မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ 25 ရက် 2009 ခုနှစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို အန်အယ်ဒီ လူငယ်များသည် ယမန်နေ့က လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
လူစည်ကားရာ ပဲခူးမြို့ပေါ်နေရာများ၊ တိုင်းအတွင်းရှိ မြို့နယ်အချို့၌ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပေါင်း ၃ဝဝဝ ဖြန့်ဝေခြင်း ဖြစ်သည်။
“ပဲခူးမြို့ပေါ်မှာရှိတဲ့ ဈေး ၂ ဈေးကို ဖြန့်ဝေတယ်။ ပဲခူး ရွှေမော်တော ဘုရားနဲ့ လမ်းမှာတွေ့တဲ့ လူတွေကိုလည်း ပေးတယ်။ ဒိုက်ဦး၊ ကဝ၊ ညောင်လေးပင်ကို ဓာတ်ပုံ ၂၀၀ စီပဲ ပေးလိုက်နိုင်တယ်” ဟု ပဲခူးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင် ကိုအောင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။
တိုင်းပြည်ခေါင်းဆောင် သားအဖ နှစ်ဦးတွဲပါ ဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် တဦးထဲ ပါရှိသည့် ဓာတ်ပုံများသည် အရွယ်အစားအားဖြင့် အနံ ၂ လက်မ၊ အလျား ၃ လက်မ ရှိသည်။
ဓာတ်ပုံများ ဝေငှရာများအနီး၌ အရပ်ဝတ်နှင့် အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိခဲ့သော်လည်း အနှောင့်အယှက် တစုံတရာပေးခြင်း မရှိကြောင်း သိရသည်။
ပဲခူးမြို့ခံ အမျိုးသမီးက “အာဏာပိုင်တွေက စောင့်ကြည့်တာ ရှိတယ်။ ဖြန့်တဲ့သူတွေက ဆိုက်ကားဂိတ်တွေမှာ၊ ဈေးထဲတွေမှာ ဖြန့်နေတာတွေ တွေ့တယ်။ ဓာတ်ပုံတွေက Size (အရွယ်အစား) က သိပ်မကြီးဘူးဆိုတော့ သိမ်းရတာ လွယ်တယ်။ အားလုံးကလည်း ဗိုလ်ချုပ်ပုံ၊ ဒေါ်စုပုံဆိုတော့ အရမ်းချစ်ကြတယ်လေ။ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ဆိုတော့ လာတဲ့လူတိုင်းက အဖြတ်တနိုး တောင်းကြတယ်” ဟု သူက ပြောသည်။
ရွှေမော်တောဘုရားပေါ်၌ ဓာတ်ပုံရရှိခဲ့သူ ဘုရားဖူး အမျိုးသမီးတဦးကလည်း “ဘုရားကို သွားတော့ ဘာတွေ ဝေလဲလို့ သွားတောင်းတော့ ဒေါ်စုပုံတွေ ဖြစ်နေတယ်။ အန်တီကလည်း လိုလိုလားလား လက်ခံလိုက်တယ်။ အန်တီ့ဆီ ဓာတ်ပုံရပြီး မကြာဘူး ကုန်သွားတယ်။ ဘုရားပေါ်တက်တဲ့ လူတိုင်းကို ဝေတယ်” ဟု ပြောသည်။
ပဲခူးတိုင်းအတွင်းရှိ ကဝမြို့တွင် ဓာတ်ပုံရရှိခဲ့သူများ ရှိကြောင်း သိရသည်။
မြို့ခံတဦးက “ကျနော်ရတဲ့ ပုံက ၂ လက်မ၊ ၃ လက်မ အရွယ်တွေပဲ။ ကျနော်တို့က ဗိုလ်ချုပ်နဲ့ ဒေါ်စုနဲ့ တွဲထားတဲ့ ပုံပဲ ရတယ်။ ကျနော်ရတာက ကဝဈေးထဲမှာ ရပါတယ်။ ကျနော်လည်း အမှတ်တရ သိမ်းထားပါတယ်” ဟု ပြောသည်။
Tuesday, July 28, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment