Tuesday, July 28, 2009

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟုဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဒေါ်စုလွတ်မြောက်ရေး မဟာမြတ်မုနိတွင် ဆုတောင်း

မြင့်မောင်
တနင်္လာနေ့၊ ဂျူလိုင်လ 27 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးမြို့ မဟာမြတ်မုနိဘုရားတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် သူမ၏ ရှေ့နေများကို အပြီးသတ် လျှောက်လဲချက်ပေးရန် ဒုတိယမြောက် ချိန်းဆိုလိုက်သည့် ယနေ့တွင် အန်အယ်ဒီ လူငယ် ၃၀ ခန့်က မဟာမြတ်မုနိဘုရား အင်္ဂါထောင့်တွင် အောင်သပြေပန်းများ ကပ်လှူပူဇော်ကာ လွတ်မြောက်ရေး ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

“အင်္ဂါထောင့်မှာ ပန်းတွေ၊ ရေချမ်းတွေ ကပ်လှူဆုတောင်းခဲ့တယ်။ အနှောင့်အယှက်ကတော့ မရှိဘူး။ လူငယ်တွေက နောက်ရုံးချိန်တွေမှာလည်း လုပ်ဖို့ရှိတယ်” ဟု ဆုတောင်းပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မန္တလေးတိုင်း အန်အယ်ဒီ လူငယ်ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

“ဘုရားပေါ်မှာက လုံခြုံရေးတွေကတော့ တိုးချထားတယ်။ ရဲကား ၃-၄ စီး ပါတယ်။ ဟိုင်းလပ်ကားတွေနဲ့ လာတယ်။ ရဲဝတ်စုံ ဝတ်ထားတဲ့ ကားကလည်း ၃-၄ စီး ပါတယ်။ အရပ်ဝတ်နဲ့ လုံခြုံရေးက ဘုရားပုရဝုဏ်အတွင်းမှာ နေရာချထားတယ်။ သတင်းတပ်ဖွဲ့၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး၊ ကြံ့ဖွံ့တို့ပါ စောင့်နေတယ်” ဟု သူက ဆက်ပြောသည်။

အပြီးသတ် လျှောက်လဲချက်ကို စတင်ခဲ့သည့် ယခင်တပတ် သောကြာနေ့ကလည်း ပါတီလူငယ်များက မဟာမြတ်မုနိ ဘုရားပေါ်တွင် ယခုလိုပင် ဆုတောင်းပွဲ ကျင်းပခဲ့သေးသည်။ ဘုရားမှအပြန် နောက်ဆုံးတွင် ကျန်ရစ်သူ ပါတီလူငယ် ကိုတိုးကြီးအား အမည်မသိသူ လူ ၄ ဦးခန့်က ဘုရားကြီး မြောက်ဘက်မုဒ် စက်ဘီးအပ်သည့် နေရာတွင် အကြောင်းမဲ့ ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ကြသည်။

ကိုတိုးကြီးက “ဆုတောင်းပွဲအပြီး ဘုရားက ပြန်အဆင်းမှာ အထိုးခံရတယ်။ ကျနော်တို့က ပြောရမှာက ဂွကျတယ်။ လုံခြုံရေးတွေရှေ့မှာ ထိုးတယ်ဆိုတော့ သူတို့ မဟုတ်ရင် ဘယ်သူ့ကို ပြောရမှာလဲ။ ထိုးတောင်မှ ဝင်ဖျန်ဖြေပေးရင် တမျိုး။ အဲလိုမဟုတ်ဘဲ ကြည့်နေတာဆိုတော့ သူတို့ လုပ်ခိုင်းတာလို့ ယူဆရပါတယ်” ဟု ပြောသည်။

အလားတူပင် မကွေးတိုင်း ရေနံချောင်းမြို့နယ် အန်အယ်ဒီ ပါတီဝင်များအနေဖြင့် ဒေါ်စု လွတ်မြောက်ရေးအတွက် ဘုရားကို သွားရောက်ဆုတောင်းခြင်း မပြုလုပ်နိုင်စေရန် ဒေသအာဏာပိုင်များက တားဆီးပိတ်ပင်ကြောင့် အစီအစဉ် အထမမြောက်ခဲ့ကြောင်း သိရသည်။

“ဦးတင့်လွင် ဂိုဒေါင်ကနေအထွက် ဘုရားကို အသွားမှာ အာဏာပိုင်တွေက ဝင်တားတယ်။ ဆက်ပြီးတော့ မသွားဖို့ ပြောတယ်။ သွားတဲ့လူ အကုန်လုံးကို ရယက (ရပ်ကွက်ကောင်စီ) ရုံးကို ခေါ်သွားတယ်။ မြို့နယ်မှူးက တွေ့ချင်လို့ပါဆိုပြီး စခန်းမှူးက ကျမတို့ကို ခေါ်သွားတယ်။ အကုန်လုံးကို မေးပြီးတော့ မြို့မ ရဲစခန်းကို ခေါ်သွားတယ်။ အဲဒီမှာ မြို့နယ်မှူးနဲ့ တွေ့ပြီးတော့ မလုပ်ဖြစ်အောင် တားတယ်” ဟု ပါတီဝင် မသန်းသန်းဋ္ဌေးက ပြောသည်။

ပါတီဝင် ၉ ဦးအား ထိုကဲ့သို့ ခေါ်ဆောင်သွားရာတွင် နံနက် ၈ နာရီမှ ၁၁ နာရီအထိဖြစ်ပြီး အပြန်တွင် အာဏာပိုင်များက ကားနှင့် ပြန်လိုက်ပို့ခဲ့သည်။

“ဒီနေ့ ဆုမတောင်းလိုက်ရဘူးပေါ့ရှင်။ ကျမတို့ကလည်း ကျမတို့ခေါင်းဆောင် လွတ်မြောက်ဖို့ ယုံယုံကြည်ကြည်နဲ့ ဘုရားမှာသွားပြီး ဆုတောင်းကြတာ။ နှောင့်ယှက် အတားအဆီး လုပ်တယ်ဆိုတော့ ကျမတို့ စိတ်ထဲမှာက ဒေါသဖြစ်မိတယ်” ဟု မသန်းသန်းဋ္ဌေးက ဆိုသည်။

ယနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၀ ခန့်မှ အန်အယ်ဒီ ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားများသို့ သွားရောက်ကာ ဝတ်ပြုဆုတောင်းခဲ့ကြကြောင်း သိရသည်။

မန္တလေးတိုင်း မြို့နယ်တချို့မှ အန်အယ်ဒီ အဖွဲ့ဝင်များ ဆုတောင်းပွဲ ကျင်းပ

မြင့်မောင်
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်

နယူးဒေလီ(မဇ္ဈိမ)။ ။မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များက ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံး လျှောက်လဲချက်ပေးသည့် ယနေ့တွင် ဘုရားများသို့ သွားရောက်ကာ လွတ်မြောက်ရေး ဆုတောင်းပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေအနေများကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္ဈိမကို ပြောပြထားပါသည်။

''ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်အနေနဲ့ ဝတ်ပြုဆုတောင်းဖို့ နှိုးဆော်ထားတာက မြို့ပေါင်း ၃ဝ ပါတယ်။ ဘုရားမှာ သပြေပန်းတွေ ကပ်လှူတယ်။ မနက် ၉ နာရီ ၁၅ မိနစ်မှာ သွားကြတယ်။ ၁၁ နာရီ ၄၅ မိနစ်မှာ ပြန်ရောက်တယ်။ ဘုရားဝတ်ပြုတာကိုက မိနစ် ၄ဝ လောက် ကြာတယ်။ ပဋ္ဌာန်းရွတ်ဖတ်တယ်၊ ဆုတောင်းတာတွေ လုပ်တယ်''။

''မိတ္ထီလာမှာ ရွှေမျှင်တင်ဘုရားမှာ ဝတ်ပြုဆုတောင်းတယ်။ သာစည်မြို့ပေါ်မှာရှိတဲ့ ၅ ဆူရိပ်သာ သတ္တဋ္ဌာန ဆုတောင်းပြည့်ဘုရားမှာ ဒုဥက္ကဋ္ဌ ဦးသန်းဆောင် ဦးဆောင်ပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ သဲတောမြို့ပေါ် မြဘုန်းရှင်ဘုရားမှာ အတွင်းရေးမှူး ဦးထွန်းထွန်းက ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းတယ်။ ဝမ်းတွင်းမြို့နယ် သဲစုကျေးရွာအုပ်စု တွဲဘက်အတွင်းရေးမှူး ကိုအောင်သူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးက သွားပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၂ မိုင်မှာလည်း ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်က သွားရောက် ဝတ်ပြုဆုတောင်းတယ်''။

''ကျမတို့ မိတ္ထီလာမှာက ဘုရားကို သွားပြီးတော့ နောက်ကနေ တန်းပြီးပါလာပါတယ်။ ဓာတ်ပုံတွေ ဘာတွေ ရိုက်တယ်။ ရဲကားတစီးလည်း ဘုရားပရိဝုဏ်ထဲကို မောင်းလာပြီး ရပ်နေတဲ့ ပုံစံမျိုးပေါ့၊ တွေ့ရတယ်။ ခြိမ်းခြောက်တဲ့ သဘောမျိုးလည်း သက်ရောက်ရင် သက်ရောက်မယ်။ ကျမတို့ ပြန်လာတဲ့အခါကျတော့ ကျမတို့ ဖြတ်ပြီးပြန်လာတဲ့ လမ်းကြောင်းမှာက အမှတ် (၁) မီးသတ်ဋ္ဌာနရှိတယ်။ မီးသတ်ထဲမှာ လူအင်အား ၅ဝ နဲ့ ၁ဝဝ ကြားမှာ ရှိမယ်။ ရပ်ကွက်တိုင်းက ရဝတ (ရပ်ကွက်ကောင်စီ) တွေ ထိုင်စောင့်နေတယ်။ ရဲအထူးသတင်းတပ်ဖွဲ့၊ စွမ်းအားရှင်ရော။ ကျမတို့ အဖွဲ့ဝင် ၁ဝ ယောက်၊ ကလေးနဲ့ဆို ၁၁ ဦးပါ။ ရွှေမျှင်တင်ဘုရားမှာ သွားရောက် ဝတ်ပြုဆုတောင်းကြတာပါ''။

''ဒီကနေ့ ကျမတို့လုပ်တဲ့ လှုပ်ရှားမှုက ဘုရားကို သွားပြီး ဝတ်ပြုဆုတောင်းကြဖို့။ အဲဒီလို မသွားနိုင်တဲ့သူတွေက မိမိတို့ အိမ်မှာရှိတဲ့ ဘုရားမှာ သပြေပန်းတွေ ကပ်လှူပြီးတော့၊ ပဋ္ဌာန်းရွတ်ဖတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ဆုတောင်းပေးဖို့ တိုက်တွန်းထားတယ်''။

''ကျမတို့က ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတရပ်လုံးက ပါဝင်ပူးပေါင်းပြီးတော့ စစ်အစိုးရကို တောင်းဆိုရမှာပဲ။ နောက်ဆုံးပိတ် ထောင်ကျသွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင် တသက်လုံး ကျမနေဘူး။ စစ်အစိုးရကလည်း တသက်လုံး အုပ်ချုပ်မနေနိုင်ဘူး။ အုပ်ချုပ်လို့ မရဘူး။ ကျမတို့ ပြည်သူက တသက်လုံး ဒုက္ခရောက်မနေဘူး။ တချိန်မှာ ထွက်ပေါက်ဆိုတာ ရှိမှာပဲ''။

''ဒီထွက်ပေါက်ကို စစ်အစိုးရနဲ့၊ ကျမတို့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူလူထုတွေ၊ တိုင်းရင်းသားတွေက အားလုံး လက်တွဲပြီး ဖြေရှင်းသွားကြရမှာ ဖြစ်တယ်။ အဲဒါက နောက်ဆုံးပိတ် အဖြေပဲ''။

အာဏာပိုင်များ အနီးကပ် စောင့်ကြည့်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ)။ ။အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့ ရက်ချိန်းတွင် အင်းစိန်ထောင်ရှေ့၌ စုဝေး ရောက်ရှိနေသည့် ပါတီဝင်များနှင့် ထောက်ခံသူများအား အရပ်ဝတ်ဖြင့် အနည်းဆုံး လူ ၅ ဦးက ဗီဒီယိုနှင့် ဓာတ်ပုံများ မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။

''ဗီဒီယို ကင်မရာတွေနဲ့က ၃ ယောက်၊ တခြား ၂ ယောက်ကတော့ ဓာတ်ပုံကင်မရာတွေနဲ့။ သူတို့က အင်းစိန်ဈေးထဲကနေ လှမ်းရိုက်နေကြတာ။ သူတို့အားလုံးက ဆက်သွယ်ရေး စက်တွေ တပ်ထားကြတယ်'' ဟု အင်းစိန်ထောင်ရှေ့တွင် ရောက်ရှိနေသည့် ပါတီထောက်ခံသူတဦးက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများသည် လူဦးရေအားဖြင့် ၁ဝဝ ခန့်ရှိခဲ့ရာမှ ယခုအခါ ၁၅ဝ ခန့်သို့ တိုးမြှင့်လာသလို၊ အာဏာပိုင်များဘက်ကလည်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ရိုက်ကူးနေခဲ့သည်။

တချိန်ထဲတွင် စစ်ထရပ်ကား ၆ ကားနှင့် ဟိုင်းလပ်ကားငယ် ၂ စီးသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ယူနီဖောင်းဝတ် အဓိကရုဏ်းနှိမ်နင်းရေး ရဲများကို တင်ဆောင်ကာ မြို့တွင်းပိုင်းသို့ မောင်းနှင်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

''ကျနော် ထင်တာကတော့ မြို့ထဲမှာ သူတို့တွေ ကင်းလှည့်သွားတာ ဖြစ်မယ်'' ဟု သူက ပြောသည်။

နောက်ဆုံး လျှောက်လဲချက်အတွက် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရ

မုံပီးနှင့် မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 23 ရက် 2009 ခုနှစ်



နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အင်းစိန်ထောင် အထူးတရားရုံး၌ မနက်ဖြန်တွင် တင်သွင်းရမည့် နောက်ဆုံးလျှောက်လဲချက်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေများနှင့် ယနေ့ တွေ့ဆုံခွင့်ရခဲ့သည်။

အမှုအတွက် ဥပဒေအကျိုးဆောင်များဖြစ်သည့် ဦးကြည်ဝင်း၊ ဦဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့သည် အကျဉ်းထောင်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ နာရီကြာမျှ တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။

''မနက်ဖြန် (သောကြာနေ့) မှာ ဒီလျှောက်လဲချက်ကို တရားရုံးကို တင်သွင်းမှာ ဖြစ်ပါတယ်။ ဦးလှမျိုးမြင့်က သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ကာကွယ်ပြောကြား လျှောက်လဲမှာ ဖြစ်ပါတယ်'' ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

အကျိုးဆောင်အဖွဲ့သည် အတိုက်အခံခေါင်းဆောင်နှင့် ယမန်နေ့က တွေ့ဆုံခွင့် မရခဲ့ပါ။ သို့သော် နောက်ဆုံး လျှောက်လဲချက်မူကြမ်းကို တိုင်ပင်ဆွေးနွေးရန် လိုအပ်နေသေးသဖြင့် တွေ့ဆုံခွင့်ပြုရန် ပြန်လည်လျှောက်ထားခဲ့ရာ နောက်ဆုံးတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း ဦးကြည်ဝင်းက ပြောသည်။

''တာဝန်ရှိသူတွေက တွေ့ခွင့်ပြုတဲ့အကြောင်း ကျနော်တို့က ဒီနေ့ အကြောင်းကြားလာပါတယ်။ ကျနော်တို့ကို (ဒေသစံတော်ချိန်) မွန်းလွဲ ၂ နာရီ လောက်မှာ အကျဉ်းထောင်ကို ခေါ်သွားပါတယ်။ ကျနော်တို့ တွေ့ဆုံဆွေးနွေးတာ ညနေ ၄ နာရီလောက်မှာ ပြီးပါတယ်'' ဟု ဦးကြည်ဝင်းက ပြောသည်။

သို့သော် နောက်ဆုံးလျှောက်လဲချက်ပါ အကြောင်းအရာများကို ပြောကြားရန်ကိုမူ ဦးကြည်ဝင်းက ငြင်းဆိုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သက်သေပြမည်ဟုသာ ပြောဆိုသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၏ အမှုကို ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကတည်းက စတင်စစ်ဆေးနေသော အင်းစိန်ထောင်ရှိ မြောက်ပိုင်းခရိုင် အထူးတရားရုံးက နှစ်ဖက် နောက်ဆုံးလျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။

နောက်ဆုံး လျှောက်လဲချက် ကြားနာရန်နှင့် အမိန့်ချရန်သာ ကျန်တော့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ယခု ရုံးတင်စစ်ဆေးနေခြင်းမှ မည်သည့်ရလဒ် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားပါသလဲဟု မေးမြန်းသည့်အခါ ဦးကြည်ဝင်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး၊ ''ဒါက ဥပဒေအတိုင်း ဆောင်ရွက်နေတာ ဖြစ်တော့ကာ အမှုမပြီးမချင်း ကျနော် ဘာမှ မှတ်ချက် မပေးလိုပါဘူး။ သည်းခံပါ။ အမှုက သိပ်ကြာမှာ မဟုတ်တော့ပါဘူး'' ဟု ပြောကြားသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်ကမူ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနိုင်ရေးအတွက် အကုန်လုံး စီစဉ်ထားသည့်အတွက် ''ကျနော်ကတော့ သူတို့ (စစ်အစိုးရ) က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဘို့ တနည်းနည်းနဲ့တော့ လုပ်မှာလို့ပဲ ထင်တယ်'' ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် သူ၏ အင်းယားကန်ဘေးရှိ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော မေလဆန်းပိုင်းက ဝင်ရောက်လာသည်ကို လက်ခံခဲ့သည့်အတွက် အကျယ်ချုပ် စည်းကမ်းများ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံနေရခြင်း ဖြစ်သည်။ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေများနှင့် တွေ့ခွင့်မရ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 22 ရက် 2009 ခုနှစ် 20 နာရီ 50 မိနစ်


နယူးဒေလီ(မဇ္ဈိမ )။ ။ အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးသို့ သောကြာနေ့တွင် တင်သွင်းရမည့် နောက်ဆုံး လျှောက်လဲချက် မူကြမ်းအား သူမ၏ ရှေ့နေများနှင့် ဆွေးနွေးရန်ရှိသည်ကို မြန်မာစစ်အစိုးရက တွေ့ဆုံခွင့်မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ပယ်ချလိုက်သည်။

''ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဘို့ ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကို ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီနေ့ မတွေ့ခဲ့ရပါဘူး'' ဟု အဆိုပါ ရှေ့နေအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် တင်သွင်းရမည့် နောက်ဆုံးလျှောက်လဲချက် မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် သူတို့ရှေ့နေအဖွဲ့က ရည်မှန်းထားဆဲဖြစ်ကြောင်းဖြင့် သူက ဆက်ပြောသည်။

''ကျနော်တို့ မနက်ဖြန် တွေ့ခွင့် ရ၊ မရဆိုတာ မသေချာသေးပါဘူး'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံး လျှောက်လဲချက်ကိုမူ တင်သွင်းသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။

''ဒါပေမဲ့ ကျနော်တို့ရဲ့ အမှုသည်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးရခြင်း မပြုသေးတဲ့၊ သူ (ဒေါ်အောင်ဆန်းစုကြည်) က သဘောမတူတဲ့ လျှောက်လဲချက်ပဲ ဖြစ်တော့မှာပေါ့'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သောကြာနေ့တွင် နောက်ဆုံးလျှောက်လဲချက် ပြီးလျှင် မေလအစောပိုင်းက သူမ၏ နေအိမ်တွင် အမေရိကန်လူမျိုးတဦးကို လက်ခံထားခဲ့ကာ အကျယ်ချုပ်စည်းကမ်း ချိုးဖောက်သည်ဟူသော စွဲချက်ဖြင့် စွဲဆိုခံနေရသော ဤအမှုကို တရားရုံးက စီရင်ချက်ချမည်ဟု မျှော်လင့်ရသည်။

အကဲခတ်များနှင့် ဝေဖန်သူများကမူ ယခုအမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ်ချမှတ်၍ ဆက်လက်ချုပ်နှောင်ထားရေးအတွက် ရမယ်ရှာ စွဲဆိုခြင်းသာဖြစ်သည်ဟု ဝေဖန်ပြောဆိုကြသည်။ သို့မှသာ နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ဘဲ ရှိမည်ဖြစ်သည်ဟု ဆိုသည်။

ထိုအတောအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ခေါင်းဆောင်များက ဒေသတွင်း လုံခြုံရေးကွန်ဖရင့်တခုကို ကျင်းပရန်ရှိသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံသည် ဝေဖန်စရာ ဖြစ်နေသည်။

အဆိုပါ ကွန်ဖရင့်ကျင်းပရာ ထိုင်းနိုင်ငံ အပန်းဖြေကမ်းခြေ မြို့ဖြစ်သော ဖူးခက်မြို့သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်သည် ဗုဒ္ဓဟူးနေ့က လေယဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်တရားစွဲဆိုနေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို လွှတ်မပေးပါက စစ်အစိုးရက ကျင်းပရန် ပြင်ဆင်ထားသော ရွေးကောက်ပွဲများသည် ယုံကြည်ကိုးစားလောက်သည်ဟု ယူဆနိုင်မည် မဟုတ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ပါတီသည် လမ်းဆုံလမ်းခွတွင် ရှိကြောင်း ဦးဝင်းတင် ပြောဆို

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 22 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များသည် အသက်အရွယ် ကြီးရင့်လာခြင်းနှင့် ကျန်းမာရေး အခြေအနေအရ ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍသည် လမ်းဆုံလမ်းခွသို့ ရောက်နေကြောင်း ပါတီ ခေါင်းဆောင်တဦးက ပြောသည်။

အသက်အရွယ်ကြီးကာ ကျန်းမာရေး ချို့ယွင်းမှုများကြောင့် လျှောက်လှမ်းရမည့် ပါတီဦးဆောင်မှုသည် လမ်းဆုံလမ်းခွသို့ ရောက်နေကြောင်း ပါတီခေါင်းဆောင်တဦးလည်းဖြစ်၊ သတင်းစာ ဆရာကြီးလည်း ဖြစ်သည့် ဆရာကြီး ဦးဝင်းတင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ခေါင်းပိုင်းတွေအနေနဲ့ အသက်အရွယ်ကြီးရင့်လို့ အနားယူမယ်ဆိုရင်လည်း ယူနိုင်ဖို့ အနေအထားရှိပေမယ့် ပါတီရဲ့ လျှောက်လှမ်းရမယ့် လမ်းကြောင်းကတော့ လမ်းဆုံလမ်းခွ အခြေအနေကို ကျရောက်နေတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

“တကယ်လို့ ပါတီက မှတ်ပုံပြန်တင်ရရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မလွတ်သေးဘူး။ အဲဒါဆိုတော့ ကျနော်တို့ ပါတီအတွက် စိုးရိမ်နေရတယ်။ ပြဿနာက လူက တိုးချင်တိုင်း တိုးလို့ မရဘူး။ အစိုးရနေပြီးတော့ ကော်မရှင်မှာရှိတဲ့ လူအနေအထားအတိုင်း လုပ်ရတယ်ဆိုတော့ လူကလည်း တိုးလို့မရဘူး ဖြစ်နေပါတယ်” ဟု ဆရာကြီး ဦးဝင်းတင်က ဆက်ပြောသည်။

ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးလွင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးဝင်းတင်နှင့် သခင်စိုးမြင့်သည် အသက်အားဖြင့် ၈ဝ နှစ်ကျော်များ ဖြစ်နေသဖြင့် မကြာခဏ ကျန်းမာရေးက ချူချာနေသည်။

