Tuesday, July 28, 2009

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟုဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဒေါ်စုလွတ်မြောက်ရေး မဟာမြတ်မုနိတွင် ဆုတောင်း

မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးမြို့ မဟာမြတ်မုနိဘုရားတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သူမ၏ ရှေ့နေများကို အပြီးသတ် လျှောက်လဲချက်ပေးရန် ဒုတိယမြောက် ချိန်းဆိုလိုက်သည့် ယနေ့တွင် အန်အယ်ဒီ လူငယ် ၃၀ ခန့်က မဟာမြတ်မုနိဘုရား အင်္ဂါထောင့်တွင် အောင်သပြေပန်းများ ကပ်လှူပူဇော်ကာ လွတ်မြောက်ရေး ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အင်္ဂါထောင့်မှာ ပန်းတွေ၊ ရေချမ်းတွေ ကပ်လှူဆုတောင်းခဲ့တယ်။ အနှောင့်အယှက်ကတော့ မရှိဘူး။ လူငယ်တွေက နောက်ရုံးချိန်တွေမှာလည်း လုပ်ဖို့ရှိတယ်” ဟု ဆုတောင်းပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မန္တလေးတိုင်း အန်အယ်ဒီ လူငယ်ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

“ဘုရားပေါ်မှာက လုံခြုံရေးတွေကတော့ တိုးချထားတယ်။ ရဲကား ၃-၄ စီး ပါတယ်။ ဟိုင်းလပ်ကားတွေနဲ့ လာတယ်။ ရဲဝတ်စုံ ဝတ်ထားတဲ့ ကားကလည်း ၃-၄ စီး ပါတယ်။ အရပ်ဝတ်နဲ့ လုံခြုံရေးက ဘုရားပုရဝုဏ်အတွင်းမှာ နေရာချထားတယ်။ သတင်းတပ်ဖွဲ့၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး၊ ကြံ့ဖွံ့တို့ပါ စောင့်နေတယ်” ဟု သူက ဆက်ပြောသည်။

အပြီးသတ် လျှောက်လဲချက်ကို စတင်ခဲ့သည့် ယခင်တပတ် သောကြာနေ့ကလည်း ပါတီလူငယ်များက မဟာမြတ်မုနိ ဘုရားပေါ်တွင် ယခုလိုပင် ဆုတောင်းပွဲ ကျင်းပခဲ့သေးသည်။ ဘုရားမှအပြန် နောက်ဆုံးတွင် ကျန်ရစ်သူ ပါတီလူငယ် ကိုတိုးကြီးအား အမည်မသိသူ လူ ၄ ဦးခန့်က ဘုရားကြီး မြောက်ဘက်မုဒ် စက်ဘီးအပ်သည့် နေရာတွင် အကြောင်းမဲ့ ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ကြသည်။

ကိုတိုးကြီးက “ဆုတောင်းပွဲအပြီး ဘုရားက ပြန်အဆင်းမှာ အထိုးခံရတယ်။ ကျနော်တို့က ပြောရမှာက ဂွကျတယ်။ လုံခြုံရေးတွေရှေ့မှာ ထိုးတယ်ဆိုတော့ သူတို့ မဟုတ်ရင် ဘယ်သူ့ကို ပြောရမှာလဲ။ ထိုးတောင်မှ ဝင်ဖျန်ဖြေပေးရင် တမျိုး။ အဲလိုမဟုတ်ဘဲ ကြည့်နေတာဆိုတော့ သူတို့ လုပ်ခိုင်းတာလို့ ယူဆရပါတယ်” ဟု ပြောသည်။

အလားတူပင် မကွေးတိုင်း ရေနံချောင်းမြို့နယ် အန်အယ်ဒီ ပါတီဝင်များအနေဖြင့် ဒေါ်စု လွတ်မြောက်ရေးအတွက် ဘုရားကို သွားရောက်ဆုတောင်းခြင်း မပြုလုပ်နိုင်စေရန် ဒေသအာဏာပိုင်များက တားဆီးပိတ်ပင်ကြောင့် အစီအစဉ် အထမမြောက်ခဲ့ကြောင်း သိရသည်။

“ဦးတင့်လွင် ဂိုဒေါင်ကနေအထွက် ဘုရားကို အသွားမှာ အာဏာပိုင်တွေက ဝင်တားတယ်။ ဆက်ပြီးတော့ မသွားဖို့ ပြောတယ်။ သွားတဲ့လူ အကုန်လုံးကို ရယက (ရပ်ကွက်ကောင်စီ) ရုံးကို ခေါ်သွားတယ်။ မြို့နယ်မှူးက တွေ့ချင်လို့ပါဆိုပြီး စခန်းမှူးက ကျမတို့ကို ခေါ်သွားတယ်။ အကုန်လုံးကို မေးပြီးတော့ မြို့မ ရဲစခန်းကို ခေါ်သွားတယ်။ အဲဒီမှာ မြို့နယ်မှူးနဲ့ တွေ့ပြီးတော့ မလုပ်ဖြစ်အောင် တားတယ်” ဟု ပါတီဝင် မသန်းသန်းဋ္ဌေးက ပြောသည်။

ပါတီဝင် ၉ ဦးအား ထိုကဲ့သို့ ခေါ်ဆောင်သွားရာတွင် နံနက် ၈ နာရီမှ ၁၁ နာရီအထိဖြစ်ပြီး အပြန်တွင် အာဏာပိုင်များက ကားနှင့် ပြန်လိုက်ပို့ခဲ့သည်။

“ဒီနေ့ ဆုမတောင်းလိုက်ရဘူးပေါ့ရှင်။ ကျမတို့ကလည်း ကျမတို့ခေါင်းဆောင် လွတ်မြောက်ဖို့ ယုံယုံကြည်ကြည်နဲ့ ဘုရားမှာသွားပြီး ဆုတောင်းကြတာ။ နှောင့်ယှက် အတားအဆီး လုပ်တယ်ဆိုတော့ ကျမတို့ စိတ်ထဲမှာက ဒေါသဖြစ်မိတယ်” ဟု မသန်းသန်းဋ္ဌေးက ဆိုသည်။

ယနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၀ ခန့်မှ အန်အယ်ဒီ ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားများသို့ သွားရောက်ကာ ဝတ်ပြုဆုတောင်းခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်း မြို့နယ်တချို့မှ အန်အယ်ဒီ အဖွဲ့ဝင်များ ဆုတောင်းပွဲ ကျင်းပ

မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်

နယူးဒေလီ(မဇ္ဈိမ)။ ။မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံး လျှောက်လဲချက်ပေးသည့် ယနေ့တွင် ဘုရားများသို့ သွားရောက်ကာ လွတ်မြောက်ရေး ဆုတောင်းပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေများကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောပြထားပါသည်။

''ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်အနေနဲ့ ဝတ်ပြုဆုတောင်းဖို့ နှိုးဆော်ထားတာက မြို့ပေါင်း ၃ဝ ပါတယ်။ ဘုရားမှာ သပြေပန်းတွေ ကပ်လှူတယ်။ မနက် ၉ နာရီ ၁၅ မိနစ်မှာ သွားကြတယ်။ ၁၁ နာရီ ၄၅ မိနစ်မှာ ပြန်ရောက်တယ်။ ဘုရားဝတ်ပြုတာကိုက မိနစ် ၄ဝ လောက် ကြာတယ်။ ပဋ္ဌာန်းရွတ်ဖတ်တယ်၊ ဆုတောင်းတာတွေ လုပ်တယ်''။

''မိတ္ထီလာမှာ ရွှေမျှင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။ သာစည်မြို့ပေါ်မှာရှိတဲ့ ၅ ဆူရိပ်သာ သတ္တဋ္ဌာန ဆုတောင်းပြည့်ဘုရားမှာ ဒုဥက္ကဋ္ဌ ဦးသန်းဆောင် ဦးဆောင်ပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ သဲတောမြို့ပေါ် မြဘုန်းရှင်ဘုရားမှာ အတွင်းရေးမှူး ဦးထွန်းထွန်းက ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းတယ်။ ဝမ်းတွင်းမြို့နယ် သဲစုကျေးရွာအုပ်စု တွဲဘက်အတွင်းရေးမှူး ကိုအောင်သူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးက သွားပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၂ မိုင်မှာလည်း ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်က သွားရောက် ဝတ်ပြုဆုတောင်းတယ်''။

''ကျမတို့ မိတ္ထီလာမှာက ဘုရားကို သွားပြီးတော့ နောက်ကနေ တန်းပြီးပါလာပါတယ်။ ဓာတ်ပုံတွေ ဘာတွေ ရိုက်တယ်။ ရဲကားတစီးလည်း ဘုရားပရိဝုဏ်ထဲကို မောင်းလာပြီး ရပ်နေတဲ့ ပုံစံမျိုးပေါ့၊ တွေ့ရတယ်။ ခြိမ်းခြောက်တဲ့ သဘောမျိုးလည်း သက်ရောက်ရင် သက်ရောက်မယ်။ ကျမတို့ ပြန်လာတဲ့အခါကျတော့ ကျမတို့ ဖြတ်ပြီးပြန်လာတဲ့ လမ်းကြောင်းမှာက အမှတ် (၁) မီးသတ်ဋ္ဌာနရှိတယ်။ မီးသတ်ထဲမှာ လူအင်အား ၅ဝ နဲ့ ၁ဝဝ ကြားမှာ ရှိမယ်။ ရပ်ကွက်တိုင်းက ရဝတ (ရပ်ကွက်ကောင်စီ) တွေ ထိုင်စောင့်နေတယ်။ ရဲအထူးသတင်းတပ်ဖွဲ့၊ စွမ်းအားရှင်ရော။ ကျမတို့ အဖွဲ့ဝင် ၁ဝ ယောက်၊ ကလေးနဲ့ဆို ၁၁ ဦးပါ။ ရွှေမျှင်တင်ဘုရားမှာ သွားရောက် ဝတ်ပြုဆုတောင်းကြတာပါ''။

''ဒီကနေ့ ကျမတို့လုပ်တဲ့ လှုပ်ရှားမှုက ဘုရားကို သွားပြီး ဝတ်ပြုဆုတောင်းကြဖို့။ အဲဒီလို မသွားနိုင်တဲ့သူတွေက မိမိတို့ အိမ်မှာရှိတဲ့ ဘုရားမှာ သပြေပန်းတွေ ကပ်လှူပြီးတော့၊ ပဋ္ဌာန်းရွတ်ဖတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ဆုတောင်းပေးဖို့ တိုက်တွန်းထားတယ်''။

''ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတရပ်လုံးက ပါဝင်ပူးပေါင်းပြီးတော့ စစ်အစိုးရကို တောင်းဆိုရမှာပဲ။ နောက်ဆုံးပိတ် ထောင်ကျသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင် တသက်လုံး ကျမနေဘူး။ စစ်အစိုးရကလည်း တသက်လုံး အုပ်ချုပ်မနေနိုင်ဘူး။ အုပ်ချုပ်လို့ မရဘူး။ ကျမတို့ ပြည်သူက တသက်လုံး ဒုက္ခရောက်မနေဘူး။ တချိန်မှာ ထွက်ပေါက်ဆိုတာ ရှိမှာပဲ''။

''ဒီထွက်ပေါက်ကို စစ်အစိုးရနဲ့၊ ကျမတို့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားတွေက အားလုံး လက်တွဲပြီး ဖြေရှင်းသွားကြရမှာ ဖြစ်တယ်။ အဲဒါက နောက်ဆုံးပိတ် အဖြေပဲ''။

အာဏာပိုင်များ အနီးကပ် စောင့်ကြည့်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ)။ ။အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့ ရက်ချိန်းတွင် အင်းစိန်ထောင်ရှေ့၌ စုဝေး ရောက်ရှိနေသည့် ပါတီဝင်များနှင့် ထောက်ခံသူများအား အရပ်ဝတ်ဖြင့် အနည်းဆုံး လူ ၅ ဦးက ဗီဒီယိုနှင့် ဓာတ်ပုံများ မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။

''ဗီဒီယို ကင်မရာတွေနဲ့က ၃ ယောက်၊ တခြား ၂ ယောက်ကတော့ ဓာတ်ပုံကင်မရာတွေနဲ့။ သူတို့က အင်းစိန်ဈေးထဲကနေ လှမ်းရိုက်နေကြတာ။ သူတို့အားလုံးက ဆက်သွယ်ရေး စက်တွေ တပ်ထားကြတယ်'' ဟု အင်းစိန်ထောင်ရှေ့တွင် ရောက်ရှိနေသည့် ပါတီထောက်ခံသူတဦးက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများသည် လူဦးရေအားဖြင့် ၁ဝဝ ခန့်ရှိခဲ့ရာမှ ယခုအခါ ၁၅ဝ ခန့်သို့ တိုးမြှင့်လာသလို၊ အာဏာပိုင်များဘက်ကလည်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ရိုက်ကူးနေခဲ့သည်။

တချိန်ထဲတွင် စစ်ထရပ်ကား ၆ ကားနှင့် ဟိုင်းလပ်ကားငယ် ၂ စီးသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ယူနီဖောင်းဝတ် အဓိကရုဏ်းနှိမ်နင်းရေး ရဲများကို တင်ဆောင်ကာ မြို့တွင်းပိုင်းသို့ မောင်းနှင်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

''ကျနော် ထင်တာကတော့ မြို့ထဲမှာ သူတို့တွေ ကင်းလှည့်သွားတာ ဖြစ်မယ်'' ဟု သူက ပြောသည်။

နောက်ဆုံး လျှောက်လဲချက်အတွက် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရ

မုံပီးနှင့် မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 23 ရက် 2009 ခုနှစ်



နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အင်းစိန်ထောင် အထူးတရားရုံး၌ မနက်ဖြန်တွင် တင်သွင်းရမည့် နောက်ဆုံးလျှောက်လဲချက်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေများနှင့် ယနေ့ တွေ့ဆုံခွင့်ရခဲ့သည်။

အမှုအတွက် ဥပဒေအကျိုးဆောင်များဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် အကျဉ်းထောင်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ နာရီကြာမျှ တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။

''မနက်ဖြန် (သောကြာနေ့) မှာ ဒီလျှောက်လဲချက်ကို တရားရုံးကို တင်သွင်းမှာ ဖြစ်ပါတယ်။ ဦးလှမျိုးမြင့်က သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ကာကွယ်ပြောကြား လျှောက်လဲမှာ ဖြစ်ပါတယ်'' ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

အကျိုးဆောင်အဖွဲ့သည် အတိုက်အခံခေါင်းဆောင်နှင့် ယမန်နေ့က တွေ့ဆုံခွင့် မရခဲ့ပါ။ သို့သော် နောက်ဆုံး လျှောက်လဲချက်မူကြမ်းကို တိုင်ပင်ဆွေးနွေးရန် လိုအပ်နေသေးသဖြင့် တွေ့ဆုံခွင့်ပြုရန် ပြန်လည်လျှောက်ထားခဲ့ရာ နောက်ဆုံးတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း ဦးကြည်ဝင်းက ပြောသည်။

''တာဝန်ရှိသူတွေက တွေ့ခွင့်ပြုတဲ့အကြောင်း ကျနော်တို့က ဒီနေ့ အကြောင်းကြားလာပါတယ်။ ကျနော်တို့ကို (ဒေသစံတော်ချိန်) မွန်းလွဲ ၂ နာရီ လောက်မှာ အကျဉ်းထောင်ကို ခေါ်သွားပါတယ်။ ကျနော်တို့ တွေ့ဆုံဆွေးနွေးတာ ညနေ ၄ နာရီလောက်မှာ ပြီးပါတယ်'' ဟု ဦးကြည်ဝင်းက ပြောသည်။

သို့သော် နောက်ဆုံးလျှောက်လဲချက်ပါ အကြောင်းအရာများကို ပြောကြားရန်ကိုမူ ဦးကြည်ဝင်းက ငြင်းဆိုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သက်သေပြမည်ဟုသာ ပြောဆိုသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ အမှုကို ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကတည်းက စတင်စစ်ဆေးနေသော အင်းစိန်ထောင်ရှိ မြောက်ပိုင်းခရိုင် အထူးတရားရုံးက နှစ်ဖက် နောက်ဆုံးလျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။

နောက်ဆုံး လျှောက်လဲချက် ကြားနာရန်နှင့် အမိန့်ချရန်သာ ကျန်တော့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ယခု ရုံးတင်စစ်ဆေးနေခြင်းမှ မည်သည့်ရလဒ် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားပါသလဲဟု မေးမြန်းသည့်အခါ ဦးကြည်ဝင်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး၊ ''ဒါက ဥပဒေအတိုင်း ဆောင်ရွက်နေတာ ဖြစ်တော့ကာ အမှုမပြီးမချင်း ကျနော် ဘာမှ မှတ်ချက် မပေးလိုပါဘူး။ သည်းခံပါ။ အမှုက သိပ်ကြာမှာ မဟုတ်တော့ပါဘူး'' ဟု ပြောကြားသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်ကမူ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနိုင်ရေးအတွက် အကုန်လုံး စီစဉ်ထားသည့်အတွက် ''ကျနော်ကတော့ သူတို့ (စစ်အစိုးရ) က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဘို့ တနည်းနည်းနဲ့တော့ လုပ်မှာလို့ပဲ ထင်တယ်'' ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် သူ၏ အင်းယားကန်ဘေးရှိ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော မေလဆန်းပိုင်းက ဝင်ရောက်လာသည်ကို လက်ခံခဲ့သည့်အတွက် အကျယ်ချုပ် စည်းကမ်းများ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံနေရခြင်း ဖြစ်သည်။ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေများနှင့် တွေ့ခွင့်မရ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 22 ရက် 2009 ခုနှစ် 20 နာရီ 50 မိနစ်


နယူးဒေလီ(မဇ္ဈိမ )။ ။ အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးသို့ သောကြာနေ့တွင် တင်သွင်းရမည့် နောက်ဆုံး လျှောက်လဲချက် မူကြမ်းအား သူမ၏ ရှေ့နေများနှင့် ဆွေးနွေးရန်ရှိသည်ကို မြန်မာစစ်အစိုးရက တွေ့ဆုံခွင့်မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ပယ်ချလိုက်သည်။

''ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဘို့ ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကို ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီနေ့ မတွေ့ခဲ့ရပါဘူး'' ဟု အဆိုပါ ရှေ့နေအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် တင်သွင်းရမည့် နောက်ဆုံးလျှောက်လဲချက် မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် သူတို့ရှေ့နေအဖွဲ့က ရည်မှန်းထားဆဲဖြစ်ကြောင်းဖြင့် သူက ဆက်ပြောသည်။

''ကျနော်တို့ မနက်ဖြန် တွေ့ခွင့် ရ၊ မရဆိုတာ မသေချာသေးပါဘူး'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံး လျှောက်လဲချက်ကိုမူ တင်သွင်းသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။

''ဒါပေမဲ့ ကျနော်တို့ရဲ့ အမှုသည်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးရခြင်း မပြုသေးတဲ့၊ သူ (ဒေါ်အောင်ဆန်းစုကြည်) က သဘောမတူတဲ့ လျှောက်လဲချက်ပဲ ဖြစ်တော့မှာပေါ့'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သောကြာနေ့တွင် နောက်ဆုံးလျှောက်လဲချက် ပြီးလျှင် မေလအစောပိုင်းက သူမ၏ နေအိမ်တွင် အမေရိကန်လူမျိုးတဦးကို လက်ခံထားခဲ့ကာ အကျယ်ချုပ်စည်းကမ်း ချိုးဖောက်သည်ဟူသော စွဲချက်ဖြင့် စွဲဆိုခံနေရသော ဤအမှုကို တရားရုံးက စီရင်ချက်ချမည်ဟု မျှော်လင့်ရသည်။

အကဲခတ်များနှင့် ဝေဖန်သူများကမူ ယခုအမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ်ချမှတ်၍ ဆက်လက်ချုပ်နှောင်ထားရေးအတွက် ရမယ်ရှာ စွဲဆိုခြင်းသာဖြစ်သည်ဟု ဝေဖန်ပြောဆိုကြသည်။ သို့မှသာ နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ဘဲ ရှိမည်ဖြစ်သည်ဟု ဆိုသည်။

ထိုအတောအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ခေါင်းဆောင်များက ဒေသတွင်း လုံခြုံရေးကွန်ဖရင့်တခုကို ကျင်းပရန်ရှိသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံသည် ဝေဖန်စရာ ဖြစ်နေသည်။

အဆိုပါ ကွန်ဖရင့်ကျင်းပရာ ထိုင်းနိုင်ငံ အပန်းဖြေကမ်းခြေ မြို့ဖြစ်သော ဖူးခက်မြို့သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်သည် ဗုဒ္ဓဟူးနေ့က လေယဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်တရားစွဲဆိုနေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို လွှတ်မပေးပါက စစ်အစိုးရက ကျင်းပရန် ပြင်ဆင်ထားသော ရွေးကောက်ပွဲများသည် ယုံကြည်ကိုးစားလောက်သည်ဟု ယူဆနိုင်မည် မဟုတ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ပါတီသည် လမ်းဆုံလမ်းခွတွင် ရှိကြောင်း ဦးဝင်းတင် ပြောဆို

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 22 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များသည် အသက်အရွယ် ကြီးရင့်လာခြင်းနှင့် ကျန်းမာရေး အခြေအနေအရ ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍသည် လမ်းဆုံလမ်းခွသို့ ရောက်နေကြောင်း ပါတီ ခေါင်းဆောင်တဦးက ပြောသည်။

အသက်အရွယ်ကြီးကာ ကျန်းမာရေး ချို့ယွင်းမှုများကြောင့် လျှောက်လှမ်းရမည့် ပါတီဦးဆောင်မှုသည် လမ်းဆုံလမ်းခွသို့ ရောက်နေကြောင်း ပါတီခေါင်းဆောင်တဦးလည်းဖြစ်၊ သတင်းစာ ဆရာကြီးလည်း ဖြစ်သည့် ဆရာကြီး ဦးဝင်းတင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ခေါင်းပိုင်းတွေအနေနဲ့ အသက်အရွယ်ကြီးရင့်လို့ အနားယူမယ်ဆိုရင်လည်း ယူနိုင်ဖို့ အနေအထားရှိပေမယ့် ပါတီရဲ့ လျှောက်လှမ်းရမယ့် လမ်းကြောင်းကတော့ လမ်းဆုံလမ်းခွ အခြေအနေကို ကျရောက်နေတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“တကယ်လို့ ပါတီက မှတ်ပုံပြန်တင်ရရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မလွတ်သေးဘူး။ အဲဒါဆိုတော့ ကျနော်တို့ ပါတီအတွက် စိုးရိမ်နေရတယ်။ ပြဿနာက လူက တိုးချင်တိုင်း တိုးလို့ မရဘူး။ အစိုးရနေပြီးတော့ ကော်မရှင်မှာရှိတဲ့ လူအနေအထားအတိုင်း လုပ်ရတယ်ဆိုတော့ လူကလည်း တိုးလို့မရဘူး ဖြစ်နေပါတယ်” ဟု ဆရာကြီး ဦးဝင်းတင်က ဆက်ပြောသည်။

ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးလွင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးဝင်းတင်နှင့် သခင်စိုးမြင့်သည် အသက်အားဖြင့် ၈ဝ နှစ်ကျော်များ ဖြစ်နေသဖြင့် မကြာခဏ ကျန်းမာရေးက ချူချာနေသည်။

“ဦးအောင်ရွှေဆိုရင် ၉၀ ကျော်နေပြီ။ ပါတီကို မလာနိုင်တာ လနဲ့ချီ ရှိနေပြီ။ နောက်ထပ် ၂ လ၊ ၃ လ လာနိုင်မယ် မထင်ဘူး။ ဦးလွန်းတင်ဆိုရင် မျက်စိက ကောင်းကောင်း မမြင်ရတော့ဘူး။ နားကလည်း ကောင်းကောင်း မကြားတော့ဘူး။ ကလေး ကုန်းပိုးသလိုမျိုး ပိုးပြီးတော့မှ နောက်က တယောက် မလိုက်ရင် မရဘူး။ အိပ်ယာထဲမှာ လေဖြတ်နေတယ်။ ဦးလှဖေကလည်း ကျန်မာရေး ချို့တဲ့နေတယ်။ ဦးသန်းထွန်းကလည်း ခဏခဏ ခေါင်းမူးတတ်တယ်” ဟု ဆရာကြီးက ပြောသည်။

ကိုယ်တိုင်ကလည်း မျက်စိခွဲစိတ်ကုသရန် လိုအပ်နေပြီး နှလုံးရောဂါနှင့်အတူ သွေးခုန်နှုန်း အလွန်အမင်း ကျဆင်းနေကြောင်းနှင့် ဆီးချိုနှင့် အကြောအဆစ် ကိုက်ခဲသည့် ဝေဒနာများလည်း ခံစားနေရကြောင်း သိရသည်။

ဆရာကြီးက “နေ့တိုင်းလိုလိုက နှလုံးခုန်နှုန်းက ၄၈ ကနေ မတက်ဘူး။ ပုံမှန်က ၈ဝ လောက်ရှိရမှာ။ ကျနော် မလှုပ်နိုင်ဘူး ဖြစ်နေတယ်။ ခြေလှမ်း ၄-၅ လှမ်းလောက် လျှောက်လိုက်ရင် မောနေတယ်။ အသည်း၊ အမြစ်၊ ကလီစာတို့ မစားဖို့၊ ပဲပင်ပေါက်တို့ ခရမ်းချဉ်သီးတို့ မစားဖို့နဲ့ ရောဂါအတွက် လိုအပ်တဲ့ အစားအသောက်တွေ၊ အသားငါးတွေ ပိုပြီး စားသောက်ဖို့ ဆရာဝန်က ညွှန်ကြားထားတယ်” ဟု ပြောသည်။

ကျန်းမာရေး မကောင်းသည့်ကြားမှ လာမည့်သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် နောက်ဆုံး လျှောက်လှဲကြမည်ဖြစ်ရာ အင်းစိန်ထောင်ရှေ့သို့ သွားရောက်ဦးမည်ဟု သူက ဆိုသည်။

ကျန်းမာရေးအတွက်လည်း လာမည့်လ ၃ ရက်နေ့တွင် ထပ်မံ၍ ပြသရန် ဆရာဝန်က ညွှန်ကြားထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေများနှင့် ထပ်မံ တွေ့ဆုံမည်

မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 16 ရက် 2009 ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နောက်ဆုံး လျှောက်လဲချက်ကိစ္စ ဆွေးနွေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမှု အကျိုးဆောင် ရှေ့နေများသည် အင်းစိန်ထောင်အတွင်း ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံခွင့်ရကြောင်း သိရသည်။

အန်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံ၍ ပြုလုပ်ရန် အာဏာပိုင်များနှင့် ညှိနှိုင်းသည့်အခါ ခွင့်ပြုချက် ရရှိကြောင်း သူမ၏ အမှုအတွက် အကျိုးဆောင်ပေးနေသည့် ရှေ့နေများအဖွဲ့မှ ရှေ့နေတဦးလည်းဖြစ်၊ အန်အယ်ဒီပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်သည့် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။

''ကျနော်တို့ သောကြာနေ့မှာ အစည်းအဝေးလုပ်မယ်ဆိုတာ အတည်ပြုနိုင်ပေမယ့်၊ အခုထက်ထိတော့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတုန်းပါပဲ'' ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုနှစ် မေလဆန်းက အမေရိကန်နိုင်ငံသား တဦးသည် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရသည့် နေအိမ်အတွင်း အင်းယားကန်ထဲမှ ရေကူးဝင်ရောက်ခဲ့သည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ သူမကို တရားစွဲဆိုလာခြင်း ဖြစ်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက နှစ်ဖက်ရှေ့နေများကို နောက်ဆုံး လျှောက်လဲချက်ပေးရန် ယခုလ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။ ထိုနေ့တွင် နောက်ဆုံး လျှောက်လဲချက်ကို ကြားနာကာ တရားရုံးက ဆုံးဖြတ်ချက်ချဖွယ်ရှိကြောင်း မျှော်လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုချက်များအပေါ် ခုခံချေပသွားရန်အတွက် စာမျက်နှာပေါင်း ၂ဝ ပါဝင်သည့် နောက်ဆုံး လျှောက်လဲချက်တခု ၎င်းတို့ ရှေ့နေများအဖွဲ့က ပြင်ဆင်ထားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

''ဒါက ဒုတိယအကြိမ်မြောက် နောက်ဆုံး လျှောက်လဲချက် မူကြမ်းပါ။ ဒါကို ဒေါ်စုကို ပြပါမယ်။ သူက ပြင်ဖို့လိုအပ်တာ တွေ့တယ်ဆိုရင် ကျနော်တို့က ပြုပြင်သွားမှာ ဖြစ်ပါတယ်'' ဟု သူက ဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သက်သေပြရန်နှင့် စွပ်စွဲချက်ကို ငြင်းပယ်မည့် အဆိုပါ လျှောက်လဲချက်တွင် မည်သည့်အကြောင်းအရာများ ပါဝင်သည်ကို အသေးစိတ် ပြောဆိုရန် သူက ငြင်းဆိုသည်။

အကယ်၍ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ထက်မနည်း နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများအား မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခြင်း မရှိပါက စစ်အစိုးရ အဆိုပြုထားသည့် ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှု ဆိတ်သုဉ်းနေလိမ့်မည်ဟု နယူးယောက်တွင် မကြာသေးခင်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

မစ္စတာဘန်သည် ယခုလ အစောပိုင်းက မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ရာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းပယ်ခဲ့သည့်အပေါ် အကြီးအကျယ် စိတ်ပျက်မိကြောင်း ကုလ လုံခြုံရေးကောင်စီတွင် ယခုတပတ် တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

မစ္စတာဘန်၏ ရှင်းလင်းပြောဆိုချက်အပြီး ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက မြန်မာစစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ကြေညာချက် ထုတ်ပြန်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ သို့သော်လည်း လွှတ်ပေးမည့် အကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသား မည်ရွေ့မည်မျှ ပါဝင်မည်နှင့် ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်လားဆိုသည်ကို ဖော်ပြပြောဆိုသွားခြင်း မရှိခဲ့ပါ။

သို့သော် အန်အယ်ဒီ ခေါင်းဆောင်များကမူ စစ်အစိုးရ၏ ကြေညာချက်အပေါ် အယုံအကြည် ကင်းမဲ့ကြောင်းနှင့် ဤသည်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ရှောင်လွှဲနိုင်ရန်အတွက် တခြားသော ပရိယာယ်တခု ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

''ဒီကြေညာချက်အပေါ် ကျနော်တို့အနေနဲ့ အများကြီး မမျှော်လင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ (အာဏာပိုင်များ) က အစောပိုင်းတုန်းက အကျဉ်းသား ၉ ထောင်ကျော် လွှတ်ခဲ့တဲ့အခါ နိုင်ငံရေး အကျဉ်းသားက ၃ဝ လောက်ပဲ ပါခဲ့တယ်။ ဒါကြောင့်လည်း ဒီတခေါက်မှာ အဲဒီလိုမျိုး ဖြစ်ကောင်းဖြစ်မှာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။

အေးရှားဝေါလ် ဆိပ်ကမ်းတွင် ပေါက်ကွဲမှုတရပ် ဖြစ်ပွား

မြင့်မောင်
အင်္ဂါနေ့၊ ဂျူလိုင်လ 14 ရက် 2009 ခုနှစ်

နယူးဒေလီ။ ။ ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ပြင်းထန်သည့် ပေါက်ကွဲမှုတရပ် ယနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဆိပ်ကမ်းချင်း နီးကပ်နေသည့် ဆိပ်ကမ်းတခုမှ ဝန်ထမ်းတဦးနှင့် အလုံမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ အဆိုအရ သိရခြင်း ဖြစ်သည်။

“ကြားမိပါတယ်။ ကျနော်ကတော့ သေချာ မသိပါဘူးခင်ဗျာ။ သိချင်ရင် အေးရှားဝေါလ် ဆိပ်ကမ်းကို မေးကြည့်ရင် အကုန်သိနိုင်ပါတယ်” ဟု အလုံမြို့နယ်ရှိ Myanmar Industrial ဆိပ်ကမ်းမှ ဝန်ထမ်းတဦးက ပြောသည်။

အလုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ ပုဂ္ဂိုလ်တဦးက “ဘာဖြစ်တာလဲတော့ မသိဘူး။ ပေါက်ကွဲမှုတခု ဖြစ်တယ်လို့ပဲ သိရတယ်။ ကျနော်တို့ဆီကတော့ မသွားရဘူး ခင်ဗျာ။ အကုန်လုံးပြီးစီးမှ ကျနော်တို့ကို အကြောင်းကြားတယ် ခင်ဗျာ။ ၄ နာခွဲနဲ့ ၅ နာရီကြားမှာ ဖြစ်တယ်။ ဘာဆိုလဲတော့ ကျနော်တို့ မသိရဘူးခင်ဗျာ” ဟု ပြောသည်။

သို့သော်လည်း အေးရှားဝေါလ် ဆိပ်ကမ်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဆိပ်ကမ်းမှ တာဝန်ရှိသူတဦးက ငြင်းဆိုသည်။

သူက “မဟုတ်ပါဘူး။ ကျနော်တို့လည်း အတိအကျ မသိဘူး။ ဒီမှာတော့ ကျနော်တို့ မကြားဘူး” ဟု ပြောသည်။

ဤပေါက်ကွဲမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် မဇ္ဈိမက ဆက်လက် စုံစမ်းဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 11 ရက် 2009 ခုနှစ်



နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော လူအုပ်ကြီး လူစုကွဲသွားစေရန် ကြိုးပမ်းသည့်အနေဖြင့် အာဏာပိုင်များက သတင်းမှားများ လိုက်ဖြန့်နေသည်။

အတိုက်အခံ ခေါင်းဆောင်၏ အမှုတွင် တရားခံပြသက်သေ စစ်ဆေးမည့်နေ့ရက်ကို တရားရုံးက ရွှေ့ဆိုင်းလိုက်ပြီး၊ နောက်တကြိမ် ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သူတို့က သတင်းမှားများ လိုက်ဖြန့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ အကျိုးဆောင်ပေးနေသည့် ရှေ့နေများထဲမှ ရှေ့နေ ဦးဉာဏ်ဝင်းက ဤသတင်းသည် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အမှုစစ်ဆေးနေသည့် အင်းစိန်ထောင်ပြင်ပတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ထောက်ခံသူများအား လူစုကွဲသွားစေရန် လုပ်ဆောင်ချက်သာဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားသည်။

''ကျနော်ထင်တာ ကျနော်တို့ကို ဆန့်ကျင်တဲ့သူတွေက ထောင်ပြင်ပမှာ စောင့်နေတဲ့သူတွေ လူစုကွဲသွားအောင် ဒီသတင်းကို ဖြန့်တာပဲ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး၊ ယနေ့ စစ်ဆေးမှုသည် အချိန်အားဖြင့် ၇ နာရီမျှ ကြာမြင့်ခဲ့ကြေင်း သူက ဆက်လက်ပြောဆိုသည်။

တရားရုံးက နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်းနှင့် ယနေ့အစောပိုင်းက ကောလာဟလ ဖြစ်ပေါ်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့ဆိုသည်မှာ မဟုတ်ကြောင်း သူက ငြင်းဆိုခဲ့သည်။

အင်းစိန်ထောင် ရုံးထိုင် ခရိုင်တရားရုံးက ဒုတိယသက်သေ ဒေါ်ခင်မိုးမိုး ကို ယနေ့ (သောကြာနေ့) တွင် စစ်မေးခဲ့ကာ၊ သူမသည် ရှေ့နေတဦးဖြစ်ကာ အန်အယ်ဒီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက ''အမှုစစ်ဆေးတာကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ရပ်နားလိုက်ပါတယ်။ ဒေါ်ခင်မိုးမိုးက သက်သေထွက်ချက်ပေးတယ်။ တရားလိုရှေ့နေကလည်း ပြန်လှန်စစ်မေးတာ လုပ်ပါတယ်'' ဟု ပြောသည်။

ဤအတောအတွင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် အန်အယ်ဒီ အဖွဲ့ဝင်နှင့် ထောက်ခံသူ အနည်းဆုံး ဦးရေ ၈ဝ ခန့်ကလည်း ယနေ့ရုံးချိန်းကို အင်းစိန်ထောင်ပြင်ပတွင် စုရုံး၍ စောင့်ဆိုင်းနားစွင့်လျက် ရှိကြသည်။ ထိုလူအုပ်နှင့်အတူ လုံထိန်းများနှင့် စစ်သားများကိုလည်း လုံခြုံရေးယူထားသည်ကို တွေ့မြင်ရသည်။

သို့သော် ယနေ့ ဒေါ်ခင်မိုးမိုး ကို သက်သေအဖြစ် အစစ်မခံဖြစ်ကြောင်းနှင့် တရားရုံးက နောက်ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သတင်းများကြားရပြီးနောက် အဆိုပါလူအုပ်ကြီးမှာ မွန်းလွဲပိုင်းတွင် လူစုကွဲသွားခဲ့သည်။

အဆိုပါ လူအုပ်ထဲတွင်ပါဝင်သူ အန်အယ်ဒီ လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းက ''ကျမတို့ကို လူတယောက်က လာပြောတယ်။ သူ့နာမည်တော့ မသိဘူး။ ရုံးက ဒီနေ့ နားလိုက်တယ်၊ မစစ်ဖြစ်ဘူး။ နောက်ရုံးချိန်းကို ဇူလိုင် ၁၇ ရက်နေ့ ပေးလိုက်တယ်လို့ လာပြောတယ်။ အဲဒါလည်း ကြားပြီးရော ကျမတို့လည်း လူစုကွဲသွားတာပဲ'' ဟု ပြောသည်။

''ကျမတို့အားလုံးက ဒီသတင်းကို အမှန်လို့ထင်တာ။ ဒါနဲ့ ထောင်ဘက်ကနေ ထွက်လာခဲ့တော့တာ။ ဒါပေမဲ့ ညနေကျမှ ဒီသတင်းဟာ သတင်းမှားကြီးဆိုတာ သိရတာ။ ကျမတို့ကို လူစုကွဲသွားအောင် လုပ်ခဲ့တာ'' ဟု သူက ပြောသည်။

ဦးဉာဏ်ဝင်းကလည်း ''ကျနော်တို့ အပြင်ထွက်လာတော့ လူတွေက ဝိုင်းမေးကြတယ်၊ ဒီနေ့ မစစ်ဖြစ်ဘူး၊ ဇူလိုင်လ ၁၇ ရက်ကို ရွှေ့လိုက်တယ်ဆိုတာ ဟုတ်သလား ဆိုပြီးတော့။ ကျနော်ထင်တယ် ဒီသတင်းမှားဟာ ကျနော်တို့ကို ဆန့်ကျင်တဲ့ သူတွေက ဖြန့်တာပဲ'' ဟု ပြောသည်။

သောကြာနေ့က တရားရုံးတွင် ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ၁၉၇၄ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ကမ္ဘာ့ နိုဘယ်ဆုရှင်ကို တရားစွဲဆိုခြင်း မပြုနိုင်ကြောင်း ခုခံချေပထွက်ဆိုခဲ့သည်။

သို့သော် တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း ၁၉၇၄ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြန်လှန်ခုခံပြောဆိုခဲ့သည်။

''သူတို့ကလည်း အစိုးရအမိန့်တွေ၊ စာရွက်စာတန်းတွေ အမျိုးမျိုးထုတ်ပြပြီး သူတို့ ရပ်တည်ချက်ကို မှန်ကန်ကြောင်း သက်သေပြဘို့ ကြိုးစားတာပဲ။ ဒါနဲ့ပဲ ပြီးဘို့အချိန်က အတော်ကြာသွားတာ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြောင်းနှင့် တရားရုံးတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ တင်သွင်းနိုင်ရန် စာမျက်နှာ ၁၈ မျက်နှာရှိ အပြီးသတ် လျှောက်လဲချက်ကို ပြင်ဆင်ရေးသားထားပြီးဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ ဤသို့ အပြီးသတ်လျှောက်လဲချက်များ တင်သွင်းပြီးပါက တရားရုံးက နောက်ဆုံး အမိန့်ချရန် ရက်ချိန်းတချိန်းပေးဖွယ် ရှိသည်။

တားဆီးကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခြင်းခံရပါက အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

ထိုအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့သည်ဟူသော စွဲချက်ဖြင့် အလားတူ ရုံးတင်စစ်ဆေးခံနေရသည့် အမေရိကန်လူမျိုး ဂျွန် ဝီလျံ ယက်တောကို ဆေးရုံတင်ထားရသည်ဟု သတင်းများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဘန်ကီမွန်း ခရီးစဉ်အပေါ် မှတ်ချက်မပေး

မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 09 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္စျိမ) ။ ။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလဆန်းပိုင်းတွင် မြန်မာပြည်သို့ လာရောက်ခဲ့သည့် ကုလ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်နှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်မပေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် အဆိုအရ သိရသည်။

အမှုကိစ္စ အပြီးသတ် လျှောက်လဲချက်နှင့် ပတ်သက်၍ ယမန်နေ့က သူမ၏ ရှေ့နေများထဲမှ ၃ ဦးက အင်းစိန်ထောင်အတွင်းရှိ သီးသန့်အဆောင်သို့ သွားရောက်ဆွေးနွေးစဉ် မစ္စတာဘန်၏ ခရီးစဉ်အပေါ် မှတ်ချက်ပေးခြင်း မပြုကြောင်း သိရခြင်း ဖြစ်သည်။

“ကျနော်တို့က ဘန်ကီမွန်းလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကုန်ရှင်းပြပါတယ်။ အဖွဲ့ချုပ် CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) က ဘန်ကီမွန်းနဲ့ တွေ့ပြီးတော့ တင်ပြခဲ့တဲ့ အကြောင်းအရာတွေကို ဒေါ်စုကို သတင်းစကား ပြောပါတယ်။ ဒေါ်စုဘက်က ဘာမှ မှတ်ချက်မပေးပါဘူး” ဟု ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မစ္စတာဘန်ကီမွန်းသည် ယခုလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာပြည်သို့ လာရောက်ခဲ့စဉ်က ပထမရက်တွင် NLD ဗဟိုအလုပ်အမှုဆောင်ဝင် ၄ ဦးနှင့် ၁၀ မိနစ်ကြာ တွေ့ဆုံခွင့်ရခဲ့သည်။

