Tuesday, October 18, 2011

“ကျင့်တဲ့တရားပဲ အရေးကြီးတယ်” ဟု မင်းကိုနိုင် မွေးနေ့ အမှာစကားပြော

ဇွဲခန့် |
အင်္ဂါနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ်


နယူးဒေလီ (မဇ္စျိမ) ။ ။ “လူဆိုတာ ရောက်တဲ့နေရာ အရေးမကြီးဘူး၊ ကျင့်တဲ့ တရားပဲ အရေးကြီးတယ်” ဟူ၍ ကျိုင်းတုံထောင်တွင်း ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မွေးနေ့ အမှာစကား အဖြစ် ပြောဆိုလိုက်သည်။

အင်္ဂါနေ့တွင် ကျရောက်သည့် အသက် ၄၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အင်းစိန်မြို့နယ် သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ယင်းကဲ့သို့ ထောင်တွင်းမှ အမှာစကားပေးပို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူက အမှတ်တရနေနဲ့ ရေးပေးလိုက်တာပေါ့နော်။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက အရေးမကြီးဘူး
ပေါ့နော်။ ကိုယ့်ရဲ့ကျင့်ကြံမှု၊ ကိုယ့်ရဲ့ နေထိုင်မှု ဒါကို ရည်ညွန်းချင်တယ်လို့ ကျမ ထင်တာပေါ့နော်” ဟု ညီမဖြစ်သူ မမီမီလွင်က မဇ္ဈိမကို ပြောသည်။

အကျဉ်းကျနေသည့် မွေးနေ့ရှင် ကိုယ်စား ကိုမင်းကိုနိုင်၏ မိသားစုဝင်များက မွေးနေ့ ဆုတောင်း ရွတ်ဆိုနေသည်ကို သမိုင်းမြို့မကျောင်းတွင် တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ကိုမင်းကိုနိုင်မှာ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ယင်းနှစ် သြဂုတ်လ
၂၁ ရက်နေ့က ဖမ်းဆီးခံရကာ ထောင်ကျခံနေရခြင်း ဖြစ်ပြီး မကြာသေးခင်က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင်လည်း လစ်လျူရှု ခံထားရသူတဦး ဖြစ်သည်။

နံနက် ၈ နာရီမှစတင်ခဲ့သည့် မွေးနေ့ပွဲသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် မကြာမီက ပြန်လည် လွတ်မြောက်လာသည့် လူရွှင်တော် ဇာဂနာနှင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးတို့လည်း တက်ရောက်ခဲ့သည်။ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် သံရုံးမှ သံအမတ်များလည်း တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ
ဝင် ပါတီများ၊ မျိုးဆက်သစ်လူငယ်များ စုစုပေါင်း လူဦးရေ ၂၀၀၀ ခန့် တက်ရောက်ခဲ့သည်။

“အမြဲတမ်း ဒီလိုမျိုး မွေးနေ့ရှင် မပါဘဲနဲ့ ကျင်းပနေရတဲ့ မွေးနေ့ပေါင်းများစွာ အတွက်တော့ ကျမတို့စိတ်ထဲမှာ ခံစားမှု ကတော့ ပြောမပြတတ်အောင် ဖြစ်နေရတာပေါ့ရှင်။ လာမယ့်နှစ်မှာတော့ သူနဲ့အတူတူ ကျင်းပချင်တာပေါ့နော်။ ဒါပေမဲ့ နှစ်တိုင်း နှစ်တိုင်းတော့ မျှော်ကြတာပေါ့။ မရှိတော့လဲ မရှိသလို ကျင်းပနေရတာပါပဲရှင်” ဟု မမီမီလွင်က ဆိုသည်။

“ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ်” ဟုလည်း ကိုမင်းကိုနိုင်က မွေးနေ့စကားလက်ဆောင် ပါးလိုက်သေးကြောင်း သိရသည်။

ကိုမင်းကိုနိုင်မှာ ၁၉၈၈ လူထု အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ - ဗကသ ဥက္ကဋ္ဌ အဖြစ်
ရွေးချယ်ခံရကာ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် မတ်လအတွင်း ဖမ်းဆီးခံရကာ ၂၀၀၄ ခုနှစ်တွင်ပြန် လည် လွတ်မြောက် လာခဲ့သည်။

ယင်းနောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ထပ်မံ ထိန်းသိမ်းခံရကာ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး လောင်စာဆီဈေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုကြောင့် ထပ်မံ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

အကျဉ်းကျခံ ကျောင်းသားခေါင်းဆောင်၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မိုးပျံပူပေါင်းနှင့် ချိုးငှက်များလွှတ်ကာ အကျဉ်းသားအားလုံး လွတ်မြောက်လာရေးအတွက် ဆုတောင်းခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စွယ်စုံအနုပညာရှင် ကိုဇာဂနာနှင့် ၈၈ မျိုးဆက်ကျောင်းသူ မဖြိုးဖြိုးအောင်တို့က အမှတ်တရ စကားများ ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ဆန္ဒပြုကြောင်းနှင့် “အဂတိ
လေးပါးကနေ ကင်းလွတ်ပြီးတော့မှ လုပ်ဆောင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်”ဟု ပြောဆိုခဲ့ကြောင်း မွေးနေ့ပွဲ
ဖြစ်မြောက်ရေး တာဝန်ခံ ၈၈ မျိုးဆက်ကျောင်းသား ကိုမြတ်သူက ပြောသည်။

ယင်းအပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုများက မကြာခင်က လွတ်မြောက်လာပြီး
မွေးနေ့ပွဲ တက်ရောက်လာသူ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကိုလည်း တယောက်လျှင် ၅,ဝဝဝ နှုန်း ဖြင့် ကူညီ
ပေးခဲ့သည်။ ပွဲတွင် မွေးနေ့ဂုဏ်ပြု တေးသီချင်းသီဆိုခြင်းနှင့် ကဗျာရွတ်ပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့သည်။

“အကျဉ်းထောင်တွေကို စာကြည့်တိုက် သဘောမျိုး လုပ်ဖို့ အတွက်ပေါ့နော်။ စာအုပ်တိုက် ၄၂ တိုက်ကနေပြီးတော့မှ လှူဒါန်းထားတဲ့ စာအုပ်တွေကို ထောင် ၄၂ ထောင်ကို ခွဲပြီးတော့မှ လှူဒါန်းပေးတဲ့ အစီအစဉ်လဲ ပါတယ်” ဟု ကိုမြတ်သူက ပြောသည်။ ယင်းစာအုပ်များမှာ တန်ဖိုးအားဖြင့် ၂၇ သိန်းကျော်ဖိုး ရှိသည်။

မွေးနေ့ပွဲတွင် ကိုမင်းကိုနိုင် ပုံတူ ပန်းချီကား ၂၀ ကျော်ကိုလည်း ပြသခဲ့ပြီး ပွဲပြီးချိန်တွင် ပွဲတက်ရောက်သူများ ယူဆောင်သွားမှုကြောင့် သုံးချပ်သာ ပြန်ရလိုက်သည်ဟု သိရသည်။

“အပြန်မှာ အဲဒီပန်ချီကား သုံးချပ်ပဲ ပြန်ရတော့တယ်။ ယူသွားကြတဲ့သူတွေက ကိုမင်းကိုနိုင်ကို ချစ်လို့ပါ ဆိုပြီးတော့
တောင်းယူသွားကြတာ။ ကျနော့်ကိုတော့ မဟုတ်ဘူး။ နီးစပ်ရာ တောင်းယူသွားကြတာပေါ့။ ကျနော် အတော်နှမြော တယ်ဗျာ” ဟု ပန်းချီဆွဲထားသူ ကိုမျိုးရန်နောင်သိန်းက ပြန်ပြောပြသည်။

၂ဝဝ၇ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် ဗကသများ အဖွဲ့ချုပ်မှလည်း မွေးနေ့ပွဲသို့ မွေးနေ့သဝဏ်လွှာ ပေးပို့ခဲ့ကာ “ယနေ့အချိန်ထိ ရှင်သန်လှုပ်ရှားနေသော ဗကသများ အဖွဲ့ချုပ်၏ သမိုင်းတခေတ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည့် ကိုမင်းကိုနိုင်အား မိမိတို့ ကျောင်းသူ၊ ကျောင်းသားများက လေးလေးနက်နက် ဂုဏ်ပြု ဦးညွတ်ပါသည်” ဟု သဝဏ်လွှာတွင် ပါရှိသည်။

အလားတူ မွေးနေ့ အထိမ်းအမှတ်ပွဲများကို ရန်ကုန်တွင် သာမက ကချင်နှင့် ကရင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ချောက်နှင့် ရေနံချောင်းမြို့နယ် တို့တွင်လည်း NLD ကွန်ယက် အဖွဲ့ဝင်များက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“ကျနော်တို့ ကြားတဲ့ သတင်းအရ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုက သုံးကြိမ် ရှိမယ်ပေါ့။ ပထမဦးဆုံး အကြိမ် လွတ်မြောက်မှုမှာ ကိုမင်းကိုနိုင် ပါမလာဘူး၊ ကိုဇာဂနာတို့ ပါလာတယ်။ ကိုမင်းကိုနိုင် တို့ကို
တော့ နောက်ဆုံးအကြိမ်မှာ ပါလာမယ်လို့ ကျနော်ကြားထားတာ ရှိတယ်။ ဆိုတော့ လွတ်စေချင်တာပေါ့ဗျာ” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်သူ ကိုမျိုးရန်နောင်သိန်းက ဆိုသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒီမိုကရေစီ အင်အားစုများ ကလည်း ကိုမင်းကိုနိုင် မွေးနေ့ အထိမ်းအမှတ် အဖြစ်
အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးများ ဆိုင်ရာ
အဖွဲ့ (WRWAB) ရုံး၌ ပြုလုပ်ရာတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် ဘာသာစုံ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ဦးသိန်းစိန်လာတုန်း အရောင်းရဆုံး စာအုပ်

ကိုပေါက် |
အင်္ဂါနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာသမ္မတ ဦးသိန်းစိန် အိန္ဒိယသို့ လေးရက်ကြာ လာရောက်ခဲ့သည့် ရက်သတ္တပါတ် အတွင်း အိန္ဒိယ စာအုပ်လောက၌ အရောင်းရဆုံး စာအုပ်များ စာရင်းတွင် နံပါတ်တစ် အဖြစ် ဦးသန့်မြင့်ဦး ရေးသား သည့် Where China Meets India စာအုပ်အား The Asian Age သတင်းစာတွင် ဖော်ပြပါရှိသည်။

“အိန္ဒိယ-တရုတ် ပြိုင်ဆိုင်မှုဟာ ကမ္ဘာ့နိုင်ငံရေး၊ အထူးသဖြင့် အာရှနိုင်ငံရေးကို ဘယ်လောက် ပုံဖော်နိုင်စွမ်းမလဲ ဆိုတာရယ်၊ နောက်ပြီး ဗမာပြည်ဟာ ဘယ်လောက် ထူးခြားတဲ့အခန်းကဏ္ဍကနေ ပါဝင်လာနိုင်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ဖြစ်စဉ်နဲ့” ရေးသားထားကြောင်း Raghu Dayal က The Statesman သတင်းစာတွင် မှတ်ချက်ပေးသည်။

တရုတ်၏ ‘အနောက်ချီ’ နှင့် အိန္ဒိယ၏ ‘အရှေ့မျှော်’ မူဝါဒတို့ မြန်မာပြည်တွင် ဆုံမိကြပြီး အနောက်အုပ်စု၏ ဒဏ်ခတ် ပိတ်ဆို့မှုများသည် မြန်မာအား တရုတ်ရင်ခွင်ထဲ ဇွတ်တွန်းပို့သကဲ့သို့ဖြစ်နေကာ တရုတ်စီးပွားရေးသမားတွေ အတွက် အရေးသာမှုတွေ ဖန်တီးပေးနေသလိုဖြစ်နေကြောင်း ဤစာအုပ်တွင် ရေးသားထားသည်။

မြန်မာပြည်အား ကုန်ကြမ်းပစ္စည်း ရရှိရာ၊ ဘင်္ဂလား ပင်လယ်အော်သို့ ဝင်လမ်း ရနိုင်ဖွယ်နှင့် နှစ်နိုင်ငံပေါင်း လူဦးရေ သန်း ၂၅၀၀ အား ဆက်စပ်ပေးနိုင်သည့် နှောင်ကြိုးအဖြစ် အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံလုံးက အသိအမှတ်ပြုထားကြသည်။

ဦးသန့်မြင့်ဦးက ၎င်းသွားရောက်ခဲ့ဖူးသည့် နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုး ရာမန်မာလားရှိုးနှင့် တရုတ်နယ်စပ် အခြေအနေများ ကိုလည်း တခါက ရွှံ့ညွန်ထူသည့် တောတောင်ဒေသများမှာ ယခု ရန်ကုန်ထက် ခေတ်မီနေကြောင်း ရေးသားထားသည်။

သို့သော် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုများအား အံ့ချီးမဆုံးဖြစ်နေသည့် စာရေးသူမှာ တရုတ်သြဇာအတွက်လည်း စိုးတထိတ်ထိတ်ဖြစ်နေပြီး “တိုင်းပြည် ပြန်လည် ထူထောင်ရေးဟာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေကို စေ့ဆော်ပေးနိုင်
မယ်ဆိုရင် ဗမာပြည်ဟာ အာရှကုန်သွယ်ရေးရဲ့ နေရာမှန်ကို ပြန်လည် ရယူနိုင်မှာဖြစ်လို့ အနောက်အပေါ် များစွာ မှီတည်နေတယ်” ဟု ဘန်ကောက်ပို့စ် သတင်းထောက် Tim Johnston က Financial Time တွင် ရေးသားထား သည်။

စာရေးသူ ဦးသန့်မြင့်ဦးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်ပြီး Havard နှင့် Cambridge တက္ကသိုလ်ကျောင်းဆင်းတဦးလည်း ဖြစ်သည်။

“အခုချိန် မြန်မာပြည်ဟာ ၁၉၆၂ စစ်အုပ်ချုပ်ရေးမှ စတင်ကာ အရေးအကြီးဆုံး နိုင်ငံရေး အပြောင်းအလဲ ကာလ ကို ရောက်နေပြီ” ဟု အစချီထားသည့် ဆောင်းပါးတပုဒ်ကိုလည်း The Indian Express သတင်းစာကြီးတွင် ဦးသိန်းစိန် မလာရောက်မီ ရေးသားခဲ့ပြီး ဦးသိန်းစိန်အား ‘အားလုံးကို အံ့သြသွားစေခဲ့သူ’ အဖြစ် ခြယ်မှုန်းထားသည်။

အဆိုပါ ‘Open up to Burma’ ဆောင်းပါးတွင် စာရေးသူ ကိုယ်တိုင် စက်တင်္ဘာလ အတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က “သမ္မတဟာ အပြောင်းအလဲ လိုချင်တာ တကယ်ဖြစ်ကြောင်း သူမ ယုံကြည်ပြီး မြန်မာ့နိုင်ငံရေး ခေတ်သစ်ရဲ့ အစကို ရောက်ရှိနေပြီလို့ သူမမျှော်လင့်ကြောင်း” ၎င်းအား ပြောဆိုခဲ့သည် ဟု ရေးသားထားသည်။

ဆောင်းပါးတွင် “အထီးကျန် တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အတိမ်းအစောင်း မခံတဲ့ အဆင့်ကို
ရောက်ရှိနေပြီ။ ကူညီနိုင်ရန် နည်းလမ်းများမှာ” ဟု ခေါင်းစဉ်ငယ်တပ်ထားပြီး နည်းလမ်း သုံးခု တင်ပြထားသည်။

ပထမဦးစွာ များများနှင့် မြန်မြန် တောင်းဆိုမှုတွေကို အောင့်အီး ရှောင်ကြဉ်ကြပြီး ပြုပြင်ပြောင်းလဲမှုအား ပြတ်ပြတ်
သားသား ထောက်ခံကြရန် တိုက်တွန်းထားပြီး သို့မဟုတ်ပါက ဒုံရင်းသို့ ပြန်ရောက်သွားမည်ဟု ဆိုသည်။

ထို့ပြင် အာဏာပိုင်များအနေဖြင့် လိုအပ်သည့် နည်းပညာအကြံဉာဏ်များ လိုအပ်ကြောင်းထောက်ပြကာ အမေရိကန် ပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန်လည်း တောင်းဆိုသည်။

တတိယအားဖြင့် ကုန်သွယ်ရေးပိတ်ဆို့မှုအားလုံး အဆုံးသတ်ရေးအထိ ဆောင်ရွက်သွားရန် တင်ပြထားသည်။

ဦးသန့်မြင့်ဦးမှာ River of the lost footsteps စာအုပ်လည်း ရေးသားခဲ့ဖူးပြီး မြန်မာနိုင်ငံကို အထီးကျန်ထားခြင်း မဟုတ်ဘဲ ကုန်သွယ်မှုတိုးပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းအားဖြင့် နိုင်ငံယန္တရားကို စနစ်တကျတည်
ဆောက်ကာ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးအောင်လုပ်ကိုင်ရန် ဆိုထားခြင်းကြောင့် ဝေဖန်မှုများလည်း ကြုံရသည့် စာအုပ်ဖြစ်သည်။

သြဂုတ်လအတွင်းက ထုတ်ဝေလိုက်သည့် Where China Meets India စာအုပ်မှာလည်း အဆိုပါစာအုပ်အား ထပ်မံ အားဖြည့်လိုက်ခြင်းဖြစ်သည်ဟု စာအုပ်ဝေဖန်သူတဦးက ဆိုသည်။

Saturday, October 1, 2011

မြစ်ဆုံစီမံကိန်းကို ရပ်နားထားမည်ဟု ဦးသိန်းစိန်ပြောကြား

ညီသစ်
သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ်


ရန်ကုန် (မဇ္ဈိမ) ။ ။ အများပြည်သူ၏ စိုးရိမ်ပူပန်မှုများကြောင့် ဧရာဝတီမြစ်ဆုံတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်း တည်ဆောက်မည့် မြစ်ဆုံစီမံကိန်းကို သူ၏ အစိုးရလက်ထက်တွင် ရပ်နားထားမည်ဖြစ်ကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က သောကြာနေ့တွင် လွှတ်တော်နှစ်ရပ်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိသည်။

သမ္မတကြီး၏ သဝဏ်လွှာတွင် အချက် ၁ဝချက်ပါရှိပြီး မြစ်ဆုံစီမံကိန်းမှာ အရေးပါသည့် အချက်တစ်ချက် ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုရှိစေရန် အထောက်အကူ ပြုနိုင်သည့် ရေအား
လျှပ်စစ် စီမံကိန်း ၆၄ခုနှင့် ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားစက်ရုံ ၃ရုံအနက် မြစ်ဆုံစီမံကိန်း ၈ခုသည် ကြီးမားသည့် စီမံကိန်းတစ်ခု အဖြစ် ပါဝင်ကြောင်းဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်က တရုတ်နိုင်ငံနှင့် ပူးပေါင်း တည်ဆောက်မည့် မြစ်ဆုံစီမံကိန်းကို သူ၏ အစိုးရလက်ထက်တွင် ရပ်နားထားမည်ဖြစ်ကြောင်း လွှတ်တော်နှစ်ရပ်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပါရှိ (ဓါတ်ပုံ မဇ္ဈိမ)

ထိုလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် စက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် စက်တပ်ဆင်အင်အား မီဂါဝပ် လေးသောင်းကျော်ရှိကြောင်းလည်း ပါဝင်သည်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ အရင်းအနှီးဖြင့် တည်ဆောက်နေသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်
စီမံကိန်း ပထမအဆင့်ကို လက်ရှိ လုပ်ဆောင်နေရာတွင် အများပြည်သူ အတွင်းတွင် စိုးရိမ်ပူပန်မှုများ ရှိနေ
ကြောင်း ဆိုပြီး မည်သည့် အချက်များကြောင့် စိုးရိမ်ပူပန် နေရသည်ကို အချက် ငါးချက်ထုတ်ကာ ပြောကြား
သွားသည်။

ကချင်ပြည်နယ်၊ မြစ်ဆုံပိုင်းအတွက် သဘာဝက ပေးထားသည့် အထိမ်းအမှတ် မြစ်ဆုံသဘာဝ အလှများ
ပျောက်ကွယ်နိုင်ခြင်း၊ မြစ်ညာပိုင်းတွင် ရှိသည့် တိုင်းရင်းသား ကျေးရွာများသည် အဆိုပါ စီမံကိန်းကြောင့်
ရေမြှပ်ကာ ယင်းတို့၏ အသက်မွေးဝမ်းကျောင်းများ ဆုံးရှုံး ပျက်စီးသွားနိုင်ခြင်း၊ ပုဂ္ဂလိက အရင်းအနှီးဖြင့်
စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း၊ ရာသီဥတု ဖောက်ပြန်မှု
ကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အား ပြင်းသည့် ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း တို့ဖြစ်ကြောင်း
သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

ထို့အချက်များကြောင့် ပြည်သူက တင်မြှောက်ထားသည့် အစိုးရ ဖြစ်နေသဖြင့် ပြည်သူတို့၏ လိုလားချက်ကို
ဖြေရှင်းပေးရန် တာဝန်ရှိသဖြင့်၊ ယင်းတို့ အစိုးရ သက်တမ်းတစ်လျှောက် အထက်ပါ စီမံကိန်းကို ရပ်ဆိုင်းထား မည် ဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က ပြောကြားလိုက်သည်။

ယင်း၏ သဝဏ်လွှာအတွင်းတွင် စစ်အစိုးရ လက်ထက်က လျှပ်စစ်ဓာတ်အားနှင့် ပတ်သတ်ပြီး စက်တပ်ဆင်
အင်အား ၅၂၉ မီဂါဝပ်သာ ရှိခဲ့ရာမှ ထပ်မံ ဆောင်ရွက်ခဲ့ရာတွင် တိုးချဲ့ စက်တပ်ဆင်အင်အား ၁၈၆၈ မီဂါဝပ် အထိ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သဝဏ်လွှာတွင် မြစ်ဆုံစီမံကိန်းအပြင် သန့်ရှင်းသော အစိုးရ၊ နိုင်ငံတော် တည်ငြိမ်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်း၊ အမျိုးသား စီးပွားရေး မြှင့်တင်ရေး၊ ပြည်ပရောက် မြန်မာများ ဖိတ်ခေါ်ခြင်း၊ စိုက်ပျိုးရေးနှင့် စက်မှု ကဏ္ဍ မြှင့်တင်ရေး၊စသည့် အချက်များကိုလည်း ထည့်သွင်း ပြောဆိုသွား
ခဲ့သည်။

ဒေါ်စုတို့ ဆွေးနွေးပွဲတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ငြိမ်းချမ်းရေးပါရှိ

မဇ္ဈိမသတင်းဌာန |
သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ်


ရန်ကုန် (မဇ္ဈိမ) ။ ။ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနှင့် အစိုးရမှ လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး
ဆောင်ရွက်နေသည့် ကိစ္စများကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့က ဆွေးနွေးခဲ့ကြသည်။

ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက်ပိုင်း တတိယအကြိမ်မြောက် ဆွေးနွေးမှုဖြစ်သော ရန်ကုန်မြို့ စိမ်းလဲ့ကန် သာ အစိုးရဧည့်ရိပ်သာတွင် ၇၇ မိနစ်ကြာ တွေ့ဆုံဆွေးနွေးအပြီး နှစ်ဦးအတူတကွ သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

ထို့အပြင် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးကို နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း တည်ငြိမ်
အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ အတွက်လည်း ဆွေးနွေးခဲ့သည်ဟု ပါရှိသည်။ နှစ်ဘက် ဆက်လက်၍ လည်း ဆွေးနွေးမှုပြုလုပ်သွားမည်ဟု ကြေညာသွားသည်။

ဆွေးနွေးမှုအပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည့် ဖြေကြားနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

မြစ်ဆုံဆည်စီမံကိန်းကို သူ၏အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဆိုသော သမ္မတဦးသိန်းစိန်၏ လုပ်ရပ်ကို ကြိုဆိုကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။


"ပြည်သူရဲ့ အသံကို နားထောင်တယ် ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာ အစိုးရတိုင်း လုပ်ရမယ့် ကိစ္စပါ။
ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီး
တော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့်မို့ ကျမဒါကို ကြိုဆိုပါတယ်” ဟု သတင်းစာဆရာများကို ပြောသွားသည်။
ယနေ့အစောပိုင်းက နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်နှစ်ရပ်သို့ သမ္မတဦးသိန်းစိန်က သဝဏ်လွှာ တစောင်ပေးပို့ရာတွင် ပြည်သူအများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမည့် စိုးရိမ်နေမှု ရှိသည်ကို
ထောက်ပြပြီး မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဟု ပါရှိသည်။

တရုတ်နိုင်ငံနှင့်ချုပ်ဆိုထားသော စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆,ဝဝဝ ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းပေါ် မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ပါရှိသည်။

သမ္မတ၏ဆုံးဖြတ်ချက်အပေါ် ကြိုဆိုမှုများလည်း အင်တာနက်တွင် တပါတည်းပေါ်ထွက်လာခဲ့သည်။ လွှတ်တော် အပြင်ဘက် အဓိက အတိုက်အခံ ဖြစ်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပါတီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် တို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်လိုမှု ရှိ၊ မရှိဆိုသော အမေးကို လူမှုဝန်ထမ်းဝန်ကြီးလည်း
ဖြစ်သော ဦးအောင်ကြည်က အန်အယ်ဒီအနေဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်လျှင် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဖြေကြားသည်။

၁၄ နှစ်ကျော် နေအိမ်အကျယ်ချုပ်သို့မဟုတ် အချုပ်အနှောင် ဖြင့် နေခဲ့ရသော နဒ်ါအောင်ဆန်းစုကြည်ကတော့ ပါတီထိပ်တန်းခေါင်းဆောင်များကို တင်ပြပြီးမှသာ အဖြေပေးနိုင်မည်ဟု ဖြေကြားသွားသည်။

"ကျမတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်အတွက် တစိတ်တပိုင်းဖြစ်တယ်ဆိုတာ ကျမတို့ လက်ခံပြီးသားပါ။” ဟု ဆက်လက်ပြောဆိုသွားသည်။

ပါတီမှတ်ပုံတင်ရေး ထည့်သွင်း စဉ်းစားကြောင်း NLD ပြော

ထွန်းထွန်း |
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရအနေဖြင့် အပြောင်းအလဲများ ပြုလုပ်လာမည်ဆိုပါက ပါတီတရားဝင် ရပ်တည်
ရေး အတွက် မှတ်ပုံတင်သွားရန် ထည့်သွင်းစဉ်းစားထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ
ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“အစိုးရရဲ့ အပြောင်းအလဲကို စောင့်နေပါတယ်။ မှတ်ပုံတင်ရေး၊ မတင်ရေးက ကြိုတင် ဆုံးဖြတ်ချက် မရှိပါဘူး။ ကျနော်တို့ အခြေအနေတခု ပေါ်လာရင်တော့ ဆုံးဖြတ်ဖို့ အကြောင်းရှိပါတယ်။ ဘယ်လို အခြေအနေ ဆိုတာ
လောလောဆယ် ကျနော် မပြောနိုင်သေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။


နိုဝင်ဘာ ရွေးကောက်ပွဲအပြီး လွှတ်တော်ရှိလာချိန်မှစ၍ ပါတီ ပြန်လည် မှတ်ပုံတင်ရေးနှင့် ပတ်သက်၍ ပါတီ
ခေါင်းဆောင်များ အကြား ဆွေးနွေးတိုင်ပင်မှုများ ရှိနေပြီး မည်သည့်ကိစ္စများပါဝင်သည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

အစိုးရအနေဖြင့် အပြောင်းအလဲများ ပြုလုပ်လာမည်ဆိုပါက တရားဝင်ပါတီ ရပ်တည်ရေးအတွက် မှတ်ပုံတင်သွားရန် ထည့်သွင်း စဉ်းစားထားကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြော (မဇ္ဈိမ)

လက်ရှိ အစိုးရအနေဖြင့် ပြောင်းလဲမှုများ ပြုလုပ်နေပြီကို လက်ခံထားကြောင်းနှင့် အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှု များကိုမူ ဆောင်ရွက်ခြင်း မရှိသေးဟု NLD က ရှုမြင်ထားသည်။

“ဒါ ထူးခြားမှုပါပဲ။ ဘာထူးခြားလဲဆိုတာ ကျနော်တို့ မပြောနိုင်သေးပါဘူးဗျာ။ ပြောနိုင်တဲ့အချိန် ပြောပေးပါမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။


NLD မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့သော်လည်း အာဏာသိမ်း
စစ်အစိုးရမှ လွှတ်တော်ခေါ်ယူခြင်း မရှိသည့်အပြင် ပါတီဝင်များအား ဖိနှိပ်ချုပ်ခြယ်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်
ခဲ့သည်။

စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲခဲ့သည်ဟု ဆိုကြသည့် ၂ဝဝ၈ အခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေ
များကို မျှတမှု မရှိဟုဆိုကာ NLD ပါတီက ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ဘဲ တရားဝင် ပါတီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် NLD မှာ ပြန်လည်လျှောက်ထားခြင်းမရှိသည့်အတွက် တရားဝင်မှု ပျက်ပြယ်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကြေညာခဲ့သည်။

ယင်းသို့ ကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တရားဝင် ရပ်တည်ခွင့်ရှိ
ကြောင်း အယူခံ တင်သွင်းမှုများ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ တရားရုံးမှ အဆင့်ဆင့် လျှောက်ထားခဲ့သော်
လည်း ပယ်ချခံခဲ့ရသည်။

“နိုင်ငံရေးဟာ သူ့အချိန်အခါ၊ အခြေအနေနဲ့ လက်တွေ့ကျကျ သုံးသပ်ဖို့ လိုပါတယ်။ ကျနော်တို့ မဆုံးဖြတ်ရသေး
ပါဘူး။ ကျနော်တို့ လက်တွေ့ကျကျ သုံးသပ်ပြီး ဆုံးဖြတ်သွားမှာပါ” ဟု ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။


ယခုကဲ့သို့ စဉ်းစားမှုနှင့်ပတ်သက်၍ ပါတီထောက်ခံသူများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်သော် လည်း ပြည်သူ့အကျိုးအား လက်တွေ့ကျကျ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ပါတီ မှတ်ပုံတင် ဖြစ်ပါက အခြားသော ပါတီများနှင့်လည်း ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်သည်။

မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချနိုင်မည်ကိုမူ မပြောဆိုနိုင်သေးသော်လည်း “ကျနော်တို့က ဆုံးဖြတ်ချက် ချပြီး
ရင် ချက်ချင်းလုပ်မှာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။

တိုက်ဆိုင်စွာပင် စက်တင်ဘာလ ၃ဝ ရက်နေ့ (သောကြာနေ့) တွင်လည်း ပါတီ အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်မှာ အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်တက်လာပြီး တတိယကြိမ်မြောက်တွေ့ဆုံမှုကို ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် နေ့လယ် ၁ နာရီ၌ ပြုလုပ်မည်ဖြစ်ကာ မည်သည့်ကိစ္စများ ဆွေးနွေးသွားမည်ကိုမူ မသိရသေးပေ။

“အရင်တွေ့ဆုံပွဲတွေရဲ့အဆက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အမျိုးသားရင်ကြားစေ့ရေးအတွက် ခြေလှမ်း လှမ်းနိုင် မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။


သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံးတွေ့ဆုံခဲ့ရာတွင်မူ “တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်း
ဆောင်ရွက်ရေး”၊ “ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရေး”များ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် “အပြန်အလှန်ကူညီသော ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်” နှင့် “တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန်” ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေငြာချက်၌ ပါရှိသည်။

ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် ၂ဝဝ၇ အောက်တိုဘာတွင်းက ခန့်အပ်ခဲ့ခြင်းဖြစ်ကာ ယနေ့ အချိန်
အထိ ၁၁ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ကလဲ့စား ချေလိုစိတ်နှင့် အနစ်နာခံ လုပ်ဆောင်ရန် မသင့်ဟု ဒေါ်စုပြော

ကိုဝိုင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကလဲ့စားချေလိုစိတ်ဖြင့် အနစ်နာခံ လုပ်ဆောင်နေသည့် စိတ်ဓာတ်မျိုးဖြင့် ပြည်သူ့အကျိုး
ကို မဆောင်ရွက်ဘဲ ယုံကြည်ချက် အတွက် ပေးဆပ်လိုစိတ်ဖြင့် ဆောင်ရွက်ကြရန် အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

“အနစ်နာခံရတယ်ဆိုတဲ့ စိတ်ကပေါ်လာလို့ရှိရင် တခါတလေ ဒီစိတ်နဲ့ ဒွန်တွဲပြီးတော့ ကလဲ့စားချေချင်တဲ့ စိတ်တွေ၊ မကျေနပ်တဲ့စိတ်တွေက တခါတည်းပေါ်လာပါတယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ထဲမှာ ကိုယ့်ရဲ့ ကိုယ့်ယုံကြည်ချက်
အရ လုပ်နေတာပဲ ဖြစ်တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အတွက် ကိုယ့်ကိုကိုယ် ပေးဆပ်ရမယ်။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်
တွေနဲ့ အင်အားတွေကို ကိုယ်ယုံကြည်တဲ့ အရေးအတွက် သုံးကြပါလို့ ကျမက ဆော်သြချင်ပါတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားတွင် ပြော သွားခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း အန်အယ်ဒီ ဗဟိုဌာနချုပ်တွင် ကျင်းပသည့် အဆိုပါ အခမ်းအနား အဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုကော်မတီဝင် ဦးဝင်တင် တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် မှာကြားပြောဆိုသွားသည်။

ကလဲ့စားချေလိုစိတ်ဖြင့် အနစ်နာခံ လုပ်ဆောင်နေသည့် စိတ်ဓာတ်မျိုးဖြင့် ပြည်သူ့အကျိုးကို မဆောင်ရွက်ဘဲ ယုံကြည်ချက် အတွက် ပေးဆပ်လိုစိတ်ဖြင့် ဆောင်ရွက်ကြရန် NLD ၂၃နှစ်ပြည့် အခမ်းအနားတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

မနက် ၁၁ နာရီမှစတင်ပြီး ၁ နာရီကြာသည့် အခမ်းအနားသို့ ကျောင်းသား ခေါင်းဆောင်များ၊ NLD ပါတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP နှင့် တိုင်းရင်းသားပါတီ
ခေါင်းဆောင်များ တက်ရောက်ကြသည်။

အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်၊ ဦးညွန့်ဝေ တို့မှာ ကျန်းမာရေး မကောင်းသဖြင့် မတက် ရောက်နိုင်ကြောင်း သိရသည်။

“ကျမတို့ အနေနဲ့ တကယ် အဓိကကျတဲ့ အရေးကြီးတဲ့ ခြေလှမ်းတွေ ကျမတို့ လှမ်းပြီဆိုရင် ကျမတို့ အဖွဲ့ချုပ်ဝင်
တွေနဲ့ ပြည်သူလူထုကို မရှင်းပြဘဲနဲ့ ဘယ်တော့မှ မလုပ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ထဲ့သွင်းပြောကြား သွားသည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အန်အယ်ဒီအဖွဲ့ဝင်များအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေးအတွက် ကြိုးပမ်း
နေမှုနှင့် စည်းလုံးညီညွတ်မှုကို လျော့ပါးထိခိုက်စေမည့် အပြောအဆို အပြုအမှုများ မပြုလုပ်ကြရန်လည်း သတိပေး စကား ဆိုသည်။

ဦးဝင်းတင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်၌ ညီညွတ်ရေး စိတ်ဓာတ်ဖြင့် ရပ်တည် သွားကြ
ရန် ပြောဆိုလိုက်ပြီး နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ “ဘယ်လောက်ပြောင်းသလဲ၊ ဘယ်လိုပြောင်း
သလဲ၊ ဘာကြောင့်ပြောင်းသလဲ၊ ဘာအတွက် ပြောင်းသလဲဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုကိုယ်လည်းဖြေရမယ် ကိုယ့်ပတ်ဝန်းကျင် ကိုလည်း ဖြေရမယ်၊ ကိုယ့်အဖွဲ့ဝင်တွေကိုလည်း ဖြေရမယ်” ဟု ဆိုသည်။

ပါတီ၏ ကြေညာချက်တွင်မူ “ကျွန်ုပ်တို့ အပေးအယူ သဘောမျိုးဖြင့် လျော့ပေါ့ တောင်းဆိုခြင်းသည် ကျွန်ုပ်တို့ စိတ်ဓာတ် ညံ့ဖျင်း၍ မဟုတ်၊ ယခုအခါ၌ ကျွန်ုပ်တို့နိုင်ငံနှင့် ကျွန်ုပ်တို့ လူမျိုးအကျိုးကို မြန်မြန်ထက်ထက် သယ်ပိုးချင်သော ဆန္ဒအတွက်ဖြစ် ပေသည်” ဟု အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခု ဇန်နာဝါရီ ၂ဝ ရက် တွင် ရွှေတိဂုံအလယ်ပစ္စယံ လူထုအစည်းအဝေး၌ မိန့်ကြားခဲ့သော လမ်းညွန်ချက်ကို ထည့်သွင်း ဖော်ပြထားသည်။

အန်အယ်ဒီ စမ်းချောင်းမြို့နယ်လူငယ်များက အန်အယ်ဒီ ၂၃ နှစ်ပြည့် အထိမ်းအမှတ် တေးသီချင်း များဖြင့်
ဖျော်ဖြေခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့သည်။

ဆန္ဒပြခွင့် ဥပဒေမူကြမ်း ကန့်သတ်ချက် များစွာပါဝင်

မျိုးသန့် | စနေနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၁ ခုနှစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနမှ တင်သွင်းမည့် 'ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ခွင့် ဥပဒေမူကြမ်း' တွင် ဆန္ဒပြပွဲအတွင်း ပါဝင်မည့်သူ ခန့်မှန်းအရေအတွက်နှင့် တရားဟောမည့် သူ၏ ကိုယ်ရေး ရာဇဝင်များကို ကြိုတင်,တင်ပြရန် အပါအဝင် ကန့်သတ်ချက်များစွာ ပါဝင်နေသည်ဟု နေပြည်တော် တွင် လွှတ်တော် တက်ရောက်နေသော အမတ်များက ပြောသည်။

ဥပဒေမူကြမ်းကို လာမည့် တနင်္လာနေ့ အောက်လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်သည်။ အခန်း ၈ ခန်းဖြင့် ဖွဲ့စည်းထားသည့် ယင်းဥပဒေတွင် ဆန္ဒဖေါ်ထုတ်မည့်သူ အရေအတွက်ကို ခန့်မှန်း တင်ပြရမည်ဖြစ်ပြီး လှည့်လည် ဆန္ဒထုတ်ဖေါ်မည့် လမ်းကြောင်းများနှင့် တရားဟောမည့်နေရာ တရားဟောသူ၏ ကိုယ်ရေးရာဇဝင်တို့ကိုလည်း မြို့နယ် အုပ်ချုပ်ရေးမှူးသို့ တင်ပြရန် လိုသည်ဟု သိရသည်။

ံ ပြည်ထဲရေး ဝန်ကြီးဌာနမှ တင်သွင်းသည့် ဆန္ဒပြခွင့် ဥပဒေမူကြမ်း ကန့်သတ်ချက် များစွာပါဝင်နေသည်ဟု လွှတ်တော်တက် အမတ်များကပြော (ဓါတ်ပုံ မဇ္ဈိမ)

ယင်းအပြင် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည့်ခွင့်နှင့် စပ်လျင်း၍ အစိုးရဌာန အစိုးရ အဖွဲ့အစည်းရုံး၊ အလုပ်ရုံ၊ စက်ရုံ၊ အလုပ်ဌာန ဘာသာရေးနှင့် သက်ဆိုင်သော နေရာများ၊ စာသင်ကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်ကမ်း၊ ကားဂိတ်၊ ဆေးရုံတို့နှင့် အဆိုပါနေရာတို့ကို အနှောက်အယှက် ဖြစ်စေသည့် နေရာများတွင် 'စီတန်းခွင့်နှင့် စုဝေးခွင့်
မရှိ' ဟုလည်း ဥပဒေက ပြဋ္ဌာန်းထားသည်။

'စုဝေးခွင့်နှင့် စီတန်းခွင့်' ဟူ၍ သုံးနှုန်းထားသော စာမျက်နှာ ၇ မျက်နှာပါ ဥပဒေမူကြမ်းသည် ဆန္ဒပြခြင်းကို ဦးဆောင်မည့်သူမှ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးသို့ ၇ ရက်ကြိုတင် အကြောင်းကြားရန်
လိုအပ်ပြီး စီတန်းလှည့်လှည်ခွင့် ပြု,မပြုကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးမှ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။

ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက် ရယူပြီးပါက ဥပဒေပါ အချက်အလက်များကို လိုက်နာပါမည့် အကြောင်း ဝန်ခံ လက်မှတ် ထိုးပြီးမှ ဆန္ဒဖေါ်ထုတ်ခွင့် ပြုမည်ဖြစ်ခြင်းကြောင့် "ခွင့်ပြုချက် ရယူပြီးပါက ဥပဒေပါ စည်းကမ်းချက်များကို လိုက်နာ ပါမည်ဟူသည့် ခံဝန်ချက်လက်မှတ် ထိုးရမယ်၊ သူ့ဟာက ဘာမှ မလုပ်ရသေးဘူး။ ဝန်ခံချက် လက်မှတ်ထိုးရမယ် ဆိုကတည်းက အဓိပ္ပါယ် မရှိဘူး" ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အောက်လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

ဆန္ဒဖေါ်ထုတ်ခွင့် နေရာများ ကန့်သတ်ထားသည့် အဆိုပါ ဥပဒေနှင့် ပတ်သက်၍ "စက်ရုံတရုံက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်လို့ ဆန္ဒပြချင်တယ်ဆိုရင် စက်ရုံမှ သွားမပြလို့ ဘယ်နားသွားပြရမလဲ စက်ရုံမှာ ဖြစ်တဲ့
အတွက်၊ စက်ရုံနားမှာ သွားပြမှ ဖြစ်တယ်ဆိုတော့ ကျနော်တို့က ဥပဒေနဲ့ လွတ်ကင်းအောင် ဘယ်လို လုပ်ရမလဲ"
ဟု ဥပဒေ၏ အားနည်းချက်ကို ဦးခိုင်မောင်ရည်က ထောက်ပြပြောဆိုသည်။

ဥပေဒေမူကြမ်းတွင် "အများဖြစ်သူကို အနှောက်အယှက် ဖြစ်စေခြင်း၊ စိတ်ညိုငြင်စေခြင်း အန္တရာယ် ဖြစ်စေခြင်း သို့မဟုတ် ထိခိုက် နစ်နာစေခြင်း ဖြစ်စေနိုင်သည့် အပြောအဆို သို့မဟုတ် အပြုအမူ မပြုလုပ်ရ" ဟုလည်း ပြဋ္ဌာန်း ထားပြီး အများပြည်သူ၏ စိတ်ညိုငြင်မှုကို မည်သို့ တိုင်းတာမည် ဟူသည်ကလည်း တနင်္လာနေ့ အဆိုပါ ဥပဒေ မူကြမ်း ဆွေးနွေးပါက မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု အမတ်များကပြောသည်။

ဥပဒေမူကြမ်းတွင် "ခွင့်ပြုချက် မရဘဲ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်းခြင်း၊ ပြစ်မှု ထင်ရှား
ပါက တနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်၊ စီတန်း လှည့်လည်သူများကို နှောက်ယှက်လျှင် နှစ်နှစ်
ထက် မပိုသော ထောင်ဒဏ်" တို့ကို သတ်မှတ်ထားသည်။

ယင်းဥပဒေမူကြမ်းကို အောက်လွှတ်တော်တွင် ဆွေးနွေးပြီး သဘောတူပါက၊ အထက်လွှတ်တော်၏ သဘောထား
ကို ရယူအပြီး အထက်လွှတ်တော်မှ သဘောတူပါက ဥပဒေအဖြစ် အသက်ဝင်လာမည်ဖြစ်ပြီး အသေးစိတ်ကို နည်းဥပဒေအဖြစ် ထပ်မံ ထွက်ရှိလာဦးမည် ဖြစ်သည်။

NLD ပရဟိတလုပ်ငန်းများ အာဏာပိုင်များ အားပေးသင့်ကြောင်း ဦးတင်ဦးပြောကြား

မဇ္ဈိမသတင်းဌာန |
သောကြာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ်


ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ပြုလုပ်နေသည့် ပရဟိတလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရ အာဏာပိုင်များ အားပေးသင့်ကြောင်း ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်ပွဲ၌
ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ တိုက်အမှတ်
င/၂၄၈ ဒုတိယထပ်တွင် သောကြာနေ့နံနက် ၁ဝ နာရီခွဲက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်း
ပြောဆို ခဲ့ခြင်း ဖြစ်သည်။

“အစိုးရတာဝန်ရှိသူတွေက ပိတ်ပင်မှုတွေရှိနေတာ စိတ်မကောင်းဘူး။ အမှန်ဆိုရင် ဒါက နိုင်ငံအတွက် လုပ်ကြတာ
ဖြစ်လို့ အထောက်အပံ့နဲ့ ကူညီမှုတောင် ပြုလုပ်စေလိုပါတယ်လို့ ပြောချင်တယ်။ တဘက်နဲ့ တဘက် ညှိနှိုင်းရမယ့်
ကိစ္စပါ။ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့မပြောဘဲ ဒါနိုင်ငံအတွက် အထောက်အပံ့ဖြစ်လို့ အားပေးစေ လိုတယ်။ နိုင်ငံ
သွေးစည်းမယ့်ကိစ္စတွေပါ” ဟု ဦးတင်ဦးက ပြောဆိုခဲ့သည်။

ပရဟိတလုပ်ငန်းများသည် နိုင်ငံအတွက် လုပ်ကြတာဖြစ်လို့ အထောက်အပံ့နဲ့ ကူညီမှုတောင် ပြုလုပ်စေလိုပါတယ်လို့ ပြောသည့် ဦးတင်ဦး (ဓါတ်ပုံ မဇ္ဈိမ)

အဆိုပါ စာဖတ်ခန်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ခြင်း ဖြစ်ပြီး “အောင်ဆန်းပင်လုံ စာဖတ်ခန်း” ဟု အမည်ပေးရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုခြင်း
ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် “အောင်ဆန်းပင်လုံ စာဖတ်ခန်း” ဆိုသည်နှင့် တိုင်းရင်းသား စည်းလုံး
ညီညွတ်မှုကို မြင်သာ၊ သိသာစေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဒေသ အာဏာပိုင်များက NLD ကွန်ယက်များမှ ဖွင့်လှစ်သည့် အခမဲ့ ကျောင်းများအား စောင့်ကြည့်ခြင်း၊ ကျောင်း
နေရာများ အတွက် ငှားရမ်းဖွင့်လှစ်ထားသည့် အိမ်ရှင်များအား ဆက်မငှားရန် ဖိအားပေးမှုများ ရှိခဲ့သည်။

NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်ပိုင်း ပညာရေးနှင့် ပတ်သက်သည့် လုပ်ငန်း ရပ်များတွင် အင်တိုက်အားတိုက် ပြုလုပ်ခဲ့ပြီး စာပေရေးရာဆိုင်ရာ ဆွေးနွေးခြင်း၊ ဆင်းရဲသားမိသားစု များအတွက် အမေ့အိမ်အမည်ဖြင့် စာဖတ်ခန်း၊ ကျောင်းများ တည်ထောင်ခဲ့သည်။

NLD ကွန်ယက်ချိတ် အခမဲ့စာသင်ကျောင်းများမှာ ရန်ကုန်တိုင်း စမ်းချောင်းရှိ ဗေဒါကျောင်း၊ လှိုင်သာယာ အမေ့အိမ်
ကျောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြတ်မိခင်စာသင်ကျောင်း၊ ပဲခူးတိုင်း တောင်ငူရှိ အမေ့အိမ် စာသင်ကျောင်းတို့
ဖြစ်သည်။

“အမေ့အိမ် စာဖတ်ခန်း၊ ကျောင်းစတာတွေကိုလည်း အခက်အခဲ အမျိုးမျိုးကြားကပဲ လုပ်ခဲ့ရတာ။ အခုဆို တော်တော်လေး အောင်မြင်နေပြီ။ ပြီးခဲ့တဲ့လကလည်း ပဲခူးနဲ့ သနပ်ပင်မှာ အောင်ဆန်းဂျာမွန်း စာဖတ်ခန်း ဖွင့်နိုင်ခဲ့တယ်။ အခုတော့ အောင်ဆန်းပင်လုံ စာဖတ်ခန်းဆိုတာနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မြင်သာပေါ်လွင်စေတာပေါ့” ဟု ဦးတင်ဦးက ဖွင့်ပွဲမိန့်ခွန်းတွင် ပြောဆိုသည်။

ဗေဒါကျောင်း၌ လူမှုဆက်ဆံရေး၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာခြင်းနှင့် အခြေခံအင်္ဂလိပ်စာ ဘာသာရပ်များကို နှစ်ပတ်တကြိမ် သင်တန်းပေးပြီး၊ အမေ့အိမ်တွင် အခြေခံ မူလတန်းမှ အထက်တန်းအထိ သင်ယူနိုင်ကာ အခြေခံ အင်္ဂလိပ်စာများကို ပို့ချပေးလေ့ ရှိသည်။

အောင်ဆန်းပင်လုံ စာဖတ်ခန်းသို့ တက်ရောက်ခဲ့သည့် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်သူမပါသော အလုပ်ကို မလုပ်လိုကြောင်းနှင့် ပြည်သူများအနေဖြင့် လက်တွဲ လုပ်ဆောင်ပေးစေလို
ကြောင်း ဖွင့်ပွဲတွင် ပြောဆိုခဲ့သည်။

“ပညာတတ်ဖို့ လိုတယ်။ ပညာတတ်မှ ကမ္ဘာ့အလယ်မှာ တင့်တယ်စေမှာဖြစ်တယ်။ ဒါကြောင့် လူငယ်တွေ အနေနဲ့ ကိုယ်တိုင်တည်ဆောက်ရမယ်။လူငယ်တွေပဲမကဘူး။ လူကြီးတွေလည်း ပါတယ်။ ပညာရှာပါ။ ပညာဟာ အရေးကြီး
တဲ့ အစွမ်း ဖြစ်တယ်။ ဘာပဲလုပ်လုပ် ပြည်သူမပါဘဲ ကျမတို့ မလုပ်ချင်ဘူး။ ပြည်သူတွေ အနေနဲ့လည်း လက်တွဲ
ဆောင်ရွက်လုပ်စေချင်တယ်” ဟု စာဖတ်ခန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ သြဂုတ်လ ၁၄ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးနှင့် သနပ်ပင်မြို့တို့တွင် ဖွင့်လှစ်ခဲ့သည့် “အောင်ဆန်းဂျာမွန်း” စာဖတ်ခန်းများကိုလည်း ကိုယ်တိုင်သွားရောက် ဖွင့်လှစ်ပေးခဲ့သည်။

“အောင်ဆန်းပင်လုံ” စာဖတ်ခန်း တည်ထောင်ရခြင်း ရည်ရွယ်ချက်များထဲတွင် လူငယ်များ စာဖတ်လိုစေသည့် အတွက်လည်း ပါဝင်ပြီး စာပေဟောပြောပွဲများ၊ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်သွားမှာဖြစ်ကြောင်း သင်္ဃန်းကျွန်း NLD ဥက္ကဋ္ဌ ဦးတင်မြက ဆိုသည်။

ဖွင့်ပွဲနေ့တွင် အလှူရှင် ၁ဝ ဦးထက် မနည်းရှိကာ တဦးလျှင် ကျပ် ရှစ်သောင်းထက်မနည်း လှူဒါန်းခဲ့သည်ဟု သိရသည်။