“ဦးအောင်ရွှေဆိုရင် ၉၀ ကျော်နေပြီ။ ပါတီကို မလာနိုင်တာ လနဲ့ချီ ရှိနေပြီ။ နောက်ထပ် ၂ လ၊ ၃ လ လာနိုင်မယ် မထင်ဘူး။ ဦးလွန်းတင်ဆိုရင် မျက်စိက ကောင်းကောင်း မမြင်ရတော့ဘူး။ နားကလည်း ကောင်းကောင်း မကြားတော့ဘူး။ ကလေး ကုန်းပိုးသလိုမျိုး ပိုးပြီးတော့မှ နောက်က တယောက် မလိုက်ရင် မရဘူး။ အိပ်ယာထဲမှာ လေဖြတ်နေတယ်။ ဦးလှဖေကလည်း ကျန်မာရေး ချို့တဲ့နေတယ်။ ဦးသန်းထွန်းကလည်း ခဏခဏ ခေါင်းမူးတတ်တယ်” ဟု ဆရာကြီးက ပြောသည်။

ကိုယ်တိုင်ကလည်း မျက်စိခွဲစိတ်ကုသရန် လိုအပ်နေပြီး နှလုံးရောဂါနှင့်အတူ သွေးခုန်နှုန်း အလွန်အမင်း ကျဆင်းနေကြောင်းနှင့် ဆီးချိုနှင့် အကြောအဆစ် ကိုက်ခဲသည့် ဝေဒနာများလည်း ခံစားနေရကြောင်း သိရသည်။

ဆရာကြီးက “နေ့တိုင်းလိုလိုက နှလုံးခုန်နှုန်းက ၄၈ ကနေ မတက်ဘူး။ ပုံမှန်က ၈ဝ လောက်ရှိရမှာ။ ကျနော် မလှုပ်နိုင်ဘူး ဖြစ်နေတယ်။ ခြေလှမ်း ၄-၅ လှမ်းလောက် လျှောက်လိုက်ရင် မောနေတယ်။ အသည်း၊ အမြစ်၊ ကလီစာတို့ မစားဖို့၊ ပဲပင်ပေါက်တို့ ခရမ်းချဉ်သီးတို့ မစားဖို့နဲ့ ရောဂါအတွက် လိုအပ်တဲ့ အစားအသောက်တွေ၊ အသားငါးတွေ ပိုပြီး စားသောက်ဖို့ ဆရာဝန်က ညွှန်ကြားထားတယ်” ဟု ပြောသည်။

ကျန်းမာရေး မကောင်းသည့်ကြားမှ လာမည့်သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် နောက်ဆုံး လျှောက်လှဲကြမည်ဖြစ်ရာ အင်းစိန်ထောင်ရှေ့သို့ သွားရောက်ဦးမည်ဟု သူက ဆိုသည်။

ကျန်းမာရေးအတွက်လည်း လာမည့်လ ၃ ရက်နေ့တွင် ထပ်မံ၍ ပြသရန် ဆရာဝန်က ညွှန်ကြားထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေများနှင့် ထပ်မံ တွေ့ဆုံမည်

မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 16 ရက် 2009 ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နောက်ဆုံး လျှောက်လဲချက်ကိစ္စ ဆွေးနွေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမှု အကျိုးဆောင် ရှေ့နေများသည် အင်းစိန်ထောင်အတွင်း ယခုလ ၁၇ ရက်နေ့တွင် တွေ့ဆုံခွင့်ရကြောင်း သိရသည်။

အန်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံ၍ ပြုလုပ်ရန် အာဏာပိုင်များနှင့် ညှိနှိုင်းသည့်အခါ ခွင့်ပြုချက် ရရှိကြောင်း သူမ၏ အမှုအတွက် အကျိုးဆောင်ပေးနေသည့် ရှေ့နေများအဖွဲ့မှ ရှေ့နေတဦးလည်းဖြစ်၊ အန်အယ်ဒီပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်သည့် ဦးဉာဏ်ဝင်း၏ ပြောဆိုချက်အရ သိရခြင်း ဖြစ်သည်။

''ကျနော်တို့ သောကြာနေ့မှာ အစည်းအဝေးလုပ်မယ်ဆိုတာ အတည်ပြုနိုင်ပေမယ့်၊ အခုထက်ထိတော့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတုန်းပါပဲ'' ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုနှစ် မေလဆန်းက အမေရိကန်နိုင်ငံသား တဦးသည် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရသည့် နေအိမ်အတွင်း အင်းယားကန်ထဲမှ ရေကူးဝင်ရောက်ခဲ့သည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ သူမကို တရားစွဲဆိုလာခြင်း ဖြစ်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက နှစ်ဖက်ရှေ့နေများကို နောက်ဆုံး လျှောက်လဲချက်ပေးရန် ယခုလ ၂၄ ရက်နေ့သို့ ချိန်းဆိုထားသည်။ ထိုနေ့တွင် နောက်ဆုံး လျှောက်လဲချက်ကို ကြားနာကာ တရားရုံးက ဆုံးဖြတ်ချက်ချဖွယ်ရှိကြောင်း မျှော်လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုချက်များအပေါ် ခုခံချေပသွားရန်အတွက် စာမျက်နှာပေါင်း ၂ဝ ပါဝင်သည့် နောက်ဆုံး လျှောက်လဲချက်တခု ၎င်းတို့ ရှေ့နေများအဖွဲ့က ပြင်ဆင်ထားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

''ဒါက ဒုတိယအကြိမ်မြောက် နောက်ဆုံး လျှောက်လဲချက် မူကြမ်းပါ။ ဒါကို ဒေါ်စုကို ပြပါမယ်။ သူက ပြင်ဖို့လိုအပ်တာ တွေ့တယ်ဆိုရင် ကျနော်တို့က ပြုပြင်သွားမှာ ဖြစ်ပါတယ်'' ဟု သူက ဆိုသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း သက်သေပြရန်နှင့် စွပ်စွဲချက်ကို ငြင်းပယ်မည့် အဆိုပါ လျှောက်လဲချက်တွင် မည်သည့်အကြောင်းအရာများ ပါဝင်သည်ကို အသေးစိတ် ပြောဆိုရန် သူက ငြင်းဆိုသည်။

အကယ်၍ ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ထက်မနည်း နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများအား မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခြင်း မရှိပါက စစ်အစိုးရ အဆိုပြုထားသည့် ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှု ဆိတ်သုဉ်းနေလိမ့်မည်ဟု နယူးယောက်တွင် မကြာသေးခင်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

မစ္စတာဘန်သည် ယခုလ အစောပိုင်းက မြန်မာနိုင်ငံသို့ ၂ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ရာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းပယ်ခဲ့သည့်အပေါ် အကြီးအကျယ် စိတ်ပျက်မိကြောင်း ကုလ လုံခြုံရေးကောင်စီတွင် ယခုတပတ် တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

မစ္စတာဘန်၏ ရှင်းလင်းပြောဆိုချက်အပြီး ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက မြန်မာစစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ကြေညာချက် ထုတ်ပြန်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။ သို့သော်လည်း လွှတ်ပေးမည့် အကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသား မည်ရွေ့မည်မျှ ပါဝင်မည်နှင့် ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်လားဆိုသည်ကို ဖော်ပြပြောဆိုသွားခြင်း မရှိခဲ့ပါ။

သို့သော် အန်အယ်ဒီ ခေါင်းဆောင်များကမူ စစ်အစိုးရ၏ ကြေညာချက်အပေါ် အယုံအကြည် ကင်းမဲ့ကြောင်းနှင့် ဤသည်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ရှောင်လွှဲနိုင်ရန်အတွက် တခြားသော ပရိယာယ်တခု ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

''ဒီကြေညာချက်အပေါ် ကျနော်တို့အနေနဲ့ အများကြီး မမျှော်လင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ (အာဏာပိုင်များ) က အစောပိုင်းတုန်းက အကျဉ်းသား ၉ ထောင်ကျော် လွှတ်ခဲ့တဲ့အခါ နိုင်ငံရေး အကျဉ်းသားက ၃ဝ လောက်ပဲ ပါခဲ့တယ်။ ဒါကြောင့်လည်း ဒီတခေါက်မှာ အဲဒီလိုမျိုး ဖြစ်ကောင်းဖြစ်မှာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။

အေးရှားဝေါလ် ဆိပ်ကမ်းတွင် ပေါက်ကွဲမှုတရပ် ဖြစ်ပွား

မြင့်မောင်
အင်္ဂါနေ့၊ ဂျူလိုင်လ 14 ရက် 2009 ခုနှစ်

နယူးဒေလီ။ ။ ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ပြင်းထန်သည့် ပေါက်ကွဲမှုတရပ် ယနေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဆိပ်ကမ်းချင်း နီးကပ်နေသည့် ဆိပ်ကမ်းတခုမှ ဝန်ထမ်းတဦးနှင့် အလုံမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့ အဆိုအရ သိရခြင်း ဖြစ်သည်။

“ကြားမိပါတယ်။ ကျနော်ကတော့ သေချာ မသိပါဘူးခင်ဗျာ။ သိချင်ရင် အေးရှားဝေါလ် ဆိပ်ကမ်းကို မေးကြည့်ရင် အကုန်သိနိုင်ပါတယ်” ဟု အလုံမြို့နယ်ရှိ Myanmar Industrial ဆိပ်ကမ်းမှ ဝန်ထမ်းတဦးက ပြောသည်။

အလုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ ပုဂ္ဂိုလ်တဦးက “ဘာဖြစ်တာလဲတော့ မသိဘူး။ ပေါက်ကွဲမှုတခု ဖြစ်တယ်လို့ပဲ သိရတယ်။ ကျနော်တို့ဆီကတော့ မသွားရဘူး ခင်ဗျာ။ အကုန်လုံးပြီးစီးမှ ကျနော်တို့ကို အကြောင်းကြားတယ် ခင်ဗျာ။ ၄ နာခွဲနဲ့ ၅ နာရီကြားမှာ ဖြစ်တယ်။ ဘာဆိုလဲတော့ ကျနော်တို့ မသိရဘူးခင်ဗျာ” ဟု ပြောသည်။

သို့သော်လည်း အေးရှားဝေါလ် ဆိပ်ကမ်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဆိပ်ကမ်းမှ တာဝန်ရှိသူတဦးက ငြင်းဆိုသည်။

သူက “မဟုတ်ပါဘူး။ ကျနော်တို့လည်း အတိအကျ မသိဘူး။ ဒီမှာတော့ ကျနော်တို့ မကြားဘူး” ဟု ပြောသည်။

ဤပေါက်ကွဲမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် မဇ္ဈိမက ဆက်လက် စုံစမ်းဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဂျူလိုင်လ 11 ရက် 2009 ခုနှစ်



နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော လူအုပ်ကြီး လူစုကွဲသွားစေရန် ကြိုးပမ်းသည့်အနေဖြင့် အာဏာပိုင်များက သတင်းမှားများ လိုက်ဖြန့်နေသည်။

အတိုက်အခံ ခေါင်းဆောင်၏ အမှုတွင် တရားခံပြသက်သေ စစ်ဆေးမည့်နေ့ရက်ကို တရားရုံးက ရွှေ့ဆိုင်းလိုက်ပြီး၊ နောက်တကြိမ် ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သူတို့က သတင်းမှားများ လိုက်ဖြန့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ အကျိုးဆောင်ပေးနေသည့် ရှေ့နေများထဲမှ ရှေ့နေ ဦးဉာဏ်ဝင်းက ဤသတင်းသည် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အမှုစစ်ဆေးနေသည့် အင်းစိန်ထောင်ပြင်ပတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ထောက်ခံသူများအား လူစုကွဲသွားစေရန် လုပ်ဆောင်ချက်သာဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားသည်။

''ကျနော်ထင်တာ ကျနော်တို့ကို ဆန့်ကျင်တဲ့သူတွေက ထောင်ပြင်ပမှာ စောင့်နေတဲ့သူတွေ လူစုကွဲသွားအောင် ဒီသတင်းကို ဖြန့်တာပဲ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး၊ ယနေ့ စစ်ဆေးမှုသည် အချိန်အားဖြင့် ၇ နာရီမျှ ကြာမြင့်ခဲ့ကြေင်း သူက ဆက်လက်ပြောဆိုသည်။

တရားရုံးက နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်းနှင့် ယနေ့အစောပိုင်းက ကောလာဟလ ဖြစ်ပေါ်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့ဆိုသည်မှာ မဟုတ်ကြောင်း သူက ငြင်းဆိုခဲ့သည်။

အင်းစိန်ထောင် ရုံးထိုင် ခရိုင်တရားရုံးက ဒုတိယသက်သေ ဒေါ်ခင်မိုးမိုး ကို ယနေ့ (သောကြာနေ့) တွင် စစ်မေးခဲ့ကာ၊ သူမသည် ရှေ့နေတဦးဖြစ်ကာ အန်အယ်ဒီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက ''အမှုစစ်ဆေးတာကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ရပ်နားလိုက်ပါတယ်။ ဒေါ်ခင်မိုးမိုးက သက်သေထွက်ချက်ပေးတယ်။ တရားလိုရှေ့နေကလည်း ပြန်လှန်စစ်မေးတာ လုပ်ပါတယ်'' ဟု ပြောသည်။

ဤအတောအတွင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် အန်အယ်ဒီ အဖွဲ့ဝင်နှင့် ထောက်ခံသူ အနည်းဆုံး ဦးရေ ၈ဝ ခန့်ကလည်း ယနေ့ရုံးချိန်းကို အင်းစိန်ထောင်ပြင်ပတွင် စုရုံး၍ စောင့်ဆိုင်းနားစွင့်လျက် ရှိကြသည်။ ထိုလူအုပ်နှင့်အတူ လုံထိန်းများနှင့် စစ်သားများကိုလည်း လုံခြုံရေးယူထားသည်ကို တွေ့မြင်ရသည်။

သို့သော် ယနေ့ ဒေါ်ခင်မိုးမိုး ကို သက်သေအဖြစ် အစစ်မခံဖြစ်ကြောင်းနှင့် တရားရုံးက နောက်ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သတင်းများကြားရပြီးနောက် အဆိုပါလူအုပ်ကြီးမှာ မွန်းလွဲပိုင်းတွင် လူစုကွဲသွားခဲ့သည်။

အဆိုပါ လူအုပ်ထဲတွင်ပါဝင်သူ အန်အယ်ဒီ လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းက ''ကျမတို့ကို လူတယောက်က လာပြောတယ်။ သူ့နာမည်တော့ မသိဘူး။ ရုံးက ဒီနေ့ နားလိုက်တယ်၊ မစစ်ဖြစ်ဘူး။ နောက်ရုံးချိန်းကို ဇူလိုင် ၁၇ ရက်နေ့ ပေးလိုက်တယ်လို့ လာပြောတယ်။ အဲဒါလည်း ကြားပြီးရော ကျမတို့လည်း လူစုကွဲသွားတာပဲ'' ဟု ပြောသည်။

''ကျမတို့အားလုံးက ဒီသတင်းကို အမှန်လို့ထင်တာ။ ဒါနဲ့ ထောင်ဘက်ကနေ ထွက်လာခဲ့တော့တာ။ ဒါပေမဲ့ ညနေကျမှ ဒီသတင်းဟာ သတင်းမှားကြီးဆိုတာ သိရတာ။ ကျမတို့ကို လူစုကွဲသွားအောင် လုပ်ခဲ့တာ'' ဟု သူက ပြောသည်။

ဦးဉာဏ်ဝင်းကလည်း ''ကျနော်တို့ အပြင်ထွက်လာတော့ လူတွေက ဝိုင်းမေးကြတယ်၊ ဒီနေ့ မစစ်ဖြစ်ဘူး၊ ဇူလိုင်လ ၁၇ ရက်ကို ရွှေ့လိုက်တယ်ဆိုတာ ဟုတ်သလား ဆိုပြီးတော့။ ကျနော်ထင်တယ် ဒီသတင်းမှားဟာ ကျနော်တို့ကို ဆန့်ကျင်တဲ့ သူတွေက ဖြန့်တာပဲ'' ဟု ပြောသည်။

သောကြာနေ့က တရားရုံးတွင် ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ၁၉၇၄ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ကမ္ဘာ့ နိုဘယ်ဆုရှင်ကို တရားစွဲဆိုခြင်း မပြုနိုင်ကြောင်း ခုခံချေပထွက်ဆိုခဲ့သည်။

သို့သော် တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း ၁၉၇၄ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြန်လှန်ခုခံပြောဆိုခဲ့သည်။

''သူတို့ကလည်း အစိုးရအမိန့်တွေ၊ စာရွက်စာတန်းတွေ အမျိုးမျိုးထုတ်ပြပြီး သူတို့ ရပ်တည်ချက်ကို မှန်ကန်ကြောင်း သက်သေပြဘို့ ကြိုးစားတာပဲ။ ဒါနဲ့ပဲ ပြီးဘို့အချိန်က အတော်ကြာသွားတာ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြောင်းနှင့် တရားရုံးတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ တင်သွင်းနိုင်ရန် စာမျက်နှာ ၁၈ မျက်နှာရှိ အပြီးသတ် လျှောက်လဲချက်ကို ပြင်ဆင်ရေးသားထားပြီးဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ ဤသို့ အပြီးသတ်လျှောက်လဲချက်များ တင်သွင်းပြီးပါက တရားရုံးက နောက်ဆုံး အမိန့်ချရန် ရက်ချိန်းတချိန်းပေးဖွယ် ရှိသည်။

တားဆီးကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခြင်းခံရပါက အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

ထိုအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့သည်ဟူသော စွဲချက်ဖြင့် အလားတူ ရုံးတင်စစ်ဆေးခံနေရသည့် အမေရိကန်လူမျိုး ဂျွန် ဝီလျံ ယက်တောကို ဆေးရုံတင်ထားရသည်ဟု သတင်းများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဘန်ကီမွန်း ခရီးစဉ်အပေါ် မှတ်ချက်မပေး

မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 09 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္စျိမ) ။ ။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလဆန်းပိုင်းတွင် မြန်မာပြည်သို့ လာရောက်ခဲ့သည့် ကုလ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်နှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်မပေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် အဆိုအရ သိရသည်။

အမှုကိစ္စ အပြီးသတ် လျှောက်လဲချက်နှင့် ပတ်သက်၍ ယမန်နေ့က သူမ၏ ရှေ့နေများထဲမှ ၃ ဦးက အင်းစိန်ထောင်အတွင်းရှိ သီးသန့်အဆောင်သို့ သွားရောက်ဆွေးနွေးစဉ် မစ္စတာဘန်၏ ခရီးစဉ်အပေါ် မှတ်ချက်ပေးခြင်း မပြုကြောင်း သိရခြင်း ဖြစ်သည်။

“ကျနော်တို့က ဘန်ကီမွန်းလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကုန်ရှင်းပြပါတယ်။ အဖွဲ့ချုပ် CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) က ဘန်ကီမွန်းနဲ့ တွေ့ပြီးတော့ တင်ပြခဲ့တဲ့ အကြောင်းအရာတွေကို ဒေါ်စုကို သတင်းစကား ပြောပါတယ်။ ဒေါ်စုဘက်က ဘာမှ မှတ်ချက်မပေးပါဘူး” ဟု ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မစ္စတာဘန်ကီမွန်းသည် ယခုလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာပြည်သို့ လာရောက်ခဲ့စဉ်က ပထမရက်တွင် NLD ဗဟိုအလုပ်အမှုဆောင်ဝင် ၄ ဦးနှင့် ၁၀ မိနစ်ကြာ တွေ့ဆုံခွင့်ရခဲ့သည်။

တွေ့ဆုံခွင့်ရသည့် အချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်အစပြုရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန်အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သည့် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက် NLD ခေါင်းဆောင်များက မစ္စတာဘန်ကို တင်ပြခဲ့သည်။

ဘန်ကီမွန်း၏ ခရီးစဉ်အတွင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှစ်ကြိမ်မျှ တွေ့ဆုံခဲ့သော်လည်း အကျဉ်းထောင်အတွင်း တရားစွဲခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရေး တောင်းဆိုခဲ့ရာ မြန်မာစစ်အစိုးရဘက်က ပယ်ချခဲ့သည်။

အကျဉ်းထောင်အတွင်း၌ ယမန်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည့် သူမ၏ ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က အမှုနှင့်ပတ်သက်သည့် အပြီးသတ် လျှောက်လဲချက် မူကြမ်းကို ပြသခဲ့ကြသည်။

“အပြီးသတ် လျှောက်လဲချက် မူကြမ်း ၁၈ မျက်နှာကို ဒေါ်စုကို ပြတယ်။ နောက်ရက်ကျမှ ပြန်ဆွေးနွေးရအုံးမယ်။ ဒေါ်စုနဲ့တွေ့တဲ့ ရည်ရွယ်ချက်က အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာပါ။ ကျနော်တို့ လျှောက်လဲချက် မူကြမ်းကို ဒေါ်စုက သဘောတူပါတယ်” ဟု NLD ပါတီ ပြောခွင့်ရနှင့် ဒေါ်စုအမှုတွင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

အမှုနှင့်ပတ်သက်ပြီး ဒေါ်စုတွင် အပြစ်မရှိကြောင်း သူမ၏ ရှေ့နေ ၄ ဦးက ခုခံချေပသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် အတူနေထိုင်ခဲ့သည့် ဒေါ်ခင်ခင်ဝင်း၊ သမီး မဝင်းမမတို့သည် ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားဆိုင်သက်သေ ဒေါ်ခင်မိုးမိုးကို ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံး၌ မနက်ဖြန် နံနက် ၁ဝ နာရီတွင် စစ်ဆေးရန် ရုံးချိန်းရက် ပေးထားသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်စု ဓာတ်ပုံများ ပဲခူးတိုင်းအတွင်း ဖြန့်ဝေ

မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ 25 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို အန်အယ်ဒီ လူငယ်များသည် ယမန်နေ့က လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

လူစည်ကားရာ ပဲခူးမြို့ပေါ်နေရာများ၊ တိုင်းအတွင်းရှိ မြို့နယ်အချို့၌ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပေါင်း ၃ဝဝဝ ဖြန့်ဝေခြင်း ဖြစ်သည်။

“ပဲခူးမြို့ပေါ်မှာရှိတဲ့ ဈေး ၂ ဈေးကို ဖြန့်ဝေတယ်။ ပဲခူး ရွှေမော်တော ဘုရားနဲ့ လမ်းမှာတွေ့တဲ့ လူတွေကိုလည်း ပေးတယ်။ ဒိုက်ဦး၊ ကဝ၊ ညောင်လေးပင်ကို ဓာတ်ပုံ ၂၀၀ စီပဲ ပေးလိုက်နိုင်တယ်” ဟု ပဲခူးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင် ကိုအောင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

တိုင်းပြည်ခေါင်းဆောင် သားအဖ နှစ်ဦးတွဲပါ ဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် တဦးထဲ ပါရှိသည့် ဓာတ်ပုံများသည် အရွယ်အစားအားဖြင့် အနံ ၂ လက်မ၊ အလျား ၃ လက်မ ရှိသည်။

ဓာတ်ပုံများ ဝေငှရာများအနီး၌ အရပ်ဝတ်နှင့် အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိခဲ့သော်လည်း အနှောင့်အယှက် တစုံတရာပေးခြင်း မရှိကြောင်း သိရသည်။

ပဲခူးမြို့ခံ အမျိုးသမီးက “အာဏာပိုင်တွေက စောင့်ကြည့်တာ ရှိတယ်။ ဖြန့်တဲ့သူတွေက ဆိုက်ကားဂိတ်တွေမှာ၊ ဈေးထဲတွေမှာ ဖြန့်နေတာတွေ တွေ့တယ်။ ဓာတ်ပုံတွေက Size (အရွယ်အစား) က သိပ်မကြီးဘူးဆိုတော့ သိမ်းရတာ လွယ်တယ်။ အားလုံးကလည်း ဗိုလ်ချုပ်ပုံ၊ ဒေါ်စုပုံဆိုတော့ အရမ်းချစ်ကြတယ်လေ။ တိုင်းပြည်ရဲ့ ကျေးဇူးရှင်ဆိုတော့ လာတဲ့လူတိုင်းက အဖြတ်တနိုး တောင်းကြတယ်” ဟု သူက ပြောသည်။

ရွှေမော်တောဘုရားပေါ်၌ ဓာတ်ပုံရရှိခဲ့သူ ဘုရားဖူး အမျိုးသမီးတဦးကလည်း “ဘုရားကို သွားတော့ ဘာတွေ ဝေလဲလို့ သွားတောင်းတော့ ဒေါ်စုပုံတွေ ဖြစ်နေတယ်။ အန်တီကလည်း လိုလိုလားလား လက်ခံလိုက်တယ်။ အန်တီ့ဆီ ဓာတ်ပုံရပြီး မကြာဘူး ကုန်သွားတယ်။ ဘုရားပေါ်တက်တဲ့ လူတိုင်းကို ဝေတယ်” ဟု ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ ကဝမြို့တွင် ဓာတ်ပုံရရှိခဲ့သူများ ရှိကြောင်း သိရသည်။

မြို့ခံတဦးက “ကျနော်ရတဲ့ ပုံက ၂ လက်မ၊ ၃ လက်မ အရွယ်တွေပဲ။ ကျနော်တို့က ဗိုလ်ချုပ်နဲ့ ဒေါ်စုနဲ့ တွဲထားတဲ့ ပုံပဲ ရတယ်။ ကျနော်ရတာက ကဝဈေးထဲမှာ ရပါတယ်။ ကျနော်လည်း အမှတ်တရ သိမ်းထားပါတယ်” ဟု ပြောသည်။

ရန်ကုန်မှာ လုံခြုံရေး ကားများ လှည့်ပတ်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 24 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်နက်အပြည့်အစုံနှင့် ယူနီဖောင်းဝတ် လုံထိန်းရဲများ တင်ဆောင်ထားသည့် စစ်ကား အစီးရေ ၃ဝ ခန့်ထက် မနည်းသည် ယနေ့ တနေ့လုံးနီးပါး ရန်ကုန်တိုင်းအတွင်း လှည့်ပတ်သွားလာနေခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

တရုတ်ပြည်ထုတ် FAW ကား တစီးလျှင် လုံထိန်းရဲ ဦးရေ ၂၀ ခန့် လိုက်ပါလာကြသည်။

“လုံထိန်းကား ၃၀၊ ၄၀ လောက် ပတ်နေတယ်။ အခုဟာက လုံခြုံရေးကို တပ်လှန့်ထားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ကားခေါင်မိုးပေါ်မှာ စက်လတ်တွေ တင်ထားတယ်။ လုံထိန်းအပြည့်နဲ့ ပတ်နေတာ။ ကျနော်တို့ ဘက်ကို ညနေ ၃ နာရီ မထိုးမီ ပတ်သွားတယ်” ဟု ကိုယ်တိုင်မြင်တွေ့ရသူ အင်းစိန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“အရင်တုန်းက နောက်ခန်းမှာ ဒိုင်းတွေ ဘာတွေ ကိုင်ထားတယ်။ ယူနီဖောင်း အပြည့်ဝတ်ထားတယ်။ အခုဟာက လူတယောက်က မတ်တပ်ရပ်ပြီး ကားခေါင်မိုးမှာ စက်လတ်ကို အသင့်ထောက်ထားတာ” ဟု သူက ဆိုသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့၌ လုံထိန်းကား ၃ စီးက ခေါက်တုံ့ခေါက်ပြန် သွားလာနေကြောင်း အခြား မြို့ခံတဦးက ဆိုသည်။

“ယူနီဖောင်း အပြည့်ဝတ်ထားတဲ့ လုံထိန်းကား ၃ စီးက ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်နေတယ်” ဟု သူက ပြောသည်။

“ကားပေါ်မှာ လုံထိန်းရဲတွေက ယူနီဖောင်း အပြည့်ဝတ်ထားတယ်။ ဒိုင်းတွေကို ကား ပတ်ပတ်လည် ကာထားတယ်။ လက်ထဲမှာ ဒုတ်တွေ၊ သေနတ်တွေလည်း ပါတယ်” ဟု သူက ဆိုသည်။

လုံထိန်း ရဲတပ်ရင်း အမှတ် ၈ သည် အင်းစိန်ထောင်ရှေ့၌ လုံခြုံရေး ယူထားသလို၊ ထောင်အတွင်း၌လည်း အထူးလုံထိန်း ရဲတပ်ဖွဲ့ဝင်များ ချထားကြောင်း သိရသည်။

အလားတူပင် မြေနီကုန်း၊ စမ်းချောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း အပါအဝင် မြို့နယ်အချို့၌လည်း လုံထိန်းကားများ လှည့်ပတ်သွားလာခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကာတွန်းဆရာကြီး ဦးဖေသိန်း ကွယ်လွန်

မြင့်မောင်
သောကြာနေ့၊ ဇွန်လ 19 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဖေသိန်းသည် ရန်ကုန်ရှိ သူ၏ နေအိမ်၌ ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်သည်။

အသက် ၂၀ နှစ် ဝန်းကျင်မှ စတင်ကာ သတင်းစာများနှင့် မဂ္ဂဇင်းများ၌ ကာတွန်းများ တောက်လျှောက် ရေးဆွဲလာသည့် ဆရာကြီး (၈၆ နှစ်) သည် ယနေ့ နံနက် ၄ နာရီခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“ ဆရာက လေဖြတ်တာက ၁၀ နှစ်လောက်ရှိပြီး သူ့မိသားစုက ပြုစုတာကောင်းလို့ ဒီလောက်အထိ အသက် ရှည်တာဖြစ်တယ်” ဟု ကာတွန်းဆရာ အော်ပီကျယ်က မဇ္ဈိမကို ပြောသည်။

ဆရာကြီးကို ၁၉၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပန်းတနော်မြို့၌ ဖွားမြင်ခဲ့ကာ၊ ၁၉၄၅ ခုနှစ်တွင် အထက်တန်း ပညာအဆင့် အောင်မြင်ခဲ့သည်။

၁၉၄၅ ခုနှစ်မှ စတင်ကာ ဒီးဒုတ်ဂျာနယ်တွင် ကလေးများကဏ္ဍ၌ သရုပ်ဖော်ပုံများ ရေးဆွဲခဲ့ပြီး၊ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာသင်ကြားခဲ့သည်။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေ မဂ္ဂဇင်း၌လည်း ကာတွန်းနှင့် ပန်းချီတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ရာမှ၊ ၁၉၄၇ ခုနှစ်တွင်မူ ဆရာကြီး ကာတွန်း ဦးဘဂျမ်း၏ မြေတောင်မြှောက်ပေးမှုကြောင့် အိုးဝေတွင် သတင်းစာ ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။

၁၉၅၇ ခုနှစ်တွင် ဆရာကြီး ရွှေပြည်ဦးဘတင် ပါဝင်သည့် ကမ္ဘာ့စာရိတ္တ မြှင့်တင်ရေးအဖွဲ့မှ ဖိတ်ကြားသဖြင့် အမေရိကန်နိုင်ငံသို့ ၂ လကြာ သွားရောက်ခဲ့ပြီး ပန်းချီ၊ ကာတွန်းများကို လေ့လာခွင့် ရရှိခဲ့သေးသည်။

၁၉၆၀၊ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတွင် အိုးဝေ၊ ဟံသာဝတီ၊ မြန်မာ့အလင်း၊ ရန်ကုန်၊ ဗမာ့ခေတ်၊ ကြေးမုံ၊ လုပ်သား သတင်းစာများတွင် သတင်းစာ ကာတွန်းများ ပင်တိုင်ရေးဆွဲခဲ့သလို၊ အင်္ဂလိပ်လို ထုတ်ဝေသည့် The Burman နှင့် The Nation ၌လည်း သတင်းစာ ကာတွန်းများကိုပင် ရေးဆွဲခဲ့သည်။

ထင်ရှားသည့် ကာတွန်းများအနက် အိုးဝေ၌ ဦးပယ်တရံ၊ ဟံသာဝတီ၌ ပြည်သူ့ကြေးမုံနဲ့ မြင်ကွင်းကျယ်၊ မြန်မာ့ခေတ်၌ လောကပီတိနှင့် လောကနီတိ၊ ကြေးမုံသတင်းစာ၌ ကြေးမုံနိတိ ဟူသည့် လက်ရာများဖြစ်သည်။

မျက်မှောက်ခေတ်တွင်လည်း ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ ချယ်ရီ၊ ပန်၊ မြန်မာ့ဓန၊ ပေဖူးလွှာ၊ မဟေသီ အစရှိသည့် မဂ္ဂဇင်းများ၌ သရုပ်ဖော် ကာတွန်းများ ရေးဆွဲခဲ့ရာ ဆရာကြီး၏ လက်ရာများသည် မြန်မာပြည်သူများ၏ ရင်ထဲ၌ စွဲမြဲကျန်ရစ်ခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ပန်းချီပန်းပု ကောင်စီ၌ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သလို၊ မြန်မာနိုင်ငံ၏ မော်ကွန်းဝင် ဒုတိယ အဆင့်လည်း ရရှိခဲ့သူ ဖြစ်သည်။

ကွယ်လွန်ချိန်၌ ဇနီးနှင့် သားသမီး ၆ ဦး ကျန်ရစ်သည်။

နာရေးယပ်တောင်တွင် အန်အယ်ဒီ အမည် မတပ်ရဲ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 11 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ မန္တလေးတိုင်း တောင်သာမြို့ အန်အယ်ဒီ ခေါင်းဆောင်တဦး၏ မိခင် ဆုံးပါးသွားရာ ဈာပန ယပ်တောင် ပြုလုပ်ရန်အတွက် ပုံနှိပ်တိုက်များတွင် သွားရောက်အပ်နှံရာ အာဏာပိုင်များ၏ စောင့်ကြည့်မှုကြောင့် ပုံနှိပ်တိုက်များက ယပ်တောင်တွင် ပါတီအမည် တံဆိပ်ကပ်ရန် ငြင်းဆန်ကြသည်။

တောင်သာမြို့ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးစိုးပိုင်၏ မိခင် ဒေါ်အေးကြည် (၈၆ နှစ်) ဆုံးပါးသွားသဖြင့် နာရေးယပ်တောင်များတွင် အန်အယ်ဒီ ဒုဥက္ကဋ္ဌ မိခင် ဟု ရေးသားရိုက်နှိပ်ပေးရန် ပုံနှိပ်တိုက် လုပ်ငန်းရှင်များက မကြာသေးခင်က ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။

“ယပ်တောင်တော့ လုပ်ပေးတယ်။ ဒါပေမဲ့ အဖွဲ့နာမည်ကိုတော့ ပေးမကပ်ဘူး။ အာဏာပိုင်များနဲ့ ပတ်သက်ဆက်နွယ်မှာကို စိုးရိမ်တဲ့အတွက် အခုလို ငြင်းပယ်ခဲ့တာလို့ ပြောတယ်” ဟု အန်အယ်ဒီ မြို့နယ်စည်းရုံးရေး ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က မဇ္စျိမကို ပြောသည်။

ထို့အပြင် အန်အယ်ဒီ ပါတီကိစ္စများ ဆွေးနွေးတိုင်ပင်မှု၊ လှုပ်ရှားမှုများအတွက် အစည်းအဝေးလုပ်နေသည့် ဦးသန်းမြင့်၏ နေအိမ်ကို တောင်သာမြို့က ပြည်ခိုင်ဖြိုး၊ စွမ်းအားရှင်များက အနီးကပ် စောင့်ကြည့်သည်မှာ ယခင်ကထက် ပိုများလာပြီး၊ ဓာတ်ပုံခိုးရိုက်ကာ မှတ်တမ်းတင်မှုများ ရှိနေကြောင်း သိရသည်။

“အရင်ကတော့ ဒီလောက် မရှိဘူး။ အခုရက်ပိုင်း ပိုစိတ်လာတယ်။ ဒီနေ့ဆိုရင် လက်ဖက်ရည်ဆိုင်မှာ ကျနော်နဲ့ အသိတချို့ ထိုင်နေတဲ့ အချိန်မှာ မျက်နှာကို အလင်းရောင် ဖျတ်ကနဲတွေ့လို့ လှည့်ကြည့်လိုက်တော့ ဆိုင်ကယ်ပေါ်က လူနှစ်ယောက်၊ တယောက်က ဆိုင်မောင်းပြီး တယောက်က လှမ်းရိုက်လိုက်တာပေါ့နော်။ ဒီလိုပုံစံတွေပေါ့။ မကြာခဏဆိုသလို သူတို့ရိုက်တာတော့ ပုံစံအမျိုးမျိုးပဲ။ ကိုယ်က အရိုက်ခံပြီးမှပဲ သိနေရတယ်လေ” ဟု ဦးသန်းမြင့်က ဆိုသည်။

လှုပ်ရှားမှုများကို နောက်ယောင်ခံလိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းကို မည်သူမည်ဝါများက လုပ်ကိုင်နေကြောင်း အတိအကျ မသိရသော်လည်း တောင်သာမြို့နယ်အတွင်းရှိ ရဲများ ဖြစ်နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။

“ဒီလိုလာကြည့်တဲ့ ပြည်သူ့ရဲတွေက အရပ်ဝတ်နဲ့ပါပဲ။ ရဲဆိုတာကတော့ ကျနော်က သေချာပေါက် သိတယ်။ သိတယ်ဆိုတာက ကျနော်တို့ တောင်သာမြို့က မကျယ်ဘူးလေ။ ဘယ်သူဘယ်ဝါဆိုတာ ကြည့်တာနဲ့ တန်းသိတာပေါ့'' ဟု သူက ပြောသည်။

လိုက်လံစောင့်ကြည့်မှုများ လုပ်ဆောင်ရာတွင် ညနေပိုင်း ၆ နာရီနောက်ပိုင်းတွင် ပိုမိုများပြားပြီး၊ တခါတရံ ထိုသူများနှင့်ပင် ပက်ပင်းတိုးရသည်များ ရှိကြောင်း သိရသည်။

ဦးသန်းမြင့်သည် မကြာခဏဆိုသလို ရန်ကုန်ရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် အစည်းအဝေး တက်ရောက်ခြင်း၊ ပါတီလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခြင်းများ ရှိသည့်အပြင် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် ရုံးတင်စစ်ဆေးသည့် အင်းစိန်ထောင်ရှေ့တွင် ဦးဝင်းတင်နှင့်အတူ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

ဒေါ်စုအမှု သက်သေ နှစ်ဦးအတွက် ရုံးချိန်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 11 ရက် 2009 ခုနှစ်

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေ ၂ ဦးအတွက် ဆက်လက်လျှောက်လဲချက်ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး နာရီပိုင်းအတွင်း ရက်အကန့်အသတ်မရှိ ရက်ရွှေ့လိုက်ပြန်သည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် သက်သေ ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်တွင် ပြင်ဆင်ခွင့် လျှောက်ထားရာ ဗဟိုတရားရုံးက လျှောက်လဲချက်ပေးရန် ယနေ့ နေ့လယ်ပိုင်းက ယခုလ ၁၇ ရက်နေ့သို့ ချိန်းဆိုခဲ့သော်လည်း ညနေပိုင်းတွင် အကန့်အသတ်မရှိ ရက်ရွှေ့ကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။

"ညနေ ၄ နာရီမှာ ဗဟိုတရားရုံးက ပြန်ပြင်တယ်။ ကျနော့်ရဲ့ ရှေ့နေရုံးခန်းကို လာပြီးတော့ ဗဟိုတရားရုံးချုပ် ရှေ့နေ လက်ထောက် ညွှန်ကြားရေးမှူးတဦးက ၁၇ ရက်နေ့ ရက်ချိန်းကို ပယ်ဖျက်တယ်၊ နောက်ထပ်ရက်ချိန်းကို နောက်ထပ် အကြောင်းကြားပါမယ်လို့ ကျနော့်ဆီကို ပြောတယ်။ ကျနော်တော့ မရှိဘူး၊ သူလာပြောတဲ့ အချိန်မှာ။ ကျနော်လည်း ဒီညမှပဲ သိရတယ်။ နောက်ဆက်တွဲက အဲဒါပါပဲ'' ဟု ဒေါ်စုအမှုတွင် အကျိုးဆောင်ပေးသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည်စာရင်း တင်သွင်းခဲ့ရာ တဦးတည်းသာ လက်ခံသဖြင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦး ခွင့်ပြုခဲ့သော်လည်း ကျန်ရှိသည့် ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ ယနေ့နံနက်ပိုင်းက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အင်းစိန်ထောင်တွင်းမှ မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်စု၏ ရှေ့နေများက သက်သေ ၄ ဦးပါ အမည်စာရင်းကို စတင်၍ တင်သွင်းခဲ့သည်။

ယခုအချိန်အထိ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မို့တို့ကို သက်သေအဖြစ် လက်ခံထားပြီး၊ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ကို တိုင်းတရားရုံး အဆင့်က ဆက်လက်၍ ငြင်းပယ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် တွေ့

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 10 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။

သူမကို တနာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ပြီး အင်းစိန်ထောင် အထူးခုံရုံးတွင် ရင်ဆိုင်နေရသော အမှုကိစ္စ ဆွေးနွေးခဲ့သည်ဟု သူမ၏ပါတီ အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

''ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာနေပုံရပါတယ်။ သူ့အမှုမှာ တရားမျှတမှု မရှိတဲ့အတွက်တော့ သူ စိတ်မချမ်းသာဘူး။ တရားဥပဒေကြောင်းအရ ဆက်ပြီးတိုက်ဖို့ပဲ သူ ပြောပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းကြည်ဘက်မှ အစစ်ခံမည့် သက်သေတဦးကို ခွင့်ပြုခဲ့ပြီး၊ သူမ၏ ရှေ့နေများက ခွင့်ပြုရန် တင်ပြခဲ့သော နောက်သက်သေ ၂ ဦးကိုမူ ပယ်ချခဲ့သည်။

တရားခံဘက်မှ တင်ပြသော အဆိုပါ သက်သေ ၂ ဦးကို လက်ခံကြားနာရေးအတွက် ကြာသပတေးနေ့တွင် ဗဟိုတရားရုံးသို့ အယူခံသွားမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ သက်သေနှစ်ဦးမှာ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။

တရားခံဘက်မှ တင်ပြသော သက်သေ ၄ ဦးအနက် ၃ ဦးကို အင်းစိန်အကျဉ်းထောင်အတွင်း ရုံးထိုင်စစ်ဆေးနေသော ခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။

''ဒါ ဥပဒေနဲ့ မညီပါဘူး။ ဘာကြောင့်ပယ်တယ်ဆိုတာကိုလည်း အကြောင်းပြချက် ပေးမထားပါဘူး'' ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

နှစ်ဖက် အပြီးသတ်လျှောက်လဲချက်ပေးရန် မူလက ဇွန်လ ၅ ရက်နေ့သို့ ချိန်းဆိုထားခဲ့သော်လည်း နောက်ပိုင်းတွင် ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ဆိုင်းထားခဲ့သည်။

သို့သော် သူတို့က ကျန်သက်သေ ၂ ဦးကို လက်ခံရေးအတွက် ဗဟိုတရားရုံးတွင် ဆက်လက်၍ အယူခံတက်မည်ဖြစ်သဖြင့် ထိုနေ့တွင်လည်း အမှုကို ဆက်လက်စစ်ဆေးဖြစ်မည်ဟု သူမ ထင်ကြောင်းဖြင့်လည်း ဦးဉာဏ်ဝင်းက ပြောသည်။ အဆိုပါ သက်သေ ၂ ဦးကို ယခုထိ တရားရုံးက လက်မခံဘဲ ပယ်ချထားဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ ထားရှိသွားမည်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 09 ရက် 2009 ခုနှစ်


နယူးဒေလီ ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ပြင်ရှိ တပ်မစခန်းတခု အခြေစိုက်သည့် ဒေသတွင် နေအိမ်အကျယ်ချုပ် ထပ်မံချထားရန်အတွက် မြန်မာစစ်အစိုးရက ပြင်ဆင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

တပ်မ ၁၁ အခြေစိုက်ရာ ရန်ကုန်မြို့အထွက် ရဲမွန်မြို့တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ထားရှိသွားမည်ဖြစ်ကာ ဘန်ဂလိုတခုကို ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရပ်ကွက်က ဆိုသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အင်းစိန်ထောင်အတွင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရသည် သူမကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ၍ ထားရှိသွားရန် ဆုံးဖြတ်ပြီးဖြစ်နေကြောင်း သတင်းရပ်ကွက်က ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုတွင် သက်သေ ၃ ဦးအတွက် တရားရုံးက လျှောက်လဲခွင့် ပြန်ပေး

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 03 ရက် 2009 ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်စုအမှုအတွက် သက်သေ ၃ ဦးအား ခရိုင်တရားရုံးက ပယ်ချခံရသည်ကို သူမ၏ ရှေ့နေများက ပြန်လည်သုံးသပ်ပေးရန် တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ရာ နှစ်ဖက်လျှောက်လဲရန်အတွက် ယနေ့ လက်ခံလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးသို့ ဒေါ်စုအတွက် သက်သေများအဖြစ် ဦးကြည်ဝင်း၊ ဦးဝင်းတင်၊ ဦးတင်ဦးနှင့် ဒေါ်ခင်မို့မို့တို့ကို အမည်စာရင်း တင်သွင်းခဲ့ရာ ဦးကြည်ဝင်းမှအပ ကျန် ၃ ဦးအား ပယ်ချခဲ့သည်ကို ရန်ကုန်တိုင်းတရားရုံးသို့ လျှောက်ထားရာ ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်သည်။

''ဒီနေ့ ၃ နာရီမှာ ကျနော်တို့တင်တဲ့ ပြင်ဆင်မှု လက်ခံရေးအတွက် ကျနော် လျှောက်လဲချက် ပေးပါတယ်။ လျှောက်လဲချက် ပေးပြီးပြီးချင်းပဲ တရားရုံးက လက်ခံတယ်လို့ အမိန့်ချတယ်'' ဟု ဒေါ်စု၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မြန်မာစစ်အစိုးရဘက်နှင့် ဒေါ်စုဘက်မှ ရှေ့နေများ လျှောက်လဲကြရန် ယခုလ ၅ ရက်နေ့ ညနေ ၃ နာရီသို့ တရားရုံးက ချိန်းဆိုလိုက်သည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၊ လုပ်ဖော်ကိုင်ဘက် နှစ်ဦးနှင့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ မစ္စတာ ယက်တောတို့အပေါ် စွဲဆိုထားသည့် အမှုကို အပြီးသတ် လျှောက်လဲရန်အတွက် ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ယခုလ ၁ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။

သို့သော် နောက်တရက်ဖြစ်သည့် ၂၉ ရက်နေ့တွင် ယခုလ ၅ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးက ရှေ့နေများသို့ စာရေးသား အကြောင်းကြားခဲ့သည်။

''အင်းစိန်မှာ ၅ ရက်နေ့မနက် အပြီးသတ် လျှောက်လဲချက်ဆိုတာ ရှိတယ်။ အဲဒါက အလိုလို ရွေ့သွားတယ်။ တိုင်းတရားရုံးက ဒီအမှုတွဲကို မနက်ဖြန်မှာ အင်းစိန်ခရိုင်ရုံးဆီက တောင်းလိမ့်မယ်။ အမှုတွဲတောင်းတယ် ဆိုတာနဲ့ မူလရုံးက လုပ်လက်စ အလုပ်တွေကို ရပ်ထားရတယ်။ ဒါက ဥပဒေ ကျင့်ထုံးပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သူက ဆက်ပြီး ''အပြီးသတ် လျှောက်လဲမှာက အင်းစိန်က တရားရုံး။ အခုဟာက တိုင်းမှာ Re-visional cause တခုပဲ။ ကျနော်တို့ တရားခံဘက်က ပြတဲ့သက်သေ ၃ ယောက်ကို တရားရုံးက ပယ်တာ ဥပဒေနည်းလမ်း မကျဘူး၊ ဥပဒေနည်းလမ်းကျအောင် ကျနော်တို့ကိုလည်း စစ်ဆေးခွင့် ပေးထိုက်တယ် ဆိုတာကို ကျနော်တို့ လျှောက်လဲမှာ ဖြစ်တယ်'' ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦးဖြစ်သည့် ဦးကြည်ဝင်းကလည်း တရားရုံးသည် မိမိတို့၏ သက်သေများအား ဥပဒေပြဋ္ဌာန်းချက်အရ ပယ်ချနိုင်သည့် အခွင့်အရေးရှိသော်လည်း အကြောင်းပြချက် ခိုင်လုံခြင်း မရှိဘဲ ငြင်းပယ်ပါက မှားယွင်းကြောင်း ပြောသည်။

သူက ''တရားရုံးမှာ ကျင့်ထုံးပုဒ်မ ၂၅၇ ပြဋ္ဌာန်းချက်အရ ပယ်နိုင်တဲ့ အခွင့်အရေးရှိတယ်၊ အာဏာရှိတယ်။ သို့သော် ဘယ်လိုအခါမျိုးမှာ ပယ်ရမလဲဆိုတော့ တရားစီရင်ရေးကို အနှောက်အယှက်ဖြစ်အောင်၊ ကြန့်ကြာအောင်၊ တရားစီရင်ရေး မမှန်မကန်ဖြစ်အောင် လုပ်မှသာ ပယ်ရမှာ ဖြစ်တယ်။ ဒီလို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ အခုလို ငြင်းပယ်တာ မှားတယ်ပေါ့ဗျာ'' ဟု ပြောဆိုလိုက်သည်။

ဒေါ်စု အမှုရက်ချိန်း ဇွန်လ ၅ ရက်သို့ ရွှေ့ပြောင်း

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 29 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ အင်းစိန်ထောင်တွင်း ရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုရက်ချိန်းကို လာမည့်လ ၁ ရက်နေ့သို့ ချိန်းဆိုထားရာမှ အာဏာပိုင်များက ယခုအခါ ၅ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်သည်။

ယမန်နေ့ တရားရုံးက ဇွန်လ ၁ ရက်နေ့သို့ ချိန်းဆိုကြောင်း ပြောဆိုပြီးနောက် အာဏာပိုင်များက ယနေ့တွင် ဒေါ်စုနှင့် မစ္စတာ ယက်တော၏ ရှေ့နေများထံ ရုံးချိန်းရက်ကို ၅ ရက်နေ့သို့ ရွှေ့ပြောင်းကြောင်း အကြောင်းကြားစာများ ပေးပို့လိုက်ခြင်း ဖြစ်သည်။

''၁ ရက်နေ့အစား ၅ ရက်နေ့ကို ရွှေ့ပြောင်းလိုက်တာ။ အဲဒီနေ့မှာ လျှောက်လဲချက် တင်ရမယ်ပေါ့။ လျှောက်လဲချက် တင်ပြီးရင် ကြားနာမယ်။ ကြားနာမှု ပြီးရင်တော့ တရားစီရင်မယ်'' ဟု ဒေါ်စုအမှုအတွက် အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

အကြောင်းကြားစာများကို ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်နှင့် မစ္စတာ ယက်တော၏ ရှေ့နေ ဦးခင်မောင်ဦးထံ ပေးပို့ခဲ့ကြောင်း ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်

မြင့်မောင်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 18 ရက် 2009 ခုနှစ်


နယူးဒေလီ။ ။ အကျဉ်းထောင်အတွင်း တရားစွဲဆိုခံနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။

ယနေ့ ရုံးထုတ်ရာတွင် တွေ့ဆုံခွင့်ရခဲ့သူ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ယခုလို ပြောဆိုခြင်း ဖြစ်သည်။

''ကျနော်တို့ အမြင်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ သူ ကျန်းမာရေး ကောင်းတယ်ဆိုတာကို မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေကို ပြောပြပေးဖို့ မှာပါတယ်။ အန်တီ ဒေါ်ခင်ခင်ဝင်းရဲ့ ကျန်းမာရေးက ကောင်းပါတယ်။ ဒေါ်ခင်ဝင်းက ဒုတ်ကောက်နဲ့ ရုံးထုတ်ကို လာပါတယ်။ အသေးစိတ်ကိုတော့ ကျနော်လည်း မမေးဖြစ်ခဲ့ပါဘူး။ အချိန်က သိပ်မရလို့ပါ'' ဟု သူက မဇ္ဈိမကို ပြောသည်။

အမှုတွင် လိုက်ပါဆောင်ရွက်မည့် ရှေ့နေများနှင့် ဒေါ်စုအကြား စကားပြောဆိုရာတွင် အနီးအနား၌ စောင့်ကြည့်သူနှစ်ဦး ထားရှိကြောင်းနှင့် တရားခွင်အတွင်း အစောင့်အကြပ်မှာ ၁၀ ဦးခန့် ရှိကြောင်း သိရသည်။

တရားရုံးမှအပြန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ ရုံးချုပ်သို့ ဝင်ရောက်ရာတွင် အသင့်စောင့်ဆိုင်းနေသည့် သတင်းထောက်များက မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

''အဓိကကတော့ တရားစွဲဆိုတာတွေဟာ လွဲမှားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိဘူး။ အဲဒါတွေကို မေးခွန်းတွေ မေးကြတယ်။ သူတို့ဘက်က တရားလိုပြ သက်သေက ဒေါ်အောင်ဆန်းစုကြည်က ကန့်သတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်လို့ မူတည်ပြီးတော့ သူတို့ တရားစွဲတာပါ။ အဲဒီလို စည်းကမ်း ဖောက်ဖျက်တယ်ဆိုတာ မရှိဘူး ဆိုပြီးတော့ မေးမြန်းကြတာပါ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

တရားလိုအဖြစ် တိုင်ချက်ဖွင့်သူ ဒုတိယ ရဲမှူးကြီး ဇော်မင်းအောင်သည် ယနေ့ တရားရုံးသို့ လာရောက် အစစ်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက အများပြည်သူ တက်ရောက်နားထောင်နိုင်သည့် တရားခွင်မျိုး စီစဉ်ပေးရန်အတွက် ရုံးတော်သို့ လျှောက်ထားရာ ပယ်ချခံခဲ့ရသည်။

''ကျနော်တို့ တရားရုံးကို စာတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို အများပြည်သူ ကြားနာနိုင်အောင် လူသိရှင်ကြား တရားခွင်အဖြစ် စီစဉ်ပေးပါ၊ ဒီနေ့ ရုံးမှာ အများပြည်သူ မပါဘူး၊ အများပြည်သူလည်း နားထောင်နိုင်အောင် လုပ်ပါ၊ လုံခြုံရေး ယူထားတဲ့ အတွင်းက အများပြည်သူ ကြားနိုင်အောင် ဆောင်ရွက်ပေးပါလို့ လျှောက်ထားတာကို ပယ်ချပါတယ်'' ဟု သူက ပြောဆိုသည်။

ဆွမ်းလောင်းလှူသူ အန်အယ်ဒီ လူငယ်များ စုံစမ်းမေးမြန်းခံရ

မြင့်မောင်
တနင်္လာနေ့၊ မေလ 11 ရက် 2009 ခုနှစ်


နယူးဒေလီ(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယခုလ ၅ ရက်နေ့က ဆွမ်းလောင်းလှူခဲ့သည့် ရန်ကုန်တိုင်း တွံတေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၃ ဦး၏ နေအိမ်များသို့ အာဏာပိုင်များက စုံစမ်းမေးမြန်းမှုများ ယနေ့ ပြုလုပ်ခဲ့သည်။

ဤသည်မှာ ၅ ရက်နေ့က အတူတကွ ဆွမ်းလောင်းခဲ့သည့် မြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင် ကို ချဲစာရွက် လက်ဝယ်တွေ့ရှိသည်ဟု စွပ်စွဲကာ ယခုလ ၇ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက်၊ ကျန်ရှိနေသည့် လူငယ် ၃ ဦးထံ လာရောက်၍ စုံစမ်းမှုများ ပြုလုပ်ခြင်းဖြစ်သည်။

''ကိုရဲထွဋ်ခေါင်နဲ့အတူ ဆွမ်းလောင်းလှူတဲ့ လူငယ် ၃ ဦးကို မေးမြန်းခဲ့တယ်။ ကိုအရှည်ကြီး အိမ်နဲ့ ကျန်တဲ့ လူငယ် အိမ် ၂ အိမ်ကို မေးမြန်းတာတွေ ရှိတယ်။ တဦးမှ အဖမ်းမခံရဘူး။ လာပြီးတော့ ခြိမ်းခြောက်တဲ့ သဘောရှိတယ်။ နောက်မလုပ်ရဲအောင် လာပြီးတော့ ပြောတဲ့ သဘောပါ။ ရဲတွေက အရှည်ကြီးအိမ် ဝင်တော့ ဒီဟာတွေ လုပ်လို့ ကိုရဲထွဋ်ခေါင်က အဖမ်းခံရတာ၊ ခင်ဗျားတို့လုပ်တဲ့ သူတွေကိုလည်း နောက် ဖမ်းဖို့ဆီးဖို့ အစီအစဉ် ရှိတယ်ဆိုပြီး ပြောသွားတယ်'' ဟု မြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌဖြစ်သူ ရှေ့နေ ဦးကျင်တိုးက ပြောသည်။

အာဏာပိုင်များ၏ လာရောက်မေးမြန်းမှုကို ခံရသည့် လူငယ်တဦး၏ မိခင်ကလည်း “သားကို ဆွမ်းလောင်းလှူပွဲနဲ့ ပတ်သက်ပြီး မေးမြန်းစရာ၊ စစ်ဆေးစရာ ရှိတယ်လို့ ပြောတယ်။ နေ့လယ်ကျရင် အိမ်ကို လာခဲ့မယ်လို့ တွံတေး ရဲစခန်းက ရဲနှစ်ယောက်နဲ့ နယ်ထိန်းတဦး လာပြောတယ်။ ကားပေါ်မှာ စကားပြောစက် တလုံးလည်း ပါတယ်။ နာမည်တော့ မသိဘူး။ ခင်ဗျား သားနဲ့ တွေ့ဖို့ လာတယ် ပြောတယ်။ သားနဲ့တော့ သူတို့ မတွေ့သွားဘူး။ ကျမ သားအတွက် စိတ်ပူနေရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုအရှည်ကြီး အပါအဝင် လူငယ် ၃ ဦး၏ နေအိမ်များသို့ အာဏာပိုင်များက သွားရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း မည်သူမှ နေအိမ်များ၌ ရှိမနေခဲ့ကြောင်း သိရသည်။

ယခု မေးမြန်းစုံစမ်းခံရသည့် ပါတီလူငယ်များနှင့်အတူ ယခုလ ၅ ရက်နေ့က ဆွမ်းလောင်းလှူပွဲတွင် ဦးဆောင်ခဲ့သည့် မြို့နယ်လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်ကို ချဲစာရွက် လက်ဝယ်တွေ့ရှိသည်ဟူသည့် စွပ်စွဲချက်ဖြင့် ယခုလ ၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ဤသည်မှာ ပြီးခဲ့သည့်လ ၂၈ ရက်နေ့က မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေ အား ရုံးထုတ်ရာတွင် သွားရောက်တွေ့ဆုံစဉ် တရားရုံးရှေ့၌ ကိုရဲထွဋ်ခေါင်ကို တွံတေး ရဲတပ်ဖွဲ့ ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦးက နိုင်ငံရေးသမားများကို အချိန်မရွေး ဖမ်းဆီး၍ရကြောင်း ခြိမ်းခြောက်မှုအပြီး ရက်သတ္တတပတ်အကြာတွင် ဖြစ်သည်။

ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦး ကိုယ်တိုင် နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး၊ တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ကာ လောင်းကစားမှုဖြင့် တရားစွဲခဲ့သည်။

အဆိုပါ အဖမ်းအဆီးနှင့် ပတ်သက်၍ အာဏာအလွဲသုံးစားမှု ဖြစ်သည်ဟု ရှေ့နေ ဦးကျင်တိုးက ဆိုသည်။

“ကျနော်တို့က ဥပဒေဘောင်အတွင်းက ရိုးရိုးသားသား လုပ်ကျတဲ့သူတွေ ဖြစ်တယ်။ ကျနော်တို့ လုပ်တဲ့ ကိစ္စကလည်း ဘာသာရေးမှာ လုပ်တာဖြစ်တယ်။ ဘယ်သူ့ကိုမှ နစ်နာစေတာ မဟုတ်ဘူး။ ရဟန်းသံဃာတွေကို ဆွမ်းလောင်းတာ ဖြစ်တယ်။ အဲဒီမှာ လာပြီးတော့၊ အာဏာရှိတဲ့ သူတွေက အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ ခြိမ်းခြောက်တာတွေက မကောင်းဘူး” ဟု သူက ပြောသည်။

''ဥပဒေကို လိုက်နာရမယ့် ရဲတွေက အရပ်သူအရပ်သားတယောက်ကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း ဆိုတာက ၅ဝ၆ ပုဒ်မနဲ့ ငြိစွန်းတယ်။ ဥပဒေကိုင်တဲ့ သူတွေက ဥပဒေ လေးစားရမယ့် နေရာမှာ ဥပဒေကို မလေးစားဘဲ ခြိမ်းခြောက်နေခြင်းဟာ ဥပဒေ ပျက်ယွင်းစေပါတယ်။ မြန်မာနိုင်ငံ တရားစီရင်ရေး မူရှိတယ်။ တရားရုံးရောက်တဲ့ လူတိုင်းဟာ အပြစ်ရှိတယ်လို့ သတ်မှတ်လို့ မရသေးဘူး။ နိုင်ငံတော်ရဲ့ တရားစီရင်ရေးမူပဲ။ အပြစ်မရှိဘဲ လူတယောက်ကို အပြင်မှာ အသားလွတ် ခြိမ်းခြောက်တာ ပိုပြီးတော့ ဆိုးတယ်'' ဟု သူက ဆက်ပြောသည်။

Thursday, April 30, 2009

တွံတေးတွင် ဝက်များ အစုလိုက် သေဆုံးနေ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် ထူးကဲစွာ ဝက်သေဆုံးမှုများ ဖြစ်ပေါ်နေရာ ဝက်တုပ်ကွေးရောဂါ စိုးရိမ်မှုကို မီးထိုးပေးလိုက်သည်။

တပိုင်တနိုင် ဝက်မွေးမြူးရေး လုပ်ငန်းများ လုပ်နေသည့် တွံတေးမြို့ အုတ်ဖို အနောက်ပိုင်းရပ်ကွက်၊ တံခွန်တိုင်နှင့် ဇီးဖြူကုန်းရွာတွင် ဝက်ကောင်ရေ ၂၅ ကောင်ခန့် ဧပြီ ၂၆ ရက်နေ့ကတည်းက သေဆုံးခဲ့သည်။

“မသေခင်မှာ ပါးစပ်ထဲက အမြှုပ်တွေ ထွက်တယ်။ ဆန့်တငင်ငင် ဖြစ်တယ်။ ၂ နာရီ လောက်ကြာရင် သေသွားတယ်။ သေသွားတဲ့ ဝက်တွေကို ပေါ်လိုက်တဲ့အခါ အသားတွေက မဲပုပ်ပုပ် ဖြစ်နေတယ်။ အဲဒီ ဝက်တွေကို ကြည့်လိုက်ရင် ရေဓာတ် ခမ်းခြောက်တဲ့ အနေအထား ရှိတယ်။ ” ဟု တွံတေးမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် တွံတေးမြို့ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာဌာန ဝန်ထမ်းများသည် ဒေသတွင်းသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့် ရောဂါဖြစ်သည်ကို အမည်တပ်နိုင်ခြင်း မရှိကြောင်းနှင့် အခြား ကျေးရွာများတွင်ပါ ယခုလို ဝက်သေဆုံးမှုများ ပေါ်ပေါက်လာပါက အကြောင်းကြားရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ဇီးဖြူကုန်း ရွာသားတဦးက “ကျနော်တို့ ရွာမှာ ဝက်မွေးမြူရေး လုပ်တာတွေ ရှိတယ်။ တပိုင်တနိုင် မွေးမြူးရေးလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင် တယောက်ဟာ ဝက်အကောင်ရေ ၅ဝ လောက် မွေးထားရာမှာ အခုဆို ၂၂ ကောင်ပဲ ကျန်တော့တယ်။ ' ဟု မဇ္ဈိမကို ပြောသည်။

ယခုအခါ တွံတေးမြို့ ဝက်သားဆိုင်များတွင် ဝက်သား အရောင်းအဝယ် ထိုင်းမှိုင်းသွားသည်။

မက္ကဆီကိုနိုင်ငံမှ စတင်ခဲ့သည့် ဝက်တုပ်ကွေးသည် ကမ္ဘာ့နိုင်ငံ အချို့သို့ ကူးစက်မှုရှိနေပြီး စိုးရိမ်သောက များနေချိန်တွင် ဝက်များ ယခုကဲ့သို့ အစုလိုက် သေဆုံးခြင်းက လူအများ အာရုံစိုက်စရာ ဖြစ်လာစေခဲ့သည်။

မုံရွာတွင် ဝမ်းရောဂါ ဖြစ်နေ

မြင့်မောင်
အင်္ဂါနေ့၊ ဧပြီလ 28 2009


နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ မြို့နယ်တချို့တွင် ဝမ်းရောဂါဖြစ်နေစဉ် စစ်ကိုင်းတိုင်း မုံရွာတွင်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည်။

ယခုရက်ပိုင်းအတွင်း မုံရွာတွင် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ပုဂ္ဂလိက ဆေးခန်းများ အဆိုအရ သိရခြင်း ဖြစ်သည်။

“ဝမ်းလျှောတာတွေ ဖြစ်နေတယ်။ ကျမ သားငယ်လေး ဆေးခန်းသွားပြတော့ ဆေးခန်းမှာ ဝမ်းလျှောတဲ့ ကလေးတွေ အများကြီး ရှိတယ်။ ဆေးရုံမှာလည်း ကလေးဆောင်မှာ အများကြီး ဆေးရုံ တက်နေရတယ်။ ကလေး အထူးကု ဆေးခန်းတွေမှာလည်း ကလေးတွေ အများကြီးပဲ ဝမ်းလျှောလို့ လာပြကြတယ်” ဟု မိခင်တဦးက ပြောသည်။

ပုဂ္ဂလိကဆေးခန်း ဖွင့်ထားသည့် ဆရာဝန်တဦးကလည်း “ဝမ်းပျက်ဝမ်းလျှောတွေက တော်တော်ကြီး များတယ်။ ရပ်ကွက်ပေါင်းစုံလို ဖြစ်နေတယ်။ ဆေးရုံမှာလည်း ဝမ်းပျက်ဝမ်းလျှောက တော်တော် များလာတယ်။ ကျနော့်အနေနဲ့ အတိအကျ ပြောလို့ မရဘူး။ အပြင်ဆေးခန်းတွေမှာလည်း အများကြီးပဲ။ လူနာ ၅ ယောက်ဆိုရင် ဝမ်းပျက်ဝမ်းလျှောက ၃ ယောက်လောက် ရှိတယ်။ တနေ့ကို ဆေးခန်းတခန်း ပျမ်းမျှခြင်းအားဖြင့် ၃ဝ လောက် ရှိလိမ့်မယ် ထင်တယ်” ဟု ပြောသည်။

သူက ဆက်ပြီး ''အခုဖြစ်တာက ရာသီဥတုကြောင့်လည်း ပါတယ်၊ အစားကြောင့်လည်း ပါတယ်။ ရာသီဥတုက ပူပြင်းလာတဲ့အတွက် အစားအသောက်ထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်တဲ့ ပိုးတွေ ပေါက်လာတယ်။ အစားအသောက်က သန့်သန့်ရှင်းရှင်း ပြင်ဆင်စားသောက်တတ်တဲ့ ဓလေ့ မရှိတဲ့အတွက် အစားအသောက်က ကူးစက်တာဖြစ်တယ်” ဟု ပြောသည်။

မုံရွာမြို့ မိုးလေဝသနှင့် ဇလဗေဒသို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ရှိသူတဦးက နေအပူချိန်မှာ ၃၈ စင်တီဂရိတ်အထိ ရှိနေကြောင်း ဖြေကြားခဲ့သည်။

ဆရာဝန်က “အခုဖြစ်နေတာက အကုန်လုံးက ကာလဝမ်းရောဂါ မဟုတ်ဘူး။ သို့သော်လည်း တချို့တလေက ကာလဝမ်းရောဂါဖြစ်တာ သေချာတယ်။ သေချာတယ်ဆိုတာက ဝမ်းကို ပိုးမွေးလိုက်တဲ့ အခါကျတော့ ကာလဝမ်းရောဂါ ပိုးပေါက်တဲ့ Case တွေ လာတယ်။ ကျနော်တို့အနေနဲ့ ဆေးကုသမှုမှာ အထူး ဂရုစိုက် ကုသနေရတယ်” ဟု ပြောသည်။

မုံရွာမြို့နယ် ကျန်းမာရေးဦးစီး ဌာနက ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မြို့တွင်း၌ ကားဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် ဝမ်းရောဂါ သတိပေးချက်များ ပြုလုပ်ခဲ့သည်။

ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပိုမို သိရှိနိုင်ရန်အတွက် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းက ပြန်လည်ဖြေကြားခြင်း မရှိဘဲ ဖုန်းချသွားသည်။

ယခုလအတွင်း ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းရှိ မြို့ကြီးအချို့တွင် ဝမ်းရောဂါဖြစ်ရာ သေဆုံးမှုများပါ ရှိခဲ့သည်။

အန်အယ်ဒီ အစည်းအဝေးသို့ လုံခြုံရေးများ စောင့်ကြည့်

မြင့်မောင်
တနင်္လာနေ့၊ ဧပြီလ 27 2009


ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး၌ မနက်ဖြန် ကျင်းပမည့် တိုင်းနဲ့ ပြည်နယ် စုံညီအစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်းပွဲတရပ်ကို ယနေ့ ကျင်းပရာ အာဏာပိုင်များက ရုံးပတ်ဝန်းကျင်တွင် လုံခြုံရေးများ ချထားခဲ့သည်။

စုံညီအစည်းအဝေးအတွက် ရန်ကုန်တွင် ရောက်ရှိနေပြီဖြစ်သည့် ပြည်နယ်နှင့် တိုင်းများမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ လူငယ်နှင့် အမျိုးသမီး ခေါင်းဆောင်များ စုစုပေါင်း ၁၄၈ ဦးဖြင့် ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အကြိုညှိနှိုင်းပွဲ ကျင်းပရာ ရုံးအနီးတဝိုက်တွင် လုံခြုံရေးများ ချထားခဲ့ခြင်း ဖြစ်သည်။

“ရုံးရှေ့က ကျောက်ဆည် ဓမ္မာရုံထဲမှာတော့ အရပ်ဝတ် လုံခြုံရေးတွေ အများကြီး ရှိပါတယ်။ အရင်တုန်းက တွေ့တတ်တဲ့ စွမ်းအားရှင်တို့၊ ကြံဖွတ်တို့ကိုတော့ မတွေ့ရဘူး။ ကျနော်တို့ ပတ်ဝန်းကျင်မှာတော့ မရှိဘူး။ လုံခြုံရေးကတော့ ၃ဝ နီးပါးလောက် ရှိတယ်။ ကျနော် မမြင်နိုင်တဲ့ နေရာမှာ ရှိ၊ မရှိတော့ ကျနော် မပြောနိုင်ဘူး” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

လုံထိန်းများနှင့် ယာဉ်ထိန်းရဲများသည် ဆိုင်ကယ်နှင့် ကားများဖြင့် လာရောက်ကြပြီး ပါတီဝင်များကို ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ လုပ်ခဲ့သည်။

အစည်းအဝေး တက်ရောက်သူ ပါတီလူငယ်တဦးက “ရုံးနောက်က လင့်လမ်းထဲမှာရှိတဲ့ စာသင်ကျောင်း ထဲမှာလည်း လုံခြုံရေး အများကြီး ရှိတယ်။ ကျနော်တို့ ရုံးရှေ့မှာရှိတဲ့ ကား ၄၊ ၅ စီးနဲ့ ဆိုင်ကယ် အစီး ၂ဝ လောက် ရှိတယ်။ ဆိုင်ကယ်သမားတွေက ဗီဒီယို ရိုက်တယ်။ သတင်းယူတယ် မှတ်တမ်းယူတယ်။ အုတ်လမ်း ဓမ္မာရုံထဲမှာ အများကြီး ချထားတယ်။ နေရာတိုင်းမှာ ၂ဝဝ နီးပါးလောက် ရှိတယ်။ သူတို့လည်း သူတို့ လုပ်ငန်း လုပ်၊ ကျနော်တို့လည်း လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်'' ဟု ပြောသည်။

ဗဟန်းမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် တာမွေမြို့နယ်ဘက်တွင်လည်း လုံခြုံရေးများ ချထားခဲ့ကြောင်း သိရသည်။

“တာမွေ ဗလီ ကားမှတ်တိုင်ထိပ်က တော်တော်ကို စည်ကားတဲ့နေရာ ဖြစ်နေတယ်။ ကားတွေက ဗလီထိပ်မှာ အများစုလာတဲ့ နေရာဖြစ်တယ်။ လုံခြုံရေး အင်အားက ကျနော့် ခန့်မှန်းခြေအရ အရပ်ဝတ်နဲ့ ယူနီဖောင်းနဲ့ဆိုရင် ၁၅ ယောက်လောက် ရှိတယ်။ ကြက်လျှာစွန်းနဲ့ ဗလီထိပ်ကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေကြတယ်” ဟု ပြောသည်။

“တော်တော်များများ အဖွဲ့ချုပ်ဝင်တွေက တာမွေကနေ သွားနေရတယ်။ အဲဒါကြောင့် အဲဒီမှာ ကားဂိတ်မှာ လုံခြုံရေးတွေ ချထားတာ ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံရေးနှင့် စည်းရုံးရေး အခြေအနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာများ ဆွေးနွေးခဲ့သည်။

ဦးဉာဏ်ဝင်းက “နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရယ် ဒီ ခေါင်းစဉ် ၃ ခု အပေါ်မှာ အဖွဲ့ချုပ်ပေါ်က ချပေးတဲ့ စာတမ်းအပေါ်မှာ ကျနော်တို့ ဝေဖန်တယ်၊ သုံးသပ်တယ်။ ဒီဟာတွေပေါ်မှာပဲ ညှိနှိုင်းကြတာ။ မနက်ဖြန်ကျမှ ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

“တိုင်းနဲ့ ပြည်နယ်က အစည်းအဝေး တက်ရောက်သူ ၁ဝဝ ကျော် ရောက်ရှိနေပါတယ်။ တချို့လည်း အစည်းအဝေးစမယ့် အချိန်ကျမှ ရောက်မယ့်သူတွေလည်း ရှိတယ်။ ဒါက အနည်းစုပါ၊ အများစုကတော့ ရောက်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

မနက်ဖြန်တွင် ရုံးချုပ်၌ ကျင်းပမည့် အစည်းအဝေးသည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီ၏ စတုတ္ထအကြိမ်မြောက် ပြည်နယ်နှင့် တိုင်းပေါင်းစုံ စုံညီ အစည်းအဝေးကြီး ဖြစ်သည်။

ကိုဇာဂနာ ဆေးကုသခွင့် မရ

မြင့်မောင်
သောကြာနေ့၊ ဧပြီလ 24 2009


နယူးဒေလီ (မဇ္ဈိမ) ။ ။ ဟာသပညာရှင်နှင့် ဒါရိုက်တာ မောင်သူရ ခေါ် ကိုဇာဂနာသည် မြစ်ကြီးနား ထောင်တွင် အသည်းယောင် အသားဝါ ဖြစ်နေရာ၊ ယနေ့အချိန်ထိ လိုအပ်သည့် ဆေးဝါးကုသခွင့် မရသေးကြောင်း သိရသည်။

ယခုလ ၂၂ ရက်နေ့က မြစ်ကြီးနားထောင်သို့ ရန်ကုန်ရှိ မိသားစုဝင်တဦးက ထောင်ဝင်စာ သွားတွေ့ရာမှ ယခုလို သိခဲ့ရခြင်း ဖြစ်သည်။

“အခုအခြေအနေက နေလို့ သိပ်မကောင်းဘူး။ ကျမနဲ့ တွေ့တော့ ကိုသူရရဲ့ ဗိုက်က ပူနေတယ်။ အသားတွေလည်း ဝါနေတယ်။ အခု အသည်းရောင် အသားဝါ ဖြစ်နေတယ်။ အခုအချိန်ထိ ထိထိရောက်ရောက် ဆေးကုခွင့် မပြုသေးဘူး။ ဒီ set up တွေ လုပ်ဖို့ ကိုသူရကို ထောင်ဆေးရုံကို မပို့ပေးသေးပါဘူး” ဟု ကိုဇာဂနာထံ ထောင်ဝင်စာ သွားတွေ့သည့် ခယ်မဖြစ်သူ မငြိမ်းက ပြောသည်။

ယခုလ ၁၆ ရက်နေ့က ကိုဇာဂနာသည် မူးလဲရာမှ ည ၈ နာရီခန့်တွင် သတိပါ လစ်ခဲ့ပြီးနောက် ည ၁၁ နာရီခန့်တွင် ပြန်သတိရခဲ့ကြောင်းနှင့် ၁၈ ရက်၊ ၂၁ ရက်နေ့များတွင် ထောင်ဆရာဝန် လာရောက်စစ်ဆေးခဲ့သည်။

မငြိမ်းက “ဆရာဝန်ကြီးကတော့ X-Ray ၊ ECG ၊ Ultrasound ရိုက်ပေးပါလို့ ထောင်အာဏာပိုင်တွေကို ပြောသွားတယ်။ အဲဒီအခါကျမှ ရောဂါအခြေအနေကို ပြောနိုင်မယ်။ အခု အခြေအနေအရကတော့ အသည်းယောင်နေတယ်လို့ပဲ ပြောနိုင်တယ်” ဟု ပြောသည်။

ယခုလ ၂ ရက်နေ့က မြစ်ကြီးနားထောင်သို့ ခယ်မဖြစ်သူက ထောင်ဝင်စာ သွားတွေ့ခဲ့ရာ တွေ့ရက်မစေ့သဖြင့် ရန်ကုန်သို့ ပြန်လာခဲ့သော်လည်း ထောင်တွင်း၌ ဇာဂနာ သတိလစ်သွားခဲ့သည်ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက မိသားစုထံ အကြောင်းကြားခြင်း မရှိခဲ့ပါ။

“ကိုသူရရဲ့ ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်နေတယ်။ သူ့မှာက အရင်ကတည်းက သွေးတိုးနဲ့ နှလုံးအားနဲတဲ့ ရောဂါ ရှိတယ်။ သွေးတိုးနဲ့ နှလုံးကလည်း အရင်ကနဲ့ မတူဘူး။ အခုဟာက အပြင်က ဆေးတွေက ဘာမှ သောက်လို့ မရတော့ဘူး။ အရင်က ကုသထားတဲ့ ရောဂါနဲ့ ဘာမှာ မဆိုင်တော့ဘူး။ သွေးခုန်နှုန်းကလည်း အရင်ကနဲ့ မတူတော့ဘူးဆိုတော့ အဲဒီ အနေအထားမှာ တော်တော်တော့ စိုးရိမ်ပါတယ်” ဟု မငြိမ်းက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ကိုဇာဂနာ၏ အခြေအနေ စိုးရိမ်နေရချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မပေးသည့်အပေါ် ယခုလို ဝေဖန်ပြောဆိုသည်။

''ဖမ်းထားပြီးပြီဆိုရင် လူတယောက်ကို လုံလောက်တဲ့ စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုတယ်။ အဲဒီတာဝန်ကို ပျက်ကွက်နေတာက ရည်ရွယ်ချက်ရှိရှိနဲ့ ပျက်ကွက်နေတယ်လို့ ပြောလို့ရတယ်။ ဗုဒ္ဓဘာသာ အရဆိုရင် လူသတ်မှုကို ကျူးလွန်နေတာ ဖြစ်တယ်'' ဟု သူက ပြောသည်။

သူက ဆက်ပြီး “ ကိုဇာဂနာက ဘာပဲပြောပြော သူကိုယ်တိုင်က သွားဆရာဝန်လေ။ သူ့မှာ ကျန်းမာရေး အသိရှိတယ်။ သူ သတိထားနေရင်းနဲ့ကို ရေကောင်းရေသန့် မရတဲ့ အတွက်ကြောင့် သူ့အနေနဲ့ ကာကွယ်လို့ မရတာဖြစ်တယ်။ ကိုဇာနာကို သူ့မိသားနဲ့ အနီးဆုံး ထောင်ကို ပြန်ပို့သင့်တယ်။ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ကိုဇာကနာကို လုပ်ပေးသင့်တယ်။ အဲဒီလိုမှ မဟုတ်ဘဲ သေသွားတယ် ဆိုရင်တော့ ကိုဇာဂနာကို ရည်ရွယ်ချက်ရှိရှိနဲ့ သတ်တာလို့ပဲ ပြောရမှာ ဖြစ်တယ်” ဟု ပြောသည်။

ကိုဇာဂနာ ကဲ့သို့ပင် နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီ၍ ကျန်းမာရေး မကောင်းသဖြင့် အရေးပေါ် စောင့်ရှောက်မှု လိုအပ်နေသူများအနက် အန်အယ်ဒီ မတ္တရာအမတ် ဦးသန်းလွင်သည် မျက်လုံး၊ နှလုံးနှင့် သွေးတိုး ဝေဒနာများ ခံစားနေရကာ ရှမ်းအန်အယ်ဒီ ခေါင်းဆောင်များ ဦးခွန်ထူးဦးနှင့် ဗိုလ်ချုပ်ဆေထင်သည် ကျန်းမာရေး မကောင်းကြောင်းနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအောင်သူသည် အောက်ပိုင်း သေသလို ဖြစ်နေပြီး၊ ကိုလှမျိုးနောင်မှာ နောက်ထပ် မျက်စိတဖက်ပါ ကွယ်သွားနိုင်ကာ ကိုကိုကြီးမှာလည်း အသည်း မကောင်းကြောင်း အေအေပီပီက ဆိုသည်။

ကိုဘိုကြည်က ''တချို့ မဂ္ဂဇင်းတွေထဲမှာတော့ သောက်ရေသန့်တွေ ပေးနေတယ်ဆိုပြီး ဝါဒဖြန့်ချိရေးတွေ လုပ်နေတယ်။ တကယ်တမ်းကျတော့ ထောင်ထဲမှာက ရေကောင်း၊ ရေသန့်တွေ မရဘူး။ အခုနောက်ပိုင်းမှာတော့ ရေကောင်း ရေသန့် မရတဲ့အတွက် ရောဂါတွေ ပိုရတယ်'' ဟု ပြောသည်။

ကိုဇာဂနာအား အာဏာပိုင်များက ၂ဝဝ၇ ခု စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၅၉ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရာမှ ၃၅ နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

သူ၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်သဖြင့် ထောင်ဆေးရုံတွင် ပြောင်းရွှေ့ ဆေးကုသခွင့် ရယူရေးအတွက် မြစ်ကြီးနား ထောင်အာဏပိုင်များထံမှ ယနေ့ နံနက်ပိုင်းက တင်ပြတောင်းဆိုခဲ့ကြောင်း မငြိမ်းက ပြောသည်။

လွတ်မြောက်ရေး လက်မှတ်ပေါင်း ၃ သိန်းကျော် ရပြီ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆန္ဒပြုလက်မှတ်များ ကောက်ခံနေရာ ယနေ့အချိန်ထိ ၃ သိန်းကျော် ရရှိထားပြီ ဖြစ်သည်။

မြန်မာအတိုက်အခံ အဖွဲ့အစည်းများက ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ရက် ၄ဝ ခန့်အကြာ ကောက်ခံလာရာ ယနေ့အချိန်တွင် အဆိုပါ အရေအတွက် ရရှိထားခြင်း ဖြစ်သည်။

“လက်ဝယ် ရထားတာက ၂၅၃၅၂၄။ ဂျပန်တို့၊ သြစတြေးလျားတို့၊ နယ်စပ်ဒေသတွေမှာ ကောက်နေတာတွေ ရှိတယ်။ ကျနော်တို့ နောက်ဆုံး သိရသလောက် ၆ သောင်း၊ ၇ သောင်းလောက် ရမယ်ထင်တယ်။ လက်ထဲတော့ မရောက်သေးဘူး။ အကုန်လုံးပေါင်းလိုက်ရင် ၃ သိန်းကျော် ရပြီလို့ ပြောလို့ ရပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) – AAPP အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က မဇ္ဈိမကို ပြောသည်။

ယခုလှုပ်ရှားမှုကို AAPP နှင့်အတူ Forum for Democracy in Burma – FDB က ကမကထ ပြုခဲ့ပြီး၊ မြန်မာတိုင်းရင်းသား အင်အားစုများ၊ ကျောင်းသားလူငယ်များနှင့် အမျိုးသမီး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံရှိ လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၂၃ဝ ကျော်က ပူးပေါင်းပါဝင် ကောက်ခံနေခြင်း ဖြစ်သည်။

မေလ ၂၃ ရက်နေ့အထိ ၇၃ ရက်အကြာ ကောက်ခံမည်ဖြစ်ရာ၊ လက်မှတ်ပေါင်း ၈၈၈၈၈၈ ရရှိရန် ရည်ရွယ်ထားသည်။ ဆန္ဒပြုလက်မှတ် ကောက်ခံခြင်းနှင့်အတူ ဓာတ်ပုံနှင့် သရုပ်ပြပွဲ၊ စကားဝိုင်းများ ပြုလုပ်လာခဲ့သည်။

ဓာတ်ပုံပြပွဲတွင် နိုင်ငံရေး အကျဉ်းသားများနှင့် အကျဉ်းထောင်များ၏ ဓာတ်ပုံများ၊ နိုင်ငံရေး အကျဉ်းသားများ၏ နောက်ခံ သမိုင်းကြောင်း၊ ပြစ်ဒဏ်ချမှတ်ခံရသည့် နှစ်အရေအတွက်နှင့် ထောင်တွင်း၌ နေထိုင်ရသည့် ပုံစံများကို ပြသထားသည်။

မည်သည့်တိုင်းပြည်က လက်မှတ်မည်မျှ ရရှိကြောင်း ကြေညာသွားမည်ဖြစ်ကာ၊ ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အခမ်းအနားတရပ် ကျင်းပ၍ ပေးပို့သွားမည် ဖြစ်သည်။

''မြန်မာ့အရေးကို စိတ်ဝင်စားတယ်၊ မြန်မာ့ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုအပေါ် အတော် စိတ်ဝင်စားတယ်လို့ ပြောလို့ ရပါတယ်။ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုက တော်တော် ကြီးထွားလာတယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့သည့် နှစ်ကဆိုရင် ကမ္ဘာ့ခေါင်းဆောင်တွေကနေပြီးတော့ တောင်းဆိုခဲ့တာတွေ ရှိပါတယ်။ ဒီကြားထဲမှာ ကုလသမဂ္ဂ၊ နိုဘယ်လ်ဆုရှင်တွေ၊ အမေရိကန် ကွန်ဂယက်အမတ် အမျိုးသမီးတွေကနေ တောင်းဆိုခဲ့တာတွေလည်း ရှိခဲ့တယ်'' ဟု ဦးတိတ်နိုင်က ဆိုသည်။

သူက ဆက်ပြီး ''နိုင်ငံခေါင်းဆောင်တွေတင်မကဘဲ ကမ္ဘာ့မိသားစု အလွှာအသီးသီးမှာ ဝိုင်းဝန်းတောင်းဆိုတဲ့ ကွန်ယက်ကို ပြချင်သခြင်းဖြစ်တယ်'' ဟု ပြောသည်။

အန်အယ်ဒီ ဗဟိုနှင့် ပြည်နယ်-တိုင်း စည်းဝင်များ ဆွေးနွေးမည်

မြင့်မောင်
သောကြာနေ့၊ ဧပြီလ 10 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မျက်မှောက် နိုင်ငံရေး အခြေအနေများကို ပြန်လည် သုံးသပ်ရန်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ယခုလနှောင်းပိုင်းတွင် ပြည်နယ်နှင့် တိုင်းစည်းဝင်များနှင့် ၂ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပမည်ဟု သိရသည်။

ယခုလ ၂၈-၂၉ ရက်နေ့များတွင် အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပမည့် အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်နယ်နှင့် တိုင်းစည်း အဖွဲ့ဝင်များ၊ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီ ပါတီမှ အဖွဲ့ဝင် ၂ ဦးတို့ တက်ရောက်ရန် ဖိတ်ကြားထားသည်။

“လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်ကို ပါဝင်ဆွေးနွေးသွားမှာ ဖြစ်တယ်။ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ကို အဓိကထား ဆွေးနွေးသွားမှာပါ။ ပြည်နယ်နှင့် တိုင်းက အဖွဲ့ဝင် ၁ဝဝ နဲ့ ၁၅ဝ ကြား တက်ရောက်ဖို့ စီစဉ်ထားတယ်။ အဖွဲ့ချုပ်ဝင်နဲ့ ပူးတွဲလုပ်နေတဲ့ အမျိုးသား ဒီမိုကရေစီပါတီမှာ အဖွဲ့ဝင် ၂ ဦးကို ဖိတ်ထားတယ်” ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ဗဟို အလုပ်အမှုဆောင်အဖွဲ့က ပြုစုထားသော စာတမ်းတစောင်ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များသို့ ချပြကာ ဆွေးနွေးမည်ဟု သိရသည်။

ဂျပန်ရှိ မင်္ဂလာဒိုးအဖွဲ့၏ သင်္ကြန်သံချပ်များ ဖြန့်ချိ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 08 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ ဂျပန်နိုင်ငံရှိ မြန်မာတေးဂီတ ဝါသနာရှင်များဖြင့် ဖွဲ့စည်းထားသည့် မင်္ဂလာဒိုးအဖွဲ့က ရဲရဲတောက် တိုက်ပွဲဝင် မြန်မာ့ရိုးရာ သင်္ကြန်သံချပ်များ ဖြန့်ချိနေပြီဖြစ်သည်။

သံချပ်ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် ပြည်တွင်းမှ သံချပ် ဝါသနာရှင်များက ဝိုင်းဝန်းသီဆို အားဖြည့်ထားကာ၊ အင်တာနက်စာမျက်နှာ (http://mingalardoe.homeip.net/) ပေါ်တွင် ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“တော်တော်များများ ဂျပန်မှာပဲ လုပ်တယ်။ မပေါက်ဘူးပေါ့ဗျာ။ တော်တော်များများက ပြည်တွင်း အကြောင်းကို လုပ်တယ်။ ကျန်တာက ဒီမှာဖြစ်နေတဲ့ နိုင်ငံရေး ဖောက်ပြန်မှုတွေ၊ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲလေးတွေကို ကဏ္ဍလေးတွေ၊ ဟာသလေးတွေ ထည့်ထားပါတယ်” ဟု မင်္ဂလာဒိုးအဖွဲ့ကို စတင်တည်ထောင်ခဲ့သူ ဦးဝင်းရွှေက မဇ္စျိမကို ပြောသည်။

ယခုနှစ် သံချပ်ထဲတွင် 'သင်္ကြန်ကျပြီ' ၊ 'အင်တာဗျူး အစီအစဉ်' ၊ 'နအဖရဲ့ မျက်လှည့်' ၊ 'နအဖ ခေတ်မှာ ဒီလိုပဲ' ၊ 'တလုံး နှစ်လုံး စာသင်တုံး' ၊ 'ဂမ်ဘာရီလာရင် ပြန်ခိုင်းမယ်' ၊ 'မောင်ရေခဲ' ၊ 'ဒို့ မြန်မာများ စတိုင်ကျတယ်' ၊ 'သောင်းပြောင်းထွေလာ ဒီဂျပန်မှာ' ၊ 'ဒါ ဒို့တိုင်း ဒို့ပြေ' စသည့် သံချပ်အပုဒ်ရေ ၁ဝ ပုဒ် ပါရှိသည်။

ယခုနှစ် နေပြည်တော်၌ ကျင်းပသည့် ရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင် မင်းသမီးများ အကယ်ဒမီဆု မပေးအပ်ခြင်းနှင့် ပတ်သက်ပြီး သရော်ထားသည်လည်း သံချပ်ထဲတွင် သီကုံးစပ်ဆိုထားသည်။

ထိုထဲတွင် “အကယ်ဒမီပွဲ အကယ်ဒမီပွဲ၊ အကြီးကျယ်လုပ်တဲ့ အကယ်ဒမီပွဲ” ၊ “အကယ်ဒမီဆုများ ပေးလိုက်သလေ၊ မင်းသမီးများ မပါပေ” ၊ “မပေးချင်လို့မှ မဟုတ်ဘဲ၊ ယတြာနဲ့ နွှဲ” ဟု ဆိုထားသည်။

၁၉၉၁ ခုနှစ်တွင် မြန်မာ့ရိုးရာ ဂီတဝါသနာရှင် ၆ ဦးနှင့် စတင်ဖွဲ့စည်းခဲ့သည့် မင်္ဂလာဒိုးအဖွဲ့က နှစ်စဉ် မြန်မာသင်္ကြန် ပွဲတော်အခါ ရောက်တိုင်း သင်္ကြန်သံချပ် တေးသီချင်းများ စပ်ဆိုကာ ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် သင်္ကြန်ပွဲတော်များတွင် သံချပ်ထိုးလေ့ရှိသည်။

အင်တာနက်ပေါ်သို့ ၂ဝဝ၇ ခုနှစ်မှ စတင်ကာ ဖြန့်ချိလာခြင်းဖြစ်သည်။

ဦးဝင်းရွှေက “ဟိုတုန်းက ဂျပန်မှပဲ လုပ်တယ်။ အဖွဲ့ဝင်တွေကနေ တကမ္ဘာလုံး သိသင့်တယ် ဆိုပြီးတော့ ပြောလာကြတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း နည်းပညာပိုင်းဆိုင်ရာတွေ မကျွမ်းကျင်တာတွေလည်း ပါတယ်” ဟု ပြောသည်။

မင်္ဂလာဒိုးသည် မြန်မာနိုင်ငံမှ ပြည်ပခရီးစဉ် ဖျော်ဖြေပွဲများအတွက် ပြည်ပရောက်ရှိနေသည့် သီးလေးသီး ဆေးရောင်စုံ အငြိမ့်နှင့်အတူ စင်္ကာပူ၊ မလေးရှား၊ ကိုရီးယားနိုင်ငံတွင် ရောက်နေသည့် မြန်မာများကို သွားရောက်ဖျော်ဖြေခဲ့သေးသည်။

ဖိုးလပြည့် သင်္ကြန်မဏ္ဍပ်များ ရောင်းချနေ

မြင့်မောင်
အင်္ဂါနေ့၊ ဧပြီလ 07 2009

နယူးဒေလီ(မဇ္ဈိမ)။ ။ မြန်မာတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ပါမစ်များ ယူကာ ပြန်ရောင်းစားနေသည်။

ပြည်လမ်းမမှ အင်းလျားကန်ဘောင်သို့ အဝင်လမ်းတလျှောက်ရှိ စီးပွားရေး တက္ကသိုလ်မျက်နှာချင်းတွင် တည်ရှိသော သင်္ကြန်မဏ္ဍပ်နှစ်ခု၌ သူကိုယ်တိုင် ရေကစားမည်ဖြစ်ပြီး၊ ထိုလမ်းရှိ အခြားမဏ္ဍပ် ၈ ခုကို တခုလျှင် ကျပ်ငွေ ၃၈ သိန်းဖြင့် ပြန်ရောင်းနေခြင်းဖြစ်သည်။

“ဖိုးလပြည့်က သူ့နာမည်နဲ့ မဏ္ဍပ် ၁၀ ခု ယူထားတယ်။ ၂ ခုကို သူတို့ ကစားမယ်။ ကျန်တဲ့ ၈ ခုကို တမဏ္ဍပ်ကို ၃၈ သိန်းနဲ့ ရောင်းတယ်အကို” ဟု ထိုလမ်းတလျှောက်တွင် ရေပက်ကစားမည့် လူငယ်များနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “သင်္ကြန်မဏ္ဍပ် ဆောက်တဲ့ ပါမစ်တွေက ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ် အသိုင်းအ၀ိုင်းက ရတာများတယ်။ ဗိုလ်ချုပ်တင်အောင်မြင့်ဦး သားဆိုရင် ဖိုးလပြည့်ကြောင့် ကောင်းတဲ့နေရာတွေ မရဘူးလို့ လူငယ်အသိုင်းအ၀ိုင်းက ပြောနေတယ်” ဟု ပြောသည်။

ရရှိလာသည့် ပါမစ်များကို သူတို့က နေရာဒေသအလိုက် ဈေးနှုန်း ကွဲပြားကာ ရောင်းချလေ့ရှိသည်။

ရေကစားလိုသူများက မဏ္ဍပ်ပါမစ်ကို ၀ယ်ယူပြီးနောက်၊ တာဝန်ခံများက ရပ်ကွက်အတွင်းရှိ ရေကစားမည့် သူများကို ရှာဖွေကာ အချိုးကျ ငွေခွဲ၍ မဏ္ဍပ်များ ဆောက်လုပ်ခြင်းဖြစ်သည်။

အင်းလျားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းတွင် တည်ရှိမည့် သင်္ကြန် မဏ္ဍပ်များကိုမူ အကြီးစား ဆောက်လုပ်ခွင့် မပေးဘဲ၊ အလတ်စားနှင့် အငယ်စားများသာ ဆောက်လုပ်ရမည်ဟု ပြီးခဲ့သည့်လ ၂၅ ရက်နေ့တွင် ပြည်တွင်းထုတ် ဂျာနယ်သတင်းထောက်များနှင့် တွေ့ဆုံစဉ်က ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောဆိုခဲ့ကြောင်း ယခုတပတ် နောက်ဆုံးထုတ် The VOICE တွင် ဖော်ပြထားသည်။

သို့သော် မည်သည့်အတွက်ကြောင့် ယခုလို တားမြစ်ရသည်ကိုမူ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပါ။

လမ်းမအတိုင်း ပေ အရှည် ၅၀ နှင့်အထက်ကို အကြီးစား၊ ၂၅ ပေ နှင့် ပေ ၅၀ အကြားကို အလတ်စား၊ ၂၅ ပေ အောက်ကို အငယ်စား မဏ္ဍပ်များအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ယခု လမ်းနှစ်လမ်းတွင် မဏ္ဍပ်များ ပလက်ဖောင်း အသုံးပြုဈေးနှုန်းမှာမူ ကျပ် ၅ သောင်း၊ အခြားနေရာများတွင် မဏ္ဍပ်အကြီးစားဆိုလျှင် ကျပ် ၃ သောင်း၊ အလတ်စားမှာ ကျပ် ၂ သောင်းနှင့် အငယ်စားမှာမူ ကျပ် တသောင်း စပေါ်တင်ရကြောင်းနှင့် ပလက်ဖောင်း ပျက်စီးမှု ရှိပါက ကျသင့်ငွေအတိုင်း ပေးလျော်ရမည်ဟုဆိုကာ ကတိစာချုပ် ချုပ်ဆိုကြရသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် အင်းလျားလမ်း၌ မဏ္ဍပ် စင် ၅၀ ၊ တက္ကသိုလ် ရိပ်သာလမ်း၌ ၂၄ စင်နှင့် အခြားနေရာတွင် မဏ္ဍပ်အမျိုးအစားစုံ စုစုပေါင်း ၂၂၈ စင် ရှိခဲ့ကြောင်း မြို့တော် စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) စာရင်းက ဆိုသည်။

အသက် ၂ဝ နှစ်ခန့်ရှိ ဖိုးလပြည့်မှာ လှိုင်သာယာမြို့နယ် နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေသည်။

ပြီးခဲ့သည့်နှစ်က စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်၏ သင်္ကြန်မဏ္ဍပ်က ဖြန့်ဖြူးခဲ့သော ရာဘဆေးပြားကို ဖိုးလပြည့် သုံးစွဲခဲ့သည်ကို မိသားစုက သိပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒေါသထွက်ကာ၊ ရန်ကုန်လူကုံထံ အသိုင်းအဝိုင်း လူငယ်အချို့အကြား ရေပန်းစားသော စိတ်ကြွဆေးပြား ဖြန့်ဖြူးသည့် ဂိုဏ်းကို ဖမ်းဆီးမှုများ လုပ်ခဲ့သည်။

ထိုအထဲတွင် မောင်ဝိတ်လည်း ပါဝင်ခဲ့သဖြင့် ထောင်ချခံရကာ၊ ယခုအခါ ဧရာဝတီတိုင်း ပုသိမ်မြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်

မြင့်မောင်
တနင်္လာနေ့၊ ဧပြီလ 06 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်နေကြောင်း သိရသည်။

အကျယ်ချုပ် ကျခံနေရသည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ် ရပ်သာလမ်းရှိ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် ယခုလ ၂ ရက်နေ့က တွေ့ဆုံခွင့် ရခဲ့ရာမှ သိရှိရခြင်းဖြစ်သည်။

“ဒေါ်စုနဲ့ တွေ့တာ မှန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က တွေ့တယ်။ ဒေါ်စုရဲ့ ကျန်းမာရေး ကောင်းတယ်။ ဒါပေမဲ့ သူနဲ့အတူနေတဲ့ ဒေါ်ခင်ဝင်းက ကျန်မာရေး သိပ်မကောင်းဘူး” ဟု အန်အယ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခုနှစ်အတွင်း ဒေါ်ခင်ခင်ဝင်းသည် အစာအိမ်ရောဂါဖြင့် ဆေးရုံတက်ရောက်ကာ ဆေးဝါးကုသခွင့် ခံယူခဲ့သေးကြောင်း သူက ဆက်ပြောသော်လည်း၊ လက်ရှိ ကျန်းမာရေး အခြေအနေကို အသေးစိတ် ပြောဆိုခြင်း မပြုပါ။

သူမသည် ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က မြန်မာပြည်အလယ်ပိုင်း ဒီပဲယင်းအရပ်၌ စစ်အစိုးရ နောက်ခံပြုထားသည့် လူအုပ်ကြီးက အန်အယ်ဒီ ပါတီဝင်များကို အကြမ်းဖက် တိုက်ခိုက်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်များက အကျယ်ချုပ် ချခဲ့စဉ်ကတည်းက သမီးဖြစ်သူနှင့်အတူ နေထိုင်ကာ ကူညီစောင့်ရှောက်လာသူ ဖြစ်သည်။

နေရပ်ပြန်ခွင့်ရရေး မလေးရှားရောက် မြန်မာများ ဆန္ဒပြ

မြင့်မောင်
သောကြာနေ့၊ ဧပြီလ 03 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှား လူဝင်မှုကြီးကြပ်ရေးက စမှုံညင်း ထိန်းသိမ်းရေးစခန်း၌ ဖမ်းထားသည့် မြန်မာလုပ်သား ၁၈ဝ ကျော်သည် နေရပ်နိုင်ငံ ပြန်ပို့ရေးအတွက် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ဆန္ဒပြနေသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအထိ အဖမ်းခံထားရသူများကို ထိုင်းနယ်စပ်မှတဆင့် ပြန်လည်လွှတ်ပေးခြင်းမပြုဘဲ လဝက စခန်းတွင် ဖမ်းထားသည်ကို မကျေနပ်သဖြင့် ဆန္ဒပြခြင်းဖြစ်သည်။

''ထိုင်းနယ်စပ်ကို စွန့်ပစ်ပေးဖို့ ပြောတယ်။ ထွက်ရဖို့ ဘာမှ မျှော်လင့်လို့ မရဘူးလေ။ အဲဒါကြောင့်မို့ ဆန္ဒပြတာပါ'' ဟု စခန်းတွင်းရှိ မြန်မာလုပ်သား ကိုညီညီက မဇ္ဈိမကို ပြောသည်။

စခန်းထဲတွင် ဘားတိုက် အဆောက်အဦ ၅ ခု ရှိရာ ယခုအခါ အဆောင်နှစ်ခုရှိ မြန်မာများ ဆန္ဒပြနေခြင်းဖြစ်သည်။

အဆိုပါ စခန်းအတွင်း ထိန်းသိမ်းခံခဲ့ရဖူးသူ မြန်မာလုပ်သားတဦးက “Camp (စခန်း) ထဲမှာ နေရတဲ့ ဘဝကလည်း မစားသာဘူး။ နေ့လယ်ဆို အရမ်းပူတယ်။ ညဆိုလည်း အရမ်း အေးတယ်။ အဆောင်တွေက သံဇကာတွေနဲ့ အဆောင်ဆိုတော့ သိတဲ့အတိုင်းပဲ။ အစားအသောက်ဆိုလည်း ငါးခြောက်နဲ့ပဲ စားရတယ်။ UNHCR ရဲ့ အကူအညီ မရဘူး။ ခေါင်းချစရာ နေရာတောင် ကောင်းကောင်းမရှိဘူး။ ကျပ်သိပ်နေတာ” ဟု မဇ္ဈိမကို ပြောသည်။

တဆောင်လျှင် အလျား ပေ ၈ဝ ၊ အနံ ပေ ၂ဝဝ နီးပါး အကျယ်အဝန်းရှိပြီး၊ တဆောင်စီတွင် လူဦးရေ ၃ဝဝ မှ ၅ဝဝ အကြား ထားရှိသည်။ အမျိုးသားများအတွက် အဆောင် ၄ ဆောင်နှင့် အမျိုးသမီးများအတွက် တဆောင် သတ်မှတ်ထားသည်။

အဖမ်းခံရသူများမှာ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် မြန်မာများ ဖြစ်ပြီး၊ အများစုမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်သည်။ အားလုံးကို ရောထားကာ၊ စခန်းတခုလုံး၌ မြန်မာလုပ်သားက ၄ဝဝ ကျော် ရှိနေသည်။ အဖမ်းခံရသူများထဲတွင် ယူအန် ဒုက္ခကဒ်ရှိသူများ၊ အလုပ်သမားကဒ် ကိုင်ဆောင်ထားသူများ၊ တရားမဝင် အလုပ်လုပ်ကိုင်နေသူများ ရောနှောပါဝင်နေသည်။

အခြားနိုင်ငံသားအချို့ကို သံရုံးများက လာခေါ်ထုတ်သလို၊ နိုင်ငံချင်း ထိစပ်သော အင်ဒိုနီးရှား နယ်စပ်သို့ သူ့နိုင်ငံသားများ ပို့ရာတွင်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အသာတကြည် လက်ခံလေ့ရှိသည်။

မြန်မာများအဖို့မူ ပတ်စ်ပို့ မရှိသလို၊ လေယာဉ်လက်မှတ်ဖိုး မတတ်နိုင်ဖြစ်နေကာ၊ ကွာလာလန်ပူရှိ မြန်မာသံရုံးကလည်း လက်ခံဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

မြန်မာလုပ်သားက ''မြန်မာတွေက ဒုက္ခရောက်ရောက်၊ သေတာပဲဖြစ်ဖြစ်၊ ရိုက်လို့ကျိုးလို့ဖြစ်ဖြစ် သံရုံးက တာဝန်မယူဘူး။ အဲဒီတော့ ထိုင်းနယ်စပ်ကတဆင့် လွှတ်ရတာ။ ဒါပေမဲ့ ဒီအတိုင်း လွှတ်လိုက်လို့ရှိရင် ထိုင်းနယ်စပ်မြို့တွေမှာ ဗရုသုက္ခတွေ ဖြစ်တယ်။ ဆိုတော့ ပွဲစားလက်ထဲ လက်သိပ်ထိုး အပ်လိုက်တော့ ဒီလူတွေက ပြန့်မသွားဘူး။ မသိသာဘူး။ ဒီနိုင်ငံအစိုးရကိုလည်း သွားပြီး၊ အပြစ်တင်လို့ မရဘူး။ တကယ်က ကျနော်တို့အစိုးရရဲ့ တာဝန်ပျက်ကွက် လစ်ဟာမှုတွေ၊ လူမဆန်တဲ့ စိတ်ဓာတ်တွေကြောင့် အဲလိုဖြစ်နေတာ'' ဟု ဆိုသည်။

ကိုညီညီက ''ဒီကနေ့ လဝက ပြောတာက ထိုင်းကိုလည်း ပို့မပေးနိုင်ဘူးတဲ့။ မင်းတို့ သံရုံးကိုလည်း အကြောင်းကြားတယ်တဲ့။ မင်းတို့ သံရုံးက လုံးဝကို လှည့်မကြည့်ဘူး၊ တခေါက်မှ မလာဘူးလို့ ပြောတယ်။ အဓိက အားကိုးစရာ ယူအန် (UNHCR) ပဲ ရှိတယ်။ ဘယ်လို အတိုင်းအတာအထိ ကူညီမလဲတော့ မသိဘူးပေါ့ကွာ။ ထုတ်ချင်သူရှိရင်တော့ သူတို့က အမြန်ထုတ်ပေးတာပဲလေ။ တချို့ကျတော့လည်း နှစ်ချီပြီး ကြာတဲ့သူလည်း ရှိတယ်'' ဟု ဆိုသည်။

ယမန်နေ့က ဆန္ဒပြနေစဉ် UNHCR က အထိန်းသိမ်းခံများနှင့် တွေ့ဆုံခွင့် ရရှိရေး တောင်းဆိုသော်လည်း စခန်းအာဏာပိုင်များက ခွင့်မပြုခဲ့ပါ။

ထိုင်းနယ်စပ်သို့ အမြန်ဆုံး စွန့်ပစ်ပေးခြင်း မရှိပါက ဆက်လက်၍ ဆန္ဒပြသွားမည်ဖြစ်ကာ၊ လာမည့် တနင်္လာနေ့တွင် အဆောင် B နှင့် D ရှိ မြန်မာများလည်း ဝင်ရောက်ဆန္ဒပြသွားမည်ဟု သိရသည်။

လွန်ခဲ့သည့် ကာလများတလျှောက် မလေးရှားရောက် နိုင်ငံခြားသား လုပ်သားများကို အစိုးရက လုပ်ပိုင်ခွင့် ပေးထားသည့် အဖွဲ့သားများက နေအိမ်များအထိပါ အဖမ်းအဆီးများ ရှိခဲ့ရာ စမှုံညင်းနှင့် အခြား လဝက ထိန်းသိမ်းရေး စခန်းများတွင် အများအပြား အဖမ်းခံထားရသည်။

၂ဝဝ၇ ခုနှစ်တွင် တရားဝင် ထုတ်ပြန်သည့် မလေးရှား လဝက သန်းခေါင်စာရင်းအရ မလေးနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာလုပ်သားပေါင်း ၅ သိန်းခန့်ရှိကြောင်း သိရသည်။

အဆိုတော် ဆောင်းဦးလှိုင် စင်္ကာပူ ဂီတဖျော်ဖြေပွဲ မသေချာ

မြင့်မောင်၊ နန်းဒေဝီ
ကြာသပတေးနေ့၊ ဧပြီလ 02 2009


နယူးဒေလီ (မဇ္စျိမ)။ ။ စင်္ကာပူနိုင်ငံ မြန်မာသင်္ကြန် အကြိုပွဲတော် အထူးဖျော်ဖြေရေး ဂီတခရီးစဉ်အတွက် အဆိုတော် ဆောင်းဦးလှိုင် သွားရောက် ဖျော်ဖြေရန် မသေချာသေးကြောင်း သိရသည်။

ယခုလ ၁၂ ရက်၊ တနင်္ဂနွေနေ့တွင် စင်္ကာပူရှိ မြန်မာများထံ သွားရောက်ဖျော်ဖြေရန် စီစဉ်ထားသော်လည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေးမှာ အဆင်မပြေသေးသဖြင့် သူ လိုက်ပါရေး မသေမချာ ဖြစ်နေသည်။

“ကျန်တဲ့သူတွေကတော့ ၁ဝ ရက်နေ့ ထွက်မယ်။ ကျနော်တော့ ပတ်စ်ပို့သက်တမ်း တိုးရဖို့ လှုပ်ရှားနေတုန်းပဲ။ ရနိုင်မယ့် အခြေအနေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ အခုထိ လက်ဝယ် ဘာမှ မရရှိသေးဘူး” ဟု ဆောင်းဦးလှိုင်က မဇ္စျိမကို ပြောသည်။

၂ဝဝ၇ ခုနှစ်တွင် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ခဲ့ရာ အာဏာပိုင်များက ပညာရေးကင်းရှင်းကြောင်း EC တောင်းခံခဲ့သဖြင့် ယခုလို အဆင်မပြေ ဖြစ်ရသည်။ သူသည် ဆေးဘက်ဆိုင်ရာ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ ဖြစ်သည်။

M 1 တယ်လီဖုန်းလိုင်းနှင့် MAI မြန်မာ့လေကြောင်းက စပွန်ဆာပေး စီစဉ်သည့် ၎င်းသင်္ကြန်ဖျော်ဖြေပွဲတွင် D-J ဖြိုး၊ ဖြူဖြူကျော်သိန်း၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဦးဇော်ဝမ်း၊ ရှင်ဖုန်း၊ ရဲလေး၊ ဥက္ကာဦးသာ စသည့် မြန်မာ ပရိသတ်အကြိုက် အဆိုတော်များ သွားရောက်ဖျော်ဖြေမည်။

ဖျော်ဖြေပွဲကို Patent ကွင်းတွင် နေ့လယ် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်။

လက်မှတ်တစောင်လျှင် စင်္ကာပူ ၁၅ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သော်လည်း ကမ္တာ့ငွေကြေးပြဿနာ ရင်ဆိုင်ရချိန် ဖြစ်သဖြင့် မြန်မာများ အားပေးကြည့်ရှုရန် အခက်အခဲရှိကြောင်း လက်မှတ်ရောင်းသူတဦးက ပြောသည်။

လက်မှတ်စောင်ရေ တသောင်းကျော် စီစဉ်ထားသည့်အနက် ယခုအခါ စောင်ရေ ၃၅ဝဝ ရောင်းချပြီးဖြစ်သည်။

စင်္ကာပူမှာ လက်ဖက်ရောင်းချခွင့် ပိတ်ပင်မှုများ ရှိနေ

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 01 2009


နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံထုတ် လက်ဖက်အမျိုး ၂ဝ တွင် အဝါရောင်ဆိုးဆေး Auramine O သုံးစွဲထားကြောင်း AVA ခေါ် စင်္ကာပူ လယ်ယာသီးနှံနှင့် တိရစ္ဆာန်ဌာနမှ စစ်ဆေးတွေ့ရှိသဖြင့် မတ်လ ၃ဝ ရက်နေ့က စတင်၍ ပိတ်ပင်လိုက်သည်။

စင်္ကာပူနိုင်ငံ ပင်နီဇိုလာ ပလာဇာတွင် ဖွင့်လှစ်ထားသည့် မြန်မာပစ္စည်း အရောင်းဆိုင် ၁ဝဝ နီးပါးထံမှ လက်ဖက်နှင့် ပတ်သက်သော အစားအသောက်များကို AVA ဋ္ဌာနက စစ်ဆေးခြင်း၊ သိမ်းဆည်းခြင်းနှင့် ရောင်းချခွင့် ပိတ်ပင်တားဆီးနေခြင်း ဖြစ်သည်။

“မြန်မာပြည်က (ပိတ်ပင်ကြောင်း) သတင်းရတဲ့အချိန်မှာ တချို့ဆိုင်တွေမှာ လက်ကျန်ရှိတယ်။ တချို့ဆိုင်တွေမှာ လက်ကျန် မရှိဘူး။ ကျမတို့ ဆိုင်တွေမှာလည်း လက်ကျန် မရှိဘူး။ လက်ကျန်ရှိတဲ့ ဆိုင်တွေက နမူနာတွေကို ယူပြီးတော့ ကျန်းမာရေးဌာနကို ပို့တယ်။ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးတယ်။ ဒါတွေကို သုံးလို့ မရဘူးလို့ အဖြထွက်လာတဲ့ အခါမှာ အကုန်လုံးကို လိုက်သိမ်းယူခဲ့တယ်” ဟု ကုန်စုံဆိုင်ပိုင်ရှင် မကေသီက မဇ္ဈိမကို ပြောသည်။

သူ့ဆိုင်တွင် တင်သည့် လက်ဖက်ခြောက် ၉ မျိုးကိုမူ ကိုယ်တိုင် လွှင့်ပစ်ခွင့် မပြုဘဲ AVA က သိမ်းယူကြောင်းနှင့် ဤလက်ဖက်ခြောက်များ စားသုံးမိပါက လူကို အန္တရာယ်ဖြစ်စေသည် ပြောဆိုသွားကြောင်း သူက ဆိုသည်။

လက်ဖက်နှင့် အခြားပစ္စည်းများ ရောင်းနေသည့် ဆိုင်ရှင်တဦးက “ကျမတို့ တဦးချင်းကို အထောက်အထားတွေ ယူတယ်။ လက်မှတ်တွေ ထိုးခိုင်းတယ်။ သူတို့ သိမ်းသွားတဲ့ ပစ္စည်းတွေကို အထောက်အထားတွေနဲ့ နံပါတ်တွေ အကုန်လုံး ယူသွားတယ်။ စစ်ဆေးပြီးရင် အကြောင်းကြားမယ် ပြောတယ်။ တခါတည်း သိမ်းသွားတာ မဟုတ်ဘူး” ဟု ပြောသည်။

ကုမ္ပဏီတခုမှ လက်ဖက်တမျိုးကို စစ်ဆေးကြည့်ခြင်းဖြင့် အဝါရောင်ဆိုးဆေး ပါရှိပါက အဆိုပါ ကုမ္ပဏီထုတ် မည်သည့် လက်ဖက် အမျိုးအစားမဆို ရောင်းချခွင့် ပိတ်ပင်သည်။

ရိုးရိုးလက်ဖက်၊ လက်ဖက်အညွန့်နှပ်၊ ချဉ်စပ်၊ ဓညင်းသီးလက်ဖက်၊ ရှူးရှဲလက်ဖက်များ ရှိသည့်အနက် အချို့ကုမ္ပဏီထုတ်များထဲတွင် ဆိုးဆေးတွေ့ရှိထားကြောင်း သိရသည်။

အစစ်အဆေး မခံရသေးသဖြင့် ရောင်းချနေဆဲ ဆိုင်များမှ ဝယ်ယူစားသုံးသဖြင့် အစာအဆိပ်သင့်မှု ဖြစ်ပါက တရားစွဲခံရမည်ဟု AVA က ဆိုထားပြီး၊ ရောင်းချခွင့်ပြုသည့် ပစ္စည်းများကို အကြောင်းကြားကာ၊ ရောင်းချခွင့် မရသော ပစ္စည်းများကိုမူ လာရောက်သိမ်းယူသည်။

ယခုအထိ AVA က ရောင်းခွင့်မပေးသည့် ပစ္စည်းစာရင်းတွင် အရီးတောင်းအမည်ဖြင့် ၄ မျိုး၊ လုံမေ ၅ မျိုး၊ ယုဇန ၈ မျိုး၊ ဦးကာက-ဒေါ်စိန် ဇယန်းချဉ်၊ စိုးဝင်း အချိုခြောက်၊ ပင်ပျိုရွက်နု ဖြစ်ကြောင်း ဓာတ်ပုံတကွ http://www.ava.gov.sg ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ ရောင်းချခွင့် မပြုသည့် စာရင်းတွင် ပါဝင်ခြင်း မရှိသည့် ယုဇနလက်ဖက်ကိုလည်း စင်္ကာပူတွင်မူ အဝါရောင် ဆိုးဆေးပါသဖြင့် ပိတ်ပင်ထားကြောင်း သိရသည်။

လက်ဖက်ရောင်းချခွင့် တားမြစ်သတင်း ပေါ်ထွက်လာသော်လည်း မြန်မာအချို့ကမူ လက်ဖက် စားသောက်ရန် ဆိုင်များသို့ လာမေးနေဆဲဖြစ်ကြောင်း ဆိုင်ရှင်များက ဆိုကြသည်။

ယခင်နှစ်များကတည်းက မြန်မာ့ထုတ်ကုန် အစားအသောက်အချို့ကို စင်္ကာပူက ပိတ်ပင်ထားခဲ့သေးသည်။

မြန်မာနိုင်ငံထုတ် ရှမ်းခေါက်ဆွဲခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဆေးဘဲဥများ ရောင်းချသည်ကို တွေ့ရှိပါက လွှင့်ပစ်သည်။ ဒုတိယအကြိမ် တွေ့ပါက AVA သို့ ဒဏ်ငွေ ပေးရကာ၊ တတိယအကြိမ်တွင်မူ တရားရင်ဆိုင်ရမည်ဟု မကေသီက ပြောပြသည်။

မြန်မာပြည်တွင် မစားသုံးသင့်သည့် လက်ဖက်အမျိုးအစားပေါင်း ၁ဝဝ ထုတ်ပြန်ထားပြီးနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက တားမြစ်ဆိုးဆေး ပါဝင်သော လက်ဖက်တန်ချိန် ၈ဝဝ ကျော်ကို မတ်လ နောက်ဆုံးအပတ်ထိ မြေဖို့ဖျက်ဆီးခဲ့ကြောင်း ပြောဆိုချက်ကို နောက်ဆုံးထုတ် Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

ဘုရားရင်ပြင်ပေါ်ရှိ ဆိုင်ခန်းများ အဓမ္မ အဖျက်ခံရ

မြင့်မောင်
သောကြာနေ့၊ မတ်လ 27 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ ပဲခူးမြို့ ရွှေအပ်ထုပ် ဘုရားရင်ပြင်ပေါ်ရှိ ဘုရားဂေါပကအဖွဲ့ပိုင် ဆိုင်တန်းမှ ဆိုင်ခန်း ၇ ခန်းကို ကျခတ်ဝိုင်း ဆရာတော်၏ မိန့်ကြားချက်အရ ယမန်နေ့မှ စတင်ကာ အတင်းအကျပ် ဖျက်နေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

နန်းတော်ရာရပ်ကွက် ရှင်စောပုလမ်းရှိ ရွှေအပ်ထုပ်ဘုရား ရင်ပြင်တော်ပေါ်သို့ မိုးပျံလှေကား တပ်ဆင်ရန် နေရာမလွတ်ဟုဆိုကာ ကျခတ်ဝိုင်း ဆရာတော် ဦးဇောတိပါလက ဦးဆောင်ဖျက်ဆီးနေခြင်း ဖြစ်သည်။

“ဘုရားဂေါပက ပိုင်တဲ့ ဆိုင်ခန်း ၇ ခန်း ရှိတယ်။ မိုးပျံလှေကားလုပ်တဲ့ အခါကျတော့ ဆိုင် ၇ ခန်းက ကွယ်တယ် ဆိုပြီးတော့ ကျခတ်ဝိုင်း ဆရာတော်က ဖျက်ခိုင်းတယ်။ ဂေါပကတွေ ညှိပြီးတော့ အစွန်ဆုံး နှစ်ခန်းကို ဖျက်ပြီးတော့ ကျန်တဲ့ ၅ ခန်းကို ၄ ပေစီလောက် နှိမ့်ပေးလိုက်တယ်။ အဲဒါကို ဆရာတော်က မကျေနပ်ဘူး။ ကျနော်တို့ကို ဖျက်ခိုင်းတယ်။ မြို့နယ်က ညွှန်ကြားချက်နဲ့ ဖျက်ရမယ်လို့ ပြောတယ်” ဟု ရွှေအပ်ထုပ် ဂေါပက ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။

ယခုအခါ ကျန်ရှိသည့် ဆိုင်ခန်း ၅ ခန်းအနက် ဆရာတော်က ဦးဆောင်ကာ ဖျက်ဆီးနေရာ ၂ ခန်းသာ ကျန်ရှိတော့သည်။

ဂေါပက ဥက္ကဋ္ဌက “ဆိုင်ခန်းရှင်တွေ လာရင်လည်း ဆိုင်ခန်းရှင်တွေကို ဆဲဆိုတယ်။ ငါ ကိုင်တုတ်တယ်။ ငါ အသက် ၈၉ နှစ်ရှိပြီ၊ အခုချိန်ထိ လူသတ်ရဲတယ်။ မင်းတို့ လက်မှတ်ထိုးဆိုပြီး အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတယ်” ဟု ဆက်ပြောသည်။

အဖျက်ခံရသည့် ဆိုင်ခန်းများမှာ ဒန်အိုးဒန်ခွက်အဟောင်းများနှင့် ပလပ်စတစ် အရောင်းဆိုင် ၂ ဆိုင်၊ ကားတာယာ အဟောင်းဆိုင်၊ တီဗီ-ကက်ဆက် ပြင်ဆိုင်၊ ကားမှန်လိုင်နာ ပြင်ဆိုင် ၂ ခန်းနှင့် ဘုရား ပြုပြင်ရန်အတွက် ပစ္စည်းပစ္စယများ ထားရှိသည့် ဂိုဒေါင်ဖြစ်သည်။

အဖျက်ခံရသည့် ကားမှန်လိုင်နာ ဆိုင်ရှင်က “ကျနော် အရမ်းကို ဒုက္ခရောက်နေပါတယ်။ ညက ၃ ခန်းဖျက်တယ်။ ကျခတ်ဝိုင်း ဆရာတော်ရဲ့ တပည့်ဖြစ်တဲ့ ကိုဝင်းအောင်နဲ့ ကိုဖုန်းနိုင်တို့က ဖျက်တာဗျာ။ ကျနော့်ဆိုင်ခန်းထဲမှာ ကားမှန်တွေရော၊ ကားပစ္စည်းတွေ အများကြီး ရှိသေးတယ်။ ကျနော့်ဆိုင်ကတော့ ဖျက်မယ့်ထဲ ပါပေမယ့် အဖျက်မခံသေးဘူး” ပြောသည်။

သူက ဆက်ပြီး “ဆိုင်ခန်းထဲမှာ ပစ္စည်းတန်ဖိုး ၁၅ သိန်းလောက် ရှိတယ်။ ကျနော့်ပစ္စည်းတွေ ကွဲခဲ့ရင် လျော်ကြေးပေးရမယ်လို့ ကိုဝင်းအောင်နဲ့ ကိုဖုန်းနိုင်ကို ညက သွားပြောထားတယ်။ ဒီနှစ်ခန်းက ဘာ့လို့ အခုချိန်ထိ မဖျက်သေးတာလဲ ပြောပြီး ဆဲဆိုသွားတယ်” ဟု ပြောသည်။

ဖျက်ဆီးပြီး ဆိုင်ခန်းများတွင် ထားရှိသည့် ပစ္စည်းအချို့ကို ဆရာတော်နှင့် တပည့်များက ယူသွားကြောင်းနှင့် ဆရာတော်ကြီးသည် အာဏာပိုင် အကြီးအကဲများနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံ တိုင်ကြားရန်မှာ အခက်အခဲရှိကြောင်း ဒေသခံများကလည်း ပြောဆိုကြသည်။

ဝက်သားဟင်းရောင်းလို့ အရိုက်ခံရ

မြင့်မောင်
ကြာသပတေးနေ့၊ မတ်လ 19 2009

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပဲခူးမြို့ ဥဿာမြို့သစ် ပင်စည်ယာယီဈေးအတွင်း လိုင်စင်မဲ့ ဝက်သား ဖမ်းဆီးရာ ဝက်သားဟင်းရောင်းသူ အမျိုးသမီးကို စစ်အရာရှိ၊ ဈေးစည်ပင်နှင့် ဝက်သားလိုင်စင် ယူထားသူများက ယခုလ ၅ ရက်နေ့တွင် ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ပဲခူးအခြေစိုက် တပ်မ ၇၇ မှ စစ်ရေး ဦးစီးအရာရှိ ဗိုလ်ကြီးမျိုးမြင့်အောင် (အရပ်ခေါ် ဂျီသရီး) ၏ ကားနံပါတ် ဇ/၉၅၃၆ (စစ်ရောင် - Double Cup) ဖြင့် ဝက်သားလိုင်စင် ယူထားသူ ဦးတင်သိန်း၏ အလုပ်သမား ၇ ဦးခန့်သည် ညနေပိုင်းတွင် ဈေးသို့လာပြီး ဈေးစည်ပင်ဝန်ထမ်းနှင့်အတူ ဟင်းဆိုင်ကို ဖျက်သလို၊ ဆိုင်ရှင် မစန်စန်းလှကိုပါ ရိုက်နှက် ထိုးကြိတ်ခဲ့သည်။

“စည်ပင်သာယာက ဦးသန်းဝင်း ကျမကို ဆံပင်တွေ ဆောင့်ဆွဲတယ်။ ကားပေါ် အတင်း မ တင်တယ်။ လက်သီးနဲ့ ထိုးတယ်။ ပါးတွေနားတွေ ရိုက်တယ်။ ပေတရာပေါ်မှာ ပြုတ်ကျတယ်။ ကျမ အဲဒီအချိန်မှာ သတိလစ်သွားတယ်” ဟု မစန်းစန်းလှက ပြောသည်။

ပဲခူးမြို့မှ ရှေ့နေ ဦးအေးမြင့်က “လာဖမ်းတဲ့ ဗိုလ်ကြီး မျိုးမြင့်အောင်နဲ့ စည်ပင်သာယာက စည်းကမ်း ထိန်းသိမ်းရေး ကိုသန်းဝင်း မူးနေတယ်။ ဘာမှ တာဝန်မရှိသူတွေက နင် လိုက်ခဲ့၊ ဖမ်းတယ်ဆိုပြီး ပြောတယ်။ ရှင်တို့ မူးရူးနေတာ ကျမ မလိုက်နိုင်ဘူး ပြောတော့ မစန်းစန်းလှကို ရိုက်နှက်တာ” ဟု ပြောသည်။

ဆိုင်ကိုဖျက်ရာတွင် ဗိုလ်ကြီးလည်း ပါဝင် ဖျက်ဆီးခဲ့ကြောင်းနှင့် လိုင်စင်မဲ့ ဝက်သား ဖမ်းရာ ဝက်သားအစိမ်းသာ ဖမ်းခွင့်ရှိပြီး၊ ချက်ထားသည်ကို ဖမ်းမရကြောင်း သူက ဆိုသည်။

ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - ရယက ရုံးရှေ့တွင် အခင်းဖြစ်ပွားရာ၊ ရယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ လာကြည့်ခဲ့ကြသည်။

ဒေသခံတဦးက “ချက်ထားတဲ့ ဝက်သားအိုးကိုလည်း ကန်မှောက်ပစ်တယ်။ လူတွေက မခံနိုင်ဘူး။ ကောင်မလေးကို ပါးရိုက်၊ အင်္ကျီဆောင့်ဆွဲလုပ်တော့ ဒဏ်ရာတွေ ရလာတယ်။ လူတွေက မခံချင်တော့ ဝိုင်းလုပ်မယ်ဆိုတော့ စစ်ကား ဖြစ်နေတယ်” ဟု ပြောသည်။

ထို့နောက် အမှတ် ၇ ရယက ရုံးနှင့် အမှတ် ၃ ရဲစခန်းသို့ မစန်းစန်းလှက သွားတိုင်ခဲ့သည်။

ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ် စန်းညွန့်က “အမှုဖွင့်ထားပါတယ်။ ဝက်လိုင်စင် ယူထားသူ (ဦးတင်သိန်း) ရဲ့ လူ ကိုသန့်စင်က ဒေါ်စန်းစန်းလှကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ စွဲထားတယ်။ ဒေါ်စန်းစန်းလှကတော့ သူကို ဆံပင်ဆွဲတယ်၊ ပါးရိုက်တယ်၊ ပစ္စည်းတွေ ရိုက်ချိုးသွားတယ်၊ ကာယိနြေ္ဒပျက်အောင် လုပ်တယ်ဆိုပြီး တိုင်ထားတယ်။ နှစ်ဖက်စလုံးက အပြန်အလှန် အမှုဖွင့်ထားတယ်” ဟု ပြောသည်။

မစန်းစန်းလှသည် ရဲစခန်းမှ ပေးလိုက်သည့် ဆေးစာဖြင့် ပဲခူး ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုခဲ့သည်။

သူက ထိုနေ့ ရက်စွဲဖြင့်ပင် ပဲခူးတိုင်း အမျိုးသမီးရေးရာ အဖွဲ့သို့လည်း တိုင်ကြားခဲ့သည်။
(အမျိုးသမီးရေးရာ အဖွဲ့သို့ တိုင်စာ)

'အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့' သံချပ်ခွေ စတင်ဖြန့်ချိ

မြင့်မောင်
တနင်္လာနေ့၊ မတ်လ 16 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့ အမည်ရ ပွဲသိမ်းတိုက်ပွဲခေါ် သံချပ်ခွေကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယမန်နေ့က နယူးဒေလီမြို့တွင် စတင် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

၁၁ ကြိမ်မြောက်ဖြစ်သည့် ယခု မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ထဲတွင် မြန်မာ စစ်အစိုးရ သာမက ပြည်ပအခြေစိုက် အဝေးရောက် ညွန့်ပေါင်း အစိုးရကိုပါ ထည့်သွင်းဝေဖန်မှုများ ပြုလုပ်ထားသည်။

“ဒီနှစ် သံချပ်မှာက သင်ပုန်းကြီးကဏ္ဍထဲမှာ အဝေးရောက် ညွန့်ပေါင်းအစိုးရကို ဝေဖန်ထားတာလည်း ပါတယ်။ ကျနော်တို့ရဲ့ အစိုးရလည်း ဖြစ်တယ်။ သူတို့ကို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေမှာ ပြတ်ပြတ်သားသား ဆောင်ရွက်စေချင်တယ်” ဟု သံချပ်ရေးသူ ကဗျာဆရာ မြတ်ထက်က မဇ္ဈိမကို ပြောသည်။

'အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့' သံချပ်ခွေ မျက်နှာဖုံး

'အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့' သံချပ်ခွေ မျက်နှာဖုံး
သင်ပုန်းကြီးကဏ္ဍ အမည်ရ သံချပ်ထဲတွင် အာဝဇ္ဇန်းရွှင်ရွှင် အင်တာဗျူးတွင်၊ ၀န်ကြီးအားလုံး ပျော်ပျော်ရွှင်၊ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ် ဘာမှ လုပ်တာ ဒို့မမြင်''၊ ''အိပဲ့ အိပဲ့ လိပ်သွားနှုန်း၊ ၁၈ နှစ်ကျော်ကျော် အချိန်ဖြုန်း၊ ၂၀၀၉ ရောက်ပြီ အိပ်နေတုန်း၊ အန်တီစုရေ ကယ်ပါဦး''၊ ''အိမ်နီးချင်း နိုင်ငံများ၊ ၀န်ကြီးဝန်ငယ် ဘယ်သူမှ မသွား၊ စည်းရုံးရေး ခရီးစဉ် ရှာမှ ရှား၊ ထောက်ခံတဲ့သူ ရှိသေးလား'' ဟူသည့် စာသားများဖြင့် ထည့်သွင်း သီဆိုထားသည်။

သံချပ်နှင့် သီချင်း ၁၁ ပုဒ် ပါဝင်ရာ အဖွင့်၊ နှုတ်ခွန်းဆက်၊ ကြံ့ဖွတ်၊ လူထုဘ၀အခြေအနေ၊ နာဂစ်(၁)၊ နာဂစ်(၂)၊ ဥပဒေ၊ ဆန္ဒခံယူပွဲ၊ စပ်မိစပ်ရာ၊ သင်ပုန်းကြီး၊ တိုက်ပွဲခေါ်သံ ခေါင်းစဉ်များဖြင့် တင်ဆက်ထားသည်။

“ကျနော်တို့ သံချပ်တွေမှာ ပြည်သူလူတွေရဲ့ အသံကို ထင်ဟပ်ပေါ်လွင်စေတဲ့ သံချပ်ဖြစ်ပါတယ်။ ကျနော် ပြည်တွင်းက လူထုရဲ့ ခံစားချက်တွေကို ပြည်တွင်းကတဆင့် ပြန်ရပါတယ်။ ကျနော်တို့က လိမ်ညာမှုမပါတဲ့ သံချပ်ဖြစ်တယ်” ဟု ဆရာ မြတ်ထက်က ဆိုသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသည့် 'ဦးဆောင်သူများ ပြတ်သားစွာ ဆောင်ရွက်ရန်' နှင့် အန်အယ်ဒီပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်တင်က 'ထွက်ပေါက်ကို မစဉ်းဘဲ၊ ဖောက်ထွက်ကြပါ' ဆိုသည့် တိုက်တွန်းချက်များကိုပါ ထည့်သွင်းရေးသားထားသည်။

ဆရာမြတ်ထက်က ''ဖောက်ထွက်ဖို့၊ ကြိုးစားဖို့ ဆိုတာတွေက ခေါင်းဆောင်တွေက လိုက်ပြီးတော့ ဆောင်ရွက်မှ ဖြစ်မယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးကို ပြည်ပမှာ ဦးဆောင်နေတဲ့ ညွန့်ပေါင်းအစိုးရအနေနဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေမှာ၊ ကျနော်တို့ ဒီမိုကရေစီ အပြောင်းအလဲဖြစ်မယ့် လုပ်ငန်းစဉ်တွေမှာ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဦးဆောင်နိုင်ဖို့ အပြုသဘော ဝေဖန်ရေးသားထားတာပါ" ဟု ပြောသည်။

ယခုသံချပ်ခွေ ထုတ်လုပ်နိုင်ရေးအတွက် ကျောက်မဲကျော်ကြီး စီစဉ်ကာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ် ၂၅ ဦးခန့်က ပါဝင်အားဖြည့်ထားကာ သံချပ်ခွေကို မြန်မာအတာသင်္ကြန် ပွဲတော်အမီ ပြည်တွင်းပြည်ပသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။

မလေးပြန် ကူညီတတ်သူ ထောင်ဒဏ် ၁၇ နှစ်

မြင့်မောင်
ကြာသပတေးနေ့၊ မတ်လ 12 2009


နယူးဒေလီ (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်းမှ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီနေစဉ် အဖမ်းခံခဲ့ရသူကို ၈ လကြာမျှ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းထားရာမှ ယမန်နေ့က ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်သည်။

တောင်ဥက္ကလာပမြို့နယ်မှ ဦးထွန်းအောင်နှင့် ဒေါ်သိန်းသိန်း၏ သားဖြစ်သူဟု သိရသူ ကိုမင်းသိန်းထွန်း ခေါ် ကိုသီဟသည် ဧရာဝတီတိုင်းမှ လေဘေးဒုက္ခသည်များကို ကူညီနေရင်း ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်း အဖမ်းခံရကာ တရားမ၀င် အသင်းနှင့် ဆက်သွယ်ခြင်းနှင့် နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်မှု အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ယခုလို ပြစ်ဒဏ်ကျခံရခြင်း ဖြစ်သည်။

“မနေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးက ၁၇ နှစ်ပေါ့နော်၊ အီလက်ထရောနစ်၊ နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် အသင်းနဲ့ ဆက်သွယ်မှုနဲ့ ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်” ဟု ဆွေမျိုးတော်စပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ကိုမင်းသိန်းထွန်းသည် မလေးရှားနိုင်ငံသို့ တရားဝင် ပတ်စ်ပို့ဖြင့် ၂၀၀၅ ခုနှစ်မှ စတင်ကာ သွားရောက် အလုပ်လုပ်နေခဲ့ပြီး၊ ၂၀၀၈ ခုနှစ် မေလတွင် နာဂစ်မုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသူများကို ကူညီရန်အတွက် သူ၏ အွန်လိုင်းဘလော့ဂ်မှတဆင့် အလှူငွေနှင့် ပစ္စည်းများ တောင်းခံခဲ့သူဖြစ်သည်။

သူ၏ www.thiha.blogsport.com ဘလော့ဂ်မှာ ယခုအခါတွင် ဖတ်ရှု၍ မရနိုင်တော့ပဲ ဖြစ်နေသည်။

အကူအညီများကို ဧရာဝတီတိုင်းမှ မုန်တိုင်းသင့် ဘိုကလေး၊ လပွတ္တာ၊ ဒေးဒရဲမြို့များသို့ ကိုယ်တိုင် သွားရောက်ပို့ဆောင်နေရင်း ၃ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည့် ၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းက အဖမ်းဆီးခံခဲ့ရသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်သို့ လာရောက်ရှိဖွေမှုများ ပြုလုပ်ခဲ့သလို အောင်သပြေ စစ်ကြောရေးစခန်း၌ နှစ်လကြာ စစ်ဆေးပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

မိဘများမှာ ပင်စင်စားများဖြစ်သဖြင့် စီးပွားရေးအခြေအနေအရ အမှုအတွက် ခုခံချေပပေးမည့် ရှေ့နေကို ငှားရမ်းနိုင်ခြင်း မရှိကြောင်း သိရသည်။

နေပြည်တော် ဘုရားတွင် ဆွမ်းဆန်စိမ်း ကပ်လှူပွဲကြီး ပြုလုပ်မည်

မြင့်မောင်
တနင်္လာနေ့၊ မတ်လ 09 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်တွင် ပထမဆုံးအကြိမ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို မြို့နယ်အချို့မှ ပင့်ဖိတ်ထားသည့် သံဃာတော် ရှင်သူမြတ် ၆၀၀ ဖြင့် မနက်ဖြန် နံနက်ပိုင်းတွင် ပြုလုပ်သွားမည်။

စိန်ဖူးတော်နှင့် ငှက်မနားတော်တင်ပွဲကို ယမန်နေ့က ပြုခဲ့ပြီးနောက် နှစ်ရက်အကြာတွင်မူ ၀န်ကြီးဌာနများနှင့် ကုမ္ပဏီများက ဆွမ်းဆန်စိမ်း ကပ်လှူသွားကြမည့် အစီအစဉ်ဖြစ်သည်။

“နေပြည်အတွင်းမှာရှိတဲ့ ဆွမ်းဆန်စိမ်း လောင်းလှူဖို့ ဌာနဆိုင်ရာတွေ၊ ၀န်းကြီးဌာနတွေကို ညွှန်ကြားထားတယ်” ဟု ၀န်ကြီးဌာနတခုမှ တာဝန်ရှိ အရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် ညောင်ရွှေ၊ ဟဲဟိုး၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့အချို့မှ သံဃာတော် အပါး ၆၀၀ ပင့်ဖိတ်ထားရာ ကြွချီလာပြီဟု သူက ဆိုသည်။ သို့သော်လည်း အသေးစိတ် အစီအစဉ်ကိုမူ ပြောဆိုခြင်း မရှိပါ။

ယမန်နေ့က စိန်ဖူးတော်တင်ပွဲသို့ တက်ရောက် ဖူးမြော်ခဲ့သူတဦးက “စေတီတော်သွားတဲ့ လမ်းတလျှောက်လုံး သေနတ်ကိုင်ထားတဲ့ စစ်သားတွေ စောင့်နေတယ်။ နောက်ပြီး ဗုံးရှာတယ်လို့ထင်တာပဲ။ တပ်ဖွဲ့တဖွဲ့ကလည်း ဟိုကြားစစ်၊ ဒီကြားစစ်နဲ့ လုပ်တယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ပျဉ်းမနားမြို့ထဲကနေ စေတီတော်အထိ ပျော်ပွဲရွှင်ပွဲတွေ ရှိတယ်ဆိုတာကို ကားနဲ့ လိုက်အော်တယ်။ စေတီတော်နဲ့ ပျဉ်းမနားမြို့ထဲကို ပတ်ပြီး တော်ဝင်ကား (ဦးပိုင်ကစီစဉ်တဲ့ ကား) တွေ ဆွဲပေးတယ်။ တည်းခိုခန်းတွေကိုလည်း စေတီတော်ကို ဧည့်သည်တွေ အများကြီးလာမှာ၊ အဲဒီတော့ အခန်းတွေ သပ်သပ်ရပ်ရပ်ဖြစ်အောင် စီစဉ်ထားဆိုပြီး စာတွေ ပို့ထားတယ်” ဟု ပြောသည်။

အမည်မဖော်လိုသူ နေပြည်တော် ၀န်ထမ်းတဦးကလည်း “စေတီတော်နဲ့ ၀န်ထမ်း အိမ်ယာတွေ၊ အဆောင်တွေ သွားရေးလာရေး အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ နေ့စဉ် ရုံးတက်တာတောင် အဲဒီလောက်ကောင်းတဲ့ အစီအစဉ် မရှိပါဘူး။ အခုက တော်တော်ကို အဆင်ပြေအောင် စီစဉ်ပေးထားတယ်။ ညလုံးပေါက် ကားတွေ စီစဉ်ပေးထားတယ်” ပြောသည်။

“စေတီတော် ပျော်ပွဲရွှင်ပွဲမှာ လူစည်ကားတာကို လူကြီးတွေ မြင်ချင်လို့ ၀န်ထမ်းတွေ သွားဖို့ ညွှန်မှူးတွေကလည်း တိုက်တွန်းပါတယ်။ အတင်းအကျပ် ပုံစံမျိုးတော့ မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။

နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်တွင် တင်လိုက်သည့် စိန်ဖူးတော်သည် ရန်ကုန်မြို့ရှိ ကမ္ဘာကျော် ရွှေတိဂုံစေတီတော်မှ ပြောင်းရွှေ့အပူဇော်ခံခဲ့ခြင်း ဖြစ်သည်ဟူသာ ကောလာဟလများ ရန်ကုန်တွင် ပေါ်ထွက်နေသည်။

သို့သော်လည်း ရွှေတိဂုံ ဂေါပကအဖွဲ့ အတွင်းရေးမှူး ကိုဝင်းကြိုင်ကမူ မဟုတ်မှန်ကြောင်း ယခုလို ငြင်းဆိုသည်။

သူက “မဟုတ်ပါဘူးဗျာ။ ကျနော်တို့ စိန်ဖူးက ကျနော်တို့ဆီမှာ ရှိပါတယ်။ နေပြည်တော်စိန်ဖူးက မနေ့က တင်တာ။ ထီးတော် ကြံ့ခိုင်ရေးလုပ်ငန်း ပြီးပါပြီ။ အဲဒီအတွက် အများပြည်သူများ ကြည်ညိုနိုင်ပါပြီဆိုတာကို သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်” ဟု ပြောသည်။

ယခုလ ၆ ရက်နေ့တွင် ရွှေတိဂုံ ဂေါပကအဖွဲ့က ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များကို ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သူက ဆက်ပြီး “သတင်းစာရှင်းလင်းပွဲကလည်း ကျနော်တို့ လုပ်ငန်းတွေ၊ လုပ်ငန်းကြီး သုံးမျိုး လုပ်ပါတယ်။ တမျိုးက ရွှေသင်္ကန်းကပ်တယ်၊ တမျိုးက ထီးတော် ကြံ့ခိုင်ရေးစစ်တယ်၊ တမျိုးက ကိုယ်လုံးတော် ကြံ့ခိုင်ရေး လုပ်တယ်။ စိန်ဖူးတော်၊ ငှက်မနား ဟိုပင့်တယ် မပင့်ဘူး ဆိုတာကို သတင်းစာ ရှင်းလင်းပွဲ လုပ်တာ မဟုတ်ပါဘူး။ သိလည်း မသိပါဘူး” ဟု ပြောသည်။
နေပြည်တော် ဘုရားတွင် ဆွမ်းဆန်စိမ်း ကပ်လှူပွဲကြီး ပြုလုပ်မည်
မြင့်မောင်
တနင်္လာနေ့၊ မတ်လ 09 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်တွင် ပထမဆုံးအကြိမ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို မြို့နယ်အချို့မှ ပင့်ဖိတ်ထားသည့် သံဃာတော် ရှင်သူမြတ် ၆၀၀ ဖြင့် မနက်ဖြန် နံနက်ပိုင်းတွင် ပြုလုပ်သွားမည်။

စိန်ဖူးတော်နှင့် ငှက်မနားတော်တင်ပွဲကို ယမန်နေ့က ပြုခဲ့ပြီးနောက် နှစ်ရက်အကြာတွင်မူ ၀န်ကြီးဌာနများနှင့် ကုမ္ပဏီများက ဆွမ်းဆန်စိမ်း ကပ်လှူသွားကြမည့် အစီအစဉ်ဖြစ်သည်။

“နေပြည်အတွင်းမှာရှိတဲ့ ဆွမ်းဆန်စိမ်း လောင်းလှူဖို့ ဌာနဆိုင်ရာတွေ၊ ၀န်းကြီးဌာနတွေကို ညွှန်ကြားထားတယ်” ဟု ၀န်ကြီးဌာနတခုမှ တာဝန်ရှိ အရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် ညောင်ရွှေ၊ ဟဲဟိုး၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့အချို့မှ သံဃာတော် အပါး ၆၀၀ ပင့်ဖိတ်ထားရာ ကြွချီလာပြီဟု သူက ဆိုသည်။ သို့သော်လည်း အသေးစိတ် အစီအစဉ်ကိုမူ ပြောဆိုခြင်း မရှိပါ။

ယမန်နေ့က စိန်ဖူးတော်တင်ပွဲသို့ တက်ရောက် ဖူးမြော်ခဲ့သူတဦးက “စေတီတော်သွားတဲ့ လမ်းတလျှောက်လုံး သေနတ်ကိုင်ထားတဲ့ စစ်သားတွေ စောင့်နေတယ်။ နောက်ပြီး ဗုံးရှာတယ်လို့ထင်တာပဲ။ တပ်ဖွဲ့တဖွဲ့ကလည်း ဟိုကြားစစ်၊ ဒီကြားစစ်နဲ့ လုပ်တယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ပျဉ်းမနားမြို့ထဲကနေ စေတီတော်အထိ ပျော်ပွဲရွှင်ပွဲတွေ ရှိတယ်ဆိုတာကို ကားနဲ့ လိုက်အော်တယ်။ စေတီတော်နဲ့ ပျဉ်းမနားမြို့ထဲကို ပတ်ပြီး တော်ဝင်ကား (ဦးပိုင်ကစီစဉ်တဲ့ ကား) တွေ ဆွဲပေးတယ်။ တည်းခိုခန်းတွေကိုလည်း စေတီတော်ကို ဧည့်သည်တွေ အများကြီးလာမှာ၊ အဲဒီတော့ အခန်းတွေ သပ်သပ်ရပ်ရပ်ဖြစ်အောင် စီစဉ်ထားဆိုပြီး စာတွေ ပို့ထားတယ်” ဟု ပြောသည်။

အမည်မဖော်လိုသူ နေပြည်တော် ၀န်ထမ်းတဦးကလည်း “စေတီတော်နဲ့ ၀န်ထမ်း အိမ်ယာတွေ၊ အဆောင်တွေ သွားရေးလာရေး အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ နေ့စဉ် ရုံးတက်တာတောင် အဲဒီလောက်ကောင်းတဲ့ အစီအစဉ် မရှိပါဘူး။ အခုက တော်တော်ကို အဆင်ပြေအောင် စီစဉ်ပေးထားတယ်။ ညလုံးပေါက် ကားတွေ စီစဉ်ပေးထားတယ်” ပြောသည်။

“စေတီတော် ပျော်ပွဲရွှင်ပွဲမှာ လူစည်ကားတာကို လူကြီးတွေ မြင်ချင်လို့ ၀န်ထမ်းတွေ သွားဖို့ ညွှန်မှူးတွေကလည်း တိုက်တွန်းပါတယ်။ အတင်းအကျပ် ပုံစံမျိုးတော့ မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။

နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်တွင် တင်လိုက်သည့် စိန်ဖူးတော်သည် ရန်ကုန်မြို့ရှိ ကမ္ဘာကျော် ရွှေတိဂုံစေတီတော်မှ ပြောင်းရွှေ့အပူဇော်ခံခဲ့ခြင်း ဖြစ်သည်ဟူသာ ကောလာဟလများ ရန်ကုန်တွင် ပေါ်ထွက်နေသည်။

သို့သော်လည်း ရွှေတိဂုံ ဂေါပကအဖွဲ့ အတွင်းရေးမှူး ကိုဝင်းကြိုင်ကမူ မဟုတ်မှန်ကြောင်း ယခုလို ငြင်းဆိုသည်။

သူက “မဟုတ်ပါဘူးဗျာ။ ကျနော်တို့ စိန်ဖူးက ကျနော်တို့ဆီမှာ ရှိပါတယ်။ နေပြည်တော်စိန်ဖူးက မနေ့က တင်တာ။ ထီးတော် ကြံ့ခိုင်ရေးလုပ်ငန်း ပြီးပါပြီ။ အဲဒီအတွက် အများပြည်သူများ ကြည်ညိုနိုင်ပါပြီဆိုတာကို သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်” ဟု ပြောသည်။

ယခုလ ၆ ရက်နေ့တွင် ရွှေတိဂုံ ဂေါပကအဖွဲ့က ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များကို ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သူက ဆက်ပြီး “သတင်းစာရှင်းလင်းပွဲကလည်း ကျနော်တို့ လုပ်ငန်းတွေ၊ လုပ်ငန်းကြီး သုံးမျိုး လုပ်ပါတယ်။ တမျိုးက ရွှေသင်္ကန်းကပ်တယ်၊ တမျိုးက ထီးတော် ကြံ့ခိုင်ရေးစစ်တယ်၊ တမျိုးက ကိုယ်လုံးတော် ကြံ့ခိုင်ရေး လုပ်တယ်။ စိန်ဖူးတော်၊ ငှက်မနား ဟိုပင့်တယ် မပင့်ဘူး ဆိုတာကို သတင်းစာ ရှင်းလင်းပွဲ လုပ်တာ မဟုတ်ပါဘူး။ သိလည်း မသိပါဘူး” ဟု ပြောသည်။

ဗုံးကွဲမှုအတွက် မသင်္ကာလို့ လူတဦး ဖမ်းဆီးခံရ

မြင့်မောင်
သောကြာနေ့၊ မတ်လ 06 2009


နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တွင် လွန်ခဲ့သည့် ၃ ရက်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာ မသင်္ကာမှုဖြင့် သုဝဏ္ဏမြို့သစ်တွင် နေထိုင်သူ ကိုမျိုးမြင့်အောင်ကို ယခုလ ၄ ရက်နေ့က တာမွေမြို့နယ် ဘက်စ်ကားဂိတ်တွင် ရဲများက ဖမ်းဆီးခဲ့သည်။

နံနက် ၁၀ နာရီခန့်တွင် မိခင်နှင့်အတူ ကားပေါ်ကအဆင်း အရပ်ဝတ်ရဲများက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သူ့အမေနဲ့ တာမွေ ဘတ်စ်ကား ဂိတ်အဆင်းမှာ သူ့ကို ဖမ်းသွားတယ်။ ဘာ့လို့ ဖမ်းတာလဲ မေးတော့ စမ်းချောင်းနဲ့ ပဒုမ္ပာ ပန်းခြံအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မသင်္ကာလို့ ခေါ်တာတဲ့” ဟု ဆွေမျိုးတဦးက မဇ္ဈိမကို ပြောသည်။

မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးသလို၊ အဖမ်းအဆီးနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယခုလ ၃ ရက်နေ့ ညပိုင်းက စမ်းချောင်းမြို့နယ် လှည်းတန်းမှတ်တိုင်နှင့် ပဒုမ္ပာပန်းခြံအတွင်း တနာရီခြား တခါ ဗုံးများ ပေါက်ကွဲခဲ့သည်။

ကိုမျိုးမြင့်အောင်သည် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် ဗီဇာ စောင့်ဆိုင်းနေသူဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး အမှုလိုက်ရှေ့နေ နှစ်ဦး ပြန်လွတ်လာ

မြင့်မောင်
သောကြာနေ့၊ မတ်လ 06 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ အမှုကို လိုက်လံ ဆောင်ရွက်ပေးသူ နှစ်ဦး ပြစ်ဒဏ်စေ့ပြီ ဖြစ်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ပုသိမ်ထောင်မှ ပြန်လွတ်လာသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် အင်းစိန်ထောင်အတွင်း သီးသန့် တရားရုံးက တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချခဲ့ရာ ရက်စေ့ပြီဖြစ်သဖြင့် ပုသိမ်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“အန်ကယ် ဦးအောင်သိန်း ဒီနေ့ မနက် ၉ နာရီမှာ ပုသိမ်ထောင်ကနေ့ ထွက်လိုက်ပြီ”ဟု မိသားစုနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

သူက “သူ့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ အန်ကယ့်ကို သူ့မိန်းမနဲ့ သူ့သမီးတွေက သွားကြိုကြတယ်။ အခု သူတို့ လမ်းမှာပဲ ရှိသေးတယ်။ ရန်ကုန်ကို ရောက်မလာသေးဘူး။ အန်ကယ် ဦးခင်မောင်ရှိန်လည်း လွတ်တယ်လို့ ကြားတယ်” ဟု ဆက်ပြောသည်။

အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား အမှုသည်များက တရားရုံးတော်ကို အယုံအကြည် မရှိတော့သဖြင့် သူတို့၏ ရှေ့နေပါဝါများ ရုပ်သိမ်းလိုက်ကြောင်း တရားသူကြီးထံ တင်ပြရာ လှိုင်မြို့နယ် တရားသူကြီး ဒေါ်အေးမြိုင်က တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် သူတို့နှစ်ဦးကို တရားစွဲလိုက်ပြီး ရန်ကုန် တရားရုံးချုပ်က ၄ လ ပြစ်ဒဏ်ချခဲ့သည်။

ဤသည်မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ အမှုများအတွက် ဆောင်ရွက်နေသူ ရန်ကုန်မှ ရှေ့နေ ၄ ဦးအား တရားစီရင်ရေးတွင် မထီမဲ့မြင်ပြုမှု၊ နှောင့်ယှက်မှုများဖြင့် စွဲချက်တင်ကာ အကျဉ်းချထားရာမှ ရက်စေ့သဖြင့် ၂ ဦး ပြန်လွတ်လာခြင်းဖြစ်သည်။

အလားတူ အန်အယ်ဒီ အဖွဲ့ဝင်များ၏ အမှုများကို လိုက်ပေးသူ လူငယ်ရှေ့နေ ကိုညီညီထွေးလည်း တရားစီရင်ရေးကို အနှောင့်အယှက်ပြုသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွန့်က ထောင်ဒဏ် ၆ လ ချခဲ့သည်။

တရားစီရင်နေစဉ် အမှုသည်များက တရားသူကြီးဘက်သို့ ကျောပေးထိုင်သည်ကို ပြန်လှည့်ပေးရန် ရှေ့နေများမှတဆင့် ပြောခိုင်းသည့်အခါ သူနှင့် ရှေ့နေ ကိုစောကျော်ကျော်မင်းက တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျ နေနိုင်သည်ဟု တုံ့ပြန်ပြောဆိုသဖြင့် ပြစ်ဒဏ် အချခံရခြင်း ဖြစ်သည်။

တရားစီရင်မည့်နေ့တွင် တရားရုံးသို့ မသွားဘဲ တိမ်းရှောင်ခဲ့သည့် ရှေ့နေ ကိုစောကျော်ကျော်မင်းကို ဖမ်းဝရမ်း ထုတ်ခဲ့သည်။

ယခုအခါ သူသည် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

နိုင်ငံရေးအကျဉ်းများ လွတ်မြောက်ရေး မန္တလေး အန်အယ်ဒီ ရှင်းလင်း

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009


နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အရေးကြီးပုံကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် ရှင်းလင်းတင်ပြသည့် လှုပ်ရှားမှုကို မြို့နယ်အချို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက စတင် ပြုလုပ်နေပြီ ဖြစ်သည်။

နိုင်ငံတော်၏ လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ သံဃာတော်များ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အန်အယ်ဒီ အပါအ၀င် တိုင်းရင်းသားပါတီ ၇ ပါတီ၏ နှစ်ဆန်းတရက်နေ့ အထူးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်အား တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံရန် တိုက်တွန်းနှိုးဆော်သည့် ကြေညာချက်ကို အန်အယ်ဒီက ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့်အပေါ် လိုက်လံရှင်းပြနေခြင်း ဖြစ်သည်။

"လူထုထဲမှာ ဒီအယူအဆကို နားလည်သွားအောင်၊ လူထုက သူ့ဘာသာသူ ဆောင်ရွက်လာနိုင်အောင် လုပ်ဖို့ ဖြစ်တယ်။ တိုင်းအနေနဲ့ ဗဟိုရဲ့ ၁/၂၀၀၉ ထုတ်ပြန်ကြေညာကို ထောက်ခံပါတယ်။ အဖွဲ့ချုပ် ထုတ်ပြန်ကြေညာချက်ကလည်း ပြည်သူလူရဲ့ သဘောထားကို တောင်းတဲ့ သဘောထား ရှိတယ်" ဟု မန္တလေးတိုင်း အန်အယ်ဒီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပါတီတာဝန်ရှိသူများ၏ ယခုလို လှုပ်ရှားမှုမှာ စတင်ကာစ ဖြစ်နေသေးသလို အကျယ်အပြန့် မဟုတ်သေးဘဲ၊ သိုသိပ်စွာ ပြုလုပ်နေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

"ဒီနေ့ဖြစ်နေတာက ပြည်သူလူထုက နိုင်ငံရေစိတ်ဓာတ် နိုးကြားသော်လည်း သူတို့ဆန္ဒကို ဖော်ထုတ်ပြနိုင်ဖို့ အခွင့်အလမ်း အားနည်းနေတယ်။ အဲဒီတချက်ကို ကျနော်တို့ အဖွဲ့ချုပ်က ပြည်သူ့ဆန္ဒလေး သူ့အလိုလို ပေါ်ပေါက်လာနိုင်အောင် လမ်းကြောင်းပေးတဲ့ ဆောင်ရွက်ချက်လို့ ကျနော် မြင်တယ်။ အဲဒီအပေါ်မှာလည်း ပြည်သူလူထုက တပါတည်း လိုက်ပါဆောင်ရွက်သင့်တယ်လို့ ယုံကြည်ပါတယ်" ဟု သူက ဆက်ပြောသည်။

ပါတီ ၇ ပါတီ၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံသည့်အနေဖြင့် မလေးရှားနိုင်ငံ မြို့တော် ကွာလာလန်ပူရှိ မြန်မာရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲက ဆန္ဒပြပွဲတရပ်ကို ပြုလုပ်ခဲ့သည်။

ထို့အပြင် မကွေးတိုင်း အန်အယ်ဒီ လူငယ်တချို့ကလည်း ရေမီးပြဿနာ ပြေလည်ရေး လှုပ်ရှားမှုတရပ်ကို သုံးခွ၊ ရေနံချောင်းနှင့် ချောက်မြို့နယ်အတွင်း လက်မှတ်ထိုးသည့် ကန်ပိန်း ပြုလုပ်နေကြောင်း သိရသည်။

"မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လျှပ်စစ် မလုံလောက်မှုနဲ့ သောက်သုံးရေ မလုံလောက်မှုတွေကို ဖော်ထုတ်ပြီး မိမိတို့ရဲ့ ပြည်သူတွေ ခံစားနေရတဲ့ ရေမီးကိစ္စတွေ လုပ်ဆောင်ပေးဖို့ Signature (လက်မှတ်ရေးထိုး) အတွက် Campaign (လှုပ်ရှားမှု) တွေ လုပ်နေတယ်" ဟု ရေနံချောင်းမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဋ္ဌေးက ပြောသည်။

မြို့ပေါ်တွင် မြူနီစပယ်ဌာန အနေဖြင့် ရှေးခေတ်က ပိုက်ဟောင်းများကိုသာ ဆက်သုံးနေသဖြင့် ရေတက်နိုင်ခြင်း မရှိဘဲ သောက်ရေသုံးရေအတွက် အခက်အခဲရှိကြောင်းနှင့် ယခင်က သုံးရက်ခြားတခါ ရေလာသော်လည်း ယခုနောက်ပိုင်း ၁၀ ရက်ခြားတခါသာ ရေပေးဝေနိုင်တော့ကြောင်း သိရသည်။

ဒေသခံများအနေဖြင့် စက်ရေတွင်းများ ထားရှိကြသော်လည်း မီးမှာလည်း ပုံမှန် လာလေ့မရှိသဖြင့် ရေတင်ရန်ပင် အခက်အခဲရှိနေကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။

ပြီးခဲ့လအတွင်းက မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် ရွာလုံးကျွတ် မီးလောင်ခဲ့ရသလို၊ လွန်ခဲ့သည့် ၃ ရက်ခန့်လည်း ဖိုးကိုးအမည်ရ ကျေးရွာတွင် မီးလောင်ရာ မီးသတ်ကားအနေဖြင့် ရေရှားသဖြင့် မီးသတ်ရန် အခက်တွေ့ရသည်ဟု သူက ဆိုသည်။

"ကျမတို့ဆီမှာ သုံးတဲ့ အသုံးအနှုန်းတွေက ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှား၊ မလေးရှားဆိုတာ ရှိသလို၊ မြန်မာနိုင်ငံရဲ့ နာမည်က ရေမီးရှားလို့ ခေါ်နေတာတွေ ရှိတယ်" ဟု သူက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဂျပန်မှာ ဆန္ဒပြ

မြင့်မောင်
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 09 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပြန်လွှတ်ပေးရန် အန်အယ်ဒီနှင့် တိုင်းရင်းသားပါတီ ၇ ပါတီ၏ ကြေညာချက်အပေါ် ထောက်ခံသည့်အနေဖြင့် ဂျပန်နိုင်ငံရောက် မြန်မာအင်အားစုများက ယမန်နေ့က တိုကျိုမြို့တွင်း လှည့်လည် ဆန္ဒပြခဲ့သည်။

မြန်မာတိုင်းရင်းသားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာခွဲမှ ဦးဆောင်သည့် လူဦးရေ ၅၀၀ ခန့်က Minami Ootsuka Hall အနီးရှိ Ootsuka Daitoen ပန်းခြံမှ စတင်၍ တိုကျိုမြို့တွင်းသို့ ထောက်ခံ ချီတက်ပွဲကို ညပိုင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခုလက်ရှိ နိုင်ငံရေး ခေါင်းဆောင်တွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်။ ထောင်ဒဏ် နှစ် ၁၀၀၊ ၁၅၀ ချတယ်ဆိုတာ မကြားဖူးတဲ့ ဥပဒေတွေ ထုတ်ပြီးတော့ ချတဲ့ ကိစ္စကို ဂျပန်ပြည်သူတွေ သိအောင်လို့ ဂျပန်ဘာသာနဲ့ ရေးထားတာ ဖြစ်တယ်" ဟု အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာခွဲမှ တာဝန်ရှိသူ ကိုဆန်နီက မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်၏ လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ သံဃာတော်များ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မွန်၊ ဇိုမီး၊ ရခိုင်၊ ချင်း၊ ရှမ်း အပါအ၀င် တိုင်းရင်းသားပါတီ ၇ ပါတီ၏ ယခုနှစ်ဆန်းတရက်နေ့ ရက်စွဲပါ အထူးကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်အား တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံရန် တိုက်တွန်းနှိုးဆော်သည့် ကြေညာချက်ကို အန်အယ်ဒီက ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ကြေညာချက် ထုတ်လိုက်သည့်အပေါ် ဂျပန်ရောက် မြန်မာများက ယခုလို ထောက်ခံ ဆန္ဒပြကြခြင်း ဖြစ်သည်။

ကိုဆန်နီက "ပြည်တွင်းထုတ်ပြန်ကြေညာချက်ကို နိုင်ငံတကာ လှုပ်ရှားမှုအနေနဲ့ လုပ်စေချင်တယ်" ဟု ဆိုသည်။

ဆန္ဒပြပွဲသို့ မြန်မာ့အရေး ထောက်ခံအားပေးနေသည့် အစိုးရမဟုတ်သော ဂျပန် အဖွဲ့အစည်းများ၊ ကျောင်းသားများ၊ ရှေ့နေများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်းနှင့် ဆန္ဒပြပွဲကို ည ၇ နာရီခွဲမှ စတင်ကာ ၉ နာရီခွဲတွင် အဆုံးသတ်ခဲ့ကြောင်း သူက ပြောသည်။

ယမန်နေ့ကပင် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့နှင့် နော်ဝေးနိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း အလားတူ ဆန္ဒပြပွဲမျိုး ကျင်းပခဲ့သေးသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော အထွေထွေ အကျပ်အတည်းများမှ ပြေလည်နိုင်မည့် နိုင်ငံရေး အပြောင်းအလဲတရပ် ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်ရေးမှာ ပြည်သူလူထုကို ဦးဆောင်နိုင်ပြီး နိုင်ငံအကျိုးအတွက် စွန့်လွှတ်အနစ်နာခံသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းများ အမြန်ဆုံး လွတ်မြောက်ရေးသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း ဖို့ဝိန်းကြေညာချက်က ဆိုသည်။

ယခုလအတွင်း၌ ကနေဒါ၊ ကိုရီးယား၊ သြစတြေးလျား၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံရှိ အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ဌာနခွဲများက ဦးဆောင်ကာ ဆန္ဒပြပွဲများ ကျင်းပသွားမည်ဟုလည်း သိရသည်။