တွေ့ဆုံခွင့်ရသည့် အချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်အစပြုရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန်အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သည့် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက် NLD ခေါင်းဆောင်များက မစ္စတာဘန်ကို တင်ပြခဲ့သည်။

ဘန်ကီမွန်း၏ ခရီးစဉ်အတွင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှစ်ကြိမ်မျှ တွေ့ဆုံခဲ့သော်လည်း အကျဉ်းထောင်အတွင်း တရားစွဲခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရေး တောင်းဆိုခဲ့ရာ မြန်မာစစ်အစိုးရဘက်က ပယ်ချခဲ့သည်။

အကျဉ်းထောင်အတွင်း၌ ယမန်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည့် သူမ၏ ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က အမှုနှင့်ပတ်သက်သည့် အပြီးသတ် လျှောက်လဲချက် မူကြမ်းကို ပြသခဲ့ကြသည်။

“အပြီးသတ် လျှောက်လဲချက် မူကြမ်း ၁၈ မျက်နှာကို ဒေါ်စုကို ပြတယ်။ နောက်ရက်ကျမှ ပြန်ဆွေးနွေးရအုံးမယ်။ ဒေါ်စုနဲ့တွေ့တဲ့ ရည်ရွယ်ချက်က အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာပါ။ ကျနော်တို့ လျှောက်လဲချက် မူကြမ်းကို ဒေါ်စုက သဘောတူပါတယ်” ဟု NLD ပါတီ ပြောခွင့်ရနှင့် ဒေါ်စုအမှုတွင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

အမှုနှင့်ပတ်သက်ပြီး ဒေါ်စုတွင် အပြစ်မရှိကြောင်း သူမ၏ ရှေ့နေ ၄ ဦးက ခုခံချေပသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် အတူနေထိုင်ခဲ့သည့် ဒေါ်ခင်ခင်ဝင်း၊ သမီး မဝင်းမမတို့သည် ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားဆိုင်သက်သေ ဒေါ်ခင်မိုးမိုးကို ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံး၌ မနက်ဖြန် နံနက် ၁ဝ နာရီတွင် စစ်ဆေးရန် ရုံးချိန်းရက် ပေးထားသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်စု ဓာတ်ပုံများ ပဲခူးတိုင်းအတွင်း ဖြန့်ဝေ

မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ 25 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို အန်အယ်ဒီ လူငယ်များသည် ယမန်နေ့က လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

လူစည်ကားရာ ပဲခူးမြို့ပေါ်နေရာများ၊ တိုင်းအတွင်းရှိ မြို့နယ်အချို့၌ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပေါင်း ၃ဝဝဝ ဖြန့်ဝေခြင်း ဖြစ်သည်။

“ပဲခူးမြို့ပေါ်မှာရှိတဲ့ ဈေး ၂ ဈေးကို ဖြန့်ဝေတယ်။ ပဲခူး ရွှေမော်တော ဘုရားနဲ့ လမ်းမှာတွေ့တဲ့ လူတွေကိုလည်း ပေးတယ်။ ဒိုက်ဦး၊ ကဝ၊ ညောင်လေးပင်ကို ဓာတ်ပုံ ၂၀၀ စီပဲ ပေးလိုက်နိုင်တယ်” ဟု ပဲခူးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင် ကိုအောင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

တိုင်းပြည်ခေါင်းဆောင် သားအဖ နှစ်ဦးတွဲပါ ဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် တဦးထဲ ပါရှိသည့် ဓာတ်ပုံများသည် အရွယ်အစားအားဖြင့် အနံ ၂ လက်မ၊ အလျား ၃ လက်မ ရှိသည်။

ဓာတ်ပုံများ ဝေငှရာများအနီး၌ အရပ်ဝတ်နှင့် အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိခဲ့သော်လည်း အနှောင့်အယှက် တစုံတရာပေးခြင်း မရှိကြောင်း သိရသည်။

ပဲခူးမြို့ခံ အမျိုးသမီးက “အာဏာပိုင်တွေက စောင့်ကြည့်တာ ရှိတယ်။ ဖြန့်တဲ့သူတွေက ဆိုက်ကားဂိတ်တွေမှာ၊ ဈေးထဲတွေမှာ ဖြန့်နေတာတွေ တွေ့တယ်။ ဓာတ်ပုံတွေက Size (အရွယ်အစား) က သိပ်မကြီးဘူးဆိုတော့ သိမ်းရတာ လွယ်တယ်။ အားလုံးကလည်း ဗိုလ်ချုပ်ပုံ၊ ဒေါ်စုပုံဆိုတော့ အရမ်းချစ်ကြတယ်လေ။ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ဆိုတော့ လာတဲ့လူတိုင်းက အဖြတ်တနိုး တောင်းကြတယ်” ဟု သူက ပြောသည်။

ရွှေမော်တောဘုရားပေါ်၌ ဓာတ်ပုံရရှိခဲ့သူ ဘုရားဖူး အမျိုးသမီးတဦးကလည်း “ဘုရားကို သွားတော့ ဘာတွေ ဝေလဲလို့ သွားတောင်းတော့ ဒေါ်စုပုံတွေ ဖြစ်နေတယ်။ အန်တီကလည်း လိုလိုလားလား လက်ခံလိုက်တယ်။ အန်တီ့ဆီ ဓာတ်ပုံရပြီး မကြာဘူး ကုန်သွားတယ်။ ဘုရားပေါ်တက်တဲ့ လူတိုင်းကို ဝေတယ်” ဟု ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ ကဝမြို့တွင် ဓာတ်ပုံရရှိခဲ့သူများ ရှိကြောင်း သိရသည်။

မြို့ခံတဦးက “ကျနော်ရတဲ့ ပုံက ၂ လက်မ၊ ၃ လက်မ အရွယ်တွေပဲ။ ကျနော်တို့က ဗိုလ်ချုပ်နဲ့ ဒေါ်စုနဲ့ တွဲထားတဲ့ ပုံပဲ ရတယ်။ ကျနော်ရတာက ကဝဈေးထဲမှာ ရပါတယ်။ ကျနော်လည်း အမှတ်တရ သိမ်းထားပါတယ်” ဟု ပြောသည်။

ရန်ကုန်မှာ လုံခြုံရေး ကားများ လှည့်ပတ်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်နက်အပြည့်အစုံနှင့် ယူနီဖောင်းဝတ် လုံထိန်းရဲများ တင်ဆောင်ထားသည့် စစ်ကား အစီးရေ ၃ဝ ခန့်ထက် မနည်းသည် ယနေ့ တနေ့လုံးနီးပါး ရန်ကုန်တိုင်းအတွင်း လှည့်ပတ်သွားလာနေခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

တရုတ်ပြည်ထုတ် FAW ကား တစီးလျှင် လုံထိန်းရဲ ဦးရေ ၂၀ ခန့် လိုက်ပါလာကြသည်။

“လုံထိန်းကား ၃၀၊ ၄၀ လောက် ပတ်နေတယ်။ အခုဟာက လုံခြုံရေးကို တပ်လှန့်ထားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ကားခေါင်မိုးပေါ်မှာ စက်လတ်တွေ တင်ထားတယ်။ လုံထိန်းအပြည့်နဲ့ ပတ်နေတာ။ ကျနော်တို့ ဘက်ကို ညနေ ၃ နာရီ မထိုးမီ ပတ်သွားတယ်” ဟု ကိုယ်တိုင်မြင်တွေ့ရသူ အင်းစိန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“အရင်တုန်းက နောက်ခန်းမှာ ဒိုင်းတွေ ဘာတွေ ကိုင်ထားတယ်။ ယူနီဖောင်း အပြည့်ဝတ်ထားတယ်။ အခုဟာက လူတယောက်က မတ်တပ်ရပ်ပြီး ကားခေါင်မိုးမှာ စက်လတ်ကို အသင့်ထောက်ထားတာ” ဟု သူက ဆိုသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့၌ လုံထိန်းကား ၃ စီးက ခေါက်တုံ့ခေါက်ပြန် သွားလာနေကြောင်း အခြား မြို့ခံတဦးက ဆိုသည်။

“ယူနီဖောင်း အပြည့်ဝတ်ထားတဲ့ လုံထိန်းကား ၃ စီးက ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်နေတယ်” ဟု သူက ပြောသည်။

“ကားပေါ်မှာ လုံထိန်းရဲတွေက ယူနီဖောင်း အပြည့်ဝတ်ထားတယ်။ ဒိုင်းတွေကို ကား ပတ်ပတ်လည် ကာထားတယ်။ လက်ထဲမှာ ဒုတ်တွေ၊ သေနတ်တွေလည်း ပါတယ်” ဟု သူက ဆိုသည်။

လုံထိန်း ရဲတပ်ရင်း အမှတ် ၈ သည် အင်းစိန်ထောင်ရှေ့၌ လုံခြုံရေး ယူထားသလို၊ ထောင်အတွင်း၌လည်း အထူးလုံထိန်း ရဲတပ်ဖွဲ့ဝင်များ ချထားကြောင်း သိရသည်။

အလားတူပင် မြေနီကုန်း၊ စမ်းချောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း အပါအဝင် မြို့နယ်အချို့၌လည်း လုံထိန်းကားများ လှည့်ပတ်သွားလာခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကာတွန်းဆရာကြီး ဦးဖေသိန်း ကွယ်လွန်

မြင့်မောင်
သောကြာနေ့၊ ဇွန်လ 19 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဖေသိန်းသည် ရန်ကုန်ရှိ သူ၏ နေအိမ်၌ ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်သည်။

အသက် ၂၀ နှစ် ဝန်းကျင်မှ စတင်ကာ သတင်းစာများနှင့် မဂ္ဂဇင်းများ၌ ကာတွန်းများ တောက်လျှောက် ရေးဆွဲလာသည့် ဆရာကြီး (၈၆ နှစ်) သည် ယနေ့ နံနက် ၄ နာရီခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“ ဆရာက လေဖြတ်တာက ၁၀ နှစ်လောက်ရှိပြီး သူ့မိသားစုက ပြုစုတာကောင်းလို့ ဒီလောက်အထိ အသက် ရှည်တာဖြစ်တယ်” ဟု ကာတွန်းဆရာ အော်ပီကျယ်က မဇ္ဈိမကို ပြောသည်။

ဆရာကြီးကို ၁၉၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပန်းတနော်မြို့၌ ဖွားမြင်ခဲ့ကာ၊ ၁၉၄၅ ခုနှစ်တွင် အထက်တန်း ပညာအဆင့် အောင်မြင်ခဲ့သည်။

၁၉၄၅ ခုနှစ်မှ စတင်ကာ ဒီးဒုတ်ဂျာနယ်တွင် ကလေးများကဏ္ဍ၌ သရုပ်ဖော်ပုံများ ရေးဆွဲခဲ့ပြီး၊ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာသင်ကြားခဲ့သည်။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေ မဂ္ဂဇင်း၌လည်း ကာတွန်းနှင့် ပန်းချီတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ရာမှ၊ ၁၉၄၇ ခုနှစ်တွင်မူ ဆရာကြီး ကာတွန်း ဦးဘဂျမ်း၏ မြေတောင်မြှောက်ပေးမှုကြောင့် အိုးဝေတွင် သတင်းစာ ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။

၁၉၅၇ ခုနှစ်တွင် ဆရာကြီး ရွှေပြည်ဦးဘတင် ပါဝင်သည့် ကမ္ဘာ့စာရိတ္တ မြှင့်တင်ရေးအဖွဲ့မှ ဖိတ်ကြားသဖြင့် အမေရိကန်နိုင်ငံသို့ ၂ လကြာ သွားရောက်ခဲ့ပြီး ပန်းချီ၊ ကာတွန်းများကို လေ့လာခွင့် ရရှိခဲ့သေးသည်။

၁၉၆၀၊ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတွင် အိုးဝေ၊ ဟံသာဝတီ၊ မြန်မာ့အလင်း၊ ရန်ကုန်၊ ဗမာ့ခေတ်၊ ကြေးမုံ၊ လုပ်သား သတင်းစာများတွင် သတင်းစာ ကာတွန်းများ ပင်တိုင်ရေးဆွဲခဲ့သလို၊ အင်္ဂလိပ်လို ထုတ်ဝေသည့် The Burman နှင့် The Nation ၌လည်း သတင်းစာ ကာတွန်းများကိုပင် ရေးဆွဲခဲ့သည်။

ထင်ရှားသည့် ကာတွန်းများအနက် အိုးဝေ၌ ဦးပယ်တရံ၊ ဟံသာဝတီ၌ ပြည်သူ့ကြေးမုံနဲ့ မြင်ကွင်းကျယ်၊ မြန်မာ့ခေတ်၌ လောကပီတိနှင့် လောကနီတိ၊ ကြေးမုံသတင်းစာ၌ ကြေးမုံနိတိ ဟူသည့် လက်ရာများဖြစ်သည်။

မျက်မှောက်ခေတ်တွင်လည်း ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ ချယ်ရီ၊ ပန်၊ မြန်မာ့ဓန၊ ပေဖူးလွှာ၊ မဟေသီ အစရှိသည့် မဂ္ဂဇင်းများ၌ သရုပ်ဖော် ကာတွန်းများ ရေးဆွဲခဲ့ရာ ဆရာကြီး၏ လက်ရာများသည် မြန်မာပြည်သူများ၏ ရင်ထဲ၌ စွဲမြဲကျန်ရစ်ခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ပန်းချီပန်းပု ကောင်စီ၌ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သလို၊ မြန်မာနိုင်ငံ၏ မော်ကွန်းဝင် ဒုတိယ အဆင့်လည်း ရရှိခဲ့သူ ဖြစ်သည်။

ကွယ်လွန်ချိန်၌ ဇနီးနှင့် သားသမီး ၆ ဦး ကျန်ရစ်သည်။

နာရေးယပ်တောင်တွင် အန်အယ်ဒီ အမည် မတပ်ရဲ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 11 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ မန္တလေးတိုင်း တောင်သာမြို့ အန်အယ်ဒီ ခေါင်းဆောင်တဦး၏ မိခင် ဆုံးပါးသွားရာ ဈာပန ယပ်တောင် ပြုလုပ်ရန်အတွက် ပုံနှိပ်တိုက်များတွင် သွားရောက်အပ်နှံရာ အာဏာပိုင်များ၏ စောင့်ကြည့်မှုကြောင့် ပုံနှိပ်တိုက်များက ယပ်တောင်တွင် ပါတီအမည် တံဆိပ်ကပ်ရန် ငြင်းဆန်ကြသည်။

တောင်သာမြို့ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးစိုးပိုင်၏ မိခင် ဒေါ်အေးကြည် (၈၆ နှစ်) ဆုံးပါးသွားသဖြင့် နာရေးယပ်တောင်များတွင် အန်အယ်ဒီ ဒုဥက္ကဋ္ဌ မိခင် ဟု ရေးသားရိုက်နှိပ်ပေးရန် ပုံနှိပ်တိုက် လုပ်ငန်းရှင်များက မကြာသေးခင်က ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။

“ယပ်တောင်တော့ လုပ်ပေးတယ်။ ဒါပေမဲ့ အဖွဲ့နာမည်ကိုတော့ ပေးမကပ်ဘူး။ အာဏာပိုင်များနဲ့ ပတ်သက်ဆက်နွယ်မှာကို စိုးရိမ်တဲ့အတွက် အခုလို ငြင်းပယ်ခဲ့တာလို့ ပြောတယ်” ဟု အန်အယ်ဒီ မြို့နယ်စည်းရုံးရေး ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က မဇ္စျိမကို ပြောသည်။

ထို့အပြင် အန်အယ်ဒီ ပါတီကိစ္စများ ဆွေးနွေးတိုင်ပင်မှု၊ လှုပ်ရှားမှုများအတွက် အစည်းအဝေးလုပ်နေသည့် ဦးသန်းမြင့်၏ နေအိမ်ကို တောင်သာမြို့က ပြည်ခိုင်ဖြိုး၊ စွမ်းအားရှင်များက အနီးကပ် စောင့်ကြည့်သည်မှာ ယခင်ကထက် ပိုများလာပြီး၊ ဓာတ်ပုံခိုးရိုက်ကာ မှတ်တမ်းတင်မှုများ ရှိနေကြောင်း သိရသည်။

“အရင်ကတော့ ဒီလောက် မရှိဘူး။ အခုရက်ပိုင်း ပိုစိတ်လာတယ်။ ဒီနေ့ဆိုရင် လက်ဖက်ရည်ဆိုင်မှာ ကျနော်နဲ့ အသိတချို့ ထိုင်နေတဲ့ အချိန်မှာ မျက်နှာကို အလင်းရောင် ဖျတ်ကနဲတွေ့လို့ လှည့်ကြည့်လိုက်တော့ ဆိုင်ကယ်ပေါ်က လူနှစ်ယောက်၊ တယောက်က ဆိုင်မောင်းပြီး တယောက်က လှမ်းရိုက်လိုက်တာပေါ့နော်။ ဒီလိုပုံစံတွေပေါ့။ မကြာခဏဆိုသလို သူတို့ရိုက်တာတော့ ပုံစံအမျိုးမျိုးပဲ။ ကိုယ်က အရိုက်ခံပြီးမှပဲ သိနေရတယ်လေ” ဟု ဦးသန်းမြင့်က ဆိုသည်။

လှုပ်ရှားမှုများကို နောက်ယောင်ခံလိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းကို မည်သူမည်ဝါများက လုပ်ကိုင်နေကြောင်း အတိအကျ မသိရသော်လည်း တောင်သာမြို့နယ်အတွင်းရှိ ရဲများ ဖြစ်နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။

“ဒီလိုလာကြည့်တဲ့ ပြည်သူ့ရဲတွေက အရပ်ဝတ်နဲ့ပါပဲ။ ရဲဆိုတာကတော့ ကျနော်က သေချာပေါက် သိတယ်။ သိတယ်ဆိုတာက ကျနော်တို့ တောင်သာမြို့က မကျယ်ဘူးလေ။ ဘယ်သူဘယ်ဝါဆိုတာ ကြည့်တာနဲ့ တန်းသိတာပေါ့'' ဟု သူက ပြောသည်။

လိုက်လံစောင့်ကြည့်မှုများ လုပ်ဆောင်ရာတွင် ညနေပိုင်း ၆ နာရီနောက်ပိုင်းတွင် ပိုမိုများပြားပြီး၊ တခါတရံ ထိုသူများနှင့်ပင် ပက်ပင်းတိုးရသည်များ ရှိကြောင်း သိရသည်။

ဦးသန်းမြင့်သည် မကြာခဏဆိုသလို ရန်ကုန်ရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် အစည်းအဝေး တက်ရောက်ခြင်း၊ ပါတီလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခြင်းများ ရှိသည့်အပြင် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် ရုံးတင်စစ်ဆေးသည့် အင်းစိန်ထောင်ရှေ့တွင် ဦးဝင်းတင်နှင့်အတူ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

ဒေါ်စုအမှု သက်သေ နှစ်ဦးအတွက် ရုံးချိန်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 11 ရက် 2009 ခုနှစ်

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေ ၂ ဦးအတွက် ဆက်လက်လျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး နာရီပိုင်းအတွင်း ရက်အကန့်အသတ်မရှိ ရက်ရွှေ့လိုက်ပြန်သည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် သက်သေ ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်တွင် ပြင်ဆင်ခွင့် လျှောက်ထားရာ ဗဟိုတရားရုံးက လျှောက်လဲချက်ပေးရန် ယနေ့ နေ့လယ်ပိုင်းက ယခုလ ၁၇ ရက်နေ့သို့ ချိန်းဆိုခဲ့သော်လည်း ညနေပိုင်းတွင် အကန့်အသတ်မရှိ ရက်ရွှေ့ကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။

"ညနေ ၄ နာရီမှာ ဗဟိုတရားရုံးက ပြန်ပြင်တယ်။ ကျနော့်ရဲ့ ရှေ့နေရုံးခန်းကို လာပြီးတော့ ဗဟိုတရားရုံးချုပ် ရှေ့နေ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ၁၇ ရက်နေ့ ရက်ချိန်းကို ပယ်ဖျက်တယ်၊ နောက်ထပ်ရက်ချိန်းကို နောက်ထပ် အကြောင်းကြားပါမယ်လို့ ကျနော့်ဆီကို ပြောတယ်။ ကျနော်တော့ မရှိဘူး၊ သူလာပြောတဲ့ အချိန်မှာ။ ကျနော်လည်း ဒီညမှပဲ သိရတယ်။ နောက်ဆက်တွဲက အဲဒါပါပဲ'' ဟု ဒေါ်စုအမှုတွင် အကျိုးဆောင်ပေးသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည်စာရင်း တင်သွင်းခဲ့ရာ တဦးတည်းသာ လက်ခံသဖြင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦး ခွင့်ပြုခဲ့သော်လည်း ကျန်ရှိသည့် ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ ယနေ့နံနက်ပိုင်းက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အင်းစိန်ထောင်တွင်းမှ မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်စု၏ ရှေ့နေများက သက်သေ ၄ ဦးပါ အမည်စာရင်းကို စတင်၍ တင်သွင်းခဲ့သည်။

ယခုအချိန်အထိ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မို့တို့ကို သက်သေအဖြစ် လက်ခံထားပြီး၊ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ကို တိုင်းတရားရုံး အဆင့်က ဆက်လက်၍ ငြင်းပယ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် တွေ့

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 10 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။

သူမကို တနာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ပြီး အင်းစိန်ထောင် အထူးခုံရုံးတွင် ရင်ဆိုင်နေရသော အမှုကိစ္စ ဆွေးနွေးခဲ့သည်ဟု သူမ၏ပါတီ အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

''ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာနေပုံရပါတယ်။ သူ့အမှုမှာ တရားမျှတမှု မရှိတဲ့အတွက်တော့ သူ စိတ်မချမ်းသာဘူး။ တရားဥပဒေကြောင်းအရ ဆက်ပြီးတိုက်ဖို့ပဲ သူ ပြောပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းကြည်ဘက်မှ အစစ်ခံမည့် သက်သေတဦးကို ခွင့်ပြုခဲ့ပြီး၊ သူမ၏ ရှေ့နေများက ခွင့်ပြုရန် တင်ပြခဲ့သော နောက်သက်သေ ၂ ဦးကိုမူ ပယ်ချခဲ့သည်။

တရားခံဘက်မှ တင်ပြသော အဆိုပါ သက်သေ ၂ ဦးကို လက်ခံကြားနာရေးအတွက် ကြာသပတေးနေ့တွင် ဗဟိုတရားရုံးသို့ အယူခံသွားမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ သက်သေနှစ်ဦးမှာ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။

တရားခံဘက်မှ တင်ပြသော သက်သေ ၄ ဦးအနက် ၃ ဦးကို အင်းစိန်အကျဉ်းထောင်အတွင်း ရုံးထိုင်စစ်ဆေးနေသော ခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။

''ဒါ ဥပဒေနဲ့ မညီပါဘူး။ ဘာကြောင့်ပယ်တယ်ဆိုတာကိုလည်း အကြောင်းပြချက် ပေးမထားပါဘူး'' ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

နှစ်ဖက် အပြီးသတ်လျှောက်လဲချက်ပေးရန် မူလက ဇွန်လ ၅ ရက်နေ့သို့ ချိန်းဆိုထားခဲ့သော်လည်း နောက်ပိုင်းတွင် ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ဆိုင်းထားခဲ့သည်။

သို့သော် သူတို့က ကျန်သက်သေ ၂ ဦးကို လက်ခံရေးအတွက် ဗဟိုတရားရုံးတွင် ဆက်လက်၍ အယူခံတက်မည်ဖြစ်သဖြင့် ထိုနေ့တွင်လည်း အမှုကို ဆက်လက်စစ်ဆေးဖြစ်မည်ဟု သူမ ထင်ကြောင်းဖြင့်လည်း ဦးဉာဏ်ဝင်းက ပြောသည်။ အဆိုပါ သက်သေ ၂ ဦးကို ယခုထိ တရားရုံးက လက်မခံဘဲ ပယ်ချထားဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ ထားရှိသွားမည်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 09 ရက် 2009 ခုနှစ်


နယူးဒေလီ ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ပြင်ရှိ တပ်မစခန်းတခု အခြေစိုက်သည့် ဒေသတွင် နေအိမ်အကျယ်ချုပ် ထပ်မံချထားရန်အတွက် မြန်မာစစ်အစိုးရက ပြင်ဆင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

တပ်မ ၁၁ အခြေစိုက်ရာ ရန်ကုန်မြို့အထွက် ရဲမွန်မြို့တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ထားရှိသွားမည်ဖြစ်ကာ ဘန်ဂလိုတခုကို ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရပ်ကွက်က ဆိုသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အင်းစိန်ထောင်အတွင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရသည် သူမကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ၍ ထားရှိသွားရန် ဆုံးဖြတ်ပြီးဖြစ်နေကြောင်း သတင်းရပ်ကွက်က ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုတွင် သက်သေ ၃ ဦးအတွက် တရားရုံးက လျှောက်လဲခွင့် ပြန်ပေး

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 03 ရက် 2009 ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်စုအမှုအတွက် သက်သေ ၃ ဦးအား ခရိုင်တရားရုံးက ပယ်ချခံရသည်ကို သူမ၏ ရှေ့နေများက ပြန်လည်သုံးသပ်ပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ရာ နှစ်ဖက်လျှောက်လဲရန်အတွက် ယနေ့ လက်ခံလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးသို့ ဒေါ်စုအတွက် သက်သေများအဖြစ် ဦးကြည်ဝင်း၊ ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဒေါ်ခင်မို့မို့တို့ကို အမည်စာရင်း တင်သွင်းခဲ့ရာ ဦးကြည်ဝင်းမှအပ ကျန် ၃ ဦးအား ပယ်ချခဲ့သည်ကို ရန်ကုန်တိုင်းတရားရုံးသို့ လျှောက်ထားရာ ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်သည်။

''ဒီနေ့ ၃ နာရီမှာ ကျနော်တို့တင်တဲ့ ပြင်ဆင်မှု လက်ခံရေးအတွက် ကျနော် လျှောက်လဲချက် ပေးပါတယ်။ လျှောက်လဲချက် ပေးပြီးပြီးချင်းပဲ တရားရုံးက လက်ခံတယ်လို့ အမိန့်ချတယ်'' ဟု ဒေါ်စု၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရဘက်နှင့် ဒေါ်စုဘက်မှ ရှေ့နေများ လျှောက်လဲကြရန် ယခုလ ၅ ရက်နေ့ ညနေ ၃ နာရီသို့ တရားရုံးက ချိန်းဆိုလိုက်သည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၊ လုပ်ဖော်ကိုင်ဘက် နှစ်ဦးနှင့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ မစ္စတာ ယက်တောတို့အပေါ် စွဲဆိုထားသည့် အမှုကို အပြီးသတ် လျှောက်လဲရန်အတွက် ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ယခုလ ၁ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။

သို့သော် နောက်တရက်ဖြစ်သည့် ၂၉ ရက်နေ့တွင် ယခုလ ၅ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးက ရှေ့နေများသို့ စာရေးသား အကြောင်းကြားခဲ့သည်။

''အင်းစိန်မှာ ၅ ရက်နေ့မနက် အပြီးသတ် လျှောက်လဲချက်ဆိုတာ ရှိတယ်။ အဲဒါက အလိုလို ရွေ့သွားတယ်။ တိုင်းတရားရုံးက ဒီအမှုတွဲကို မနက်ဖြန်မှာ အင်းစိန်ခရိုင်ရုံးဆီက တောင်းလိမ့်မယ်။ အမှုတွဲတောင်းတယ် ဆိုတာနဲ့ မူလရုံးက လုပ်လက်စ အလုပ်တွေကို ရပ်ထားရတယ်။ ဒါက ဥပဒေ ကျင့်ထုံးပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သူက ဆက်ပြီး ''အပြီးသတ် လျှောက်လဲမှာက အင်းစိန်က တရားရုံး။ အခုဟာက တိုင်းမှာ Re-visional cause တခုပဲ။ ကျနော်တို့ တရားခံဘက်က ပြတဲ့သက်သေ ၃ ယောက်ကို တရားရုံးက ပယ်တာ ဥပဒေနည်းလမ်း မကျဘူး၊ ဥပဒေနည်းလမ်းကျအောင် ကျနော်တို့ကိုလည်း စစ်ဆေးခွင့် ပေးထိုက်တယ် ဆိုတာကို ကျနော်တို့ လျှောက်လဲမှာ ဖြစ်တယ်'' ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦးဖြစ်သည့် ဦးကြည်ဝင်းကလည်း တရားရုံးသည် မိမိတို့၏ သက်သေများအား ဥပဒေပြဋ္ဌာန်းချက်အရ ပယ်ချနိုင်သည့် အခွင့်အရေးရှိသော်လည်း အကြောင်းပြချက် ခိုင်လုံခြင်း မရှိဘဲ ငြင်းပယ်ပါက မှားယွင်းကြောင်း ပြောသည်။

သူက ''တရားရုံးမှာ ကျင့်ထုံးပုဒ်မ ၂၅၇ ပြဋ္ဌာန်းချက်အရ ပယ်နိုင်တဲ့ အခွင့်အရေးရှိတယ်၊ အာဏာရှိတယ်။ သို့သော် ဘယ်လိုအခါမျိုးမှာ ပယ်ရမလဲဆိုတော့ တရားစီရင်ရေးကို အနှောက်အယှက်ဖြစ်အောင်၊ ကြန့်ကြာအောင်၊ တရားစီရင်ရေး မမှန်မကန်ဖြစ်အောင် လုပ်မှသာ ပယ်ရမှာ ဖြစ်တယ်။ ဒီလို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ အခုလို ငြင်းပယ်တာ မှားတယ်ပေါ့ဗျာ'' ဟု ပြောဆိုလိုက်သည်။

ဒေါ်စု အမှုရက်ချိန်း ဇွန်လ ၅ ရက်သို့ ရွှေ့ပြောင်း

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 29 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ အင်းစိန်ထောင်တွင်း ရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုရက်ချိန်းကို လာမည့်လ ၁ ရက်နေ့သို့ ချိန်းဆိုထားရာမှ အာဏာပိုင်များက ယခုအခါ ၅ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်သည်။

ယမန်နေ့ တရားရုံးက ဇွန်လ ၁ ရက်နေ့သို့ ချိန်းဆိုကြောင်း ပြောဆိုပြီးနောက် အာဏာပိုင်များက ယနေ့တွင် ဒေါ်စုနှင့် မစ္စတာ ယက်တော၏ ရှေ့နေများထံ ရုံးချိန်းရက်ကို ၅ ရက်နေ့သို့ ရွှေ့ပြောင်းကြောင်း အကြောင်းကြားစာများ ပေးပို့လိုက်ခြင်း ဖြစ်သည်။

''၁ ရက်နေ့အစား ၅ ရက်နေ့ကို ရွှေ့ပြောင်းလိုက်တာ။ အဲဒီနေ့မှာ လျှောက်လဲချက် တင်ရမယ်ပေါ့။ လျှောက်လဲချက် တင်ပြီးရင် ကြားနာမယ်။ ကြားနာမှု ပြီးရင်တော့ တရားစီရင်မယ်'' ဟု ဒေါ်စုအမှုအတွက် အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

အကြောင်းကြားစာများကို ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်နှင့် မစ္စတာ ယက်တော၏ ရှေ့နေ ဦးခင်မောင်ဦးထံ ပေးပို့ခဲ့ကြောင်း ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်

မြင့်မောင်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 18 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ အကျဉ်းထောင်အတွင်း တရားစွဲဆိုခံနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။

ယနေ့ ရုံးထုတ်ရာတွင် တွေ့ဆုံခွင့်ရခဲ့သူ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ယခုလို ပြောဆိုခြင်း ဖြစ်သည်။

''ကျနော်တို့ အမြင်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ သူ ကျန်းမာရေး ကောင်းတယ်ဆိုတာကို မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေကို ပြောပြပေးဖို့ မှာပါတယ်။ အန်တီ ဒေါ်ခင်ခင်ဝင်းရဲ့ ကျန်းမာရေးက ကောင်းပါတယ်။ ဒေါ်ခင်ဝင်းက ဒုတ်ကောက်နဲ့ ရုံးထုတ်ကို လာပါတယ်။ အသေးစိတ်ကိုတော့ ကျနော်လည်း မမေးဖြစ်ခဲ့ပါဘူး။ အချိန်က သိပ်မရလို့ပါ'' ဟု သူက မဇ္ဈိမကို ပြောသည်။

အမှုတွင် လိုက်ပါဆောင်ရွက်မည့် ရှေ့နေများနှင့် ဒေါ်စုအကြား စကားပြောဆိုရာတွင် အနီးအနား၌ စောင့်ကြည့်သူနှစ်ဦး ထားရှိကြောင်းနှင့် တရားခွင်အတွင်း အစောင့်အကြပ်မှာ ၁၀ ဦးခန့် ရှိကြောင်း သိရသည်။

တရားရုံးမှအပြန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ ရုံးချုပ်သို့ ဝင်ရောက်ရာတွင် အသင့်စောင့်ဆိုင်းနေသည့် သတင်းထောက်များက မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

''အဓိကကတော့ တရားစွဲဆိုတာတွေဟာ လွဲမှားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိဘူး။ အဲဒါတွေကို မေးခွန်းတွေ မေးကြတယ်။ သူတို့ဘက်က တရားလိုပြ သက်သေက ဒေါ်အောင်ဆန်းစုကြည်က ကန့်သတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်လို့ မူတည်ပြီးတော့ သူတို့ တရားစွဲတာပါ။ အဲဒီလို စည်းကမ်း ဖောက်ဖျက်တယ်ဆိုတာ မရှိဘူး ဆိုပြီးတော့ မေးမြန်းကြတာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

တရားလိုအဖြစ် တိုင်ချက်ဖွင့်သူ ဒုတိယ ရဲမှူးကြီး ဇော်မင်းအောင်သည် ယနေ့ တရားရုံးသို့ လာရောက် အစစ်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အများပြည်သူ တက်ရောက်နားထောင်နိုင်သည့် တရားခွင်မျိုး စီစဉ်ပေးရန်အတွက် ရုံးတော်သို့ လျှောက်ထားရာ ပယ်ချခံခဲ့ရသည်။

''ကျနော်တို့ တရားရုံးကို စာတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို အများပြည်သူ ကြားနာနိုင်အောင် လူသိရှင်ကြား တရားခွင်အဖြစ် စီစဉ်ပေးပါ၊ ဒီနေ့ ရုံးမှာ အများပြည်သူ မပါဘူး၊ အများပြည်သူလည်း နားထောင်နိုင်အောင် လုပ်ပါ၊ လုံခြုံရေး ယူထားတဲ့ အတွင်းက အများပြည်သူ ကြားနိုင်အောင် ဆောင်ရွက်ပေးပါလို့ လျှောက်ထားတာကို ပယ်ချပါတယ်'' ဟု သူက ပြောဆိုသည်။

ဆွမ်းလောင်းလှူသူ အန်အယ်ဒီ လူငယ်များ စုံစမ်းမေးမြန်းခံရ

မြင့်မောင်
တနင်္လာနေ့၊ မေလ 11 ရက် 2009 ခုနှစ်


နယူးဒေလီ(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယခုလ ၅ ရက်နေ့က ဆွမ်းလောင်းလှူခဲ့သည့် ရန်ကုန်တိုင်း တွံတေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၃ ဦး၏ နေအိမ်များသို့ အာဏာပိုင်များက စုံစမ်းမေးမြန်းမှုများ ယနေ့ ပြုလုပ်ခဲ့သည်။

ဤသည်မှာ ၅ ရက်နေ့က အတူတကွ ဆွမ်းလောင်းခဲ့သည့် မြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင် ကို ချဲစာရွက် လက်ဝယ်တွေ့ရှိသည်ဟု စွပ်စွဲကာ ယခုလ ၇ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက်၊ ကျန်ရှိနေသည့် လူငယ် ၃ ဦးထံ လာရောက်၍ စုံစမ်းမှုများ ပြုလုပ်ခြင်းဖြစ်သည်။

''ကိုရဲထွဋ်ခေါင်နဲ့အတူ ဆွမ်းလောင်းလှူတဲ့ လူငယ် ၃ ဦးကို မေးမြန်းခဲ့တယ်။ ကိုအရှည်ကြီး အိမ်နဲ့ ကျန်တဲ့ လူငယ် အိမ် ၂ အိမ်ကို မေးမြန်းတာတွေ ရှိတယ်။ တဦးမှ အဖမ်းမခံရဘူး။ လာပြီးတော့ ခြိမ်းခြောက်တဲ့ သဘောရှိတယ်။ နောက်မလုပ်ရဲအောင် လာပြီးတော့ ပြောတဲ့ သဘောပါ။ ရဲတွေက အရှည်ကြီးအိမ် ဝင်တော့ ဒီဟာတွေ လုပ်လို့ ကိုရဲထွဋ်ခေါင်က အဖမ်းခံရတာ၊ ခင်ဗျားတို့လုပ်တဲ့ သူတွေကိုလည်း နောက် ဖမ်းဖို့ဆီးဖို့ အစီအစဉ် ရှိတယ်ဆိုပြီး ပြောသွားတယ်'' ဟု မြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌဖြစ်သူ ရှေ့နေ ဦးကျင်တိုးက ပြောသည်။

အာဏာပိုင်များ၏ လာရောက်မေးမြန်းမှုကို ခံရသည့် လူငယ်တဦး၏ မိခင်ကလည်း “သားကို ဆွမ်းလောင်းလှူပွဲနဲ့ ပတ်သက်ပြီး မေးမြန်းစရာ၊ စစ်ဆေးစရာ ရှိတယ်လို့ ပြောတယ်။ နေ့လယ်ကျရင် အိမ်ကို လာခဲ့မယ်လို့ တွံတေး ရဲစခန်းက ရဲနှစ်ယောက်နဲ့ နယ်ထိန်းတဦး လာပြောတယ်။ ကားပေါ်မှာ စကားပြောစက် တလုံးလည်း ပါတယ်။ နာမည်တော့ မသိဘူး။ ခင်ဗျား သားနဲ့ တွေ့ဖို့ လာတယ် ပြောတယ်။ သားနဲ့တော့ သူတို့ မတွေ့သွားဘူး။ ကျမ သားအတွက် စိတ်ပူနေရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုအရှည်ကြီး အပါအဝင် လူငယ် ၃ ဦး၏ နေအိမ်များသို့ အာဏာပိုင်များက သွားရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း မည်သူမှ နေအိမ်များ၌ ရှိမနေခဲ့ကြောင်း သိရသည်။

ယခု မေးမြန်းစုံစမ်းခံရသည့် ပါတီလူငယ်များနှင့်အတူ ယခုလ ၅ ရက်နေ့က ဆွမ်းလောင်းလှူပွဲတွင် ဦးဆောင်ခဲ့သည့် မြို့နယ်လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်ကို ချဲစာရွက် လက်ဝယ်တွေ့ရှိသည်ဟူသည့် စွပ်စွဲချက်ဖြင့် ယခုလ ၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ဤသည်မှာ ပြီးခဲ့သည့်လ ၂၈ ရက်နေ့က မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေ အား ရုံးထုတ်ရာတွင် သွားရောက်တွေ့ဆုံစဉ် တရားရုံးရှေ့၌ ကိုရဲထွဋ်ခေါင်ကို တွံတေး ရဲတပ်ဖွဲ့ ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦးက နိုင်ငံရေးသမားများကို အချိန်မရွေး ဖမ်းဆီး၍ရကြောင်း ခြိမ်းခြောက်မှုအပြီး ရက်သတ္တတပတ်အကြာတွင် ဖြစ်သည်။

ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦး ကိုယ်တိုင် နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး၊ တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ကာ လောင်းကစားမှုဖြင့် တရားစွဲခဲ့သည်။

အဆိုပါ အဖမ်းအဆီးနှင့် ပတ်သက်၍ အာဏာအလွဲသုံးစားမှု ဖြစ်သည်ဟု ရှေ့နေ ဦးကျင်တိုးက ဆိုသည်။

“ကျနော်တို့က ဥပဒေဘောင်အတွင်းက ရိုးရိုးသားသား လုပ်ကျတဲ့သူတွေ ဖြစ်တယ်။ ကျနော်တို့ လုပ်တဲ့ ကိစ္စကလည်း ဘာသာရေးမှာ လုပ်တာဖြစ်တယ်။ ဘယ်သူ့ကိုမှ နစ်နာစေတာ မဟုတ်ဘူး။ ရဟန်းသံဃာတွေကို ဆွမ်းလောင်းတာ ဖြစ်တယ်။ အဲဒီမှာ လာပြီးတော့၊ အာဏာရှိတဲ့ သူတွေက အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ ခြိမ်းခြောက်တာတွေက မကောင်းဘူး” ဟု သူက ပြောသည်။

''ဥပဒေကို လိုက်နာရမယ့် ရဲတွေက အရပ်သူအရပ်သားတယောက်ကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း ဆိုတာက ၅ဝ၆ ပုဒ်မနဲ့ ငြိစွန်းတယ်။ ဥပဒေကိုင်တဲ့ သူတွေက ဥပဒေ လေးစားရမယ့် နေရာမှာ ဥပဒေကို မလေးစားဘဲ ခြိမ်းခြောက်နေခြင်းဟာ ဥပဒေ ပျက်ယွင်းစေပါတယ်။ မြန်မာနိုင်ငံ တရားစီရင်ရေး မူရှိတယ်။ တရားရုံးရောက်တဲ့ လူတိုင်းဟာ အပြစ်ရှိတယ်လို့ သတ်မှတ်လို့ မရသေးဘူး။ နိုင်ငံတော်ရဲ့ တရားစီရင်ရေးမူပဲ။ အပြစ်မရှိဘဲ လူတယောက်ကို အပြင်မှာ အသားလွတ် ခြိမ်းခြောက်တာ ပိုပြီးတော့ ဆိုးတယ်'' ဟု သူက ဆက်ပြောသည်။