Thursday, October 21, 2010

မြန်မာလုပ်သားများကို ပြန်ပို့မည်ဟု စက်ရုံ ခြိမ်းခြောက်

မြင့်မောင် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၇ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆန္ဒပြ မြန်မာလုပ်သား ၅၆၉ ဦးကို နေရပ်ရင်း ပြန်ပို့မည်ဟု ၎င်းတို့၏ အလုပ်ရုံဖြစ်သည့် ထိုင်းနိုင်ငံ Khon kaen မြို့ Dechapanich ငါးဖမ်းပိုက်စက်ရုံမှ အုပ်ချုပ်ရေး အရာရှိများက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသည်။

“လုံခြုံရေး တာဝန်ယူထားတဲ့ အကြီးဆုံးသူက သေနတ်တွေဘာတွေ ဖောက်တဲ့ အဆင့်အထိ ရောက်သွားတယ်ပေါ့ဗျာ။ ဒီနေ့မနက် ၃ နာရီ ၃၅ လောက်က ဖြစ်တာပါ။ ကျနော်တို့ကို ပြန်ပို့မယ်ဆိုတဲ့ စာတွေ ကပ်လိုက်တာကြောင့် ကျနော်တို့ အလုပ်သမားတွေက ညမအိပ်ဘဲနဲ့ အဆောင်ထဲမှာ နေနေကြတယ်လေ” ဟု ဆန္ဒပြပွဲ ပါဝင်ဦးဆောင်သူ ကိုမြင့်မောင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “သူတို့က ကြေညာတယ်၊ ကျနော်တို့ကို ဒီနေ့ပြန်လွှတ်မယ်ပေါ့။ ဒါပေမဲ့ လုပ်ခလစာလည်း မပေးဘဲနဲ့ ကျနော်တို့ကို ပြန်လွှတ်မယ်ဆိုတော့ လက်ခံလို့ မရဘူးလေ။ သူတို့ဘက်က အမှားကို ကျူးလွန်သေးတယ်၊ အမှားထပ်လုပ်ဦးမယ်ဆိုတော့ ကျနော်တို့က ဘယ်လက်ခံလို့ရမှာလဲ” ဟု ပြောသည်။

နေရပ်ရင်း ပြန်ပို့မည်ဆိုသဖြင့် မြန်မာလုပ်သားများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေကာ ဆန္ဒပြနေသဖြင့် စားဝတ်နေရေး ခက်ခဲလာသောကြောင့် ၎င်းတို့တွင် ရှိသည့် ပစ္စည်းပစ္စယများကို ရောင်းချကာ ဖြေရှင်းနေကြရသည်။

’’ဆန္ဒပြနေတဲ့ အချိန်တွင်းမှာ စားဝတ်နေရေး အခက်အခဲ ရှိပါတယ်။ တချို့ဆိုရင် ရှိတဲ့ ပန်ကာလေးတွေ ရောင်းပြီး စားသောက်နေရသလို၊ တချို့ဆိုရင် ဒယ်အိုးနှစ်လုံး ရှိတဲ့သူက တလုံးရောင်းပြီး နေရပါတယ်။ ကျနော်တို့ ရသင့်ရထိုက်တဲ့ လုပ်အားခနဲ့ စာရွက်စာတမ်းတွေ မရမချင်း ဒီနေရာကနေ မထွက်ခွါဘူးလို့ ပြောပါတယ်’’ ဟု ဆန္ဒပြ မြန်မာလုပ်သား ကိုထွန်းထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ထိုင်းနှင့် မြန်မာလုပ်သားများကြား စက်ရုံအုပ်ချုပ်သူများက ခွဲခြားဆက်ဆံသဖြင့် လွန်ခဲ့သည့် ၁ဝ ရက်ခန့်မှစ၍ နုတ်ထွက်စာ တင်ထားသော ထိုင်းနိုင်ငံ Khon kaen မြို့ Dechapanich ငါးဖမ်းပိုက်စက်ရုံရှိ မြန်မာလုပ်သား ၅၆၉ ဦးက နေထိုင်ရာ အဆောင်များမှ ထွက်ခွါမပေးဘဲ ယနေ့အထိ ဆန္ဒပြနေခြင်း ဖြစ်သည်။

အလုပ်ရှင်က လုပ်ခလစာကို လူဝန်မှုကြီးကြပ်ရေး (လဝက) ရုံး၌ ထုတ်ယူရန်နှင့် စက်ရုံသစ်သို့ ပြောင်းရွှေ့လျှင်လည်း လဝက ရုံး၌ပင် လုပ်ဆောင်ရမည်ဟု ပြောဆိုထားသည်။ ရရှိရမည့် လစာငွေမှာ တလစာဖြစ်ပြီး ထိုင်းဘတ်ငွေ ၄ဝဝဝ ကျော် ဖြစ်သည်။

“အလုပ်က လဝက ရုံးနဲ့ ဘာမှ မဆိုင်ဘူး။ အလုပ်သမား ရှာဖွေရေးရုံးနဲ့ပဲ ဆိုင်တယ်။ အလုပ်သမားတွေက လဝက (တောမော) ရုံးမှာ သွားမထုတ်နိုင်ဘူး။ စက်ရုံမှာပဲ လစာငွေ ထုတ်ချင်တယ်။ အလုပ်သမားတွေဘက်က ရသင့်ရထိုက်တဲ့ လစာငွေနဲ့ စာရွက်စာတမ်းတွေကိုရရင် သူတို့အနေနဲ့ အလုပ်ပြောင်းကြမှာ ဖြစ်တယ်။ သူဋ္ဌေးဘက်က ဒီအချိန်ထိ လစာတွေလည်း မထုတ်ပေးသေးဘူး” ဟု မြန်မာလုပ်သားများကို ကူညီနေသည့် MAP - Foundation for the Health and Knowledge of Ethnic Labour အဖွဲ့မှ ပြောခွင့်ရသူ Mai Mai က မဇ္ဈိမကို ပြောသည်။

“အလုပ်ထွက်စာတွေ တင်ကြတယ်။ ဒါပေမဲ့ ထိုင်းမှာရှိတဲ့ ဥပဒေအတိုင်း ဘယ်လိုတင်ရမလဲဆိုတာ မသိကြဘူး။ ထွက်စာမှာလည်း အလုပ်မလုပ်ချင်လို့ဆိုပြီး ရေးထားတယ်။ ထွက်စာမှာ ဘယ်နေ့ နောက်ဆုံးထားပြီး ထွက်မယ် ဆိုတာလည်း မပါဘူး။ ထိုင်း ဥပဒေအရ ဘယ်အကြောင်းကြောင့် အလုပ်ထွက်ချင်တယ်၊ ဘယ်နေ့မှာ နောက်ဆုံးထား ထွက်မယ်ဆိုတာ ပါရတယ်” ဟု သူက ဆိုသည်။

စက်ရုံပိုင်ရှင်၏ လက်ထဲသို့ မြန်မာလုပ်သားများ၏ ပတ်စ်ပို့၊ အလုပ်သမားကဒ်၊ ဆေးရုံကဒ်၊ နေထိုင်ခွင့် လက်မှတ်နှင့် Work permit များ အပ်နှံထားကြရာ ယခုထိ ပတ်စ်ပို့နှင့် အလုပ်သမားကဒ်များသာ ပြန်ထုတ်ပေးသေးသည်။ ထိုအထဲမှ ဦးရေ ၂ဝဝ ခန့်သည် ပတ်စ်ပို့ပင် ပြန်မရသေးဘဲ ဖြစ်နေသည်။

မြန်မာ ၆ ဦး ၃ ရက်ဆက် အလုပ်မဝင်သဖြင့် ပြီးခဲ့သည့်လ ၇ ရက်နေ့တွင် အလုပ်ထုတ်ခံရစဉ် ၎င်းတို့ နိုင်ငံကူးကဒ်များ တောင်းယူရာ အလုပ်ရှင်က ဖျက်ဆီးထားကြောင်း တွေ့ရပြီး နောက်ရက်တွင် စက်ရုံအနီး လုပ်သားများ ဘုရားရှိခိုးသည့် အဆောင်၌ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြအလုပ်သမားများက ယာယီပတ်စ်ပို့နှင့် အလုပ်သမားလက်မှတ် ပြန်လည်ရရှိရေး၊ ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်အတိုင်း လုပ်အားခ ရရှိရေး၊ လုပ်ငန်းခွင် ထိခိုက်မှု နစ်နာကြေး ရရှိရေး၊ ဖျက်ဆီးခံရသည့် အလုပ်သမား လက်မှတ်ကိစ္စ ဖြေရှင်းပေးရေးနှင့် အလုပ်ထုတ်ခံရသူ ၆ ဦးကို လုပ်ခွင့်ပြန်ပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။

ထိုအခါ အလုပ်ရှင်ဘက်က မြန်မာများကို Khon kaen မြို့ စက်ရုံများရှိ ထိုင်းနိုင်ငံသား လုပ်သားများနည်းတူ တနေ့ လုပ်အားခ ၁၅၇ ဘတ်အတိုင်း လုပ်ခတိုးမြှင့်ပေးခဲ့သည်။ ယခင်က တနေ့ လုပ်အားခအဖြစ် ဘတ် ၁၄ဝ သာ ပေးခဲ့ကာ၊ တရက်လျှင် တနာရီခွဲ အခမဲ့ လုပ်ပေးရသည်။ အချိန်ပို တနာရီလျှင် ဘတ် ၃ဝ သာ ရရှိခဲ့ရာမှ ထိုင်းလုပ်သားများကဲ့သို့ ခံစားခွင့်ပေးမည့်အပြင် မြန်မာများ၏ စာရွက်စာတမ်းနှင့် ကဒ် အပါအဝင် ၅ မျိုးကို ပြန်ပေးမည်ဟုလည်း စက်ရုံမန်နေဂျာက ကတိပေးခဲ့သေးသည်။

သို့သော် သတ်မှတ်စံနှုန်းအတိုင်း မပြည့်မီလျှင် အလုပ်ထုတ်ခွင့် ရှိမည့်အပြင် ဤသဘောတူညီချက်သည် အလုပ်သမားနှင့် အလုပ်ရှင်ကြား အလုပ်ခန့်အပ်စာအရ လက်မှတ်ထိုးထားသည့် သက်တမ်းအထိသာ အကြုံးဝင်ကြောင်း ညှိနှိုင်းနိုင်ခဲ့သည်။

စက်ရုံ၌ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်မှ မြန်မာဦးရေ ၂,၁၅ဝ ခန့် အလုပ်လုပ်ကိုင်နေသည်။

No comments: