Thursday, October 21, 2010

စစ်အစိုးရ အလံသစ် တင်ပြီ

မြင့်မောင် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိ) ။ ။ နိုင်ငံတော် အလံသစ်တင်ပွဲကို မြို့တော်ဟောင်း ရန်ကုန် အပါအဝင် တတိုင်းပြည်လုံးရှိ အစိုးရဌာနဆိုင်ရာ ရုံးများတွင် ယနေ့ ညနေ ၃ နာရီမှစ၍ လွှင့်တင်လိုက်ပြီဖြစ်သည်။

ရန်ကုန်မြို့တော်ခန်းမ၌ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဦးဆောင်ကာ စည်ပင်ဝန်ထမ်းများရှေ့တွင် လွှင့်တင်ခဲ့သလို၊ အခြားမြို့နယ်များရှိ အစိုးရရုံးဌာနများနှင့် NGO ရုံးများပါမကျန် တပြိုင်တည်း တင်လိုက်ကြခြင်း ဖြစ်သည်။

’’မြို့တော်ခန်းမမှာ နာရီဝက် နောက်ကျပြီး တင်ခဲ့တာဗျ။ ၃ နာရီအတိ မဟုတ်ဘူး။ ဦးအောင်သိန်းလင်း ဦးဆောင်ပြီး ဘင်ခရာတီးဝိုင်းနဲ့ နိုင်ငံတော် သီချင်းဆိုတယ်၊ အလေးပြုခဲ့တယ်။ ဝန်ထမ်းတွေက အဆောက်အဦးနဲ့ အမိုးအောက်တွေကနေ ကြည့်နေခဲ့ကြတယ်’’ ဟု အလံတင်ပွဲသို့ သွားရောက်ခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ’’ဝန်ကြီးများရုံးမှာတော့ အဟောင်းရော၊ အသစ်ပါ ဘာမှ တပ်ထားတာကို မတွေ့ရဘူး။ မြဝတီဘဏ်ရယ်၊ တယက ရယ်၊ မြို့နယ်အသီးသီးက ရုံးတွေရယ်မှာတော့ အလံသစ်တွေ တွေ့ရတယ်ဗျ’’ ဟု ပြောသည်။

အလံဟောင်းများကိုမူ မြို့တော်စည်ပင်နှင့် ဗဟိုမီးသတ်ဌာနတွင် မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။

’’ကျနော်တို့ မီးသတ်မှာတော့ အလံသစ်ကို တင်ပြီးတဲ့အခါ အလံဟောင်းကို မီးရှို့လိုက်တယ်။ ဒါက လူကြီးတွေရဲ့ လမ်းညွှန်ချက်ပါ’’ ဟု ဗဟိုမီးသတ် အရာရှိတဦးက ပြောသည်။

၁၉၇၃ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ အသုံးပြုခဲ့သော အနီရောင်အောက်ခံ၏ လက်ဝဲဘက်အပေါ်ထောင့်တွင် အပြာလေးထောင့်ကွက်၌ အဖြူရောင် ခွေးသွားစိတ်နှင့် စပါးနှံကို အရွယ်တူ ကြယ် ၁၄ လုံး ဝန်းရံနေသော အလံနေရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေအရ သတ်မှတ်ခဲ့သော အထက်မှ အောက်သို့ ဆင့်ထားသော ဝါ၊ စိမ်း၊ နီ အလယ်တွင် ကြယ်ဖြူတလုံးရှိသည့် အလံကို အစားထိုးခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပ ရဲစခန်းတွင် အလံသစ်တင်ပွဲနှင့်ပတ်သက်ပြီး ဒေသခံတဦးက “စစ်အခမ်းအနားနဲ့ အလေးပြုပြီးတော့ အဟောင်းကို ဖြုတ်ချတယ်။ နောက် စစ်အခမ်းအနားနဲ့ အလံသစ်ကို ပြန်တင်တယ်။ ရဲဘော်တယောက်က အလံကို လုံးထွေးပြီးတော့ ယူသွားတာ တွေ့တယ်။ အစအဆုံး ပြုလုပ်တာ တွေ့ခဲ့ရတယ်’’ ဟု ပြောသည်။

ရုံးဝန်ထမ်းများထဲမှ အင်္ဂါသားသမီးများက အလံဟောင်းက ဖြုတ်ချကာ၊ ဗုဒ္ဓဟူးသားသမီးက အလံသစ်ကို လွှင့်တင်ရန် ညွှန်းကြားချက်များဖြင့် အလံကို အတင်အချများ ပြုလုပ်ခဲ့ကြသည်။

“အလံလဲမယ်ဆိုရင် နံနက်ပိုင်း ဖြစ်သင့်တယ်။ အခုဟာက နံနက်ပိုင်း မဟုတ်ဘဲနဲ့ ညနေ ၃ နာရီ ဖြစ်ရမယ်။ အင်္ဂါ သားသမီးကနေ ဖြုတ်ချပြီး၊ ဗုဒ္ဓဟူးနေ့မွေးတဲ့ ဝန်ထမ်းက အလံသစ်ကို လွှင့်တင်ကြရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိနေတဲ့အတွက် ရင်မောဖွယ်ရာ လုပ်ရပ်လို့ပဲ မြင်ပါတယ်။ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ သူတွေက ဗေဒင်ကိန်းခန်းကို သက်ဝင်ယုံကြည်တယ်ဆိုရင် တိုင်းပြည်အတွက် ရင်လေးစရာပါ” ဟု ရန်ကုန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

အလျား ၆ ပေ၊ အနံ ၄ ပေရှိ အလံအရေအတွက် တသန်းအထိ ချုပ်လုပ်မည်ဖြစ်ရာ ယနေ့ အပြီးပေးသွင်းရမည့် တသိန်းခွဲကို တထည်ချုပ်ခ ကျပ် ၆ဝဝ နှုန်းဖြင့် အထည်ချုပ်စက်ရုံများက ပေးပို့ခဲ့ကြရသည်။

ကျန်ရှိသည်များကို အထည်ချုပ်စက်ရုံများက တာဝန်ယူချုပ်လုပ်ရန် တင်ဒါခေါ်ယူပြီး၊ မြောက်ဥက္ကလာပရှိ အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်ချုပ်လုပ်ငန်းအမှတ် ၁၇ ၌ ပိတ်စများ ထုတ်ယူရန် ညွှန်ကြားထားကြောင်း စက်ရုံများနှင့် နီးစပ်သူများ အဆိုအရ သိရသည်။

ပြည်သူများကို ကြိုတင်အသိမပေးဘဲ နိုင်ငံတော်အလံအား ပြောင်းလဲလွှင့်တင်ခြင်းမှာ မဖြစ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီမှ ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏ်စိုးက မဇ္ဈိမကို ပြောသည်။

“ပြည်သူလူထုကို အသိမပေး၊ ကြေညာခြင်း မရှိဘဲနဲ့ အလံလဲတာက ပြည်သူလူထုကို မလေးစားရာ၊ အလေးအနက် မထားရာ ရောက်တယ်လို့ ပြောချင်ပါတယ်” ဟု သူက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေကမူ “ရွေးကောက်ပွဲပြီးတော့ လွှတ်တော်ခေါ်၊ လွှတ်တော်ခေါ်ပြီးမှ ၂ဝဝ၈ ဥပဒေက အတည်ဖြစ်မယ်။ အဲဒီအခါကျမှ အလံတွေ တင်သင့်တာပေါ့။ အခုတင်မယ်ဆိုရင် မမှန်ဘူးပေါ့နော်။ ဥပဒေအတိုင်း မဟုတ်ဘူး။ ကျနော်တို့က ဥပဒေအတိုင်း ဖြစ်စေချင်တယ်။ ဥပဒေတိုင်း ဖြစ်စေချင်တယ်ဆိုတာက အတည်ပြုပြီးတော့မှ အဲဒီဥပဒေမှာပါတဲ့ အကြောင်းအရာတွေကို လက်တွေ့ အသုံးချစေချင်တာပေါ့။ ဒါမှပဲ သဘာဝကျမှာပေါ့” ဟု ဆိုသည်။

၂ဝဝ၈ ခုနှစ် မေလဆန်းတွင် စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပကာ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်ဟု ကြေညာခဲ့သည်။

သို့သော် လေ့လာအကဲခတ်သူများကမူ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီနှင့် ရန်ကုန်တိုင်းတွင် လေဘေးသင့်ချိန်၌ပင် စစ်အစိုးရက အတင်းအကျပ် ကျင်းပခဲ့သလို၊ မဲလိမ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း ထောက်ပြဝေဖန်ခဲ့ကြသည်။

ပါတီတချို့၏ မီဒီယာအသစ်ဖြင့် မဲဆွယ်နည်းများ

မြင့်မောင် | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရေးပါတီ ၅ ပါတီထက်မနည်း အင်တာနက် လူမှုကွန်ယက် Facebook နှင့် ဝက်ဘ်ဆိုဒ်များ ဖွင့်ကာ မီဒီယာအသစ်ဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြကြောင်း သိရသည်။

ရွေးကောက်ပွဲဝင် ၃၇ ပါတီထဲမှ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) UDP ၊ ကြံ့ဖွံ့ပါတီ USDP ၊ ကရင် ပြည်သူ့ပါတီ KPP ၊ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ DPP တို့ ပါတီ မူဝါဒ ရေးရာများနှင့် လှုပ်ရှားမှုများကို Facebook နှင့် ပါတီ ဝက်ဘ်ဆိုဒ်များတွင် တင်ပြ မဲဆွယ်နေကြသည်။

“Facebook ဝင်ကြည့်တဲ့သူက အများကြီး ဖြစ်နေတယ်။ ကျနော်တို့ကို Add တဲ့ လူ တယောက်ကနေ သူငယ်ချင်း ထောင်-သောင်းမက ပြန့်သွားပါတယ်။ ပါတီကို လူအများကြီးက သိလာတယ်။ နောက်တချက်က လူချင်းတွေ့ပြီး Campaign လုပ်ရတာ၊ ပြောရဆိုရတာ အချိန်နဲ့ နေရာ အခက်အခဲတွေ ရှိပါတယ်။ အဲဒီမှာကျ သူတို့ သိချင်တာတွေ မေးကြပါတယ်။ အဲဒါ လိုင်းပေါ်မှာ ပြန်ဖြေပေးတဲ့အတွက် မြန်ဆန်တဲ့ အဖြေပေးနိုင်ပါတယ်။ Facebook နဲ့ ပတ်သက်လို့ ဒီဘက်ခေတ် လူငယ်တွေအတွက် ရည်ရွယ်ပါတယ်” ဟု NDF မှ ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏ်စိုးက မဇ္ဈိမကို ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကမူ Facebook သာမက ဝက်ဘ်ဆိုဒ်ကိုပါ ပါတီတည်ထောင်ခွင့် ရပြီးနောက် စသုံးခဲ့သည်။

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ခေါင်းဆောင်များတွင် Facebook နှင့် ဝက်ဘ်ဆိုဒ်များ မရှိသော်လည်း ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ အထိန်းသိမ်းခံဘဝမှ လွတ်သည်နှင့် တပြိုင်နက် မျိုးဆက်သစ် လူငယ်များနှင့် ထိတွေ့နိုင်ရန် အင်တာနက် လူမှုကွန်ရက် “တွင်စ်တာ” Twitter ကို သုံးရန် ဆန္ဒရှိသည်ဟု ပြောပြခဲ့သည်။

“သူလွတ်လာတဲ့ အချိန် နိုင်ငံတကာက လူငယ်တွေ၊ ပြည်တွင်းက လူငယ်တွေအနေနဲ့ သူတို့ရဲ့ သဘောထားအတွေးအခေါ်တွေ၊ သူတို့ရဲ့ စိတ်ကူးတွေ ဘယ်လိုရှိတယ်ဆိုတာ သူ့အနေနဲ့ သိချင်တယ်။ အဲဒါကြောင့် သူတို့နဲ့ အချိန်ယူပြီးတော့ Twitter ကတဆင့် ပြောဆိုချင်တယ်လို့ သူက ပြောခဲ့တယ်” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် Friendster, Facebook, Twitter စသည့် အင်တာနက်ကွန်ရက် မီဒီယာများ မပေါ်ခင် ၂ဝဝ၃ မေလ ဒီပဲယင်းအကြမ်းဖက်မှု ဖြစ်ပြီးကထဲက နေအိမ်တွင် တတိယအကြိမ်မြောက် အထိန်းသိမ်းခံနေရသည်။

ရွေးကောက်ပွဲ နောက်ဆုတ်ရန် ၂ဝဝ၇ ကျောင်းသားများ တောင်းဆို

မြင့်မောင် | တနင်္လာနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်ပေးရန် ပြည်တွင်း၌ လျှို့ဝှက်လှုပ်ရှားသည့် ၂ဝဝ၇ မျိုးဆက်ကျောင်းသားသမဂ္ဂက ယနေ့ကျရောက်သည့် ၇ နှစ်မြောက် ကမ္ဘာ့ဒီမိုကရေစီ လူငယ်များနေ့တွင် စစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးကာ ၂ဝဝ၈ အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုအပ်သဖြင့် ရွေးကောက်ပွဲ နောက်ဆုတ်ပေးရန် ရန်ကုန်တွင် ၎င်းကျောင်းသားသမဂ္ဂက တောင်းဆိုခြင်း ဖြစ်သည်။

“အရင်ဆုံး လုပ်ရမှာက စစ်တပ်ရေးဆွဲထားတဲ့ ၂ဝဝ၈ student2ဖွဲ့စည်းအုပ်ချုပ်ပုံ ပြုပြင်ဖို့လိုတယ်။ ၂ဝဝ၈ ဥပဒေမှာ ပြည်သူတွေ သဘော မကျတဲ့ ဥပဒေတွေ ပါတယ်။ လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ ကိစ္စတွေကို ပြည်သူလူထုက လက်မခံဘူး။ လူငယ်တွေအနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် လှုပ်ရှားမယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို အရင်ဆုံးတိုက်ဖျက်ရမယ်။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို သွားစေချင်တယ်” ဟု ၂ဝဝ၇ မျိုးဆက်ကျောင်းသားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ၊ တိုင်းရင်းသား ခေါင်းဆောင်များကို ပြန်လွှတ်ပေးကာ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ပြည်သူမကြိုက်သော ဥပဒေများကို ဆွေးနွေးပြင်ဆင်ရန်နှင့် ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲ ကျင်းပလိုကြောင်း သူက ဆက်ပြောသည်။

၂ဝဝ၇ မျိုးဆက် ကျောင်းသားများသမဂ္ဂကို ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်း ရန်ကုန်မြို့ရှိ တက္ကသိုလ်ကျောင်းများမှ ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းခဲ့သည်။ ယခုအခါ တိုင်းနှင့် ပြည်နယ်များရှိ တက္ကသိုလ်များတွင် အဖွဲ့များအဖြစ် တိုးချဲ့ဖွဲ့စည်းနေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေးအတွက် ရန်ကုန်ရှိ တန်ခိုးကြီး ဘုရားများ၌ နှင်းဆီပန်း အဝါရောင်များ ကပ်လှူဆုတောင်းခဲ့ပြီး၊ ယင်းအဖွဲ့က ဦးဆောင်ကာ လူငယ်စကားဝိုင်းကို လုံခြုံသည့် နေရာတွင် ကျင်းပခဲ့သည်။

စစ်အစိုးရက ပျောက်ပျက်စေရန် ကြိုးပမ်းသည့် သမိုင်းဝင် တံတားနီ အရေးအခင်း၊ 7 July အရေးအခင်းများနှင့် ပတ်သက်၍ စာတမ်းဖတ်ပွဲတခုကို ပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် ကျောင်းသားလူငယ်များက ဆွေးနွေးခဲ့သည်။

နောင်တော်ကျောင်းသားများက ၁၉၆၂ ခုနှစ်မှစ၍ အသက်၊ သွေး၊ ချွေး စတေးကာ တော်လှန်ခဲ့သည့် လမ်းစဉ်အတိုင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် ဆက်လက်လုပ်ကိုင်သွားမည်ဟု ၂ဝဝ၇ မျိုးဆက် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

၂ဝဝ၇ မျိုးဆက်ကျောင်းသားသမဂ္ဂသည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ မျိုးဆက်သစ်လူငယ်များ၊ မြေလတ်ကျောင်းသားများ၊ ရန်ကုန်ရှိ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ အဖွဲ့တို့နှင့်အတူ ဗမာနိုင်ငံဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ တပ်ပေါင်းစုအဖွဲ့တွင်လည်း ပူးပေါင်းပါဝင် လှုပ်ရှားနေသည်။

“၂ဝ၁ဝ ရွေးကောက်ပွဲက မျှတမှုမရှိဘူး။ စစ်အာဏာရှင်စနစ်ကို တရားမဝင် စနစ်ကနေ တရားဝင် လုပ်တာဖြစ်တယ်။ အခု ရွေးကောက်ပွဲဝင်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ပြင်ဆင်နိုင်ဖို့ ဆိုတာလည်း မယုံကြည်ဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး၊ မဲမထည့်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေတယ်” ဟု တပ်ပေါင်းစုအဖွဲ့ အထွေထွေ အတွင်းရေးမှူး ကိုရန်နိုင်က မဇ္ဈိမကို ပြောသည်။ ရွေးကောက်ပွဲတွင် အနီးကပ် စောင့်ကြည့်ပြီး မသမာမှုများကို ဖော်ထုတ်သွားမည်ဟု ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် အားလုံး ပါဝင်ပတ်သက်မှု မရှိသည့်အပြင် နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးအကျဉ်းချထားသဖြင့် ပြည်သူများအနေဖြင့် မဲရုံသို့ မသွားဘဲနေကြရန် တပ်ပေါင်းစုက တိုက်တွန်းလိုက်သည်။

သွေးစည်းညီညွတ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုတွင် လူငယ်မျိုးဆက်များ အပြန်အလှန် ကူညီကြရန်အတွက် ၂ဝဝ၄ ခုနှစ်အတွင်း တောင်အာဖရိကတွင် ကျင်းပခဲ့သည့် တတိယမြောက် ကမ္ဘာ့ဒီမိုကရေစီရေးဆိုင်ရာ ညီလာခံတွင် တက်လာသည့် ကမ္ဘာတဝှန်းမှ လူငယ်များက ကမ္ဘာ့ဒီမိုကရေစီ လူငယ်များနေ့ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင်မူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံရမှု ပြစ်ဒဏ်ပြင်ဆင်ခွင့် အယူခံကို လက်ခံသင့်၊ မသင့် ရန်ကုန်ရှိ ဗဟိုတရားရုံးချုပ်တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲခဲ့ရာ စစ်အစိုးရဘက်မှ ဥပဒေရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုအုန်း လိုက်ပါလျှောက်လဲခဲ့ပြီး၊ ၃ ဦးထိုင် တရားသူကြီးအဖွဲ့က ကြားနာခဲ့သည်။

“၁၉၇၄ အခြေခံ ဥပဒေဟာ ရပ်ဆိုင်းသွားပြီလို့ ကြေညာထားတယ်။ ရပ်ဆိုင်းထားတဲ့ ဖွဲ့စည်းပုံ ဥပဒေ အပုဒ် ၁ ကို ထုတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တာဟာ ဥပဒေအရ မှားယွင်းတယ်။ မှားယွင်းတဲ့ ဥပဒေကို ကျင့်သုံးပြီး ချလိုက်တာ ဖြစ်တယ်လို့ တင်ပြခဲ့တယ်။ ၇၄ ဥပဒေ ရပ်ဆိုင်းသွားပြီ ဆိုတာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြဋ္ဌာန်းတော့ အခြေခံ ဥပဒေ နိဒါန်းအပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ၈၈ ခုနှစ်တုန်းက ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်များကြောင့် ဖျက်သိမ်းခဲ့တယ်လို့ ဖော်ပြခဲ့တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်. ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ ဒေါ်ဝင်းမမအတွက် ရှေ့နေဒေါ်ခင်ဌေးကြွယ်က လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အထိန်းသိမ်းခံမှ လွတ်မြောက်သည်နှင့် တပြိုင်နက် မျိုးဆက်သစ် လူငယ်များနှင့် ထိတွေ့နိုင်ရန် အင်တာနက် လူမှုကွန်ရက် တခုဖြစ်သော “တွစ်တာ” (Twitter) ကို အသုံးပြုရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်ဟု အေပီသတင်းတွင် ယနေ့ ဖော်ပြပါရှိသည်။

ကန္တာရဝတီ အယ်ဒီတာကို ထောင်ဒဏ် ၁၃ နှစ်ချ

မြင့်မောင် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကန္တာရဝတီ သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုညီညီထွန်းနှင့် ကိုစိုးထွန်းဦးကို ယမန်နေ့ အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် ၁၃ နှစ်နှင့် ၈ နှစ် ပြစ်ဒဏ် စီရင်လိုက်သည်။

ဆိပ်ကမ်းမြို့နယ် တရားသူကြီးရုံးထိုင်သည့် ထောင်တွင်းတရားရုံးက ကိုညီညီထွန်းကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ၁၃/၁၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝ၅ (ခ) နှင့် ကြိုးမဲ့ကြေးနန်း ဥပဒေ ပုဒ်မ ၆/၁ တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်ပြီး ကိုစိုးမိုးထွန်းကို မတရားအသင်းနှင့် ဆက်သွယ်မှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်သည်။

အမိန့်ချအပြီးနောက် မိသားစုနှင့် တွေ့ခွင့်ရစဉ် ကိုညီညီထွန်းက စစ်ကြောရေးကာလတွင် ညှဉ်းပန်း နှိပ်စက်ခံရကြောင်း ပြောဆိုခဲ့ပြီး၊ သူက “ရဲဘော်တို့ … လူထုနှင့် နိုင်ငံရေးကို အောင်သွယ်ပေးမှုကြောင့် စစ်အစိုးရက ငါ့ကို ထောင် ၁၃ နှစ် ချလိုက်သည် - မီးဒုတ် (အယ်ဒီတာ)” ဟု မိသားစုဝင်ထံကို စကားပါးလိုက်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

“အမြင့်ဆုံးပြစ်ဒဏ်တွေ ချလိုက်တယ်။ မျက်မြင်သက်သေလည်း မရှိဘူး။ ဘယ်မျက်မြင်သက်သေက ဘယ်လိုဖြစ်လို့ ဆုံးဖြတ်တယ်ဆိုတာ တရားရုံးက တိတိကျကျပြပြီး ပြစ်ဒဏ်ချတာ မဟုတ်ဘူး။ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ချတာမဟုတ်ဘူး” ဟု အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသူ ဦးကျော်ဟိုးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၉ ခုနှစ် အောက်တိုဘာလတွင်း ရန်ကုန်မြို့၌ မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် လှိုင်သာယာ မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာမှုဖြင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ ထောက်လှမ်းရေး (နိုင်ငံရေး) မှ ရဲအရာရှိများက ကိုညီညီထွန်းနှင့် သူငယ်ချင်းဖြစ်သူ ကိုစိုးမိုးထွန်းကို ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့သည်။

“တိုင်းပြည်ရဲ့ နားမျက်စိဖြစ်တဲ့ မီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အားမပေးဘဲနဲ့ ဟန့်တားတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စမျိုးကို သတင်းသမဂ္ဂအနေဖြင့် ကန့်ကွက်ရှုတ်ချတယ်။ ” ဟု ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA မှ ဒုဥက္ကဌ ဦးဇင်လင်းက ပြောသည်။

ကိုညီညီထွန်းသည် ကယားပြည်နယ် အထူးဒေသတွင် ၂ဝဝ၇ ခုနှစ်မှစ၍ တရားဝင် ထုတ်ဝေခဲ့သော ကန္တာရဝတီ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦးဖြစ်ပြီး၊ အဖမ်းခံရပြီးနောက် ၎င်းဂျာနယ်ကို ပိတ်ထားခဲ့သည်။ ကိုစိုးထွန်းဦးသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်သည်။

သူတို့ ၂ ဦး၏အမှုကို တရားရုံးချုပ်ရှေ့နေ ဦးကျော်ဟိုးနှင့် ကိုစိုးထွန်းဦး၏ ဖခင် တရားချုပ်ရှေ့နေ ဦးတင်ထွန်းက လိုက်ပါဆောင်ရွက်နေပြီး၊ ရက် ၃ဝ အတွင်း ခရိုင်တရားရုံးတွင် အယူခံတင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁၈ဝ ကျော်ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာလုပ်သားများကို ပြန်ပို့မည်ဟု စက်ရုံ ခြိမ်းခြောက်

မြင့်မောင် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆန္ဒပြ မြန်မာလုပ်သား ၅၆၉ ဦးကို နေရပ်ရင်း ပြန်ပို့မည်ဟု ၎င်းတို့၏ အလုပ်ရုံဖြစ်သည့် ထိုင်းနိုင်ငံ Khon kaen မြို့ Dechapanich ငါးဖမ်းပိုက်စက်ရုံမှ အုပ်ချုပ်ရေး အရာရှိများက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသည်။

“လုံခြုံရေး တာဝန်ယူထားတဲ့ အကြီးဆုံးသူက သေနတ်တွေဘာတွေ ဖောက်တဲ့ အဆင့်အထိ ရောက်သွားတယ်ပေါ့ဗျာ။ ဒီနေ့မနက် ၃ နာရီ ၃၅ လောက်က ဖြစ်တာပါ။ ကျနော်တို့ကို ပြန်ပို့မယ်ဆိုတဲ့ စာတွေ ကပ်လိုက်တာကြောင့် ကျနော်တို့ အလုပ်သမားတွေက ညမအိပ်ဘဲနဲ့ အဆောင်ထဲမှာ နေနေကြတယ်လေ” ဟု ဆန္ဒပြပွဲ ပါဝင်ဦးဆောင်သူ ကိုမြင့်မောင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “သူတို့က ကြေညာတယ်၊ ကျနော်တို့ကို ဒီနေ့ပြန်လွှတ်မယ်ပေါ့။ ဒါပေမဲ့ လုပ်ခလစာလည်း မပေးဘဲနဲ့ ကျနော်တို့ကို ပြန်လွှတ်မယ်ဆိုတော့ လက်ခံလို့ မရဘူးလေ။ သူတို့ဘက်က အမှားကို ကျူးလွန်သေးတယ်၊ အမှားထပ်လုပ်ဦးမယ်ဆိုတော့ ကျနော်တို့က ဘယ်လက်ခံလို့ရမှာလဲ” ဟု ပြောသည်။

နေရပ်ရင်း ပြန်ပို့မည်ဆိုသဖြင့် မြန်မာလုပ်သားများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေကာ ဆန္ဒပြနေသဖြင့် စားဝတ်နေရေး ခက်ခဲလာသောကြောင့် ၎င်းတို့တွင် ရှိသည့် ပစ္စည်းပစ္စယများကို ရောင်းချကာ ဖြေရှင်းနေကြရသည်။

’’ဆန္ဒပြနေတဲ့ အချိန်တွင်းမှာ စားဝတ်နေရေး အခက်အခဲ ရှိပါတယ်။ တချို့ဆိုရင် ရှိတဲ့ ပန်ကာလေးတွေ ရောင်းပြီး စားသောက်နေရသလို၊ တချို့ဆိုရင် ဒယ်အိုးနှစ်လုံး ရှိတဲ့သူက တလုံးရောင်းပြီး နေရပါတယ်။ ကျနော်တို့ ရသင့်ရထိုက်တဲ့ လုပ်အားခနဲ့ စာရွက်စာတမ်းတွေ မရမချင်း ဒီနေရာကနေ မထွက်ခွါဘူးလို့ ပြောပါတယ်’’ ဟု ဆန္ဒပြ မြန်မာလုပ်သား ကိုထွန်းထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ထိုင်းနှင့် မြန်မာလုပ်သားများကြား စက်ရုံအုပ်ချုပ်သူများက ခွဲခြားဆက်ဆံသဖြင့် လွန်ခဲ့သည့် ၁ဝ ရက်ခန့်မှစ၍ နုတ်ထွက်စာ တင်ထားသော ထိုင်းနိုင်ငံ Khon kaen မြို့ Dechapanich ငါးဖမ်းပိုက်စက်ရုံရှိ မြန်မာလုပ်သား ၅၆၉ ဦးက နေထိုင်ရာ အဆောင်များမှ ထွက်ခွါမပေးဘဲ ယနေ့အထိ ဆန္ဒပြနေခြင်း ဖြစ်သည်။

အလုပ်ရှင်က လုပ်ခလစာကို လူဝန်မှုကြီးကြပ်ရေး (လဝက) ရုံး၌ ထုတ်ယူရန်နှင့် စက်ရုံသစ်သို့ ပြောင်းရွှေ့လျှင်လည်း လဝက ရုံး၌ပင် လုပ်ဆောင်ရမည်ဟု ပြောဆိုထားသည်။ ရရှိရမည့် လစာငွေမှာ တလစာဖြစ်ပြီး ထိုင်းဘတ်ငွေ ၄ဝဝဝ ကျော် ဖြစ်သည်။

“အလုပ်က လဝက ရုံးနဲ့ ဘာမှ မဆိုင်ဘူး။ အလုပ်သမား ရှာဖွေရေးရုံးနဲ့ပဲ ဆိုင်တယ်။ အလုပ်သမားတွေက လဝက (တောမော) ရုံးမှာ သွားမထုတ်နိုင်ဘူး။ စက်ရုံမှာပဲ လစာငွေ ထုတ်ချင်တယ်။ အလုပ်သမားတွေဘက်က ရသင့်ရထိုက်တဲ့ လစာငွေနဲ့ စာရွက်စာတမ်းတွေကိုရရင် သူတို့အနေနဲ့ အလုပ်ပြောင်းကြမှာ ဖြစ်တယ်။ သူဋ္ဌေးဘက်က ဒီအချိန်ထိ လစာတွေလည်း မထုတ်ပေးသေးဘူး” ဟု မြန်မာလုပ်သားများကို ကူညီနေသည့် MAP - Foundation for the Health and Knowledge of Ethnic Labour အဖွဲ့မှ ပြောခွင့်ရသူ Mai Mai က မဇ္ဈိမကို ပြောသည်။

“အလုပ်ထွက်စာတွေ တင်ကြတယ်။ ဒါပေမဲ့ ထိုင်းမှာရှိတဲ့ ဥပဒေအတိုင်း ဘယ်လိုတင်ရမလဲဆိုတာ မသိကြဘူး။ ထွက်စာမှာလည်း အလုပ်မလုပ်ချင်လို့ဆိုပြီး ရေးထားတယ်။ ထွက်စာမှာ ဘယ်နေ့ နောက်ဆုံးထားပြီး ထွက်မယ် ဆိုတာလည်း မပါဘူး။ ထိုင်း ဥပဒေအရ ဘယ်အကြောင်းကြောင့် အလုပ်ထွက်ချင်တယ်၊ ဘယ်နေ့မှာ နောက်ဆုံးထား ထွက်မယ်ဆိုတာ ပါရတယ်” ဟု သူက ဆိုသည်။

စက်ရုံပိုင်ရှင်၏ လက်ထဲသို့ မြန်မာလုပ်သားများ၏ ပတ်စ်ပို့၊ အလုပ်သမားကဒ်၊ ဆေးရုံကဒ်၊ နေထိုင်ခွင့် လက်မှတ်နှင့် Work permit များ အပ်နှံထားကြရာ ယခုထိ ပတ်စ်ပို့နှင့် အလုပ်သမားကဒ်များသာ ပြန်ထုတ်ပေးသေးသည်။ ထိုအထဲမှ ဦးရေ ၂ဝဝ ခန့်သည် ပတ်စ်ပို့ပင် ပြန်မရသေးဘဲ ဖြစ်နေသည်။

မြန်မာ ၆ ဦး ၃ ရက်ဆက် အလုပ်မဝင်သဖြင့် ပြီးခဲ့သည့်လ ၇ ရက်နေ့တွင် အလုပ်ထုတ်ခံရစဉ် ၎င်းတို့ နိုင်ငံကူးကဒ်များ တောင်းယူရာ အလုပ်ရှင်က ဖျက်ဆီးထားကြောင်း တွေ့ရပြီး နောက်ရက်တွင် စက်ရုံအနီး လုပ်သားများ ဘုရားရှိခိုးသည့် အဆောင်၌ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြအလုပ်သမားများက ယာယီပတ်စ်ပို့နှင့် အလုပ်သမားလက်မှတ် ပြန်လည်ရရှိရေး၊ ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်အတိုင်း လုပ်အားခ ရရှိရေး၊ လုပ်ငန်းခွင် ထိခိုက်မှု နစ်နာကြေး ရရှိရေး၊ ဖျက်ဆီးခံရသည့် အလုပ်သမား လက်မှတ်ကိစ္စ ဖြေရှင်းပေးရေးနှင့် အလုပ်ထုတ်ခံရသူ ၆ ဦးကို လုပ်ခွင့်ပြန်ပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။

ထိုအခါ အလုပ်ရှင်ဘက်က မြန်မာများကို Khon kaen မြို့ စက်ရုံများရှိ ထိုင်းနိုင်ငံသား လုပ်သားများနည်းတူ တနေ့ လုပ်အားခ ၁၅၇ ဘတ်အတိုင်း လုပ်ခတိုးမြှင့်ပေးခဲ့သည်။ ယခင်က တနေ့ လုပ်အားခအဖြစ် ဘတ် ၁၄ဝ သာ ပေးခဲ့ကာ၊ တရက်လျှင် တနာရီခွဲ အခမဲ့ လုပ်ပေးရသည်။ အချိန်ပို တနာရီလျှင် ဘတ် ၃ဝ သာ ရရှိခဲ့ရာမှ ထိုင်းလုပ်သားများကဲ့သို့ ခံစားခွင့်ပေးမည့်အပြင် မြန်မာများ၏ စာရွက်စာတမ်းနှင့် ကဒ် အပါအဝင် ၅ မျိုးကို ပြန်ပေးမည်ဟုလည်း စက်ရုံမန်နေဂျာက ကတိပေးခဲ့သေးသည်။

သို့သော် သတ်မှတ်စံနှုန်းအတိုင်း မပြည့်မီလျှင် အလုပ်ထုတ်ခွင့် ရှိမည့်အပြင် ဤသဘောတူညီချက်သည် အလုပ်သမားနှင့် အလုပ်ရှင်ကြား အလုပ်ခန့်အပ်စာအရ လက်မှတ်ထိုးထားသည့် သက်တမ်းအထိသာ အကြုံးဝင်ကြောင်း ညှိနှိုင်းနိုင်ခဲ့သည်။

စက်ရုံ၌ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်မှ မြန်မာဦးရေ ၂,၁၅ဝ ခန့် အလုပ်လုပ်ကိုင်နေသည်။

ပါတီရပ်တည်ခွင့် ဒေါ်စု လျှောက်ထားမှု တရားရုံးချုပ် လက်ခံ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၀ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆက်လက်ရပ်တည်ခွင့် ရှိရေး ကြားနာစစ်ဆေးရန် ဒေါ်အောင်ဆန်းစုကြည်က ဗဟိုတရားရုံးချုပ်ကို မနေ့က လျှောက်ထားခဲ့ရာ ယနေ့လက်ခံလိုက်ပြီ ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် တရားဝင် ရပ်တည်မှုကို ပျက်ပြယ်စေမည့် အချက်ပါရှိသဖြင့် ဆက်လက်ရပ်တည်ခွင့် ရရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများမှတဆင့် တင်သွင်းခဲ့ရာ ယနေ့ညနေ ၃ နာရီခွဲတွင် လက်ခံလိုက်သည်။

“လက်ခံထားလိုက်တယ်။ ဗဟိုတရားရုံးချုပ်က ပြန်ချိန်းတာတော့ မရှိဘူး။ ကျနော်တို့ နို့တစ်ဘုတ်မှာ သောကြာနေ့တိုင်း သွားကြည့်ရမယ်။ ကျနော်တို့ မျှော်လင့်ချက်က ကျနော်တို့ တောင်းဆိုချက်ပဲပေါ့။ အဖွဲ့ချုပ် ရပ်တည်နေတာပေါ့” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းကလည်း “ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရကို စွဲတာ ဖြစ်တယ်။ ဒါကို ရှေ့နေချုပ်ရုံးက ချေပဖို့ ရှိတယ်” ဟု ပြောသည်။ တရားရုံးချုပ်သို့ ယနေ့ ညနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ သွားခဲ့ကြသည်။

“၁၉၉ဝ ရွေးကောက်ပွဲကြီး လုပ်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ နဝတ အစိုးရက အသိအမှတ်ပြုသလို သိက္ခာရှိတဲ့ ကော်မရှင်လူကြီးတွေကလည်း အဲဒိအတိုင်း ကြေညာခဲ့တယ်။ ပြည်ပနိုင်ငံတွေကလည်း ဒီလိုပဲ မှတ်တမ်းတင်ထားတယ်။ ဘာမှ အကျိုးအကြောင်း မပြဘဲ လွှတ်တော်ကို ခေါ်မပေးဘူး။ အဲဒါ သမိုင်းမှာ ဘယ်ကောင်းမလဲ။ ကျနော်တို့က ဥပဒေစိုးမိုးရေးအတွက် ပြောတာပါ။ ဗမာ့ရွေးကောက်ပွဲသမိုင်း မကောင်းမှာ စိုးလို့ လုပ်တာပါ” ဟု ဦးကြည်ဝင်းက ပြောသည်။

စစ်အာဏာသိမ်း နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၉ဝ ရွေးကောက်ပွဲကို ကျင်းပပေးပြီး အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရမည်ဟု ပြည်သူ့ လွှတ်တော် ဥပဒေပုဒ်မ ၃ တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် နဝတ ကြေညာချက်အမှတ် ၁/၉ဝ ၊ အပိုဒ် ၁၂ တွင် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရမည် ဆိုထားသည်။ NLD က ၈ဝ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်များက ယနေ့ထိ လွှတ်တော် ခေါ်မပေးသေးပါ။

ပြန်လည်မှတ်ပုံမတင်သဖြင့် NLD အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခု တရားဝင် ရပ်တည်ခွင့် ပျက်ပြယ်သည်ဟု လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အရင်လ ၁၅ ရက်က ကြေညာခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေအသစ်ကြောင့် ပါတီတရားဝင် ရပ်တည်မှု ပျက်ပြယ်စေသည်ဟု NLD က ဧပြီ ၂၉ တွင် စစ်အစိုးရကို တရားစွဲခဲ့သေးသည်။ ရန်ကုန်တိုင်း တရားရုံးက ၎င်းလျှောက်ထားချက်ကို ပယ်ချခဲ့ပြီး ယခုတကြိမ်မှ ဗဟိုတရားရုံးချုပ်က လက်ခံခဲ့သည်။

ဒေါ်စုက ပါတီရပ်တည်ခွင့်အတွက် လျှောက်ထား

မြင့်မောင် | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆက်လက်ရပ်တည်ခွင့် ရရှိရေးအတွက် ကြားနာပေးရန် ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်သို့ ရှေ့နေများမှတဆင့် ယနေ့ လျှောက်ထားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ထံမှ ရှေ့နေကိုယ်စားလှယ်လွှဲစာ ရရှိထားသည့် ရှေ့နေ ဦးကြည်ဝင်းနှင့် ရှေ့နေ ဦးဥာဏ်ဝင်းက ယနေ့ နံနက် ၁၁ နာရီတွင် တင်ပြလျှောက်ထားခဲ့ပြီး တရားရုံး မှတ်ပုံတင် အရာရှိက တင်သွင်းခွင့် ပြုမပြုကို မနက်ဖြန် နံနက်တွင် အကြောင်းပြန်မည်ဖြစ်သည်။

“ပါတီရပ်တည်ခွင့် ကိစ္စကို ကျနော်တို့ တင်တာပါ။ သီးခြား သက်သာခွင့် ဥပဒေအရ ကျနော်တို့က တရားစွဲတာကိုး။ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ၊ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ တင်ပါတယ်။ ပါတီအနေနဲ့ မဟုတ်ပါဘူး၊ ပါတီ အထွေထွေအတွင်းရေးမှူးအနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ စွဲတာ ဖြစ်ပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေအရ ၎င်းတို့ပါတီ တရားဝင် ရပ်တည်မှုကို ပျက်ပြယ်စေမည့် ဥပဒေ ပါရှိသဖြင့် အန်အယ်ဒီက ဧပြီလ ၂၉ ရက်နေ့တွင် စစ်အစိုးရကို တရားစွဲဆိုရန် ကြိုးပမ်းခဲ့သေးသည်။ သို့သော် ရန်ကုန်တိုင်း တရားရုံးက ၎င်းတို့၏ လျှောက်ထားချက်ကို ပယ်ချခဲ့ပြီးနောက် ယခုတဖန် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေအရ သတ်မှတ်ထားသည့် အချိန်အတွင်း ပြန်လည်မှတ်ပုံမတင်လျှင် အလိုအလျောက် ပါတီအဖြစ်မှ ပျက်ပြယ်ကြောင်း ပြီးခဲ့သည့်လ ၁၅ ရက်နေ့တွင် ကော်မရှင်က ကြေညာခဲ့သည်။ ထိုဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြား နိုင်ငံရေးပါတီ ၉ ပါတီမှာ တရားဝင် ရပ်တည်ခွင့် ပျက်ပြယ်ခဲ့သည်။

ရှေ့နေ ဦးဥာဏ်ဝင်းကမူ ၁၉၈၈ ခုနှစ်တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး၊ ယခု ကော်မရှင် ဥပဒေအသစ် ပြဋ္ဌာန်းခဲ့သော်လည်း ဥပဒေအဟောင်းအရ ရရှိခံစားထိုက်သော အခွင့်အရေးများ ဆက်ခံစားခွင့် ရှိကြောင်းနှင့် ဥပဒေသည် နောက်ကြောင်းပြန် သက်ရောက်မှု မရှိစေရသလို၊ အကယ်၍ ထိုသို့သက်ရောက်စေလိုပါက ဥပဒေအရ ဖော်ပြရကြောင်းနှင့် လက်ရှိ ပြဋ္ဌာန်းချက်များသည် ၎င်းတို့ပါတီအပေါ် အကျိုးသက်ရောက်မှု မရှိဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး စောမောင်က ၁၉၈၈-၈၉ ခုနှစ်တွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ရွေးကောက်ပွဲကို ကျင်းပပြီးနောက် ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ ရွေးကောက်တင်မြောက်ခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

၁၉၉ဝ ခုနှစ် မေလ ရွေးကောက်ပွဲတွင် အန်အယ်ဒီသည် မဲဆန္ဒနယ် ၄၈၂ နေရာအနက် ၃၈၉ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် အာဏာသိမ်း ဗိုလ်ချုပ်ကြီးစောမောင်၏ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှသည် လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်အထိ ၎င်းတို့ကို လွှတ်တော်ခေါ်ယူပေးခြင်း မရှိခဲ့ပါ။

“အာဏာပိုင်တွေက သူတို့လုပ်ပေးမယ်ဆိုတာကို မလုပ်ဘဲနဲ့ ပျက်ကွက်တာတွေ ရှိတယ်။ ၁၉၇၃ ခုနှစ် စကားရပ်များ အဓိပ္ပာယ်များ ဖွင့်ဆိုချက် ဥပဒေဆိုတာ ရှိတယ်။ အဲဒီမှာ ပုဒ်မ ၁၄ ပြဋ္ဌာန်းချက်မှာ ပုဒ်မခွဲ က ၊ခ၊ ဂ၊ ဃ ဆိုပြီး ၄ ခု ရှိတယ်။ အဲဒီ ၄ ခုကို ဖတ်လိုက်လို့ရှိရင် ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို သူဘာသာနဲ့သူ ဟိုတုန်းက ကြိုးစားပမ်းစား လုပ်လာခဲ့တဲ့ ရပြီးသား အခွင့်အရေး၊ ခံစားခွင့်များကို နောက်ဥပဒေကြောင့်မို့ ဆုံးရှုံးမှု မဖြစ်စေရ၊ မထိခိုက်စေရဘူး။ ဆိုတော့ အန်အယ်ဒီရဲ့ ရလဒ်တွေက သဲထဲရေသွန် မဖြစ်စေရဘူး၊ မထိခိုက်ရဘူး။ အဲဒီ ပြဋ္ဌာန်းချက်များနဲ့အညီ တနည်းအားဖြင့် ဥပဒေ စိုးမိုးရေးကို အားကိုးအားထား လုပ်ပြီးတော့ စွဲတာ” ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

ဦးတင်ဦးမျက်စိခွဲစိတ်မှု အောင်မြင်

မြင့်မောင် | သောကြာနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး Teng Toung Seng ဆေးရုံတွင် စင်္ကာပူစံတော်ချိန် ယနေ့ နေ့လယ် ၃ နာရီက မျက်စိ ခွဲစိတ်ရာ အောင်မြင်ကြောင်း သိရသည်။

ဦးတင်ဦးမျက်စိအိမ်အတွင်း သွေးယိုစိမ့်၍ မျက်စိအတွင်းပိုင်း Retina ကို သွေးကွက်များ ဖုံးနေရာ ၁ နာရီ ၄၅ မိနစ်ကျော်ခွဲစိတ်ကုသခဲ့ပြီး အောင်မြင်သည်ဟု မိသားစုက ဆိုသည်။

“ အခု ဘဘ သတိရပြီး သူ့အခန်းထဲ ပြန်ရောက်နေပါပြီ။ သက်ဆိုင်ရာ ဆရာဝန်တွေ ပြန်စစ်ပြီးရင် မနက်ဖြန် ဆင်းရဖို့ သေချာပါတယ်” ဟု ဦးတင်ဦး မိသားစုဝင်တဦးက ပြောသည်။

သူက ဆက်ပြီး “မြန်မာခွဲစိတ်ဆရာဝန်၊ မြန်မာမေ့ဆေးဆရာဝန်၊ မြန်မာသူနာပြုတွေနဲ့ ခွဲခဲ့တာပါ။ မျက်စိထဲ ဖုံးနေတဲ့ သွေးခဲတွေကို ခွဲပြီး မျက်ကပ်မှန်ကို ပြန်ထည့်ထားရတယ်။ မျှော်မှန်းထားတာထက် ပိုကောင်းတယ်လို့ ဆရာဝန်က ပြောပါတယ်။ ရပ်ဝေးကနေ ဘဘအတွက် စိုးရိမ်ပူပန်နေတဲ့သူအားလုံးကိုလဲ ဘဘကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းသူရတင်ဦးသည် ၁၉၈၈ အရေးအခင်းအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ချိန်ကထဲက ဦးဆောင်ပါဝင်ခဲ့သည်။

