမြင့်နှင့် ဆရာမကြူကြူသင်းတို့ကို မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့် ဂရုဏာအသင်းက ဖိတ်ခေါ်ကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

မလေးရှား စာပေဟောပြောပွဲ''ရည်ရွယ်ချက်ကတော့ မြန်မာအလုပ်သမားတွေကို စာရေးဆရာတွေနဲ့ ထိတွေ့ဖို့နဲ့၊ ရလာတဲ့ ရန်ပုံငွေတွေကို စာရေးဆရာတွေနဲ့ နာဂစ်ကူညီရေးအတွက် အသုံးပြုသွားမယ်'' ဟု ဟောပြောပွဲ ဖြစ်မြောက်ရေး စီစဉ်သူတဦးဖြစ်သူ ကိုထွန်းဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဆရာ လယ်တွင်းသားစောချစ်က လူငယ်တွေမှာ သိမ်ငယ်စိတ်ဝင်ရင် ညံ့တတ်တယ်။ သိမ်ငယ်စိတ်တွေ မထားကြဖို့၊ မလေးရှားမှာရောက်နေတဲ့ လူငယ်တွေလည်း အားငယ်စိတ်တွေ မထားကြဖို့၊ ကြိုးစားကြဖို့၊ ကိုယ့်ရဲ့ဘ၀ အမှောင်ချလို့ မရဘူးလို့ ဆိုတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် တိုင်းပြည်ပြင်ပကို ရောက်နေပေမယ့် ဇွဲမလျှော့ကြဖို့၊ အောင်မြင်အောင် ကြိုးစားကြဖို့ဆိုပြီး ဟောသွားတယ်'' ဟု ပြောသည်။

ဆရာ လယ်တွင်းသားစောချစ်က အောင်စိတ်နှင့် ထူးချွန်အောင်မြင်ခြင်း၊ ဆရာဖေမြင့်က ကံဥာဏ်ဝီရိယအကြောင်း၊ ဆရာမ ကြူကြူသင်းက စာပေနဲ့ ယဉ်ကျေးမှုအကြောင်းကို ဟောပြောခဲ့ကြသည်။

ဆရာဖေမြင့်၏ ဟောပြောချက်နှင့်ပတ်သက်ပြီး ဟောပြောပွဲတက်ခဲ့သူ မြန်မာလုပ်သား ကိုဇော်စိုင်းက ယခုလို ပြောသည်။

“တံငါသည် တယောက်က ငါး ၃ ကောင်ဖမ်းပြီး လှေဝမ်းဗိုက်မှာ ထားတယ်။ ပထမဆုံး ငါးက ၀ီရိယအား သုံးပြီးတော့ လှေပေါ်မှာ ခုန်ခုန်နေတော့ တံငါးသည်က ခုန်နေတဲ့ ငါးကို ရိုက်သတ်လိုက်တယ်။ ဒုတိယ ငါးက လှိုင်းအလှုပ်မှာ သူက ဥာဏ်လေးနဲ့ လုပ်တာပေါ့။ လှိုင်းအလှုပ်မှာ ခုန်ပြီးတော့ ရေထဲကို လွတ်သွားတယ်ဆိုတဲ့ အကြောင်းနဲ့ တတိယ ငါးကတော့ ကံကိုပဲ ယုံပြီးတော့နေတဲ့အတွက် တံငါသည်ရဲ့ ဟင်းစားဖြစ်သွားတယ်။ ၀ီရိယကောင်းလွန်းရင်လည်း စောစော သေတတ်တယ်တဲ့” ဟု သူက ပြောသည်။

ကိုအောင်ခင်ဆင့်က “ဆရာမ ကြူကြူသင်းက မြန်မာစာပေနဲ့ ပတ်သက်ပြီးတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ 'လယ်တောကပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး။ မနက်တုန်းဆီက ကျော့ဆုံးကို မြင်ပြန်တော့ သူ့ဆံပင် နှင်းဆီပွင့်တွေနှင် ဂုဏ်တင့်တယ်လေး' ဆိုတဲ့ ကဗျာလေးတွေ၊ အလှလေးတွေ၊ ယဉ်ကျေးသိပ်မွေ့တဲ့ အကြောင်းလေးတွေကို ဟောပြောခဲ့တယ်” ဟု ပြောသည်။

ယခု ဟောပြောပွဲသို့ အခမဲ့ တက်ရောက်ခွင့်ပြုကာ၊ မြန်မာနိုင်ငံသား ၁၀၀ နီးပါး တက်ရောက်အားပေးခဲ့သည်။

ယခုလ ၁၄ ရက်နေ့တွင်လည်း မလေးရှား မြို့တော် ကွာလာလမ်ပူ၌ ဟောပြောပွဲကို ဆက်လက် ကျင်းပမည်ဖြစ်ရာ တဦးလျှင် မလေးရှား ၁၅ ရင်းဂစ် ၀င်ကြေးအဖြစ် ပေးဆောင်ရမည်ဟု သိရသည်။

အမှောင်ကျနေပြန်တဲ့ ရန်ကုန်မှာ

မြင့်မောင်
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008


နယူးဒေလီ။ ။ ရန်ကုန်တိုင်း မြို့နယ် အများအပြားတွင် လွန်ခဲ့သည့် ၅ ရက်ခန့်မှ စတင်ကာ လျှပ်စစ်မီး ပြတ်တောက်နေသည်။

ယခင်က ၆ နာရီခြား တခါဆိုသလို အလှည့်ကျစနစ်ဖြင့် ပုံမှန်ပေးဝေလာရာမှ ယခုအခါ လုံးဝ ပြတ်တောက်နေခြင်း ဖြစ်သည်။




ပုံကြီးကြည့်ရန် နှိပ်ပါ
"မီးကတော့ မလာဘူး။ ၆ ရက်နီးပါး လောက်ရှိပြီ။ တပတ်ကျော် နှစ်ပတ်နီးပါး ၁၅ ရက်လောက်တုန်းက ၁၀ မိနစ်လောက် လာလိုက်၊ ပျက်လိုက်ပေါ့။ ပုံမုန်ဆို ညဘက်မှာ မီးလာတာ များတယ်။ အခု ညဘက်လည်း မီး မလာဘူး။ မီးမလာရင် စိတ်ပျက်တယ်။ မီးလာတဲ့နေ့မှာ ပျော်တယ်" ဟု ဒဂုံမြို့သစ်မှ ကိုပေါက်က မဇ္ဈိမကို ပြောသည်။

သူက " ရန်ကုန်တိုင်း တတိုင်းလုံး ပျက်နေတယ်။ သူ့တို့ ၀န်ထမ်းအိမ်ရာ၊ မြို့လယ်က မီးပွိုင့်၊ ရဲစခန်းတွေပါ အကုန်ပျက်နေတယ်။ လာရင်လည်း ၁၀ မိနစ်ဆို ပြန်ပြတ်သွားတယ် " ဟု ဆက်ပြောသည်။

မည်သည့်အတွက်ကြောင့် မီးပျက်များရသည်ကို အာဏာပိုင်များက ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်ခြင်း မပြုဘဲထားသည်။

"ပြီးခဲ့တဲ့လထဲမှာ ရက်ကြာကြာပျက်တုန်းက ရန်ကုန်ကိုလာတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်နေလို့ ပြင်နေရတဲ့အတွက် အလုံနဲ့သာကေတက သဘာဝဓာတ်ငွေ့နဲ့မောင်းတဲ့ ဓာတ်အားပေးစက်တွေ မလည်နိုင်လို့ ရှိတဲ့ဓာတ်အားကိုဘဲ ခွဲပေးရမှာမို့ မီးတွေပျက်မယ်ဆိုပြီး စီးတီးအက်ဖ်အမ် ရေဒီယိုက ကြေငြာပေးသေးတယ် ခုတခေါက်က ဘာမှ သတင်းမထုတ်ပြန်ဘူး"ဟု ကျောက်တံတားမြို့နယ်မှ ပုံနှိပ်စက် လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

လျှပ်စစ်မီး မလာတော့သဖြင့် ကွန်ပျူတာအင်တာနက်ဆိုင်၊ စာရိုက်စာစီလုပ်ငန်း၊ မိတ္တူကူးစက်နှင့် အခြား ရုံးလုပ်ငန်းများတွင် ဒီဇယ်၊ ဓာတ်ဆီဖြင့် မီးစက်များ သုံးစွဲနေရသောကြောင့် ကျသင့်ငွေမှာ ပုံမှန်ဈေးထက် မြင့်တက်နေသည်။

သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားခွဲစက်ရုံမှ တာဝန်ကျ အင်ဂျင်နီယာတဦးက လျှပ်စစ်ဓာတ်အားများ ဖြန့်ဝေသည့် စက်များ လည်ပတ်ရန်အတွက် ဂက်(စ်)များ နည်းနေသဖြင့် ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း ပြောသည်။

သူက "သာကေတ က စက်တွေ မလည်နိုင်သေးလို့ ပျက်နေတာပါ။ ဂက်(စ်) ဖိအား မပြည့်တဲ့အတွက် ဓာတ်အားတွေက အပြည့်မပေးနိုင်ဘဲ ပိတ်ပိတ်နေရပါတယ်။ အဲဒီလို အခက်အခဲတွေ ကြုံနေရပါတယ်" ဟု ပြောသည်။

လိုအပ်သည့် ဂက်စ်ဖိအား မဖြည့်မီတဲ့အတွက် စက်များ မလည်ပတ်နိုင်သဖြင့် ဓာတ်အားကို အပြည့်အ၀ မပေးနိုင်သောကြောင့် ဂက်စ်အား ပြည့်ဝသည့် စက်ကိုဖွင့်ကာ တလှည့်စီ ပွင့်လိုက်၊ ပိတ်လိုက် လုပ်နေရကြောင်း အဆိုပါ အင်ဂျင်နီယာက ပြောဆိုသော်လည်း အသေးစိတ် အခြေအနေကို ပြောဆိုခဲ့ခြင်း မရှိပါ။

ရန်ကုန်ရှိ သတင်းထောက်တဦးက " မီးတွေသာ မှန်အောင်မပေးနိုင်တာ သတင်းစာတွေထဲတော့ တာဝါတိုင်တွေ ထောင်ကြိုးတွေ ဆွဲနေတာတွေ၊ ရေအားလျှပ်စစ်စက်ရုံတွေ ၀န်ကြီးသွားကြည့်တာတွေတော့ တွေ့နေရတာပဲ။" ဟု ပြောသည်။

"စက်မှုဇုန် ရပ်ကွက်တွေမှာတော့ မီးက လာတယ်၊ ပုံမှန်တော့ မဟုတ်ဘူး။ မနက် ၇ နာရီ ကနေ ညနေ ၅ နာရီအထိ မီးရတယ်။ နေ့လယ် ၁၂ နာရီကနေ ၁ နာရီခွဲအထိ ပုံမှန်ပျက်တယ်။ အဲဒီအချိန်မှာ ထမင်းစားကြရတယ်။ ကျနော်တို့ စက်ရုံကတော့ မီးစက်ကို မသုံးတော့ဘူး” ဟု ဒဂုံတောင်ပိုင်း စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံက ၀န်ထမ်းတဦးက ပြောသည်။

မိနစ်ပိုင်းခန့်သာ လျှပ်စစ်မီးလာသည့် နေရာများတွင် လူနေအိမ်များအတွက် သောက်သုံးရေများပါ အခက်အခဲ ဖြစ်လာကာ၊ မီးလာသည့် အခိုက်တွင် အလုအယက် ရေတင် မော်တာစက် မောင်းနေကြရသည်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တနာရီလျှင် ၉၆ဝဝ မဂ္ဂါဝပ် ဖြစ်သော်လည်း အမှန်တကယ် ဖြန့်ဖြူးသည့်အခါ မဂ္ဂါဝပ် ၆၆ဝဝ သာ ရှိကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ စာရင်းအရ သိရသည်။

Friday, December 5, 2008

မန္တလေး ဓာတ်ဆီဆိုင် မီးလောင်

မြင့်မောင်
သောကြာနေ့၊ ဒီဇင်ဘာလ 05 2008

နယူးဒေလီ။ ။ မန္တလေးမြို့ အောင်ပင်လယ်ရပ် ၃၅ လမ်းထိပ်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တခု ယနေ့ နံနက်ပိုင်းက မီးလောင်ခဲ့သည်။

မေမြို့အထွက်လမ်းရှိ ပြည်ကျော် ဓာတ်ဆီဆိုင်တွင် နံနက် ၁၀ နာရီ ၄၀ မိနစ်မှ စတင်ကာ မိနစ် ၂၀ ခန့်အထိ ဓာတ်ဆီပေပါများ ပေါက်ကွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

"အခုဟာက သူတဆိုင်ထဲ လောင်တာပါ။ ဆီပေပါ ၁၀ လုံးလောက် လောင်တာပါ။ လောင်တဲ့အထဲမှာ ကားတစီးလည်း ပါသွားတယ်" ဟု မန္တလေး ဗဟိုမီးသတ်ဌာနမှ တာဝန်ကျပုဂ္ဂိုလ်က မဇ္ဈိမကို ပြောသည်။

အောင်ပင်လယ်ရပ်ကွက်သည် လူနေအိမ်ခြေ ကျဲပါးကာ၊ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အများအပြားရှိသည်။

ယခုလ ၁ ရက်နေ့ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြီးအတွင်းရှိ ဆိုင်ခန်းများလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

၈၈ ကျောင်းသားခေါင်းဆောင်များ ထောင်ပြောင်းသော်လည်း ရှာမတွေ့

မြင့်မောင်
သောကြာနေ့၊ ဒီဇင်ဘာလ 05 2008

နယူးဒေလီ။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှစ်ဦးကို ဝေးလံသည့် ထောင်များသို့ ပြောင်းရွှေ့လိုက်ပြီဟု သိရပြီးနောက် မိသားစုဝင်များက လိုက်လံစုံစမ်းရာတွင် အဆိုပါ ထောင်များ၌ မရောက်သေးဘဲ ဖြစ်နေသည်။

ထောင်ဒဏ် ၆၅ နှစ် ကျခံရသူ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ပြီးခဲ့သည့်လ ၁၆ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသော်လည်း ယနေ့ထိ အဆိုပါ ထောင်သို့ မရောက်သေးသည့်အတွက် မိသားစုက သွားရောက်တွေ့ဆုံရန် အခက်အခဲရှိနေသည်။

“အခု မိုင်းဆတ်လို့ ပြောတယ်။ သေချာလား၊ မသေချာလား သွားကြည့်ရမှပဲ။ ဘယ်ရောက်နေမှန်း မသိရသေးဘူး။ လေယာဉ်လက်မှတ်ဖိုး ဆုံးရင် ဆုံးပါစေ သွားရမယ်လို့ သူ့ညီက ပြောတယ်။ အခု လေယာဉ် လက်မှတ် စုံစမ်းနေတယ်။ လက်မှတ် မရသေးဘူး။ လေယာဉ်စရိတ်က ကျိုင်းတုံအထိကို ၁ သိန်း ၂ သောင်း ရှိတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား မည်သည့်ထောင်သို့ ပြောင်းထားသည်ကို သိရှိရန်အတွက် မိသားစုနှင့် လေ့လာသူများက အင်းစိန်ထောင် အကျဉ်းဦးစီးသို့ မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။

“ကျန်တဲ့ မိသားစုတွေကလည်း သွားပြီးတော့ မေးမြန်းတဲ့အခါမှာ တိတိကျကျ မဖြေဘူး။ ထောင်ထဲမှာ ရှိနေတာတောင်မှ 'မင်းတို့ ဘယ်သူက ပြောတာလဲ၊ ဒီထောင်မှာရှိတာ သေချာလား' ဆိုတဲ့ ကိစ္စမျိုးတွေ၊ ပြန်ပြီးတော့ ငေါက်တဲ့ အခြေအနေမျိုးတွေ ကြုံနေရပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) - AAPP မှ အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်၊

ထောင်ပြောင်းသည့်အခါ မိသားစုဝင်များအား အာဏာပိုင်များက အသိမပေးခြင်းသည် မိသားစုများကို ဒုက္ခဖြစ်စေရန် ရည်ရွယ်သည်ဟု သူက ဆက်ပြောသည်။

တောင်ငူထောင်သို့ ပြောင်းရွှေ့ခံရသူ ACID ဟစ်ဟော့တေးဂီတအဖွဲ့မှ ကိုအောင်ဇေဖြိုးနှင့် ဆွေမျိုးတဦးကလည်း “သူ့မိသားစုဝင် သွားမေးမှ ထောင်က ပြောလိုက်တာပါ။ တောင်ငူထောင်မှာဆိုတော့ သူ့မိသားစုတွေက နီးတော့ မနက်ဖြန် လိုက်သွားမယ်လို့ ပြောတယ်။ တောင်ငူထောင်ကို ရောက်မရောက် ဖုန်းဆက်စုံစမ်းတော့ 'အဲဒီကိစ္စကို မမေးပါနဲ့' လို့ ထောင်အာဏာပိုင်တွေက ငြင်းဆိုတယ်။ သူ့မိသားတွေကတော့ တော်တော်ကို ခံစားနေရတယ်” ဟု ပြောသည်။

ဟာသသရုပ်ဆောင် ကိုဇာဂနာနှင့် တက်ကြွလှုပ်ရှားသူ ၆ ဦးအား ယမန်နေ့က ထောင်ပြောင်းသည့်ကိစ္စနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင်လည်း တာဝန်ရှိသူက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့ အမြင်ကတော့ သူတို့ အပြစ်ရှိတယ်လို့ ယူဆပြီးတော့ ပြစ်ဒဏ်ချမှတ်ပြီးပြီဆိုရင် ပြစ်ဒဏ်ကျတဲ့ လူတွေ ထောင်ပြောင်းရင် မိသားစုကို အသိပေးသင့်တယ်။ ပြစ်ဒဏ်သဘောမျိုးလို လျှို့ဝှက်ထားတာ မသင့်တော်ဘူးလို့ ထင်တယ်။ ထောင်ကျပြီးတော့ အဝေးကို ပို့တာက အပြစ်ဒဏ်ကို နှစ်ခါချနေတယ်လို့ ပြောချင်တယ်” ဟု ပြောသည်။

ဝေးလံခေါင်ဖျားဒေသများရှိ ထောင်များသို့ ရောက်ရှိနေသော ပါတီဝင်များနှင့် ဒီမိုကရေစီအင်အားစုများအား ထောင်ဝင်စာ လာတွေ့သည့် မိသားစုဝင်များကို ကူညီပေးရန်အတွက် အန်အယ်ဒီဗဟိုက ပြည်နယ်နှင့် တိုင်း စည်းရုံးရေးအဖွဲ့များသို့ ယမန်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ပြည်နယ်၊ တိုင်းနှင့် မြို့နယ် စည်းရုံးရေး အဖွဲ့များက စေတနာမေတ္တာအား၊ စိတ်ဓာတ်ရေးရာအား၊ ငွေအား၊ ပစ္စည်းအားတို့ဖြင့် ၀ိုင်းဝန်းကူညီပံပိုး ပေးကြရန် ပြောဆိုလိုက်သည်။

လွန်ခဲ့သည့် တလအတွင်း ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားမှာ ၂၀၀ ခန့်ရှိပြီဟု AAPP က ဆိုသည်။

Wednesday, December 3, 2008

မလေးရောက် မြန်မာလုပ်သားအချို့ အလုပ်ဖြုတ်ခံရ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 03 2008


နယူးဒေလီ။ ။ မလေးရှားတွင် တရားဝင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားများအား အလုပ်ရုံများမှ ယခုတလော လျှော့ချလာနေသည်။

တရုတ်၊ အိန္ဒိယနှင့် မြန်မာအလုပ်သမားများကို အကြောင်းတစုံတရာ မပြသလို၊ လျော်ကြေးမပေးဘဲ အလုပ်မှ ရပ်နားပစ်ခြင်းဖြစ်ကြောင်း မလေးရှားအခြေစိုက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီနှင့် မြန်မာလုပ်သားများက ပြောဆိုကြသည်။

"အပ်ချုပ်လုပ်ငန်း၊ အထည်ချုပ် စက်ရုံတွေရယ်၊ စပယ်ရာပတ် လုပ်ငန်းတွေမှာ သိသိသာသာ ထိတယ်။ ရာဘာလက်အိတ် လုပ်ငန်းတွေက လူတွေကို ပြန်ပို့တယ်။ အော်ကြီးဟစ်ကျယ် ပြန်ပို့တာမျိုး မဟုတ်ဘူး။ ခိုးကြောင်ခိုးဝှက် လုပ်တယ်။ ပြန်ပို့ခံရမယ့် သူတွေတောင် မသိဘူး။ လျော်ကြေးဆိုတာ ဝေးလာဝေး" ဟု ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းထွန်းက မဇ္ဈိမကို ပြောသည်။

မလေးရှားနိုင်ငံ ကလန်မြို့ရှိ Press Metal Berhad အလူမီနီယံ စက်ရုံမှ အလုပ်သမား ၁၀၀ ကျော်၊ Kejang ကီဂျန်းမြို့ရှိ ရော်ဘာလက်အိတ် စက်ရုံမှ ၆၀ ခန့်နှင့် ဂျိုဟိုးမြို့ရှိ အထည်ချုပ်စက်ရုံများမှ အမျိုးသမီးများ အပါအ၀င် လူဦးရေ ၇၀ ခန့်နှင့် ပီနန်မြို့ရှိ စက်ရုံအလုပ်ရုံအချို့မှ အလုပ်သမားများ အလုပ်ဖြုတ်ပြီးနောက် မကြာခင်က မြန်မာပြည်သို့ ပြန်ပို့ခဲ့သည်ဟု သူက ဆိုသည်။

ကီဂျန်းမှ ရာဘာ လက်အိတ်လုပ်ငန်းတွင် လုပ်အားခလျှော့ချလိုက်သဖြင့် ဆက်လက် လုပ်ကိုင်လိုခြင်း မရှိလျှင် အလုပ်ထွက်နိုင်ကြောင်း လုပ်ငန်းရှင်က ပြောဆိုသည်ဟု မြန်မာလုပ်သား ကိုစိုးက ဆိုသည်။

သူက "လုပ်အားခတွေ လျှော့ချလိုက်တယ်။ အလုပ်ရှင်ပြောတာက ငါတို့မှာ အလုပ်က မရှိသလောက် ဖြစ်နေတယ်။ မင်းတို့ကို စာချုပ်အရ ထားပေးရမယ်။ လစာ လုပ်အားခကို တ၀က်ပေးနိုင်တယ်။ မလုပ်နိုင်ရင် လက်မှတ်ထိုးပြီး ပြန်ရမယ်လို့ အကျပ်ကိုင်ပြီး ပြောလာတယ်။ အဲဒီလိုပြောလို့ တချို့က ကြိတ်မှိတ်ပြီး လုပ်နေတာတွေရှိတယ်။ ကျနော်ကတော့ မလုပ်နိုင်တော့လို့ ထွက်လိုက်တယ်" ဟု ပြောသည်။

အလုပ်ရုံတွင် တနေ့ လုပ်အားခ မလေးရှား ၁၈ ရင်းဂစ်သာရှိပြီး၊ ယခင်က အချိန်ပိုကြေးနှင့်ဆိုလျှင် တလတွင် ၅၀၀ ရင်းဂစ်ခန့် ရခဲ့သော်လည်း ယခုအခါ အချိန်ပိုကြေး မရတော့ကြောင်းနှင့် မြန်မာလုပ်သား ၇၀ နီးပါး ရှိခဲ့သော်လည်း ပြီးခဲ့သည့် လနှောင်းပိုင်းတွင် ၉ ဦး အလုပ်ပြုတ်သွားကြောင်း သူက ဆိုသည်။

အလုပ်သမားကော်မတီမှ ကိုရဲမင်းထွန်းက "ကျနော်တို့ သိတာက မြန်မာအလုပ်သမား ၃၀၀ လောက် အရင်လ လကုန်ပိုင်းမှ ပြန်ပို့ပြီးပြီ။ ကျနော်တို့ မသိသေးတဲ့ နေရာတွေလည်း ရှိတယ်" ဟု ပြောသည်။

ဂျိုဟိုးမြို့ရှိ တွင်ခုံလုပ်ငန်းတခုမှ အခြေအနေကို လက်ရှိ လုပ်ကိုင်နေသူ ကိုအောင်က ယခုလို ပြောသည်။

သူက "အခုတလော အလုပ်တွေက ပါးတယ်။ စက်ရုံမှာ အလုပ်မရှိဘူးဆိုရင် စက်ရုံကို သန့်ရှင်းရေး လုပ်ရတယ်။ ကျနော့် သူငယ်ချင်းတွေဆိုရင် အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တယ်။ သူတို့ဆိုရင် အထည်တွေ ချုပ်စရာမရှိရင် သူဋ္ဌေးအိမ်မှာ ဆေးသုတ်ပေးရတာမျိုး လုပ်ရတယ်" ဟု သူက ပြောဆိုသည်။

တရားဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာများသည် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်သည့် စာရင်းအရ ၁ သိန်း ၈ သောင်းရှိသည်ဟု ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008


နယူးဒေလီ။ ။ လူငယ်များက နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဂါရ၀ပြုခွင့် ပေးပါရန် တောင်းဆိုခဲ့ပြီးနောက် အာဏာပိုင်များက လုံခြုံရေး ပိုမိုတိုးမြှင့်ကာ တုံ့ပြန်လိုက်သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နေအိမ်ပတ်ဝန်းကျင်နှင့် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့များ သိသိသာသာ များပြားလာနေသည်ဟု အတိုက်အခံ ပါတီဝင်များက ပြောကြားကြသည်။

"ကျနော်တို့က ဥပဒေ ဘောင်အတွင်းကနေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ တောင်းဆိုတာပါ။ မနေ့က ၂၅ ရက်နေ့အထိ ကျနော်တို့ လူငယ်တွေ ခွင့်ပြုအမိန့်ကို စောင့်နေဆဲပါ။ ဒါပေမဲ့ ခွင့်ပြုချက် မပေးဘဲ ရုံးနဲ့ အနီးတ၀ိုက်မှာ လုံခြုံရေးတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေနဲ့ စွမ်းအားရှင်တွေ အပြည့်ရောက်နေတယ်" ဟု ဒဂုံမြို့နယ် အဖွဲ့ချုပ်လူငယ်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်နှင့် ရွှေဂုံတိုင်လမ်း၊ အဖွဲ့ချုပ်ရုံးရှေ့ရှိ ကျောက်ဆည်ဓမ္မာရုံတို့တွင် ရဲများအပြင် အစိုးရ ခါးပိုက်ဆောင်တပ်များပါ တွေ့ကြရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သော လူငယ် ၅၀ ခန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အသက် ၆၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်ကို ဂါရ၀ပြုခွင့်ရရေး ခွင့်ပြုပါရန် မေတ္တာရပ်ခံထားသည်မှာ သီတင်းပတ် တပတ်ကြာမြင့်ပြီ ဖြစ်သော်လည်း အာဏာပိုင်များဘက်က ထုံးစံအတိုင်း မသိကျိုးကျွန်ပြုထားသည်။

လူထုခေါင်းဆောင်အား ဂါရ၀ပြုရန် လိုက်ပါလိုသူများ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များဖြစ်သည့် မထက်ထက်ဦးဝေ (ရွှေပြည်သာမြို့နယ်)၊ ကိုဝင်းမြင့်မောင် (ခရမ်းမြို့)၊ ကိုအောင်မျိုးလွင် (ရွှေပြည်သာမြို့နယ်) တို့ထံ ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်ဟု ပါတီဝင်များနှင့် နီးစပ်သူ ရန်ကုန်မြို့ခံ ကိုပေါက်က မဇ္ဈိမကို ပြောပြသည်။

"သွားမယ်ဆိုရင် သူ့တို့နောက်မှာ လိုက်ပါမယ့် လူ ၄၀ နီးပါး ရှိတယ်။ သူတို့အနေနဲ့ ဥပဒေဘောင်အတွင်းက လုပ်သွားမှာဖြစ်တယ်" ဟု ကိုပေါက်က ပြောသည်။

ဒီပဲယင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်အစိုးရက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်းမပြုဘဲ နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားခဲ့သည်မှာ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ၅ နှစ်ပြည့်မြောက်ခဲ့သော်လည်း လွှတ်မပေးဘဲ ဆက်လက် ချုပ်နှောင်ထားခဲ့သည်။ မနက်ဖြန် နိုဝင်ဘာလ ၂၇ နေ့တွင် ထပ်တိုးချုပ်နှောင်ထားမှု ၆ လ တင်းတင်း ပြည့်မြောက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကုန်လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော်ကာလကို ရန်ကုန်မြို့ရှိ သူမနေအိမ်တွင် အကျယ်ချုပ်ဖြင့် နေထိုင်ဖြတ်သန်းခဲ့ရသည်။

ဝေးလံခေါင်ဖျား ထောင်များသို့ ပို့ဆောင်ခြင်းကြောင့် မိသားစုအား အခက်တွေ့

မြင့်မောင်
သောကြာနေ့၊ နိုဝင်ဘာလ 21 2008


နယူးဒေလီ။ ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ဝေးလံခေါင်ဖျား ဒေသများရှိ ထောင်များသို့ အာဏာပိုင်များက ပြောင်းရွှေ့လိုက်သဖြင့် မိသားစုဝင်များအနေဖြင့် အခက်အခဲများ ကြုံတွေ့ရတော့မည်။

မြန်မာစစ်အစိုးရက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအား ယခုလ ဒုတိယပတ်အတွင်းမှ စတင်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး၊ ယခုရက်ပိုင်းအတွင်း ဝေးလံခေါင်ဖျားဒေသရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည့်အတွက် အခက်အခဲဖြစ်ရကြောင်း မိသားစုဝင်များက ပြောဆိုခြင်းဖြစ်သည်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်ထောင်ရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင်က "ဘယ်လို သွားရမယ်ဆိုတာကို မသိလို့ မြန်မာပြည်မြေပုံကို ကြည့်နေရတယ်။ ဘယ်လို သွားရမယ်ဆိုတာတောင် မသိသေးဘူး။ ဝေးလံတဲ့ ဒေသတွေကို အပြစ်မရှိတဲ့ လူတွေ ချုပ်ထားတဲ့အပြင် အပြစ်မဲ့တဲ့ မိသားစုကို ဒုက္ခ ရောက်အောင် လုပ်တာနဲ့ အတူတူပဲ" ဟု ပြောသည်။

သူက "လမ်းစရိတ်ကြီးပဲ ၁ သိန်းခွဲလောက် ကုန်မယ်။ တခေါက်ကို အနည်းဆုံး ၃ သိန်းလောက် ကုန်မယ်။ ရေရှည် ခံနိုင်မှု ရှိ၊ မရှိ၊ မိမိအနေနဲ့ ငွေကြေး ဖူလုံမှု ရှိ၊ မရှိကို အကုန်လုံး တွက်ချက်လုပ်ရမယ်" ဟု ဆက်ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပို့ဆောင်လိုက်သည်ဟု သတင်းကြားသော်လည်း ယခုအချိန်ထိ ကျိုင်းတုံအကျဉ်းစခန်းသို့ မရောက်ရှိသေးကြောင်း ညီဖြစ်သူ ကိုအောင်အောင်ထွန်းက ပြောသည်။

သူက "ကျိုင်းတုံထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်၊ ကျိုင်းတုံကို လှမ်းစုံစမ်းတော့ မရောက်သေးဘူးတဲ့။ အခု ဘယ်ရောက်နေလဲတော့ မသိဘူး။ အခက်အခဲတွေ အများကြီး ရှိတယ်။ မြန်မာပြည်မြေပုံကို ကြည့်မယ်ဆိုရင် ဟိုဘက်ထိပ် ဒီဘက်ထိပ်ပေါ့။ တော်တော်ကို ဝေးတယ်။ သူ ဘယ်နေရာ ရောက်ရောက် သွားတွေ့ရမှာပဲ" ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီက ယမန်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ရာတွင် "ယခုလို ကျောင်းသားခေါင်းဆောင်များအား ပြစ်ဒဏ်ကြီးများ ချမှတ်ခြင်း၊ ၎င်းတို့၏ မိသားစုများနှင့် ဝေလံသော ဒေသများသို့ ထောင်ပြောင်းရွှေ့လိုက်ခြင်းသည် ကျောင်းသားလူငယ် ခေါင်းဆောင်များကို သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ ပြစ်ဒဏ်ပေးသလို ဖြစ်နေသည်" ဟု ရေးသား ဖော်ပြထားသည်။

ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက "ကျနော်တို့က ဆောင်ရွက်နိုင်စွမ်း မရှိပါဘူး။ အကူအညီ ပေးနိုင်တာက ရောက်သွားတဲ့ နေရာတွေမှာ မိတ်ဆွေ အပေါင်းအသင်းမရှိရင် ကျနော်တို့ ပါတီဝင်တွေက ကူညီတယ်" ဟု ပြောသည်။

ယင်းလုပ်ရပ်သည် ကာယကံရှင်များ၊ မိသားစုများနှင့် ဒီမိုကရေစီလှုပ်ရှားသူများအား စိုးရိမ်စေသည်သာမက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကို ပြေလည်အောင် ညှိုနိုင်းဖြေရှင်းပေးရမည့်အစား ပိုမိုခက်ခဲလာနိုင်စေသော သဘောကိုလည်း ဆောင်နေကြောင်းနှင့် ထိုမျှမက အနာဂတ် မြန်မာ့နိုင်ငံရေးလောက၏ မျိုးဆက်သစ် ခေါင်းဆောင်မှုအား ပိတ်ပင်တားဆီးဟန့်တားသည့် အဓိပ္ပာယ်မျိုးလည်း သက်ရောက်လျက်သည်ဟုလည်း အန်အယ်ဒီ ကြေညာချက်က ဆက်လက်ဖော်ပြထားသည်။

နှစ်ရှည် ထောင်ဒဏ်များချမှတ်ခံထားရသည့် သူများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၃၀ ခန့်၊ အန်အယ်ဒီ အဖွဲ့ဝင် ၆၀ ကျော်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀ ကျော်ရှိကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

ILO တိုင်ကြားသူ ၄ ဦးအပေါ် စစ်တပ်က စွဲဆိုချက်ပြောင်း

မြင့်မောင်
သောကြာနေ့၊ နိုဝင်ဘာလ 21 2008


နယူးဒေလီ။ ။ စစ်တပ်က လယ်ယာမြေသိမ်းသည်ကို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ဖူးသူ နတ်မောက်မြို့နယ်မှ တောင်သူ ၃ ဦးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် စစ်တပ်က ပြန်လည် တရားစွဲဆိုလိုက်သည်။

မကွေးတိုင်း နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာငါးခုမှ ရွာသားများက သူတို့၏ လယ်ယာမြေများကို ဒေသရှိ ပင်မ စစ်လက်နက်တပ်က သိမ်းယူခဲ့သည်ဆိုပြီး အိုင်အယ်လ်အိုခေါ် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ တိုင်ကြားမှုဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ နတ်မောက်မြို့နယ် ငရဲကန် ကျေးရွာသားသုံးဦးကို ပင်မလက်နက်တပ်မှ ဗိုလ်ကြီး ဖြိုးဝေလင်းက တရားလိုလုပ်ကာ အီလက်ထရောနစ် အက်ဥပဒေကို ချိုးဖောက်သည်ဟု မြို့နယ်တရားရုံးတွင် စွဲချက်တင်လိုက်သည်။

"အခုတော့ ဒုက္ခတွေ ရောက်တော့တာပေါ့ဗျာ။ အခုတော့ ခြေဦးတည့်ရာ ပြေးနေရတယ်" ဟု အိုင်အယ်လ်အိုသို့ တိုင်ကြားမှုတွင် ပါဝင်ခဲ့သော တောင်သူ ဦးတင့်က မဇ္ဈိမကို ပြောသည်။

နတ်မောက်-မကွေး ရထားလမ်းအနီးရှိ ပင်မ စစ်လက်နက်တပ်က လယ်ဧက ၅ ထောင်ခန့်အား သိမ်းယူခဲ့သည်ဆိုကာ ငရဲကန်၊ ရွာသစ်၊ ညောင်ပေါက်အပါအ၀င် ကျေးရွာ ၅ ရွာမှ ရွာသား ၄၉ ဦးက အိုင်အယ်လ်အို ခေါ် အလုပ်သမား အဖွဲ့ချုပ်ထံသို့ သြဂုတ်လ ၃ ရက်နေ့က တိုင်ကြားခဲ့သည်။

"အီလက်ထရောနစ် အက်ဥပဒေကိုလည်း ကျနော်တို့ နားမလည်ဘူး။ သူတို့ပြောတဲ့ ဗီဒီယိုအက်ဆိုတာက ကျနော်တို့ ကျေးလက်ဒေသမှာ ရုပ်ရှင်မင်းသမီး၊ မင်းသားတွေရဲ့ ဇာတ်လမ်းကို နပ်မှန်အောင် ကြည့်ရတာမှ မဟုတ်တာ။" ဟု ဦးတင့်က ပြောသည်။

အီလက်ထရောနစ်အက်ဥပဒေသည် စစ်အစိုးရက သဘောကွဲလွဲသူ အချို့ကို စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်းအချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

တရားဆိုင်များသည် သတင်းအချက်အလက်များကို ပြည်ပသတင်းဌာနများသို့ အင်တာနက် အသုံးပြု ပေးပို့ခဲ့သည်ဟုလည်း တရားလိုဖြစ်သူ ဗိုလ်ကြီးဖြိုးဝေလင်းက စွပ်စွဲထားသည်။

ထင်ရှားသော ပြစ်ဒဏ်ချမှုတခုတွင် နိုဝင်ဘာ ၁၀ ရက်နေ့က ဘလော့ဂါတဦးဖြစ်သူ ကိုနေဘုန်းလတ်ကို ထောင်ဒဏ်အနှစ် ၂၀ ပြစ်ဒဏ် ချမှတ်ရာတွင် အီလက်ထရောနစ် အက်ဥပဒေ ချိုးဖောက်သည်ဟုလည်း ပါဝင်ခဲ့သည်။

အောက်တိုဘာ ၂၀ ရက်နေ့တွင် ငရဲကန် ကျေးရွာသားများဖြစ်သည့် ကိုလှစိုး၊ ကိုနေလင်းနှင့် ကိုစိန်စတင်းတို့ကို နတ်မောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နောက်ကိုးရက်အကြာတွင် ကိုဇော်ဌေးဆိုသူအား ထပ်မံ ဖမ်းဆီးလိုက်သည်။

ပင်မလက်နက်တပ်မှ ဗိုလ်ကြီး ဖြိုးဝေလင်းက နိုင်ငံတော် လျှို့ဝှက်ချက်ကို ဖော်ထုတ်မှု - ပုဒ်မ ၃၁ (က)၊ စစ်တပ် အဆောက်အဦအား မှတ်တမ်းတင်သည့်အမှု - ပုဒ်မ ၅၁ (က) နှင့် တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အီလက်ထရောနစ် အက်ဥပဒေ ချိုးဖောက်မှုဖြင့် ပြောင်းလဲ စွဲဆိုခဲ့သည်။

၂၀၀၅ ခုနှစ်မှစ၍ ပင်မစစ်လက်နက်တပ်မှ ကြက်ဆူပင်စိုက်ပျိုးရန် လယ်မြေဧက ၅ ထောင်နီးပါးကို သိမ်းယူသွားခဲ့သည်ဟု တောင်သူများ၏ တိုင်တန်းမှုတွင် ပါရှိသည်။

လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်း အသည်း ခွဲစိတ်ကုသ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008


နယူးဒေလီ။ ။ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်းသည် အကျဉ်းထောင်မှ လွတ်မြောက်ပြီး တလခွဲခန့်အကြာ၊ ယခုလ ၁၃ ရက်နေ့က စင်္ကာပူနိုင်ငံတွင် အသည်းခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အသက် ၇၁ နှစ်အရွယ် ဒေါက်တာသန်းငြိမ်းသည် အကျဉ်းထောင်မှ ပြန်လွတ်လာပြီးနောက် ယခုလ ၉ ရက်နေ့က စင်္ကာပူသို့ သွားရောက်ပြီး Singapore General ဆေးရုံ၌ အသည်းခွဲစိတ် ကုသခဲ့ရခြင်း ဖြစ်သည်။

"အသည်းကို အောက်ပိုင်း ဖြတ်ထုတ်လိုက်ရတာပါ။ လောလောဆယ်တော့ ကောင်းပါတယ်။ ဆရာဝန်ကလည်း အားရတယ်လို့ ပြောပါတယ်။ အခု အိမ်မှာပါ။ ဆေးရုံကတော့ ဆင်းပါပြီ" ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်ရန်ဟုဆိုကာ မြန်မာစစ်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အကျဉ်းသား ၉၀၀၂ ဦးအား အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ရာ ဒေါက်တာသန်းငြိမ်းလည်း လွတ်မြောက်လာခဲ့သည်။

သူနှင့်အတူ နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီ လွှတ်တော်အမတ်များ ဖြစ်သည့် ဒေါက်တာမေ၀င်းမြင့် (မရမ်းကုန်း)၊ ဦးအောင်စိုးမြင့် (တောင်ငူ)၊ ဦးခင်မောင်ဆွေ (စမ်းချောင်း)၊ ဦးအေးသိန်း (ပါတီအဖွဲ့ဝင်၊ သပိတ်ကျင်း)နှင့် ရခိုင်ပြည်နယ် အန်အယ်ဒီ အတွင်းရေးမှူး ဦးသိန်းနိုင်လည်း လွတ်မြောက်လာခဲ့သည်။

ဒေါက်တာသန်းငြိမ်းအား ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးကာ ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ အစည်းအဝေး လုပ်ဖြစ်ရန် စီစဉ်ပေးမှုကြောင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ အမြင်ကပ်ပုဒ်မဟု လူသိများသည့် ၁၀ (က) ဖြင့် သက်တမ်းတိုးကာ ဆက်လက် ထိန်းသိမ်းခဲ့သည်။

ပြန်လွတ်လာသည့် အန်အယ်ဒီ အဖွဲ့ဝင်များအား ပါတီတည်ထောင်မှု နှစ် ၂၀ ပြည့်နေ့ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မူလပေးအပ်ထားသည့် တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပါတီက အပ်နှင်းခံရသူများထဲတွင် ဒေါက်တာသန်းငြိမ်းလည်း ပါဝင်သည်။

သတင်းထောက် အိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်

မြင့်မောင်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008


နယူးဒေလီ။ ။ လှုပ်ရှားတက်ကြွသူများအား စဉ်ဆက်မပြတ် ပြစ်ဒဏ်စီရင်ချက် နောက်ဆက်တွဲအဖြစ် နာဂစ်လေဘေး ဒုက္ခသည်အရေး လိုက်လံသတင်းယူခဲ့သူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား တာမွေတရားရုံး၌ ယနေ့ ထောင်ဒဏ် ၂ နှစ်ချလိုက်သည်။

အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးအား တာမွေမြို့နယ် တရားရုံးက လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားရာမှ တရားဆိုင်ဘက်မှ ရှေ့နေ တက်ရောက်ခွင့် မရှိသော တရားခွင်တွင် စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။

"ဒီနေ့ နေ့လယ်မှာ ၂ နှစ် အမိန့်ချလိုက်တယ်။ သူ့ကို အမှုလိုက်တဲ့ ရှေ့နေ့ ဦးမောင်မောင်ဝင်းက လိုက်တယ်။ ဒီနေ့ အမှုလိုက် ရှေ့နေတယောက်မှ မရှိဘဲ တရားသူကြီး ဒေါ်သန်းသန်းကနေ အမှုကို စီရင်လိုက်တာ။ သူတို့ကို ထောင်ကို ပြန်ခေါ်တဲ့အချိန်မှာ မိသားစုတွေနဲ့ တွေ့ခွင့်ရတယ်" ဟု လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည် ၃ဝ ခန့်က ရန်ကုန်ရှိ နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့ (အန်ဂျီအို) များထံ သွားရောက်၍ အကူအညီ တောင်းခံရာတွင် မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရင်း တာမွေမြို့နယ် နတ်မောက်လမ်းရှိ ယူအန်ဒီပီ ရုံးရှေ့တွင် အဖော်ဖြစ်သူ ကိုကျော်ကျော်သန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။

ကိုကျော်ကျော်သန့်က ဆူပူအောင် လှုံ့ဆော်မှုအပြင် နိုင်ငံရပ်ခြားသို့ တရားမ၀င် သွားလာမှု ပုဒ်မ ၁၃ (က) ဖြင့် ၅ နှစ်ပါ ထည့်ပေါင်း၍ စုစုပေါင်း ၇ နှစ် ကျခံခဲ့ရသည်။

မအိမ့်ခိုင်ဦးသည် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက်အလုပ်ကို လုပ်ခဲ့သည်မှာ ၂ လခန့်သာ ရှိသေးသည်။

ယနေ့တွင် စစ်အစိုးရက သဘောကွဲလွဲသူ အနည်းဆုံး ၁၅ ဦးကို ထောင်ဒဏ်စီရင်ချက်များ ချမှတ်ခဲ့သည်။ မဇ္ဈိမအနေဖြင့် ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်သည်။

စင်္ကာပူမှာ မြန်မာနှင့် နိုင်ငံခြားသား အလုပ်သမားများ အလုပ်ဖြုတ်ခံနေရ

သဲသဲ၊ မြင့်မောင်
စနေနေ့၊ နိုဝင်ဘာလ 08 2008


နယူးဒေလီ။ ။ ကမ္ဘာ့ငွေကြေး အကျပ်အတည်း၏ ရိုက်ခတ်မှုကြောင့်ဟု ယူဆဖွယ်ရှိသော လုပ်သားဦးရေ လျှော့ချမှုမျိုးကို လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်း စင်္ကာပူနိုင်ငံရှိ ကုမ္ပဏီများမှ လုပ်ဆောင်နေရာ ထိုအထဲတွင် မြန်မာနိုင်ငံသား ၁၀ ဦးခန့်လည်း ပါဝင်သည်။

စင်္ကာပူ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားများကို လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှု မရှိဟု အကြောင်းပြကာ အလုပ်ထုတ်သည့် ကိစ္စသည် ကမ္ဘာ့ငွေကြေး အကျပ်အတည်းကြောင့် ဖြစ်နိုင်ကြောင်း အလုပ်ထုတ်ခံရသူ မြန်မာလုပ်သားများက ပြောဆိုကြခြင်း ဖြစ်သည်။

“ဒီကုမ္ပဏီမှာ ၂ လ အလုပ်လုပ်တယ်။ ကျနော်က လူ ၁၀၀ လောက် အုပ်ချုပ်ရတယ်။ ….. အုပ်ချုပ်တဲ့ အပိုင်းမှာ အားနည်းတယ်ဆိုပြီး ထုတ်လိုက်တာ” ဟု စင်္ကာပူနိုင်ငံ Engmech ဆောက်လုပ်ရေးလုပ်ငန်းမှ ထုတ်ပစ်ခံရသည့် အမည်မဖော်လိုသူ မြန်မာလုပ်သားက ပြောသည်။

သူက ဆက်ပြီး “ကျနော့်ကို ထုတ်တာနဲ့ စတော့ ရှယ်ယာဈေး ကျတာက တိုက်ဆိုင်တယ်။ ကျနော် ထင်တာက နောက်ထပ် ပရောဂျက် မရှိတော့ဘူးထင်တယ်။ အလုပ်သမားတွေ ထပ်လျှော့လာနိုင်တယ်” ဟု ပြောသည်။

Sheng wong ဆောက်လုပ်ရေး ကုမ္ပဏီမှ အလုပ်ရပ်နားခြင်းခံရသူ မြန်မာအလုပ်သမားကလည်း “သူတို့ပြောတဲ့ စကားကို ကောင်းကောင်းနားမလည်ဘူး၊ သူတို့ ခိုင်းတာကို ကောင်းကောင်း မလုပ်နိုင်ဘူးဆိုပြီးတော့၊ ဘာသာစကား နားလည်မှု မရှိဘူးလို့ ပြောပြီး အလုပ်ကနေ ရပ်ဆိုင်းလိုက်တာပါ” ဟု ပြောသည်။

အလားတူ စင်္ကာပူနိုင်ငံတွင် လာရောက်လုပ်ကိုင်နေကြသော နိုင်ငံခြားသား အလုပ်သမားများထဲမှ လုပ်ငန်း ကျွမ်းကျင်မှုမရှိဟုဆိုကာ လုပ်သားဦးရေ လျှော့ချနေသည့် အထဲတွင် မြန်မာများနည်းတူ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေရှ့်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံသားများလည်း ပါဝင်ရာ ဦးရေ ၁၈၀ ကျော်ပြီဟု Engmech ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်ထုတ်ခံရသူ မြန်မာလုပ်သားက ပြောသည်။

သူ့အဆိုအရ work permit နှင့် လာရောက်ကာ လပိုင်းမျှသာ လုပ်သက်ရှိသေးပြီး၊ ပညာအခြေခံ အားနည်းသူများ အလုပ်ဖြုတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနမှ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ်တဦးကလည်း “နိုင်ငံခြားသား အလုပ်သမားတွေကိုတော့ လျှော့ချနေတာ မှန်ပါတယ်” ဟု အတည်ပြုပြောဆိုသည်။

အဆိုပါ တာဝန်ရှိသူက မည်သို့သောကြောင့် ယခုလို လုပ်သားဦးရေ လျှော့ချရကြောင်းနှင့် နိုင်ငံခြားသား အလုပ်သမား ဦးရေ မည်မျှ လျှော့ချလိုက်ပြီ ဖြစ်ကြောင်းကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။

သက်ဆိုင်ရာ ကုမ္ပဏီများကို ဆက်သွယ်မေးမြန်းရာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် လျှော့နေခြင်း မဟုတ်ကြောင်း ငြင်းဆိုသော်လည်း နိုင်ငံတကာ ငွေကြေး အကျပ်အတည်းသည် စင်္ကာပူနိုင်ငံတွင် ရိုက်ခတ်မှု ရှိနေကြောင်း ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီး၏ ပြောဆိုချက်ကို ပြီးခဲ့သည့်လ ၂၀ ရက်နေ့တွင် ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

သတင်းထဲတွင် ကမ္ဘာ့စီးပွာရေး နှေးကွေးလာမှုသည် စင်္ကာပူနိုင်ငံ၏ စီးပွားရေးနှင့် ပြည်တွင်း ကုမ္ပဏီများအပေါ် ထိခိုက်နေသည်ဟု ၀န်ကြီး Lim Hng Kiang က ပါလီမန်သို့ ပြောကြားခဲ့ကြောင်း ပါရှိသည်။

ထိုသို့ပြောဆိုပြီး ရက်ပိုင်းအကြာတွင် ကုမ္ပဏီများမှ နိုင်ငံခြားသား အလုပ်သမားများနှင့် လုပ်အားခကို လျှော့ချ ဖြတ်တောက်မှုများ ရှိလာသည်ဟု အချို့ မြန်မာနိုင်ငံသား အလုပ်သမားများက ပြောဆိုသည်။

ကွန်ပျူတာ အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီတွင် လုပ်ကိုင်နေသည့် မြန်မာတဦးက “ကျနော်တို့ ကုမ္ပဏီမှာတော့ လူလျှော့တာ မရှိသေးဘူး။ ဒါပေမဲ့ အချိန်ပိုကြေး မရတော့ဘူး။ လခ ၃၀၀၀ (စင်္ကာပူဒေါ်လာ) အောက်ကို ၆ ရာခိုင်နှုန်း လျှော့ပြီး ၃၀၀၀ အထက်ကို ၂၀ ရာခိုင်နှုန်း လျှော့မယ်လို့ ကြားတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ အသစ်ရောက်လာတဲ့ လူတွေဆိုရင် ဒုက္ခရောက်တယ်။ လူဟောင်းတွေက လစာလျှော့ချတာက လွဲပြီး ပြဿနာ မရှိပါဘူး” ဟု ပြောသည်။

စင်္ကာပူတွင် မြန်မာအလုပ်သမား ၅ သောင်းနှင့် ၆ သောင်းကြား အလုပ်လုပ် ကိုင်နေကြသည်။

ဒေါ်စု လွတ်လာမည်အထင်ဖြင့် ပါတီလူငယ်များ ရုံးချုပ်ကို သွားကြ

မြင့်မောင်
သောကြာနေ့၊ အောက်တိုဘာလ 31 2008

နယူးဒေလီ။ ။ အထိန်းသိမ်းခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည် အထင်ဖြင့် NLD လူငယ် ၃၀ နီးပါးက ယနေ့တွင် ရန်ကုန်ရှိ NLD ဗဟိုရုံးချုပ်သို့ သွားရောက်ခဲ့ကြသည်။

ယခုရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီဝင်များအကြား အပြန်အလှန် တယ်လီဖုန်း သတင်းစကားများ ပေါ်ထွက်လာပြီးနောက် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်သို့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပါတီဝင်လူငယ်များသည် ယခုလို သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

"ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေဆီက ပါတီအဖွဲ့ဝင် လူငယ် ၃၀ နီးပါး ရုံးကို လာမေးကြတယ်။ ရုံးက ပြောလိုက်တာကတော့ အဲဒီကိစ္စက မဟုတ်ပါဘူးလို့ တာဝန်ရှိသူတွေက ပြန်ဖြေခဲ့တယ်" ဟု ယနေ့တွင် ရုံးချုပ်သို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တောင်ဒဂုံမြို့နယ်မှ NLD ရပ်ကျေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း "ကျနော်တို့ ဘာမှ မကြားသေးပါဘူး။ ပါတီဝင်တွေက မေးမြန်းတာတွေ ရှိပါတယ်" ဟု ပြောသည်။

သို့သော်လည်း သူက တစုံတရာ မှတ်ချက်ပေးခြင်း မရှိပါ။

ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် ကမာရွတ်မြို့နယ် တက္ကသိုလ်လမ်း နေအိမ်ရှေ့တွင် သံဆူးကြိုးများကို အာဏာပိုင်များက ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ ဖယ်ရှားခဲ့သည်။

အတားအဆီးများ ဖယ်ရှားပြီး နောက်ရက် တနင်္လာနေ့မှ စတင်ကာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတော့မည် ဟူသော ကောလာဟလများမှာ ပါတီ ၀င်လူငယ်များ အကြားတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

''လွတ်မယ်ဆိုတာက တနင်္လာနေ့ကတည်းက ထွက်နေတာဗျ။ ဘယ်ကနေ ဘယ်လို စတယ်တော့ မပြောနိုင်ဘူး။ ဒီနေ့ကျတော့ ဒီနေ့ပဲ လွတ်တော့မလိုလို ဖုန်းတွေ ပြောနေရင်းကနေ သွားလာကြတယ် ထင်တာပဲ'' ဟု တောင်ဒဂုံမြို့နယ်မှ NLD ရပ်ကျေးတာဝန်ခံက ပြောသည်။

ဂက်စ်အိုး အသုံးပြုနည်း ကျယ်ပြန့်စွာ ပညာပေးရန် လိုအပ်

မြင့်မောင်
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008

နယူးဒေလီ။ ။ မြန်မာနိုင်ငံတွင် စီအန်ဂျီ ဂတ်စ်အိုးပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းသည် ဂတ်စ်အိုး ကြံ့ခိုင်မှု စစ်ဆေးခြင်း အားနည်းမှုကြောင့်ဖြစ်ပြီး ပညာပေးလုပ်ဆောင်မှုများ လိုအပ်နေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ယခုလ ၉ ရက်နေ့နှင့် ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းတန်းလမ်းဆုံနှင့် အင်းစိန်မြို့နယ်အတွင်း စီအန်ဂျီ ဓာတ်ငွေ့သုံး ဘတ်စ်ကားများ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၇ ဦး သေဆုံးခဲ့ရသည်။

"ကျနော်တို့ ယူဆတာက ကားသမားတွေရဲ့ ကြံ့ခိုင်မှုစစ်ဆေးတာနဲ့ ပတ်သက်တယ်လို့ ယူဆတယ်။ အိုးတွေ တပ်ပေးတဲ့အခါကျ ဘာမှ မဖြစ်ဘူး။ ယာဉ်ဆိုတာက စက်ပစ္စည်းဆိုင်ရာ ပျက်စီးတတ်တာကို ယာဉ်ပိုင်ရှင်တွေက ပုံမှန်တော့ စစ်ဆေးပေးသင့်တယ်။ အိုးတွေ ပလပ်တွေ ကောင်းမကောင်း၊ နတ်တွေ ခိုင်မခိုင်၊ ပိုက်တွေ ယိုစိမ့်မှု ရှိမရှိ၊ ပုံမှန် စစ်ဆေး မဆေးဆိုတာ ယာဉ်မောင်းနဲ့ဆိုင်တယ်။ ကြံ့ခိုင်မှု ရှိမရှိကို သုံးစွဲသူ တယောက်အနေနဲ့ စစ်ဆေးပေးဘို့ လိုအပ်တယ်" ဟု ရန်ကုန်ရှိ စီအန်ဂျီ ပြောင်းလဲတပ်ဆင်ရေး ကုမ္ပဏီ Myanmar Power မှ တာဝန်ခံတဦးက ပြောသည်။

ဘတ်စ်ကားချင်း ပိုက်သွယ်တန်းကာ ဓာတ်ငွေ့ မျှဝေပေးသလို၊ ပိုက်ခေါင်းများ၊ မူလီများ အသေအချာ တပ်ဆင်မှု မရှိရာမှ နောက်ဆက်တွဲအဖြစ် ပေါက်ကွဲမှုများ ဖြစ်ရသည်ဟု သူက ဆိုသည်။

ယာဉ်မောင်းနှင့် နောက်လိုက်များကို အသိပညာပေး လက်ကမ်းစာစောင် ဝေငှမှု၊ ဟောပြောမှုတို့ လုပ်သင့်သည်ဟုဆိုသည်။

"စီအန်ဂျီ ကားတစီးလုံးကို ထိန်းချုပ်မောင်းနှင်နေတဲ့ ယာဉ်မောင်းနဲ့ စီအန်ဂျီ ဂက်စ်အိုးကြီးတွေကို ထိတွေ့ကိုင်တွယ်ရတဲ့ ယာဉ်နောက်လိုက်တို့ ကိုယ်တိုင် စီအန်ဂျီနဲ့ ပတ်သက်ပြီး ဂဃနဏ မသိကြဘူး" မော်တော်ယဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး အရာရှိတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စီအန်ဂျီနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ကားစပယ်ယာနှင့် ယာဉ်မောင်းများသို့ သင်တန်းပေးထားခြင်း မရှိသဖြင့် ၂၀၀၄ ခုနှစ် စီမံချက် ကာလအစောပိုင်းတွင် စီအန်ဂျီနှင့် ပတ်သက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အချို့ကို အလုပ်ရုံဆွေးနွေးပွဲ တကြိမ်သာ ပြုလုပ်ခဲ့သည်။

''လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် ကာလတလျှောက်လုံး အန္တရာယ်ကင်းကင်းနဲ့ အသုံးပြုခဲ့ပြီးမှ အခု ၃-၄ နှစ်အတွင်း တပ်ဆင်ထားတဲ့ ကားနှစ်စီးက ကွဲတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် သေချာတာက နောက်ပိုင်း တပ်ဆင်တဲ့ ကားတွေဟာ သတ်မှတ် စံချိန်စံညွှန်းအတိုင်း မပြည့်မီဘူးဆိုတာ သေချာတယ်။ ဒါကြောင့် သက်ဆိုင်ရာက ကျွမ်းကျင်သူတွေနဲ့ ကားတွေကို ပြန်လည်စိစစ်သင့်တယ်" ဟု အမည်မဖော်လိုသော ကုမ္ပဏီမှ ဂက်စ်အိုးတပ်ဆင်သူတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော် ပေါ်လစီအရ ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားကြီးများ၊ Taxi များနှင့် ခရီးသည်တင် လိုင်းကားများကို ၂၀၀၄ နှင့် ၂၀၀၅ ခုနှစ်အတွင်း စီမံချက်ဖြင့် ပြောင်းလဲစေခဲ့သည်။ ထိုကဲ့သို့ ၂ နှစ်တာ ကာလအတွင်း ကားအစီးရေ တသိန်းကျော်အား တပြိုင်နက်ထဲ ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့်လည်း စနစ်တကျ သင်ယူတတ်မြောက်ထားခြင်း မရှိဘဲ လက်တန်းသင်ယူထားသည့် ၀ပ်ရှော့ဆရာများဖြင့်သာ အများအားဖြင့် ပြောင်းလဲခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စီအန်ဂျီကို အသုံးပြုမှုမှာ သက်တမ်း ၂၅ နှစ်ခန့် ရှိပြီ ဖြစ်သည်။

၂၀၀၄ ခုနှစ်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် စီအန်ဂျီ ဂက်စ်အိုးသည် ဆက်ကြောင်းမရှိ အိုးအထူကြီးများ ပေါက်ကွဲရန် ဆိုသည်မှာ ဖြစ်နိုင်ခြေ လုံးဝမရှိကြောင်း ဆောင်းပါးရေးသူများက ရေးသားခဲ့ကြသည်။

စီအန်ဂျင် ပြောင်းလဲတပ်ဆင်သူ အင်ဂျင်နီယာတဦးကတော့ "ဆောင်းပါးထဲမှာ ပါသလို တကယ်လည်း ဟုတ်ပါတယ်။ ပေါက်ကွဲဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ရာခိုင်နှုန်း နည်းပါတယ်။ ဒါပေမဲ့ တပ်ဆင်မှုမှာ စနစ်မကျရင် ဂက်စ်ထွက်ရာ လမ်းကြောင်းတွေမှာ ပိတ်ဆို့နေတာမျိုးတွေ ဖြစ်နေရင်တော့ ပေါက်ကွဲနိုင်ပါတယ်" ဟု ပြောသည်။

ယခုလ ၉ ရက်နေ့က စော်ဘွားကြီးကုန်းနှင့် ဆူးလေ ပြေးဆွဲသော မထသ ယာဉ်လိုင်းအမှတ် ၄၅ ဘတ်စကား ဂက်စ်အိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း စာပေစိစစ်ရေးက ဂက်စ်အိုး ကွဲသည်ဆိုသည့် အကြောင်းအရာကို ထိန်ချန်စေခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်တခုမှ အယ်ဒီတာတဦးက "သူတို့အယူအဆက သေးသိမ်ပြီး ကျဉ်းမြောင်းလွန်းတယ်။ ဂျာနယ်မှာ စီအန်ဂျင်ဂက်စ်အိုး ကွဲတယ်ဆိုတာ ပါသွားရင် စာဖတ်သူတွေ ကြောက်လန့်ပြီး ကားမစီးတဲ့ ဂယက်များ ရိုက်သွားလေမလားပေါ။့ ကျနော်တို့ ဂျာနယ်တွေအနေနဲ့ဆိုလည်း၊ ကားတွေ စီအန်ဂျီ ပေါက်ကွဲကုန်ပြီ၊ စီအန်ဂျင်ကားတွေ မစီးကြနဲ့လို့ ဘယ်သူကမှ ရေးမှာ မဟုတ်ပါဘူး'' ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်လတွင် ဆရာဝန်နှင့် တွေ့ခွင့်ပြုမည်

မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ 28 2008

နယူးဒေလီ။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စစ်ဆေးရန်အတွက် သူ၏ မိသားစုဆရာဝန်နှင့် လာမည့် လဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံဦးမည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ ပြောဆိုသည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာတင်မျိုးဝင်းနှင့် နိုဝင်ဘာလဆန်းတွင် တွေ့ဆုံခွင့် ထပ်မံခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သူ ဆရာဝန်နဲ့ နိုဝင်ဘာလဆန်းမှ တွေ့ခွင့် ရပါလိမ့်မယ်။ ရှေ့နေနဲ့ တွေ့ခွင့်မရသေးပါဘူး။ တိုးတက်မှု မရှိသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆရာဝန်နှင့် နောက်ဆုံး တွေ့ခွင့်ရသည်မှာ အောက်တိုဘာ ၂ ရက်နေ့က ဖြစ်သည်။ ယခုအခါ အကျယ်ချုပ် ကျခံနေရသည့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်အနီးမှ သံဆူးကြိုးများနှင့် စစ်ဆေးရေးဂိတ်များကို ဖယ်ရှားထားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်သည် လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံနေရခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင် ထုတ်ပေး

မြင့်မောင်
သောကြာနေ့၊ အောက်တိုဘာလ 24 2008

နယူးဒေလီ။ ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ပလောင်ဒေသတွင် အာဏာပိုင်များက ယခုလအတွင်း နိုင်ငံရေး စိစစ်ရေးကဒ်များ ထုတ်ပေးနေကြောင်း ပြည်ပအခြေစိုက် ပလောင်အဖွဲ့အစည်း တခုက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ မန်လွယ်၊ တောင်ကျော်နှင့် နမ့်လင့်ကျေးရွာအုပ်စုများတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူများအား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် မြို့နယ် အေးချမ်းသာရေး ကောင်စီဝင်များက ယခုလ ပထမအပတ်က စတင်ကာ တဦးလျှင် ကျပ်ငွေ ၃၀၀၀ စီ ကောက်ခံကာ ကွင်းဆင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

"ကျနော်တို့ ကြားသိရသလောက် ဒီမှတ်ပုံတင် ပြုလုပ်ချိန်မှာ လ၀က ညွှန်ကြားရေးမှူးက ပြည်သူတွေဆီက ပိုက်ဆံ မတောင်းရဘူးလို့ တားမြစ်တာတွေ ရှိတယ်။ အခုဟာက မယကနဲ့ လ၀က အတင်းအဓမ္မ တောင်းခံတယ်။ ရွာသားတွေကတော့ ကုန်ဈေးနှုန်းကြီးတဲ့အတွက် ဒုက္ခရောက်နေတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် ပလောင်လူငယ် လုပ်ငန်းကွန်ယက် အဖွဲ့ဝင် မိုင်းအောင်က မဇ္ဈိမကို ပြောသည်။

ယခုလို ပလောင်ဒေသများအတွင်း မှတ်ပုံတင်များ ထုတ်ပေးနေခြင်းသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် လူဦးရေ စုဆောင်းနေခြင်းလည်း ဖြစ်ကြောင်း ပလောင်လူငယ် ကွန်ယက်အဖွဲ့က ဆိုသည်။

ယခုနှစ် မေလ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲမတိုင်မီ ရက် ၂၀ ခန့်အလိုက မြန်မာနိုင်ငံ လ၀က ညွှန်ကြားရေးမှူးက ပြည်သူများထံမှ ငွေကြေးတောင်းခံခြင်း မပြုရန်နှင့် တောင်းခံပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း လ၀က ၀န်ထမ်းမှ ပြောဆိုခဲ့ကြောင်း ဒေသခံတဦး၏ ပြောကြားချက်ကိုလည်း အဖွဲ့က ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ကိုးကားဖော်ပြထားသည်။

မိုင်းအောင်က "ပလောင်ဒေသဟာ လ္ဘက်ကို အဓိက ထွက်ရှိပြီး ဆန်စပါးကို အောက်ပိုင်းကနေ ၀ယ်ယူရတယ်။ ဆန်ဈေးက ၂၈၀၀၀ ကျော်ရောက်နေတယ်။ လ္ဘက်ဈေးကတော့ တပိဿာ ၁၈၀၀ ကျပ် ဈေးရှိတော့ ထွက်တဲ့ ပစ္စည်းဈေးနဲ့ ၀ယ်စားရတဲ့ ကုန်ဈေးနှုန်း မကိုက်တဲ့အတွက် အကျပ်အတည်း ဖြစ်နေတယ်" ဟု ပြောသည်။

ပလောင် တိုင်းရင်းသားများအား မေလ ဆန္ဒခံယူပွဲတွင် မဲပေးရန်အတွက် ၃ ခေါက်ချိုး ယာယီ မှတ်ပုံတင် ကဒ်ပြားများကို ထုတ်ဝေပေးခဲ့သေးသည်။

ထီလက်မှတ်ရောင်းဈေးနှင့် ဆုကြေးငွေများ နှစ်ဆ တိုးမြင့်

မြင့်မောင်
ကြာသပတေးနေ့၊ အောက်တိုဘာလ 23 2008

နယူးဒေလီ။ ။ အောင်ဘာလေ သိန်းဆုဌာနကြီးမှ ထီလက်မှတ် ရောင်းဈေးနှင့် အမြင့်ဆုံး ဆုကြေးငွေကို လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ နှစ်ဆစီ မြှင့်တင်သွားမည် ဖြစ်သည်။

တစောင်လျှင် ကျပ် ၁၀၀ မှ ၂၀၀ အထိ ဈေးနှုန်းမြှင့်တင် ရောင်းချသွားမည်ဖြစ်သလို၊ ယခင်က အမြင့်ဆုံး ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ အထိ ချီးမြှင့်သွားမည့်အကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ယနေ့ နေ့စွဲဖြင့် ကြေညာလိုက်ခြင်းဖြစ်သည်။

"လက်ရှိ ရောင်းဈေးက ၁၀၀ နဲ့ ရောင်းတယ်။ အက္ခရာ အလုံးရေက ၃၆ လုံး ရောင်းတယ်။ (က) ကြီးကနေ ကက၊ ကခ၊ ကဂ အထိ ရှိတယ်။ အက္ခရာ ၃၀ ကျရင် "က၊ သ" အထိပဲ ရှိတာ။ အစောင်ရေ လျှော့ချပြီး ဆုကြေး တိုးမြှင့်တဲ့ သဘောပေါ့" ဟု ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် ဖွင့်လှစ်ထားသော နာမည်ကြီး ထီဆိုင်တဆိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။

ဆုမဲပေါင်း ၇၉၉၃ ဆု ချီးမြှင့်သွားမည်ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

ထီဆိုင်မှ တာဝန်ရှိသူက "ဆုစနစ်ပြောင်းတဲ့ ဟာကို ဖော်ပြတာပါ။ အောင်ဘာလေဖွင့်တဲ့ ရုံးအုပ်က ဖြန့်တယ်ဆိုရင် ကုန်သည်တွေလက်ထဲမှာတော့ အကုန် ကုန်တယ်။ ရုံးချုပ်မှာ မကျန်ဘူး။ ကုန်သည်တွေ လက်ထဲရောက်ရင် မိုးယံ၊ အောင်ဒဂုံ၊ အောင်ဆုပန် စတာတွေက ဖြန့်ချိတာတွေ ရှိတယ်။ တကယ်တော့ ပုံမှန် ၂၀၀ နဲ့ ရောင်းချမယ်ဆိုတဲ့ သဘောပါ" ဟု ပြောသည်။

ထီ အက္ခရာ ၃၀ ကို စတင် ရောင်းချမည်ဖြစ်ကာ ဆုကြေးအဖြစ် ပထမဆုကို ကျပ်သိန်း ၁၀၀၀ ၊ ဒုတိယဆု သိန်း ၅၀၀နှင့် သိန်း ၃၀၀ (၃ ဆု)၊ သိန်း ၂၀၀ (၅ ဆု)၊ သိန်း ၁၀၀ (၁၇ ဆု)၊ ၁၀ သိန်း (၄၉၃ ဆု)၊ ၃ သိန်း (၁၇၃ ဆု)၊ ၂ သိန်း (၁၅၉၃ ဆု)၊ ၁သိန်း (၁၅၇၀၄ ဆု) စသဖြင့် ချီးမြှင့်မည့်အကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ မြန်မာ့အလင်းတွင် ကြေညာထားသည်။

ရန်ကုန်မြို့ခံတဦးက "ထီထိုးမှုတွေ နည်းပါးသွားတဲ့အတွက် ဆုကြေး မြှင့်လိုက်တဲ့ သဘောပါ။ လူတွေကို မက်လုံးပေးတဲ့ သဘော" ဟု ထင်ကြေးပေး ပြောဆိုသည်။

အမည်မဖော်လိုသူ ထီဆိုင်ကြီးတဆိုင်မှ တာဝန်ကျ ၀န်ထမ်းတဦးက "တချို့ ထီဆိုင်တွေကတော့ အရင်တုန်းက ပထမဆု သိန်း ၅၀၀ ပေါက်ရင် သိန်း ၅၀၀ အပိုချ ပေးပေမယ့် အခု သိန်း ၁၀၀၀ ကို ကျတော့ သိန်း ၅၀၀ ပဲ ဆုချမယ်လို့ ပြောနေကြတယ်ပေါ့လေ။ ဒုတိယဆု သိန်း ၅၀၀ ပေါက်ရင် အပိုဆုက သိန်း ၅၀ ပဲ ပေးတော့မယ်။ ကျနော်တို့တော့ မဆုံးဖြတ်ရသေးပါဘူး" ဟု ပြောသည်။

သူက ဆက်ပြီး "တွတ်လိုင်းတွေကို ပင်ရင်း အောင်ဘာလေ ထီဆိုင်တွေက ထုတ်ပေးတယ်။ အရင်တုန်းက အနိမ့်ဆုံးဆုက ၂ သောင်း၊ အခု ဖွင့်မယ့်ဟာက ၁ သိန်း အနည်းဆုံး ဖြစ်သွားတယ်။ မင်္ဂလာစုံတွဲ သိန်း ၁၀၀ တို့ ၊ မင်္ဂလာစုံတွဲ သိန်း ၅၀ တို့ ပေးတယ်။ အခု ပေါက်စဉ် တစဉ်လုံးမှာ သုံးလုံးတူ၊ လေးလုံးတူပဲ သတ်မှတ်ချက် ရှိတယ်။ ကျန်တဲ့ သတ်မှတ်ချက်တွေတော့ မရှိဘူး" ဟု ပြောသည်။

ထီလက်မှတ် ရောင်းချရာတွင် အက္ခရာစဉ် မတူဘဲ ဂဏန်းတူများကို တွဲထားကာ အထူးမင်္ဂလာစုံတွဲ တစောင်၊ တစောင် (ရှယ်)၊ နှစ်စောင်ဆိုလျှင် နှစ်မွှာ (ရှယ်)၊ နှစ်စောင်တွဲ (ရှယ်) ၊ နှစ်စောင်တွဲ (ထူးရှယ်) မှ အစ စောင်ရေ ၁၀ အထိ၊ ထို့နောက် ၁၅ စောင်၊ ၂၀၊ ၃၀၊ ၄၅၊ ၅၀၊ ၉၀၊ ၁၀၀၊ ၃၆၀ နှင့် ၁၀၀၀ စောင်အထိ တွဲယှက်ကာ ရောင်းချကြသည်

ရန်ကုန်လက်လီ ဆားဈေးက နှစ်ဆတက်

မြင့်မောင်
သောကြာနေ့၊ အောက်တိုဘာလ 17 2008

နယူးဒေလီ။ ။ ရန်ကုန် လက်လီဈေးကွက်များတွင် အိမ်သုံးဆားမှာ ယခင်လက ကျပ် ၆ဝ ရှိရာမှ ယခုအခါ ကျပ် ၁ဝဝ အထိ မြင့်တက်သွားသည်။

မေလဆန်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း၏ တတိယ စီးပွားရေးဖြစ်သော ဆားလုပ်ငန်းများမှာ ကြီးမားစွာ ထိခိုက် ပျက်စီးခဲ့ရသော်လည်း ရန်ကုန်တွင် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ဆားကုန်ကြမ်းများ အစားထိုး သုံးစွဲခဲ့ရာမှ ယခုအခါ တစထက်တစ ကုန်ကြမ်း ပြတ်လပ်လာသဖြင့် ရန်ကုန်ရှိ အိမ်သုံးဆား လက်လီဈေးကွက်တွင် ဆားဈေးသည် ယခင်လထက် ဈေးနှုန်း နှစ်ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။

"ဈေးထဲမှာ ဆား ၁ဝ သား တထုပ်ကို ၁ဝဝ (ကျပ်) ဝယ်ရတယ်။ အရင်လတုန်းက ၁ဝ သားကို (ကျပ်) ၆ဝ နဲ့ ဝယ်ရတယ်" ဟု ရန်ကုန်ဒေသခံ နေ့စား အလုပ်သမားတဦးက ပြောသည်။
လက္ကားဈေးကွက်တွင် တပိဿာ ၄၅ဝ ကျပ်သာ ဈေးပေါက်ပေမယ့် လက်လီဈေးတွင် ၁ဝဝဝ ကျပ်နှုန်းအထိ ရောင်းနေကြခြင်းဖြစ်သည်၊

ဧရာဝတီတိုင်းမှ ဆားအထွက် ကျဆင်းသွားသဖြင့် ဆားကြမ်းများကို ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အစားထိုး တင်သွင်းကာ ရန်ကုန်တွင် လိုအပ်သည့် ပစ္စည်းများ ဖြည့်စွက်၍ ပြန်လည် ချက်လုပ်နေရကြောင်း ရန်ကုန် ဆားလုပ်ငန်းရှင် တဦးကလည်း ပြောသည်။

ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ထုတ်ဝေသည့် အစိုးရသတင်းစာ ကြေးမုံတွင် နာဂစ်မှန်တိုင်းအပြီး ဧရာဝတီတိုင်းရှိ ဖျာပုံ၊ လပွတ္တာ၊ မြောင်းမြနှင့် ငပုတောမြို့နယ်များရှိ ဆားကျင်းဧကပေါင်း ၂၃၄၅၈၊ ဆားကြမ်းတန်ချိန် ၂၄၂၁၄ နှင့် ဆားကျင်းလုပ်သား အများအပြား သေဆုံးခဲ့ရသည့်အပြင် လုပ်ငန်းသုံးပစ္စည်းများလည်း ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ဆားလုပ်ငန်းရှင်က "မုန်တိုင်းဖြစ်တော့ ဆားကွင်းတွေ အကုန်ဆုံးရှုံးတယ်။ လူတွေလည်း ၁၈ဝ ကျော် သေတယ်။ နာဂစ်ဖြစ်လိုက်တော့ ကုန်ကြမ်းရှားသွားတော့၊ ကုန်ချောလည်း ဈေးတက်တာပေါ့" ဟု သုံးသပ် ပြောဆိုသည်။

အလားတူ အခြားသော အခြေခံ စားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးများလည်း အနည်းငယ် မြင့်တက်နေကြောင်း သိရသည်။

တပ်သားတဦး အထက်အရာရှိကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဟု မျက်မြင်သက်သေများပြော

မြင့်မောင်
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008

နယူးဒေလီ။ ။ ရန်ကုန်တိုင်း တိုက်ကြီးတွင် အခြေစိုက်သော ခလရ ၇၀၇ မှ တပ်သားတဦးသည် ယင်း၏ တပ်မှူးကို သတ်ပြီး စနေနေ့က မိမိကိုယ်မိမိ အဆုံးစီရင်လိုက်သည်ဟု ဒေသခံများက ပြောပါသည်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်မှာ အနီးရှိ အေးမြသာယာရွာ၌ စစ်သားများအကြား လိပ်ခဲတည်းလည်း အခြေအနေတရပ် ဖြစ်ပေါ်နေခဲ့ပြီးနောက် စနေနေ့ညနေက တပ်သား ကျော်ရွှေမောင်သည် သူ့ကို ကျန်ရဲဘော်များက သူတို့ အရာရှိဗိုလ်ကြီးတဦးကို သတ်ဖြတ်အပြီး ထွက်မပြေးနိုင်အောင် ပိတ်မိသွားပြီးနောက် သတ်သေ သွားသည်ကို ကိုယ်တိုင် မြင်ခဲ့ရကြောင်း ပြောပါသည်။

ထိုဗိုလ်ကြီးကို သတ်ပြီးနောက် ကျော်ရွှေမောင်သည် စနေနေ့ညနေက သူ့တပ်ရင်းမှ ထွက်ပြေးလာခဲ့သည်ဟု အဆိုပါ မျက်မြင်သက်သေက ဆိုပါသည်။ သို့သော် အနီးအနားတွင် တပ်စွဲထားသော ခလရ ၇ဝ၇၊ ခလရ ၃၅၊ ခလရ ၆၊ ခလရ ၄ နှင့် ခလရ ၅ မှရဲဘော်များက ဒေသခံ ရဲများနှင့်အတူ မော်တော် ဆိုင်ကယ်နှင့် ထွက်ပြေးရန် ကြိုးပန်းစဉ် လျှပ်စစ် ထရန် စဖော်မာ အဆောက်အဦ အနီးတွင် သူ့ကို ပိတ်မိသွားခဲ့သည်ဟု ဆိုပါသည်။

“သူက ၁ဝ ချက်ကျော် မိုးပေါ်ထောင်ပစ်ပြီး ထရန်စဖော်မာတွေ နောက်မှာ ပုန်းနေတာ” ဟု အခြား ဒေသခံများနှင့်အတူ အခင်း ဖြစ်ပွါးရာနေရာသို့ အပြေး သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည့် အဆိုပါ ဒေသခံက ပြောပါသည်။

လိုက်လံရှာဖွေသည့် စစ်သားများကို ကွပ်ကဲလိုက်ပါလာသူ အုတ်ဖိုအခြေစိုက် ခလရ ၇ဝ၇ မှ အရာရှိတဦးနှင့် ခဏကြာ အပြန်အလှန် ပစ်ခတ်ပြီး ထိုသို့ပစ်ခတ်ရာတွင် အဆိုပါအရာရှိမှာ အကြီးအကျယ် ဒဏ်ရာ ရသွားသည်ဟု ဆိုပါသည်။

ထိုသို့ အတန်ကြာ လိပ်ခဲတည်းလည်း ဖြစ်နေသဖြင့် စစ်သားများက လျှပ်စစ် ထရန်စဖော်မာ ပျက်စီးသွားမည်ကို စိုးရိမ် နေခဲ့ကြသေးသည်ဟု ဆိုပါသည်။ သို့သော် ၁၁ နာရီခန့်တွင် ဆက်တိုက် ပစ်လိုက်သော သေနတ်များ ဆူညံစွာကြားပြီး သွားရောက်ကြည့်ရှုရာ အဆိုပါ ထွက်ပြေးသူ တပ်သားမှာ သေနတ်ဒဏ်ရာများစွာနှင့် သေဆုံးနေသည်ကို တွေ့ရသည် ဟု ဒေသခံက ပြောပါသည်။

“စစ်သားတွေက သူ့ဆီက ကျည်ဆံ ၁၇ဝ ကျော်၊ လက်ပစ်ဗုံးတွေ၊ ၉ မမ ပစ္စတိုနဲ့ မြန်မာပြည်ထုတ် MA 1 မောင်းပြန်တလက် တွေ့တယ်။ စစ် သားတွေက သူ့အလောင်းကို သယ်သွားပြီး အနားက ပြည်တော်သာ ရွာမှာ မြှုပ်လိုက်တယ်” ဟု သူက ဆက်လက် ပြောဆို သွားခဲ့ပါသည်။

နောက်ထပ် အုတ်ဖိုဒေသခံ တဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် သူမလည်း ဤအဖြစ်အပျက်ကို ကြားကြောင်း၊ သို့သော် သူမ၏ လုံခြုံရေး အခြေအနေကို စိုးရိမ်၍ ကိုယ်တိုင် သွားမကြည့်ခဲ့ကြောင်း ပြောပါသည်။

အုတ်ဖိုမြို့၏ မြောက်ဘက် မိုင် ၇ဝ ခန့်အကွာရှိ ပြည်မြို့မှ ဈေးဆိုင်ပိုင်ရှင် တဦးကို မေးမြန်းရာတွင် သူမလည်း ဤအဖြစ် အပျက်ကို ရန်ကုန်မှပြန်လာစဉ် စနေနေ့ညနေက ကြားသိခဲ့ရကြောင်း ပြောပါသည်။

“ကျမ ရန်ကုန်က ပြန်လာတော့ ဘတ်စ်ကားအားလုံးကို စစ်သားတွေက လက်ပံတန်းမှာ ရပ်ခိုင်းပြီး ရှာနေတာ တွေ့တယ်။ စစ်သားတွေက သူတို့ စစ်ပြေးတယောက်ကို ရှာနေတာလို့ ပြောပါတယ်” ဟု သူမက ဆက်လက် ပြောဆိုပါသည်။

လက်ပံတန်းသည် ရန်ကုန်ပြည် အဝေးပြေး ကားလမ်းပေါ်တွင်ရှိပြီး ရန်ကုန်မြို့၏ မြောက်ဘက် ၈၅ မိုင်အကွာတွင်ရှိကာ အခင်းဖြစ်ပွါးရာ အုတ်ဖိုမြို့၏ တောင်ဘက် ၁၅ မိုင် အကွာတွင် ရှိပါသည်။

စစ်သားများ၏ ပြောပြချက်နှင့် ကောလဟလများအရ အဆိုပါ စစ်သားသည် သူ့အထက်အရာရှိကို ပစ်သတ်ပြီး တိုက်ကြီးရှိ တပ်စခန်းမှ ထွက်ပြေးလာခဲ့သည်ဟု ဆိုပါသည်။ အနီးအနား ပတ်ဝန်းကျင်တွင် အခြား တပ်ရင်းများမှ စစ်သားများ ပူးပေါင်း၍ သူ့ကို ဝိုင်းဝန်း ရှာဖွေခဲ့ကြပါသည်။

သို့သော် ဒေသခံ အုတ်ဖိုရဲစခန်းကို မေးမြန်းရန် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

စစ်သားများအကြား ပြောကြားနေသောကောလဟလများကို ကိုးကားကာ ဒေသခံ မျက်မြင်သက်သေက ပြောကြားရာတွင် ရခိုင်တိုင်းရင်းသား တပ်သား ကျော်ရွှေမောင်သည် သူ့အထက် အရာရှိ ဗိုလ်ကြီးကို သူ့လူမှုရေး ကိစ္စများကို ဝင်ရောက် စွက်ဖက် စော်ကားသဖြင့်သတ်ပစ်ခဲ့သည်ဟု ဆိုပါသည်။ သို့သော် ဤအမှုအတွက် အသေးစိတ် အချက်အလက်များကို အတည်ပြု၍ မရနိုင်ခဲ့ပါ။

ပုံမှန်ထောင်ဝင်စာနှင့် တရားခွင်နားထောင်ခွင့်ပေးရန် မိသားစုဝင်များ တောင်းဆို

မြင့်မောင်၊ နန်းဒေဝီ
တနင်္လာနေ့၊ အောက်တိုဘာလ 06 2008 20:29

နယူးဒေလီ။ ။ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံနေရသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ၅ဝ ဦးတို့ စုပေါင်းကာ ပုံမှန် ထောင်ဝင်စာတွေ့ခွင့်နှင့် တရားခွင် ကြားနာခွင့်များ ပြန်လည်ရရှိရန် ယနေ့တွင် တောင်းဆိုလိုက်ကြသည်။

ယခင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များကို ထောင်ဝင်စာခွင့်ပြုသည့် နေ့ရက်များအဖြစ် သတ်မှတ်ထားသော်လည်း စနေ၊ တနင်္ဂနွေ - ၂ ရက်တည်းသို့ လျှော့ချသတ်မှတ်ခဲ့သည်။ ထို့အပြင် ထောင်အတွင်းပြုလုပ်သော နိုင်ငံရေးအကျဉ်းသားများ၏ တရားခွင်သို့ မိသားစုဝင်များ တက်ရောက်ကြားနာခွင့်ကိုလည်း ပိတ်ပင်ခဲ့ရာက တောင်းဆိုမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

“အမေတွေ စုပေါင်းပြီးတော့ ဒီနေ့ မနက် ၉ နာရီလောက်မှာ အင်းစိန်ထောင်ရှေ့မှာ ဆုံကြတယ်။ ကိုမင်းကိုနိုင်တော့ အမ ပါလာတာပေါ့။ တရားခွင် အမှုစစ်ဆေးတဲ့နေရာမှာ အေးအေးဆေးဆေး ကြားနာခွင့်ပေးဖို့။ ထောင်ဝင်စာကို နဂိုတွေ့ခွင့်အတိုင်း ပေးဖို့ဆိုပြီးတော့ သွားတောင်းတာ” ဟု အမည်မဖော်လိုသူ နိုင်ငံရေးအကျဉ်းသားတဦး၏ မိခင်က ပြောသည်။

ထောင်အာဏာပိုင် တဦးမှတဆင့် အထက်အရာရှိများထံ ၁ နာရီခြား တောင်းဆိုမှုများ ပြုလုပ်ခဲ့ပေးခဲ့သော်လည်း ထောင်အုပ်ချုပ်ရေး အကြီးအကဲများက လက်မခံ ငြင်းပယ်ခဲ့သည်။

“အန်တီတို့မကြောက်ပါဘူး။ ပထမအနေနဲ့ နှုတ်နဲ့ တောင်းမယ်။ မရရင် အခုလာတဲ့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပြီးတော့ ထောင်ပိုင်နဲ့ အကျဉ်းဦးစီးဌာနကို စာရေးပြီး တောင်းဆိုမယ်။ မရမချင်း ဆက်တောင်းဆိုသွားမယ်” ဟု သူမက ပြောသည်။

“စိတ်မကောင်းဘူး။ ကျမမှာ သားကို ကျွေးစရာတွေ ပါတယ်။ သားနဲ့ပတ်သက်လို့ စကားပြောစရာလေးတွေ ရှိတယ်။ သားက မျက်စိနီနေတယ်။ မျက်သားတက်တာလား မသိဘူး။ ရုံးထုတ်တိုင်း ကျမ အနီးကပ်ကြည့်ခွင့်ရတယ်။ ဒီတခေါက် ကြည့်ခွင့်မရတဲ့အတွက် ကျမအနေနဲ့ စိတ်ပူတယ်” ဟု မိသားစုဝင်များ တရားခွင် တက်ရောက်နားထောင်ခြင်းဖြင့် အမှုစစ်ဆေးရာတွင် နှောင့်နှေးကြန့်ကြာစေကြောင်း ထောင်အာဏာပိုင်တဦးက စွပ်စွဲပြောဆိုခဲ့သည်။

ဤအတောအတွင်း တရားသူကြီးများ မျှတစွာ ဆောင်ရွက်မှု မရှိသည့်အတွက်ဆိုကာွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သည့် ရဟန်းတော် ဦးဂမ္ဘီရ နှင့် ၁၁ ဦးပါအမှုအား ဆက်လက် လိုက်ပါ ဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း ဗဟိုတရာုးံးချုပ်ရှေ့နေ ဦးအောင်သိန်းက ကြေညာလိုက်သည်။

“၁၁ ဦးအမှုနဲ့ ပတ်သက်ပြီး စာမျက်နှာ ၁၃ မျက်နှာပါ လျှောက်လဲချက်ကို တခါထဲ ချေပဖို့  အစိုးရရှေ့နေတွေက ပြောတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ၁၁ ယောက်ရဲ့ သဘောတူညီချက်နဲ့ ရှေ့နေပါဝါကို ပြန်လည်ရုတ်သိမ်းခဲ့တာ။ ဒါပေမဲ့ ဦးဂမ္ဘီရ ရဲ့ ကျန်ရှိနေတဲ့ ၁၅ မှုကိုတော့ ဆက်လုပ်သွားမယ်” ဟု ဦးအောင်သိန်းက ပြောသည်။

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ လူငယ် ဆေးရုံပို့ရ

မြင့်မောင်
ကြာသပတေးနေ့၊ စက်တင်ဘာလ25 2008

နယူးဒေလီ။ ။ အင်းစိန်ထောင်တွင်း ၁၁ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပြီးနောက် ကျန်းမာရေး စိုးရိမ်လာရသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုအောင်ဇော်ဦးကို ထောင်ဆေးရုံသို့ ပို့ဆောင် ကုသထားရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့သား လူငယ်ကို နေအိမ် အကျဉ်းကျ ခံနေရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်ပေးရန် ထောင်အာဏာပိုင်များအား တောင်းဆိုခဲ့ရာ ကျန်းမာရေး ချို့တဲ့ လာသည့်အတွက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆေးကုသမှု ခံယူနေရသည်။

"ထောင်ဆေးရုံးမှာ တင်လိုက်ရတယ်။ သူ့ကို အစာငတ်ခံ ဆန္ဒပြတဲ့ အတွက် အရင်တပတ်က သူ့ကို သီးသန့်ခွဲထားပြီး အင်းစိန် ခွေးတိုက်မှာ တယောက်ထဲ ထားတယ်။ ဒီနေ့ မနက်မှာ ထောင်ဆေးရုံကို ရောက်သွားတယ်။ သူရဲ့ ကျန်မာရေး အခြေအနေက အားရစရာ မရှိဘူး" ဟု လုပ်ဖော်ကိုင်ဖက် လူငယ်တဦးက ပြောသည်။

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် တရားရုံးတွင် သူ၏ အမှုတွဲများကို ယမန်နေ့က ရုံးထုတ်ခဲ့သည်။

"ရုံးချိန်းမှာ ရောက်မလာဘူး။ ဆန္ဒပြနေတယ်လို့ သတင်းကြားရတယ်။ ရုံးချိန်းကိုတော့ ထွက်မလာတာ နှစ်ပတ်ရှိပြီ" အဆိုပါအမှုကို ခုခံလျှောက်လှဲပေးနေသည့် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ရွှေဝါရောင်တော်လှန်းရေးတွင် ပါဝင်ခဲ့၍ ကိုအောင်ဇော်ဦး အဖမ်းခံခဲ့ရပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မတရားအသင်းများသို့ ဆက်သွယ်မှုတို့ဖြင့် အစိုးရက တရားစွဲဆိုထားသည်။

သူနှင့်အမှုတွဲများဖြစ်သည့် ကိုကျော်ဇင်ဝင်း၊ ကိုကျော်ကျော်၊ကိုနေဇာမျိုးဝင်းနှင့် မကြည်ကြည်ဝါ တို့ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့သည်။

Wednesday, September 17, 2008

မြို့နယ် တရားရုံးများတွင် လုံခြုံရေး တိုးမြင့်ချထား

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008

နယူးဒေလီ။ ။ ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ် စစ်ဆေးရာ မြို့နယ် တရားရုံးများတွင် လုံခြုံရေးရဲများ၊ လက်နက် အပြည့်အစုံဖြင့် လုံခြုံရေး ချထားကြောင်း သိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အပါအဝင် သင်္ကန်းကျွန်း၊ ကျောက်တံတား၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ အစရှိသည့် နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ် စစ်ဆေးလေ့ရှိသည့် မြို့နယ် တရားရုံးများတွင် သြဂုတ်လ နောက်ဆုံးအပတ်မှ စတင်ကာ လည်ပတ်အနီ လုံထိန်းရဲများ၊ တရုတ်ထုတ် (FAW) ကားများဖြင့် လုံခြုံရေး ချထားကြောင်း ရန်ကုန်မှ မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

“တပ်စိတ် တစိတ်စာလောက် ရှိတယ်။ တရားရုံးတိုင်း လိုလိုမှာ ချထားတယ်။ ကိုမင်းကိုနိုင် တို့ကို ရုံးမထုတ်ခင် သုံးရက်အလိုမှာ စပြီး ချထားတာ” ဟု နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ် စစ်ဆေးရာတွင် လိုက်ပါ ဆောင်ရွက်ပေးနေသူ တဦးက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများ ကိစများကို ကူညီ ဆောင်ရွက်ပေးနေသူ ကျောင်းသားတဦးမှလည်း “ဖမ်းထားတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ရုံးထုတ်တဲ့ တရားရုံးတွေမှာ ချထားတာ တွေ့ရတယ်။ ကျနော် တွေ့တာကတော့ အဲဒီရုံးတွေမှာ အောက်ခန်းတွေမှာ ရဲကင်း လုပ်ထားတယ်။ အဲဒါ ရုံးတိုင်း ရုံးတိုင်းမှာ လုပ်ထားတယ်” ဟု သူကပြောသည်။

သူက ဆက်၍ ပြောဆိုရာတွင် “သူတို့က သုံးရက်တကြိမ် လူအပြောင်းအလဲ လုပ်တယ်။ တရားရုံးတွေနားမှာ ရဲကင်း တဲထိုးပြီးတော့ နေကြတယ်” ဟု သူကပြောသည်။

ယခုကဲ့သို့ မြို့နယ်အချို့ရှိ တရားရုံးများကို လုံခြုံရေး ချထားခြင်းသည် ဖမ်းဆီးထားသည့် ၈၈ ကျောင်းသား၊ နိုင်ငံရေး အကျဉ်းသားများအား မြန်မြန်ဆန်ဆန် ပုဒ်မတပ် တရားစွဲဆိုခြင်းများ ပြုလုပ်ကာ ထောင်ဒဏ်ချခြင်းများ ပြုလုပ်နေသည့်အပေါ် ဆူပူမှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးကြိုတင် ယူထားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုနေကြသည်။

အလားတူ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များနှင့် ရပ်ကွက် ငြိမ်ဝပ်ပိပြားရေး ရုံးများတွင်လည်း လုံခြုံရေး ကင်းပုန်းများ ချထားကြောင်း ဧည့်စာရင်းတိုင်သည့် အခါ တွေ့ခဲ့ရသည့် မျက်မြင်တွေ့ရှိသူ တဦးက ယခုလို ပြောသည်။

“ကျနော်တို့ မဝတရုံး တော်တော်များများမှာ ရုံးကို ဧည့်စရင်းသွားတိုင်တာတို့ ထောက်ခံ စာသွားယူတဲ့ အခါ နေတိုင်းလိုလို ရုံးရှေ့မှာ လုံထိန်းရဲ လက်နက် အပြည့်အစုံနဲ့ လည်ပတ်အနီနဲ့ လုံထိန်း တယောက်နှစ်ယောက် ဂိတ်အဝင်ပေါက်မှာ စောင့်နေတယ်။ အဲဒါ ညတိုင်းပဲ စောင့်နေတယ်” ဟု သူကပြောသည်။

ယခင် ရန်ကုန်မြို့နယ် လူစည်ကားရာ နေရာများဖြစ်သည့် လမ်းဆုံ လမ်းခွ၊ မီးပွိုင့်များ နာမည်ကြီး ဘုရားများတွင် လုံခြုံရေး ချထားလေ့ရှိရာ ယခုလို မဝတ၊ ရယက ရုံးများနှင့် မြို့နယ်တရားရုံး အချို့တို့တွင် လုံခြုံရေး ကင်းပုန်းများ ချထားခြင်းဖြင့် နောက်ထပ် ဖြစ်ပေါ်လာမည့် ဆန္ဒပြမှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုကြသည်။

လတ်တလောတွင် ရန်ကုန်မြို့ လူစည်ကားရာ နေရာများဖြစ်သည့် ကားဂိတ်များ၊ ဈေးများတွင် ရဲများက ည ၁၁းဝဝ နာရီ နောက်ပိုင်း အလုပ်ခွင်မှ အိမ်ပြန် နောက်ကျသူများအား လမ်းဆုံလမ်းခွများတွင် စစ်ဆေး မေးမြန်းခြင်းများလည်း ရှိကြောင်း သိရသည်။

“ညဘက်ဆိုရင် ၁၁ နာရီ နောက်ပိုင်းမှာ ကောင်းရောင်း ကောင်းဝယ် လုပ်စားတဲ့ ပြည်သူတွေပဲ ဖြစ်ဖြစ် အကြောင်း အမျိုးမျိုးကြောင့် သွားလာရတဲ့ ပြည်သူတွေပဲ ဖြစ်ဖြစ် စစ်ဆေး မေးမြန်းတာတွေ တချို့ စံပြဈေးတို့လို လူစည်းကားတဲ့ နေရာတွေမှာ စစ်ဆေး မေးမြန်းတာတွေ ရှိတယ်” ဟု စံပြဈေးတွင် ကုန်တင်ကုန်ချ လုပ်နေသည် တောင်ဒဂုံ နေထိုင်သူတဦးက ပြောသည်။

အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တဦး အဖမ်းခံရပြန်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008

နယူးဒေလီ။ ။ ရွှေပြည်သာမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် မောင်မျိုးမင်းဝေအား အာဏာပိုင်များက အင်္ဂါနေ့ ညတွင် ၎င်း၏ နေအိမ်၌ လာရောက် ဖမ်းဆီးသွားကြောင်း အဖွဲ့ချုပ်က ပြောသည်။

“ည (၁၁)နာရီမှာ စတင် ရှာဖွေပြီးတော့ (၁၁း၃ဝ)မှာ ဖမ်းခေါ်သွားတယ်။ အဲဒီလို့ ဖမ်းဆီးတဲ့ အချိန်မှာ သူ့အိမ်က မြို့နယ် အခမ်းအနားတွေမှာ ရိုက်ထားတဲ့ ဖလင်လိပ်တွေရယ်၊ အလုပ်သမား ကိစ္စတွေနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းခေါ်သွားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလဲ ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း ရွှေပြည်သာ ဗုံးပေါက်ကွဲမူနှင့် ပတ်သက် ပြီး ဖမ်းသွားခြင်း ဖြစ်သည်ဟု သိရကြောင်းပြောသည်။

ဦးဥဏ်ဝင်းက “ကျနော် သိတာ ပြောရရင် မနေ့ညက ၁၁နာရီ လောက်က သူအိမ်မှ လာဖမ်းတယ်။ လာဖမ်းတဲ့ ပုဂ္ဂိုလ်တွေက ရွှေပြည်သာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်လို့ မေးမြန်းစရာရှိလို့ ဆိုပြီး ရဲတွေက ခေါ်ဆောင်သွားတယ်” ဟု ပြောသည်။

စက်တင်ဘာလ ၈ နေ့က ပြုလုပ်သော နအဖ စစ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ခင်ရီက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ရုံးဗုံးပေါက်ကွဲမှုသည် အန်အဲလ်ဒီ အဖွဲ့ဝင်များ၏ လက်ချက် ဖြစ်ကြောင်းနှင့် ၎င်းနှင့် ပတ်သက်၍ တရာခံများကို ဖမ်းဆီးမိခံပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လမှစ၍ ယခုချိန်ထိ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ကွန်ယက်မှ ဦးမြင့်အေး အပါအဝင် အဖွဲ့ချုပ်လူငယ် အနည်းဆုံး ၁ဝ ဦး ကို နအဖမှ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စာနှင့်သတင်းစာများ ဖတ်ခွင့်ပြုရပြီ

မြင့်မောင်
သောကြာနေ့၊ စက်တင်ဘာလ 12 2008

အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်များထံမှ စာဖတ်ခွင့်နှင့် သတင်းစာစောင်များ ဖတ်ခွင့်ကို စစ်အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက် အချို့ကို စစ်အစိုးရက လိုက်လျောခဲ့ရာတွင် စာအဆက်အသွယ် ပြုခြင်းနှင့် ဂျာနယ်၊ မဂ္ဂဇင်းဖတ်ခွင့်တို့ ရရှိခဲ့သည်ဟု သူမ ဦးဆောင်သော နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

ထို့အပြင် သူမနှင့်အတူ နေအိမ်အကျယ်ချုပ် ကျခံနေရသလို ဖြစ်နေသူ စောင့်ရှောက်မှု ပြုနေသော ဒေါ်ခင်ခင်ဝင်းနှင့် သမီး မဝင်းပပ တို့ကိုလည်း လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ ဦးကြည်ဝင်းတို့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံခဲ့ခွင့် ရရှိခဲ့ပြီးနောက် ယခုသတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

“ဒေါ်ခင်ခင်ဝင်း မိသားစုကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုတယ်ဆိုတဲ့ သဘောတူညီချက် ရပါတယ်။ မိသားစုစာ နှင့် ဂျာနယ် ၊ မဂ္ဂဇင်းတွေ ဖတ်ခွင့်ရရှိဖို့ သဘောတူညီချက် ရပါတယ်။ ကျန်နေတာကတော့ အယူခံကိစ္စ မပြီးပျက်သေးဘူး ဆောင်ရွက်ဆဲ ဖြစ်နေတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က ၂ နာရီကြာ တွေ့ဆုံခဲ့ပြီး စစ်အစိုးရက သူမကို တရားမဝင် ထိန်းသိမ်းထားမှုအပေါ် ဆွေးနွေးခဲ့ကြောင်း ရှေ့နေဦးကြည်ဝင်းက မဇ္ဈိမသို့ ပြောသည်။

“သူကျန်မားရေး ကောင်းပါတယ်” ဟု ဦးကြည်ဝင်းက ပြောသွားသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ အသေးစိတ်ကို သူမ၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကသာ ထုတ်ဖော် ပြောကြားလိမ့်မည်ဟု ဆိုသည်။

ပုံမှန်တပတ်တခါ အစားအသောက်များ ပို့ဆောင်နေခြင်းကို လက်ခံရယူရန် သြဂုတ်လလယ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ခဲ့ပြီးနောက် အစာငတ်ခံ ဆန္ဒပြပြီး စစ်အစိုးရကို တောင်းဆိုမှုများ ပြုလုပ်နေသည် ဆိုသော ကောလာဟလများ ပျံ့နှံ့ခဲ့ကာ သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများစွာ ပေါ်ထွက်လာခဲ့သည်။