Monday, June 30, 2008

သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးဝါးကုသရန် လိုအပ်

မြင့်မောင်
တနင်္လာနေ့၊ ဇွန်လ 30 2008

နယူးဒေလီ။ ။ အကျဉ်းထောင်တွင် ၁၉ နှစ်ကြာ ချုပ်နှောင်ခံနေရသော သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) သည် ရင်ကျပ်ဝေဒနာ ကို ကုသရန် လိုအပ်နေသည်။

လာမည့် ဇူလိုင်လ ၄ ရက်နေ့ ထောင်ကျသက်တမ်း ၁၉ နှစ်ပြည့်မည် ဖြစ်သည့် ၇၉ နှစ်အရွယ် ဆရာကြီး ဦးဝင်းတင်သည် ထောင်ထဲတွင် ရင်ကျပ် ရောဂါကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားစွာ ခံစားနေရသော်လည်း ဆေးဝါးကုသမှု အလုံအလောက် မရှိဟု သူ၏ မိတ်ဆွေများ နှင့် နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့တို့က ပြောကြသည်။

“စောစောပိုင်း တွေ့တုန်းကတော့ ကျန်းမာရေး အခြေအနေ မဆိုးပေမယ့် အခုတခါကျတော့ ရင်ကျပ်ပြီးတော့ ရီ ရင်တောင် ချွဲသံ ထွက်နေတယ်။ ရီသံ မထွက်ဘဲ ချွဲသံ ရှဲရှဲ ထွက်နေတယ်။ ချွဲသံတွေလည်း ကြားရတဲ့ အချိန်ကျမှ ကျနော် နည်းနည်းတော့ လန့်သွားတယ်။ ထမင်းလည်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင်တာ ၄-၅ ရက် ရှိနေပြီဆိုတော့ နည်းနည်းတော့ ပိန်သွားတယ်” ဟု ပြီးခဲ့သည့် စနေနေ့က ဦးဝင်းတင်ကို ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူ ဦးမောင်မောင်ခင်က ပြောသည်။

သူက ဆက်ပြီး “ဘာပဲပြောပြော ဒီအဖိုးကြီး၊ နိုင်ငံရေး အကျဉ်းသမားကြီး၊ နှစ်ပေါင်းများစွာ နေတဲ့ အကျဉ်းသမား တယောက်ကို ဂရုတစိုက် ကုသပေးသင့်တာပေါ့ဗျာ” ဟု ပြောသည်။

ရင်ကျပ်ရောဂါ ကုသရန်အတွက် ထောင်ဆေးမှူးများက ချွဲပျော်ဆေးကိုသာ ထောင်ပြင်ပက ဝယ်သောက်ခိုင်းနေသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “အသက်အားဖြင့် ကြီးရင့်နေတဲ့အတွက် သူ့ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာ တွေ့ရတယ်။ တကယ်တမ်းဆို သူလွှတ်ဖို့ အချိန်တန်နေပြီ။ လွှတ်ဖို့အချိန်ကလည်း တော်တော်နီးလာပြီ။ လွှတ်ပေးမယ် ဆိုပြီးတော့ မလွှတ်ပေးဘဲ နအဖ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာတွေ၊ ညှင်းဆဲ တာတွေ ရှိတယ်ဆိုတော့ သူ့အသက်အန္တရာယ်ကို အတော်လေး စိုးရိမ်တယ်” ဟု ပြောသည်။

သူက “ထောင်အာဏာပိုင်တွေက လူနာတယောက်ကို လုံလောက်တဲ့ စမ်းသပ်မှုမျိုး မလုပ်ဘဲနဲ့ ပြီးစလွယ် လွယ်လွယ်ပဲ ပြောလေ့ရှိတယ်။ နိုင်ငံရေး အကျဉ်းသမားတွေ ဖြစ်တဲ့အတွက် အပြင်ကို ထုတ်ဖို့ဆိုတာ မလွယ်ကူတဲ့အတွက်၊ အချိန်မီ ဆေးဝါးကုသခွင့် မရတဲ့အတွက် ပြဿနာ အများကြီး ကြုံတွေ့ခဲ့ရတယ်” ဟု ဆက်ပြောသည်။

ယခုနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်ဆေးရုံကြီးတွင် အူကျရောဂါ ခွဲစိတ်ကုသမှု ခံခဲ့ရသေးသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်နှင့်အညီ လွှတ်တော် ခေါ်ယူရေး အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေးကာ တွေ့ဆုံ ဆွေးနွေးရန်အတွက် ဆရာကြီး ဦးဝင်းတင်သည် ထောင်ဝင်စာ တွေ့ဆုံသူမှတဆင့် နအဖ စစ်အစိုးရကို တောင်းဆိုလေ့ရှိသူ ဖြစ်သည်။

ဟံသာဝတီ သတင်းစာကို ၁၉၆၈ ခုနှစ်တွင် မဆလ အစိုးရက ပြည်သူပိုင် သိမ်းခဲ့ပြီး၊ အောက်မြန်မာပြည်မှ မန္တလေးသို့ ပြောင်းရွှေ့ အခြေစိုက် သော ၁၉၆၉ ခုနှစ်တွင် အယ်ဒီတာချုပ် ဖြစ်လာကာ သတင်းစာသည် ထိုအချိန်က ပါတီ၊ ကောင်စီ၏ မှားယွင်း ချွတ်ချော်မှုများကို ခေါင်းကြီးပိုင်း နှင့် ဆောင်းပါးများဖြင့် ဝေဖန်ထောက်ပြကာ ပြည်သူလူထု နစ်နာချက်များကို ဖော်ပြခဲ့သဖြင့် ၁၉၇၈ ခုနှစ်တွင် မဆလ အစိုးရက သတင်စာ ထုတ်ဝေခွင့် ပိတ်ခဲ့ပြန်သည်။

ဆရာကြီးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်စက တတ်သိပညာရှင် အဖွဲ့တွင် ပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အကြံဉာဏ်ပေး ပုဂ္ဂိုလ်အဖြစ် ဦးဆောင်ခဲ့သူဖြစ်ပြီး စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်ကာ ထောင်တွင်းပြစ်ဒဏ် ၃ ကြိမ်ထက်မနည်း ချမှတ်ခဲ့သလို၊ လွှတ်ချိန်တန်သော်လည်း ယခုအချိန်အထိ ဖမ်းဆီးထားခြင်း ဖြစ်သည်။

ဆရာကြီးကို ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီးနှင့် ကမ္ဘာ့သတင်းစာများအဖွဲ့က ဦးဝင်းတင်၏ သတင်းစာ လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Prize) နှင့် ရွှေကလောင်ဆု (World Association of Newspapers' Golden Pen of Freedom Award) တို့ကို ချီးမြှင့်ခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင်မူ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (R.S.F) က Winner of Reporter Without Border ဆု ချီးမြှင့်ခဲ့သည်။

Thursday, June 26, 2008

ကြောက်ခေတ်

မျိုးရန်နောင်သိန်းကို ဆေးကုသခွင့်မပေး

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 26 2008

ချင်းမိုင်။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်း၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသော်လည်း ထောင်အာဏာ ပိုင်များက ဆေးကုသခွင့် မပေးသည့်အပြင် ယနေ့တွင် ရုံးထုတ်ခဲ့သည်။

၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ကာ အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အသက် ၃၄ အရွယ် ကိုမျိုးရန်နောင်သိန်းမှာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်သလို ဖြစ်နေသော်လည်း ဆေးကုသခွင့် ပိတ်ပင် ထားခံရခြင်း ဖြစ်သည်။

“ဒီနေ့ ရုံးထုတ် စစ်ဆေးတယ်။ ဆေးကုသခွင့် မရသေးဘူး။ ဆေးစာ အပြင်ထုတ်ခွင့် မရသေးဘူး။ သူက စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်ပေါ့နော်၊ အောက်ပိုင်း သေသွားသလို ဖြစ်နေတယ်။ ဒီအတိုင်း လမ်းလျှောက်မရဘူး။ ထမ်းစင်နဲ့ တရားရုံး တက်ရတယ်” ဟု မျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးမြင့်သောင်းကလည်း “ဒီနေ့ ရုံးထုတ်တာ ခြေထောက် နှစ်ချောင်းက လုံးဝ လမ်းမလျှောက်နိုင်ဘူး။ သူက ကျန်းမာရေး မကောင်းတော့။ ကျနော်တို့ အာမခံလည်း မရဘူး။ ပွေ့ချီပြီးတော့ ရုံးထုတ်တယ်။ သက်သေမလာတော့ ရမန် ပြန်ယူရတယ်” ဟု မဇ္ဈိမကို ပြောသည်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းသား ဆန္ဒပြပွဲများတွင် ခေါင်းဆောင်ခဲ့သဖြင့် အခြား ၈၈ မျိုးဆက် ကျောင်းသားများ ၈ ဦးနှင့်အတူ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် ကိုမျိုးရန်နောင်သိန်းအား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ လ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်ခဲ့ပြန်သဖြင့် ယခုလို ထပ်မံ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ နှစ်ကြိမ်စလုံးတွင် အာဏာပိုင်များက နှိပ်စက် ညှဉ်းပမ်းခံရသည်ဟု မျိုးရန်နောင်သိန်း၏ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံနေ ကိုကျော်လင်းဦးက ပြောသည်။

ရှေ့နေ ကိုဖိုးဖြူ အဆိုအရ လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သည်ဟု ဆိုသည်။

ကိုမျိုးရန်နောင်သိန်းနှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄ ဦးကိုလည်း ယနေ့တွင် ရုံးထုတ်ခဲ့သေးသည်။

သံလျင်မြို့နယ်မှ ကိုဇော်မင်း၊ ကမာရွတ်မြို့နယ်မှ မင်းမင်း ခေါ် ဘောင်ဘောင်၊ မြောက်ဥက္ကလာပမှ မခင်မိုးမိုး၊ ကိုကျော်စိုးတို့ကိုလည်း ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ထားရာ မခင်မိုးမိုးနှင့် ကိုကျော်စိုးအား နိုင်ငံခြား ဒေါ်လာငွေ လက်ဝယ် တွေ့ရှိသဖြင့် ငွေကြေးလဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ နှင့်ပါ ပူးတွဲ စွဲချက် တင်ထားသည်ဟု အကျိုးဆောင်ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။

တကိုယ်တော် ဆန္ဒပြသူ အမျိုးသမီး ဖမ်းဆီးခံရ

မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ 26 2008

နယူးဒေလီ။ ။ ရန်ကုန်မြို့ ဆူးလေဘုရားအနီး တကိုယ်တော် ဆန္ဒပြသူ အမျိုးသမီးတဦး ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆူးလေဘုရား အနောက်မုဒ် ၃၂ လမ်းထိပ် မဟာဗန္ဓုလလမ်းစုံ မီးပွိုင့်အနီးတွင် အမျိုးသမီးတဦး တကိုယ်တော် ဆန္ဒပြသဖြင့် လုံထိန်းတပ်သား ၃ဝ ခန့်က ကားနှစ်စီးဖြင့် လာရောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကျနော်တို့ အဲဒီ အမျိုးသမီးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလို့တော့ မသိရသေးပေမဲ့၊ မရမ်းကုန်း မြို့နယ်က ဆိုတာ သိရတယ်။ ဆန္ဒပြ တဲ့နေရာနဲ့ ပတ်သက်ရင် ဆူးလေဘုရား အနောက်မုဒ် ၃၂ လမ်းထိပ်မှာ ဆန္ဒပြခဲ့တယ်လို့ သိရတယ်။ အဖွဲ့ချုပ်က ဟုတ်၊ မဟုတ်ကိုတော့ အခုချိန်ထိ မသိရသေးပါဘူး” ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ရန်ကုန်မြို့ခံ တဦးကလည်း “လုံးထိန်းတပ်ဖွဲ့တွေ ကားနှစ်စီးနဲ့ ရောက်လာတယ်။ လုံထိန်းတွေ အင်အား ၃ဝ လောက်က ဒုတ်တွေ၊ ဒိုင်းတွေ ကိုင်ပြီး ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့။ လူတွေလည်း ရပ်နေကြတယ်။ ကားတွေလည်း ပိတ်ပြီးတော့ ရပ်နေကြတယ်။ အမျိုးသမီးတယောက် ဆန္ဒပြလို့ ဖမ်းသွားတယ်လို့ ကြားတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ဆန္ဒပြတဲ့ အချိန်က ညနေ ၄ နာရီလောက်မှာ စဖြစ်တယ်။ ပထမ လုံထိန်း ၁ဝ ယောက်နဲ့ နောက်ထပ် ကားပေါ်က ဆင်းလာတဲ့ လုံထိန်း ၂ဝ လောက် ထပ်ရောက်လာတယ်။ ဆန္ဒပြ အမျိုးသမီးကို လမ်းမပေါ်မှာ ဖမ်းခေါ်သွားတယ်။ အဲဒီအချိန်မှာ ယာဉ်ကြောတွေ ပိတ်ဆို့ နေပြီး ပြည်သူတွေ အများစုက ရပ်ကြည့်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၃ ရက်နေ့ကလည်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ အမေရိကန် သံရုံးရှေ့တွင် တကိုယ်တော် ဆန္ဒပြသမား ဦးအုန်းသန်း (၆၂ နှစ်) သည် ပိုစတာတွင် ‘ပြည်သူ့ကိုယ်စားပြု အစိုးရ ... တည်ထောင်ရန်’၊ ‘ပြည်သူ့ဆန္ဒ အမှန်ကို ... နာခံရန်’၊ ‘စစ်အာဏာရှင်နိုင်ငံများ ... ချုပ်ငြိမ်းရန်’ နှင့် ‘တရုတ်၊ ရုရှား ဗီတို ... အလိုမရှိ’ ဟူသည့် အချက်များ အပါအဝင် တောင်းဆိုချက် ၆ ချက်ကို ရေးသားကိုင်ဆောင် ဆန္ဒပြ နေစဉ် ဖမ်းဆီးခံခဲ့ရသည်။

တကိုယ်တော် ဆန္ဒပြမှုကြောင့် ၆ ကြိမ်မြောက် ဖမ်းဆီးခံခဲ့ရသူ ဦးအုန်းသန်းကို အာဏာပိုင်များက ယခင်က လပိုင်းမျှသာ ဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးအကြိမ် ဖမ်းဆီးခံနေရစဉ် ယခုနှစ် ဧပြီလ ၂ ရက်နေ့က အင်းစိန်ထောင်အတွင်း နောက်ပိုင်းခရိုင် တရားရုံး က နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အမေ့ရဲ့အတွေး

ခွေးတအုပ်ကအာဏာရူး
မထူးလာသေးတဲ့ဒီအခြေ
သားသမီးတွေနေစရာမရှိ
မချိတဲ့အမေ့ရင်ထဲ
အေ…တို့ကံပါဘဲလို့စိတ်ထား
ရိုးသားစွာခံယူခဲ့တဲ့
သန်းနဲ့ချီတဲ့လူတွေ
ရွှေမြေပေါ်မှာငတ်သေနေကြပြီ

အကျဉ်းချခံနေရဆဲ ကဗျာဆရာ ကိုစောဝေ အတွက် အမှတ်တရရေးသားပါသည်

မျိုးချစ်

အိုလံပစ်တွင် မြန်မာများလည်း ဝင်ရောက် ယှဉ်ပြိုင်မည်

မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ 26 2008

နယူးဒေလီ။ ။ တရုတ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ အိုလံပစ်ပွဲတော်တွင် မြန်မာအားကစားမောင်မယ် အနည်းဆုံး ၄ ဦး ဝင်ရောက် ယှဉ်ပြိုင် မည်။

လာမည့် သြဂုတ်လတွင် တရုတ်နိုင်ငံ မြို့တော်ဘီဂျင်းတွင် ကျင်းပမည့် အိုလံပစ်တွင် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြေးခုန်ပစ်၊ ရေကူး၊ မြားပစ်နှင့် လှေလှော်ပြိုင်ပွဲများအတွက် အားကစား မောင်မယ် ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည့်အနက် အနည်းဆုံး ၄ ဦး သေချာသွားပြီ ဖြစ်သည်။

“လှေလှော်မှာ မရွှေဇင်လတ်က ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတယ်လေ။ ကျန်တဲ့ ကစားသမားတွေက အိုလံပစ် ဝင်ဖို့၊ မဝင်ဖို့ဆိုတာ အကြောင်းပြန် စာ မလာသေးဘူး။ တလလောက်အလိုမှာ အတည်ပြုချက် ရမယ်ထင်တယ်။ ရေကူးနဲ့ ပြေးခုန်ပစ်ကတော့ မြန်မာနိုင်ငံအတွက် အိုလံပစ်မှာ ပထမဆုံး အားကစားဆိုတော့ အဆင့်မီ၊ မမီ ဝင်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်” ဟု အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး (ယှဉ်ပြိုင်၊ လေ့ကျင့်) က ဦးနော်တောင်က မဇ္ဈိမကို ပြောသည်။

ကျော်ဇင် (ရေကူး)၊ မရွှေဇင်လတ် (လှေလှော်)၊ ပြေးခုန်ပစ်မှ စိုးမင်းသူနှင့် လဲ့လဲ့ဝင်းတို့သည် သွားရောက်ရန် သေချာသွားပြီ ဖြစ်သော်လည်း ဘုန်းမြင့်တေဇာ (လှေလှော်) နှင့် နေမျိုးအောင် (မြားပစ်) တို့အတွက် အကြောင်းကြားစာ မရရှိသေးပါ။

ဦးနော်တောင်က “အိုလံပစ်ကို ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုရင် သူတို့ရဲ့ စံချိန်စံညွှန်းနဲ့မီမှ ယှဉ်ပြိုင်ခွင့် ရပါတယ်။ ဥပမာ မြားပစ် ပြိုင်မယ်ဆိုရင် ကမ္ဘာ့အဖွဲ့ချုပ်က မြားပစ်အသင်းက အတည်ပြုရတယ်။ လှေလှော်ဆိုရင်လည်း ကမ္ဘာ့လှေလှော် အသင်းက ခွင့်ပြုချက်ရမှ ယှဉ်ပြိုင်ခွင့်ရတယ်” ဟု ပြောသည်။

၂၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သူ မြန်မာ အားကစားသမားများအား စေလွှတ်ရန် ရွေးချယ်ထားသော်လည်း နိုင်ငံပေါင်း ၂ဝ၅ နိုင်ငံ ပါဝင်ယှဉ်ပြိုင်သွားမည့် ကမ္ဘာ့အိုလံပစ် ဖြစ်သည့်အတွက် ဆုတံဆိပ်ရရန် မျှော်မှန်းမထားသော်လည်း ကျိုးစားသွားမည်ဟု ဦးနော်တောင်က ပြောသည်။

၂ဝဝ၄ ခုနှစ် အိုလံပစ်ပွဲတော်၌ မြားပစ်နှင့် အလေးမပြိုင်ပွဲများတွင် မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင် နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ အလေးမတွင် အရည်အသွေး မပြည့်မီသည့်အတွက် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယခုနှစ်တွင် မြန်မာ အားကစားသမား အရေအတွက် ပိုမို၍ ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်သည်။

သြဂုတ်လဆန်းပိုင်းတွင် ကစားသမားများနှင့်အတူ မြန်မာ အားကစား ကော်မတီဝင် ၁၄ ဦး လိုက်ပါသွားမည်။

ယခုနှစ် မတ်လအတွင်းက တိဘက်ပြည်နယ် မြို့တော်နာဆာနှင့် အခြားနေရာများတွင် ဘုန်းတော်ကြီးနှင့် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများ ပြုလုပ်ရာ တရုတ်အစိုးရက အကြမ်းဖက် ဖြိုခွဲသဖြင့် ဘီကျင်းတွင် ကျင်းပမည့် ၂ဝဝ၈ အိုလံပစ်ပွဲကို သပိတ်မှောက်ရန် ပြည်ပရောက် တိဘက် များနှင့်အတူ မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း လှုံ့ဆော်စည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ မြို့ကြီးအများအပြားတွင် ၂ဝဝ၇ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလအတွင်း ဓာတ်ဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲကြီး များတွင် မြန်မာ စစ်အစိုးရက ပစ်ခတ်နှိမ်နင်းမှုအပြီး ၆ လခန့်အကြာတွင် တိဘက်လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး (ဆောင်းပါး)

ဆန်းသစ်
အင်္ဂါနေ့၊ ဇွန်လ 24 2008

စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အတွေ့အကြုံနဲ့ မြန်မာပြည်၊ စင်္ကာပူ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်ပြီး ဒီစာကို ရေးပါတယ်။ ကိုယ့်အမြင်နဲ့ရေးတော့ တဦးချင်းရဲ့ ဘ၀ အဖြစ်အပျက်တွေကို မသိတော့ ကိုယ်နဲ့ သင့်တင့်သလို ဆုံးဖြတ်နိုင်မှုမှာ အထောက်အကူ အနည်းအကျဉ်း ရတယ်သိရရင် ရေးရကျိုးနပ်ပါတယ်။

မြန်မာတွေ စင်္ကာပူ ရောက်လာတာကတော့ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ပါပဲ။ ပိုချမ်းသာ၊ ကြီးပွား၊ ပညာတတ်လာအောင် စင်ကာပူ ထွက်လာသူကတော့ အနည်းအကျဉ်းပဲ ရှိမှာပါ၊ ကိုယ်နိုင်ငံတွင်းမှာ လစာငွေ ကောင်းရင် ၀င်ငွေနဲ့ထွက်ငွေ ဖူလုံလောက်ငရင် ပြည်တွင်းမှာပဲ နေမှာပါ။ ထားပါတော့။

အရင် အပိုင်း (၁) မှာတော့ လက်ရှိ ပေါ်ပင်ဖြစ်ရပ်များကို အခြေခံပြီး ရေးထားပါတယ်။ အခုအပိုင်းကတော့ ဘ၀ကိုမှန်ကန်စွာ ကြိုးစား တိုးတက်ချင်တဲ့ သူများအတွက် အထူးပြုပါမယ်။

အသက်အပိုင်းအခြားအလိုက် သတ်မှတ်ရရင်

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်
၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး စသဖြင့် ၃ ဆင့် ခွဲခြားချင်ပါတယ်။

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား

တချို့ လူငယ်တွေကတော့ သူ့ရဲ့ မိဘ၊ မောင်နှမများ အားကိုးနဲ့ အမေရိကားကို အထူးသဖြင့် ပညာသင်ဖို့ ရောက်လာတာပါ။ မိဘ၊ ဦးလေးများက အမေရိကားကို စောစီးစွာ ရောက်နေတဲ့အတွက် ဂရင်းကဒ် (သို့မဟုတ်) အမေရိကန် နိုင်ငံသား ဖြစ်နေပြီဆိုတော့ သူတို့ရဲ့ နှလုံးသားကို ရပြီးသူ လူငယ်ခမြာ ဘာမှ ကြိုးစားစရာ မလိုဘဲ ဖြုတ်ကနဲ ရောက်လာပါတယ်။ မြန်မာတွေ အမေရိကား ရောက်ချိန်မှာ ကိုယ့်ဆွေမျိုးစာရင်းကို အင်မီဂရေးရှင်းမှာ ရေးတင်ရတော့ သူတို့ ချစ်ခင်တဲ့ တူ၊တူမ၊ မောင်နှမ နာမည်တွေကို ကောက်ရေး ထည့်ထားလိုက်တယ်။ အဲ - တနေ့ သူအဆင်ပြေတဲ့ အချိန်တော့ အမေရိကားကို အဲဒီလူတွေ ခေါ်ခွင့်ရတယ်။ ဒီတော့ သူတို့ကို ခေါ်ဖို့ တင်ပေးလိုက်တာကြောင့် ဘ၀ပေးကုသိုလ် (ရှေ့ဘ၀ ကံ၊ တနည်းအားဖြင့် ဘုရားသခင် ကောင်းချီးရရှိသူ) လူငယ်များ မြန်မာတိုင်း တမက်တမော သွားချင်တဲ့ အမေရိကားကို ရောက်လာရတယ်။

သူတို့ကိုတော့ အမေရိကား အရင်ရောက်နှင့်တဲ့ အဒေါ်၊ ဦးလေး၊ အမေ၊ အမေများက ကျောင်းပဲ တက်ခိုင်းတယ်။ ဒီလူငယ်တွေကလည်း အလုပ်ပဲလုပ်ပြီး ပိုက်ဆံရချင်တယ်။ အိမ်မှာထိုင်ပြီး စားသောက်၊ ပညာသင်၊ အဒေါ်ဦးလေး ပူညံ ပြောဆိုတာတွေ၊ အိမ်အလုပ်တွေ ဘယ်လုပ်ချင်မလဲ၊ ဒီတော့ ပါးစပ် အပြောမတတ်တဲ့ အဒေါ်ဦးလေးအိမ်က ထွက်ပြီး ကိုယ်ဖာသာ အပြင်မှာနေ၊ ကျောင်းမတက်တော့ဘဲ တလကို ဒေါ်လာ၂၀၀၀ လောက် ရတဲ့အလုပ်တွေမှာ ၀င်လုပ်တယ်။ ကားကောင်း ၀ယ်စီးတယ်။ အိမ်မှာ စတီရီယို ဟိုင်ဖိုင်၊ တီဗီတွေ ၀ယ်ယူ ဇိမ်ခံပြီး လောကကျေးကွန်ဘ၀ ရောက်သွားတယ်။ Rich Dad - Poor Dad စာအုပ်ကို ဖတ်ရင် ဒီလူငယ်များ သိပ်ကြိုက်ပေါ့။ လူတိုင်း သူဌေး ဖြစ်နိုင်တယ်။ မင်းလည်း သူဌေးဖြစ်မယ်ဆိုတဲ့ အယူအဆပါ။ ဟုတ်ပါတယ်။ သူဌေးအကျင့်အတိုင်း ကျင့်နိုင်ရင်တော့ သေချာပေါက် သူဌေးဖြစ်ပါတယ်။ ဒါပေမဲ့ မိဘ၊ ဆွေမျိုးက အစိုးရ၀န်ထမ်း၊ သာမန်လုပ်ငန်းရှင်၊ သာမန်ဘွဲ့ရ မိဘရဲ့ သားသမီးက ဘယ်လိုလုပ်ပြီး သူဌေးအကျင့် ရပါမလဲ။ သူဌေး (သို့မဟုတ်) သူဌေးသားနဲ့ သွားပေါင်းရင် သူတို့ကျွန်ဘ၀ပဲ ရောက်ရုံပဲဆိုတော့ သူဌေးကျွန် မဖြစ်ချင်တဲ့ ဒီလူငယ်လဲ သူဌေးမဖြစ်ဖို့ လမ်းများပါတယ်။

ကြုံလို့ပြောရရင် အခု အမေရိကားမှာ သမ္မတလောင်း အိုဘားမား တော်တော် နာမည်ကြီးနေပါတယ်။ လူမဲအမျိုးသား ပထမဆုံးသော သမ္မတလောင်းပဲ။ ဒီမိုကရက်တစ် ပါတီကြီးက အရင် သမ္မတကတော် ဟီလာရီ ကလင်တန်ကို အနိုင်ယူပြီး ရေပန်း အရမ်းစားနေပါတယ်။ နောက် နာမည်ကြီး လူမဲ အမျိုးသမီးကတော့ သမ္မတ ဂျော့ဘွတ်ခ်ျရဲ့ လက်စွဲ၊ အကြံပေး အရာရှိနဲ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီစာ ရိုက်စ် ပါ။ အဲဒီလူမဲ နာမည်ကြီးတွေဟာ ငယ်စဉ်ဘ၀က အမေရိကားမှာ အနှိမ်ခံခဲ့ရပါတယ်။ သူတို့လည်း ဘ၀နာခဲ့တော့ လူဖြူတွေ လေးစားပြီး၊ တန်းတူအခွင့်အရေး ဖြစ်သွားအောင် ဘာလုပ်ရမလဲ စဉ်းစားတော့ သူတို့ရဲ့ အဖေပြောတယ် - ဆင်းရဲ၊ နှိမ့်ကျခြင်းက ထာဝရ လွတ်မြောက်အောင် "ပညာကို အစွမ်းကုန်ကြိုးစား၊ လေ့လာလိုက်စားခြင်း" တခုတည်းရှိတယ်လို့ ဆုံးမပြောဆိုခဲ့တယ်။

သူတို့ နှစ်ယောက်ကလည်း လက်ခံပြီး ငယ်ရွယ်စဉ်မှာပဲ ပညာကို ထွန်းပေါက်အောင် အရမ်းကြိုးစားတယ်။ နှိမ့်ချစွာ ဆရာကောင်းများနဲ့ ကြိုးစားတော့ အောင်မြင်မှုကို ရရှိတယ်။ အခုဆိုရင် လူဖြူတွေ ကြီးစိုးတဲ့ အမေရိကားမှာ အစိုးရ ထိပ်တန်းရာထူးတွေကို လူမည်းတွေ ရယူနိုင်ခြင်းဟာ စံပြသက်သေ ဖြစ်ပါတယ်။ ရှေးကမ္ဘာဦးကတည်းက ကြိုးစားတဲ့ သူကိုပဲ မြှောက်စားတဲ့ ပုံသက်သေ ဥပမာတွေ အများကြီးပါ။

မိဘ ဆွေမျိုးမရှိပေမဲ့လည်း ကြိုးစားချင်တဲ့ စိတ်နဲ့ အမေရိကား ထွက်လာသူ၊ ရှိပါရက် မိမိဖာသာ ကြံဖန် ကြိုးစားထွက်လာတဲ့ လူငယ်တွေ အများကြီးပါ။ ဒီနေရာမှာ အကြံတခု ပေးချင်တာကတော့ မသွားခင်မှာ အသေအချာ လေ့လာစုံစမ်းပါ။ မေးမြန်းပါ။ စနစ်ကျတဲ့ ပြင်ဆင်မှု ပြုလုပ်ပါ။

ဒါကြောင့် အမှတ်စဉ် (၁) လူငယ်များကိုတော့ ပညာကြိုးစားဘို့ တိုက်တွန်းပါတယ်။ အမေရိကားကို ဗီဇာရဖို့ မိဘဆွေမျိုး ခေါ်မဲ့လူမရှိရင် အလွယ်ကူဆုံးကတော့ Student Visa နဲ့လာပါ။ လာပြီးရင် ကျောင်း ပြီးအောင် တက်ပါ။ ငွေရတဲ့ အလုပ်တွေနောက် မလိုက်ဘဲ ကျောင်းတနှစ်ကနေ ၄ နှစ်အထိ ပြီးအောင်တက်မယ် ရဲရဲဆုံးဖြတ်ပါ။ အမေရိကားမှာ ကျောင်းတက်ရင် Part Time အလုပ်လုပ်ခွင့် ရှိပါတယ်။ မိတ်ဆွေတဦးရဲ့ ဆန်ဖရန်စစ္စကို State University မှာ အာဖရိက ဂါနာ၊ အီသီယိုးပီးယားတွေက လာရောက် ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို စကားပြောခွင့် ရပါတယ်။ သူတို့ကို တက္ကသိုယ်က တပတ်မှာ နာရီ ၂၀ အလုပ်လုပ်ခွင့် ပေးတယ်။ တက္ကသိုလ်က ဆရာတွေနဲ့လည်း အဆင်ပြေအောင်နေတော့၊ မိတ်ဆွေ တက္ကသိုယ်ဝန်ထမ်းရဲ့ ဌာနမှာပဲ အချိန်ပိုင်းဝင်လုပ်တော့ သက်သက်သာသာ ကွန်ပြူတာရှေ့ ထိုင်ပြီး တလ ဒေါ်လာ ၁၀၀၀ လောက် ရနေတယ်။ ထောက်ပံကြေး Grant ကလည်း အမေရိကားမှာ သိပ်မခက်လှဘူး။ မြန်မာဆိုရင် ပိုတောင် လွယ်သေးတယ်။ (မြန်မာတွေ စစ်အစိုးရ လက်အောက်မှာ တော်တော်ခံနေရတာ အမေရိကန်များ ဂရုဏာသက်တာ ရှိပါတယ်)။ ဒီတော့ အဲဒီကျောင်းသားတွေ အပြင် စားသောက်ဆိုင်၊ အလုပ်ရုံတွေမှာ သွားလုပ်စရာ မလိုတော့ဘူး။ သွားလုပ်ချင်ရင်လည်း အလုပ်ရှာရတာ လွယ်ပါတယ်။

Student ဗီဇာရရှိပြီး အမေရိကားကိုသာ အရင်ဝင်ခဲ့ပါ။ ကျန်တဲ့ အရာများကတော့ အမေရိကားက မြန်မာတွေကို သေချာပြောပြ အကူအညီ တောင်းရင် စာတကယ် ကြိုးစားမယ့် မြန်မာကျောင်းသားတွေကို ကူညီမယ့် အဖွဲ့အစည်း အများကြီး ရှိပါတယ်။

အပိုင်း (၁) မှာ ရေးခဲ့တာကို ဖြည့်စွက်ပြောရမယ်ဆိုရင်…

အမေရိကားမှာ H1 visa, Student visa, Business visa, Medication visa, Social Charity visa စတာတွေအနက် မြန်မာ Passport ကိုင်ဆောင်ထားသူတွေ အများဆုံး အသုံးချတဲ့ ဗီဇာကတော့ Student Visa ပါပဲ။ လူသိနည်းတဲ့ အမေရိကန် ပြည်နယ်လေးတခုက တက္ကသိုလ် တခုကို ကိုယ့်ကို ခင်မင်သူ တယောက်ရဲ့ Bank Statement တခုနဲ့ အဲဒီ တက္ကသိုလ်ရဲ့ Website ကတဆင့် ဆက်သွယ်ပြီး ကျောင်းဝင်ခွင့် တင်လိုက်ပါ။ အလွယ်တကူ ရပါတယ်။ ဘယ်တက္ကသိုလ်လဲတော့ ကိုယ်နဲ့ နီးစပ်သူတွေကို မေးပါ။ နယူးယောက်၊ ၀ါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိ၊ ချီကာဂို စတဲ့မြို့ကြီးတွေ၊ ပြည်နယ်ကြီးတွေတော့ ယောင်ပြီး သွားမလျှောက်လိုက်လေနဲ့၊ ၀င်ခွင့် ရကောင်းရမယ် - အဲ ငွေကတော့ သောက်သောက်လဲ ကုန်သွားလိမ့်မယ်။

ဝင်ခွင့်ရကြောင်း တက္ကသိုလ်က တရားဝင်စာ တလ၊ နှစ်လ နဲ့ ရလိမ့်မယ်။ ရပြီးရင်တော့ စင်္ကာပူ အမေရိကန် သံရုံးကို သွားပြီး ဗီဇာလျှောက်ပေ တော့။ ဘယ်လိုလျှောက်ရမလဲဆိုတာ http://singapore.usembassy.gov/general_information.html အင်တာနက် ၀ဘ်ဆိုဒ်မှာ အသေးစိတ် ရေးထားတယ်။ အမေရိကန်ကတော့ Talent တွေအတွက် လမ်းအများကြီး ရှိတယ်။ Google, Yahoo, Microsft, .. စတဲ့ ကမ္ဘာကျော်တွေ၊ ကမ္ဘာ့ အချမ်းသားဆုံး လူတွေရဲ့ တ၀က်လောက်ကလည်း အမေရိကားမှာ နေကြတော့ သဘောပေါက်နိုင်ပါတယ်။ အဲ - ပျက်စီး၊ ကျဆုံးတဲ့လူတွေလည်း အမေရိကန်မှာ ပိုဆိုးတယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး လူကြီး၊ သူငယ်ချင်းကောင်း စကားနားမထောင်ဘဲ ထင်ရာ ဇွတ်လုပ်သူများအတွက်တော့ ငရဲနိုင်ငံကြီးပေါ့။

၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်

ဒီလူငယ်ကတော့ အိမ်ထောင်ကျပြီးသူ ဖြစ်ဖို့များပါတယ်။ အိမ်တောင်ကျပြီးသူ အများစုဟာ မြန်မာပြည်ကနေ စင်္ကာပူကို ပြောင်းရွှေ့လုပ်ကိုင်ပြီး အခြေကျနေသူ များပါတယ်။ စင်္ကာပူကနေ အမေရိကားကို ရွေ့တော့ ရွေ့ချင်ပေမယ့် နေ့စဉ် လုပ်ငန်းတွေ၊ အပျော်အပါးတွေနဲ့ အလုပ်များနေတာကြောင့် ထပ်မံ ရွေ့ပြောင်းဖို့ မလုပ်နိုင်ပါဘူး။

စင်္ကာပူရောက် မြန်မာများ နိုင်ငံခုန်ရန် ကြိုးစားနေတဲ့ အထဲမှာ နံပါတ် (၁) နိုင်ငံကတော့ သြစတြေးလျား ဖြစ်ပါတယ်ဆိုရင် လက်တွေ့နဲ့ ပိုကိုက်ညီပါတယ်။ အမေရိကားရောက် မြန်မာများက သိန်းဂဏန်းလောက် ရောက်နေပေမယ့် စင်္ကာပူကတဆင့် ရောက်သူတွေ အတော်နည်းပါတယ်။ သြစတြေးလျားက စင်္ကာပူရဲ့ ဘွဲ့နဲ့ လုပ်ငန်းအတွေ့အကြုံ (Singapore Certificates and Experience) ကို အသိအမှတ် ပြုပါတယ်။ သြစတြေးလျားရဲ့ Permanent Resident လျှောက်တဲ့ ပေါ်လစီအရ စင်္ကာပူမှာ ဘွဲ့တခုရပြီး ၃ နှစ်အထက် လုပ်သက်ရှိရင် အသက် ၄၅ နှစ်အောက်ကို အလွယ်တကူပဲ PR ပေးလိုက်ပါတယ်။ အေးဂျင့်ကတဆင့် လျှောက်ရရင် ပိုက်ဆံ ထောင်နဲ့ချီပြီး တော်တော်ကုန်တော့ ငွေအရင်းအနှီး မရှိသူတွေ Australia PR မလျှောက်ဖြစ်ဘူး။ လျှောက်ရင်လည်း တနှစ်အထက် ကြာတတ်ပါတယ်။ တချို့လည်း သြစတြေးလျားမှာ အလုပ်ရအောင်ရှာပြီး Work Permit ရမှ သွားတယ်။ ဟိုမှာနေပြီးမှ PR ဆက်လျှောက်တယ်။

သြစတြေးလျား ဗီဇာကလည်း စင်္ကာပူက ထုတ်ပေးထားတဲ့ PR ဆိုရင် ၁ နာရီအတွင်းမှာပဲ ထုတ်ပေးလိုက်တော့ PR ရရှိထားသူတွေ အလည်အပတ် ခရီးထွက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာများ Touch and Go အနေနဲ့ သြစတြေလျားကို Tourist Visa eg. 3 days, 4 night စတဲ့ Tour Package နဲ့ ခရီးသွားပြီး ပြန်လာသူ များပါတယ်။ နောက်ပြီး သြစတြေလျား နိုင်ငံမှာလည်း မြန်မာတွေကို Work Permit လက်ခံနေပါတယ်။ အင်တာနက်မှာလည်း ပညာရေးအကြောင်း အများကြီး ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ - http://www.mingalaronline.net/education/ သြစတြေလျားကို ပြောင်းရွှေ့ဖို့ အခြေခံ အကြောင်းတွေကိုလည်း အစိုးရ အင်တာနက် ၀ဘ်ဆိုဒ်မှာ ရေးထားပါတယ်။ စင်္ကာပူမှာလည်း သြစတြေလျား အလုပ်ပွဲစား အများကြီး ရှိပါတယ်။

ထုံးစံအတိုင်း အကြံပေးချင်တာကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ သြစတြေးလျား ရောက်နှင့်သူ မိတ်ဆွေတွေကို ဖုန်းဆက် မေးမြန်းပါ၊ တတ်နိုင်ရင် Tourist Visa ယူပြီး သွားရောက်လည်ပတ် မေးမြန်းပါ။

ကနေဒါ၊ အင်္ဂလန်၊ နယူးဇီလန်၊ နော်ဝေး စတဲ့ နိုင်ငံတွေကို စင်္ကာပူကတဆင့် ပြောင်းရွှေ့သွားသူတွေ တော်တော်ရှိပေမယ့် သူတို့ အကြောင်းထက် အမေရိကန်၊ သြစကြေးလျား အကြောင်းက ပိုစိတ်ဝင်စားစရာ၊ လက်တွေ့ ပိုကျတယ်လို့ ထင်ပါတယ်။

အမေရိကန်ကို လာအလုပ်လုပ်ဖို့ကတော့ တော်တော် ကြိုးစားရပါမယ်။ ဒါကြောင့် ကျောင်းအရင်တက်တာကို တိုက်တွန်းပါတယ်။ အနည်းအကျဉ်း မြန်မာတွေ H1 Visa ရရှိပါတယ်။ ကံ၊ ဥာဏ်၊၀ီရိယ ကောင်းသူများ H1 Visa ရရှိသွားပါတယ်။ ကံကို နံပါတ် (၁) မှာ ရေးထားပါတယ်။ ကံတရား (သို့မဟုတ်) ဘုရားကောင်းချီးပေးခြင်း ဆိုတာ အင်မတန် ထူးဆန်းပေမယ့် ၀ိရိယ မရှိသူတွေဟာ ကံမကောင်းသူတွေ ဖြစ်သွားလေ့ ရှိပါတယ်။ အဆင်ပြေနေသူတွေ ဘ၀ကို သေချာကြည့်ရင် ထင်သလို မိဘချမ်းသာလို့ ဘာမှမလုပ်ပဲ သုံးဖြုန်းနေသူ မဟုတ်ပါဘူး။ ဘုရင့်သားဆိုတိုင်း ဘုရင်မဖြစ်နိုင်ပါဘူး။ မှားသွားရင် ဘုရင့်သား အချင်းချင်း သုတ်သင်တဲ့ဘ၀ထဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ၀ိရိယ ရှိရင် ဥာဏ်နဲ့ ကံ တွေလည်း ကောင်းလာလေ့ ရှိပါတယ်။

အပိုင်း (၁) တုန်းက ရေးပြီးသားကို ပြန်ထည့်ပေးလိုက်ပါတယ်။

အလုပ်ရှာချင်တဲ့ လူငယ်တွေအတွက် H1 Visa အကြောင်း နည်းနည်းပဲ ရေးပါမယ်။ အလုပ်ဗီဇာ H1 ကို မြန်မာပတ်စ်ပို့ ကိုင်သူတွေအတွက် ရနိုင်လမ်း တော်တော်နည်းပါတယ်။ စင်္ကာပူ Passport ကိုင်တဲ့ မြန်မာတွေအတွက်တော့ အိုကေပေမယ့် ၂၀၀၈ ပတ်ဝန်းကျင်မှာ အမေရိကန် စီးပွားရေးကပ် ဆိုက်နေတော့ စင်္ကာပူ လူငယ်တွေက လစာ ပိုကောင်းနေသလိုပါပဲ။ အမေရိကန် ဒေါ်လာဈေးကလည်း သမ္မတ ဂျော့ဘွတ်ခ်ျ မတက်ခင် US$1 = S$1.8 ကနေ ကျဆင်းသွားလိုက်တာ အခုဆို US$1 = S$1.3 လောက် ဖြစ်သွားတော့ စင်္ကာပူမှာ တလ ဒေါ်လာ ၃၀၀၀ လောက်ရသူ အမေရိကားမှာ သွားလုပ်ရင် ဒီလောက်လစာ များများရဖို့ နဲနဲခက်တယ်။ ရရင်လည်း လစာ ၅၀၀၀ အထက် ရမယ်။ မရရင်လည်း ဆူရှိလိပ်ပြီး တလ ၂၀၀၀ လောက်နဲ့ ကျေနပ်နေရမယ် ဆိုတော့ စင်္ကာပူက မြန်မာများ အမေရိကား အလုပ်လာရှာဖို့ သိပ်မသင့်တော်တဲ့ အချိန်ကာလပါ။ အမြဲတမ်း အခြေချဘို့ ဆိုရင်တော့ တမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် H1 Visa ရချင်ရင် အနည်းဆုံး ၆ လ ကနေ တနှစ်လောက်ကြာမယ်။ စင်္ကာပူလို အခု အီးပီ၊ အက်စ်ပတ်စ်၊ Work Permit တင်ပြီး တပတ်၊ နှစ်ပါတ်နဲ့ အဖြေသိရတဲ့ နိုင်ငံမဟုတ်ဘူး။ Paper Work လုပ်တဲ့နေရာမှာ Lawyer, Insurance တွေနဲ့ ရှုပ်ယှက်ခတ်နေတာ တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ သဘောသဘာဝပါပဲ။ ပြီးတော့ အမေရိကားမှာ H1 Visa ဆိုရင် အစိုးရ သတ်မှတ်ထားတဲ့ လစာက တနှစ်ကို US$65K အထက် ပေးရမယ်ဆိုတော့ ပွဲစားကုမ္မဏီတွေ အကြိုက်ပေါ့။ ကုမ္မဏီတွေနဲ့ ပေါင်းပြီး တနှစ်ကို Us$30K လောက်ပဲပေးပြီး ပွဲစားနဲ့ အလုပ်လုပ်သူ နားလည်မှု ယူလိုက်တယ်။ စင်္ကာပူမှာလည်း ဒီလို ကလိန်ကကျစ် လုပ်နည်းတွေ ရှိတယ်။ လစာကိုတော့ အမှန်အတိုင်း ဘဏ်ထဲ ထည့်ပေးပြီး ပွဲစားကို လစဉ် Cash ပြန်ပေးရတဲ့ သဘောပါပဲ။ အမေရိကား အရင် ရောက်နှင့်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပင်း၊ ဗီယက်နမ်၊ ကိုးရီးယားနဲ့ မက္ကဆီကို၊ အမေရိက အလယ်ပိုင်းနိုင်ငံများ နိုင်ငံတွေက လူတွေ လုပ်စားလာတာ ကြာပြီပဲ။ မြန်မာလူလည်တွေ ကော်ပီ လိုက်လုပ်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် အမေရိကားလာပြီး အမှန်အကန် H1 Visa လာရှာမယ်ဆိုရင် ခန့်မယ့် ကုမ္မဏီအသင့်ရှိတောင် ၆ လ ကြာဦးမယ်။ ၂၀၀၈ အတွက် H1 Visa ကိုတာ ကုန်သွားပြီလို့ သိရတယ်။ အဲ - H1 Visa ရတိုင်း ဂရင်းကဒ် မရနိုင်ဘူး ဆိုတာလည်း သိထားရမယ်။

၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး

မနှစ်က စင်္ကာပူက မိတ်ဆွေတယောက် ရောက်လာပါတယ်။ သူက မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းကြီးကို ပိုင်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့် အုပ်စု အနားယူသွားပြီးတဲ့ နောက်ပိုင်းမှာ ဘာမှ လုပ်စားလို့မရတော့ဘူး။ စင်္ကာပူမှာ ငွေသိပ်မကုန်ဘဲ နေထိုင်လုပ်စားဖို့ အရင် ကြိုးစားကြည့်ပါတယ်။ Investment 1 millions ပေးရင်တော့ စင်္ကာပူ ပီအာကို ချက်ချင်း ရပါတယ်။ အရင် ၁၀ နှစ်လောက်ကတော့ Investment 0.1 million ဆိုရင် အီးပီ ချက်ချင်းကျပြီး ပီအာ ဆက်တိုက် ရနိုင်ပေမယ့် အခုတော့ စင်္ကာပူက တော်တော် တိုးတက်သွားတော့ အရင်လောက် မလွယ်တော့ပါဘူး။ ဒီတော့ စင်္ကာပူမှာ ငွေ ဒေါ်လာ သိန်းချီ ရင်းနှီးမှုမရှိဘဲ စီးပွားရေးလုပ်ဖို့ကို ကြံတယ်။ ငွေဆိုတာ လူကလုပ်တာပဲ ခံယူထားတော့ နည်းလမ်းများစွာ စုံစမ်းမေးမြန်းတယ်။ ရောက်နှင့်ပြီးသား အဆင်ပြေနေတဲ့ မြန်မာ စီးပွားရေးသမားတွေကလည်း လုပ်နည်းကို မပြောပါဘူး။

ဒီတော့ မြန်မာပြည်ကို ပြန်ပြီး စင်္ကာပူမှာ အဆင်ပြေနေတဲ့ စီးပွားရေးသမားတွေအကြောင်း စုံစမ်းတယ်။ ရိပ်ရိပ်တော့ သဘောပေါက်လာတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေဟာ Talent ဖြစ်တဲ့ Entrepreneur တွေကို အရမ်းလက်ခံပါတယ်။ အမေရိကား၊ သြစတြေးလျားတွေမှာ မြန်မာ အက ကောင်းကောင်း ကတတ်ရင်၊ (ပန်တျာကျောင်းဆင်း လက်မှတ်နဲ့ သြစတြေးလျားရောက် မြန်မာအဖွဲ့အစည်းတခုက ထောက်ခံစာ) နဲ့ Migrant Visa ရတတ်ပါတယ်။ မြန်မာတွေအရင် တရုတ်၊ အိန္ဒိယ လူမျိုးတွေ လမ်းကြောင်းပြ၊ လုပ်ပြီးသွားပါပြီ။ မြန်မာတွေက Just copy and paste လုပ်လိုက်ရုံပါပဲ။ ဒီတော့ နည်းလမ်းသိသွားပြီး ကြိုးစားလိုက်တာ ၆ လအတွင်း ငွေသိပ်မကုန်ဘဲ စင်္ကာပူမှာ အခြေကျနေထိုင်ခွင့် ရသွားပါတယ်။ Entrepreneur Pass လို့ ခေါ်ပါတယ်။

စင်္ကာပူ Immigration နဲ့ Ministry of Labor / Company Registration စတဲ့ နေရာတွေကို ခေါက်တုံ့ခေါက်ပြန် သွားလိုက်ရတယ်။ အိန္ဒိယက နွားနို့ကို စင်္ကာပူမှာ တင်ပို့ရောင်းချဖို့ ဆိုင်လေးဖွင့်ချင်တဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်လေးလည်း Entrepreneur Pass ၂ နှစ် လုပ်ခွင့် ပေးတယ်။ တရုတ်ပြည်က အသက် ၄၀ လောက် သွင်းကုန်၊` ထုတ်ကုန် လုပ်ငန်း လုပ်ချင်သူကိုလည်း ပေးတာ မဟုတ်လား။ ဆိုတော့ ကျနော့် မိတ်ဆွေကြီးက မြန်မာပြည်မှာ လယ်ယာလုပ်ငန်းကို အခြေခံတဲ့ စက်မှုလုပ်ငန်း စင်္ကာပူမှာလုပ်ဖို့ တင်ပြတော့ အိုကေတယ်။

ဒီလိုကနေ ရိုးသား ကြိုးစားလုပ်ကိုင်သူတွေ အောင်မြင်လာတာ ရှိတယ်။ အဲ - မိတ်ဆွေတယောက်တော့ တွေ့ဖူးတယ်။ မြန်မာပြည်မှာ နှလုံးထီ၊ မိုးကြိုးသွား၊ ကျည်နိုင်ဆေး၊ ရွှေရှာဖွေရေး၊ ရေနံရှာဖွေရေး၊ ရေနက်ကွင်း၊ ခရီးသွားလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်း စသဖြင့် မြန်မာပြည်တွင်းက ပေါ်ပင် မြန်မာ စီးပွားရေးသမားများ လုပ်စဉ်အတိုင်း အကုန် လျှောက်လုပ်တယ်။ ငွေအရင်း ထုတ်ပေးချင်သူတွေကို အာဘောင်ရင်းသန်သန် ပြောရင်း အတူလုပ်၊ မိတ်ဆွေပျက်၊ စစ်တပ်၊ အာဏာပိုင်တွေနဲ့လည်း နည်းမျိုးစုံ ပေါင်းသင်း လုပ်ကိုင်ပေမယ့်လည်း သွေးသား မတော်စပ်တော့ သူတို့အထဲက အဖြစ်မရနိုင်ဘူး။ သွေးသားတော်စပ်အောင်လည်း ကိုယ်သမီးကို ပေးရလောက်အောင် သမီးလည်း မရှိ၊ ရှိအောင် ဗိုလ်ချုပ်ကြီးသားက ကြိုက်ဦးမှကိုး။

နောက်ဆုံးတော့ စင်္ကာပူရောက်လာတယ် - မြန်မာပြည်က အကျင့်ဆိုးတွေ အားလုံး ဘုရားမှာ ကပ်လှူပစ်လိုက်တော့ ၂ နှစ်အတွင်းမှာ ကြီးပွားလာတယ်။ စင်္ကာပူ ပီအာဖြစ်လာပြိး အိမ်ပိုင်၊ ကားပိုင် ဖြစ်လာတယ်။ အဲ - ဒီလို အဆင်ပြေလာတော့ အရင်က ဘုရားမှာ ကပ်ထားတဲ့ အကျင့်ဆိုးတွေ ပြန်ပေါ်လာတယ်။ အခုတော့ အဆင်မပြေ ဖြစ်နေပြီ ကြားရတယ်။

အမေရိကားက ပညာတတ်သူ၊ ကျွမ်းကျင်သူ၊ အတတ်ပညာရှင်၊ စီးပွားရေးပညာရှင်၊ ဆရာဝန်၊ လုပ်ငန်း အသေးလေးကအစ အကြီးအထိ လုပ်နိုင်သူများကို ကြိုဆိုနေပါတယ်။ ဒီမှာတော့ Credit Card System နဲ့ အလုပ်လုပ်ပေမယ့် ဆရာဖေမြင့် ဘာသာပြန်တဲ့ ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲက တကယ့်အဖြစ်အပျက် ဇာတ်လမ်းတွေလိုပဲ ချမ်းသာချင်ရင် အကျင့်ကောင်းလေးတွေ ရှိရပါမယ်။ ငွေကို ငွေလို မြင်တတ်ရမယ်ဆိုတဲ့ ရှေးနှစ်ပေါင်း ၅၀၀၀ ကျော် ဘေဘီလုံခေတ်အတိုင်း အကျင့်ကောင်းလေးတွေနဲ့ ကြိုးစားရတာတော့ အဓိက အခြေခံအကြောင်းအရင်းပါ။

စိတ်နဲ့ ကိုယ် ၂ မျိုးစလုံး ချမ်းသာဖို့ ကြိုးစားသင့်ပါတယ်။ စင်္ကာပူက ၀န်ကြီးချုပ်ဟောင်း ဂိုချောက်ထောင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက် သူ အာဏာရှိစဉ်က စင်္ကာပူ ကြွယ်ဝစေတဲ့ လူတန်းစား ၂ ရပ်အကြောင်းကို Straits Times သတင်းစာ မျက်နှာဖုံးမှာ အပြည့်၊ အတွင်းထဲမှာရော အများကြီး သူ့မိန့်ခွန်းကို ဖေါ်ပြခဲ့တယ်။ တမျိုးက CEO Corporate နဲ့ တက္ကသိုလ် ပညာတတ်အုပ်စု၊ နောက်တမျိုးကတော့ ပွဲစား၊ မြေပိုင်ရှင်၊ ငွေတိုးချေးစား၊ ကုန်စုံဆိုင်ပိုင်ရှင် အုပ်စု။ နိုင်ငံရဲ့ ကြွယ်ဝမှုဟာ အဲဒီ စိတ်ရောကိုယ်ပါ ချမ်းသာတဲ့ အုပ်စု ၂ စု လက်ထဲမှာ ရှိပါတယ်။ အစိုးရကတော့ အဲဒီအုပ်စုတွေနဲ့ ပေါင်းလုပ်နေရတဲ့ အကြောင်းပြောခဲ့တယ်။

ချမ်းသာသူတွေကတော့ ချမ်းသာနည်းစာအုပ် ရေးမှာ မဟုတ်ပေမယ့် ပညာတတ်သူတွေကတော့ သူတို့လိုပဲ ပညာတတ်စေချင်တယ်။ ချမ်းသာသူတွေကတော့ သူတို့ဆွေမျိုးတွေကိုပဲ သို့မဟုတ် ကိုယ်စေတနာ ရှိသူကိုလည်း ကိုယ်လို ချမ်းသာလာအောင် ကူညီတတ်ပါတယ်။ အဲ - ပညာတတ်ကတော့ ကိုယ့်ဆွေမျိုးသာမက ကိုယ်နဲ့နည်းစပ်သူတွေကိုလည်း ပြောပြ၊ လမ်းပြ၊ လမ်းညွန်တတ်ပါတယ်။

နောက်ဆုံးတော့ အမေရိကားမှာ Opportunity တွေ အများကြီး ရှိပါတယ်။ အမေရိကား ရောက်ပြီး အနည်းဆုံး ၅ နှစ်လောက် အချိန်ယူ ကြိုးစားရတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြောပြါပါတယ်။ ကြီးပွားတိုးတက်ဖို့ လုပ်နည်းကိုင်နည်း၊ အကြံပေးများ လိုအပ်သလို တိုက်ပွဲဝင်ဖို့အတွက် လက်နက်ကရိယာ တန်ဆာပညာတွေလည်း ၀ယ်ယူ၊ တပ်ဆင်ရပါမယ်။ Certificates တွေကတော့ အရေးကြီးဆုံးပါပဲ။ Language and American Culture ကို ကောင်းကောင်း သိနားလည်အောင် နှစ်နဲ့ချီ ကြိုးစားရပါမယ်။ ဥပမာ အမေရိကန်တွေဟာ အလုပ်အများကြီး လျှောက်မလုပ်သလို၊ စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်အားလုံး သိမ်းကျုံး မခိုင်းပါဘူး။ ဒါပေမဲ့ တခုခိုင်းရင် ခိုင်းတာကို အသေးစိတ် သေချာစွာ အောင်မြင်အောင်လုပ်တာ ကြိုက်တယ်။ မအောင်မြင်ရင်လည်း စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်ဖြုတ်၊ ဌာနပြောင်း မလုပ်ပါဘူး၊ မအောင်မြင်ရတဲ့ အကြောင်းကို သေချာ ရှင်းပြပေးရင် အိုကေပါတယ်။ Don't make the same mistake twice ကိုတော့ သတိထားပြီး အရင် မအောင်မြင်တာကို သင်္ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။

အမေရိကန်မှာ မြန်မာတယောက် ၀င်လာလို့ရှိရင် ဗီဇာ ၆ လပေးပါတယ်။ နောက်ထပ် ၆ လလည်း Extension အသာတကြည် ပေးပါတယ်။ စင်္ကာပူလို စတေးကုန်လို့ အင်မီဂရေးရှင်း ပြေးပြီး Extension လုပ်ရ၊ တခါတိုးရင် ၂ ပတ်ပဲ ရတယ်။ ၃ ခါတိုးပေးပြီးရင် အင်မီဂရေးရှင်း အရာရှိက ဒါနောက်ဆုံးပဲ၊ မပေးတော့ဘူး ခပ်မာမာ ပြောခံရတာတွေ အမေရိကန်မှာ မရှိသလောက်ပါ။ အမေရိကန်မှာ နောက်ထပ် ၆ လ ဆက်နေချင်ပါသေးတယ် ပြောပြီး Visa Extension တောင်းရင် အကြောင်းပြချက်ကတော့ လည်ပတ်စရာတွေ အများကြီး ကျန်သေးလို့ပါ ပြောလိုက်ရုံပါပဲ။

အမေရိကားမှာ ကုမ္မဏီ ထောင်ချင်ရင် နိုင်ငံခြားသား Passport ပြပြီး ထောင်လို့ရတယ်။ ကိုယ့်မှာ Credit Card တခုရှိပြီးသားဆိုရင် အမေရိကားမှာ ဘယ်ဘဏ်မှာမဆို အကောင့်ဖွင့်လို့ ရတယ်။ အမေရိကား Credit Card ရပြီးရင် အမေရိကားမှာ လုပ်စားလို့ နဲနဲလေး ရလာပြီပေါ့။ စင်္ကာပူ ကားမောင်းလိုင်စင် ရှိရင် အမေရိကား တခွင်လုံးကို ပြဲပြဲစင် မောင်းချင်ရင် မောင်းလို့ရပြီ။ စင်္ကာပူလို ကားဈေးမကြီးဘူး။

စင်္ကာပူ ကားမောင်းလိုင်စင်ပြပြီး အမေရိကန်အစိုးရရဲ့ DMV Department of Motor Vehicles ကိုသွားပြီး ပြည်နယ် အိုင်ဒီ ID နဲ့ Driving License Conversion လုပ်ချင်ပါတယ် ပြောရင် လုပ်ပေးပါတယ်။ အမေရိကန်ကို တရားဝင် လာတဲ့အကြောင်း ပတ်စပို့နဲ့ I-94 White Card ကိုတော့ ပြရမယ်။ မြန်မာပြည်က တိုက်ရိုက်လာတဲ့ လူတွေကတော့ Driving License (In English) ရှိရင် ပြောတတ်ရင် လုပ်ပေးပါတယ်။ မပြောတတ်ရင်တော့ စာရေးမက မင်းမှာ Social Security Number SSN ရှိသလား မေးခံရရင် မရဘူးဆိုတဲ့ သဘောပါပဲ။ ဒီမှာတော့ ပြည်နယ် အိုင်ဒီ ID နဲ့ ဒရိုင်ဘာ လိုင်စင် ၂ခုရှိရင် အမေရိကားမှာ သွားလာ၊ လုပ်ကိုင်ဖို့  အတော်အဆင်ပြေသွားပါတယ်။ SSN နံပါတ်ကတော့ အလုပ်လုပ်သူများ မရှိမဖြစ် လိုအပ်ပါတယ်။ အမေရိကားကို ကျောင်းလာတက်သူ၊ Business Visa long term pass သမားတွေကိုလည်း ကုမ္မဏီထောက်ခံစာနဲ့ SSN ထုတ်ပေးပါတယ်။

အမေရိကားမှာ ကုမ္မဏီ အလွယ်တကူ ထောင်ပြီးရင်တော့ ကိုယ့်အပေါ်မှာပဲ မူတည်တော့တယ်။ စင်္ကာပူမှာ Bio Semiconductor လုပ်တဲ့ ကုမ္မဏီတခုမှာ အလုပ်လုပ်တဲ့ မြန်မာတဦး ပြောပြချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမေရိကားမှာ ပညာလာသင်တဲ့ လူတဦး ထူးချွန်ကြိုးစားလို့ Stanford University က ဒေါက်တာဘွဲ့ရပြီး၊ သူတို့ ကျောင်းက အားပေးချက်နဲ့ နောက်ဆုံး ကုမ္မဏီတခုကို ထောင်တယ်။ တက္ကသိုလ်က နာမည်ကြီးပဲ၊ သူတို့ချင်း ထောက်ခံစာတွေ ရေးပေးရင်း အမေရိကန် သူဌေးကုမ္မဏီ R&D လုပ်ဖို့ စမ်းသပ်တဲ့စက် Order ရတယ်။ စက်အမှာစာရတော့ ဘယ်မှာလုပ်ရမလဲ စဉ်းစားရင်း စင်္ကာပူ အစိုးရ EDB က Bio Technology လုပ်ငန်းတွေ အားပေးနေတော့ စင်္ကာပူ အစိုးရဆီကို Grant လှမ်းလျှောက်တယ်။

အမေရိကန် အစိုးရဆိုင်ရာနဲ့ Stanford University မိတ်ဆွေတွေရဲ့ ထောက်ခံစာတွေရော၊ အမေရိကန်မှာ အော်ဒါ ရထားပြီးကြောင်း။ အမေရိကန်မှာ ၀ယ်မယ့် ကုမ္မဏီတွေ Potential Customers စာရင်းတွေနဲ့ ဘယ်လိုဘယ်လို စင်္ကာပူမှာ ကုမ္မဏီထောင်ပြီး အရင်းအနှီး ဒေါ်လာ သန်း၂၀ လိုကြောင်း။ စင်္ကာပူ EDB ဆီက သန်း ၂၀ Grant တောင်းတော့ ၁၀ သန်း ချေးငှား ပေးလိုက်တယ်။ ဒါပေမဲ့ ငါတို့ စင်္ကာပူ အတတ်ပညာရှင်တွေ စာရင်းစစ်မှု Audit အောက်မှာ လုပ်ရမယ်ဆိုပြီး အိုကေသွားပါတယ်။ အခုဆို အဲဒီ ကုမ္မဏီက အမေရိကန် ဆန်ဖရန်စစ္စကိုမှာ တော်တော် ကြီးမားနေပြီး မြန်မာ အင်ဂျင်နီယာတွေကိုလည်း ခန့်ထားပါတယ်။ စင်္ကာပူ ကုမ္ပဏီခွဲမှာလည်း အလုပ်သမား ၁၀၀ လောက် တနှစ်အတွင်း ဖြစ်လာပြီး စက်အော်ဒါပေါင်း များစွာ ၃ နှစ်အတွင်း အမေရိကန် Research R&D ဌာနတွေကို ရောင်းချခဲ့ပြီးပြီလို့ သိရတယ်။

နောက်တယောက်လည်း ၅၀ နှစ် မပြည့်သေးပါဘူး။ သိပ်ချမ်းသာချင်တဲ့ ဇနီးသည် အကြံနဲ့ ရိုးသားကြိုးစားတဲ့ သူငယ်ချင်းကို စီးပွားဖြစ် မလုပ်တော့ဘဲ သူတို့ဖာသာ လုပ်ကိုင်လို့ ချမ်းသာနေပါတယ်။ ဒါပေမဲ့ လူမှုရေး မတည်ငြိမ်တော့ အိမ်ထောင်ရေး ဆုံးရှုံးသွားပါတယ်။ အမေရိကားမှာ နှစ် ၃၀ ကျော်နေပြီး စီးပွားအောင်မြင်လို့ လင်မယားလည်း ပျော်ရွင်စွာရှိနေတဲ့ မြန်မာဆိုင်ရာ အလှုဒါနပြု လုပ်ငန်းတွေမှာ ပျော်မွေ့နေတဲ့ မိတ်ဆွေ သူဌေး ဇနီးမောင်နှံကိုလည်း မြင်ရတာ စိတ်ချမ်းသာပါတယ်။ မြန်မာလူငယ်များစွာကို တက္ကသိုလ် စကောလားရှစ်၊ Grant ရအောင်လုပ်ပေးပြီး အမေရိကားမှာ အခြေချနိုင်အောင် အကူအညီပေးနေတဲ့ မြန်မာလူမျိုး တက္ကသိုလ် ပါမောက္ခတဦးနဲ့ မချမ်းသာပေမယ့် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေမှာ မြန်မာတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ မြန်မာ ကူညီတတ်သူတွေကို တွေ့ရင် အများကြီး ကျေနပ်မိပါတယ်။ သူတို့ကိုလည်း ငွေကြေးအားဖြင့် ပိုမိုဖူလုံစေလိုပေမယ့် သူတို့ဘ၀ဟာ Spiritual Rich ဖြစ်နေတော့ လောကစည်းစိမ် သိပ်လိုဟန်မတူပါဘူး။

နောက်ဆုံး နိဂုံးကတော့ အရင် Revision 1 အတိုင်းပါပဲ။

စဉ်းစားကြပါ မိတ်ဆွေတို့။ သြစတြေးလျားကို ချောင်းနေသူတွေလည်း ကောင်းပါတယ်။ ဆက်လုပ်ကြပါ။ လူဆိုတာ ရောက်နေတဲ့ အရပ်ကနေ တခါ စွန့်စားပြောင်းလဲဖို့ရာ အင်မတန် ၀န်လေးပါတယ်။ ကြောက်တတ် ရန်ကင်း၊ သေမဲ့ကျား တောပြောင်း စကားပုံတွေကို ယူထားတဲ့သူတွေက စင်္ကာပူ ပီအာတယောက် တခြားနိုင်ငံကို မိုင်ဂရိတ်လုပ်ဖို့ဆိုတာ ကန်ထုတ်လောက်တဲ့အထိ အခြေအနေ ဖြစ်နေမှ စင်္ကာပူက ထွက်မှာပါ။

ဘယ်သူမှ ကိုယ့်နေရင်းနေရာကနေ တခြားပြည်ကို Migrate မလုပ်ချင်ပါဘူး။ လုပ်သူတွေကိုတော့ နှစ်မျိုး ခွဲခြားချင်ပါတယ်။

၁။ ကိုယ်ဘ၀ တိုးတက်ရေးအတွက် စွန့်စားချင်သူ
၂။ လက်ရှိ နိုင်ငံမှာ နေလို့မရနိုင်တဲ့အထိ ဖြစ်လာလို့ စွန့်စားရသူ

ဒီစာကိုဖတ်သူ မိတ်ဆွေကတော့ အဲဒီ ၂ မျိုးထဲ ပါမယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒီအဆင့် ရောက်နေတဲ့ မိတ်ဆွေတွေကို ကူညီပြောပြပေးနိုင်ရင် ဒီစာ ရေးရကျိုးနပ်ပါတယ်။

ဆန်းသစ်

သတင်းထောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေသည်ဟု တရားစွဲ

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 25 2008

နယူးဒေလီ။ ။ ရန်ကုန် လေဘေး ဒုက္ခသည်များအရေး သတင်းလိုက်ယူသဖြင့် လွန်ခဲ့သည့် နှစ်ပတ်က ဖမ်းဆီးခံရသူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အစိုးရက ကြီးလေးသော ပြစ်မှုများ တပ်၍ စွဲဆိုထားကြောင်း ထပ်မံ စုံစမ်း သိရှိရသည်။

ယနေ့တွင် စတင်၍ ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်ရသူ အသက် ၂၄ နှစ်အရွယ် သတင်းထောက် မအိမ့်ခိုင်ဦးအား အများပြည်သူ အထိတ်တလန့် ဖြစ်စေမှု ပုဒ်မ ၅ဝ၅ (ခ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

“တာမွေရဲစခန်းကနေ တရားရုံးကို ထုတ်လာတယ်။ ၅ဝ၅ (ခ) နဲ့  ၁၂၄ (က) ဆိုပြီး ဒီနေ့ တည်တယ်။ ပြီးတော့ ညနေပိုင်းမှာ အချုပ်ကားနဲ့ပဲ အင်းစိန်ထောင်ကို ခေါ်သွားတယ်” ဟု တရားရုံးသို့ သွားရောက်ခဲ့သူ မအိမ့်ခိုင်ဦး၏ ဆွေမျိုးတဦးက မဇ္ဈိမကို ပြောသည်။ သူက ပြည်ပ မီဒီယာ များသို့ သတင်း ထုတ်ပြန်ပေးမှုအပေါ် အာဏာပိုင်များက အညိုးထားကာ ဒုက္ခပေးမည် စိုးရိမ်သဖြင့် သူ့အမည် မဖော်ထုတ်ရန် မေတ္တာရပ်ခံ ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က တောင်ဒဂုံမြို့နယ် ရပ်ကွက်အချို့မှ လေဘေးဒုက္ခသည် ၃ဝ ခန့်သည် စစ်အစိုးရပေးသည့် အထောက်အပံ့ နည်းပါးသဖြင့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ (အန်ဂျီအို) များထံ သွားရောက်ချဉ်းကပ် အကူအညီတောင်းစဉ် သတင်းယူရာမှ မအိမ့်ခိုင်ဦး တာမွေ ရဲစခန်းတွင် ဖမ်းဆီးထားခဲ့ကာ ယနေ့တွင် စတင်ရုံးထုတ်ခြင်း ဖြစ်သည်။

ပုဒ်မ ၅ဝ၅ (ခ) သည် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ၂ ခုစလုံး ကျခံနိုင်ပြီး၊ ပုဒ်မ ၁၂၄ (က) သည် နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ထောင်ဒဏ် နှစ် ၂ဝ အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

“မိသားစုဝင်တွေကတော့ ရှေ့နေငှားဖို့ စီစဉ်မယ် ပြောတယ်။ သူကိုယ်တိုင်ကလည်း ဥပဒေနဲ့ ကျောင်းပြီးထားတာဆိုတော့ သူ့ဆရာတွေလည်း ရှိတယ်။ အခုလောလောဆယ် ဘယ်သူ့ကို ငှားထားလဲဆိုတာတော့ မသိရသေးဘူး” ဟု မိသားစုဝင်များနှင့် နီးစပ်သူက ပြောသည်။

မအိမ့်ခိုင်ဦးသည် ဥပဒေ အထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ရပြီးသူတဦး ဖြစ်ပြီး ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တွင် သတင်းထောက် လုပ်ငန်းသက် ၂ လခန့်သာ ရှိသေးသည်။

အန်ဂျီအိုထံ သွားရောက် အကူအညီ တောင်းသည့် ဒုက္ခသည်အချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်က ခေတ္တဖမ်းဆီးပြီးနောက် အချို့ကို ပြန်လွှတ်ပေးခဲ့ ကြောင်း သိရသည်။

Ecovision ဂျာနယ် အမျိုးသမီး သတင်းထောက် ဖမ်းဆီးခံရ




နန်းဒေဝီ
အင်္ဂါနေ့၊ ဇွန်လ 24 2008

နယူးဒေလီ။ ။ ရန်ကုန်မြို့ရှိ နိုင်ငံတကာ အဖွဲ့အစည်းများထံ သွားရောက် အကူအညီ တောင်းခံသည့် လေဘေး ဒုက္ခသည်များ၏ သတင်း လိုက်ယူခဲ့သော အမျိုးသမီး သတင်းထောက် တဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားသည်မှာ သီတင်းပတ် နှစ်ပတ်ကျော်သွားပြီဟု ဂျာနယ်တိုက် အပြောအရ သိရသည်။

စီးပွားရေးကို အသာပေး ဖော်ပြသည့် အပတ်စဉ်ထုတ် Ecovision ဂျာနယ်တိုက်မှ အသက် ၂၄ နှစ်အရွယ် မအိမ့်ခိုင်ဦးသည် ဇွန် ၁ဝ ရက်နေ့က နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်အချို့က နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) များထံ အကူအညီ တောင်းခံရေး ကြိုးစားခြင်း ကို သတင်းလိုက်ယူရင်း အဖမ်းခံရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ Ecovision ဂျာနယ်တိုက် တာဝန်ရှိသူတဦးက ပြောသည်။

မအိမ့်ခိုင်ဦးကို တာမွေမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် တာမွေမြို့နယ် တရားရုံးတွင် စတင်ရုံးထုတ်မှာ ဖြစ်သည်။

ရဲက သတင်းထောက်သည် ဒုက္ခသည်များ၏ ဓာတ်ပုံရိုက်၍ ပြည်ပအခြေစိုက် သတင်း မီဒီယာများသို့ ရောင်းစားရန် ကြံစည်သည်ဟု စွပ်စွဲ ထားကြောင်းလည်း ဂျာနယ်တိုက် အပြောအရ သိရသည်။

“သတင်းရောင်းစားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့မှာလည်း အဲလို အဆက်အသွယ်လည်း မရှိဘူး။ သူက ရိုးရိုးသားသား ဂျာနယ်လစ် တယောက်ရဲ့ အလုပ်ကို လုပ်ရင်းနဲ့ ဖြစ်သွားတာပါ” ဟု ဂျာနယ်တိုက်က ပြောသည်။

တောင်ဒဂုံမြို့နယ်မှ အများစု ပါဝင်သော လေဘေးဒုက္ခသည် ၃ဝ ခန့်က အစိုးရက ထောက်ပံ့မှု နည်းပါးလွန်းသည်ဟု ဆိုကာ ရန်ကုန်အခြေစိုက် အန်ဂျီအိုများထံ အကူအညီ တောင်းခံရန် ကြိုးစားခဲ့ကြရာ မအောင်မြင်ဘဲ အချို့ အဖမ်းခံလိုက်ရသည်။ (မဇ္ဈိမတွင် ဖော်ပြပြီးဖြစ် - ရန်ကုန်ရှိ အန်ဂျီအိုများထံ အထောက်အပံ့ရရန် ကြိုးစားသူများ ဖမ်းဆီးခံရ)။ မအိမ့်ခိုင်ဦးကိုပါ ဖမ်းဆီးသွားခြင်းကို ယခုမှ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

လေဘေး ဒုက္ခသည်များကို ဖမ်းဆီးသွားခဲ့သူများမှာ အရပ်ဝတ်များ ဝတ်ဆင်ထားပြီး ထောက်လှမ်းရေးများ ဖြစ်နိုင်ကြောင်း မျက်မြင်သက်သေ တဦးက မဇ္ဈိမကို ပြောပြခဲ့သည်။ အချို့သော ဒုက္ခသည်များ နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

သတင်းထောက်ကို တာမွေမြို့နယ် နတ်မောက်လမ်းရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးရှေ့ (ယူအန်ဒီပီ) တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအဝိုင်းမှတဆင့် မဇ္ဈိမက စုံစမ်း သိရှိရသည်။

“ကျနော်ပြောချင်တာက ဒီကလေးက အလုပ်ဝင်တာလည်း ၂ လလောက်ပဲ ရှိသေးတယ်။ အလုပ်လည်း ကျိုးစားတယ်။ အမြဲ active ဖြစ်တယ်။ သူများ ဂျာနယ်တွေလိုပဲ သတင်းထူး၊ သတင်းဦး လိုချင်လို့ လုပ်တာဖြစ်တော့ အန္တရာယ်ကို သူမမြင်နိုင်ဘူး ဖြစ်တယ်” ဟု ဂျာနယ်တိုက်က ပြောသည်။

၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင်ထုတ်ခဲ့သည့် စာမျက်နှာ ၄၈ မျက်နှာရှိပါ Ecovision အပတ်စဉ်ထုတ် ဂျာနယ်သည် ယခင်က စီးပွားရေး ကဏ္ဍကိုသာ အသားပေး ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာအပြင် ကျန်းမာရေး သတင်း၊ ဆောင်းပါးများကိုပါ ထည့်သွင်းရေးသား ထုတ်ဝေသည့် မဂ္ဂဇင်းပုံစံ အပတ်စဉ်ထုတ် ဂျာနယ်ဖြစ်သည်။

Monday, June 23, 2008

ရွှေဝါရောင် နေကြာတပွင့် (သို့မဟုတ်) ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒာစာရ

ညိုထက်ညို
စနေနေ့၊ ဇွန်လ 21 2008

(ဒီမိုကရေစီစနစ် ဖော်ဆောင် ထွန်းကားစေလိုသူ စစ်အစိုးရ အတိုက်အခံ နိုင်ငံရေး အင်အားစုများက လှူတန်းမှုကို ကြည်ဖြူစွာ လက်ခံကာ စစ်အစိုးရ အလိုကျ မလုပ်ဆောင်သည့် ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့သိပံ္ပ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒာစာရကို အမှတ်တရ ရေးဖွဲ့ထားသော ဆောင်းပါးဖြစ်ပါသည်၊ ဆရာတော်သည် သက်တော် ၇၂ နှစ် ၊ ၀ါတော် ၅၂ နှစ် တွင် ပျံလွန်တော်မူခဲ့သည်)

"နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့အရေးပဲပေါ့" "ရပ်နဲ့ ရွာနဲ့နေရင် ရပ်ရေးရွာရေးဆိုတာ ရှိတယ်။ မြို့နဲ့ နယ်နဲ့ နေရင် မြို့ရေး နယ်ရေး ဆိုတာရှိတယ်။ တိုင်းနဲ့ ပြည်နဲ့ နိုင်ငံနဲ့ နေရင် တိုင်းရေးပြည်ရေး နိုင်ငံရေး ဆိုတာရှိတယ်။ ခေါင်းရှောင်နေလို့ မရဘူး။ ခေါင်းရှောင်တာဟာ တာဝန်မဲ့တာပဲ။

အခုဟာက နိုင်ငံရေး မလုပ်ရဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတော့ ဘာလဲ ဒကာကြီးရ၊ ဒါ နိုင်ငံတော်ကို သစ္စာဖောက်တာပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဥစ္စာ။ ပြီးတော့ ပါတီနိုင်ငံရေး ဆိုတဲ့ စကားရှိသေးတယ်။ ပါတီဆိုတာ အသင်းအဖွဲ့ပဲဥစ္စာ။ အသင်းအပင်း အဖွဲ့အစည်းနဲ့မှ နိုင်ငံ့ရေးရာကို လုပ်လို့ကိုင်လို့၊ ဆောင်ရွက်လို့ ရမှာပေါ့။ ဥပဒေနဲ့အညီ ဖြစ်နေရင် ပြီးတာပဲဟာ"။

ဆရာတော်က စကားကို ခဏဖြတ်၍ ရေနွေးကြမ်း တခွက်ဘုန်းပေးသည်။ သူကတော့ ဆရာတော်၏ စကားတွင်သာ အာရုံနစ်ဝင်နေမိသည်။ နေရာက ရွှေဂုံတိုင်ရှိ သူတို့၏ အိမ်။ သည်နှစ်ထဲတွင် ဆွမ်းမကျွေးရသေး၍ ဆရာတော် အပါအဝင် သံဃာတော် ၅ ပါးအား ဆွမ်းကပ်လှူနေခြင်း ဖြစ်ပါသည်။ တကယ်က ဆရာတော် သီတင်းသုံးရာ သာသနာ့သိပ္ပံ ကျောင်းတိုက်နှင့် သူတို့အိမ်က ဘာမှမဝေး။ ဟိုဘက်လမ်း ဒီဘက်လမ်းမျှသာ ဖြစ်သည်။ သို့သော် သူကတော့ ဆရာတော်နှင့်တကွ သံဃာတော် ၅ ပါးအား ၉ နာရီခွဲ သာသာလောက်ကတည်းက သွားပင့်ခဲ့သည်။ ဒါကလည်း အကြောင်းရှိသည်။

ဆရာတော်က စကားပြော၊ တရားဟောကောင်းသူ ဖြစ်သည်။ သူတို့မိသားစုကလည်း ဆရာတော်နှင့် ကြုံတုန်းဆုံခိုက် တရားနာရုံမက စကားပါပြောလိုသည်။ ဆရာရင်း ဒကာရင်းဖြစ်နေ၍ ပြောရဆိုရ သည်မှာလည်း စီးစီးပိုင်ပိုင် ရှိသည်။ နယ်ရေဖတ်ရေ ရှိသည်။ ဆရာတော့်အတွက်ကတော့ ကိစ္စမရှိလှပါ။ မည်သည့်ပရိသတ် အလယ်တွင်မဆို ဆရာတော်က သူယုံကြည်ရာကိုသာ ပြောဆိုမြဲ။ ယခု ပရိသတ်ကတော့ သိပ်မများလှပါ။ သူတို့ မိသားစု၊ ဆွေမျိုးရင်းချာများနှင့် မိတ်သင်္ဂဟအချို့သာ ဖြစ်ပါသည်။

"ဒကာကြီး အခု ပင်စင်ယူပြီ ဆိုတော့ ဘာလုပ်မယ်စိတ်ကူးလဲ" ဟု ဆရာတော်က သူ့ ဦးလေးတော်ကို မေးလိုက်ခြင်း ဖြစ်သည်။ "တပည့်တော် လောလောဆယ်တော့ ဘာမှ အထွေအထူး မစဉ်းစားရသေးပါဘူး ဘုရား" ဟု ဦးလေးက ပြန်ဖြေသည်။ "ဒါဆိုလည်း နိုင်ငံရေးလုပ်ပေါ့ ဒကာကြီးရ။ အမျိုး ဘာသာ သာသနာအရေး တတ်စွမ်းသမျှပေါ့" ဟု ဆရာတော်က ဆက်ပြောလိုက်သည်။ ထို့နောက်တွင်တော့ ဆရာတော်က နံရံပေါ်မှ တိုင်ကပ်နာရီကို တချက်လှမ်းကြည့်သည်။ "အေး တချက်တောင် ထိုးတော့မှာပဲ၊ ဘုန်းကြီး ပြန်ကြွတော့မယ်" ဆရာတော်၏ တိုးတိုးညင်သာ စကားအဆုံးတွင်တော့ သူတို့အားလုံး ဆရာတော့်ကို ဦးချကြသည်။ ဆရာတော့်နှုတ်မှ ဆုတောင်းပတ္ထနာ မြွက်ဟသံ အဆုံးတွင်တော့ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ကားရှိရာသို့ သူ သယ်သွားသည်။ နေကစူးစူးရှရှ တောက်ပ နေပါသည်။

တကယ်က သူ ဆရာတော့်ကို စတင် သိကျွမ်းရချိန်တွင် သူ ၁၀ နှစ်သားသာသာ အရွယ်သာရှိသေးသည်။ ၁၉၈၇ ခုနှစ်တွင် ရွှေဂုံတိုင်ရှိ သူတို့ပိုင် မြေကွက်လပ်တွင် အိမ်စဆောက်သည်။ သည်မှာပင် ဆရာတော်နှင့် ဆုံစည်းသိကျွမ်းရန် အကြောင်းဖန်လာသည်။ သူ့ဖခင်၏ တပည့်ရင်း ဖြစ်သူက ဆရာတော်၏ ဒကာရင်း ဖြစ်နေသည်။ ထိုတပည့်ဖြစ်သူ၏ ဆက်သွယ်ပေးမှုနှင့်ပင် ဆရာတော်နှင့် သူတို့မိသားစု စတင် ရင်းနှီးခဲ့ရသည်။ ဆရာတော်ကပင် သူတို့ ဆောက်မည့်အိမ်အား ပန္နက်ရိုက်ပေးခဲ့သည်။ ဆရာတော်က သာသနာ့သိပ္ပံကျောင်းတိုက် ကျောင်းထိုင်ဖြစ်သည်။ ကျောင်းနှင့် သူတို့ အိမ်ကလည်း နီးသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အိမ်နှင့်ပတ်သက်သည့် ပြုသင့်ပြုအပ်ရာ မင်္ဂလာကိစ္စ အဝဝတို့တွင်လည်း ဆရာတော့်ကိုသာ သူတို့ အားကိုးအားထားပြုခဲ့သည်။

ထိုစဉ်က ဆရာတော်က သက်တော် ၅၀ ဝန်းကျင်။ ထောင်ထောင်မောင်းမောင်း ကြံ့ကြံ့ခိုင်ခိုင် ဆရာတော်၏ ပုံသဏ္ဍာန်က ဥပဓိရုပ် ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ တရားဟောရာတွင်လည်း အသံသြဇာကောင်းကောင်း ဌာန်နှင့် မာန်နှင့် ဟောတတ်ပြောတတ်သည်။ သူတို့ ကတော့ ဆရာတော့်ကို ဗဟန်းဘုန်းဘုန်းဟုသာ ညွှန်းဆိုခေါ်ဝေါ် ကြပါသည်။ ထိုစဉ်ကတော့ ဆရာတော်နှင့်ပတ်သက်၍ သူသိသမျှက သည်လောက်သာဖြစ်သည်။ သူ အသက်ငယ်ရွယ်သေး၍ ဖြစ်ပါလိမ့်မည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းလောက်တွင်တော့ သူတို့ အိမ်ငှားထား၍ ဆရာတော်နှင့် အထိအတွေ့ အနည်းငယ် ကျဲပါးသွားသည်။ လုံးဝ အဆက်ပြတ်သည်တော့လည်း မဟုတ်ပါ။ တနှစ် အနည်းဆုံး နှစ်ခေါက် သုံးခေါက်တော့ ဆရာတော့်ကျောင်းသို့ ရောက်မြဲဖြစ်ပါသည်။ ၁၉၉၅ လောက်တွင်တော့ ဆရာတော်နှင့် သူတို့ ခပ်စိပ်စိပ် တွေ့ဖြစ်ပြန်သည်။ သူတို့အိမ်ရှိရာ လမ်းတွင်ပင် သူ့အဒေါ်က အိမ်ဆောက်သည်။ ထိုအိမ်ကိုလည်း ဆရာတော်ပင် ပန္နက်ရိုက်ပေးခဲ့သည်။ သည်မှာပင် ဆရာတော့် ကျောင်းသို့ ဝင်ခလုတ် ထွက်ခလုတ် ရောက်ဖြစ်ပြန်သည်။ ထိုစဉ်ကတော့ သူအသက် ၂၀ ရှိခဲ့ပြီမို့ ဆရာတော့်အကြောင်း တစွန်းတစ သိရှိလာသည်။ ဆရာတော်က မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ထောက်ခံ အားပေးသူဖြစ်ကြောင်း သိလာရသည်။

အတိုက်အခံ ပြည်သူ့ အင်အားစုတို့ကလည်း ဗုဒ္ဓဘာသာဝင်တို့ ပြုမြဲထုံးစံ အလှူအတန်းတို့ကို ဆရာတော့်ကျောင်းတွင်ပင် ပြုလုပ်လေ့ ပြုလုပ်ထ ရှိကြသည်။ ဒါကလည်း အကြောင်းရှိသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဘုန်းကြီးကျောင်းတိုင်းတွင်လည်း နှစ်ပတ်လည်နေ့များ၊ အခမ်းအနားများက ကျင်းပ၍ ရသည်မဟုတ်။ ဆရာတော်ကတော့ ဘာကိုမျှ ဂရုမစိုက်ပါ။ လာဘ်သပ်ပကာ ပေါများခြင်း ရှားပါးခြင်းကို စိတ်ဝင်စားသူ မဟုတ်။ သပိတ်ကို ရေကျင်း သောက်လျှင်လည်း ဆွမ်းဖြစ်သည်ဟု ခံယူထားသူ ဖြစ်ပါသည်။

ကျောင်းတိုက်ဝင်းသို့ သူ ဝင်ဝင်ချင်း ဆရာတော့်လက်ထောက် ဦးပဉ္စင်းကို တွေ့သည်။ ဆရာတော် အပေါ်ထပ်တွင် ရှိကြောင်းပြော၍ သစ်သားလှေကားကျဉ်းကျဉ်း ကလေးအတိုင်း သူ တက်လာသည်။ အပေါ်ထပ်ရှိ ဦးပဉ္စင်းတပါးက သူ့ကို နေရာထိုင်ခင်းပေးပြီး ဆရာတော့်ထံ သွားပြောသည်။ သူ ဘုရားဝတ်ချပြီး ကျောင်းခန်းပတ်လည်ကို စေ့စေ့ငုငု ကြည့်မိသည်။ ဆရာတော့်ကျောင်းကလေးက တောကျောင်းဆန်ဆန် ကျောင်းကလေး။ ထည်ထည်ဝါဝါ တောက်တောက်ပပ မရှိ။ ပစ္စည်းပစ္စယလည်း များများစားစားမထား။ အရာရာက ညိုညိုမွဲမွဲအရောင်ကို ဆောင်လျက်။ ဒါကပင် ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးမြမြ ဖြစ်နေသည်ဟု သူခံစားမိပြန်သည်။

ကျောင်းတော်ဝိဟာရ၏ အရိပ်အာဝါသအောက်တွင် သူ နှစ်သိမ့်နေမိချိန်တွင်ပင် ဆရာတော်က သီတင်းသုံးရာ အခန်းတွင်းမှ ထွက်လာသည်။ သူ ဝတ်ဖြည့်ပြီး အိမ်မှယူဆောင်လာသော လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်သည်။ ထို့နောက်တွင်တော့ ဆရာတော်နှင့် သူ စကားစမြည်ပြောကြသည်။ သူက ဆရာတော်နှင့် စကားပြောရသည်ကို နှစ်သက်သည်။ ဆရာတော်၏ အတွေးအမြင် အယူအဆတို့ကလည်း သမားရိုးကျမဆန်။ သစ်သစ်လွင်လွင်၊ လန်းလန်းဆတ်ဆတ်။ ဟောသောတရားကလည်း တက်ခေတ်တရား။ ဆရာတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာထား၍ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးလည်း ပြောတတ်ဆိုတတ်သည်။ ကမ္ဘာ့အကြောင်းကော၊ မြန်မာ့အကြောင်းကိုပါ ခြုံမိငုံမိသည်။ တဖက်သတ် ပြောခြင်းမျိုးလည်း မည်သည့်အခါမျှ မရှိ။ တဖက်လူ၏ အမြင်ကို တလေးတစား နားဆင်သည်။ ထို့ကြောင့်လည်း ဆရာတော့်ဆီ ရောက်လျှင် သူ ခဏနှင့် ပြန်လေ့မရှိ။ ဆရာတော်ကလည်း လူငယ်လူရွယ်တို့နှင့် စကားပြောရဆိုရသည်ကို နှစ်ခြိုက်ဟန်တူသည်။

သာရေးနာရေး မိသားစုအရေး ပြောနေရာမှ "ဒီရက်ပိုင်းတော့ တို့ကျောင်းလည်း အစောင့်အရှောက်တွေများ နေတယ်ဟေ့" ဟု ဆရာတော်က သူ့ကိုပြောသည်။ သူ ရုတ်တရက် နားမလည်။ နောက်မှ ဆရာတော့်ဘေးမှ ဦးပဉ္စင်းက စကားဖြည့်၍ ပြောသည်။ အာဇာနည်နေ့ နီးလာ၍ ဆရာတော့်ကျောင်းကို ထောက်လှမ်းရေးများ စောင့်ကြည့်နေကြသည်ဟု။ သည်တော့မှ သူလည်း ဆရာတော်နှင့်အတူ ရယ်မိမောမိတော့သည်။ ဟုတ်သည်။ ဆရာတော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော အာဇာနည်နေ့၊ နှစ်ပတ်လည်နေ့များဆိုင်ရာ ဘာသာရေး အခမ်းအနားများသို့ တက်ရောက် ချီးမြှင့်လေ့ရှိသည်။ သာမှုနာမှု အလှူအတန်း ကိစ္စအဝဝကိုလည်း လက်ခံ ကျင်းပပေးလေ့ ရှိသူဖြစ်သည်။

သူပြန်ခါနီး ဝတ်ဖြည့်တော့ ဆရာတော်က ပေးမြဲဆုကို ပေးသည်။ "အမျိုး ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ" ဟု။ ဆရာတော်ပေးသော ဆုက သာမန်နှင့်မတူ ကွဲကွဲပြားပြား ရှိလှသည်ဟု သူ ထိုဆုကို ခံယူတိုင်း ခံစားမိခဲ့ပါသည်။

၂၀၀၀ ပြည့်လွန်နှစ်များတွင်တော့ ဆရာတော်ကို မြို့ထဲရှိ သူတို့အိမ်နှင့် ရွှေဂုံတိုင်ရှိ သူ့အဒေါ်ခြံတွင် ဆွမ်းကပ်ဖြစ်သည်။ အရွယ်အတန်ငယ် ရလာသော်လည်း ဆရာတော်က နဂိုအတိုင်း။ ယုံကြည်ရာကို ယုံမြဲယုံလျက်။ သည်ဘက် နှစ်ပိုင်းတွင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အရေးကြီးပုံကို ဆရာတော်က စကားအလျဉ်းသင့်တိုင်း အလေးအနက် ပြောကြားလာသည်ကို သူ သတိထားမိသည်။ တွေ့ရဆုံရသော ဒကာ ဒယိကာမတိုင်းကိုလည်း နိုင်ငံရေးရာ လုပ်ငန်းဆောင်တာများတွင် ဝင်ရောက်လုပ်ကိုင်ကြရန် အစဉ် တိုက်တွန်းလေ့ ရှိသည်။ တိုင်းရေးပြည်ရေး နိုင်ငံရေးအတွက် ဆရာတော်သည် တရက်ကလေးမျှ ရတက်အေးဟန်မရှိဟု သူကတော့ ထင်မြင်မိသည်။

တရက်တွင်တော့ သူတို့ ဟိုဟိုသည်သည် ပြောကြဆိုကြရင်း အသစ်ဖွင့်လှစ်ထားသော ရွှေတိဂုံဘုရား အောက်ဘက်နားရှိ "သူရဲကောင်း စစ်သည်ဗိမာန်" အကြောင်း ရောက်သွားကြသည်။ သည်တွင် ဆရာတော်က "ညီအကိုချင်း သတ်တာ သူရဲကောင်းလားကွ" ဟု ရုတ်တရက် ပြောချလိုက်သည်။ ထို့နောက်မှ ဆက်၍ "ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲရန် အရေးကြီးကြောင်း၊ မည်သည့်ဘက်မှ သေကြေပျက်စီးသည်ဖြစ်စေ ညီအကိုချည်းမို့ တိုင်းပြည် အထူးနစ်နာကြောင်း" ပြောသည်။ ဆရာတော့်စကား အဆုံးတွင်တော့ သူတို့အားလုံး သက်ပြင်းဖွဖွ ချမိကြပါသည်။

ဆရာတော်နှင့် သူ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့သည်က ၂၀၀၆ ခုနှစ် အလယ်ပိုင်းလောက်တွင် ဖြစ်သည်။ သည့်နောက်တော့ သူနိုင်ငံရပ်ခြားသို့ ထွက်ခွာလာသည်။ နောက်တကြိမ် ဆရာတော့်အား ပြန်လည်ဖူးတွေ့ခွင့် ရသည်က မဇ္ဈိမ စာမျက်နှာပေါ်တွင် ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခမ်းအနားကို ဆရာတော်၏ သာသနာ့သိပ္ပံ ကျောင်းတိုက်တွင်ပင် ကျင်းပသည်။ ဆရာတော်က ၈၈ ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော။ သံရုံးတာဝန်ခံများနှင့် စကားပြောနေပုံ၊ တရားချီးမြှင့်နေပုံတို့ကို အတော်စုံစုံလင်လင် သူ မြင်တွေ့ရသည်။

နောက်တလအကြာ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားသည်။ ဘုန်းဘုန်းတို့နှင့် ပြည်သူတို့၏ ဆန္ဒပြပွဲသတင်းများကို သူ ရင်တခုန်ခုန်၊ ဖိုဖိုလှိုက်လှိုက် ကြည့်ရင်းရှုရင်း ဆရာတော့်ကို အထူးတလည် သတိရမိသည်။ ဆရာတော် ဘယ်လိုများနေပါလိမ့်။ သိပ်မကြာ။ စက်တင်ဘာလကုန်တွင်ပင် ဆရာတော့်သတင်းက သူ့ဆီ ရောက်ရှိလာသည်။ ဆရာတော်နှင့်တကွ သာသနာ့သိပ္ပံကျောင်းရှိ သံဃာတော်များအား ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သတင်းကို သူ ဖတ်ရှုရသည်။ ဆက်တိုက် ဆိုသလိုပင် နောက်ဆက်တွဲ သတင်းများ ကြားရပြန်သည်။ ဆရာတော့်ကို အင်းစိန် ဂျီတီအိုင်ဝင်းတွင် ချုပ်နှောင်ထားကြောင်း၊ ဆရာတော် ကျန်းမာရေး အလွန် ဆိုးရွား ကျဆင်းနေကြောင်း စသည်။

သူ အိမ်နှင့် ဆက်သွယ်ရန် အမြန် ကြိုးစားသော်လည်း မရ။ ရပြန်တော့လည်း စကား လွတ်လွတ်လပ်လပ် ပြော၍ မရပြန်။ သည်လိုနှင့် ၃-၄ လကြာမှ ဆရာတော့်သတင်းကို သူ ပြန်ကြားရသည်။ သတင်းကောင်းနှင့် သတင်းဆိုး ရောယှက်လျက်။ ဆရာတော် ပြန်လည် လွတ်မြောက်လာပြီ။ သို့သော်….ဆရာတော့်တွင် ကင်ဆာရောဂါ စွဲကပ်နေခဲ့ချေပြီ။

ဆရာတော် ပြန်လည် လွတ်မြောက်လာသော်လည်း ဆရာတော့်ကျောင်းမှ သံဃာတော် ၅ ပါးနှင့် လူ ၆ ဦးကို ပုဒ်မ ၅၀၅ (ခ) ငြိမ်ဝပ် ပိပြားရေးနှင့် လုံခြုံရေးကို ထိခိုက်ပျက်ပြားရန် သွေးထိုး လှုံ့ဆော်သည့်ပုဒ်မနှင့် ဗဟန်းမြို့နယ် တရားရုံးတွင် စွဲချက်တင်ပြီ ဖြစ်ကြောင်း မတ်လအတွင်းတွင် သူ ဖတ်ရှုရပြန်သည်။ သင်္ကြန် မတိုင်မီ သူ့အိမ်နှင့် စကားပြောခွင့် ကြုံသောအခါတွင်တော့ သူ ဆရာတော့် သတင်းကို မေးမိသည်။ ဆရာတော့် အခြေအနေမှာ ထူးထူးခြားခြား သက်သာလာခြင်း မရှိတော့ကြောင်း သူ့အိမ်က ပြောသည်။ နှစ်ဆန်း တရက်နေ့တွင် ဆရာတော့်ကို ဝတ္ထုငွေ သွားရောက်ကပ်လှူမည် ဖြစ်ကြောင်းလည်း ပြောသည်။ ဆရာတော့်အတွက် သူ့အနေနှင့်ပါ ဝတ္ထုကပ်လှူပေးရန် သူ့အမေကို ပြောသည်။ သည်တကြိမ်သည် နောက်ဆုံးကပ်လှူခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဇွန်လ ဒုတိယပတ်တွင် သူ့အိမ်နှင့် စကားပြောသေးသော်လည်း ဆရာတော့်သတင်းကို ဘာမှမပြော။ ဇွန်လ ၁၆ ရက်နေ့တွင်တော့ သူ မဇ္ဈိမ သတင်းကို ဖတ်ရှုမိချိန်တွင် "သာသနာ့သိပ္ပံကျောင်း ချိတ်ပိတ်ခံရကြောင်း" သတင်းကို ဖတ်ရသည်။ သတင်းတနေရာတွင်က "လစ်လပ်သွားသော ကျောင်းထိုင်ဆရာတော်" ဟူသော စာသား။ "လစ်လပ်သွားသော" ဆိုပါလား …. ဆရာတော် ပျံလွန်သွားပြီလား … လှုပ်ရှားနေသော စိတ်ကိုထိန်းရင်း အခြားသတင်းများကို လိုက်ရှာသည်။ မူလစာမျက်နှာသို့ ပြန်သွားသည်။ ဓာတ်ပုံဆလိုက်ရှိုး နေရာသို့ ကြည့်လိုက်မှ ဆရာတော့် ဓာတ်ပုံအား တွေ့လိုက်ရသည်။ "သာသနာ့သိပ္ပံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာစာရ၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ဇွန်လ ၇ ရက် ၂၀၀၈ ခုနှစ်က ကျင်းပစဉ်" တဲ့။ ဆရာတော့်ဓာတ်ပုံအား ဦးဉ္စင်းနှစ်ပါးက ကိုင်ဆောင်လျက်။ ဟုတ်သည်။ ဆရာတော် ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါသည်။

"လူကို လေ့လာပါ၊ ပတ်ဝန်းကျင်ကို လေ့လာပါ" ဟု သူ့ကို ပြောကြားသော ဆရာတော်၏ နောက်ဆုံးသြဝါဒကို သူ ယခု ပြန်လည် ကြားယောင်သည်။ "တယောက်နဲ့ တယောက် အပြစ်မရှာစတမ်း၊ ရန်သတ္တရု မပြုစတမ်း၊ တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းနဲ့ တို့တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းကြရမယ်။ ဒီအချိန်မှာ ဒီ့ထက် အရေးကြီးတာ ဘာမှမရှိတော့ဘူး" ဟု ဆရာတော်၏ ယုံကြည် လေးနက်စွာ ပြောနေသော အသွင်ကို သူ ပြန်လည်မြင်ယောင်သည်။ မေတ္တာနှလုံးနှင့် ရွှင်ရွှင်ပြုံးပြုံး နေတတ်ထိုင်တတ်၊ သူ့တိုင်းသူ့ပြည်အတွက် အမြဲတစေ စိုးရိမ်ပူပန် နေတတ်သော ဆရာတော့်ကို ပြန်ပြောင်းအောက်မေ့သည်။

သည်စာကို ရေးနေချိန်တွင်ပင် သူ့အမေထံမှ စာရောက်လာသည်။ "သားလေး ဗဟန်းဘုန်းဘုန်း ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သား စိတ်မကောင်းမှာ စိုးလို့ အမေ မပြောဘဲ ထားတာပါ။ ဗဟန်းဘုန်းဘုန်းဟာ လူသားတယောက် အနေနဲ့ မွေးဖွားလာပြီး သူ့တာဝန် သူ ကျေပွန်အောင် ဆောင်ရွက်သွားပါတယ်။ တိုင်းပြည်အတွက်၊ အများကောင်းကျိုး အတွက်လည်း တတ်နိုင်သရွေ့ ဆောင်ရွက်တော်မူခဲ့တဲ့ ပုဂ္ဂိုလ်တဦးပါပဲ။ သူ့ရဲ့ ပျံလွန်တော်မူတဲ့ နာရေးသတင်းကို သတင်းစာထဲမှာ ထည့်ခွင့်မပြုဘူး။ အခုလည်း သူ့ကျောင်းကို ချိတ်ပိတ်လိုက်တယ်လို့ ကြားပါတယ် ….." အမေ့စာကို ဖတ်၍ သူငိုင်နေမိသည်။

သူ့ အသည်းနှလုံးကို တစုံတရာက ဆုပ်ကိုင်ဖြစ်ညှစ်ထားသလို သူ ခံစားရသည်။ ဆရာတော် သာသိလျှင် ဘာများမိန့် မြွက်ဦးမလဲ….သူ ဝမ်းပန်းတနည်း စဉ်းစားနေမိသည်။ ဆရာတော်ဖြတ်သန်းခဲ့ရာ ဘဝက ရိုးသားရဲရင့်မှုတို့ဖြင့် ပြည့်လျှမ်းလျက်။ ဖြူဖြူစင်စင် လျှောက်လှမ်းခဲ့ရာ လမ်းဖြစ်သည်။ ချော့သော်လည်း မပျော့ခဲ့၊ ခြောက်သော်လည်း မကြောက်ခဲ့။ နကမ္ပတိ တည်ကြည်သော စိတ်ဖြင့်သာ နေထိုင်ရှင်သန်ခဲ့သူ ဖြစ်သည်။ သူ အလေးဂရုပြုရာ၊ သူမြတ်နိုးရာ အမျိုးဘာသာ သာသနာအတွက် မြှုပ်နှံဆောင်ရွက်ခဲ့သူဖြစ်သည်။ မည်သို့ဆိုစေ ဆရာတော်၏ မျှော်လင့်ချက်တို့က သည်မျှဖြင့်တော့ နိဂုံးမချုပ်တန်ရာ၊ နိဋ္ဌိမတံ တန်ရာဟု သူ ယုံကြည်နေမိပြန်သည်။ နောက်တကြိမ် …. ဟုတ်သည် ….. အနည်းဆုံး နောက်တကြိမ်တော့ ဆရာတော်သည် သူ့ယုံကြည်ချက်တို့ကို သူ အကောင်အထည်ဖော်ခွင့် ရနိုင်ပါလိမ့်ဦးမည် …. ဆရာတော် ထာဝစဉ် လိုလားခဲ့သော ပြည်သစ်ကိုတည်၍ ကျီသစ်ကို ဆောက်နိုင်ပါလိမ့်မည်။ ထိုသောအခါတွင် …. သူ့ပြည်သူ့ရွာသည် အထွေထွေ အထူးထူးသော ပန်းပေါင်းတရာတို့၏ ရနံ့ဖြင့် မွှေးကြိုင် သင်းပျံ့နေပါလိမ့်မည် ။ ။

မုန်တိုင်းသင့် လယ်ယာမြေအချို့ သစ်တောကြိုးဝိုင်းထဲ ရောက်သွားမည်

မြင့်မောင်
တနင်္လာနေ့၊ ဇွန်လ 23 2008

နယူးဒေလီ။ ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက နှစ်သောင်းခွဲခန့်သည် တိုးချဲ့ သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားတော့မည် ဖြစ်သည်။

ယခုလ ၁၅ ရက် နေ့စွဲဖြင့် ထွက်ပေါ်လာသည့် ဧရာဝတီတိုင်း သစ်တောဦးစီးဌာန လမ်းညွှန်ချက်ဖြင့် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကံထွန်းက ၁၇ ရက်နေ့တွင် ထပ်ဆင့်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါ စာရင်းအင်းအရ မုန်တိုင်းသင့် မြေဧက ၂ သောင်းခွဲ ကျော်သည် သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားမည်ဟု ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။

“ကြေညာတဲ့ အတိုင်းဆိုရင် မြေဧက ၂ သောင်းခွဲကျော် ထိန်းသိမ်းလာနိုင်တယ်” ဟု ဘိုကလေး မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

သစ်တောမြေဧရိယာ ၃၃၃၄ဝ ရှိပြီး မြေဧက တိုးချဲ့လိုက်ပါက ဧကပေါင်း ၅၈၄၄၃ အထိ ရောက်ရှိလာမည်။

သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သွားမည့် လယ်ယာများကို ပိုင်ဆိုင်သည့် လယ်သမားများ ပြောင်းရွှေ့ရမည်ကို တိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး အစရှိသည့် မြို့များမှ ဌာနဆိုင်ရာများအပြင် ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ ကျင်ချောင်းနှင့် ကျွန်းသာယာကျေးရွာ ရယက ဥက္ကဋ္ဌ များထံ အမိန့်စာမိတ္တူ ပေးပို့ထားပြီး ဖြစ်သည်။

ဧရာဝတီတိုင်းရှိ မုန်တိုင်းထိ လယ်သမားများ အနေဖြင့် မကြာခင် မြေယာလက်မဲ့ဘဝ ကျရောက်မည့် အခြေအနေသို့ သက်ရောက်နေကြာင်း ဘိုကလေး မြို့ခံများက ပြောဆိုသော်လည်း လယ်သမား အရေအတွက် မည်ရွေ့မည်မျှ ပါရှိသွားမည်ကို အသေးစိတ် မသိရပေ။

ဘိုကလေး ဒေသခံတဦးက “တချို့ လယ်သမားတွေက ထွန်ယက် စိုက်ပျိုးနေတာ ရှိသလို၊ တချို့ကလည်း စက်ပစ္စည်းတွေ မစုံသေးတဲ့ အတွက် ကြောင့်လည်း မလုပ်နိုင်သေးတဲ့ လူတွေလည်း ရှိသေးတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “သစ်တော အာဏာပိုင်တွေဘက်က အတင်းအဓမ္မ လုပ်လာမယ်ဆိုရင် မူလတုန်းက ဒီမြေတွေကို ကုန်သွယ်လ ယ်ယာဆီက ဝယ်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေ၊ ဒီလယ်ယာမြေတွေဟာ အရင်ကတည်းက စာရင်းပေါက်ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ၊ သစ်တောနဲ့လည်း အပြန်အလှန် သဘောတူညီမှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို စုပြီးတော့ အသနားခံစာ တင်မယ်” ဟု ပြောသည်။

ဒီချုပ် အစည်းအဝေးလုပ်စဉ် အာဏာပိုင်များ အင်အားပြ စောင့်ကြည့်

ဖနိဒါ၊ မြင့်မောင်
သောကြာနေ့၊ ဇွန်လ 20 2008

ချင်းမိုင်-နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ အစည်းအဝေး လုပ်နေစဉ် အနီး ပတ်ဝန်းကျင်တွင် အာဏာပိုင်များက အင်အားပြကာ အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အတိုက်အခံ နိုင်ငံရေးပါတီ၏ လူငယ်အဖွဲ့ဝင်များ ပုံမှန် အစည်းအဝေးလုပ်ရာ စွမ်းအားရှင်၊ လုံထိန်း၊ ထောက်လှမ်းရေးများသည် အချုပ်ကားတစီးပါ အသင့် ခေါ်ဆောင်ထားကာ ယနေ့ နံနက်ကတည်းက ရောက်ရှိ စောင့်ဆိုင်းနေသည်။

အဖွဲ့ချုပ် လူငယ်နှင့် သတင်း ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ရုံးနဲ့ မျက်စောင်းထိုးမှာရှိတဲ့ ကျောက်ဆည် ဓမ္မာရုံမှာ စွမ်းအားရှင်ကား ၈ စီး ရှိတယ်။ စွမ်းအားရှင်တွေက အဲဒီထဲမှာ ထိုင်နေကြတယ်။ ရေတာရှည် လမ်းဟောင်းရဲ့ တဘက်မှာ၊ ယုဇနစင်တာ ခြံဝန်းထဲမှာက စွမ်းအားရှင် ဒိုင်နာကား ၅ စီးနဲ့ အင်အား ၂ဝဝ လောက် ထိုင်နေတာ ရှိတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း မြို့နယ် ၃ဝ မှ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များသည် ၆ လပတ် အစည်းအဝေး ကျင်းပကာ ပြီးခဲ့သည့်လတွင် အခြေခံဥပဒေ အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ပါတီ ပြန်ကြားရေးဌာနက ပြောသည်။

အစည်းအဝေး တက်ရောက်ခဲ့သူ အဖွဲ့ဝင် လူငယ်တဦးက “လူငယ်အကုန်လုံး တက်ရောက်တဲ့အတွက် အဲဒီ အပေါ်မှာ စိုးရိမ်စိတ်ဝင်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ထောက်လှမ်းရေးများက အစည်းအဝေး တက်ရောက်သော လူငယ်များ၏ အမည်များကို မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက် အရလည်း သိရသည်၊

Wednesday, June 18, 2008

ကွဲကွာပျောက်ဆုံး ၃၁ ဦးကို ကြက်ခြေနီက ဆုံစည်းပေး

မြင့်မောင်
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008

နယူးဒေလီ။ ။ မုန်တိုင်းဒဏ်သင့် ကွဲကွာ ပျောက်ဆုံးနေသူ မိသားစုဝင် ၃၁ ဦးကို ရှာဖွေ ဆုံစည်း ပေးလိုက်နိုင်ခဲ့ကြောင်း မြန်မာ့ကြက်ခြေနီ အသင်း အပြောအရ သိရသည်။

မုန်တိုင်းကျပြီး ရက်သတ္တပတ် ၃ ပတ်ခန့်အကြာတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ပူးတွဲကာ မုန်တိုင်းသင့် ဒေသများသို့ ကွင်းဆင်းပြီး စာရင်းကောက်ခံရာ ယခုအချိန်အထိ ၄ဝ၆ ဦး ရရှိခဲ့သည့်အနက် ၃၁ ဦးကို ယခုလို ရှာဖွေ ဆုံစည်းပေးနိုင်ခြင်း ဖြစ်သည်။

“ကျမတို့က မုန်တိုင်းဖြစ်တဲ့ မြို့နယ်တွေကို ကိုယ်တိုင် ကွင်းဆင်းတယ်။ အဓိက ကျမတို့ သွားတာက တကယ့်ကို မုန်းတိုင်းဒဏ်ခံရတဲ့ မြို့နယ်တွေကို သွားတယ်။ ကျမတို့ တပါထဲ ကောက်ခံခဲ့တာက ၄ဝ၆ စောင်၊ လျှောက်လွှာ (form) ရှိပါတယ်။ ကွင်းဆင်းနေတဲ့ အချိန်မှာ ၃၁ ယောက် တွေ့ပေးနိုင်ခဲ့ပါတယ်” ဟု ရန်ကုန်အခြေစိုက် မြန်မာကြက်ခြေနီ အသင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

ပြန်လည်ရှာဖွေ တွေ့ရှိနိုင်သူ အများစုသည် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေး မြို့နယ်များမှ ဖြစ်ကြသည်။ နာဂစ်ကြောင့် လူ ၇၇၇၃၈ ဦး သေဆုံးပြီး ၅၅၉၁၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု စစ်အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။ သို့သော် အမှန်တကယ်အားဖြင့် စနစ်တကျ သန်းခေါင်းစာရင်း ကောက်ယူထားမှု မရှိသောကြောင့် အမှန်တကယ် သေဆုံး ပျောက်ဆုံးသူ အရေအတွက်ကို မည်သူမျှ မသိနိုင်တော့ပါ။

ဘိုကလေးမြို့နယ် ကျေးရွာတခုမှ ဖြစ်ရပ်တခုတွင် သင်္ဘောစက်ပြင်သမား ဖြစ်သော သားဖြစ်သူသည် မုန်းတိုင်း ကျရောက်ပြီးနောက် နေရပ်သို့ ပြန်ရောက်မလာနိုင်ဘဲ ကယ်ဆယ်ရေး စခန်းတခုတွင် သောင်တင်နေစဉ် ရှာဖွေတွေ့ရှိသဖြင့် မိခင်ကြီးထံ သွားရောက် အကြောင်းကြားရာတွင် တွေ့ကြုံရသည့် မြင်ကွင်းသည် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်သည်ဟု ကြက်ခြေနီအသင်းမှ ပုဂ္ဂိုလ်က ဆိုသည်။

သူက “ဘိုကလေး ရွာတရွာမှာ တွေ့တယ်။ ဘေးပတ်ဝန်းကျင်က ရွာသားတွေ ပြောပြတာက ရူးမတတ် ဖြစ်နေတာ။ ဒီအဖွားကြီးက သူ့သား သတင်းလည်း ရလည်းရရော ချုံးပွဲချပြီးတော့ ဝမ်းသာလွန်းလို့ ငိုတာ တွေ့ရတယ်။ အဘိုးက သားနဲ့ မြေး ပျောက်လို့ ရှာတာမျိုးတွေကို ကျမတို့ အဆက်အသွယ်လုပ်လို့ ရသွားတာတွေ ရှိတယ်။ တချို့က လပွတ္တာက ကွဲကွာသွားတဲ့ သူတွေကို မြောင်းမြမြို့နယ်မှာ ရှာဖွေ တွေ့ရှိပါတယ်” ဟု ပြောသည်။

မြန်မာ့ ကြက်ခြေနီ အသင်းသည် မုန်တိုင်းဖြစ်သည့် နေရာများသို့ သွားရောက်ကာ ကြက်ခြေနီ ရုံးခွဲများ ဖွင့်လှစ်သွားမည်ဖြစ်ကာ ပြန်လည် ထူထောင်ရေးနှင့် ရေသန့် ဖြန့်ဖြူးရေးများ လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့အပြင် ဆက်လက်၍လည်း ဒေသခံ ကြက်ခြေနီများနှင့် ပူးပေါင်းကာ ကျေးလက် ဒေသများအထိ သွားရောက်ကာ ကွဲကွာ ပျောက်ဆုံးနေသူများ ပြန်လည် ဆုံစည်းရေးအတွက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

မုန်တိုင်းကြောင့် ကွဲကွာသွားသော မိသားစုများ၊ ဆွေမျိုးသားချင်းများထံ မိမိ သက်ရှိထင်ရှား ရှိနေကြောင်း ရှာဖွေပြောဆို လိုသူများနှင့် ပြည်ပတွင် ရောက်ရှိနေသူများက မုန်တိုင်းဒဏ် ခံရသော ဒေသရှိ ဆွေမျိုးသားချင်းများ အကြောင်း သိရှိလိုပါက စုံစမ်းပေးရန်အတွက် ရည်ရွယ်ကာ လျှောက်လွှာဖောင် နှစ်မျိုး ထားရှိသည်။ ရှာဖွေလိုသူများနှင့် လျှောက်ထားသူများ၏ အမည်နှင့် နေရပ်လိပ်စာများကို အပြည့်အစုံ ဖော်ပြ လျှောက်ထားနိုင်သည်ဟု ကြက်ခြေနီအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ညောင်လေးပင်ခရိုင်၊ မွန်ကာဒါ ခံတပ်နှင့် သံလွင်ညများ ... (ဆောင်းပါး)

ရွှေအိမ်စည်
အင်္ဂါနေ့၊ ဇွန်လ 03 2008

(က)

မာနယ်ပလောမှ ကြေးနန်း ပြန်မလာသေး ...။ သို့သော် ... KNU မှ ခေါင်းဆောင်နှစ်ဦးနှင့်မူ မဲလထတွင်ပင် တွေ့ခွင့်ရခဲ့၏။ စောဘအေး၏ ဆိုင်အိမ်လေးတွင် ဖြစ်သည်။ အဖူးစံလင်းနှင့် ပဒိုမန်းရှာ ... ။ ထိုစဉ်က ... အဖူးစံလင်းသည် KNU ဗဟို၏ တွဲဘက်အတွင်းရေးမှူး (၂) တာဝန်နှင့်ဖြစ်ပြီး ပဒိုမန်းရှာကမူ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြ၏ အထူး အကြံပေးပုဂ္ဂိုလ်။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ကြသည့် ဒီမိုကရက်တစ် အင်အားစုများနှင့် ဆက်ဆံရာတွင်လည်း သူသည် KNU ၏ ဆက်သွယ်ရေး အထူးအရာရှိ ...။

အဖူးစံလင်းက အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်နှင့် ...။ ဆံပင်များကမူ တခေါင်းလုံး ဖြူဖွေး၍ နေသည်။ လေသံအေးအေးနှင့် စကားကို ဖြည်းဖြည်းပြော၏။ အသံကား မကျယ် ...။ ညှင်းညှင်းသွဲ့သွဲ့ ...။ တိုးသော်လည်း ကွဲပြားစွာ ကြားရ၏။

ပဒိုမန်းရှာက မာနယ်ပလောရှိ ဒီမိုကရက်တစ် အင်အားစုများအကြောင်း မိတ်ဆက်ပေး၏။

မြောက်ပိုင်းမှ NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ် စည်းဥက္ကဋ္ဌ တို့လည်း ရောက်နေကြကြောင်း ပြောပြ၏။

ဦးမောင်မောင်လတ် (ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) ၏ ကျန်းမာရေး အခြေအနေကို မေးပြီး ထူးဝါးလူ ဆေးရုံတွင် ဆေးကုသမှု ခံယူရန်လည်း အကြံပေးသည်။ ထူးဝါးလူ ဆေးရုံက မာနယ်ပလော၏ ဗဟိုစစ်ဆေးရုံ ...။

ကျနော်တို့၏ ရှေ့အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ဦးမောင်မောင်လတ်က ... ကျန်းမာရေးနှင့် အသက်အရွယ်အရပါ ချင့်တွက်၍ မာနယ်ပလောသို့ စောဘအေးမှ လိုက်ပို့ပေးမည် ဖြစ်သည်။ ကျနော်တို့ လူငယ်များကမူ ... KNU တပ်မဟာ ၃ သို့ ဆင်းကြရမည်။ တပ်မဟာ ၃ က ကော်သူ့လေ ဖွဲ့စည်းပုံအရ ညောင်လေးပင်ခရိုင်ဖြစ်သည်။ စစ်ဒေသအဖြစ်မူ KNLA တပ်မဟာ ၃ ... ။ မြန်မာပြည်မြေပုံအရမူ စစ်တောင်းမြစ်နှင့် သံလွင်အကြား ... ။ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်တို့နှင့် နီးသည်။ မြောက်ဘက်တွင် လိပ်သို၊ သံတောင်၊ ဘောခဲ ...၊ ကယားပြည်နယ်စပ် ...။

ကျနော်တို့က KNLA တပ်မဟာ ၃ နယ်မြေရှိ နအဖ စစ်စခန်းတခုကို ထိုးစစ်ဆင်မည့် စစ်ဆင်ရေးတွင် လိုက်ပါရမည်။ မည်သည့် စစ်စခန်း ဟူသည်ကိုမူ မသိရ ...။ ဘယ်နေ့ လိုက်ရမည်။ ဘယ်နေ့ တိုက်ရမည်ကိုလည်း မသိနိုင်။ သို့သော် ... ကျနော်တို့ကို အခြေခံ စစ်ပညာသင်တန်း မဲလထတွင်ပင် ပေးမည်။ သင်တန်းဆရာက KNLA တပ်ရင်း ၂ဝ မှ တပ်ကြပ်ကြီး စောငါးပြား ...။ ပြီးလျှင် သူ၏ တပ်စိတ်တွင်ပင် ပါဝင်ပြီး ... တပ်မဟာ ၃ စစ်ဆင်ရေးက သူနှင့်ပင် သွားရမည်။

ကောင်းကင်သည် ညိုနေရာမှ ပြိုကျလာသည်။ လေသည် သံလွင်မြစ်ပြင်အား ဖြတ်၍ တိုက်ခတ်လာသည့် အတွက် မိုးငွေ့ မိုးမွှာတို့ လွှမ်းထုံ၍ ပါလာသည်။ လေနှင့်အတူ မိုးပါလာ၏။ ဝုန်းကနဲ ရေအိုးတလုံးအား ခွဲချလိုက်သကဲ့သို့ ...။ လေအရှိန်ကြောင့် မိုးစက်တို့က မတ်မတ်ထိုးမဆင်း ...။ လေသင့်ရာအလိုက် တိမ်း၍ စွေစွေစောင်းစောင်းနှင့် မြေသို့သက်၏။ ဆိုင်အရှေ့ လမ်းမဘေး လုံခြုံရေး ယူထားကြသည့် KNLAမှ ရဲဘော်လေးများ မိုးရေအောက်၌ စိုရွှဲကုန်၏။ ဦးထုပ်မှ စီးကျလာသည့် ရေစီးကြောင်းသည် မျက်နှာနှင့် ပုခုံးပေါ်သို့ စီးဆင်းပြန်၏။ ဘယ်လက်ဖြင့် အသင့် မြောက်ကိုင်ထားသည့် M-၁၆ မောင်းပြန်ရိုင်ဖယ်လည်း မိုးရေတို့နှင့် မဲပြောင်၍ နေသည်။ ဖာပွန်မိုးက ဝုန်းဆို ရွာပြီး ဝုန်းဆို ရပ်၏။ ခြုံခိုတိုက်သကဲ့သို့ပင် ...။

(ခ)

တပ်ကြပ်ကြီး စောငါးပြားက အသက် ၃၅ နှစ်ခန့် ရှိမည်။ အသားညိုသည်။ ကိုယ်ခန္ဓာက ကျစ်ကျစ်လစ်လစ်။ ပိန်သည်ဟု ထင်ရသော်လည်း ကြွက်သားများနှင့် တောင့်တောင့်တင်းတင်း။ ညာဘက် မျက်လုံးတဖက်မရှိ ...။ မော်ဖိုးကေတွင် ကျန်ခဲ့သည်ဟု ဆိုသည်။ ဟောက်ပက်ကြီး ဖြစ်နေသည့် မျက်လုံးနေရာတွင် ကျောက်မျက်လုံး အစားထိုး ထည့်ထား၏။ သူ၏ ပုံသဏ္ဍာန်က စစ်ရည်ဝနေသည့် ပြောက်ကျား စစ်သားကောင်း တယောက်မှန်း သိသာ ပေါ်လွင်နေသည်။ KNU တပ်မဟာ ၁ တွင် တွေ့ခဲ့ဖူးသည့် ဗိုလ်မြင့်သိန်း ကဲ့သို့ပင် ...။ ဖျတ်လတ်မှု၊ နိုးကြားမှု၊ တည်ငြိမ်မှု တို့သည် သူ့ ခန္ဓာအတွင်း အချိုးညီမျှစွာ ပေါင်းစပ်ဖွဲ့တည်၍ ထား၏။

အမိန့်နာခံ၍ စွန့်ရဲလုပ်ရဲသော စိတ်သည် သူ့မျက်နှာတွင် ပေါ်နေ၏။ အထူးသဖြင့် တော်လှန်ရေးသမားကောင်း တဦး၏ သွင်ပြင် လက္ခဏာများက သူ့တွင် အပြည့်အဝ ရှိနေသည်။ ကျနော် နားလည်ထားသည့် တော်လှန်ရေးသမားကောင်း ဟူသည်ကား ... ရဲဘော် ရဲဘက်စိတ် ရှိမှုနှင့် အနစ်နာခံမှု၊ ကိုယ်ကျိုးအတ္တ ခြိုးခြံ ထိန်းသိမ်းနိုင်မှုတို့ပင် ...။

သူသည် မော့ကလိုး (ဆေးတံ) ဖွားရင်း ... ကျနော်တို့ကို အခြေခံစစ်ပညာ သင်တန်းပေးမည့် အစီအစဉ်အား ပြော၏။

သင်တန်းက ၅ ရက်ခန့်သာ ကြာမည်။ လက်နက်ငယ် ပစ်ခတ် တိုက်ခိုက်နည်း သင်တန်း ...။ စစ်မြေပြင်တွင် အမိန့်နာခံမှု ရှိအောင် ကျနော်တို့ သင်တန်းက အချိန်ယူ၍ မပို့ချပေးနိုင်။ အခြေအနေနှင့် အချိန်က မပေး ...။

သူသည် တပ်စိတ်မှူးအဖြစ် ကျနော်တို့ကို အုပ်ချုပ် ကွက်ကဲပြီး စစ်မြေပြင်သို့ သွားမည်။ စစ်မြေပြင်တွင် အမိန့်နာခံမှု ရှိအောင် ကျနော်တို့ကို မည်သို့ အုပ်ချုပ်မည်နည်း ...။ စစ်မြေပြင် တိုက်ပွဲအတွင်း အမိန့်နာခံမှုက စစ်သားတဦးချင်းအလိုက် အရေးကြီးသလို ... သူပါဝင်သည့် တပ်စိတ်၊ တပ်စုအလိုက်လည်း အရေးပါ၏။

ဘာပဲဖြစ်ဖြစ် ... သူနှင့်အတူတွဲ၍ စစ်မြေပြင်သို့ သွားရန် မတွန့်ဆုတ် ...။ ရဲသည်။ သူသည် ကျနော်တို့ကို ရဲဘော်ရဲဘက်စိတ် ရှိစွာနှင့် တွဲခေါ်မည်။ ဦးဆောင်မည်။ အနစ်နာခံစရာ ရှိလျှင်လည်း သူသည်ပင် အရှေ့မှ အနစ်နာခံလိမ့်မည် ...။

သူ၏ စစ်စွမ်းရည်ပြည့်ဝမှု၊ နိုးကြားဖြတ်လတ်မှု၊ တည်ငြိမ်မှုတို့နှင့် ကျနော်တို့ တပ်စိတ်ကို ဦးဆောင်၍ ကျနော်တို့ တပ်စိတ်၏ စစ်ရေး တာဝန်များကို သူ ဆောင်ရွက်ပေးလိမ့်မည်ပင် ...။

သို့သော် ... ကျနော်တို့က သူ့ကို မည်မျှ ဝိုင်းရံပေးနိုင်ပါမည်နည်း ...။ ကျနော်တို့ ပါဝင်သည့် တပ်စိတ်အတွက် မည်မျှ ကူညီ တာဝန်ယူနိုင်မည်နည်း ...။

စစ်ပညာ၊ သဘောတရား မသိသော သူတယောက်အဖို့ စစ်မြေပြင်တွင် သေနတ်ကိုင်ထားခြင်းသည် မိမိပါဝင်သည့် တပ်စိတ်အတွက် အထောက်အကူ မည်မျှ ရှိစေမည်နည်း ...။ ဒါမဟုတ် ဝန်ထုတ်ဝန်ပိုး မည်မျှ ဖြစ်စေမည်နည်း ...။

ကျနော်တို့အထဲ၌ တယောက်ကမူ မဆလခေတ်၌ မဆလတပ်ထဲတွင် ၂ နှစ်ခန့် စစ်သားအဖြစ် နေခဲ့ဖူး၏။ သူ့တွင်မူ စစ်အခြေခံပညာနှင့် စစ်မြေပြင် အတွေ့အကြုံတို့ ရှိပေလိမ့်မည်။ ထားတော့ ...။ ကျန်တယောက်က ကျူရှင်ဆရာ ပေါက်စနှင့် တယောက်က သကြားချက်စက်ရုံမှ ဝန်ထမ်း ...။

ကျနော်ကမူ လွယ်အိတ်ကို ပစ်ချ၍ ထွက်လာခဲ့သူ ...။

ဘာပဲဖြစ်ဖြစ် ... ကျနော်တို့ အားလုံးက စစ်ပွဲများကို ကြုံခဲ့ဖူးကြ၏။ ပြည်တွင်းစစ်အတွင်း မွေး၍ ... ပြည်တွင်းစစ် အတွင်း၌ပင် ကြီးခဲ့ကြရသည်။

ဗိုလ်လင်းထင်တို့၏ ခေတ်ကို မမှီလိုက်သော်လည်း ... ဗိုလ်ဒင်္ဂါး၊ ဗိုလ်စိန်သီးတို့၏ ခေတ်တွင်မူ ကျနော်တို့ မြို့လေးသည် နွေဦး စစ်ဆင်ရေး ကာလများအတွင်း တစ်နှစ်လျှင် တကြိမ်ခန့်တော့ အသိမ်းခံရသည်သာ ...။

သေနတ်သံကြားလျှင် ကျနော်တို့ အိမ်အောက်သို့ ဆင်းကြရ၏။ အိမ်အောက်၌ ဗုံးခိုကျင်းများ တူးထားကြသည်။ ဗုံးခိုကျင်း အတွင်းမှ သေနတ်သံများကို နားထောင်ကြသည်။ မီးညွန့်၊ မီးစွယ်များကို ဗုံးကျင်းအတွင်းမှ ခေါင်းပြူ၍ ကြည့်ကြရသည်။

ကျွဲချိုများ မှုတ်သံကြားလျှင်မူ ဗိုလ်စိန်သီးတို့ မြို့မှ ပြန်၍ဆုတ်ပြီ ...။

နံနက်တွင်မူ မြို့လေး၏ သတင်းမျိုးစုံ ကြားရတော့၏။

အစိုးရ ဆန်စက်က ဆန်ဂိုဒေါင် မီးလောင်သွားတယ် ...။

သမဝါယမဆိုင်တော့ တဆိုင်လုံး မီးလောင်သွားပြီ ...။ သူပုန်တွေ ထွက်သွားပြီးမှ သမဆိုင်က မီးလောင်တာလို့ ပြောတယ် ...။

နံနက်ခင်းသတင်းက စုံသည်။

ပြီးလျှင် ... ကျနော်တို့ ခလေးများ စစ်တိုက်တန်း ကစားကြပြီ ...။ ကစားလျှင် ... သူပုန်ဗိုလ်သာ လုပ်ချင်ကြ၏။

ဤသို့ ... ကျနော်တို့ ကြီးပြင်းခဲ့ကြရသည်။

တပ်ကြပ်ကြီး စောငါးပြား က တပ်ရင်း ၂ဝ သို့ မပြန်တော့ ... ကျနော်တို့နှင့်အတူပင် ဒု-အရာခံဗိုလ် ကျော်သန်း၏ ထောက်ပို့တဲလေး၌ အိပ်၏။ တဲငယ်က မိုး၊ လေ အောက်၌ ဝပ်၍ ကုပ်နေသည်။ လေအဝှေ့တွင် မိုးစက်တို့က တဲအတွင်း လွင့်စင်၍ ဝင်လာသေး၏။ သူသည် လောက်သေရွက် အဖန်ရည်ကို ဝါးခွက်နှင့် သောက်ရင်း ဆေးတံကို တဆုံပြီး တဆုံဖွာ၏။ ၁၉၇ဝ ဝန်းကျင် တော်လှန်ရေးကာလ သူ၏ ဖြတ်သန်းမှု အတွေ့အကြုံများက စိတ်ဝင်စားဖွယ် ကောင်း၏။

မော်ဖိုးကေး ... မဲသဝေါ ... ကာလ တော်လှန်ရေးသမားများ၏ ဘဝစာမျက်နှာများ ...။

ညဥ့်နက်မှပင် ကျနော်တို့ အိပ်ယာ ဝင်ခဲ့ကြ၏။ လေနှင့်မိုးက သည်းဆဲ ...။ သံလွင်မြစ်ပြင် အတွင်းမှ လှိုင်းပုတ်သံများကို ကြားရ၏။ ထိုညက ကျနော် ကျူးဘားမှ ကြယ်နီကြီး ဖီဒယ်ကပ်စထရိုနှင့် တွေ့၏။ အိပ်မက်အတွင်းမှ ဖြစ်သည်။ ဖီဒယ်ကပ်စထရိုက ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သူနှင့် ပြောက်ကျားရဲဘော် ၂ဝဝ တို့ ကျူးဘားအာဏာရှင် ဘတ္တစတ္တာ၏ မွန်ကာဒါ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့သည့် တိုက်ပွဲအကြောင်းကို ပြောပြနေခြင်း ဖြစ်သည်။

နံနက်တွင်မူ အစီအစဉ်များ အားလုံးက ပြောင်းလဲ၍ သွားပြန်သည်။ KNLA မှ တပ်ကြပ်ကြီး စောငါးပြား၏ တပ်စိတ်နှင့် တပ်မဟာ ၃ နယ်မြေသို့ ဆင်း၍ စစ်ဆင်ရေးထွက်ရန် မဟုတ်တာ့ ...။

ရွှေအိမ်စည်

လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်

ဒေါက်တာ ခင်စောဝင်း
တနင်္လာနေ့၊ ဇွန်လ 09 2008

နာဂစ်မုန်တိုင်း ကျရောက်ပြီးတာ တလကျော်ခဲ့ပါပြီ။ ပြည်သူတွေမှာတော့ အခုထိ ဒုက္ခတွေနဲ့ ရင်ဆိုင်ရဆဲပါပဲ။ ဒုက္ခသည်တွေကို ကူညီရေး နိုင်ငံတကာရဲ့ ကမ်းလှမ်းချက်တွေကိုလည်း နည်းမျိုးစုံနဲ့ ပိတ်ဆို့ ငြင်းပယ်နေဆဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ကူညီကယ်ဆယ်ရေး မရသေးတဲ့သူတွေ ထောင်ပေါင်းများစွာ ရှိနေပါသေးတယ်။ ကုလသမဂ္ဂ ဂြိုဟ်တု တိုင်းထွာရေး အဖွဲ့က ဇွန်လ ၄ ရက်နေ့တုန်းက ဧရာဝတီတိုင်း အတွင်းက ကျေးရွာ ၁၈ ရွာ ပျက်စီးပုံကို ဂြိုဟ်တုမြင်ကွင်းမှာ ဓာတ်ပုံနဲ့တကွ အသေးစိတ် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရွာလုံးကျွတ် ပျက်စီးတဲ့ မြင်ကွင်းတွေ ဓာတ်ပုံတွေမှာ တွေ့နေရပါတယ်။

နာဂစ်မုန်တိုင်းမှာ လူထုပေါင်း သိန်းနဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ရပုံ၊ သန်းနဲ့ချီပြီး ဒုက္ခ ရောက်နေရပုံတွေကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုနဲ့ လူသားဂုဏ်သိက္ခာ ဆိုတာကို လေးစားဘို့ဝေးလို့ တိရစ္ဆာန်ရဲ့ အသက်လောက်တောင် တန်ဖိုးမထားတာ လက်တွေ့ထင်ရှား တွေ့နေရပါပြီ။

၁၉၆၂ ခုနှစ်ကစပြီး နှစ် ၅ဝ နီးပါး (Generation) မျိုးဆက် ၃ ဆက်လောက်ဟာ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ လူသား ဂုဏ်သိက္ခာ ကင်းမဲ့စွာနဲ့ ပြားပြားဝပ်ဝပ် ဒုက္ခခံနေကြရပါတယ်။ လူထုမှာ မျက်ရည်စက်လက်နဲ့ ဒုက္ခရောက်နေတဲ့ ကာလမှာ အတင်းအကျပ် ဆန္ဒခံယူပွဲကို လုပ်ခဲ့ပါသေးတယ်။ စစ်အစိုးရဟာ ပြည်တွင်းမှာရော၊ နိုင်ငံတကာကိုပါ လိမ်ညာဘို့ နည်းနည်းမှ ဝန်မလေးကြပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပြောတုန်းက နိုင်ငံတကာရဲ့ အကူအညီကို ယူပါမယ်၊ နိုင်ငံခြား ပညာရှင်တွေ ကူညီရေး အဖွဲ့တွေကို ဗီဇာပေး ဝင်ခွင့်ပြုပါမယ်လို့ လိမ်ညာ ကတိပေးခဲ့ပြီး၊ တကယ့်တကယ်မှာ ပေးခဲ့တဲ့ ဂတိအတိုင်း ဆောင်ရွက်မှု မရှိခဲ့ပါဘူး။

စစ်ဗိုလ်ချုပ်တွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့၊ သုံးပွင့်ဆိုင် ဆွေးပွဲတို့ကို လုံးဝ စိတ်ဝင်စားသူတွေ မဟုတ်တာ သေချာနေပါပြီ။ ဒီစနစ် ရှင်သန်နေသမျှ လူထုမှာ ဒုက္ခရောက်သထက် ရောက်ပြီး တိုင်းပြည်တခုလုံး စုံးစုံးမြိုပ်ဖွယ်ရာပဲ ရှိပါတော့တယ်။

နှစ်ပေါင်းများစွာ မတရားဖိနှိပ်မှု ဒုက္ခခံနေကြရတဲ့ ပြည်သူတွေအတွက် လွတ်မြောက်ရာနည်းလမ်း၊ ငြိမ်းချမ်းရေးအတွက် လွတ်မြောက်ရာ နည်းလမ်း တလမ်းပဲ ရှိပါတယ်။ အဲဒါကတော့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးပဲ ဖြစ်ပါတယ်။ Military Dictatorship ဆိုတာ လုံးဝ မရှိတော့အောင် ဖျက်သိမ်း ပစ်ရမယ်။ Abolish လုပ်ပစ်ရမယ်။ ဒါမှသာ တကယ်စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းမှု ပေါ်ပေါက်မှသာ ပြည်သူတွေဟာ အခြေခံ လူ့အခွင့်အရေးကို ပြည့်ဝစွာ ခံစားရပြီး၊ ကြောက်ရွံ့ရခြင်း ဒုက္ခ၊ ဆင်းရဲငတ်မွတ်ခြင်း ဒုက္ခက ကင်းဝေးမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်ဘို့အတွက် စစ်အာဏာရှင်တွေကို တိုက်ဖျက်ဘို့ လက်နက် လိုပါတယ်။ လက်နက်မရှိဘဲ တိုက်လို့ မရပါဘူး။ အဲဒီလက်နက်ကို ဘယ်ကရမလဲလို့ မေးရင်တော့ အဖြေက ရှင်းပါတယ်။ အဲဒီလက်နက်က ပြည်သူတွေ လက်ထဲမှာ ရှိနေပါတယ်။ ပြည်သူတွေဆိုတာ အားလုံး ပါဝင်ပါတယ်။

* ပြည်တွင်းမှာနေတဲ့ ပြည်သူ၊ ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာပြည်ဖွား ပြည်သူများ
* ရဟန်းသံဃာတော်များ
* ကြံ့ဖွတ်နဲ့ စွမ်းအားရှင်များ
* ကြည်း၊ ရေ၊ လေ တပ်မတော်သားများ

အဲဒီလူတွေ အားလုံးမှာ လက်နက်တွေ ရှိပါတယ်။ ဘယ်လို လက်နက်တွေ ရှိတာလဲ။ “သေနတ်လား၊ ဓားလား၊ ဂျင်ဂလိလား” လို့ မေးလာရင်တော့ အဲဒါတွေ တခုမှ မဟုတ်ပါဘူး။ သူတို့တွေ အားလုံးမှာ ရှိနေတဲ့ လက်နက်ကတော့ “ညီညွတ်ရေး” ပါပဲ။ ပြည်သူတွေအားလုံး “ညီညွတ်ရေး” ဆိုတဲ့ လက်နက်ကို နည်းလမ်းမှန်မှန်၊ စနစ်တကျ ထုတ်ဖော်သုံးစွဲဘို့ အချိန်ရောက်နေပါပြီ။

အဲဒီလက်နက် ရှိပေမယ့် မှန်မှန် မသုံးစွဲနိုင်လို့၊ တန်ဖိုးမထားခဲ့လို့ အခုလို ခံနေရတာပါ။ ပြည်သူတွေနဲ့အတူ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ အားလုံး အတူတကွ ပူးပေါင်းနိုင်ကြရင်၊ ညီညွတ်ကြရင် စစ်အာဏာရှင်စနစ် (Abolish) ဖြစ်ဘို့ရာ မခဲယဉ်းပါဘူး။ စစ်အာဏာရှင်တွေဟာ ပြည်သူ့အင်အားကို အင်မတန် ကြောက်ပါတယ်။ အဲဒီလို ကြောက်လို့ အခုလို ရက်စက် ဖိနှိပ်နေတာပါ။ မိမိရဲ့ လက်ရှိဘဝမှာ အခုလောက် ဆိုးဆိုးဝါးဝါး ခံခဲ့ရပြီ။ နောက်လာမယ့် သားစဉ်မြေးဆက် ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းစွာ နေနိုင်ဘို့အရေး ညီညွတ်ရေး လက်နက်ကို စနစ်တကျ ထုတ်ဖော်သုံးစွဲကြဘို့ အချိန်ရောက်နေပြီ ဖြစ်ကြောင်းပါ။

ညီညွတ်ရေး လိုအပ်တယ်ဆိုတာ မူအားဖြင့် သိကြပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း “အားလုံး ညီညွတ်ကြပါ” လို့ ဆိုတာကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အခုကာလအထိ ဒီမိုကရေစီ အင်အားစုတွေ အတွင်းမှာ ညီညွတ်ရေးကို မတည်ဆောက်နိုင်ကြသေးပါဘူး။ အပြောလွယ်သလောက် လက်တွေ့မှာ လုပ်ကိုင်ရတာ ခက်ခဲပါတယ်။ နအဖ ကလည်း တမင်တကာကို အချင်းချင်း ကွဲအောင် ဖန်တီးပေးနေတာပါ။

ဒါပေမဲ့ အဲဒီ အခက်အခဲကို ကျော်လွှားနိုင်အောင် အားလုံး ဝိုင်းဝန်းကြိုးစားဘို့ လိုပါပြီ။ အထူးသဖြင့် ပြည်တွင်းမှာဆိုရင် သာမန် ပြည်သူတွေနဲ့ ကြံ့ဖွတ် စွမ်းအားရှင်တို့၊ တစည်းတလုံးတည်း ညီညွတ်နိုင်ကြမယ်ဆိုရင် တကယ် အစွမ်းကောင်းတဲ့ “ပြည်သူ့အင်အား” တရပ် ပေါ်ပေါက်လာမှာပါ။ တကယ်တော့ ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။ သူတို့လည်း အများပြည်သူလိုပဲ ဘဝ ရပ်တည်ရေးအတွက် ရုန်းကန် လှုပ်ရှားနေကြရသူတွေ ဖြစ်ပါတယ်။ ပြည်သူတွေလိုပဲ နအဖ ကို ကြောက်ရွံ့ နားထောင်နေရသူတွေ ဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရင် ဒီမိုကရေစီစနစ် ပြောင်းလဲဘို့အတွက် စစ်အာဏာရှင်စနစ်ကို လုံးဝ ဖျက်သိမ်းရမှာ ဖြစ်ပြီး၊ အဲဒီလို ဖျက်သိမ်းနိုင်ဘို့အတွက် ညီညွတ်ရေးဆိုတဲ့ လက်နက်ကို အသုံးချဘို့က လွဲလို့ တခြားနည်းလမ်း မရှိတော့ပါဘူး။ ညီညွတ်ရေး လက်နက်ကို ဘယ်လို အသုံးချမယ်ဆိုတဲ့ ဗျူဟာကိုတော့ ပြည်သူအားလုံးက ဆုံးဖြတ် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

ပြည်သူတွေ အထူးသဖြင့် ပြည်တွင်းက ပြည်သူတွေရဲ့ ညီညွတ်မှု လက်နက်အင်အားကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ရေးအတွက် ပြည်တွင်းပြည်ပမှာ ရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေ၊ ပညာရှင်တွေ အားလုံး ဝိုင်းဝန်းစဉ်းစား အကြံပေးဘို့ လိုပါတယ်။ အချိန်ဟာ အရေးကြီးနေပါပြီ။

အရေးတော်ပုံကား မျိုးဆက်တိုင်းအား တပ်လှန့်၍ နေချေပြီ

ဆောင်းပါး
အောင်မော်ဦး
တနင်္လာနေ့၊ ဇွန်လ 16 2008

“နိုင်ငံသားတိုင်း၌ မိမိတို့လိုချင်သည့် အစိုးရမျိုးကို မိမိတို့ဘာသာ ရွေးချယ်ပိုင်ခွင့် ရှိကြပေသည်။ ဤအခွင့်အရေးကို ဆုပ်ကိုင်၍ မိမိတို့ ဆန္ဒအလျောက် မိမိတို့ဘာသာ မရွေးချယ်ခဲ့ကြပါက မိမိတို့ မလိုချင်သည့် အစိုးရမျိုးကိုသာ ရရှိကြပေလိမ့်မည်။ သို့သော် အရာရာ နှောင်းသွားပြီ ဖြစ်သဖြင့် ညံ့ဖျင်းသည့် အစိုးရကို သာလျှင် မိမိတို့နှင့် တန်သည့် အစိုးရအဖြစ် သဘောပိုက်၍ လူမဆန်သည့် အစိုးရ၏ အဓမ္မပြုကျင့်မှုကို ပြားပြားဝပ်မျှ ခံကြရပေလိမ့်မည်”

စစ်အုပ်စုက ဆန္ဒခံယူပွဲ၌ (၉၂.၄) ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ စကတည်းက လိမ်လည်ညစ်ပတ် လိမ့်မည်ဆိုသည်ကို ကြိုခန့်မှန်းထားနှင့်ကြသည့် လူများအတွက်မူ ဤကြေညာချက်သည် ပြက်လုံးတခုသဖွယ် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ သို့သော် ဤ ပြက်လုံးသည် ဘ၀နှင့်ရင်း၍ ရယ်ရမည့် ပြက်လုံးမျိုး၊ အနာဂတ်ကို ထိုးကျွေး၍ ရယ်ရမည့် ပြက်လုံးမျိုး၊ သခင်ရှေ့မှောက် ဒူးထောက်၍ ကျွန်ရယ် ရယ်ရမည့် ပြက်လုံးမျိုး ဖြစ်နေသဖြင့် ရယ်ရ ခက်ကြပေလိမ့်မည်။

လူအတော်များများက ဆန္ဒခံယူပွဲရလဒ်ကို ၆၀% - ၄၀% ခန့် ဖြစ်နိုင်ဘွယ်ရာ ရှိသည်ဟူ၍ မှန်းဆထားခဲ့ပါသည်။ ပြည်သူ လူထုကို လျှော့တွက်၍ မဟုတ်ဘဲ စစ်အုပ်စု၏ လိမ်လည် ညစ်ပတ်မှုကို ထည့်တွက်၍ ဤသို့ ခန့်မှန်းထားခြင်း ဖြစ်ပါသည်။ အကယ်၍ လူအများ မှန်းဆထားသလို စစ်အုပ်စုက နှာတဖျားသာရုံလေး ကပ်၍ ကြေညာခဲ့မည်ဆိုလျှင် လူတိုင်းလိုလို မျက်စေ့ လည်သွားနိုင်ပါသည်။ (၁) စစ်အုပ်စုကို လိမ်လည် ညစ်ပတ်သည်ဟူ၍ တိတိကျကျ ပြောရန် ခက်ခဲနိုင်ပါသည်။ (၂) ပြည်သူလူထုအတွင်း ငါက ကန့်ကွက်တယ်၊ နင်က ထောက်ခံတယ်ဟူ၍ အချင်းချင်း အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက် လာနိုင်ပါသည်။ (၃) နိုင်ငံတကာ အစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန် အတော့်ကို ခက်ခဲနိုင်ပါသည်။

သို့သော် စစ်အုပ်စုက (၉၂.၄%) ဟု ကြေညာလိုက်သဖြင့် (၁) စစ်အုပ်စု၏ လိမ်လည် ညစ်ပတ်မှုမှာ ဘွားဘွားကြီး ပေါ်ထွက် လာခဲ့ပါသည်။ (၂) ပြည်သူ အားလုံးသည်လည်း မိမိတို့ လိမ်ညာခံရ၊ မတရားပြုခံရသည်ကို မျက်မြင်ဒိဌိ သိရှိခွင့် ရရှိသွားခဲ့ကြပါသည်။ (၃) နိုင်ငံတကာ အစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန် မလိုတော့လောက်အောင်ပင် စစ်အုပ်စု ၏ ငါတကောကောသည့် လုပ်ရပ်က ဘူးပေါ်သလို ပေါ်နေပါတော့သည်။

တရုတ်ပြည် လွတ်မြောက်ရေး ကြိုးပမ်းစဉ်ကာလက ဗုံးမိုးရွာနေသည့် ဂျပန် လေယာဉ်ပျံများအား ခုခံရေးနှင့် ပတ်သက်၍ ဥက္ကဌမော် ပြောခဲ့သည့် စကားတခွန်း ရှိပါသည်။ “ငါတို့က ဂျပန်စစ်တပ်ဟာ မကောင်းဘူး၊ ဒါကြောင့် ဂျပန်စစ်တပ်ကို ခံတိုက်ကြဆိုပြီး ငါတို့ပြည်သူတွေကို တကူးတက ရှင်းပြနေစရာ မလိုတော့ဘူး။ ငါတို့ ပြောချင်တဲ့စကားကို ငါတို့ကိုယ်စား ဂျပန်တွေက ဗုံးတွေကျဲပြီး ပြောလိုက်ကြပြီ။ ရန်သူက ငါတို့ပြည်သူတွေကို အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဆင်ကြဖို့ လှုံ့ဆော်ပေးလိုက်ပြီ” ဟူ၍ မော်က အဆိုးထဲမှ အကောင်းကို ထုတ်ဖော် တင်ပြခဲ့သည်။ ထို့အပြင် မော်က “ဂျပန် စစ်တပ်ဟာ တရုတ်ပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အမျိုးသား ညီညွတ်ရေးကို ယူဆောင်လာခဲ့တယ်” ဟူ၍ တပ်နီတော်နှင့် ကူမင်တန်တို့အကြား အမျိုးသားညီညွတ်ရေး တည်ဆောက်ရန် လမ်းပွင့်သွားမှုကိုပါ ထုတ်ဖော် တင်ပြခဲ့သည်။

ကျနော်တို့ အနေဖြင့်လည်း စစ်အုပ်စုသည်မတရား၊ စစ်အုပ်စုသည် မမျှတ၊ ထို့ကြောင့် စစ်အုပ်စုကို တော်လှန်ကြဟူ၍ ပြောနေရန် လိုပါဦးမည်လား။ စစ်အုပ်စုသည် အများ ပြောချင်သည့်စကားကို အားလုံးကိုယ်စား ရုပ်မြင်သံကြားမှ ကြေညာပေးခဲ့သည်။ ရေဒီယိုမှ ထုတ်လွှင့်ပေးခဲ့သည်။ သတင်းစာများမှ ပုံနှိပ် ဖော်ပြပေးခဲ့သည်။ ထိုမျှမက စစ်အုပ်စု၏ လိမ်လည် ညစ်ပတ်မှုသည် “ဒုတိယ ရှစ်လေးလုံး” ဟု ဆိုနိုင်မည့် လူထုအုံကြွမှုကြီးတရပ် ပေါ်ပေါက်လာစေရန်ပင် တပ်လှန့်ပေးလိုက်ပေသည်။

သို့သော် ၁၉၄၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အနှစ် ၆၀ လုံးလုံး စစ်ကျွန်ဘ၀ ရောက်နေခဲ့ကြရသည်မှာ နိုင်ငံသား အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ကြသည့် နိုင်ငံသား အရေအတွက်က စစ်သား အရေအတွက်ထက် နည်းပါးနေခြင်းကြောင့်ပင် ဖြစ်လေမည်လား မပြောတတ်ပါ။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ လှုပ်ရှားမှု အပါအ၀င် အခြားသော အရေးတော်ပုံကြီးငယ်များတွင် ပွဲတိုင်းလိုလို ဒီလူတွေချည်း လှုပ်ရှားလိုက်၊ ဒီလူတွေချည်း ထောင်ချခံရလိုက်၊ ဒီလူတွေချည်း မြေလျှိုးရလိုက်၊ ဒီလူတွေချည်း နယ်စပ်သို့ ရှောင်တိမ်းကြရလိုက်၊ ဒီလူတွေချည်း ဘ၀ပျက်ခံရလိုက်၊ ဒီလူတွေချည်း မိသားစုနှင့် ကွေကွင်းရလိုက်၊ ဒီလူတွေချည်း အသက်စွန့်လွှတ်ရလိုက်နှင့် တကယ်လှုပ်ရှားသူ အရေအတွက်မှာ လက်ချိုး ရေနိုင်ရုံလောက်မျှသာ ရှိခဲ့သည်ဟူ၍ အရေးတော်ပုံ မှတ်တမ်းများက သက်သေထူပြနေသည်ကို ကျနော်တို့ မငြင်းနိုင်ပါ။

လှုပ်ရှားမှုများ၌ ဒီလူတွေချည်းလိုလို ဖြစ်နေရသည့် ကိစ္စနှင့် ပတ်သက်၍ ကျနော့်မိတ်ဆွေ အယ်ဒီတာတဦးက ပြောဖူးပါ သည်။ အခြေခံ ပြဿနာမှာ လူထုစည်းရုံးမှု အ၀န်းအ၀ိုင်းကို မချဲ့ထွင်နိုင်ဟု ဆိုပါသည်။ အရေးတော်ပုံ တပ်သားများ (တနည်း) လူထု စည်းရုံးရေးသမားများ အနေဖြင့် ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ လူထုစည်းရုံးရေး လုပ်ငန်းများကို ဇောက်ချ မလုပ်နိုင်ဘဲ မြို့ပြဒေသများ၌သာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်နေကြခြင်းကို တွေ့နေရသည်ဟု ဆိုပါသည်။ ရှစ်လေးလုံး အရေးတော်ပုံတုန်းက တက္ကသိုလ် ကျောင်းသားများနှင့် အထက/အလက ကျောင်းသားများသည် (ကျောင်းများ ပိတ်ပစ်လိုက်ခြင်းကို အခွင့်ကောင်းယူ၍) ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ တောင်သူဦးကြီးများအား လှုပ်ရှားမှုထဲ ဆွဲခေါ်နိုင်ခဲ့ကြပါသည်။ စက်ရုံအလုပ်ရုံများမှ ကော်လာပြာ လုပ်သားများနှင့် လက်လုပ်လက်စား အလုပ်သမား များအား လှုပ်ရှားမှုထဲ ဆွဲခေါ်နိုင်ခဲ့ကြပါသည်။ သို့နှင့် ပြည်လုံးကျွတ် အထွေထွေ လူထုလှုပ်ရှားမှုကြီးတရပ် ပေါ်ပေါက်ခဲ့ရပါသည်။ ယနေ့ အခြေအနေ၌ ဆိုလျှင် ရဟန်းသံဃာတော်များ၊ အနုပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာ၊ လူမှု စောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်များပါ ပါဝင် လှုပ်ရှားနေကြသဖြင့် လူထုစည်းရုံးရေး နယ်ပယ်ကို ချဲ့ထွင်ရန် အခွင့်အခါ သင့်လှပေသည်။

ဆိုကြပါစို့။ ယနေ့၌ အသက် ၂၀ အရွယ်ရှိသည့် လူငယ်လေးတဦးသည် အာဏာရှင်စနစ် အောက်၌ အနှစ် ၂၀ မျှ ဖြတ်သန်း ကြီးပြင်းခဲ့ရပေလိမ့်မည်။ ထိုလူငယ်၏ မိဘနှစ်ပါးသည် အသက် ၄၀ ၀န်းကျင် အရွယ်များ ဖြစ်နိုင်သဖြင့် တပါတီ အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ် နှစ်ခုပေါင်းအောက်၌ နှစ်ပေါင်း ၄၀ မျှ ဖြတ်သန်း ကြီးပြင်းခဲ့ကြရပေလိမ့်မည်။ ထိုလူငယ်လေး၏ ဘိုးဘွားတို့သည်လည်း အသက် ၆၀ ၀န်းကျင် အရွယ်များ ဖြစ်နိုင်သဖြင့် လွတ်လပ်ရေးအရ ပြည်တွင်းစစ်အစဟု ဆိုရမည့် ခေတ်ကာလများမှသည် မျက်မှောက်ခေတ် ကာလများအထိ နှစ်ပေါင်း ၆၀ ကျော် စနစ်ဆိုး ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ကြရ ရှာပေလိမ့်မည်။

မျိုးဆက် ၃ ဆက်မျှ ခေတ်ဆိုး စနစ်ဆိုးများ အောက်၌ ဖြတ်သန်းခဲ့ကြရသည့် သမိုင်းသည် ဤတွင် တခန်းရပ်သင့်ပါပြီ။ ထို့အတူ ထိုလူငယ်လေး မှ မွေးဖွားလာမည့် မျိုးဆက်သစ် ရင်သွေးလေးများခမြာ သူတို့၏ ဘိုးဘွားမိဘများနည်းတူ ခေတ်ဆိုး စနစ်ဆိုးကြီးများ အောက်၌ ထပ်မံ ဖြတ်သန်းကြရဦးတော့မည့်အရေး မဖြစ်သင့်တော့ပါ။ အနာဂတ်၏ ရင်သွေးငယ်လေးများ (တနည်း) စတုတ္ထ မျိုးဆက်လေးများအား ဤခေတ်၊ ဤစနစ်နှင့် ဤလို ဖက်စစ်အုပ်စု၏ သေနတ်ပြောင်းအောက်၌ ကြီးပြင်းစေ၊ လူလားမြောက်စေရန် မသင့်တော်ပါ။

ဆန်နှင့် လောင်စာဆီ ပြဿနာကို ကမ္ဘာနှင့်အ၀န်း ရင်ဆိုင်နေကြရချိန်တွင် မွဲပြာကျ၍ ချွတ်ခြုံကျနေသည့် မြန်မာပြည်အဖို့ ပို၍ အလူးအလဲ ခံရမည်မှာ မြေကြီးလက်ခတ် မလွဲချေ။ ယနေ့ (သို့) မနက်ဖြန်၌ လူထုသည် သူတို့ အသက်ရှင် ရပ်တည်ရေးအတွက် အစားအစာရရှိရေး၊ အမိုးအကာရရှိရေး၊ ထွန်ယက်စိုက်ပျိုးစရာ ရရှိရေး စသဖြင့် အခြေခံ အကျဆုံးသော လိုအပ်ချက်များအတွက် တောင်းဆိုကြပေလိမ့်မည်။ ငတ်၍ သေရမည့် အတူတူ တိုက်၍သာ သေတော့မည် ဟူသည့် ပိုင်းဖြတ်မှုများကြောင့် လူထုလှုပ်ရှားမှုသည် အားနှင့်အင်နှင့် ပေါ်ပေါက်လာနိုင်ပေ သည်။ ထိုသို့ ပေါ်ပေါက်လာနိုင်သည့် လူထုအုံကြွမှုအား တနေရာတည်း၌ ကွက်ကျား မဖြစ်စေဘဲ နေရာအနှံ့အပြား၌ အကျယ်အပြန့် ဖြစ်စေရေးနှင့် မြို့ပြရော၊ ကျေးလက်ပါ ပါဝင်စေရေးတို့အတွက် လူထုစည်းရုံးရေးသမားများ အနေဖြင့် ပြင်ဆင်ကြရန် လိုပေမည်။ ထိုမျှမက သွေးချောင်းစီးမှု နည်းနိုင်သမျှ နည်းပါးစေရေးအတွက် ရနိုင်သမျှသော နည်းလမ်းများအား အသုံးပြုကြရန်လည်း လိုပေလိမ့်မည်။

“ကယ်ဆယ်ရေး အကူအညီများကို ပိတ်ပင်သည့် နည်းဖြင့် ပြည်သူ သန်းပေါင်းများစွာကို သေတွင်းပို့ရုံနှင့် အားမရ၊ ဆန္ဒခံယူပွဲ၌ မဲလိမ်သည့် နည်းဖြင့် ပြည်သူ သန်းပေါင်းများစွာကို ကျွန်ပြုရန် စီမံကိန်းချ အကောင်အထည် ဖော်နေသည့် စစ်အုပ်စုကို ဒီအတိုင်း ထင်တိုင်းကျဲခွင့် ပြုထားဦးမည်ဆိုလျှင် နိုင်ငံ့သမိုင်း၌ ရာဇ၀င် ရိုင်းရပေရော့မည်။”

ခြင်္သေ့ကြီး မျက်လုံးနီနေပြီ

ဆောင်းပါး
နေသန်မောင်
တနင်္လာနေ့၊ ဇွန်လ 16 2008

ဒီကနေ့ ကမ္ဘာမှာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သိပံ္ပနည်းကျ ဆောင်ရန်၊ ရှောင်ရန်တွေကို ပညာရှင်တွေက နေ့စဉ်လိုလို စိုးရိမ်တကြီး သတိပေးနေပေမယ့် ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဘာသာရေးအရ၊ သက်ဝင် ယုံကြည်မှုအရ မြန်မာ အပါအဝင် အာရှတိုက်သား အများစုရဲ့ ရာသီဥတု အပေါ် ယူဆချက်တွေက အများအားဖြင့် တူညီကြပါတယ်။

မီး အကြီးအကျယ်လောင်တာ၊ တောလဲသံကြီးတွေ မြည်ဟီးပြီး မြေငလျှင်တွေ လှုပ်တာ၊ ရေကြီးတာ၊ မုန်တိုင်းဝင်တာ၊ အဲဒါတွေရဲ့ နောက်ဆက် တွဲအဖြစ် အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဘေးတွေ ဆိုက်တာ၊ လူပေါင်း သိန်း၊ သန်းချီ သေကြေပျက်စီးတာတွေဟာ ကောင်းကင်ဘုံရဲ့ နိမိတ်လက္ခာတွေအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။

ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်တာတွေဟာ လူတွေရဲ့ အမှားကြောင့်ဆိုတာ အားလုံး လက်ခံထားကြသလို သဘာဝ ကပ်ဘေးတွေ ရက်ဆက်ဆိုသလို ကြုံတွေ့ရတာ။ မထင်မှတ်တဲ့ အချိန်မှာ ဆိုးဆိုးရွားရွား ကြုံရတာတွေဟာ အုပ်ချုပ်သူတွေရဲ့ ပြည်သူတွေအပေါ် ဓမ္မနဲ့အညီ မအုပ်ချုပ်တာ၊ လူတွေအချင်းချင်း သစ္စာတရား ကင်းမဲ့ပြီး ဒုစရိုက်တွေ ပေါများလာတာ၊ လူ့ကျင့်ဝတ်တွေ ဖောက်ပြားပြီး မောဟ၊ ဒေါသ၊ မာန်မာနတွေ ဖုံးလွှမ်းတာတွေကြောင့် ကောင်းကင်ဘုံကနေ လောကလူသားတွေအပေါ် ပြစ်ဒဏ်ခတ်တာလို့ ဘာသာရေးဆိုင်ရာ တရားတော်တွေအရ ကောက်ချက် ဆွဲကြပါတယ်။

အထူးသဖြင့် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ သိန်းနဲ့ချီတဲ့ သံဃာတော်တွေ မိုးထဲလေထဲ ပြည်သူ့ အကျပ်အတည်းတွေအတွက် လမ်းမတွေ ထွက် ကြွချီပြီး မြို့ရွာတွေအနှံ့ မေတ္တာသုတ် ရွတ်ဖတ် သရဇ္ဈယ်တဲ့အပေါ် မြန်မာစစ်အစိုးက လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲပြီး သံဃာတော်တွေကို စာသင်တိုက်တွေကနေ မောင်းထုတ်ခဲ့တာ၊ ဖမ်းဆီး ထောင်ချခဲ့တာတွေအပေါ် ဗုဒ္ဓဘာသာဝင် လူထုဟာ သွေးပျက်ထိတ်လန့်စွာ ကြုံတွေ့ခဲ့ရ ပါတယ်။

ဓမ္မတရားကို ဖောက်ပြန်ပြီး ပြည်ရဲ့ ဦးခေါင်း၊ လက်ရုံးနဲ့ မျက်လုံးတွေ သုတ်သင်ခံရပြီဆိုတဲ့ အချိန်မှာ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်တာကို ခံရတော့မယ်လို့ လူတွေက တထစ်ချ ယုံကြည်ခဲ့ကြပါတယ်။

ဒီလို အခြေအနေတွေ ကြုံရတဲ့အခါမှာ မြန်မာပြည်သူတွေဟာ ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရတဲ့ အတိတ်ကာလက အတွေ့အကြုံတွေနဲ့ ယှဉ်ထိုးပြီး ဒီကနေ့ ရှင်ဘုရင်ရူး ရူးနေတဲ့ သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေအတွက် နေဝင်ချိန်ဟာ ၂ဝဝ၈ မကျော်တော့ဘူးလို့ ခန့်မှန်းလာကြပါတယ်။ အတိတ် တဘောင်တွေ၊ ဗေဒင်ယတြာတွေနဲ့အတူ လူထုဟာ သူတို့နည်း သူတို့ဟန်နဲ့ သစ္စာတရားရဲ့ ထာဝရ မှန်ကန်ခြင်းကို ဆုတ်ကိုင်ကြပါတယ်။

အနီးစပ်ဆုံး ဆွဲယူပြတဲ့ ဥပမာတွေကတော့ မြန်မာလူမျိုးတွေရဲ့ နောက်ဆုံးဘုရင် သီပေါမင်းလက်ထက် နန်းတွင်းက မင်းညီမင်းသားတွေ အစုလိုက်အပြုံလိုက် သုတ်သင်မှုရဲ့ နောက်ဆက်တွဲ နိုင်ငံအနှံ့ လုံခြုံမှုလျော့ရဲပြီး စီးပွားပျက် ကပ်ဆိုက်မှု၊ အထက်မြန်မာနိုင်ငံအနှံ့ ကျောက်ရောဂါ ကပ် တမဟုတ်ချင်း ပျံ့နှံ့ပြီး သီပေါရဲ့ တဦးတည်းသော သားတော် သေဆုံးခဲ့မှု၊ ပါတော်မမူခင် ကောင်းကင်တခွင်လုံး သွေးတွေ ပက်ကြဲထား သလို နီရဲနေခြင်း၊ မိုးကြိုးပစ်ခြင်း၊ အချိန်အခါမဟုတ် လျပ်ပြက်ကာ လေပြင်းတိုက်ခြင်း စသည့် နိမိတ်များအကြောင်း ပါးစပ်စကားနဲ့တဆင့် သယ်ဆောင်ခဲ့ပါတယ်။

ဒုတိယမြောက် ထင်ရှားတဲ့ ဥပမာကတော့ အာဏာရှင် ဦးနေဝင်းလက်ထက် (၁၉၆၂-၁၉၈၈) နှစ်ပေါင်း ထောင်ချီ တည်တံ့ခဲ့တဲ့ ပုဂံမြေက တန်ခိုးကြီးဘုရားတွေ အများအပြား ၁၉၇၅ ခုနှစ်မှာ ကြီးမားတဲ့ ငလျှင်ဘေးကြောင့် မြေပြင်ပေါ် ပြားပြားဝပ်ခဲ့ပါတယ်။ နောက်ထပ် ၄ နှစ်အကြာ မန္တလေးမြို့မှာ မီး အကြီးအကျယ် လောင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို ပြည်သူအများစုက နိမိတ်တွေအဖြစ် လက်ခံခဲ့ကြပါတယ်။ ရလဒ် ကတော့ ၁၉၈၈ ခုနှစ်မှာ ကြီးမားတောင့်တင်းပြီး ပြည်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ (မဆလ) တပါတီကြီးနဲ့အတူ ဦးနေဝင်း တယောက် တပြည်လုံးရဲ့ ဆန့်ကျင်မှုကြောင့် ရာဇပလ္လင်ပေါ်ကနေ ဆင်းခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် မတ်လမတိုင်မီ ကောင်းကင်တခွင်ဟာ ညအခါမှာ သွေးကဲ့သို့ နီရဲနေတယ်လို့ လူကြီးသူမတွေက နိမိတ်တွေအဖြစ် ယုံကြည်ခဲ့ပါသေးတယ်။

တရုတ်ပြည်ရဲ့ တုနှိုင်းမဲ့ ခေါင်းဆောင် မော်စီတုန်းဟာ ၁၉၇၆ ခုနှစ်က လူ သိန်းနဲ့ချီ သေကြေခဲ့ရတဲ့၊ ကြီးမားတဲ့ ငလျှင်ကြီး လှုပ်ခတ်အပြီး လအနည်းငယ် အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မော်တယောက် ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရတာလို့ သူ့လက်အောက် ဒုက္ခပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေက တညီတညွတ်တည်း ယုံကြည်ခဲ့ကြပါတယ်။

လူတွေဟာ သိပ်ကို အားကိုးရာမဲ့လာတဲ့အခါ၊ ခိုးကိုးရာမဲ့လာတဲ့အခါ ဘာသာတရားနဲ့ ဆက်နွယ်တဲ့ နိမိတ်ပုံတွေကို ပိုမိုလက်ခံလာကြတာ ဓမ္မတာပါ။

ဒီနေရာမှာ သိပံ္ပနည်းကျ နိုင်ငံရေး ဖလော်ဆိုဖီတွေကို ခဏ ဘေးချိတ်ထားပြီး ပြည်သူတွေအားလုံး တညီတညွတ်တည်း စိတ်ဝင်စားနေကြတဲ့ ဒီ နိမိတ်တွေအကြောင်းက ပိုပြီး အရေးပါလာတာကတော့ ငြင်းလို့ မရပါဘူး။ မနှစ်က စက်တင်ဘာလမှာ သံဃာတွေ ဝါးရင်းတုတ်နဲ့ ရိုက်ခံရတာ၊ သေနတ်နဲ့ ပစ်သတ် ခံရတာတွေဖြစ်ပြီး လူထုအများစုက ဒီလို အခြေအနေတွေကို မသိစိတ်ကနေ ထင်ကြေးပေးခဲ့ပါတယ်။

ဒီနှစ်ဆန်းမှာ မန္တလေးမှာ မီး အကြီးအကျယ် လောင်ခဲ့တာ၊ မေလမှာ ဧရာဝတီနဲ့ ရန်ကုန်မှာ မုန်တိုင်းကျပြီး လူ သိန်းနဲ့ချီ သေဆုံးခဲ့တာတွေဟာ ဒီထင်ကြေးကို ပိုပြီး အားဖြည့်ပေးခဲ့ပါတယ်။ လူထုဟာ ဒီမိုကရေစီကို ငတ်မွတ် တောင့်တနေကြပေမယ့် အများစုကတော့ အုပ်ချုပ်သူတွေဟာ ဘုန်းတန်ခိုးပြည့်စုံမှ တိုင်းပြည်ကို တည်ငြိမ် အေးချမ်းအောင် ဆောင်ကျဉ်းနိုင်မယ်၊ အုပ်ချုပ်သူတွေ တရားပျက်တဲ့အခါ တိုင်းပြည်ဟာ အန္တရာယ် အသွယ်သွယ်၊ ကပ်ဆိုးတွေအဖုံဖုံ ကြုံရမယ်လို့ ယုံကြည်နေကြတုန်းပါပဲ။

အသေချာဆုံး ဖြစ်လာမယ့် ဘေးကတော့ မြန်မာပြည်ရဲ့ ဆန်အိုးကြီးဟာ နာဂစ်ဒဏ်ကြောင့် မှောက်သွားပါပြီ။ နောက်ဆက်တွဲအဖြစ် အစာရေစာ ငတ်မွတ် ခေါင်းပါးတဲ့ဘေးက လအနည်းငယ်မှာ ပေါ်ပေါက်လာဖို့က သေချာနေပါတယ်။ ပြည်ကတော့ တင်းနေပါပြီ။

တချိန်တည်းမှာပဲ မုတ်သုန်ရာသီရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မုန်တိုင်းတွေက မြန်မာ့ ပင်လယ်ပြင်အနီးမှာ နိမိတ်တွေ ပြနေသလို မုတ်သုန်မိုးကြောင့် ရေကြီး၊ မြေပြိုဖြစ်ရပ်တွေက နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဖို့ ဖြစ်လာနေတော့တာပါပဲ။ မြန်မာ့သမိုင်းတလျှောက် ရာဇပလ္လင်ထက် ခွေးတက်လို့ သွေးပျက်စရာတွေ များစွာ ဖြစ်ခဲ့ဖူးပါတယ်။ လူထုဟာ ကောင်းကင်ဘုံရဲ့ နိမိတ်ကို ယုံကြည်တယ်ဆိုရင် ရင်ဆိုင်ရမယ့် ဘေးတွေအတွက် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်။ ဒီမိုကရေစီဟာ အသင့် ချက်ထားပြီးသား ထမင်းအိုးတအိုး မဟုတ်ပါဘူး။ ပြည်သူတွေဟာ ထမင်းအိုးတအိုး ဖြစ်ဖို့အတွက် စိတ်ဓာတ်တွေ ပြင်ထားဖို့ လိုပါတယ်။ ခေတ်သစ်တည်ဖို့ အရှိန်ယူထားဖို့ လိုပါတယ်။

ခြင်္သေ့ကြီး မျက်လုံးနီနီ ... ပုဂံပြည်ကြီး ပျက်လတ္တံ့ ... ဆိုတဲ့ အတိတ်ဘောင်တွေကို ယုံကြည် ကြသေးတယ်ဆိုရင် ပြည်သစ်တည်ဖို့ အားတွေ မွေးကြဖို့ အချိန်ရောက်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ခြင်္သေ့ကြီး မျက်လုံးနီနေလို့ပါပဲ။ ။

နေသန်မောင်

ဒေါ်စု မွေးနေ့ပွဲ နိုင်ငံတကာရောက် မြန်မာများ ကျင်းပမည်

မြင့်မောင်။ မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 17 2008


နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပသွားရန် နိုင်ငံတကာရှိ မြန်မာ အင်အားစုများက ပြင်ဆင်နေကြသည်။

စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ကျင်းပသွားရန် အတွက် ပြင်ဆင်နေကြောင်း လက်ရှိ သတင်းရထားသည်။

စင်္ကာပူတွင် ကျင်းပမည့် အစီအစဉ်ကို မျိုးချစ် မြန်မာများအဖွဲ့မှ ကိုစိုးထွန်းက “ဘုန်းကြီးကျောင်းမှာ လာမယ့် တနင်္ဂနွေမှာ လုပ်မှာပါ။ အခမ်းအနားကို မနက် ၁ဝ နာရီမှာ စတင်လုပ်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ပွဲမှာ ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ပွဲနဲ့ ဓာတ်ပုံပြပွဲကို စင်္ကာပူမှာ ရှိတဲ့ တိုပါးရိုး ဘုန်းကြီးကျောင်းမှာ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံ Puchong ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်) (မလေးရှားဌာနခွဲ) ရုံးတွင် ဓာတ်ပုံပြပွဲ ပြုလုပ်သွားမည်ဟု အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ကျော်က ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်တွင် ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ သဘာပတိ အဖွဲ့ဝင်တဦးက “စကားဝိုင်းတွေ လုပ်ဖို့ရှိတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျောင်းတွေမှာ စကားဝိုင်း လုပ်တာတွေ ရှိမယ်။ မဲဆောက် ဒေသမှာရှိတဲ့ နေရာတနေရာမှာ အခမ်းအနား လုပ်မှာပါ။ ဓာတ်ပုံပြပွဲမျိုး မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေပါတဲ့ ဓာတ်ပုံတွေကို အခမ်းအနားမှာ ပြထားမယ်။ အခမ်းအနားအတွင်းမှာ ဆုတောင်းပွဲနဲ့ တပါထဲ လုပ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်ထဲတွင် မွေးနေ့ပွဲနှင့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများ စီစဉ်ထားသည်။

အခန်းအနား စီစဉ် ဆောင်ရွက်မည့်သူ ဒေါ်ချိုချိုအေးက “ဂျပန် အမျိုးသမီး အမတ်တွေက ကမကထပြု စီစဉ်ပေးတာပါ။ ကျမတို့က “လက်ရှိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခြေအနေ” ခေါင်းစဉ်နဲ့ ဂျပန်ပါလီမန်မှာ ဟောပြောမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပြသသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ (ဂျပန်) မှ ကိုနိုင်ကျော်ဦးက “လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဆက်ဖမ်း ထားတဲ့ အပေါ်မှာရယ်၊ လက်ရှိ နာဂစ်မုန်တိုင်း အချက်အလက်တွေရယ်ကို မြန်မာ့အရေး ကူညီပေးနေတဲ့ အမတ်တွေက စုံလင်အောင် တင်ပြ ပြီးတာနဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ ချီတက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နေ့လယ် ၂ နာရီခွဲတွင် မြန်မာ့အရေး လှုပ်ရှားသူများနှင့် ဒေသခံ ဂျပန်အဖွဲ့များ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူမ၏ ဓာတ်ပုံများ ပါရှိသည့် တီရှပ်အင်္ကျီများ ဝတ်ဆင်ကာ၊ ပိုစတာ ဓာတ်ပုံများ ကိုင်ဆောင်၍ တိုကျိုမြို့ရှိ ရှိပူးရာ Shi Puya အရပ်မှ ရွပ်ပွန်းဂီး Roppon Gi အရပ်အထိ ၁ နာရီကြာ လမ်းလျှောက် ချီတက်မည် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြီး နယူးဒေလီ မြို့တွင်းသို့ လမ်းလျှောက် ချီတက်ပွဲတရပ် ပြုလုပ်သွားမည် ဖြစ်သလို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ အနောက်ဖက်ဒေသ) က ကြီးမှူးကာ ရှစ်လေးလုံး ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ် တရားနာပွဲ ကျင်းပ သွားမည်ဟု သိရသည်။

ကိုရီးယားနိုင်ငံတွင်မူ ပြီးခဲ့သည့် တနင်္ဂနွေနေ့၊ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ပွတ်ချွန်းမြို့ရှိ နိုင်ငံခြားသား အလုပ်သမား ရိပ်သာတွင် မွေးနေ့ပွဲကို ကိုရီးယား လွှတ်တော်အမတ်များ၊ ဥပဒေ ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အား ၁၅ဝ ခန့် တက်ရောက်ကာ ကျင်းပခဲ့ပြီး ဖြစ်သည်။

“ကဗျာတွေ၊ တေးသီးချင်းတွေနဲ့ ဂုဏ်ပြုပွဲလုပ်တာပါ။ ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ အာရှ နိုင်ငံလုံးဆိုင်ရာ ဖျော်ဖြေရေးပြပွဲ အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ဖိလစ်ပိုင် နိုင်ငံသား ဖျော်ဖြေရေး ပညာရှင်တွေရယ်၊ ကိုရီးယား ပညာရှင်တွေရယ် ပေါင်းပြီးတော့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် လက်အောက်မှာ ကြုံတွေ့နေရတဲ့ အနက် အဓိပ္ပာယ်ကို ပေါ်လွင်တဲ့ ဖျော်ဖြေရေးတွေကို ပြသ သွားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်၊ ကိုရီးယားဌာနခွဲ) မှ ကိုရန်နိုင်ထွန်းက ပြောသည်။

Tuesday, June 17, 2008

Thursday, June 12, 2008

ဒေါ်စုသည် ကြိမ်နဲ့ ရိုက်ဆုံးမရမည့် "လူဆိုးလေး" ဟု စစ်အစိုးရပြော

မုံးပီး
နယူးဒေလီ။ ။ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်း သာယာရေးကို နှောက်ယှက် ခြိမ်းခြောက်သူ ဖြစ်သည့်အတွက် ကြိမ်နဲ့ ရိုက်ဆုံးမရမည့် "လူဆိုးလေး" ဖြစ်သည်ဟု ပြောသည်။

လက်ရှိဥပဒေအရ ပြဌာန်းထားသော ကန့်သတ်ကာလထက် ကျော်လွန်ကာ နေအိမ် အကျယ်ချုပ် ဆက်လက် ချုပ်နှောင်ခြင်းကို စစ်အစိုးရက ဗုဒ္ဓဟူးနေ့က ခုခံ ပြောဆိုရာတွင် သူမသည် လက်နက်စွဲကိုင် တိုက်ခိုက်နေသော အကြမ်းဖက် သောင်းကျန်းသူများကို နေအိမ်တွင် လက်ခံထားခြင်း၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့် နိုင်ငံခြား အစိုးရများထံမှ ငွေကြေး ပစ္စည်း လက်ခံရယူခဲ့ခြင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

"အမှန်ကတော့ ကျောင်းပေါ်ခေါ်ပြီး ကြိမ်နဲ့ မှတ်လောက် သားလောက်အောင် ရိုက်ရမယ့် လူဆိုးလေးတွေပါဗျာ။ ဒါပေမယ့် မိဘနဲ့ တူတဲ့ နိုင်ငံတော် အစိုးရတွေအနေနဲ့ မဖြစ်သင့် မဖြစ်ထိုက်တာတွေ မဖြစ်ရအောင် နောင် ဒီလိုပြစ်မှုတွေ ထပ်မံကျူးလွန်လို့ မရအောင်ဆိုပြီး နေအိမ်မှာ တားဆီးမိန့်တွေ ထုတ်ပြန်ထားရတာပါ" ဟု စစ်အစိုးရ မူဝါဒကို ထင်ဟပ်သည့် မြန်မာ့အလင်း နေ့စဉ်ထုတ် သတင်းစာက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားမှု ယခုဆိုလျှင် ဆက်တိုက် ခြောက်နှစ်ထဲ ၀င်လာခြင်းအပေါ် စစ်အစိုးရက ခုခံပြောဆိုရာတွင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ အပါအ၀င် နိုင်ငံအချို့တွင် ကျင့်သုံးသော အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေများနှင့် နှိုင်းယှဉ်ကာ ရေးသားထားသည်။

မလေးရှား၊ စင်္ကပူ၊ အမေရိကန်နှင့် ဗြိတိန်တို့ရှိ ပြည်တွင်းလုံခြုံရေး ဥပဒေများနှင့် အကြမ်းဖက်မှု ကာကွယ် ဆန့်ကျင်ရေး ဥပဒေများကို ဖော်ပြသွားပြီး " နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ဖို့အတွက် လိုအပ်တဲ့ ဥပဒေကို ပြဌာန်းတာဟာ မြန်မာနိုင်ငံ တခုတည်း မဟုတ်ပါဘူး။ " ဟု ရေးသားထားသည်။

"မိမိနိုင်ငံရဲ့ အခြေအနေအရ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့၊ လိုအပ်လာရင် ဘယ်နိုင်ငံမှာမဆို ဒီလိုပဲ ပြဌာန်းကြရတာပါပဲ" ဟု သတင်းစာက ရေးသားထားသည်။ စစ်အစိုးရက နေ့စဉ်ထုတ် သတင်းစာများကို ထိန်းချုပ်ထားပြီး သူတို့၏ ၀ါဒဖြန့်ချီမှုအတွက် ကိရိယာတခု အနေဖြင့် အသုံးပြုသည်။

သို့သော် ဝေဖန်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများကမူ စစ်အစိုးရ၏ လက်ရှိ ဖိနှိပ်မှု ပြင်းထန်သော ဥပဒေအရပင်မူ သူမကို ၅ နှစ်ဆက်တိုက်သာ ချုပ်နှောင်ထားခွင့် ရှိသည်ဟု ပြောသည်။ ထိုအတိုင်းသာဆိုလျှင် သူမကို တရားရုံး မတင်ဘဲ ချုပ်နှောင်ခွင့်မှာ ပျက်ပြယ် သွားပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကြံပေးအဖြစ် မိသားစုက ခန့်အပ်ခြင်းခံရသူ အမေရိကန်နိုင်ငံ အခြေစိုက် ဥပဒေ အကျိုးဆောင်အဖွဲ့ "Freedom Now" မှ ဂျားရတ် ဂျန်ဆာက အစိုးရ၏ ၁၉၇၅ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်လျှင် လူပုဂ္ဂိုလ်တဦးကို တနှစ်တခါ သက်တမ်းတိုးကာ ဆက်တိုက် ၅ နှစ်သာ ချုပ်နှောင်ထားနိုင်သည်ဟု ပြောသည်။

၁၉၇၅ ခုနှစ် နိုင်ငံတော် ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၀ (ခ) အရ နိုင်ငံတော် လုံခြုံရေးနှင့် အချုပ်အခြာ အာဏာကို ထိပါး ခြိမ်းခြောက်လျှင် ထိုသူကို တနှစ်တခါ သက်တမ်းတိုးကာ ဆက်တိုက် ၅ နှစ်အထိ ထိန်းသိမ်းထားနိုင်သည်။

သို့သော် ဗုဒဟူးနေ့က စစ်အစိုးရ၏ ပြောကြားချက်တွင်မူ ထိုအခြေခံ ဥပဒေကိုပင် အဓိပ္ပါယ် ဖွင့်ဆိုမှု မတူ ကွဲပြားနေသည်။

"နိုင်ငံသား တဦးဦးသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နိုင်ငံတော် လုံခြုံရေးကို ဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်း သာယာရေးကို ဖြစ်စေ ထိပါးအန္တရာယ် ဖြစ်စေမည့် ပြုလုပ်မှုတခုခု ပြုလုပ်ခဲ့သည် သို့မဟုတ် ပြုလုပ်နေသည် သို့မဟုတ် ပြုလုပ်တော့မည်ဟု ယုံကြည် လောက်သော အကြောင်းရှိလျှင် ၀န်ကြီးအဖွဲ့သည် ယင်းပုဂ္ဂိုလ်၏ မူလ အခွင့်အရေး တရပ်ကို လိုအပ်သလို ကန့်သတ် ချမှတ်နိုင်သည်။" ဟု သတင်းစာက ရေးသားထားသည်။

Chaung Wa Photo from Haigyi

'

Wednesday, June 11, 2008

ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ မင်္ဂလာ

သားဖြစ်သူ မူးယစ် ရောင်းဝယ်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီးတဦး နှုတ်ထွက်ရတော့မည်


မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 11 2008 18:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ သားဖြစ်သူ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်နေခြင်းကြောင့် ကစထ (၁) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ကို နှုတ်ထွက်ခိုင်းထားသည်ဟု သတင်းများ ကြားသိရပါသည်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် နှုတ်ထွက် စေလိုသည်ဟု ဆိုသည်။

“(ဒုတိယ ဗိုလ်ချုပ်ကြီး) ရဲမြင့် ဒီနေ့ (ဗုဒ္ဓဟူးနေ့) ဒါမှမဟုတ် မကြာခင် သွားတော့မှာပါ” ဟု စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောကြားသွားပါသည်။

ငြိမ်းချမ်းရေး အဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ရာ၌ တချိန်က ရဲမြင့်သည် သန်းရွှေ၏ အထူး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့ရသူ ဖြစ်သည်။ မက်တာ အင်ဖက်တမင်း ဆေးပြားများ အဓိက ထုတ်လုပ်သူ ဖြစ်သည့် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် ငြိမ်းအဖွဲ့များကို မိမိအလိုအလျောက် လက်နက်စွန့်ရန် ဆက်သွယ် ပြောဆို ဆွေးနွေးခဲ့ရသူ ဖြစ်သည်။

(UWSA) သည် ပြည်တွင်း မူးယစ်ဆေးဝါး ဈေးကွက် အများစုကို ချုပ်ကိုင်ရန် ရည်ရွယ် ကြံစည်ခြင်း ဖြစ်သည်ဟု ထိုအမှုကို စုံစမ်းနေသော အဖွဲ့က သင်္ကာမကင်း ဖြစ်နေသည်ဟု ရန်ကုန်မြို့ရှိ မဇ္ဈိမ လျှို့ဝှက် သတင်းထောက်က သတင်း ပေးပို့ပါသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို မေလ နောက်ဆုံးအပတ်က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဤသတင်းကို မဇ္ဈိမက ဇွန်လ (၅) ရက်နေ့က စတင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ဤဖမ်းဆီး နှိမ်နင်းမှုတွင် ငယ်ရွယ်သော စီးပွါးရေးသမား တဦးလည်းဖြစ်၊ မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင် တဦးလည်းဖြစ်သူ မောင်ဝိတ် လည်း အခြား ရုပ်ရှင်လောကမှ နာမည်ကြီး အနုပညာရှင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။

စစ်ထောက်လှမ်းရေးနှင့် အထူး ရဲတပ်ဖွဲ့တို့က ကြည်မြင်တိုင် မြို့နယ်အတွင်းရှိ အောင်ဇော်ရဲမြင့်ပိုင် ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီရုံးခန်းကို ဝင်ရောက် ရှာဖွေရာတွင် မူးယစ်ဆေးဝါးများ၊ သေနတ်တလက်၊ လက်ထိပ်များနှင့် မြန်မာငွေကျပ် သန်းပေါင်းများစွာကို သိမ်းဆည်းရမိခဲ့သည် ဟု ဆိုသည်။

“တခန်းလုံး တထောင်တန် ငွေစက္ကူတွေနဲ့ ပြည့်နေတာဘဲဗျာ” ဟု စစ်အစိုးရနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောကြားသွားပါသည်။

မူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်နေသည်ဟု ဖေါ်ထုတ် ရရှိခဲ့ခြင်းကြောင့် မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ မောင်ဝိတ်ကိုပါ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု ပြည်ထဲရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောဆိုပါသည်။

မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီသည် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသတခု ဖြစ်သည့် ကျိုက်လတ်မြို့နယ်တွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။

သို့သော် အခြား သတင်းရပ်ကွက် တခုကမူ မောင်ဝိတ်ထံမှ ဘာမှ မတွေ့ရဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု ပြောသည်။ ရုပ်ရှင် မင်းသမီး အများစု ပါဝင်သည့် ရုပ်ရှင် သရုပ်ဆောင် အများအပြားလည်း ဤအမှုတွင် ဖမ်းဆီး ခံခဲ့ကြရပြီး ယခုအခါ ခံဝန်ဖြင့် လွှတ်ထားသည်ဟု ဆိုသည်။

ရဲအဖွဲ့၏ အလိုရှိသည် စာရင်းတွင် အောင်ဇော်ရဲမြင့်၏ ရင်းနှီးသော မိတ်ဆွေဖြစ်သည့် ရုပ်ရှင်မင်းသမီး နဝရတ် ရှေ့ဆုံးမှ ပါဝင်နေသည်။ သူတို့ ၂ ဦးသည် မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်ငန်းနှင့် ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သို့ သွားရောက်ခဲ့ကြသည်ဟု ဤနာမည်ကြီးများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက မဇ္ဈိမ ကို ပြောပါသည်။

အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ (DEA) ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံသည် မက်တာအင် ဖင်တမင်း ထုတ်လုပ်မှုတွင် အာရှ၌ အကြီးမားဆုံး နိုင်ငံဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများသို့ သာမက အမေရိကန် ပြည်ထောင်စုသို့လည်း တင်ပို့ ရောင်းချနေသည်ဟု ဆိုသည်။

ရာဘ နှင့် အခြား စိတ်ကြွဆေးများ ကဲ့သို့သော တရားမဝင် မူးယစ်ဆေးဝါးများကို သုံးစွဲနေကြသူများတွင် မြန်မာ သရုပ်ဆောင် နာမည်ကြီး အတော်များများသည် အောင်ဇော်ရဲမြင့်၏ ဖေါက်သည်များ ဖြစ်နေကြသည်မှာ ပြည်တွင်းတွင် အများသိသော လျှို့ဝှက်ချက်တရပ် ဖြစ်သည်။ ပြည်တွင်းတွင် ‘ခေါင်းခါဆေး’ ဟု လူသိများသော ခရစ် စတယ်မက်တာ အင်ဖင်တမင်းမှာ ရန်ကုန်မြို့၌ တပြားလျှင် ကျပ်ငွေ ၅ သောင်း ပေါက်ဈေး ရှိသည်။

အောင်ဇော်ရဲမြင့်နှင့် ပတ်သက်၍ ထိပ်တန်း ဗိုလ်ချုပ်ကြီး ၂ ဦး ဖြစ်သော သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က အောင်ဇော်ရဲမြင့်ကို လမ်းလုပ်ငန်းတခုနှင့် ပတ်သက်၍ အမျက်တော် ရှခဲ့ဖူးသည်။

မေမြို့-မန္တလေး လမ်းဖောက်လုပ်ရန် ရဲတံခွန် ကုမ္ပဏီကို အစိုးရက ကန်ထရိုက် ပေးခဲ့ရာ ကောင်းမွန်အောင် ဖောက်လုပ်ခဲ့ခြင်း မရှိသောကြောင့် အေးရှားဝေါလ်ဒ် (Asia World) ကုမ္ပဏီက တာဝန်ယူ၍ ပြန်လည် ဖောက်လုပ်ခဲ့ရသည်။