Wednesday, June 18, 2008

ညောင်လေးပင်ခရိုင်၊ မွန်ကာဒါ ခံတပ်နှင့် သံလွင်ညများ ... (ဆောင်းပါး)

ရွှေအိမ်စည်
အင်္ဂါနေ့၊ ဇွန်လ 03 2008

(က)

မာနယ်ပလောမှ ကြေးနန်း ပြန်မလာသေး ...။ သို့သော် ... KNU မှ ခေါင်းဆောင်နှစ်ဦးနှင့်မူ မဲလထတွင်ပင် တွေ့ခွင့်ရခဲ့၏။ စောဘအေး၏ ဆိုင်အိမ်လေးတွင် ဖြစ်သည်။ အဖူးစံလင်းနှင့် ပဒိုမန်းရှာ ... ။ ထိုစဉ်က ... အဖူးစံလင်းသည် KNU ဗဟို၏ တွဲဘက်အတွင်းရေးမှူး (၂) တာဝန်နှင့်ဖြစ်ပြီး ပဒိုမန်းရှာကမူ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြ၏ အထူး အကြံပေးပုဂ္ဂိုလ်။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ကြသည့် ဒီမိုကရက်တစ် အင်အားစုများနှင့် ဆက်ဆံရာတွင်လည်း သူသည် KNU ၏ ဆက်သွယ်ရေး အထူးအရာရှိ ...။

အဖူးစံလင်းက အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်နှင့် ...။ ဆံပင်များကမူ တခေါင်းလုံး ဖြူဖွေး၍ နေသည်။ လေသံအေးအေးနှင့် စကားကို ဖြည်းဖြည်းပြော၏။ အသံကား မကျယ် ...။ ညှင်းညှင်းသွဲ့သွဲ့ ...။ တိုးသော်လည်း ကွဲပြားစွာ ကြားရ၏။

ပဒိုမန်းရှာက မာနယ်ပလောရှိ ဒီမိုကရက်တစ် အင်အားစုများအကြောင်း မိတ်ဆက်ပေး၏။

မြောက်ပိုင်းမှ NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ် စည်းဥက္ကဋ္ဌ တို့လည်း ရောက်နေကြကြောင်း ပြောပြ၏။

ဦးမောင်မောင်လတ် (ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) ၏ ကျန်းမာရေး အခြေအနေကို မေးပြီး ထူးဝါးလူ ဆေးရုံတွင် ဆေးကုသမှု ခံယူရန်လည်း အကြံပေးသည်။ ထူးဝါးလူ ဆေးရုံက မာနယ်ပလော၏ ဗဟိုစစ်ဆေးရုံ ...။

ကျနော်တို့၏ ရှေ့အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ဦးမောင်မောင်လတ်က ... ကျန်းမာရေးနှင့် အသက်အရွယ်အရပါ ချင့်တွက်၍ မာနယ်ပလောသို့ စောဘအေးမှ လိုက်ပို့ပေးမည် ဖြစ်သည်။ ကျနော်တို့ လူငယ်များကမူ ... KNU တပ်မဟာ ၃ သို့ ဆင်းကြရမည်။ တပ်မဟာ ၃ က ကော်သူ့လေ ဖွဲ့စည်းပုံအရ ညောင်လေးပင်ခရိုင်ဖြစ်သည်။ စစ်ဒေသအဖြစ်မူ KNLA တပ်မဟာ ၃ ... ။ မြန်မာပြည်မြေပုံအရမူ စစ်တောင်းမြစ်နှင့် သံလွင်အကြား ... ။ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်တို့နှင့် နီးသည်။ မြောက်ဘက်တွင် လိပ်သို၊ သံတောင်၊ ဘောခဲ ...၊ ကယားပြည်နယ်စပ် ...။

ကျနော်တို့က KNLA တပ်မဟာ ၃ နယ်မြေရှိ နအဖ စစ်စခန်းတခုကို ထိုးစစ်ဆင်မည့် စစ်ဆင်ရေးတွင် လိုက်ပါရမည်။ မည်သည့် စစ်စခန်း ဟူသည်ကိုမူ မသိရ ...။ ဘယ်နေ့ လိုက်ရမည်။ ဘယ်နေ့ တိုက်ရမည်ကိုလည်း မသိနိုင်။ သို့သော် ... ကျနော်တို့ကို အခြေခံ စစ်ပညာသင်တန်း မဲလထတွင်ပင် ပေးမည်။ သင်တန်းဆရာက KNLA တပ်ရင်း ၂ဝ မှ တပ်ကြပ်ကြီး စောငါးပြား ...။ ပြီးလျှင် သူ၏ တပ်စိတ်တွင်ပင် ပါဝင်ပြီး ... တပ်မဟာ ၃ စစ်ဆင်ရေးက သူနှင့်ပင် သွားရမည်။

ကောင်းကင်သည် ညိုနေရာမှ ပြိုကျလာသည်။ လေသည် သံလွင်မြစ်ပြင်အား ဖြတ်၍ တိုက်ခတ်လာသည့် အတွက် မိုးငွေ့ မိုးမွှာတို့ လွှမ်းထုံ၍ ပါလာသည်။ လေနှင့်အတူ မိုးပါလာ၏။ ဝုန်းကနဲ ရေအိုးတလုံးအား ခွဲချလိုက်သကဲ့သို့ ...။ လေအရှိန်ကြောင့် မိုးစက်တို့က မတ်မတ်ထိုးမဆင်း ...။ လေသင့်ရာအလိုက် တိမ်း၍ စွေစွေစောင်းစောင်းနှင့် မြေသို့သက်၏။ ဆိုင်အရှေ့ လမ်းမဘေး လုံခြုံရေး ယူထားကြသည့် KNLAမှ ရဲဘော်လေးများ မိုးရေအောက်၌ စိုရွှဲကုန်၏။ ဦးထုပ်မှ စီးကျလာသည့် ရေစီးကြောင်းသည် မျက်နှာနှင့် ပုခုံးပေါ်သို့ စီးဆင်းပြန်၏။ ဘယ်လက်ဖြင့် အသင့် မြောက်ကိုင်ထားသည့် M-၁၆ မောင်းပြန်ရိုင်ဖယ်လည်း မိုးရေတို့နှင့် မဲပြောင်၍ နေသည်။ ဖာပွန်မိုးက ဝုန်းဆို ရွာပြီး ဝုန်းဆို ရပ်၏။ ခြုံခိုတိုက်သကဲ့သို့ပင် ...။

(ခ)

တပ်ကြပ်ကြီး စောငါးပြားက အသက် ၃၅ နှစ်ခန့် ရှိမည်။ အသားညိုသည်။ ကိုယ်ခန္ဓာက ကျစ်ကျစ်လစ်လစ်။ ပိန်သည်ဟု ထင်ရသော်လည်း ကြွက်သားများနှင့် တောင့်တောင့်တင်းတင်း။ ညာဘက် မျက်လုံးတဖက်မရှိ ...။ မော်ဖိုးကေတွင် ကျန်ခဲ့သည်ဟု ဆိုသည်။ ဟောက်ပက်ကြီး ဖြစ်နေသည့် မျက်လုံးနေရာတွင် ကျောက်မျက်လုံး အစားထိုး ထည့်ထား၏။ သူ၏ ပုံသဏ္ဍာန်က စစ်ရည်ဝနေသည့် ပြောက်ကျား စစ်သားကောင်း တယောက်မှန်း သိသာ ပေါ်လွင်နေသည်။ KNU တပ်မဟာ ၁ တွင် တွေ့ခဲ့ဖူးသည့် ဗိုလ်မြင့်သိန်း ကဲ့သို့ပင် ...။ ဖျတ်လတ်မှု၊ နိုးကြားမှု၊ တည်ငြိမ်မှု တို့သည် သူ့ ခန္ဓာအတွင်း အချိုးညီမျှစွာ ပေါင်းစပ်ဖွဲ့တည်၍ ထား၏။

အမိန့်နာခံ၍ စွန့်ရဲလုပ်ရဲသော စိတ်သည် သူ့မျက်နှာတွင် ပေါ်နေ၏။ အထူးသဖြင့် တော်လှန်ရေးသမားကောင်း တဦး၏ သွင်ပြင် လက္ခဏာများက သူ့တွင် အပြည့်အဝ ရှိနေသည်။ ကျနော် နားလည်ထားသည့် တော်လှန်ရေးသမားကောင်း ဟူသည်ကား ... ရဲဘော် ရဲဘက်စိတ် ရှိမှုနှင့် အနစ်နာခံမှု၊ ကိုယ်ကျိုးအတ္တ ခြိုးခြံ ထိန်းသိမ်းနိုင်မှုတို့ပင် ...။

