Saturday, October 1, 2011

NLD ပရဟိတလုပ်ငန်းများ အာဏာပိုင်များ အားပေးသင့်ကြောင်း ဦးတင်ဦးပြောကြား

မဇ္ဈိမသတင်းဌာန |
သောကြာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ်


ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ပြုလုပ်နေသည့် ပရဟိတလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရ အာဏာပိုင်များ အားပေးသင့်ကြောင်း ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်ပွဲ၌
ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ တိုက်အမှတ်
င/၂၄၈ ဒုတိယထပ်တွင် သောကြာနေ့နံနက် ၁ဝ နာရီခွဲက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်း
ပြောဆို ခဲ့ခြင်း ဖြစ်သည်။

“အစိုးရတာဝန်ရှိသူတွေက ပိတ်ပင်မှုတွေရှိနေတာ စိတ်မကောင်းဘူး။ အမှန်ဆိုရင် ဒါက နိုင်ငံအတွက် လုပ်ကြတာ
ဖြစ်လို့ အထောက်အပံ့နဲ့ ကူညီမှုတောင် ပြုလုပ်စေလိုပါတယ်လို့ ပြောချင်တယ်။ တဘက်နဲ့ တဘက် ညှိနှိုင်းရမယ့်
ကိစ္စပါ။ ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့မပြောဘဲ ဒါနိုင်ငံအတွက် အထောက်အပံ့ဖြစ်လို့ အားပေးစေ လိုတယ်။ နိုင်ငံ
သွေးစည်းမယ့်ကိစ္စတွေပါ” ဟု ဦးတင်ဦးက ပြောဆိုခဲ့သည်။

ပရဟိတလုပ်ငန်းများသည် နိုင်ငံအတွက် လုပ်ကြတာဖြစ်လို့ အထောက်အပံ့နဲ့ ကူညီမှုတောင် ပြုလုပ်စေလိုပါတယ်လို့ ပြောသည့် ဦးတင်ဦး (ဓါတ်ပုံ မဇ္ဈိမ)

အဆိုပါ စာဖတ်ခန်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ခြင်း ဖြစ်ပြီး “အောင်ဆန်းပင်လုံ စာဖတ်ခန်း” ဟု အမည်ပေးရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုခြင်း
ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် “အောင်ဆန်းပင်လုံ စာဖတ်ခန်း” ဆိုသည်နှင့် တိုင်းရင်းသား စည်းလုံး
ညီညွတ်မှုကို မြင်သာ၊ သိသာစေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဒေသ အာဏာပိုင်များက NLD ကွန်ယက်များမှ ဖွင့်လှစ်သည့် အခမဲ့ ကျောင်းများအား စောင့်ကြည့်ခြင်း၊ ကျောင်း
နေရာများ အတွက် ငှားရမ်းဖွင့်လှစ်ထားသည့် အိမ်ရှင်များအား ဆက်မငှားရန် ဖိအားပေးမှုများ ရှိခဲ့သည်။

NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်ပိုင်း ပညာရေးနှင့် ပတ်သက်သည့် လုပ်ငန်း ရပ်များတွင် အင်တိုက်အားတိုက် ပြုလုပ်ခဲ့ပြီး စာပေရေးရာဆိုင်ရာ ဆွေးနွေးခြင်း၊ ဆင်းရဲသားမိသားစု များအတွက် အမေ့အိမ်အမည်ဖြင့် စာဖတ်ခန်း၊ ကျောင်းများ တည်ထောင်ခဲ့သည်။

NLD ကွန်ယက်ချိတ် အခမဲ့စာသင်ကျောင်းများမှာ ရန်ကုန်တိုင်း စမ်းချောင်းရှိ ဗေဒါကျောင်း၊ လှိုင်သာယာ အမေ့အိမ်
ကျောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြတ်မိခင်စာသင်ကျောင်း၊ ပဲခူးတိုင်း တောင်ငူရှိ အမေ့အိမ် စာသင်ကျောင်းတို့
ဖြစ်သည်။

“အမေ့အိမ် စာဖတ်ခန်း၊ ကျောင်းစတာတွေကိုလည်း အခက်အခဲ အမျိုးမျိုးကြားကပဲ လုပ်ခဲ့ရတာ။ အခုဆို တော်တော်လေး အောင်မြင်နေပြီ။ ပြီးခဲ့တဲ့လကလည်း ပဲခူးနဲ့ သနပ်ပင်မှာ အောင်ဆန်းဂျာမွန်း စာဖတ်ခန်း ဖွင့်နိုင်ခဲ့တယ်။ အခုတော့ အောင်ဆန်းပင်လုံ စာဖတ်ခန်းဆိုတာနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မြင်သာပေါ်လွင်စေတာပေါ့” ဟု ဦးတင်ဦးက ဖွင့်ပွဲမိန့်ခွန်းတွင် ပြောဆိုသည်။

ဗေဒါကျောင်း၌ လူမှုဆက်ဆံရေး၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာခြင်းနှင့် အခြေခံအင်္ဂလိပ်စာ ဘာသာရပ်များကို နှစ်ပတ်တကြိမ် သင်တန်းပေးပြီး၊ အမေ့အိမ်တွင် အခြေခံ မူလတန်းမှ အထက်တန်းအထိ သင်ယူနိုင်ကာ အခြေခံ အင်္ဂလိပ်စာများကို ပို့ချပေးလေ့ ရှိသည်။

အောင်ဆန်းပင်လုံ စာဖတ်ခန်းသို့ တက်ရောက်ခဲ့သည့် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်သူမပါသော အလုပ်ကို မလုပ်လိုကြောင်းနှင့် ပြည်သူများအနေဖြင့် လက်တွဲ လုပ်ဆောင်ပေးစေလို
ကြောင်း ဖွင့်ပွဲတွင် ပြောဆိုခဲ့သည်။

“ပညာတတ်ဖို့ လိုတယ်။ ပညာတတ်မှ ကမ္ဘာ့အလယ်မှာ တင့်တယ်စေမှာဖြစ်တယ်။ ဒါကြောင့် လူငယ်တွေ အနေနဲ့ ကိုယ်တိုင်တည်ဆောက်ရမယ်။လူငယ်တွေပဲမကဘူး။ လူကြီးတွေလည်း ပါတယ်။ ပညာရှာပါ။ ပညာဟာ အရေးကြီး
တဲ့ အစွမ်း ဖြစ်တယ်။ ဘာပဲလုပ်လုပ် ပြည်သူမပါဘဲ ကျမတို့ မလုပ်ချင်ဘူး။ ပြည်သူတွေ အနေနဲ့လည်း လက်တွဲ
ဆောင်ရွက်လုပ်စေချင်တယ်” ဟု စာဖတ်ခန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ သြဂုတ်လ ၁၄ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးနှင့် သနပ်ပင်မြို့တို့တွင် ဖွင့်လှစ်ခဲ့သည့် “အောင်ဆန်းဂျာမွန်း” စာဖတ်ခန်းများကိုလည်း ကိုယ်တိုင်သွားရောက် ဖွင့်လှစ်ပေးခဲ့သည်။

“အောင်ဆန်းပင်လုံ” စာဖတ်ခန်း တည်ထောင်ရခြင်း ရည်ရွယ်ချက်များထဲတွင် လူငယ်များ စာဖတ်လိုစေသည့် အတွက်လည်း ပါဝင်ပြီး စာပေဟောပြောပွဲများ၊ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်သွားမှာဖြစ်ကြောင်း သင်္ဃန်းကျွန်း NLD ဥက္ကဋ္ဌ ဦးတင်မြက ဆိုသည်။

ဖွင့်ပွဲနေ့တွင် အလှူရှင် ၁ဝ ဦးထက် မနည်းရှိကာ တဦးလျှင် ကျပ် ရှစ်သောင်းထက်မနည်း လှူဒါန်းခဲ့သည်ဟု သိရသည်။

No comments: