Sunday, August 22, 2010

ဝါရင့် ရှမ်းခေါင်းဆောင် ဦးရွှေအုံး အသည်း ရောဂါနှင့် ကွယ်လွန်

မြင့်မောင်
စနေနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုံး ယမန်နေ့ ညနေ ၆ နာရီကျော်တွင် အသည်းကင်ဆာဖြင့် ရန်ကုန်မြို့တွင် ၈၉ နှစ်အရွယ်၌ ကွယ်လွန်ကြောင်း သိရသည်။

ဦးရွှေအုံးဦးရွှေအုံးသည် လွန်ခဲ့သည့် တလကျော်က စ၍ ကျန်းမာရေးအတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ မဟာမိတ်အဖွဲ့ နာယကအဖြစ်မှ အနားယူပြီးနောက် ယနေ့ ညနေ ၆ နာရီ ၁၂မိနစ် တွင် ရန်ကုန်မြို့ အမှတ် ၅ ရှင်စောပုလမ်း စမ်းချောင်း နေအိမ်တွင် ကွယ်လွန်ခဲ့ သည်။

“အဖေ အသည်း ကင်ဆာဖြစ်နေတာ ကုလို့ မရတော့တဲ့ အခြေအနေမှ သိရတာပါ ။ သူ့ကို ဆရာဝန်က တလလောက် အနားယူဖို့ ပြောတယ်။ တဖြေးဖြေးနဲ့ အခြေအနေ ဆိုးလာပြီး ဒီနေ့ ညနေက ဆုံးသွားပါတယ်။ တနင်္ဂနွေနေ့ ညနေ ၃နာရီ ရေဝေး သုသာန်မှာ သင်္ဂြိုဟ်ပါမယ်” ဟု ဦးရွှေအုံး၏ သား ဦးကျော်မင်းက ပြောသည်။

စစ်အာဏာရှင်စနစ် ကြီးစိုးသော မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သက်ထက်ဆုံး နှိုးဆော်ခဲ့သူအဖြစ် ဦးရွှေအုံးကို လူသိများခဲ့ကြသည်။

သူငယ်ဘဝ စစ်ကြီးမဖြစ်ခင် ၁၉၃၆ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ရှမ်းပြည် ကျောင်းသားများ အသင်း၏ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူး တာဝန်များ ယူခဲ့သည်။

၁၉၄၅ တွင် အာရှလူငယ်အဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်းခရိုင် စည်းရုံးရေး တာဝန်ခံဖြစ်ခဲ့ကာ ၁၉၄၅-၄၆ မြေအောက် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၁၉၄၆-၄၇ တွင် ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် ဘဏ္ဍာရေးမှူးနှင့် ၁၉၄၇တွင် မြန်မာ့အလင်း သတင်းစာတိုက် ညအယ်ဒီတာ လုပ်ခဲ့သည်။ သတင်းစာ ကိုယ်စားလှယ်အဖြစ် ၁၉၄၆ ပထမပင်လုံညီလာခံ၊ ၁၉၄၇ ဒုတိယ ပင်လုံညီလာခံတို့၌ လွတ်လပ်ရေး တောင်တန်းပြည်မ ပူးပေါင်းရေးတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

၁၉၈၉တွင် ရှမ်းပြည်တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (ရ.တ.ဒ.ဖ)ကို ဥက္ကဋ္ဌအဖြစ် တည်ထောင်ခဲ့ပြီးနောက် ၁၉၉ဝတွင် တသီးပုဂ္ဂလ အမတ် အဖြစ် ရှမ်းပြည်နယ်မှ အရွေးခံခဲ့သည်။

ထိုနောက် ဦးရွှေအုံးသည် စစ်အစိုးရက မတရားအသင်းအဖြစ် ဖျက်သိမ်းခဲ့သည့် တိုင်းရင်းသား ညွန့်ပေါင်းပါတီ တခု ဖြစ်သော စည်းလုံးညီညွတ်သော ဒီမိုကရေစီအဖွဲ့ချုပ် နာယကလည်းဖြစ်ခဲ့သည်။

၁၉၉၃ က “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ထိုနှစ်တွင်ပင် စစ်အစိုးရ အမျိုးသားညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စု မူ စာတမ်းကို တင်ပြခဲ့သဖြင့် ထောင် တနှစ် ကျခဲ့သည်။

၂ဝဝ၅ က ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင်များအား ဖမ်းဆီး ထိန်းသိမ်းရာတွင် ဦးရွှေအုံး ပါသွားသည်။ သူ့ကို ပြန်လွှတ်ပေးလိုက်သော်လည်း ကျန်ခေါင်းဆောင်များကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ဦးရွှေအုံး ရေးသားခဲ့သည့် “မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” စာအုပ်သည် ၃၁၁ မျက်နှာရှိပြီး အခန်းပေါင်း ၁၇ ခန်းနှင့် မြန်မာပြည်တွင် နေထိုင်သော လူမျိုးများ ဆင်းသက်လာပုံ၊ ပုဂံနိုင်ငံတော် ပေါ်ပေါက်လာပုံ၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေများအပေါ် စာရေးသူ၏ အမြင်ကို ရေးထားသည်။

ထိုစာအုပ်သည် ၂ဝဝ၈ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားသူများအကြား ပျံ့နှံ့ခဲ့ပြီး တရားဝင် ပုံနှိပ်ထုတ်ဝေရန် စာပေစိစစ်ရေးကို တင်ပြခဲ့သော်လည်း ယနေ့ထိ ခွင့်ပြုချက် မရသေးကြောင်း သိရသည်။

ဦးရွှေအုံးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပြည်ထောင်စုနှင့် ဒီမိုကရေစီ စနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” ကို ပြီးခဲ့သည့် ၂ဝဝ၈ နှစ်ဦးပိုင်းက ဖွဲ့စည်းခဲ့သည်။

ဦးရွှေအုံး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်တင်နီနှင့် သားကြီး ဒေါက်တာလှချို၊ ဦးကျော်မင်း နှင့် မြေး ၅ ယောက် ကျန်ရှိကြောင်း သိရသည်။

NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ပြီ

မြင့်မောင် |
ကြာသပတေးနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၀ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေး လုပ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ ကြေညာလိုက်သည်။

ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဗဟိုအလုပ်အမှုဆောင် ၇ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၈ ဦးတို့ အစည်းအဝေးတရပ် ကျင်းပပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပါ ပြဌာန်းချက်ပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲမပေးဘဲ နေချင်က နေလို့ရသော လွတ်လပ်ခွင့်ကို အသုံးချခြင်း ဖြစ်သည်ဟု ဆိုသည်။
dawsuu
“၂ဝဝ၈ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနဲ့ လူ့အခွင့်အရေး ရရှိရေးကို ဘယ်လိုမှ ဦးမတည်တဲ့အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်တာပါ” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ထိန်းသိမ်းခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ကြိုတင်တောင်းခံခဲ့ခြင်း မရှိကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ပါတီခေါင်းဆောင်များထံသို့ ပေးပို့ခဲ့သည့် စာတွင် သူမအနေဖြင့် ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်များကို လိုက်နာသွားမည်ဟု ရေးသားကာ သူမ၏ သဘောထားကို အသိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင် ပြည်သူများသည် ရွေးကောက်ပွဲ ဥပဒေအရပင် မဲမပေးဘဲ နေလိုက နေခွင့်ရှိသည်ဟု ပြီးခဲ့သည့်လထဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလောင်း စာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို မည်ကဲ့သို့ သပိတ်မှောက်သင့်ကြောင်းကိုမူ NLD ခေါင်းဆောင်များ ဆက်လက် ဆွေးနွေးသွားကြမည် ဖြစ်သည်။

“ပြည်သူလူထုကို ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုထုတ်ပြန်ကြေညာမလဲ၊ မဲကို ဘယ်လိုမပေးဘဲနေမလဲ။ ဘာမှမပြောတော့ဘဲနဲ့ မပေးဘူးလို့ ဆုံးဖြတ်မလားဆိုတဲ့ ပုံသဏ္ဍာန်တွေကိုတော့ ညှိနှိုင်းတုန်းပဲ။ အသေးစိတ် ညှိနှိုင်းပြီးတော့ ဒေါ်စုရဲ့ သဘောတူညီချက်၊ ခွင့်ပြုချက်ကို တောင်းခံရဦးမှာ ဖြစ်တယ်” ဟု ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ပါတီအနေဖြင့် သပိတ်မှောက်ရုံသာမက ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ပြည်သူလူထုကိုပါ မဲရုံများသို့ မသွားရောက်ရန်နှင့် မပေးဘဲနေရန်ကိုမူ တိုက်တွန်းသွားမည်ဟု သူက ဆိုသည်။

“အစိုးရဘက်နေ အရေးယူလာမယ်၊ တုံ့ပြန်လာမယ်ဆိုရင် တခြားနည်းနဲ့တော့ မတုံ့ပြန်လာနိုင်စရာ မရှိဘူး။ တရားဥပဒေ နည်းနဲ့ပဲ တုံ့ပြန်ရမှာပဲ။ ကျနော်တို့က တရားဥပဒေနဲ့အညီ တုံ့ပြန်ရမှာပေါ့။ ကျနော်တို့ ပြောနေတဲ့ မဲဆန္ဒ မပေးဘဲ နေလို့ ရတယ်ဆိုတာက ရွေးကောက်ပွဲ ဥပဒေမှာ ပါဝင်ပြီးသား အချက်တွေပဲ” ဟု ဦးဝင်းတင်က ပြောသည်။

ယနေ့ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်နှင့် ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟုဆိုကာ NLD က ရွေးကောက်ပွဲမဝင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီး အဖွဲ့ဝင်များ၏ စုံညီအစည်းအဝေးက ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြသည်။

မဲထက်ဝက်ကျော်ဖြင့် ကြံ့ဖွံ့နိုင်မည်ဟု ဦးအောင်သောင်း ပြောဆို

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၀ ခုနှစ်
နွားထိုးကြီး (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲပေးမည့်သူ ၁၆ သန်း ရှိနိုင်ပြီး ရွေးကောက်ပွဲတွင် ၅ဝ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းလူယုံဖြစ်သူ အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ခန့်မှန်းပြောဆိုလိုက်သည်။

သြဂုတ်လ ၉ ရက်နေ့တွင် မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အားကစားခန်းမ၌ ပြုလုပ်သော ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲတွင် ကြံ့ဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်သောင်းက ပြောကြားသွားခြင်း ဖြစ်သည်။

Aung-Thaungလာမည့်နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် လူဦးရေ ၅၉ သန်း ကျော်ရှိသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူမှာ သန်း ၃ဝ ခန့်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကြံ့ဖွံ့သည် ”မိုးရွာ၍ ဖားအော်သော ပါတီမဟုတ်” ဟု ဆိုကာ ပါတီသည် အခြားပြိုင်ဘက်များထက် အစစအရာရာ သာလွန်မှုရှိသည်ဟု ဦးအောင်သောင်းက ဆိုသည်။ သူသည် တောင်သာမြို့နယ် ဝဲလောင်ကျေးရွာ ဇာတိသားဖြစ်ပြီး မန္တလေးတိုင်းမှ ဝင်ရောက်အရွေးခံမည် ဖြစ်သည်။

သူကိုယ်တိုင်ပင် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံတို့တွင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမှုများ လုပ်နေခဲ့သည်။ တောင်သာမြို့နယ်များရှိ ကျေးရွာများကို ကြံ့ခိုင်ဖြိုး စံပြကျေးရွာများအဖြစ် ထူထောင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ဒီပဲယင်းတွင် ၂ဝဝ၃ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် ၂ဝဝ၇ ခုနှစ် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်မှုဖြင့် ကြံ့ဖွံ့မှာ နာမည်ပျက်ဖြင့် ကျော်ကြားသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီ၏ နိုင်ငံတဝှမ်း ရုံးဖွင့်ပွဲများနှင့် အလံတင်ပွဲများကို မနက်ဖြန် နံနက်တွင် ကျင်းပမည်ဖြစ်သည်။

ဒေါ်စု မပါသည့် ရွေးကောက်ပွဲ အဖြေမထွက်ဟု ကိုဌေးကြွယ် ပြောဆို

မြင့်မောင် | အင်္ဂါနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် မပါသော ရွေးကောက်ပွဲသည် အဖြေမထွက်သော ရွေးကောက်ပွဲဟူ၍ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်က ပြောဆိုလိုက်သည်။

လက်ရှိ အကျဉ်းကျနေသည့် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်သို့ ယခုလ ၉ရက် ၁ဝ ရက်နေ့များတွင် ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် ယောက်ဖ ကိုဖြိုးမင်းသိန်းနှင့် ညီမ မမီးမီးကြွယ်တို့ကို ကိုဌေးကြွယ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
htaygy
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါသင့်ပါထိုက်တဲ့သူတွေ ပါသင့်တယ်။ ဒီလူတွေ မပါဘဲနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အားလုံး ပါဝင်တဲ့ ပွဲတခု မဟုတ်တဲ့အတွက် နောက်ဆက်တွဲမှာ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တယ်။ နိုင်ငံတကာမှာ နောက်ဆက်တွဲ ပြဿနာတွေ၊ အထွေထွေ အရှုပ်အရှင်း အခြေအနေတွေ ထပ်ဖြစ်လာတာကလွဲရင် မြန်မာ့နိုင်ငံရေးဟာ အဖြေတခု မထွက်ပေါ်နိုင်ဘူးလို့ ကိုဌေးကြွယ်က ပြောတယ်” ဟု ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောပြသည်။

၉ ရက်နေ့နှင့် ၁ဝ ရက်နေ့များတွင် ထောင်ဝင်စာ တွေ့ခွင့်ရရှိရာ တခါတွေ့လျှင် မိနစ် ၃ဝ ခန့်ဖြစ်ပြီး ၎င်းတို့၏ ပြောဆိုချက်များကို အထူးရဲသတင်း တပ်ဖွဲ့ဝင်များနှင့် ထောင်အာဏာပိုင်များက လိုက်လံမှတ်သားခဲ့ကြောင်း သိရသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် စာအုပ်စာတမ်းအချို့အပြင် ဘာသာရေး စာအုပ်များ၊ စာပေစိစစ်ရေး ခွင့်ပြုထားသည့် ဘာသာပြန်စာအုပ်များ၊ မဂ္ဂဇင်းများအပြင် စီးပွားရေးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ကိုဌေးကြွယ် ဖတ်ရှုခွင့်ရသည်။

“ကြည့်ရတာက စိတ်က လန်းဆန်းနေတယ်။ နည်းနည်း ပိန်သွားတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ခွင့်ရတယ်လို့ ပြောတယ်။ သူ စာဖတ်တယ်၊ ဘာသာရေး လုပ်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ဖတ်တယ်။ ဂျာနယ်တွေမှာပါတဲ့ နိုင်ငံရေးသတင်းတွေ အကုန်လုံး သူ သိနေတယ်” ဟု ကိုဖြိုးမင်းသိန်းက ဆိုသည်။

ဘူးသီးတောင် အကျဉ်းထောင်တွင် ကိုဌေးကြွယ်အပြင် ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးရာပြည့်၊ လှိုင်သာယာမြို့နယ်မှ NLD လူငယ်အဖွဲ့ဝင် သန့်စင်မျိုး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ ဦး ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးလည်း ကောင်းမွန်နေကြောင်း သိရသည်။

ရန်ကုန်တွင် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုမာကီနှင့် မနီလာသိန်း အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၇ ဦးကို ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဖမ်းဆီးခံရမှုတွင် ကိုဌေးကြွယ်လည်း ပါဝင်သည်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်မူ အင်းစိန်ထောင်တွင်း အထူးခုံရုံးက ထောင်ဒဏ် ၆၅ နှစ်စီ ပြစ်ဒဏ်ချခဲ့သည်။

ကိုဌေးကြွယ်၏ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း ပြည်တွင်း၌ မြေအောက်လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တို့နှင့်အတူ ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို တိုင်းပြည်၏ နိုင်ငံရေး ဖြစ်စဉ်ထဲမှ ဖယ်ထုတ်ရန် ကြိုးစားမှုတခုအဖြစ် ရှုမြင်ကာ ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင်း ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကွမ်းခြံကုန်းမှာ ကြံ့ဖွံ့ငွေချေး

မြင့်မောင်
သောကြာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ တဧကလျှင် ကျပ် ၅ သောင်းနှုန်းဖြင့် စိုက်ပျိုးစရိတ် ထုတ်ချေးကာ ရွေးကောက်ပွဲတွင် ၎င်းတို့ကို မဲထည့်ရန် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ တောင်သူ လယ်သမားများကို စည်းရုံးနေကြောင်း သိရသည်။

လယ်တဧကလျှင် ကျပ် ၅ သောင်းနှုန်းဖြင့် ၅ ဧကအထိ ချေးယူနိုင်ပြီး အတိုးငွေကို ကျပ် ၁၀၀ လျှင် ၂ ကျပ်နှုန်းဖြင့် ကွမ်းခြံကုန်းမြို့နယ်ရှိ ပိန္နဲတန်၊ ဘုရားလေးငူ၊ ဇဖြူသန်၊ ဆိပ်ဖြူ၊ ဘန့်ဘွေးကုန်း၊ တော်ခရမ်းကြီး၊ တော်ခရမ်းလေး၊ တော်ဗူးကြီး၊ ခလောက်ဆံနှင့် ခလောက်တရာတို့အပြင် ကျေးရွာ အများအပြားတွင် ကြံ့ဖွံ့က စည်းရုံးနေခြင်း ဖြစ်သည်။

“ငွေချေးယူတဲ့ လယ်သမား မိသားစုတွေထဲက မဲပေးခွင့်ရှိတဲ့ သူတွေကို ကြံ့ခိုင်ရေးပါတီကိုပဲ မဲပေးရမယ်။ တချို့ဆိုရင် ရယက ဥက္ကဋ္ဌက တအိမ်တက်တအိမ်ဆင်း စာရင်းသွင်းပြီး လက်မှတ်ထိုးခိုင်းတာပါ။ တချို့ဆို ဘုမသိ၊ ဘမသိနဲ့ တရပ်ကွက်လုံး စာရင်းပါသွားတယ်” ဟု ဆိပ်ဖြူကျေးရွာမှ တောင်သူတဦးက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ပါတီဝင်အဖြစ် ၀င်ရောက်ကာ ရွေးကောက်ပွဲတွင် ၎င်းပါတီကို မဲပေးမည့်သူများသာ ချေးငွေထုတ်ပေးခြင်း ဖြစ်သည်။

“လူတိုင်းကို ထုတ်ချေးပေးတာ မဟုတ်ဘူး။ ပါတီဝင်မယ်ဆိုမှ ထုတ်ချေးပေးတယ်။ မ၀င်တဲ့ လူဆိုရင် မချေးဘူး။ မ၀င်ဖြစ်ပါဘူးဆိုရင် မချေးပေးတော့ဘူး။ ရွာလုံးချုပ်ပြီးတော့ ထွက်မယ်ဆိုရင် ငွေအမောင့်က တော်တော်ကို များတယ်” ဟု ကွမ်းခြံကုန်းမြို့ခံ တောင်သူဦးကြီးက ဆိုသည်။

ကွမ်းခြံကုန်းသည် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးလွန်းသီ ရွေးကောက်ပွဲဝင်ရန် သတ်မှတ်ထားသော မဲဆန္ဒနယ်ဖြစ်သည်။

ကွမ်းခြံကုန်းသာမက ရန်ကုန်တိုင်းရှိ အခြားမြို့နယ်များတွင်လည်း ကြံ့ဖွံ့ပါတီသည် လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ဆေးခန်းဖွင့်ခြင်းတို့အပြင် ငွေကုန်ကြေးကျခံကာ နည်းမျိုးစုံဖြင့် လွတ်လပ်စွာ စည်းရုံးနေသော်လည်း ကျန်ပါတီအချို့ စည်းရုံးရေးဆင်းရာတွင် ဒေသအာဏာပိုင်များ၏ အနှောင့်အယှက်များ ရှိနေသည်။

မကြာသေးခင်က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP နှင့် ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) 88 GSY တို့သည် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် စည်းရုံးရေးဆင်းရာ လက်ခံတွေ့ဆုံခဲ့သူများကို အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“သူတို့လည်း ပြန်ရော သူတို့ဝင်တဲ့ အိမ်က ကျနော်တို့ပါတီနဲ့ ထိစပ်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ပြည်ခိုင်ဖြိုးတွေ၊ ကျန်တဲ့ အဖွဲ့အစည်းတွေ၊ ရဲတွေ လည်းပါတယ်။ တအိမ်ဝင် တအိမ်ထွက် လိုက်ပြီးတော့ မေးတယ်။ သူတို့က သတင်းယူဖို့လို့ အကြောင်းပြချက်နဲ့ ပြောတာပေါ့။ ဒါပေမဲ့ လူတွေက ကြောက်လန့်ပြီးတော့ ပါတီစည်းရုံးရေးမှာ ကသိကအောက်တော့ ဖြစ်တာပေါ့။ အဲဒါမျိုးက တချိန်လုံး ဖြစ်နေတာ” ဟု UMFNP ဥက္ကဋ္ဌ ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် တပတ်ထဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM က ရွေးကောက်ပွဲကော်မရှင်ထံ ပါတီဝင်အင်အား ၁,ဝဝဝ စာရင်းကို ပေးပို့ခဲ့ရာ ကော်မရှင်က ၎င်းစာရင်းကို ထောက်လှမ်းရေးထံ လက်ဆင့်ကမ်းလိုက်ရာ ၎င်းတို့ ပါတီအဖွဲ့ဝင်များ၏ နေအိမ်များသို့ ဝင်ရောက်ကာ ကိုယ်ရေးအကျဉ်းနှင့် ဓာတ်ပုံ ၂ ပုံ စီ တောင်းယူသွားခဲ့သည်။