ဒီပဲယင်း အရေးအခင်းနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ၆ နှစ်ကျော် နေအိမ်အကျယ်ချုပ်ချခံရပြီး ဤနှစ် ဧပြီ ၁၃ က ပြန်လွတ်ချိန်တွင် ရန်ကုန် ပန်းလှိုင်ဆေးရုံတွင် မျက်စိပြခဲ့သည်။

ဦးတင်ဦး မျက်စိခွဲစိတ်ရန်အတွက် ဇနီး ဒေါက်တာတင်မိုးဝေနှင့်အတူ ယခုလ ၂၈ ရက်က စင်္ကာပူ ရောက်ခဲ့သည်။

အကုန်ထ အုံကြွ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ’’အကုန်ထ အုံကြွ’’ ပြည်သူ့ရင်ဖွင့်သံ အမည်ရ ရွေးကောက်ပွဲ ဆန့်ကျင်ရေး သီချင်းစီဒီခွေကို ကိုရီးယားရောက် မြန်မာများက ထုတ်လုပ်ကာ လာမည့် အောက်တိုဘာ ၃ ရက်တွင် ကမ္ဘာတ၀ှမ်း ဖြန့်ချိမည်ဟု သိရသည်။

’ရုန်းကန်ရ’၊ ’သမိုင်းမဲ့ အမြင်မတော်’၊ ’သဏ္ဌာန်တူညီ’၊ ’ရွေးကောက်ပွဲ ၀င်မယ်တဲ့’၊ ’အမှန်မမြင်သူ’၊ ’အကုန်ထ အုံကြွ’၊ ’နအဖ ဗြောင်လိမ်သူ’၊ ’ငကြောင်တွေရူး’ ခေါင်းစဉ်ဖြင့် သီချင်း ၈ ပုဒ် ပါဝင်သည်။ ရဲနိုင်ဝင်း (ရွှေကျွန်း) ရေးစပ်ပြီး အာကြယ်၊ ၀င်းလှိုင် (နန်းတော်ရှေ့) နှင့် အာဗြဲ သီဆိုကာ ဆိုးလ်မြို့တော်၌ အသံသွင်းသည်။

“မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ခံစားပြီး ရေးတာပါ။ ပြည်သူ့ရင်ဖွင့်သံ ဆိုတဲ့အတိုင်း ပြည်သူတွေရဲ့ ကိုယ်စား လက်ရှိ စစ်အစိုးရ လုပ်ရပ်တွေကို မျက်စိထဲမြင်အောင် ပြည်သူတွေကို ပြချင်တဲ့ ဆန္ဒနဲ့ ဆိုတာပါ” ဟု ပါဝင်သီဆိုသူ ကိုဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

သုံးပန်လှ၊ ရိုင်းတဲ့စင်ယော်၊ ဥုံဖွ၊ ရွှေသုန္ဒရီ၊ လည်လည်သွားမယ်၊ မမပုသိမ်သူ၊ ရောင်ပေစူး၊ ရန်ကုန်သူ ခေတ်ဟောင်းတေးများ အလိုက်ယူကာ ရေးဖွဲ့ထားသည်။

အကုန်ထ အုံကြွ သီချင်းစာသားအချို့မှာ ’’အို … မထိတထိ ရင်နာစရာတွေ ရိုင်းစိုင်းလွန်းတဲ့ အစိုးရနဲ့ လွဲရပါစေ… လွဲရပါစေ။ အုံထ အုံကြွ ဓားပြတိုက်ကြတဲ့ အစိုးရတွေ ဆလံအခါခါ၊ အပြန်တရာ သလိုက်ပါရဲ့ ဘ၀ဆက်တိုင်း လွဲကြပါစေ’’ ဟု ရေးသားထားပြီး ရွေးကောက်ပွဲ ၀င်မယ် သီချင်း၌မူ “စစ်အင်္ကျီ ချွတ်မယ် အပြေးအလွှားကွယ် ပုလိပ်ဥာဏ်မျိုးစုံအသုံးပြုကာ ရွေးကောက်ပွဲကို ၀င်မတဲ့… အတော်လေး ဟားလောက်ရဲ့ မျောက်ပွဲကြည့်ရမယ့် အာဏာအတွက်ဆို မရှက်ပဲ … ကြံ့ဖွတ် ငဖားတွေ ရမ်းကားနေ တောကြောင်သူခိုးနဲ့ အပေါင်းအသင်းတွေ ဘ၀ဖျက်တာ သိသူ တပုံကြီး အလွန်ပင် ရမ်းကားနင်းပြား ကြံပုံ မျိုးးဖွတ် ကျန်ဖြတ်တွေ တော်တော်အရှက်ကိုမဲ့ (အကျင့်ကိုပျက်) ဟု ပါရှိသည်။

စီဒီတချပ်လျှင် တောင်ကိုရီးယား ၀မ် ၅,၀၀၀ ၊ နိုင်ငံတကာရောက် မြန်မာများကို အမေရိကန် ဒေါ်လာ ၅ ဒေါ်လာဖြင့် ရောင်းကာ အမြတ်အစွန်းကို မြန်မာပြည်ရှိ လူမှုရေးလုပ်ကိုင်သည့် အဖွဲ့များထံ လှူဒါန်းမည် ဟုဆိုသည်။

၂၀၀၇ ခုနှစ်တွင် “ခြစားယိုယွင်း မြန်မာ့ရှုခင်း” အမည်ရ ပြည်သူ့ရင်ဖွင့်သံ တေးစု (၁) ကို ထုတ်လုပ်ခဲ့သေးသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်ကို တန်ဖိုးကြီး စိန်ထည်များဖြင့် ကျင်းပချိန်တွင် လူအများ ငတ်ပြတ်ဆင်းရဲနေပုံနှင့် အဓမ္မလုပ်အားပေး အခြေအနေများကို လှောင်ပြောင်သီဆိုထားသည်။

ပါတီများ ကော်မရှင် ဆင်ဆာထိ

မြင့်မောင် | စနေနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ ကော်မရှင်က ”နိုင်ငံတော်ကို ထိပါးသည်” ဟု ထင်သော စကားရပ်များ ပါဝင်မှုကြောင့် အနည်းဆုံး နိုင်ငံရေး ပါတီ ၃ ခု၏ တီဗီနှင့် ရေဒီယိုမှ ဟောပြောမည့် စကားရပ်များ ပယ်ချခံရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့် တို့၏ မြန်မာ့ရုပ်မြင်သံကြားမှ ၁၅ မိနစ်စာ ထုတ်လွှင့်မည့် အစီအစဉ်အတွက် ဟောပြောမည့် စာမူများ ပယ်ချခံရ၍ ပြင်ဆင်ရေးသားနေကြရသည်။

“မြန်မာ့ရုပ်မြင်သံကြားကနေ လွှင့်ဖို့ အသံသွင်းတဲ့ ကိစ္စကို မြန်မာ့အသံအဖွဲ့က တခုလုံး ပယ်လိုက်တယ်။ သူတို့က နိုင်ငံတော်ကို ပုတ်ခတ်တယ်ဆိုတဲ့ စာသားတွေ အနှောင့်အသွား မလွတ်တာတွေ ပါနေလို့ ပြန်ပြင်ရေးပြီး၊ ကော်မရှင်က ခွင့်ပြုမယ်ဆိုရင် ရေဒီယိုမှာ ပြောလို့ရမယ်ဆိုပြီး အကြောင်းကြားလို့ ဦးသုဝေ ချက်ချင်း ပြန်သွားရတယ်” ဟု ဒီမိုကရက်မှ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ပြောသည်။

မည်သည့်စကားရပ်ကြောင့် ပယ်ပါသည်ဟု ကော်မရှင်က သီးခြားဖော်ပြခြင်း မရှိသော်လည်း ကော်မရှင်၏ ကန့်သတ်ချက်များနှင့် မကိုက်ညီဟု ကျန်ပါတီနှစ်ခုကို ယမန်နေ့က အကြောင်းကြားသော စာတွင် ပါရှိသည်။

“ကျနော်တို့ ဖော်ပြထားတဲ့ အချက်က ပါတီစုံ ဒီမိုကရေစီနိုင်ငံကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်တဲ့ အရပ်သားစစ်စစ်၊ ဒီမိုကရေစီအစိုးရ တက်လာဖို့ လိုတယ်။ အဲဒီလို အခြေအနေကို မရောက်မချင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး အနည်းနဲ့ အများ ကန့်သတ်မှုတွေ ရှိနေဦးမှာပဲလို့ ဖော်ပြထားတယ်။ အဲဒါပဲ သူတို့က မကြိုက်တာလား မသိဘူး” ဟု အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအေးလွင်က မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးပါတီတွေရဲ့ သဘောထားကို ပြည်သူလူထု လွတ်လွတ်လပ်လပ် မြင်နိုင်ဖို့ တင်ပြခွင့် ရှိရမှာပေါ့။ သူတို့က ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်မျိုးအတိုင်း ဆိုလို့ကတော့ ကျနော်တို့က လုပ်လို့မရတော့ဘူးလေ” ဟု ကိုအေးလွင်က ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ကိုလည်း အလားတူ စာမျိုး ကော်မရှင်က ပေးပို့ခဲ့သည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ကမူ တင်ပြဟောပြောမည့် စာမူကို ကော်မရှင်ထံ တင်ပြထားကြောင်းနှင့် ၎င်းအချက်အလက်များကို ပြင်ခြင်း၊ ဖြုတ်ခြင်း ပြုလုပ်ပါက ရုပ်သံ၊ ရေဒီယိုမှတဆင့် ဟောပြောသည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးသိန်းဋ္ဌေးက ဆိုသည်။

“ပြောမယ့်ဟာတွေကို ဆင်ဆာဖြတ်တယ်ဆိုရင် ကျနော်တို့ ပြောမယ့်ဟာကို ရုပ်လိုက်မယ်။ ကျနော်တို့ရဲ့ ပါတီမူဝါဒနဲ့ ဆုပ်ကိုင်ထားတဲ့ လမ်းစဉ်တွေကို ထည့်ထားတာ ရှိတယ်။ ဒီပေါ်မှာ ဆင်ဆာဖြတ်မယ်ဆိုရင် တမျိုးတဖုံ စဉ်းစားရမယ်။ သူတို့ဘက်က ဘယ်လိုတုံ့ပြန်လာမယ်ဆိုတာကို စောင့်ကြည်ရဦးမယ်” ဟု ဦးသိန်းဌေးက ပြောသည်။

ကော်မရှင်က ရွေးကောက်ပွဲ ဝင်ခွင့်ရ နိုင်ငံရေးပါတီ ၃၇ ပါတီကို ယင်းတို့၏ မူဝါဒသဘောထား လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ စည်းရုံးဟောပြောတင်ပြနိုင်ရန် ယခုလ ၂၄ ရက်နေ့မှစ၍ လာမည့်လ ၃ဝ ရက်နေ့အထိ သတ်မှတ်ပေးထားသည်။

ပြန်ကြားရေးဋ္ဌာန၏ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောထုတ်လွင့်မည့် နိုင်ငံရေးပါတီများ၏ ဟောပြောမည့် အစီအစဉ်ကို ၂ ရက် ကြိုတင်၍ ရိုက်ကူးမည်ဖြစ်ရာ၊ ရိုက်ကူးအသံသွင်းမည့် အစီအစဉ်များကိုပါ ပါတီများသို့ ပူတွဲပေးပို့ခဲ့သည်။ ရိုက်ကူထားသည့် အစီအစဉ်ကို ၂ ကြိမ် ထုတ်လွှင့်ပေးမှာဖြစ်သည်။

ပါတီများ ဟောပြောမှု ကန့်သတ်ချက် ၉ ချက်

၁။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် ဟောပြောပြုလုပ်ခြင်း၊
၂။ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောပြုလုပ်ခြင်း၊
၃။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိခြင်း၊
၎။ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် (သို့မဟုတ်) ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောပြုလုပ်ခြင်း
၅။ တပ်မတော် ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် (သို့မဟုတ်) တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေရန် ဟောပြောပြုလုပ်ခြင်း၊
၆။ လူမျိုးရေး သို့မဟုတ် ဘာသာရေး (သို့မဟုတ်) လူတဦးချင်း (သို့မဟုတ်) လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ဟောပြောမှု (သို့မဟုတ်) စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခြင်း၊
၇။ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း၊
၈။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောခြင်း၊
၉။ နိုင်ငံ့ဝန်ထမ်းများအား ယင်းတို့တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် (သို့မဟုတ်) အစိုးရအား ဆန့်ကျင်ဆန္ဒြုပစေရန် သွေးထိုးလှုံ့ဆော် ဟောပြောခြင်း

ဦးတင်ဦး စင်္ကာပူ ဆေးကုသွားမည်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး မျက်စိရောဂါ ခွဲစိတ်ရန် လာမည့်အပတ် စင်္ကာပူသွားမည်ဟု နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ပြောဆိုသည်။

အသက် ၈၃ နှစ်အရွယ် ဦးတင်ဦး ဤနှစ် ဖေဖော်ဝါရီလက အကျယ်ချုပ်မှ လွတ်ပြီးနောက် ရန်ကုန် ပန်းလှိုင်ဆေးရုံ၌ မျက်စိပြရာမှ လိုအပ်ချက်အရ စင်္ကာပူတွင် ကုသရန် စီစဉ်ခဲ့သည်။

U-Tin-Oo“ဘယ်လေကြောင်းနဲ့ ဆိုတာတော့ မသိဘူး။ ပန်းလှိုင်ဆေးရုံမှာ ပြတော့ အသက်လည်း ကြီးပြီ၊ ရိုးရိုးတိမ်လဲ မဟုတ်ဘူးလေ။ မျက်စိထဲက ဒဏ်ရာရနေတဲ့ ဟာကို ခွဲထုတ်ရမယ်ဆိုတော့ ကြာရင်လည်း ကြာမှာမို့ လွှတ်တာ” ဟု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းကလည်း ဦးတင်ဦး စင်္ကာပူသို့ သွားခွဲမည် ပြောသော်လည်း သွားရမည့် ရက်အတိအကျကို မပြောပါ။

“၂ ပေ၊ ၃ ပေ အကွာ လူလာရပ်လို့ရှိရင် ရပ်မှန်းမသိဘူး၊ မျက်စိက တော်တော်လေး ချွတ်ယွင်းနေတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပါတီခေါင်းဆောင်တဦးကမူ စက်တင်ဘာ ၂၈ ရက် ရန်ကုန်မှ ထွက်နိုင်သည် ခန့်မှန်းထားသည်။ ခရီးစဉ်မှာ အနည်းဆုံး ၂ ရက်မှ အများဆုံး ၇ အထိ ကြာနိုင်သည် ဆိုသည်။ ခရီးထွက်ခွာရန်နှင့် ဆေးကုသရန် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ပန်းလှိုင်ကပင် ပြုလုပ်ပေးခဲ့သည်။

ခရီးစဉ်နှင့်ပတ်သက်၍ ပန်းလှိုင်ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းက ဖြေကြားခွင့် မရှိဟု ဆိုသည်။ ဦးတင်ဦးအိမ်သို့ ဆက်သွယ်ကြည့်ရာတွင်လည်း ဖုန်းလိုင်း မသဲကွဲလှပေ။

ဆေးကုရာသို့ ဇနီးနှင့် သားလည်း လိုက်သွားဖွယ်ရှိသည်။

သခင်အုန်းမြင့်နာရေး လုပ်ဖော်ကိုင်ဘက်တွေ ပို့ဆောင်

မြင့်မောင် | တနင်္ဂနွေနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္စျိမ) ။ ။ ယခုလ ၁၇ ရက်က ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး သခင်အုန်းမြင့် (၉၃ နှစ်)ကို ယနေ့ ညနေ ၄ နာရီက ရန်ကုန် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

“လိုက်ပို့ကြတဲ့သူတွေ အများကြီးပဲ။ ၀ါရင့်နိုင်ငံရေးအဖွဲ့က လူတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ အဖွဲ့ချုပ်က လူငယ်တွေရော၊ လူကြီးတွေရော လာပို့ကြပါတယ်။ အဖေရဲ့ လုပ်ဖော်ကိုင်ဘက်တွေ တော်တော်များများ လာကြပါတယ်” ဟု သားဖြစ်သူ ဦးဌေးအောင်က မဇ္ဈိမကို ပြောသည်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးအုန်းကြိုင် အပါအ၀င် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များ၊ အဖွဲ့ချုပ် အမျိုးသမီးများ၊ ကျောင်းသားလူငယ်များ၊ ၀ါရင့်နိုင်ငံရေးသမားများအပြင် လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ စာပေသမားများ လိုက်ပါပို့ဆောင်ကြသည်။

နေအိမ်တွင် အထိန်းသိမ်းခံနေရသည့် NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ သုံးရောင်ခြယ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့စသည့် နိုင်ငံရေးအသိုင်းအဝိုင်းက လွမ်းသူ့ပန်းခွေများ ပေးပို့ကြသည်။

ဝါရင့်အဖွဲ့ သ၀ဏ်လွှာတွင် သခင်အုန်းမြင့်သည် နယ်ချဲ့ဖက်ဆစ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတော်လှန်သူ၊ သတင်းစာပညာ၊ စာပေပညာဖြင့် လူထုကို နားမျက်စိ ဖွင့်ပေးသူ၊ မျိုးဆက်သစ်များကို နိုင်ငံရေးနှင့် စာပေအမွေ လက်ဆင့်ကမ်းသူ၊ ခံယူချက်ပြင်းကာ အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်မှ ရပ်တည်သူဟု ပါရှိသည်။ မြန်မာနိုင်ငံတွင် မရှိမဖြစ် လိုအပ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက် ကျန်းမာရေး မကောင်းသည့်ကြားမှ လုပ်ကိုင်ခဲ့သဖြင့် မိသားစု လုပ်ဖော်ကိုင်ဘက်များနည်းတူ ၀မ်းနည်းကြေကွဲကြောင်း ဖော်ပြထားသည်။

“လွတ်လပ်ရေး ကြိုးပမ်းတဲ့ ခေတ်တုန်းက သခင်အဖွဲ့မှာ ပါခဲ့ပြီး ဒီဘက်ခေတ်ရောက်တော့ စာအုပ်တိုက်ထောင်ပြီး စာအုပ်ထုတ်တယ်။ ခေတ်သဘောအရ မာ့က်စ်ဝါဒ စာအုပ်တွေကို အဓိကထား ဖြန့်ခဲ့တယ်။ အဲဒီနောက် ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အစိုးရကို တိုက်တွန်းနှိုးဆော်စာရေးတဲ့အထဲမှာ သူပါခဲ့တယ်” ဟု ၀ါရင့်အဖွဲ့ဝင် သခင်ချန်ထွန်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တွင် လက်ကျန်သခင်ဟူ၍ သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ သခင်သိန်းမောင်၊ သခင်တင်ဦး(ဗိုလ်သခင်ဆရာ)၊ သခင်တင်မြ၊ သခင်လှကွန်းတို့သာ ရှိပြီး အသက်အားဖြင့် ၈၀-၉၀ ကျော်နေကြပြီး နိုင်ငံရေး ရေးသားပြောဆိုကြဆဲဖြစ်သည်။

သခင်အုန်းမြင့် ကွယ်လွန်ချိန်တွင် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

သခင်အုန်းမြင့်

ပဲခူးတိုင်း လက်ပံတန်းမြို့၌ ၁၉၁၈ ဧပြီ ၂၈ တွင် တရုတ်ကပြားမိသားစုမှ မွေးဖွားပြီး ၁၅ နှစ်သား ကျောင်းသားဘဝတွင် တို့ဗမာအစည်းအရုံးဝင်ဖြစ်ခဲ့သည်။

ကြီးပွားရေးမဂ္ဂဇင်း၊ တိုးတက်ရေးသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ ဂျာနယ်ကျော် စသည်တို့တွင် ပါဝင်ရေးသားခဲ့ပြီး ကိုလိုနီခေတ်နှောင်း မြန်မာနိုင်ငံရေးနှင့်စာပေလောကမှ ထင်ရှားသောပုဂ္ဂိုလ်များစွာ၏ မိတ်ဆွေရောင်းရင်းလည်းဖြစ်သည်။ စစ်ြပီးခေတ် ရန်ကျော်ဂျာနယ်၊ ကျော်လင်းစာပေများကို ဦးစီးပြီး လက်ဝဲစာပေများ ထုတ်ဝေခဲ့သည်။

၁၉၅၈-၆ဝ ၊ ၁၉၆၀ကျော်၊ ၁၉၈၉၊ ၁၉၉၈ စသဖြင့် စစ်အစိုးရအဆက်ဆက်ခေတ်တွင် နိုင်ငံရေးကြောင့် အကြိမ်ကြိမ်ထောင်ချညှဉ်းပန်းခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးနယ်သို့ ခေါ်ယူခဲ့သူ တဦးဖြစ်ပြီး NLD လူမှုအထောက်အကူပြု ဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ရေးတွင် အထူးတက်ကြွခဲ့သည်။

ဘီဘီစီရုပ်မြင်သံကြား၏ Who Really Killed Aung San? မော်ကွန်းတင် ရုပ်သံဇာတ်လမ်းတွဲ၊ ကိုအောင်ထွန်း၏ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းစသည့် နိုင်ငံရေးသမိုင်းမှတ်တမ်းများအတွက် ကူညီခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုစာအုပ်အတွက် အသက် ၈၀ မှာ ထောင်ကျခဲ့သေးသည်။

“ထောင်အရသာ” စာအုပ်ကို သခင်သန်းထွန်း၊ သခင်တင်မြ၊ သခင်မျိုးညွန့်၊ သခင်အေးကြူတို့နှင့် ပူးတွဲရေးခဲ့သည်။

ကြံ့ဖွံ့ မဲမပေးရေး လူငယ်များစာဖြန့်

မြင့်မောင် | သောကြာနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ’ကြံ့ဖွံ့ကို မဲထည့်ရင် ပြည်သူတွေ ငတ်အုံးမှာပဲ’ စာသားပါသည့် စာရွက်များကို စာတိုက်မှတဆင့် လုပ်ငန်းရှင်များ၊ ရုံးဌာနများသို့ ရန်ကုန်ရှိ မြေအောက်လှုပ်ရှားနေသည့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူကျောင်းသားလူငယ်များအဖွဲ့က ပို့ခဲ့ကြောင်း သိရသည်။

ဖုန်းစာအုပ်များရှိ လုပ်ငန်းရှင်များနှင့် အစိုးရရုံး လိပ်စာများကို ကူးယူကာ စာအိတ် ၁,၀၀၀ ကျော်ဖြင့် အရင်အပတ်ကတည်းက ပို့ခဲ့ကြောင်း အဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

“ရွှေဝါရောင် လှုပ်ရှားမှုနဲ့ တိုက်ဆိုင်နေတဲ့အတွက် ကြံ့ဖွံ့ကို မဲပေးရင် သံဃာတွေကို သတ်အုံးမှာပဲ၊ ကြံ့ဖွံ့ကို မဲထည့်ရင် ပြည်သူတွေ ငတ်အုံးမှာပဲ၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲထည့်ရင် ကျောင်းသားတွေ ထောင်ထဲထည့်အုံးမှာပဲဆိုတဲ့ စာတမ်းပါတဲ့ ပို့စကတ်တွေကို စာအိတ်ထဲ ထည့်ပြီး ပို့တာပါ” ဟု လှုပ်ရှားမှုတွင် ပါဝင်သည့် ကျောင်းသား တဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲတွင် မဲမပေးဘဲနေလိုက နေပိုင်ခွင့်ရှိသည်ဆိုသည့် ပြောဆိုချက်စာသားလည်း ပါရှိပြီး တိုင်းနှင့် ပြည်နယ်ရှိ လုပ်ငန်းရှင်များနှင့် အစိုးရရုံးဌာနများသို့ ပေးပို့ခဲ့သည်။

“၂၀၁၀မှာ ပြည်သူတွေအနေနဲ့ မဲမထည့်ဘဲ နေပိုင်ခွင့်ရှိတယ် ဆိုတဲ့ဟာကို သိစေချင်တယ်။ အစိုးရရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို အသုံးချပြီးတော့ လူမနာအောင် လုပ်တဲ့လုပ်နည်း ဖြစ်တယ်။ မြန်မာ တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ အောက်ခြေ အလုပ်သမားတွေ၊ ၀န်ထမ်းတွေ လက်ထဲရောက်အောင် ရည်ရွယ်ပြီးလုပ်တဲ့ သဘောပါ။ တခြား ပြည်တွင်းမှာ ရှိတဲ့ ရဲဘော်တွေအနေနဲ့ လူမနာတဲ့ နည်းတွေကို သုံးပြီး လုပ်ကြဖို့ဆိုတာလည်း ပြောချင်တာပါ” ဟု လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တဦးက ပြောဆိုသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းမှတဆင့် မှာကြားခဲ့သည့် “နိုင်ငံသားတိုင်း လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိသည်။ နိုင်ငံသားတိုင်းသည် မိမိ၏ ဆန္ဒအရ မဲမပေးဘဲ နေထိုင်ခွင့် ရှိသည်။ အတင်းအကျပ် မဲထည့်ခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်’’ ဟူသော ပြောဆိုချက်ကို ၄ လက်မပတ်လည် စာရွက်များတွင် ရေးကာ အောက်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ဖော်ပြထားသည့် စာရွက်များကို ၎င်းအဖွဲ့ကပင် ရန်ကုန်တိုင်း ၁၁ မြို့နယ်တွင် ယခုလ ၁၂ ရက်က ဖြန့်ခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ စာရွက်ငယ်များကို လက်ဝယ်တွေ့ရှိမှုဖြင့် ရွှေပြည်သာက ကိုခိုင်ဇော် နှင့် မောင်အောင်သိန်းဇော်ကို ယနေ့ နေ့လည်ပိုင်းက ရပ်ကွပ်လူကြီးနှင့် ရဲအရာရှိများက ဖမ်းဆီးသွားကြာင်း သိရသော်လည်း အသေးစိတ် အခြေအနေအနေနှင့် ဘယ်နေရာတွင်ထားမှန်း မသိရသေးကြောင်း မြို့ခံများက ပြောဆိုကြသည်။

အလားတူ ယခုလ ၁၅ ရက် ညပိုင်းတွင် မြောက်ဥက္ကလာပမှ ကျောင်းသား ၅ ဦး အဖမ်းခံရကြောင်း သိရသော်လည်း အသေးစိတ် အခြေအနေ မသိရသေးဟု ဆိုသည်။

မိမိဆန္ဒအရ မဲမပေးဘဲ နေခွင့်ရှိသည် စာသားများနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ စာရွက်ငယ်များကို မြောက်ဥက္ကလာ ရွှေပေါက်ကံ ၁၈ ရက်ကွက် ဗိုလ်တေဇလမ်း၌ ဖြန့်ဝေခဲ့သေးသည်။ ယင်းကိစ္စနှင့် ဆက်စပ်ကာ ဖမ်းဆီးဖွယ်ရှိကြောင်း ဒေသခံများက ထင်ကြေးပေးကြသည်။

ကျောင်းသားလူငယ်များအဖွဲ့ကို ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားများနှင့် တက်ကြွသောလူငယ်များ ပူးပေါင်း ဖွဲ့စည်းခဲ့သည်။

သက်သေ မရှိဘဲ နောက်ထပ် အနှစ် ၂ဝ

မြင့်မောင် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမှုသည် ၇ ဦးကို မျက်မြင်သက်သေ အထောက်အထားမရှိဘဲ ထောင်အနှစ် ၂ဝ စီ ချသည်ဟု ရန်ကုန် ဗုံးပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ အနောက်ပိုင်းခရိုင် တရားရုံးနှစ်ရုံးက ယမန်နေ့က စီရင်ချက်ချခြင်းကို ရှေ့နေ ဦးကျော်ဟိုးက ပြောဆိုသည်။

၂ဝဝ၈ က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင် ကိုအေးမင်းနိုင် အပါအဝင် ၇ ဦးကို ပြည်မြို့၌ ဖောက်ခွဲရေးပစ္စည်းများနှင့် ဖမ်းမိပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၃၁ နှစ်မှ ၃၈ နှစ်အထိ ချမှတ်ခံခဲ့ရသည်။ ယခုတဖန် ၂ဝဝ၄-၂ဝဝ၅ အတွင်း ရန်ကုန် ၃ နေရာတွင် ဗုံးကွဲမှုများနှင့် ဆက်စပ်သည်ဆိုကာ ပန်းဘဲတန်း၊ ကျောက်တံတားနှင့် တောင်ဥက္ကလာပ ရဲစခန်းများမှ ရဲအုပ် ၂ ဦးနှင့် ဒုရဲအုပ်တဦးက တရားလိုလုပ်၍ တရားစွဲခဲ့ပြီး ဖောက်ခွဲရေးပုဒ်မ ၂ ခုဖြင့် တမှုလျှင် ၁ဝ နှစ်စီ ကျခံရမည်ဖြစ်သောကြောင့် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂ဝ စီ ထပ်မံတိုးချလိုက်ပြန်သည်။

“အမှုစစ်တဲ့အခါ မျက်မြင်သက်သေလိုတယ်၊ အထောက်အထားလိုတယ်။ အားပေးကူညီတယ်ဆိုတာက ဘယ်လိုနေရာမှာ ကူညီသလဲ၊ ဘယ်လိုနေရာမှာ အားပေးသလဲ မေးရတယ်။ ဘာမှလည်း မျက်မြင်သက်သေမရှိဘူး၊ အထောက်အထား မရှိဘူး။ တရားရုံးက အပြစ်ပေးလိုက်တာမှာ ဘယ်သူဘယ်ဝါ ဘယ်သက်သေက မြင်တယ်၊ ဘယ်အထောက်အထား ရှိတယ်ဆိုတာကို တိတိပပ ကပ်မထားဘူး။ အဲဒီတော့ ဥပဒေအချက်နဲ့ သိပ်ပြီး မညီဘူးပေါ့ဗျာ။ ဥပဒေအချက်နဲ့ ပေါ်ပေါက်ချက်တွေက စစ်တာဆေးတာ သိပ်ပြီး မညီညွတ်ဘူးပေါ့ဗျာ” ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

၂ဝဝ၄-၂ဝဝ၅ က ရန်ကုန်မြို့ Zawgyi House စားသောက်ဆိုင်၊ Panorama ဟိုတယ်အနီးနှင့် ပါရမီကားဝင်းအတွင်းရှိ ရွှေမန်းသူကားဂိတ် ဗုံးကွဲမှုများတွင် လက်သည်တရားခံများအဖြစ် စွပ်စွဲကာ အနောက်ပိုင်းခရိုင် ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် တရားရုံးများက ဖောက်ခွဲရေးပုဒ်မ ၃ ဖြင့် တရားစွဲပြီး မနေ့က အနှစ် ၂ဝ စီ ချမှတ်ခဲ့သည်။

“အဲဒီအမှုတွေက တရားခံ စုံစမ်းဖော်ထုတ်လို့ မရတဲ့ အမှုတွေ ဖြစ်တယ်။ ၂ဝဝ၈ ကျမှ ကိုအေးမင်းနိုင်တို့အုပ်စု ပြည်မှာ မိတာကို ဆက်စပ်တယ်ဆိုပြီး ပြန်ဖွင့်လိုက်တဲ့ အမှုတွေ ဖြစ်တယ်။ အဲဒီ ၃ မှုထဲက ၂ မှုကို တရားရုံး ၂ ခုက ထောင်ဒဏ် ၁ဝ နှစ်စီ ထပ်တိုးချလိုက်တယ်” ဟု ဦးကျော်ဟိုးက ပြောသည်။

ပန်းဘဲတန်းမြို့နယ် တရားသူကြီး ဦးမြင့်စန်းက ဖောက်ခွဲရေးပုဒ်မ ၃ ဖြင့် ၁ဝ နှစ်၊ ကျောက်တံတားမြို့နယ် တရားသူကြီး ဒေါ်နုနုခင်က ဖောက်ခွဲရေး ပုဒ်မ ၃ ဖြင့် ၁ဝ နှစ်စီ ချကြောင်း ကိုအေးမင်းနိုင်၏ ဆွေမျိုးတဦးကလည်း မဇ္ဈိမကို ပြောသည်။

၎င်းတို့ ၇ ဦးမှာ ကိုအေးမင်းနိုင်၊ သူ၏ ဇနီး မစန်းစန်းမော် (ခ) မိဌေး၊ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှ ကိုကျော်စွာလင်း ခေါ် ခူစာရယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့မှ ဒေါ်ခင်ရီ (ခ) ဒေါ်စန်း၊ ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ခြောက်လုံးကြီး ရွာသား ကိုဇော်လွင်၊ ပဲခူးတိုင်း ပြည်မြို့ ကျွန်းတောရပ်မှ ကိုကျော်ဇင်ဦးနှင့် မကွေးတိုင်း အောင်လံမြို့နယ် ဒုရင်သဘိုရွာမှ ကိုထက်ကိုလွင်တို့ ဖြစ်သည်။

ကိုအေးမင်းနိုင်၊ မစန်းစန်းမော်၊ ကိုကျော်စွာလင်းနှင့် ဒေါ်ခင်ရီကို ၂ဝဝ၈ တွင် မတရားအသင်းပုဒ်မ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ဆက်သွယ်ရေးပုဒ်မ၊ လက်နက်ခဲယမ်း ကိုင်ဆောင်မှု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ပြည်မြို့နယ်နှင့် ခရိုင် တရားရုံးများက ထောင်ဒဏ် ၃၈ နှစ်စီ၊ ကျန် ၃ ဦးကို ၃၁ နှစ်စီ ချမှတ်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို သာယာဝတီထောင်သို့ ပို့ခဲ့ပြီး ၂ဝဝ၉ နှစ်လယ်ပိုင်းတွင် နောက်တိုးပုဒ်မများဖြင့် တရားစွဲရန် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ပြစ်ဒဏ်ချမှတ်မှုများနှင့်ပတ်သက်၍ ပြင်ဆင်ရန် တိုင်းရုံးနှင့် ဗဟိုတရားရုံးချုပ်များသို့ အယူခံဝင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် နောက်ထပ် ဖောက်ခွဲရေးပုဒ်မ ၃ ဖြင့် စွဲချက်ကိုလည်း တရားဆိုင်နေရကြောင်း သိရသည်။ အမှုအတွက် ဦးကျော်ဟိုးအပြင် ရှေ့နေ ဦးမောင်မောင်လတ်လည်း လိုက်ပါဆောင်ရွက်ပေးနေသည်။

၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရန် တက်ကြွသော ကျောင်းသားလူငယ်များက ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာတွင် ထိုနှစ် နိုဝင်ဘာလ ၁ ရက်က ABSDF ကျောင်းသားတပ်မတော်ကို ဖွဲ့စည်းခဲ့သည်။

ဦးတင်ဦး စင်္ကာပူတွင် မျက်စိခွဲရန်ရှိ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး မျက်စိ ခွဲစိတ်ရန် ဤလကုန်ပိုင်း စင်္ကာပူ သွားစရာ ရှိသည်ဟု ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက ပြောသည်။

U-Tin-Oo“စင်္ကာပူမှာ ၄ ရက်ပဲ ကြာမယ် ပြောတယ်။ ခရီးကိစ္စ ပန်းလှိုင်က တာဝန်ယူ ဆောင်ရွက်နေတယ်။ ပန်းလှိုင်က ဆရာဝန်ပဲ ခွဲမယ်။ ကျန်တဲ့ အခြေအနေတော့ မသိဘူးပေါ့။ လက်ရှိ အခြေအနေအရ သွားဖြစ်၊ မသွားဖြစ် မသိရသေးဘူး” ဟု မဖြူဖြူသင်းက ဆိုသည်။

လက်ရှိ ကြည့်ရှုပေးနေသည့် ရန်ကုန် ပန်းလှိုင်ဆေးရုံမှ ဆရာဝန်များ အကြံပြုချက်အရ စင်္ကာပူတွင် ကုသနိုင်ရေး လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပြီး ဖြစ်သည်။

သို့သော် လာမည့် ရွေးကောက်ပွဲ သပိတ်မှောက်ထားသော ယခင် ရွေးကောက်ပွဲ အနိုင်ရ အဓိက အတိုက်အခံ အဖွဲ့ကြီး၏ အရေးပါသော ခေါင်းဆောင်ကို ပြည်ပြန်ဝင်ခွင့် မပြုဘဲ စစ်အစိုးရက ညစ်ထားမှာကိုလည်း ဖျက်သိမ်းခံရသော ပါတီဝင်အများ စိုးရိမ်နေကြသည်။

ရင်ကျပ်ရောဂါကြောင့် ယခုလ ၁၂ ရက်နေ့ကစ၍ ရန်ကုန် အာရှတော်ဝင် ဆေးရုံတက်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် ဦးဝင်းတင်၏ ကျန်းမာရေးမှာကား သက်သာလာပြီဟု သိရသည်။

“တဖြည်းဖြည်း သက်သာလာတယ်။ လုံးဝတော့ မပျောက်သေးဘူး။ အဓိက အဆုတ်က ဖြစ်တယ်။ ချောင်းဆိုးလွန်းတော့ ရင်ဘတ်ရော၊ ဗိုက်ကြောတွေရော နာတယ်။ အရင်ကဆို ကောင်းကောင်း စားလို့မဝင်ဘူး။ အခု အစား နည်းနည်း စားနေပါပြီ။ အမောတော့ ရှိသေးတယ်။ ဆေးရုံပေါ် နောက် ၃-၄ ရက်လောက် နေရဦးမယ်လို့ ဆရာဝန်က ပြောတယ်” ဟု မဖြူဖြူသင်းက ပြောသည်။

၈၁ နှစ်အရွယ် ဦးဝင်းတင်သည် နှလုံးခုန်နှုန်း ပုံမှန်မရှိသဖြင့် အာရှတော်ဝင်တွင်ပင် မနှစ် သြဂုတ်လက ကုသခဲ့ရသေးသည်။

မြန်မာလုပ်သား တထောင် သပိတ်လှန်ပြီ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အလုပ်ရှင်နှင့် ပြေလည်မှုရသဖြင့် ထိုင်းနိုင်ငံ Khon kaen မြို့ Dechapanich ငါးဖမ်းပိုက်စက်ရုံရှိ မြန်မာလုပ်သား ၁,ဝဝဝ ကျော် ယနေ့ အလုပ်ပြန်ဆင်းကြသည်။

“ကျနော်တို့ တောင်းဆိုထားတဲ့ အချက်တွေကို လိုက်လျောပေးမယ်ဆိုတော့ ဆန္ဒပြတဲ့ အလုပ်သမားအားလုံး အလုပ်ပြန်ဆင်းတယ်။ ၃ ရက်ဆက်တိုက်ပျက်လို့ အထုတ်ခံထားရတဲ့ ၆ ဦးလည်း အလုပ်ပြန်ဆင်းခွင့် ရတယ်” ဟု ဆန္ဒပြခေါင်းဆောင် တဦးဖြစ်သူ ကိုမိုးထက်က ပြောသည်။

မြန်မာ ၆ ဦး အလုပ်ထုတ်ခံရစဉ် ၎င်းတို့ နိုင်ငံကူးကဒ်များ ပြန်တောင်းရာ အလုပ်ရှင်က ဖျက်ဆီးထားသဖြင့် အလုပ်သမားများ တပတ်ကြာ ဆန္ဒပြခဲ့ကြသည်။

ယာယီပတ်စ်ပို့နှင့် အလုပ်သမားလက်မှတ် ပြန်လည်ရရှိရေး၊ ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်အတိုင်း လုပ်အားခ ရရှိရေး၊ လုပ်ငန်းခွင် ထိခိုက်မှု နစ်နာကြေး ရရှိရေးနှင့် ဖျက်ဆီးခံရသည့် အလုပ်သမား လက်မှတ်ကိစ္စ ဖြေရှင်းပေးရေးအပြင် အလုပ်မှ ထုတ်ပယ်သည့် ၆ ဦးကို ပြန်လုပ်ခွင့်ပေးရေးတို့ကို မြန်မာလုပ်သားများက တောင်းဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံရှိ MAP Foundation နှင့် ရောင်ခြည်ဦး အလုပ်သမား ကူညီဆောင်ရွက်ရေးအဖွဲ့က ဆန္ဒပြ မြန်မာများကို ကူညီခဲ့ရာ MAP က ထိုင်းအာဏာပိုင်များထံ အမြန်ဆုံး ဆောင်ရွက်ပေးရန် မေတ္တာရပ်စာ ပို့ခဲ့ပြီးနောက် ၄ ရက်အကြာတွင် နှစ်ဖက်အကြား ပြေလည်မှု ရရှိခဲ့သည်။

“သူဋ္ဌေးရဲ့ မန်နေဂျာက လိုက်လျောပေးလိုက်တယ်။ အလုပ်သမားတွေရဲ့ ပတ်စ်ပို့တွေကို ပြန်ပေးတယ်။ စာရွက်စာတမ်းတွေ ပျောက်ဆုံးသွားရင်၊ ပျက်စီးသွားရင် အလုပ်သမားတွေကပဲ တာဝန်ယူရမယ်လို့ ပြောတယ်။ အလုပ်သမားတွေ ကိုယ်တိုင်လည်း လကုန် ၃ဝ ရက်နေ့တိုင်း သက်တမ်းသွားတိုးရမယ်။ တာဝန်ရှိ လူတွေလာရင် အလုပ်သမားတွေ ကိုယ်တိုင်ပြနိုင်ရမယ်” ဟု MAP အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Mai Mai က ပြောသည်။

သူက ဆက်ပြီး “တခြားတနေရာကို ပြောင်းမယ်ဆိုရင်လည်း သူဋ္ဌေးကို ပြောရမယ်။ အလုပ်ခိုးမထွက်ရဘူးဆိုတဲ့ စည်းမျဉ်း စည်းကမ်းတွေကို သဘောတူညီချက် ရသွားတယ်။ အလုပ်သမားတွေရဲ့ လုပ်အားခ လစာကို ထိုင်းအလုပ်သမားတွေရဲ့ လုပ်အားခနဲ့အညီ ပေးမယ်။ အလုပ်သမားတွေရဲ့ ကျန်မာရေးကိစ္စတွေကို တာဝန်ယူ ဆောင်ရွက်ပေးမယ်” ဟု ပြောသည်။

မြန်မာလုပ်သားများကို Khon kaen မြို့ စက်ရုံများရှိ ထိုင်းနိုင်ငံသား လုပ်သားများနည်းတူ တနေ့လျှင် လုပ်အားခ ၁၅၇ ဘတ်အတိုင်း လုပ်ခတိုးမြှင့်ပေးသော်လည်း သတ်မှတ်ထားသည့် စံနှုန်းအတိုင်း မပြည့်မီလျှင် အလုပ်ရှင်အနေဖြင့် အလုပ်မှ ထုတ်ပယ်ခွင့်ရှိမည့်အပြင် ယခုသဘောတူညီချက်သည် အလုပ်သမားနှင့် အလုပ်ရှင်ကြား အလုပ်ခန့်အပ်စာအရ လက်မှတ်ထိုးထားသည့် သက်တမ်းအထိသာ အကြုံးဝင်သည်။

အချိန်ပိုဆင်းလျှင် ထိုင်းနိုင်ငံသားများနည်းတူ ခံစားခွင့်ပေးမည်ဟု စက်ရုံမန်နေဂျာက ကတိပေးခဲ့သည်။ ယခင်က တနေ့ လုပ်အားခမှာ ဘတ် ၁၄ဝ သာ ပေးခဲ့ပြီး၊ တရက်လျှင် တနာရီခွဲ အခမဲ့ လုပ်ပေးရသည်။ အချိန်ပိုအတွက် တနာရီလျှင် ဘတ် ၃ဝ သာ ရရှိခဲ့ကြသည်။

ဘန်ကောက်ရှိ မြန်မာသံရုံးက လာရောက်ဖြေရှင်းပေးမည်ဟု ပြောခဲ့သော်လည်း တာဝန်ရှိသူများ လာရောက်ခြင်း မရှိခဲ့ပါ။

စက်ရုံ၌ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်မှ မြန်မာဦးရေ ၂,၁၅ဝ ခန့် အလုပ်လုပ်နေသည်။

ဖုန်းလိုင်းများ ကြားဖြတ်နားထောင်ခံရ

မြင့်မောင် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ ဖုန်းလိုင်းများကို ယခုအခါ ကြားဖြတ်နားထောင်မှု ရှိနေကြောင်း ထင်ရှားသော နိုင်ငံရေးသမားများက ပြောသည်။

“အသံဖမ်းထားရင် အသံတိုးတာတို့၊ ဖုန်းလိုင်းတွေက တခါတလေ ကိုယ့်အသံကို ကိုယ်ပြန်ကြားတာတို့၊ လိုဏ်သံတွေ ပါတယ်။ တခြား ဖုန်းတွေနဲ့ မတူဘူး။ အသံက တမျိုးဖြစ်နေတယ်။ သာမန်ဖုန်းတွေလို မဟုတ်ဘူး။ အမျိုးမျိုး ဖြစ်နေတယ်။ အရင်က ကြားဖြတ်နားထောင်တယ်၊ အခုလည်း နားထောင်တာတွေ ရှိတယ်။ အန်ကယ်တို့က ပြောစရာရှိရင် ဒီဖုန်းနဲ့ပဲ ပြောရတယ်။ မီဒီယာတွေကိုလည်း ဒီဖုန်းတွေနဲ့ ပြောနေရတာပဲ” ဟု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

မကြာခဏ အဝင်အထွက် ဖုန်းလိုင်းများ ခေါ်ဆိုနားထောင်၍ မရဘဲ၊ ထောက်လှမ်းရေး ညွှန်ချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်ကတည်းက တယ်လီဖုန်း အိတ်ချိန်းရုံးများက ကြားဖြတ် နားထောင်ခဲ့ကြောင်း အိတ်ချိန်း တာဝန်ရှိသူများက ပြန်ပြောပြခဲ့သည်ဟု သူက ဆိုသည်။

ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၏ လက်ကိုင်ဖုန်းကိုလည်း ကြားဖြတ် နားထောင်ခံနေရကြောင်း မကြာသေးခင်က မဇ္ဈိမ ဆက်သွယ်မေးမြန်းမှု တရပ်တွင် သူက ပြောဆိုခဲ့သေးသည်။

ရန်ကုန်မြို့ရှိ မီဒီယာ လုပ်ငန်းရှင် တဦးကမူ “နာမည်ရှိတဲ့ အတိုက်အခံပါတီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စာနယ်ဇင်း အသိုင်းအဝိုင်းက လူတွေရဲ့ ဖုန်းတွေကို စောင့်ပြီး နားထောင်တာတွေ ရှိတယ်။ ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံကို ဝင်တဲ့၊ ထွက်တဲ့ ဖုန်းအားလုံးကို စောင့်ပြီး အသံဖမ်းထားတယ်” ဟု ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ လွှတ်တော် အမတ်လောင်းများနှင့် ပါတီခေါင်းဆောင်များ၏ ဖုန်းလိုင်းများကို ကြားဖြတ်နားထောင်မှု ပိုမိုပြုလုပ်လာဖွယ်ရှိကြောင်း ပြည်တွင်းရှိ နိုင်ငံရေးသမားများက ခန့်မှန်းကြသည်။

ဦးတင်ဦး မျက်စိခွဲရမည်

မြင့်မောင် | တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ မျက်စိဝေဒနာ ခွဲစိတ်ကုသရန် လိုနေကြောင်း သိရသည်။

ရန်ကုန် ပန်းလှိုင် ဆေးရုံ၌ ပြသနေရာမှ ယခု ခွဲစိတ်ရေးအတွက် ဆရာဝန်များနှင့် ညှိနှိုင်းနေသည်။

“မျက်စိခွဲဖို့ အစီအစဉ် လုပ်နေတယ်။ မနက်ဖြန်မှာ ဆရာဝန်နဲ့ ချိန်းထားတယ်။ အသက်အရွယ် ကြီးပြီဆိုတော့ အရင်ကလို မကြည့်နိုင်တော့ဘူးပေါ့။ အခုလက်ရှိထက် နည်းနည်း ကြည်အောင် ခွဲစိတ်ဖို့ လုပ်တဲ့ သဘောပါပဲ” ဟု ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီက သူ့နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ကာ ပြန်လွတ်လာခဲ့သည်။

U-Tin-OoNLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်လည်း ရင်ကျပ်ရောဂါကြောင့် ရန်ကုန် အာရှတော်ဝင် ဆေးရုံ၌ မနေ့ကစ၍ တက်ရောက်နေရာ ၃-၄ ရက်ခန့် ဆက်နားရဦးမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သီးခြား NLD သတင်းရပ်ကွက်တခုကမူ ပြည်ပတွင် သွားကုရမည့် အခြေအနေရှိ၍ စဉ်းစားနေသည် ဆိုသည်။

စင်္ကာပူ သွားကုရန် ဆရာဝန်များက ညွှန်းသော်လည်း နိုင်ငံတွင်း ပြန်ဝင်ခွင့်မပြုမည်ကို စိတ်ဓာတ်မာသော NLD ခေါင်းဆောင်က စိုးရိမ်နေသည် ကြားရသည်။

ကာယကံရှင်နှင့် ဆေးရုံဘက်က အတည်ပြုချက် မရပါ။

ဦးဝင်းတင် ဆေးရုံတက်ရ

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ စက်တင်ဘာလ ၁၂ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို ရင်ကြပ်ရောဂါ ကုသရန် ရန်ကုန် အာရှတော်ဝင် ဆေးရုံတွင် တင်ထားသည်။

“အာရှတော်ဝင် ဆေးခန်းကို မနက်က သွားပြတော့ ဆရာဝန်က ဆေးရုံတက်ပါ ဆိုပြီး ဆေးရုံကို ခေါ်ထားလိုက်တယ်။ ရောဂါက သိပ်မစိုးရိမ်ရပါဘူး။ ဆရာဝန်က သူ့လည်ပင်းက လေပြွန်ယောင်နေတယ် ပြောတယ်။ အဆုတ်ကလည်း နည်းနည်းပွတယ် ဆိုတယ်။ ဆရာဝန်တွေက စိုးရိမ်လို့ ဒီတညတော့ အရေးပေါ် အခန်းမှာ ထားချင်တယ် ပြောတယ်။ မနက်ဖြန်ကျရင် တခြား အခန်းကို ပြောင်းပေးမယ် ”ဟု ဦးဝင်းတင်၏ မိတ်ဆွေရင်း ဦးအုန်းထွန်းက ပြောသည်။

“သူ့မှာက နှလုံးရောဂါ ရှိတယ်ဗျာ။ ကိုဝင်းတင်မှာ နှလုံးခုန်နှုန်း စက်ကလေး တပ်ထားရတယ်။ အဲဒီ စက်က တနှစ်တခါ ပြန်ပြီးတော့ စစ်ဆေးရတယ်။ သူ့ နှလုံး အလုပ်လုပ်တာ နည်းနည်း ကောင်းလာတဲ့အတွက် အဲဒီစက်ကို ဆေးခန်းက လျှော့ပေးလိုက်တယ်။ အဲဒီက အပြန် မောတယ်၊ မောတယ်ဆိုပြီး ပြောတယ်။ မနေ့ညက တအားချောင်းဆိုးတော့ အိမ်နားက နီးစပ်ရာ ဆရာဝန်တွေကို ပြတယ်။ သူတို့က ဆရာဝန်ကြီးတွေ ကိုင်ထားတဲ့ရောဂါ ဖြစ်တဲ့အတွက်ကြောင့် မကုရဲဘူး။ အဲဒါနဲ့ သူ တညလုံး ရောဂါ ခံနေရတယ်” ဟု ဦးအုန်းထွန်းက ဆက်ပြောသည်။

မြန်မာလုပ်သား တထောင်ကျော် ထိုင်းတွင် ၃ ရက်မြောက် ဆန္ဒပြ

မြင့်မောင် | သောကြာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က ဖျက်ဆီးပစ်သည်ဆိုကာ ထိုင်းနိုင်ငံ Khon kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ တရားဝင် မြန်မာလုပ်သား ၁,ဝဝဝ ကျော် ၃ ရက်မြောက်ဆက်ပြီး ဆန္ဒပြနေသည်။

မြန်မာလုပ်သား ၆ ဦး ၃ ရက်ဆက်တိုက် အလုပ်ပျက်သဖြင့် ယခုလ ၇ ရက်နေ့က အလုပ်ထုတ်ခံရစဉ် ၎င်းတို့ နိုင်ငံကူးကဒ်များ ပြန်တောင်းရာ အလုပ်ရှင်ဘက်က ဖျက်ဆီးထားကြောင်း တွေ့ရအပြီး နောက်ရက်တွင် စက်ရုံအနီး အလုပ်သမားများ ဘုရားရှိခိုးဝင်းအတွင်း စတင်ဆန္ဒပြကြသည်။

“ပတ်စပို့ ဗီဇာတွေကို မြဝတီဘက်စခန်းမှာ လုပ်လာစဉ် တုန်းက တနှစ်ကို ဒီမှာ လုပ်ရမယ်၊ နောက်တနှစ်ကို အပြင်မှာ လုပ်စားခွင့် ရှိတယ်၊ သက်တမ်းတိုးလို့ ရတယ်ဆိုပြီး ထုတ်ပေးလိုက်တာ။ အဲဒါ အလုပ်ရှင်က ပတ်စ်ပို့ ဗီဇာတွေကို မင်တွေနဲ့ ဖျက်ထားတယ်။ Cancel ဆိုတာ ရေးပြီးတော့ ကျနော်တို့လက်ထဲ ပြန်အပ်တော့ ဘာမှ သုံးမရတော့ဘူး” ဟု ဦးဆောင်ဆန္ဒပြသူ ကိုဇော်မင်းနိုင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြခေါင်းဆောင် နောက်တဦးဖြစ်သည့် ကိုမိုးထက်က“ဒီမှာ အလုပ် ၃ ရက် ပျက်လို့ရှိရင် အလုပ်ထုတ်ခွင့်ရှိတဲ့ ဥပဒေ ရှိပါတယ်။ အဲဒီဥပဒေနဲ့ ငြိလို့ အလုပ်ထုတ်တယ်လို့ ပြောပါတယ်။ အမှန်တကယ် အလုပ်သမားတွေအလုပ်ပျက်တာက ကျန်းမာရေးကြောင့်ပါ” ဟု ပြောသည်။

ဆန္ဒပြပွဲနှင့်ပတ်သက်၍ Dechapanich စက်ရုံကို ဆက်သွယ်မေးမြန်းသည့်အခါ စက်ရုံအရာရှိက ဆန္ဒပြနေတာ ဟုတ်မှန်ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ဖြေကြားရန် ငြင်းဆိုသည်။

ထိုင်းနိုင်ငံရှိ MAP Foundation နှင့် ရောင်ခြည်ဦး အလုပ်သမား ကူညီဆောင်ရွက်ရေးအဖွဲ့တို့က ဆန္ဒပြသူများကို ကူညီနေကြရာ MAP က ထိုင်းနိုင်ငံ အလုပ်သမား စီမံခန့်ခွဲရေးဌာန၊ ရဲမှူးချုပ်နှင့် အမှတ် ၄ ရဲမှူးကြီးထံ အမြန်ဆုံး ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။

’’အလုပ်သမားတွေကို မြန်မာနိုင်ငံ ပြန်မပို့ဘဲ ဥပဒေအရ စောင့်ရှောက်ပေးဖို့၊ အဖြစ်မှန် ဖော်ထုတ်ပေးဖို့၊ တရားဥပဒေအတိုင်း ကူညီပေးဖို့ ထည့်သွင်းတောင်းဆိုထားတယ်။ အလုပ်သမားတွေ အကြွေးယူ စားသောက်ရတဲ့ဆိုင်ကို အလုပ်ရှင်က ပိတ်လိုက်တဲ့အတွက် အခက်အခဲဖြစ်နေတဲ့အတွက် ဆိုင်ပြန်ဖွင့်ပေးဖို့ အလုပ်ရှင်ကို ကျမတို့ ပြောခဲ့တယ်’’ ဟု MAP အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Mai Mai က ပြောသည်။

Khon kaen မြို့ရှိ စက်ရုံများ၌ အခြား တရားဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ တနေ့လျှင် ၁၅၇ ဘတ် ရသော်လည်း Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ မြန်မာလုပ်သားများကို ဘတ် ၁၄ဝ သာ ပေးပြီး တရက် တနာရီခွဲ အခမဲ့ လုပ်ပေးရသည်။ အချိန်ပိုအတွက် တနာရီလျှင် ဘတ် ၃ဝ သာ ပေးသည်။

စက်ရုံ၌ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်မှ မြန်မာ ၂,၁၄၇ ဦး အလုပ်လုပ်နေသည်။

ဘန်ကောက် မြန်မာသံရုံးမှ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

ရွေးကောက်ပွဲကို CRPP သပိတ်မှောက်

မြင့်မောင် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ရွေးကောက်ပွဲတွင် မဲမပေးဘဲ သပိတ်မှောက်ရန် မြန်မာပြည်တွင်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ပြောဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်၌ ယခုလ ၃ ရက်နေ့တွင် ကျင်းပခဲ့သည့် CRPP အဖွဲ့ဝင် ၉ ဦး တက်ရောက်သော အစည်းအဝေးက စစ်အစိုးရ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဥပဒေအရ မဲမပေးဘဲ နေနိုင်သည့် အခွင့်အရေး ရှိသဖြင့် ပြည်သူများအနေဖြင့် မဲရုံသို့ မသွားဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် အခန်း (၁) အပိုဒ်၂ (ဎ) တွင် ဖော်ပြထားသည့် ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးနှင့် မဲမပေးဘဲ နေနိုင်သော အခွင့်အရေးရှိကြောင်း ရေးထားသည့် စာရွက်
“သပိတ်မှောက်တယ် ဆိုတာကတော့ ပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲဟာ မိမိအတွက်၊ ပြည်သူတွေအတွက်၊ တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ သိမြင်လာရင် ရွေးကောက်ပွဲကို မဲဆန္ဒမပေးဘဲလည်း နေနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတဲ့ သဘောထားပါပဲ” ဟု CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

ဇိုမီးအမျိုးသားကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က “၂ဝဝ၈ အခြေခံဥပဒေကို အတည်ဖြစ်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲ။ ဒီအခြေခံဥပဒေကို အစကတည်းက ကန့်ကွက်တယ်။ ဥပဒေရေးဆွဲတုန်းကလည်း ကန့်ကွက်ပြီး ဥပဒေရေးဆွဲရေး ခန်းမကနေ ထွက်ခဲ့တယ်။ ဒီရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေတွေ လုပ်တာတွေ၊ လွှတ်တော်အမျိုးမျိုး လုပ်တာတွေ ဘယ်ကလာလဲဆိုတော့ အခြေခံ ဥပဒေက လာတာ။ ဒီအခြေခံ ဥပဒေတွေက အတည်မဖြစ်သေးတဲ့ ဥပဒေကို အခြေခံပြီး လုပ်တာက ဥပဒေနဲ့ မညီဘူး၊ မမှန်ဘူး။ အဲဒီအတွက် ကျနော်တို့က ဒီရွေးကောက်ပွဲကို သပိတ်မှောက်တာ” ဟု ပြောသည်။

သပိတ်မှောက်မှုနှင့် ပတ်သက်၍ CRPP ခေါင်းဆောင်များက NLD ခေါင်းဆောင်များနှင့်အတူ တိုင်းနှင့် ပြည်နယ်များသို့ စည်းရုံးရေး ခရီးစဉ်များတွင် လိုက်ပါရှင်းပြပြီး တိုင်းရင်းသားများ ရင်ဆိုင်နေရသည့် အခက်အခဲနှင့် ဒုက္ခပြဿနာများကို ဆွေးနွေးသွားမည်ဖြစ်သည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ၂ဝဝ၈ အခြေခံ ဥပဒေကို လက်မခံနိုင်သဖြင့် နှစ်ဖက်အကြား တင်းမာလာပြီး ပြည်တွင်းစစ်မီး တောက်လောင်လာမည်ကို စိုးရိမ်ကြောင်း CRPP အစည်းအဝေးတွင် ဆွေးနွေးခဲ့သေးသည်။

ဒီမိုကရေစီနှင့် တိုင်းရင်းသား အခွင့်အရေးကို ဖော်ဆောင်ပါက ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြဋ္ဌာန်းနိုင်မှသာ ပြည်တွင်စစ်ချုပ်ငြိမ်းကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု ဦးအေးသာအောင်က ပြောသည်။

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုကော်မတီဝင် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ဦးထောင်ကိုထန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းနှင့် ဇိုမီးအမျိုးသား ကွန်ကရက်မှ ပူးကျင်ရှင်းထန်တို့ အစည်းအဝေး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

CRPP ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈ဝ ရာခိုင်နှုန်းကျော်တွင် အနိုင်ရခဲ့သည့် NLD နှင့် တိုင်းရင်းသား ပါတီအချို့က လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ကွန်ကရက်ပါတီ အတွင်းရေးမှူး ဝေမှူးသွင်ကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း မဇ္ဈိမကို ပြောဆိုလိုက်သည်။

“နိုင်ငံရေး ပါတီတွေအပေါ်မှာ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ၊ တုံ့ပြန်ချက်တွေက လုံးဝ မကျေနပ်နိုင်ဘူး။ အဲဒီအတွက် ရွေးကောက်ပွဲ မဝင်တော့ဘူး။ ပါတီအနေနဲ့ တပါတီလုံး ကိုယ်စားလှယ်လောင်းအဖြစ် မတင်ဘူး။ တသီးပုဂ္ဂလအနေနဲ့ တင်တဲ့ လူတချို့လည်း ရှိတယ်။ ပါတီအနေနဲ့ အနည်းဆုံး ကိုယ်စားလှယ်လောင်း ၃ ယောက်တင်မှ ဆက်ပြီး ရပ်တည်နိုင်မယ်။ အခု ပါတီက တယောက်မှ မတင်တော့ဘူး။ ဘယ်လို ဆက်ဖြစ်မယ်ဆိုတာ မပြောနိုင်သေးဘူး” ဟု ဦးဝေမှူးသွင်က ပြောသည်။

ထို့ပြင် ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ နေရာအချို့၌ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်မှ နုတ်ထွက်နိုင်သော အခွင့်အရေးနှင့် မဲမပေးဘဲ နေနိုင်သော အခွင့်အရေးရှိကြောင်း ရေးထားသည့် စာရွက်များကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်များက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် အခန်း (၁) အပိုဒ်၂ (ဎ) တွင် ဖော်ပြထားသည့် ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သည့် အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းမှာ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်ဟု စာရွက်များတွင် ရေးသားထားသည်။

မိုးသည်းမှုကြောင့် ကျေးရွာများ ရေနစ်မြုပ်

မြင့်မောင် | သောကြာနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လွန်ခဲ့သော ၂ ရက်ခန့်က မန္တလေးတိုင်း မြို့နယ် ၃ မြို့နယ်အတွင်း ကျေးရွာ ၁ဝ ရွာကျော်ရှိ နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ယခုလ ၂၄ ရက်နေ့ ညပိုင်းနှင့် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဝမ်းတွင်း၊ မလှိုင်နှင့် နွားထိုးကြီး မြို့နယ်များ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အိမ်မွေးတိရစ္ဆာန်နှင့် နေအိမ်အချို့ ပျက်စီးကာ အိမ်ခြေအများအပြားမှာ ရေနစ်မြုပ်ကုန်ကြောင်း ဒေသခံများ အပြောအရ သိရခြင်း ဖြစ်သည်။

ဝမ်းတွင်းမြို့တွင် ယခုလ ၂၅ ရက်နေ့ နံနက် ၁ နာရီကျော်မှ ၈ နာရီကျော်အထိ မိုးရွာသွန်းခဲ့ရာ မြို့ပေါ်ရပ်ကွက် ၁၊ ၂ နှင့် သဲတောရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ခင်ကြီး၊ မြေတိုင်ကန်၊ စိန်ပန်းပင်၊ ညောင်ပင်သာနှင့် ရေဆုံး ကျေးရွာများ အပါအဝင် ၆ ရွာခန့်တွင် နစ်မြုပ်ခဲ့သည်။

“မိုးက သဲကြီးမဲကြီး ရွာတယ်။ ရေပါတာ များတယ်။ ရပ်ကွက်ထဲက ပဲလှော်၊ ပဲကြော်လုပ်တဲ့ အိမ်တွေ ရေဝင်လို့ ပျက်စီးတာတွေ များတယ်။ အထည်စက်ရုံတွေ ရေဝင်လို့ စက်တွေနဲ့ စုပ်ထုတ်လိုက်ရတယ်။ ဒိုင်နမိုတွေ ရေစိုတယ်။ တော်တော်တော့ အခက်အခဲ ဖြစ်တယ်” ဟု ဝမ်းတွင်းမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

နောက်ထပ် ဒေသခံတဦးက “အိမ်တွေဆိုရင် ခါးပန်းနားထိ ရောက်တယ်။ ရပ်ကွက်ထဲက လူတော်တော်များများက ကုန်းကျတဲ့ သဲတောဈေးထဲက ဈေးတန်းတွေမှာ အိပ်ရတယ်” ဟု ပြောသည်။

ဒုက္ခသည်များကို ရေဘေးကင်းလွတ်သူများက ထမင်းထုပ်များ ပေးဝေကြပြီး လူအသေအပျောက် မရှိကြောင်း ၎င်းတို့က ပြောဆိုကြသည်။

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် သပြေဝတိုးဂိတ်မှ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရွှေတောင်မြို့အထိ ကားလမ်းပေါ်တွင် ရေကျော်ခဲ့သဖြင့် ၂၅ ရက်နေ့တွင် ၅ နာရီခန့်ကြာ ကားအသွားအလာများ ရပ်ဆိုင်းခဲ့သည်။

မလှိုင်မြို့နယ်တွင်လည်း ၂၅ ရက်နေ့ နံနက် ၃ နာရီခန့်မှ ၁ဝ နာရီခွဲခန့်အထိ မိုးရွာသွန်းသဖြင့် မြို့နယ်အတွင်း တည်ရှိကာ အိမ်ခြေ ၃၂ဝ ကျော်ရှိသည့် သုံးတောင်ကျေးရွာတွင် အိမ် ၂ဝဝ ခန့် ရေမြုပ်ပြီး ထိုအထဲမှ ၂ဝ ခန့်မှာ လုံးဝ ပျက်စီးသွားသည်။

“တချို့ နိမ့်တဲ့ အိမ်တွေဆိုရင် အိမ်တစက်မိတ်အထိ ရောက်တယ်။ ရွာထဲက စပါးကျည် ၃ လုံး ရေထဲမှာ မြုပ်သွားတယ်။ မီးဖိုချောင် ၃ လုံး မိုးရေထဲမှာ ပါသွားတယ်” ဟု မလှိုင်မြို့ခံတဦးက ပြောသည်။ ထို့အပြင် ခိုင်းနွား ၂၅ ကောင်၊ နွားမကြီး ၁၈ ကောင်၊ ဆိတ် ၂၅ ကောင်၊ သိုး အကောင်ရေ ၅ဝ၊ ဝက် ၂ဝ သေဆုံးသည်။

မလှိုင်မြို့နယ် အာဏာပိုင်များက မိထ္ထီလာရှိ ဆန်ကုန်သည်ကြီးများအသင်းကို အကူအညီတောင်းသဖြင့် ဆန်အိတ်အချို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် မလှိုင်မြို့နယ်၌ နှောကန်၊ သုံးတောင်နှင့် သမန်းတန်း ကျေးရွာများ၌ ရေ ၄ ပေခွဲခန့်အထိ ဝင်ရောက်ခဲ့သဖြင့် နေအိမ်အချို့ ပြိုကျပျက်စီးပြီး ကျွဲ၊ နွားတိရစ္ဆာန်အချို့ ဆုံးရှုံးမှုများ ရှိခဲ့ကြောင်းနှင့် လူ သေဆုံးမှု မရှိကြောင်း ဖော်ပြထားသည်။

နွားထိုးကြီးမြို့နယ်၌ ၂၄ ရက်နေ့ ည ၁ဝ နာရီမှ ၂၅ ရက်နေ့ နံနက် ၁ နာရီခန့်အထိ မိုးရွာခဲ့ရာ ဒေါင့်ဘိုကျေးရွာအုပ်စု ငါ့စည်ကျေးရွာ၌ ရေများဝင်ရောက်ခဲ့သဖြင့် ကျေးရွာအပြင်ဘက်၌ နေထိုင်သူ မိသားစုတစုမှ ၅ နှစ်သား ကလေးငယ် ရေနစ်သေဆုံးကာ ကျွဲ၊ နွား တိရစ္ဆာန်အချို့ ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

ရေဘေးဒုက္ခသည်များကို ဒေသအာဏာပိုင်များ၊ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များက လိုအပ်သည်များ ကူညီပံပိုးလျက်ရှိကာ ချို့ယွင်းပျက်စီးသည့် လမ်းနေရာကို ပြုပြင်နေကြောင်းနှင့် ယခုအခါ ရေများ ကျဆင်းသွားပြီဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

အသေးစိတ် အခြေအနေကို သိရှိနိုင်ရန် ဒေသအာဏာပိုင်များထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့က ဖြေဆိုခဲ့ခြင်း မရှိပါ။

မိုးရေနစ်မြုပ်ခဲ့သည့် ယခုဒေသများတွင် နှမ်း၊ မြေပဲ၊ ကုလားပဲနှင့် ဂျုံများ စိုက်ပျိုးသော်လည်း ယခုအချိန်တွင် စိုက်ပျိုးမှု မရှိသေးကြောင်း သိရသည်။

ရွေးကောက်ပွဲကို တိုက်ဖျက်မည်ဟု မဒမခ က ပြောဆို

မြင့်မောင် | ကြာသပတေးနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို လူထုတိုက်ပွဲအပါအဝင် နည်းလမ်းစုံဖြင့် တိုက်ဖျက်မည်ဟု တောတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ ဒီမိုကရေစီရေး လိုလားသည့် အဖွဲ့များ ပူးပေါင်းထားသည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (မဒမခ) က ပြောဆိုလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံထားသဖြင့် စစ်ရေး၊နိုင်ငံရေးတို့ဖြင့် တိုက်ဖျက်မည်ဟု ညီလာခံကိုယ်စားလှယ် ၄၄ ဦးက ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာ-ထိုင်းနယ်စပ်တွင် ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“၂ဝဝ၈ အခြေခံနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်မခံဘူး။ အဲဒါကြောင့် ၂ဝဝ၈ အခြေခံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ တိုက်ဖျက်ရေးကို စစ်ရေး၊ နိုင်ငံရေး၊ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်ပြီး တိုက်ပွဲဝင်နိုင်ရေးအတွက် အခြေအနေထူးရင် ထူးသလို ကြေညာချက်တွေ ထုတ်ပြန်သွားမှာပါ” ဟု ညီလာခံကြီးက ရွေးချယ်လိုက်သည့် (မဒမခ) အထွေထွေ အတွင်းရေးမှူး ရဲဘော်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

မဒမခ ညီလာခံက စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို ဖျက်သိမ်းပြီး ဖယ်ဒရယ်ဒီမိုကရက်တစ် အစိုးရတရပ် ဖွဲ့စည်းရေးကို မဟာဗျူဟာ လုပ်ငန်းစဉ် ရည်မှန်းချက်အဖြစ် ချမှတ်ခဲ့ပြီး ၎င်းရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက် မဟာဗျူဟာ လုပ်ငန်းစဉ် ၇ ရပ်ကိုပါ ချမှတ်ခဲ့သည်။

လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ရေး ကြိုးပမ်းသွားရန်၊ ဘက်ပေါင်းစုံ အုံကြွမှု အခြေခံပြီး လူထုတိုက်ပွဲ ဖြစ်အောင် လုပ်ဆောင်ရန်၊ တပ်တွင်း စည်းရုံးရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဖော်ဆောင်သွားရန်၊ စစ်အုပ်စုကို နိုင်ငံတကာက ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်ရန် ပါရှိသည်။

ထို့အပြင် ပြည်တွင်းရှိ စစ်အုပ်စု ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသား အင်းအားစုများ တတ်နိုင်သမျှ ဝိုင်းဝန်းလုပ်ဆောင်ရန်၊ အပစ်ရပ် အဖွဲ့အစည်းများကို ဝန်းရံပံ့ပိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးနေသည့်အပေါ် မဒမခ အနေဖြင့် လက်မခံကြောင်း အထွေထွေ အတွင်းရေးမှူးက ပြောသည်။

ညီလာခံက ဥက္ကဋ္ဌ ပဒိုစောအားတိုး၊ ဒုဥက္ကဋ္ဌ ဦးအေးဆောင်နှင့် အထွေထွေ အတွင်းရေးမှူးအဖြစ် ရဲဘော်မျိုးဝင်းတို့ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦးကို ရွေးချယ်တာဝန်ပေးအပ်လိုက်သည်။

မဒမခ ကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ကျောင်းသားတပ်မတော် ABSDF ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စသည့် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ပေါင်း ၂၅ ဖွဲ့ခန့်ဖြင့် အမျိုးသား လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းခဲ့သည်။

ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ သပိတ်မှောက်မှုကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး ရွေးကောက်ပွဲ ကျင်းပရာ၌ ထုတ်ပြန်ထားသည့် ဥပဒေများနှင့် ညီမညီ လေ့လာစောင့်ကြည့်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်တွန်းလိုက်သည်။

သူ့ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် ယမန်နေ့ နေ့လည် ၂ နာရီမှ ၄ နာရီအထိ တွေ့ဆုံခွင့် ရစဉ် ဒေါ်အောင်ဆန်းစုကြည်က ဤသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲ သပိတ်မှောက်တယ်လို့ အဖွဲ့ချုပ်လူကြီးတွေ ဆုံးဖြတ်တာကို သူသဘောတူတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုသပိတ်မှောက်တာဟာ အခုမှ မဟုတ်ဘူး။ မတ်လ ၂၉ ရက်နေ့က ဗဟိုကော်မတီက ဆုံးဖြတ်ပြီးသားပါလို့ အဲဒီလို ပြောတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒေါ်စု ပြောတာက ဒီရွေးကောက်ပွဲကို NLD က မဝင်ဘူးဆိုပြီးတော့ လှည့်မကြည့်ဘဲ နေလို့မရဘူး၊ လေ့လာနေရမယ်တဲ့။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်တွေက တရားမျှတမှု မရှိဘူး။ သို့သော်လည်း အဲဒီ ဥပဒေနဲ့အညီ လုပ်သလားဆိုတာ အမြဲတမ်း အကဲခတ်နေဖို့ လိုတယ်လို့ ပြောတယ်” ဟု ပြောဆိုသည်။

၂ဝဝ၈ အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများသည် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မည်သို့မှ ဦးတည်ခြင်း မရှိသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယခုလ ၁၉ ရက်က NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် ၇ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၈ ဦးတို့ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံရာတွင် နေအိမ်ပြင်ဆင်ရေး၊ သူမအပေါ် ပြစ်ဒဏ်ချမှတ်ထားမှု အယူခံတင်သွင်းရေးနှင့် ခြံဝင်းထဲရှိ အိမ်အိုတလုံး ဖြိုဖျက်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသော်လည်း အသေးစိတ်ကို ထုတ်ဖော်မပြောပါ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း ပြောသည်။

အိမ်မကြီးရှိ ပျက်စီးနေသော နေရာများကို အင်္ဂတေဖြင့် ပြန်လည်ဖာထေးထားသဖြင့် ထိုနေရာများကို ဆေးသုတ်ရန်နှင့် မှန်များ လဲလှယ်တပ်ဆင်ရန် ကျန်နေပြီး ခြံဝင်း လုံခြုံရေး ယူထားသည့် အာဏာပိုင်များက ယခုလအတွင်း အပြီးသတ်ရန် ပြောထားပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်ပြင်ဆင်မှု အထူးအယူခံကို ယခုနှစ် မေလ ၁ဝ ရက်တွင် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့သော်လည်း နှစ်ဖက်ရှေ့နေများ လျှောက်လဲရမည့် ရက်ကို ယခုတိုင် ကြေညာခြင်း မရှိသေးပါ။

လက်ရှိပြစ်ဒဏ်အရ ရွေးကောက်ပွဲပြီး၍ တပတ်ကြာတွင် ပြန်လွတ်မည်ဟု NLD ခေါင်းဆောင်များက မျှော်လင့်ထားသည်။

ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု ယခုလ ၁၃ ရက်နေ့က စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။