“ဒါမျိုးတွေက လုံးဝ မလုပ်ထိုက်တဲ့ ကိစ္စလို့ မြင်တယ်။ ဒီလိုလုပ်တာက ကျနော်တို့ ပါတီဝင်တွေကို ခြိမ်းခြောက်နေတယ်၊ ပါတီဝင်ချင်တဲ့ သူတွေလည်း မ၀င်ရဲအောင် လုပ်နေတဲ့ သဘောမျိုးပါ” ဟု DPM ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကအဖြစ် ကြီးမှူးခဲ့သော ကြံ့ဖွံ့လူမှုရေးအသင်းသည် ယခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့ကာ ၀န်ကြီးချုပ် အပါအ၀င် လက်ရှိ ၀န်ကြီးရာထူး ရယူထားသော စစ်ဗိုလ်ချုပ် ၁၇ ဦးသည် စစ်ဘက်မှ နုတ်ထွက်ပြီး ဦးဆောင်သည်။

လူမှုရေးအသင်းအဖြစ် တည်ရှိခဲ့စဉ်က တနိုင်ငံလုံး၌ ရုံးပေါင်း ၁၅၄၂၁ ရုံးရှိခဲ့ကာ အဖွဲ့ဝင် ၂၄ သန်းကျော် ရှိကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ သို့သော် ပါတီအဖြစ် အသွင်ပြောင်းသောအခါ အသင်းဝင်အဖြစ် လက်ခံခဲ့သော ကျောင်းသူ ကျောင်းသားများ၊ အစိုးရ၀န်ထမ်းများကို ပြန်လည်လျှော့ချခဲ့သည်။

စိန်ခေါ်သူကိုစိန်ပြန်ခေါ်နိုင်အောင်ပြင်ဆင်ကြ

ရဲဘော်ဖိုးသံချောင်း

နအဖကစိန်ခေါ်လိုက်ပြီ။ အကုန်ပြင်ဆင်ပြီးမှစိန်ခေါ်လိုက်တာဆိုတာ ဘယ်သူမှမငြင်းတာသေချာပါတယ်။ သူ့ခွင်၊ စစ်စကားနဲ့ပြောရရင် သူ့ သတ်ကွင်းးထဲဝင်လာအောင် လုပ်ပြီးစိန်ခေါ်လိုက်တာဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

ဒီလိုအရေးပါလှတဲ့ ရွေးကောက်ပွဲအတွက်ပြင်ဆင်ဖို့ အချိန်အားဖြင့် ၂ လနဲ့ ၂၃ ရက်ကြီးများတောင်ပေးထား တယ်။ တချို့က ပါတီထောင်ခွင့်ရတာမှ ရက်ပိုင်းရှိသေးတယ်။

နအဖစစ်အစိုးရက ဗြုံးစားပဲ နိုဝင်ဘာလ၇ရက်လို့သတ်မှတ်ကြေညာလိုက်တော့ လူတိုင်းဟာ ဒေါ်အောင်ဆန်း စုကြည်အိမ်ချုပ်ကလွတ်မယ့်ရက် မတိုင်ခင်စီစဉ်တာပဲဆိုတာကို ပြေးမြင်မိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလည်း သူကဒီအတုအယောင်ရွေးကောက်ပွဲကို ၀င်မှာမဟုတ်ဘူးဆိုတာ အားလုံးသိနေလျက်နဲ့ နအဖ ဗိုလ်ချုပ်တွေ ဘာကြောင့်ဒါလောက်ကြောက်လန့် နေကြတာလဲဆိုတာ စဉ်းစားစရာပါ။ မလုံတဲ့အမိုးတုတ် ထိုးရုံနဲ့ပြဲ ဆိုတာလို ဒေါ်အောင်ဆန်းစုကြည်အိမ်ချုပ်ကထွက်ရတဲ့နောက် သူတို့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောလာဆိုလာမှာကို ကြောက်လို့ဖြစ်ပါတယ်။ သေချာနေတာက နအဖ အစိုးရဟာ စိန်ခေါ်တယ်ဆိုပေမဲ့ သူတို့ ကြောက်တဲ့အရာတော့ ရှိသေးတယ်ဆိုတာဖြစ်ပါတယ်။

နောက်ထူးခြားချက်တခုက ဒီတခါရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေသတ်မှတ်ပုံပဲ ဖြစ်ပါတယ်။ အကြမ်းဖျင်း အားဖြင့် သူတို့က မဲဆန္ဒနယ်ကိုမြို့နယ်တွေအခြေခံပြီးသတ်မှတ်တယ်လို့ပြောနိုင်ပါတယ်။ ဒီတော့ ဘယ်လိုဖြစ် လာ မလဲ။ ဘာလို့ဒီလိုလုပ်တာလဲ။ လက်တွေ့ဖြစ်လာမှာပေါ်ကနေပဲ ပြောပါ့မယ်။ အလွယ်ဆုံးပြော ရရင် မဲဆန္ဒ နယ်တွေဟာ လူဦးရေ အပေါ်အခြေခံပြီး သတ်မှတ်တာမဟုတ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်စား ပြုမှုဟာ လူအပေါ်မှာအခြေခံတာ မဟုတ်ပဲ နအဖရဲ့လူတွေ အကျိုးရှိမှုအပေါ်မှာ အခြေခံတာဖြစ် နေပါတယ်။

လူဦးရေအရပြောရရင် မချမ်းဘော မြို့နယ်က ၈၀၀၀၊ နောင်မွန်မြို့နယ်က ၅၅၀၀ လောက်သာရှိပြီး ခေါင်လံ ဖူးမြို့နယ် ဆိုတာကလည်း ထောင်ဂဏန်းလောက်သာရှိတာပါ။ မန္တလေးက မြို့နယ်တွေကတော့ လူဦးရေ သိန်း ချီ ရှိကြတာပါ၊ ဒီတော့ ဒါတွေကိုတတန်းထည်းထားတယ်ဆိုတာ ကျိုးကြောင်းဆီလျော်တယ်လို့ ဆိုနိုင်ပါ့မလား။ အခုအတိုင်းဆိုရင် လူဦးရေ ၁၂သိန်းကျော်ရှိတဲ့ ကချင်ပြည်နယ်က အမတ် ၁၈ယောက်၊ လူဦးရေ ၂၆သိန်းကျော် ရှိတဲ့ မကွေးပြည်နယ်က အမတ် ၂၅ယေက်၊ လူဦးရေ ၄သိန်း၈သောင်းရှိတဲ့ ချင်းပြည်နယ်က ၉ယောက် ထွက်လာ မှာပါ။

အချိုးသဘောပြောရရင် ကချင်ပြည်နယ်မှာ လူဦးရေ ၆သောင်းကျော်ကိုအမတ်တယောက်၊ မကွေးတိုင်းမှာ လူဦးရေ ၁သိန်းကျော်ကို အမတ် တယောက်၊ ချင်းပြည်နယ်မှာတော့ လူဦးရေ ၅သောင်းကို အမတ်တယောက်က ကိုယ်စားပြုတာဖြစ်ပါလိမ့်မယ်။ အခု တင်ပြခဲ့တဲ့ လူဦးရေဆိုတာ လူဦးရေအားလုံးကို ပြောတာပါ၊ မဲပေးနိုင် သူဦးရေ မဟုတ်သေးပါဘူး။ တဆက်ထဲထောက်ပြ သင့်တာက လူဦးရေမပြောစလောက် သာရှိတဲ့ ကြပ်ပြေးမှာ ကျတော့ အမတ်နေရာ ၅နေရာတောင် သတ်မှတ်ထားတာ၊ ကချင်ပြည်နယ်က အမတ်ဦး ရေဟာ ကရင်ပြည်နယ် ရဲ့ နှစ်ဆခွဲလောက်ဖြစ်နေတယ်ဆိုတာတွေပါပဲ။

ဒီအခြေအနေတွေက ဘာကိုပြနေသလဲ။ နအဖဟာတိုင်းရင်းသားလူမျိုးစုတွေကို အထူးနေရာပေးနေတာ၊ ဂရုစိုက် နေတာလား။ မဟုတ်ရေးချမဟုတ်ပါဘူး။ အဲဒီ တချို့လူမျိုးစုနယ်မြေတွေမှာက စစ်တပ်ကအတင်းဝင် ဖိနှိပ်ထား တာ၊ လူထုကို စစ်တပ်သဘောကျအတင်းအကြပ်မဲပေးခိုင်းလို့ရတဲ့ အနေအထားမှာရှိတယ်။ သူတို့ရဲ့ ဒီလိုအစွမ်း ကို အဆင်မပြေဖြစ် နိုင်စေလောက်တဲ့ ကချင်တိုးတက်ရေးပါတီလိုဟာကိုတော့ ပါတီဖွဲ့ခွင့်မပေးပဲထားလိုက် တယ်။ အဲဒီလို သူတို့နိုင်ဖို့သေချာတယ်လို့ထင်တဲ့နေရာတွေမှာ မဲဆန္ဒနယ်တွေပိုသတ်မှတ်ထား လိုက်တာသာဖြစ် ပါတယ်။

ဒီလိုလုပ်ရာမှာ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေနဲ့ သမိုင်းပြဿနာတွေကို နည်းနည်းမှထည့်စဉ်းစားတာ မဟုတ်ပါဘူး။ဗမာပြည်မှာ ဒီလိုရွေးကောက်ပွဲကိစ္စကနေ တင်ကျန်ရစ်တဲ့ ရိုဟင်ဂျာပြဿနာဟာကနေ့အထိ ရှင်း လို့ မပြီးဘူး မဟုတ်ပါလား။ နောက်ပြီးဗိုလ်နေ၀င်းတို့က စစ်သားကောက်ကောင်းအောင် နိုင်ငံသားအဖြစ် အသိ အမှတ်ပြုခဲ့တဲ့ကိစ္စ။ ဒါ့အပြင် တခြားဒေသတွေမှာလည်း မပြီးမပြတ်သေးတာတွေ၊ ထပ်ပေါ်လုဆဲဆဲဖြစ်နေတာ တွေက မနည်းပါဘူး။

ဒါတွေကဖော်ပြနေတာကတော့ တိုင်းပြည်မှာ အာဏာရှိတဲ့သူဟာ ဘာမဆိုလုပ်လို့ရတယ်၊ လက်နက်ရှိတဲ့လူဟာ ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ ဒီနေ့ဗမာနိုင်ငံရဲ့အခြေအနေပါပဲ။ ဒီကနေဆက်ပြီး တိုင်းပြည်မှာအာဏာရှိတဲ့သူဟာ ရွေး ကောက်ပွဲမှာဘယ်သူ့ကိုမဆို နိုင်စေချင်လို့ဖြစ်တယ်၊ လက်နက်ရှိတဲ့လူဟာ ဘယ်သူ့ကိုမဆိုမဲပေးခိုင်းလို့ ရတယ်ဆိုတာကို ဖော်ပြပါလိမ့်ဦးမယ်။

ပြည်သူတွေဖက်ကပြောရင် ဒါတွေဟာမျှော်မှန်းမထားတာ၊ တွက်မထားတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလိမ်သူ မဟုတ်ရင် အလွယ်ကြိုမြင်နိုင်တဲ့အချင်းအရာတွေသာ ဖြစ်ပါတယ်။ ဒီပွဲဟာ ကြံ့ဖွတ်နဲ့တဆစတို့ရဲ့ လိမ်ဆင် တိုက်ပွဲပဲ ဖြစ်မှာပါ။ ကျန်တဲ့အဖွဲ့တွေကတော့ တိုက်ကြက်တွေအတွက် အနာခံ လေ့ကျင့်ပေးရတဲ့ “ခွပ်လက်ခံ” တွေလိုပဲ ဖြစ်မှာပါ။ နအဖအနေနဲ့စေတလုံးရနေတာ၊ တိုင်းပြည်ရဲ့နိုင်ငံ ရေးမှာ သူ့ခြေသူ့လက်ချည့်ဖြစ်နေတာလို့ ထင်ပြီး စိတ်ဓာတ်ကျ၊ အားပျက်ဖို့မလိုပါဘူး။

ဒီနေ့နအဖက ရွေးကောက်ပွဲလုပ်တာမှာ ၁၉၇၄ခုနှစ်တုန်းက မဆလလောက်မီးသေတယ်လို့ဆိုနိုင်လို့လား။ အဲဒီ တုန်းက အတိုက်အခံရယ်လို့ (ဥပဒေအတွင်းမှာ်) တယောက်မှမရှိ၊ ပြည်ပမီဒီယာတွေကနေ မတူတဲ့လေသံတွေ လွှင့်ပေး နေတာတွေလည်းမရှိပါဘူး။ ဒီလိုနဲ့ဗိုလ်နေ၀င်းတို့ရဲ့ မဆလပါတီဟာ ၁၉၇၄ခုနှစ်ရွေးကောက်ပွဲမှာ ခွင်လုံးကျွတ်အနိုင်ရခဲ့ ပါတယ်။ ဒါပေမဲ့ မဆလက တပြည်လုံးမှ တနေရာမကျန်နိုင်သွားလို့တိုင်းပြည်ရဲ့စီးပွားရေး၊ ပြည်သူလူထုရဲ့လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဘ၀တွေ ပိုကောင်းလာပါသလား။ ဝေလားဝေးမဟုတ်လား။ အဲဒီ တော့ ဘာဖြစ်လာသလဲ။ ဗမာပြည် အလုပ်သမားသမိုင်းမှာ ဂုဏ်ပြောင်လှတဲ့ ၁၉၇၄ပြည်လုံးကျွတ် အလုပ်သမား သပိတ်တွေ ပေါ်လာတော့တာပါပဲ။ ဒီလိုနဲ့ ရွေးကောက်ပွဲနိုင်ကာစ၊ တောင်ရှည်ပုဆိုးဝတ်ကာစ ဗိုလ်ချုပ်တွေ သွေးပျက် ခဲ့ရပါတယ်။ အဲဒီနောက်တော့ ၁၉၇၅၊ ၁၉၇၆၊ သပိတ်တွေ တချီပြီးတချီ ဆက်တိုက်ပေါ်ပေါက်လာ ခဲ့ပါတော့တယ်။ အားလုံးဟာ မိုးပြိုမြေသိမ့်တိုက်ပွဲတွေပါ။ ရှစ်လေးလုံး အရေးတော်ပုံဟာ အဲဒီတိုက်ပွဲတွေရဲ့ အဆက်ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

အခုလည်းပဲ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်ဆိုတဲ့ ပေါ်လစီနဲ့အစိုးရလုပ်လာမယ့် ခေါင်းပေါင်းဝတ် စစ်အုပ်စုဝင်တွေကို လူထုရဲ့အင်အားကို မြည်းစမ်းစေရပါမယ်။ ဒင်းတို့ကို ချက်ခြင်းစိန်ခေါ်နိုင်အောင် အခု ကတည်းက ပြင်ရပါမယ်။ မလိုအပ်ပဲ ကိုယ့်အင်အားတွေမဆုံးရှုံးအောင်ထိန်းသိမ်းရပါမယ်။ နအဖရဲ့ခွင်ထဲကို ကိုယ်က တိုးဝင်တာ မဟုတ်ပဲ ဒင်းတို့ကိုကိုယ့်ခွင်ထဲခေါ်သတ်တဲ့အခြေအနေရောက်အောင် တည်ဆောက်ပြင် ဆင်ကြရပါမယ်။ ဒါ့အပြင် ရွေးကောက်ပွဲအကြောင်းပြုပြီးဖြစ်ပေါ်လာမယ့် ပြည်တွင်းပြည်ပနိုင်ငံရေးလှိုင်းလုံးများ ကို ကျော်လွှားဖို့လည်း ပြင်ဆင်ရပါ တော့မယ်။

မှန်တာပြောရရင် အတိုက်အခံတွေအဖို့လည်း စိတ်ကူးယဉ်လို့မရတော့တဲ့ အခြေအနေကိုရောက်သွားပါပြီ။ လက်တွေ့ရဲဝံ့စွာရင်ဆိုင်ကြပါစို့။

Monday, August 9, 2010

ရခိုင်လူငယ် ၁၁ ဦးကို တရားသေလွှတ်ရန် ရှေ့နေ ပြော


နယူးဒေလီ (မဇ္ဈိမ) ။ ။ မျက်မြင်သက်သေနှင့် အထောက်အထားများ မရှိသဖြင့် ဖောက်ခွဲရေးအမှု အပါအဝင် အမှု ၅ မှုဖြင့် အင်းစိန်ထောင်တွင် တနှစ်ခန့် ဖမ်းဆီးကာ တရားစွဲခံထားရသည့် ရခိုင်လူငယ် ၁၁ ဦးကို တရားသေလွှတ်ပေးသင့်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးကျော်ဟိုးက ပြောဆိုလိုက်သည်။

ယခုလ ၄ ရက်နေ့တွင် အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် အထူးတရားရုံး၌ အစိုးရှေ့နေဘက်က စာဖြင့် တင်ပြကာ အပြီးသတ် လျှောက်လဲခဲ့ပြီး တရားသူကြီး ဦးမြင့်စန်းက ယခုလ ၁၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ မျက်မြင်သက်သေလည်း မရှိဘူး။ အထောက်အထားလည်း မရှိဘူး။ ဒါကြောင့်မို့ စွပ်စွဲခံရတဲ့ ၁၁ ယောက်လုံးကို တရားသေ လွှတ်ပေးသင့်တယ်’’ ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

သူက ဆက်ပြီး “AASYC (ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး) နဲ့ ဆက်သွယ်တယ်။ သူတို့အတွက် အဖွဲ့ဝင်တွေ စည်းရုံးပေးတယ်၊ သူတို့အတွက် မူးယစ်ဆေးဝါးတွေ ရောင်းပေးတယ်၊ လက်နက်ခဲယမ်တွေ သယ်တယ်၊ ပြည်တွင်းမှာ ပေါက်ကွဲမှုတွေဖြစ်အောင် ဆောင်ရွက်တယ်လို့ စွပ်စွဲထားတယ်” ဟု ပြောသည်။

၂ဝဝ၉ ခု စက်တင်ဘာအတွင်း ရခိုင်ပြည်နယ် ဒေသများမှ ၎င်းတို့ ၁၁ ဦးကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံရှိ AASYC နှင့် ဆက်သွယ်သည်ဟုဆိုကာ တရားမဝင် အသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှု၊ နယ်စပ်ဖြတ်ကျော်မှု အပါအဝင် အမှု ၅ ခုဖြင့် အထူးရဲသတင်းတပ်ဖွဲ့ ဒုရဲမှူးသန်းစိုးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲခံရသူများမှာ မောင်တောမြို့မှ ကိုခိုင်ကျော်မိုးနှင့် ကိုကျော်ဝင်း၊ စစ်တွေမြို့မှ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး (မဲလုံး) နှင့် ရဲထက်စိုး၊ ဘူးသီးတောင်မြို့မှ ကိုမောင်နိုင်စိုး၊ ပုဏ္ဍားကျွန်းမှ ကိုကျော်စံသိန်းနှင့် ကိုအောင်မိုးဇော်တို့ ပါဝင်သည်။

ထိုအထဲမှ ထွန်းလင်းကျော်၊ ကိုအောင်စံသိန်း၊ ကိုခိုင်ကျော်မိုး အပါအဝင် ၆ ဦးသည် လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းမှု ပုဒ်မ ၁၃/၁ ဖြင့် နယ်စပ်ဖြတ်ကျော်မူ၊ အသင်းအဖွဲ့ ပုဒ်မ ၇ ဖြင့်၎င်း၊ ကိုနိုင်စိုး (ခ) မဲလုံးမှာ ဖောက်ခွဲရေးပုဒ်မ ဖြင့်၎င်း၊ ကိုရဲထက်စိုးမှာ ဖောက်ခွဲမှုနှင့် ကြေးနန်းဆက်သွယ်ရေး ပုဒ်မ ၆ (၁) ဖြင့်၎င်း တရားစွဲခံရသည်။

ဖောက်ခွဲရေးကိစ္စများနှင့် ပတ်သက်သည့် အမှုများကို အဓိက စစ်ဆေးခဲ့ကြောင်းနှင့် တရားသူကြီးက အမှုစစ်ရဲ ဦးကျော်ရင်ကိုသာ စစ်ဆေးခဲ့ကြောင်း သိရသည်။

AASYC သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ မြန်မာ့ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသော ရခိုင်ကျောင်းသားလူငယ် အဖွဲ့ဖြစ်ပြီး၊ ၎င်းတို့က ယခုဖမ်းဆီးခံထားရသူများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

၁၁ ဦးစလုံးကို စစ်ထောက်လှမ်းရေးများက လိုက်လံဖမ်းဆီးပြီးနောက် မိသားစုနှင့် အဆက်အသွယ် ဖြတ်ခဲ့သလို၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့မှ စတင်၍ ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။

ထောင်တွင်း၌ ရုံးထုတ်စစ်ဆေးစဉ် မိသားစုဝင်များ တက်ရောက်၍ နားထောင်ခွင့် မရသဖြင့် တဦးစီအတွက် မိသားစုဝင် ၂ ဦးကျ လာရောက်ခွင့်ပြုရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် တရားရုံးသို့ ရှေ့နေများက တင်ပြတောင်းဆိုခဲ့သော်လည်း တရားရုံးက ယနေ့တိုင် ခွင့်ပြုခြင်း မရှိခဲ့ပါ။

အမှုအတွက် ရှေ့နေများဖြစ်သည့် ဦးအေးသိန်း၊ ဦးမောင်မောင်လတ်၊ ဒေါ်သီတာမမနှင့် ဦးကျော်ဟိုးတို့ လိုက်ပါဆောင်ရွက်ပေးနေရာ အကယ်၍ ပြစ်ဒဏ်ချမှတ်ပါက အယူခံဝင်သွားမည်ဖြစ်သည်။

ထွက်ပေါက်မဟုတ်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရန် ပြောကြပြီ


နယူးဒေလီ (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ”အကြမ်းဖက်” ဟု ခေါ်ဝေါ်လိုက်ပြီး ဒီမိုကရေစီ လိုလားသူတိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြည်တွင်းရှိ သံဃာ့အဖွဲ့ကြီးနှင့် ကျောင်းသားအဖွဲ့များက တိုက်တွန်းလိုက်သည်။

မြေအောက် လှုပ်ရှားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့၏ ပူးတွဲကြေညာချက်တွင် စစ်အစိုးရသည် ” အကြမ်းဖက်ဝါဒီ ကြံ့ဖွံ့ပါတီကို အပြတ်အသတ် မဲအနိုင်ရစေရန် ပြောင်ပြောင်တင်းတင်း ဘက်လိုက်ကာကွယ် ပံ့ပိုးပေးနေသည်” ဟု ရေးသားထားသည်။

“ တရားမဝင်တဲ့ စစ်အစိုးရကို တရားဝင်တဲ့ စစ်အစိုးရဖြစ်အောင် လုပ်တဲ့ပွဲလို့ မြင်တယ် ” ဟု စစ်အစိုးရ၏ လိုက်လံဖမ်းဆီးခြင်းမှ ရှောင်တိမ်းနေရင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုအောင်ကျော်ဆင့်က မဇ္ဈိမကို ဆက်သွယ်ပြောကြားသည်။

အလားတူပင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှာ ပြောရေးဆိုခွင့်ရှိသူ အရှင်ဦးကုမာရက “ဒီဟာတွေက မတရားဘူးလို့ ပြည်သူလူထု သိအောင် ချပြပြောဆိုမယ်။ ပြည်သူလူထုကို တတ်နိုင်သလောက် ချဉ်းကပ်ပြီးတော့ မဲမထည့်အောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု မဇ္ဈိမကို မိန့်တော်မူသည်။

သဘောထား ပြတ်သားသော ယခုအဖွဲ့များက ရွေးကောက်ပွဲဝင်ခြင်းဖြင့် နိုင်ငံရေး ဂွင်ကျယ်လာနိုင်သည်ဟု အယူရှိသူများကိုလည်း စိတ်ယူးယဉ်မှုဟု ပြစ်တင်လိုက်သည်။

” ပြောင်းမရ ပြင်မရသော ဖွဲ့စည်းပုံကို အသက်သွင်းပြီးကာမှ လွှတ်တော်ထဲကနေ ဝင်ပြင်မည်ဟု ပြောနေခြင်းသည် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်နေလိမ့်မည်။ သင်တို့၏ စိတ်ကူးဖဲဝိုင်းထဲတွင် တိုင်းပြည်၏ ကံကြမ္မာကို လောင်းကြေးမထပ်သင့်ပေ” ဟု ကြေညာချက်တွင် ပါရှိသည်။

ပြည်ပအခြေစိုက် အတိုက်အခံ အဖွဲ့တခုဖြစ်သည့် လူ့ဘောင်သစ်ပါတီ DPNS ကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တိုက်တွန်းလိုက်ပြန်သည်။

“လက်ရှိ ရွေးကောက်ပွဲ ဥပဒေကို ကြည့်မယ်ဆိုရင် ဒီဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ၊ စစ်မှန်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အကုန်လုံးကို တိုင်းပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ကြိုးစားမှုတခု ဖြစ်တယ်။ ဒီနိုင်ငံရေးပါတီတွေအနေနဲ့ မပူးပေါင်းဖို့ လိုသလို ပြည်သူလူထုကလည်း မပူးပေါင်းဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောသည်။

ယနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က စာမျက်နှာ ၄၄ မျက်နှာပါ ’’၈၈ လူထုအသံ’’ မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီး စာအုပ်၏ ရှေ့မျက်နှာဖုံးတွင် ’’လူထုအမှန် ပဲ့တင်သံ ရှစ်ဆယ့်ရှစ်အသံ’’ ဆောင်ပုဒ်ကို ရေးသားထားသည်။

ထိုစာအုပ် အဖွင့်စကားကို ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် ပြောရေးဆိုခွင့်ရှိသူ ခေါင်းစဉ်ဖြင့် ရေးသားသည်။ စစ်အစိုးရက လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင်ချုပ်ချယ်ပြီး စည်းကမ်းပြည့်ဝသော နာမဝိသေသန ထည့်ကာ ဒီမိုကရေစီကို ပုံဖျက်ထားကြောင်းနှင့် ရဲဝံ့စွာ ပြောဆိုရေးသားနေသူများသည် ထိုခေတ် ထိုလူ့ဘောင်၏ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နေကြောင်း ဆိုထားသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများ လမ်းပေါ်ထွက်ကာ ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ သို့သော် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း သြဇာခံ သမ္မတဦးစိန်လွင်က စစ်တပ်ကို အသုံးပြုကာ ပစ်ခတ်နှိမ်နင်းသဖြင့် ဆန္ဒပြသူ ၃ဝဝဝ ခန့် သေဆုံးကာ ရာပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။

ဒေါ်စုမပါသည့် ရွေးကောက်ပွဲကို ဆန့်ကျင်

မြင့်မောင်
သြဂုတ်လ ၈ ရက်၊ ၂၀၁၀ ခုနှစ်။

နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရသည့် ၂၀၁၀ ရွေးကောက်ပွဲကို မြန်မာပြည်သူတရပ်လုံးက ၀ိုင်းဝန်းသပိတ်မှောက်ရန် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယနေ့ ပြောကြားလိုက်သည်။

မြန်မာ့ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသည့် ရှစ်လေးလုံး ၈၈၈၈ အရေးတော်ပုံ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့လယ်တွင် ကျင်းပသည့် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ဆန္ဒပြပွဲက “ဒေါ်အောင်ဆန်းစုကြည် မပါရှိသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်” ထုတ်ဖော်ပြောဆိုကြခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးအေးသာအောင်တို့လို ပုဂ္ဂိုလ်မျိုးတွေက ဒီရွေးကောက်ပွဲ အယုံအကြည် မရှိဘူး။ သပိတ်မှောက်ဖို့လိုတယ်၊ သပိတ်မှောက်ကြလို့လည်း နှိုးဆော်ထားပြီးပြီ။ ခင်ဗျားတို့၊ ကျနော်တို့ မသေဘဲ ကျန်ခဲ့တဲ့လူတွေက ကျဆုံးသွားတဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေရဲ့ သမိုင်းကြွေးကို ဆပ်ဖို့ဆိုရင်၊ လူထု တောင်းတတဲ့ ဒီမိုကရေစီရဖို့ဆိုရင် ဒီရွေးကောက်ပွဲကို အပြင်းအထန်တိုက်မှ ဖြစ်မယ်၊ ရှုတ်ချမှ ဖြစ်မယ်၊ သပိတ်မှောက်ကြမှ ဖြစ်မယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် All Burma Students’ League - ABSL ဥက္ကဋ္ဌ ကိုကျော်သန်းက ဆန္ဒပြပွဲတွင် ပြောဆိုသည်။

ယနေ့ထုတ်ပြန်သည့် သံဃာ့တပ်ပေါင်းစု၊ လွတ်လပ်သော သမဂ္ဂီ၊ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ဇညှပ်လူငယ်သမဂ္ဂနှင့် ABSL တို့၏ ကြေညာချက်တွင် အတုအယောင် ရွေးကောက်ပွဲသည် တိုင်းပြည်နှင့် လူမျိုးစုံ ပြည်သူတို့အား ထာဝရ စစ်ကျွန်ဇာတ်သွင်းမည့် ရွေးကောက်ပွဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် တိုင်းပြည်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စစ်တပ်အာဏာသိမ်းမှုများ ဖြစ်ပေါ်စေမည့် ရွေးကောက်ပွဲဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုခေါင်းဆောင်များ မပါဝင်သည့် အတုအယောင် ရွေးကောက်ပွဲအား တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ရန် တပ်လှန့် နှိုးဆော်ထားသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ မတရားဘူး။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရအောင် ရွေးကောက်ပွဲ ဥပဒေတွေကလည်း လုပ်ထားတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်သင့်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ သူတို့ အာဏာတည်မြဲဖို့လုပ်မယ့် ရွေးကောက်ပွဲ” ဟု ဆန္ဒပြပွဲသို့ တက်ရောက်လာသည့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လူငယ်များအဖွဲ့ချုပ် All India Youth federation – AIYF ဥက္ကဋ္ဌ မစ္စတာ Santosh Kumar ကလည်း မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲသို့ တက်ရောက်လာသည့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့ချုပ် AIYL နှင့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် AISF မှ ခေါင်းဆောင်များကလည်း စစ်အစိုးရ ရွေးကောက်ပွဲကို ဆန့်ကျင်သွားရန်နှင့် မကြာသေးခင်က အိန္ဒိယသို့ လာရောက်ခဲ့သည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခရီးစဉ်ကို သပိတ်မှောက်ကြောင်း ပြောဆိုခဲ့ကြသည်။

ဆန္ဒပြသူ ၁၀၀ ကျော်က ရှေ့ဘက်နှင့် နောက်ကျောတွင် No Election – Without Aung San Suu Kyi ’’ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲ ကန့်ကွက်ရှုတ်ချ သပိတ်မှောက်ကြ’’ စာတန်းနှင့် ရှေ့ဘက်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ အနီနှင့် အဖြူရောင် တီရှပ်အင်္ကျီများ ၀တ်ဆင်၍ ကြွေးကြော်ဆန္ဒပြကြခြင်း ဖြစ်သည်။

ဆန္ဒပြ ကျောင်းသားလူငယ် ၁၅ ဦးခန့်ကလည်း ’’ရွေးကောက်ပွဲလို့ မောင်းထုပြီ၊ စကြ၀ဠာချီ လိမ်ဖို့ ကောက်ဖို့၊ အချောင်သမားတို့ ၀င်တန်းစီ၊ ထောက်ခံပါတယ် ၀ုတ်ကဲ့ ၀ုတ်ကဲ့၊ တချို့ကတော့ လည်ကြသည်၊ မကန့်ကွက်ပါ NGO မကြိုက်လို့၊ တော်လှန်ရေးလို့ တကျော်ကျော်၊ အနှစ် ၂၀ ကျော် သူတို့အော်ခဲ့၊ အခုကျတော့ ရှော်လေပြီ၊ ရွေးကောက်ပွဲဟာ ရီယယ်လတီတဲ့၊ စစ်ဖွဲ့စည်းပုံ လက်ခံတာ၊ ကြားရသူမှာ တအံ့တသြ၊ ကြည့်လိုက်စမ်းပါ့ ဖွဲ့စည်းပုံ၊ အခွင့်အရေးအကုန် စစ်တပ်ယူထား၊ ရွေးကောက်ပွဲက ဟန်ပြပါ၊ လွှတ်တော်ထဲမှာ စစ်ဗိုလ်တမတ်သား၊ အကြံပိုင်တဲ့ စစ်ဗိုလ်ငခွေး၊ မကျေနပ်ရင်တောင် အာဏာသိမ်းမတဲ့၊ စစ်ဗိုလ်မပါ ပြင်မရပါ၊ ဖွဲ့စည်းပုံဟာ စစ်ကျွန်အစစ်’’ ဟူသည့် သံချပ်စားများဖြင့် သံချပ်ဟစ်ကြွေးခဲ့ကြသည်။

ယနေ့ နေ့လည်ပိုင်းတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးရေ ၅၀ ကျော်က ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲတရပ်ကို နယူးဒေလီရှိ မြန်မာရိပ်သာခန်းမတွင် ကျင်းပရာ ရှစ်လေးလုံးလှုပ်ရှားမှု အတွေ့အကြုံများ ဟောပြောသလို၊ ဂုဏ်ပြုကဗျာများ ရွတ်ဖတ်ခြင်း၊ ၈၈ တိုက်ပွဲဝင်သီချင်း သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဂျပန်၊ မလေးရှား၊ သြစတြေးလျား၊ ထိုင်းနှင့် တောင်ကိုရီးယား ဒေသများတွင် ရှစ်လေးလုံး ဆန္ဒပြပွဲများ ယနေ့ ပြုလုပ်သလို၊ ယနေ့မတိုင်ခင်ကလည်း အခြား နိုင်ငံများတွင် ဆန္ဒပြပွဲနှင့် အခန်းအနားများ ကျင်းပခဲ့ကြကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးကို ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို


နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အလည်အပတ် ဖိတ်ခေါ်ခြင်း အပေါ် နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယနေ့ဆက်လက် ကန့်ကွက်ဆန္ဒပြကြသည်။

ဆန္ဒပြသူ ၃ဝဝ ကျော်က ’’ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယမှ ထွက်သွားပါ၊ အလိုမရှိ’’၊ ’’လူသားချင်း စာနာမှုကင်းမဲ့ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် ဗိုလ်ချုပ်မှူးကြီးကို အလိုရှိသည်၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်နိုင်ရန်အတွက် ထောက်ခံကြပါ’’၊ ’’’ဗိုလ်ချုပ်မှူးကြီး ငရဲပြည်သွား’’ အစရှိသည့် လက်ကိုင်ပိုစတာများ ကိုင်မြှောက်အော်ဟစ်ခဲ့ကြသည်။

ယနေ့ ညနေ ၇ နာရီခန့်တွင် နယူးဒေလီရှိ ITC Maurya ဟိုတယ်သို့ ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ ရောက်ရှိလာပြီး မနက်ဖြန်တွင် အိန္ဒိယသမ္မတ ပရာတီမာ ပတေးလ်၊ ဝန်ကြီး ချုပ် မန်မိုဟန်ဆင်း၊ ဝန်ကြီးအချို့ကို တွေ့ဆုံမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။
thashwewanted
၂၈ ရက်နေ့တွင် အိန္ဒိယ၏ အကြီးမားဆုံး စက်မှုကုမ္ပဏီ Tata စီးပွားရေးအုပ်စု၏ မော်တော်ကား ထုတ်လုပ်ရေး တည်ရှိရာ အန်ဒရာပရာဒေ့ခ်ျ ပြည်နယ် မြို့တော်ဟိုက်ဒရာဘတ်သို့ သွားရောက်မည်ဖြစ်သည်။

“ အိန္ဒိယကနေ စီးပွားလုပ်ငန်းတွေ တိုးချဲ့လာမှာ အမှန်ပါပဲ။ အဲဒီအပေါ်မှာ ကျနော်တို့ စိုးရိမ်စိတ် ရှိပါတယ်။ အဲဒီလို နိုင်ငံတကာ ကုန်သွယ်ရေးတွေ တိုးတက်၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်တိုင်း ပြည်သူလူထုက တိုးတက်မလာဘူး။ ” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာ တင့်ဆွေက ပြောသည်။

ဆန္ဒပြသူများက အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ချမှတ်ခဲ့သည့် အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ၏ နိုင်ငံအနေဖြင့် စစ်အာဏာရှင်ကို အထူးဧည့်သည်အဖြစ် ဖိတ်ခေါ်ခြင်းသည် ဂန္ဒီကြီး၏ အကြမ်းမဖက် လှုပ်ရှားမှုကို ဆန့်ကျင်ရာရောက်ကြောင်း ဝေဖန်ပြောဆိုကြသည်။

“ဗိုလ်ချုပ်သန်းရွှေဟာ နိုင်ငံတကာ ရာဇဝတ်ကောင်အဖြစ် ကြေညာဖို့အတွက် ပိုစတာတွေကို သစ်ပင်တွေမှာ ကပ်ပြီး ကြေညာထားတယ်။ အဲဒီပိုစတာတွေကို ဒေလီမြို့မှာရှိတဲ့ နေရာတော်တော်များများကိုလည်း ကပ်မယ်။ သူတို့တည်းခိုတဲ့ နေရာမှာလည်း ကပ်မယ်။ ဒါတွေက သူ့ကို ဆန့်ကျင်ပါတယ်ဆိုတာ ပြသဖို့ ဖြစ်တယ်။ အိန္ဒိယမှာ ရှိနေသရွေ့ ဆက်လက် ဆန့်ကျင်မှုတွေ လုပ်သွားမယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ယနေ့ ဆန္ဒပြပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
thashwewanted1
မြန်မာ့ဒီမိုကရေစီရေးတွင် တက်ကြွစွာ ပါဝင်ပူးပေါင်းနေသည့် နိုင်ငံရေးလှုပ်ရှားသူ မစ္စစ် Jaya Jaitly က အိန္ဒိယအနေဖြင့် ရင်းနှီးမြုပ်နှံမှု မလုပ်သင့်သေးဟု ဆိုသည်။

“Tata ကုမ္ပဏီ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုံးဝမလုပ်ဖို့ တောင်းဆိုချင်တယ်။ အထူးသဖြင့် Information Technology ရင်းနှီးမြှုပ်နှံမှုတွေ လုံးဝ မလုပ်ဖို့ တောင်းဆိုချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစ ပြည်သူလူထုတွေက လုံးဝကို ပါးစပ်ပိတ်ခံထားရတယ်။ ပြောဆိုပိုင်ခွင့် မရှိဘူး။ ဒီလိုအခြေအနေမှာ Information Technology နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ရင် ကျမတို့နိုင်ငံအနေနဲ့ အင်မတန် ရှက်စရာ ကောင်းတယ်။ ” ဟု မစ္စစ် Jaya Jaitlyက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ဝင် ၈ဝ ကျော်သည် ၂၅ ရက်နေ့က စတင်၍ ဗုဒ္ဓဂါယာသို့ရောက်ရှိ ဘုရားဖူးပြီး ယနေ့ညနေတွင်မှ ဒေလီသို့ သွားသည်။ ဗုဒ္ဓဂါယာတွင်လည်း တက်ကြွလှုပ်ရှားသူ မြန်မာများက ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များကို ပစ်ခတ်သတ်ဖြတ်သူအဖြစ် သရုပ်ဖော်ထားသည့် ပိုစတာများ လိုက်လံ ကပ်ထားခဲ့ကြသည်။

အန်အယ်ဒီ ခေါင်းဆောင်များ မြို့နယ် ၂ဝဝ ကျော်တွင် တွေ့ဆုံမှုလုပ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များသည် လွန်ခဲ့သည့် ရက်ပေါင်း ၅ဝ အတွင်း နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၂ဝဝ ကျော်သို့ သွားရောက်ကာ အောက်ခြေပါတီထုနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးဥာဏ်ဝင်း၊ ဒေါ်မေဝင်းမြင့်နှင့် ဦးဟန်သာမြင့် အပါအဝင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက ဦးဆောင်သော အုပ်စုများသည် တိုင်းနှင့်ပြည်နယ် မြို့နယ်များရှိ ပါတီအောက်ခြေထုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တယောက်ထဲကိုပဲ တိုင်း ၃ တိုင်းက မြို့နယ်ပေါင်း ၆ဝ ကျော်နဲ့ ပြီးသွားပြီ။ ကျန်တဲ့အဖွဲ့တွေလည်း အများကြီးပဲ။ အခု ရခိုင်ပြည်နယ်ဆို ဂွနဲ့ သံတွဲက ပထမဆုံး မြို့နယ်တွေ ဖြစ်တယ်။ အခု ရခိုင်ပြည်နယ် သံတွဲကို ရောက်နေတယ်။ ဒါတင်မကသေးဘူး။ နိုင်ငံရေးအရ လှုပ်ရှားတက်ကြွလာမယ့် အချိန်ရောက်လာရင် နောက်တကျော့ ထပ်ပြီး အောက်ခြေပါတီဝင်ထုဆီ ထပ်တွေ့ဆုံဖို့ ရှိတယ်” ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်သည် ကရင်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့၊ ဦးအုန်းကြိုင်သည် မန္တလေးနှင့် မကွေးတိုင်း၊ ဒေါ်မေဝင်းမြင့်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဦးဟန်သာမြင့်မှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့ မှာကြားလိုက်သည့် စကားများကို လိုက်လံပြောဆိုရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံရေးရည်ရွယ်ချက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းနှင့် အဖွဲ့ချုပ်ယုံကြည်ချက်နှင့် နှလုံးသား တူသူများအနေဖြင့် ယင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားစေလိုကြောင်း ခရီးစဉ်များအတွင်း ပြောဆိုစည်းရုံးခဲ့ကြသည်။

ဦးအုန်းကြိုင်နှင့်အတူ ဗဟန်းမြို့နယ် ဥက္ကဋ္ဌ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)၊ လူငယ် (ဗဟို) အဖွဲ့ဝင် ကိုဘမောင်၊ ရန်ကုန်တိုင်း လူငယ်ခေါင်းဆောင် ကိုအေးမင်းစိုး၊ ရခိုင်ပြည်နယ် စည်ရုံးရေးကော်မတီဝင် ဦးစိုးလေးနှင့် ဦးတင်သိန်းအောင်တို့သည် ရခိုင်ပြည်နယ် ဂွမြို့မှ ယနေ့နံနက်တွင် ထွက်ခွာလာပြီး ညနေပိုင်းတွင် သံတွဲမြို့နယ် စည်းရုံးကော်မတီ ဦးထွန်းကြိုင်၏ နေအိမ်တွင် ရောက်ရှိလာကြပြီ ဖြစ်သည်။

၎င်းတို့၏ ရှင်းလင်းပြောဆိုချက်များအပေါ် ပါတီဝင်ထုက အားတက်သရော ထောက်ခံခဲ့ကြကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။

ထို့ပြင် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ တွဲဘက်အတွင်းရေးမှူး ကိုခိုင်ပြည်စိုးကို ၂ဝဝ၈ ဥပဒေ နှိုင်းယှဉ်ချက် စာအုပ်နှင့် ကိုလိုနီကျွန်သဘောက် ၂၂၆ နှစ်ကြာပြီးသောအခါ အမည်ရှိ စာရွက်စာတမ်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ ရဲများက ယခုလ ၁ ရက်နေ့ ညနေ ၄ နာရီမှာ ည ၁ဝ နာရီအထိ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

“အဲဒီစာရွက်တွေက ကျနော့်ဆီကရတဲ့ စာရွက်တွေဆိုပြီးတော့ မေးမြန်းစစ်ဆေးတယ်။ ဒါတွေက ကျနော့်ဆီက မဟုတ်ဘူးလို့ ပြောပြတယ်။ ည ၁ဝ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ဟာတော့ ထူးထူးထွေထွေ မစစ်ပါဘူး။ အေးအေးဆေးဆေး စစ်တာပါ” ဟု ကိုခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

ကိုခိုင်ပြည်စိုးသည် လက်နက်ကိုင် ရခိုင်ကွန်မြူနစ်ပါတီတွင် ဝင်ရောက်ခဲ့ဖူးကာ ၁၉၈၆ ခုနှစ်တွင် မင်းပြားမြို့ကို တိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

သူ့ကို အာဏာပိုင်များက သေဒဏ်ချမှတ်ခဲ့သော်လည်း စစ်အစိုးရ ထုတ်ပြန်သည့် ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့် အမှတ် ၄/၈၉ အရ တသက်တကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ခဲ့ပြီးနောက် ၂ဝဝ၈ ခုနှစ်တွင် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဝ’ ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ စည်းရုံးခွင့်မပြု


နယူးဒေလီ (မဇ္ဈိမ) ။ ။ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ထားသော နယ်မြေအတွင်း စစ်အစိုးရနှင့် နီးစပ်သော ပါတီများကို ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများ ပိတ်ပင်ထားကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

ဝ’ ဒီမိုကရက်တစ်ပါတီနှင့် ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့က ပန်ဆန်း၊ မိုင်မော၊ ပန်းဝိုင်နှင့် နားဖန်း မြို့နယ်များအတွင်း ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် အကြောင်းကြားခဲ့သည့်အပေါ် ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party - UWSP) ဝ’ ထိပ်ပိုင်း ခေါင်းဆာင်များက ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။
shan
“UWSP ထိန်းချုပ်တဲ့ နယ်မြေမှာ သူတို့ကို ဝင်ပြီးတော့ စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ဖို့ ခွင့်မပြုဘူးလေ။ ... မေးတော့လည်း စည်းရုံးခွင့် မပြုသေးဘူးလို့ပဲ ဝ’ ခေါင်းဆောင်တွေက ပြောတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။

UWSP တွင် အင်အား ၂ဝဝဝဝ ခန့်ရှိ စစ်တပ်ရှိကာ ထိုင်း-မြန်မာနယ်စပ်တွင် တပ်ရင်း ၅ ရင်း၊ တရုတ်-မြန်မာနယ်စပ်တွင် တပ်ရင်း ၃ ရှိသည်။ စစ်အစိုးရက ဝ’ တပ်များကို နယ်ခြားစောင့်တပ်ပြောင်း၍ ရွေးကောက်ပွဲဝင်ပြိုင်ရန် တောင်းဆိုထားသော်လည်း ဝ’ ဘက်က ငြင်းပယ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ လက်ခံကြသည်။

၁၉၉ဝ ခုနှစ်က စစ်အစိုးရနှင့် UWSP တို့ ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရာ ဝ’ က အထူးဒေသတခု ရသည်။ သို့သော် ဝ’ တိုင်းရင်းသားအများစုနေထိုင်ရာ မြို့ ၆ မြို့အနက် ဟိုပန်နှင့် ပန်ယန်းကိုတော့ စစ်အစိုးရက ထိန်းချုပ်သည်။

အကဲခတ်များက UWSP ထိန်းချုပ်ထားသော ဒေသများမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်ဖွယ်မရှိဟု ပြောသည်။

တပြည်ထောင်စနစ်ကို လက်ခံထားသော စစ်အစိုးရ၏ မဟာမိတ်ဖြစ်သော ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီမှ အကြီးအကဲတဦးဖြစ်သော ဦးလုပ်ပေါင်က UWSP နှင့် ထိပ်တိုက်မတွေ့လိုသော သဘောဖြင့် စည်းရုံးရေး ပိတ်ပင်ခံရခြင်း ဟုတ်၊ မဟုတ် ဖြေကြားရန် ငြင်းဆိုသည်။

“အခု မိုးတွင်းဖြစ်နေလို့ တောင်ပေါ်ရွာတွေကို မသွားနိုင်သေးဘူး။ ပါတီဝင် ၅ဝဝ ပြည့်အောင် မြို့ပေါ်မှာ နီးစပ်ရာကို ယူပြီးတော့ နေပြည်တော်ကို ပို့လိုက်ပြီ။ နီးစပ်ရာကိုတော့ အားလုံး စည်းရုံးရေး ဆင်းနေပါတယ်။ တောင်ပေါ်ဒေသတွေကတော့ လမ်းပန်းအခက်အခဲတွေ ရှိနေတော့ မသွားကြဘူး” ဟု ဦးလုပ်ပေါင်က ပြောသည်။

ဝ’ ဒီမိုကရက်တစ်ပါတီနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသော UWSP ကို ဆက်သွယ်၍ မရနိုင်ပါ။

သို့သော် လားရှိုးတွင် အခြေစိုက်သော ပါတီနှစ်ခုလုံးမှာ လာရှိုး၊ ဟိုပန်၊ တန်ဆန်း၊ တောင်းရင်းဝ တို့တွင်သာ အဓိက ဝင်ပြိုင်မည်ဟုလည်း ကြေညာထားပြန်သည်။

ဦးအောင်ကျော်ဇောကတော့ “နှစ်ဖွဲ့စလုံးက မြန်မာစစ်အစိုးရရဲ့ လက်ဝေခံတွေ ဖြစ်တယ်” ဟု ပြောသည်။

ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် သဘောတူညီချက်မရသော တိုင်းရင်းသား နယ်မြေအချို့ကို ချန်လှပ်၍ထားမည်ဟု နေပြည်တော်ရှိ စစ်ဘက်သတင်းရပ်ကွက်တခုက မဇ္ဈိမကို အစောပိုင်းက ပြောထားသည်။ UWSP ထိန်းချုပ်ရာနယ်မြေအတွင်း ရွေးကောက်ပွဲများ ဖြစ်နိုင်ရေးမှာ မရေရာလှဘဲ ရှိသည်။

UWSP ကို ပါတီမှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ပြိုင်ရန် နေပြည်တော်က လိုလားနေသော်လည်း ဝ’ ဘက်က ငြင်းဆန်ထားသည်ဟုလည်း အကဲခတ်များက ပြောသည်။

နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာမှုများ ရှိနေသည်။ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်း သံလွင်မြစ် အရှေ့ဘက်ရှိ ပန်လုံမြို့နယ်နှင့် ဟိုပန်နယ်မြေအတွင်း ဝ’ တပ်မဟာ ၃၁၈ တပ်ဖွဲ့နှင့် စစ်အစိုးရတပ်များအကြား ယခုလ ၁၇ ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ရာ ဝ’ တပ်သားတဦး သေဆုံးခဲ့သည်ဟု အကဲခတ်များက ပြောသည်။

စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို


နယူးဒေလီ (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်ရှိ သဲဒါဒါးရွာကို စစ်အစိုးရတပ်များက မီးရှို့သဖြင့် နီးစပ်ရာ တောထဲသို့ ထွက်ပြေးပုန်းအောင်းနေသော ကရင်စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော်သည် စားနပ်ရိက္ခာ နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြော သည်။

ခြေမြန်တပ်ရင်း ၃၇ဝ နှင့် ၃၆၁ က ယခုလ ၂၃ ရက်နေ့တွင် မော်တာအလုံး ၄ဝ ခန့်ပါ အသုံးပြု တိုက်ခိုက်သလို ဘုရား ကျောင်း၊ အလယ်တန်းကျောင်းနှင့် လူနေအိမ်ခြေ ၅ဝ ကျော်ကို ဖျက်ဆီးသွားသည်ဟု စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော KNU က ဆိုသည်။

’’ကျနော်တို့နဲ့ တိုက်ပွဲမဖြစ်ဘူးဗျာ။ ရွာကို သက်သက် လာပစ်သွားတယ်။ ရွာသားတွေက တောထဲမှာ ပုန်းနေရတယ်။ နောက်ဆုံးရတဲ့ သတင်းအရက ၇ဝဝ ကျော်လောက် ရှိတယ်” ဟု KNU ဒုဥက္ကဋ္ဌ ဒေးဗစ် သာကပေါက မဇ္ဈိမကို ပြောသည်။

“ရွာသားတွေအနေနဲ့ ရွာက အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေး လာ ရတယ်။ ရွာသားတွေမှာ ဘာမှ စားစရာ ပါမလာဘူး။ ပိုဆိုး တာက မိုးတွင်းဖြစ်နေတော့ အအေးမိဖျားတာတို့၊ အစားအစာ လုံလုံလောက်လောက် မရတာတွေ ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ အရေးပေါ် ဖြစ်နေတဲ့အတွက် ထိထိရောက် ရောက် လုပ်မပေးနိုင်သေးဘူး” ဟု သူက ထပ်ပြောသည်။

ပစ်ခတ်ဖျက်စီးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသော်လည်း ယခုကျေးရွာမှာ မြန်မာစစ်တပ် သတ်မှတ်မှုအရ အနက်ရောင်နယ်မြေတွင် ပါဝင်ကာ ရွာပုန်းရွာရှောင်ဖြစ်သည်ဟု ဒေသခံ စစ်မှုထမ်း အရာရှိဟောင်း တဦးက ပြောသည်။

”အနက်ရောင်နယ်မြေဆိုတဲ့ သဘောကတော့ အဲဒီနယ်မြေထဲမှာ တွေ့တဲ့သူ မှန်သမျှဟာ မိတ်ဆွေဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ရန်သူပဲ။ ပြည်သူဆိုတာ မရှိဘူးဆိုတဲ့ သဘောပေါ့” ဟု သူက ပြောသည်။

"အနက်ရောင်နယ်မြေထဲမှာရွာကိုမီးရှို့တယ်။ လူသတ်တယ်။ မိုင်းထောင်တယ်ဆိုတဲ့ သတင်းတွေက လုပ်တဲ့သူကို ဘယ်လိုမှ မထိခိုက်ဘူး ရာထူးတိုးဖို့ပဲ ရှိတယ်။ အမိန့်ကို တသွေမတိမ်း လိုက်နာတယ်ဆိုတဲ့ သဘောပေါ့” ဟု သူက ထပ်ပြောသည်။

ရွာပုန်းရွာရှောင်များကို မီးရှို့ဖျက်ဆီးရန် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးချုပ်ရုံးက တပ်များကို အမိန့်ပေးထားသည်။ မြန်မာစစ်တပ်မှာလည်း တိုင်းရင်းသားများအပါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲသတင်း ဖြစ်ပေါ်နေချိန်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA မှာလည်း နယ်ခြားစောင့်တပ် အမြန်ဖွဲ့ရေး ဖိအားပေးခံနေရရာ မပြောင်းလိုသူ အချို့လည်း ရှိနေသည်။

DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောလားပွယ် (နှုတ်ခမ်းမွေး) မှာ လူသိများသော ငြင်းဆန်နေသူ ဖြစ်သည်။ သို့သော် စစ်အစိုးရက တိုက်ခိုက်လာလျှင် KNU က DKBA နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

“သူက နယ်ခြားစောင့်တပ်ကို မပြောင်းချင်ဘူး။ နအဖ စစ်တပ်က ဖိအားပေးတယ်။ သူ့ကို ဖိအားပေးလို့ မရတော့ စစ်အစိုးရကို ထောက်ခံတဲ့ DKBA အဖွဲ့နဲ့ နအဖ တပ်တချို့က လက်နက်ကြီးတွေနဲ့ တိုက်ဖို့ ပြင်ဆင်နေတယ်။ စစ်အစိုးရဘက်က တိုက်လာရင်တော့ ကျနော်တို့အနေနဲ့ ဗိုလ်မှူးကြီး စောလားပွယ် ဘက်ကနေ ကူတိုက်ဖို့ ရှိတယ်။ သူတို့အနေနဲ့လည်း မိခင်အဖွဲ့ဖြစ်တဲ့ ကျနော်တို့ဆီကို ပြန်လာမယ် ဆိုရင်လည်း ကျနော်တို့ လက်ခံသွားမယ်” ဟု ဒေးဗစ်သာကပေါက ပြောသည်။

ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်

မြင့်မောင် |
ဇူလိုင်လ ၂၃ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ္ဘာကျော် ကျောက်စိမ်းတွင်း တည်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ရှိ နမ္မားယန်းနှင့် ဥရုချောင်း ရေလျှံသဖြင့် ရပ်ကွက် ၄ ခု နှင့် ကျေးရွာတရွာ ရေနစ်မြုပ်သွားကြောင်း သိရသည်။

ယခုလ ၂ဝ ရက်နေ့ ညနေပိုင်းမှ စတင်၍ မကြာခဏ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဖားကန့်မြို့ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနှင့် မရှီကတောင် ရပ်ကွက်များ ရေမြုပ်ကာ အမြင့်ပိုင်းရှိ မိုဟန်းရပ်ကွက်တခုသာ ရေမရောက်ရှိနိုင်ကြောင်းနှင့် နန့်မဖြစ်ကျေးရွာတွင် လူနေအိမ် ၅ လုံးခန့် ရေထဲမျောပါခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရခြင်း ဖြစ်သည်။

“ဥရုချောင်းနဲ့ မြို့လယ်လမ်းက ပေ ၁၅ဝ လောက် ကွာတယ်။ ဒီနေရာကို ရောက်တယ်ဆိုတော့ ရေပြင်အကျယ်ကို မျက်စိထဲ မြင်ကြည့်လိုက်တော့။ အခု ကျနော်ပြောနေတာက ဥရုချောင်းနဲ့ ပေ ၈ဝ-၉ဝ လောက် ကွာမယ်။ ကျနော့် ဆိုင်ပေါ်က ပြောနေတာ။ မြေပြင်နဲ့ ၉ ပေ - ၁ဝ ပေလောက် မြင့်တဲ့ အဆောင်က ပြောနေတာ။ အဆောင်ပေါ်မှာတောင် ဒူးလယ်လောက် ရှိတယ်” ဟု ဖားကန့် ဥရုချောင်းဘေးတွင် ဖွင့်လှစ်ထားသည့် စက်ချုပ်သမားတဦးက မဇ္ဈိမကို ပြောသည်။

အေးမြသာယာတွင် နေထိုင်သူတဦးကလည်း “တချို့အိမ်တွေဆို တော်တော်လေး မြုပ်နေတယ်။ ဖားကန့် ငှက်ပျောတောရပ်ကွက် ကမ္ဘောဇဘဏ်တဝိုက်မှာ ရေပြင်ကြီး ဖြစ်နေတယ်။ မနေ့ ညနေပိုင်းမှာ ၆ လက်မလောက် တက်လာတယ်။ ချောင်းထက် ပေ ၂ဝ လောက် မြင့်တယ်။ ကျနော်တို့ အိမ်အောက်ထပ်မှာ ခါးလောက် ရေရောက်တယ်’’ ဟု ပြောသည်။

ဥရုချောင်းအနီး နန့်မဖြစ်ကျေးရွာတွင် ဆောက်လုပ်ထားသည့် အလုပ်သမား နေအိမ် ၅ လုံး ချောင်းရေထဲ မျောပါသွားခဲ့ပြီး၊ လူအသေအပျောက် မရှိကြောင်း ဖားကန့် ဒေသခံများက ဆိုသည်။

စစ်အစိုးရ၏ ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဇူလိုင်လ ၁၉-၂ဝ ရက်နေ့တွင် မိုးသည်းထန်စွာ ရွားသွန်းမှုကြောင့် နမ္မားယန်းနှင့် ဥရုချောင်း ရေမြင့်တက်ခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု ကုဋေးကျေးရွာအနီး အကျယ် ၁ဝ ပေ၊ အမြင့် ၁ဝ ပေရှိ ကိုယ့်အားကိုယ်ကိုး ရေတားတမံ ကျိုးပေါက်ခဲ့သဖြင့် ဖားကန့်မြို့ မြို့မ၊ မရှီကတောင်၊ ငှက်ပျောတောနှင့် အေးမြသာယာ ရပ်ကွက်တို့အပြင် နန့်မဖြစ်ရွာရှိ လူနေအိမ်တချို့ မျောပါပျက်စီးခြင်း၊ ရေဝင်နစ်မြုပ်ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ရေဘေးသင့် ပြည်သူများကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များက ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့၍ နေရာချထားပေးခဲ့သည်ဟု ဆိုသည်။

အေးမြသာယာရပ်ကွက်တွင် နေထိုင်သူက ’’ကျနော်တို့ဆီတော့ အစိုးရဘက်က ကူညီတာ မတွေ့ရပါဘူး။ အရင်တုန်းက တရပ်ကွက်ကို ၅ ယောက်လောက် ကူညီဖို့ လှေတစီးပေးတာပဲ ရှိတယ်။ အဲဒါတွေကလည်း မထိရောက်ပါဘူး။ ကလေးတွေ ကျောင်းသွားဖို့အတွက်တောင်မှ အရမ်းခက်တယ်” ဟု ပြောသည်။

ငှက်ပျောတောရပ်ကွက်မှ ဒေသခံတဦးကလည်း “ဒီလောက် ရေကြီးတာ သူတို့က ထမင်းထုပ်တထုပ် လာပေးတယ်ဆိုတာ မရှိဘူး။ ပေးတယ်လို့လည်း မကြားရဘူး။ ငါတို့ကတော့ ကိစ္စမရှိဘူး၊ စားနိုင်သောက်နိုင်တယ်။ ဒါပေမဲ့ အောက်ခြေ လူတန်းစားတွေက အများကြီး ရှိနေတယ်။ ဒီမှာက ဖားကန့်မြို့နယ် အနီးတဝိုက်၊ ဥရုချောင်း အနီးတဝိုက်နေတဲ့ လက်လုပ်လက်စား လုပ်နေတဲ့ သူတွေအနေနဲ့တော့ အခြေအနေအားလုံး ဆိုးနေတယ်” ဟု ဆိုသည်။

ယမန်နေ့က နံနက် ၉ နာရီ မိုးရေချိန် တိုင်းတာချက်အရ မြစ်ကြီးနားမြို့တွင် ၂ ဒဿမ ဝ၅ လက်မနှင့် ဟုမ္မလင်းမြို့တွင် ၁ ဒဿမ ၅၇ လက်မ ရွာသွန်းခဲ့သည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ချောင်းရေလျှံခြင်းသည် နမ္မားယန်းနှင့် ဥရုချောင်းများ၏ အထက်ပိုင်းတွင် မက်စ်မြန်မာ၊ Ever အပါအဝင် ကုမ္ပဏီ ၅ ခုက ရွှေကျင်ခြင်းနှင့် ကျောက်တူးခြင်း လုပ်ငန်းများ လုပ်ဆောင်နေပြီး မြေစာများကို ချောင်းထဲသို့ စွန့်ပစ်ရာမှာ ချောင်းများ တိမ်ကောမှု ဖြစ်ပေါ်လာပြီး မကြာခဏ ရေလျှံမှုများ ဖြစ်ပေါ်ရကြောင်း ဖားကန့်ဒေသခံများက ပြောသည်။

ကုမ္ပဏီများမှ စွန့်ပစ်လိုက်သည့် မြုံး၊ မျှောနှင့် မြေစာများကို မဆင်မခြင် ချောင်းထဲသို့ စွန့်ပစ်မှုကြောင့် ရေချောင်းများ ပိတ်ဆို့ကာ ရေကြီးမှုများ ဖြစ်ပေါ်လာရသည်ဟု ဆိုကြသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဥရုချောင်းတလျှောက်ရှိ ကျောက်စိမ်းတွင်းများမှ စွန့်ပစ်မြေစာပုံများ ပြိုကျသောကြောင့် အနည်းဆုံး လူ ၃ဝ ခန့် သေဆုံးခဲ့ရသလို၊ ၂ဝဝ၈ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် မိုးများ ဆက်တိုက်ရွာသွန်းသဖြင့် မြေစာများ ပြိုကျကာ လူ ၂ဝ ခန့် သေဆုံးခဲ့ရသေးသည်။