သူသည် မော့ကလိုး (ဆေးတံ) ဖွားရင်း ... ကျနော်တို့ကို အခြေခံစစ်ပညာ သင်တန်းပေးမည့် အစီအစဉ်အား ပြော၏။

သင်တန်းက ၅ ရက်ခန့်သာ ကြာမည်။ လက်နက်ငယ် ပစ်ခတ် တိုက်ခိုက်နည်း သင်တန်း ...။ စစ်မြေပြင်တွင် အမိန့်နာခံမှု ရှိအောင် ကျနော်တို့ သင်တန်းက အချိန်ယူ၍ မပို့ချပေးနိုင်။ အခြေအနေနှင့် အချိန်က မပေး ...။

သူသည် တပ်စိတ်မှူးအဖြစ် ကျနော်တို့ကို အုပ်ချုပ် ကွက်ကဲပြီး စစ်မြေပြင်သို့ သွားမည်။ စစ်မြေပြင်တွင် အမိန့်နာခံမှု ရှိအောင် ကျနော်တို့ကို မည်သို့ အုပ်ချုပ်မည်နည်း ...။ စစ်မြေပြင် တိုက်ပွဲအတွင်း အမိန့်နာခံမှုက စစ်သားတဦးချင်းအလိုက် အရေးကြီးသလို ... သူပါဝင်သည့် တပ်စိတ်၊ တပ်စုအလိုက်လည်း အရေးပါ၏။

ဘာပဲဖြစ်ဖြစ် ... သူနှင့်အတူတွဲ၍ စစ်မြေပြင်သို့ သွားရန် မတွန့်ဆုတ် ...။ ရဲသည်။ သူသည် ကျနော်တို့ကို ရဲဘော်ရဲဘက်စိတ် ရှိစွာနှင့် တွဲခေါ်မည်။ ဦးဆောင်မည်။ အနစ်နာခံစရာ ရှိလျှင်လည်း သူသည်ပင် အရှေ့မှ အနစ်နာခံလိမ့်မည် ...။

သူ၏ စစ်စွမ်းရည်ပြည့်ဝမှု၊ နိုးကြားဖြတ်လတ်မှု၊ တည်ငြိမ်မှုတို့နှင့် ကျနော်တို့ တပ်စိတ်ကို ဦးဆောင်၍ ကျနော်တို့ တပ်စိတ်၏ စစ်ရေး တာဝန်များကို သူ ဆောင်ရွက်ပေးလိမ့်မည်ပင် ...။

သို့သော် ... ကျနော်တို့က သူ့ကို မည်မျှ ဝိုင်းရံပေးနိုင်ပါမည်နည်း ...။ ကျနော်တို့ ပါဝင်သည့် တပ်စိတ်အတွက် မည်မျှ ကူညီ တာဝန်ယူနိုင်မည်နည်း ...။

စစ်ပညာ၊ သဘောတရား မသိသော သူတယောက်အဖို့ စစ်မြေပြင်တွင် သေနတ်ကိုင်ထားခြင်းသည် မိမိပါဝင်သည့် တပ်စိတ်အတွက် အထောက်အကူ မည်မျှ ရှိစေမည်နည်း ...။ ဒါမဟုတ် ဝန်ထုတ်ဝန်ပိုး မည်မျှ ဖြစ်စေမည်နည်း ...။

ကျနော်တို့အထဲ၌ တယောက်ကမူ မဆလခေတ်၌ မဆလတပ်ထဲတွင် ၂ နှစ်ခန့် စစ်သားအဖြစ် နေခဲ့ဖူး၏။ သူ့တွင်မူ စစ်အခြေခံပညာနှင့် စစ်မြေပြင် အတွေ့အကြုံတို့ ရှိပေလိမ့်မည်။ ထားတော့ ...။ ကျန်တယောက်က ကျူရှင်ဆရာ ပေါက်စနှင့် တယောက်က သကြားချက်စက်ရုံမှ ဝန်ထမ်း ...။

ကျနော်ကမူ လွယ်အိတ်ကို ပစ်ချ၍ ထွက်လာခဲ့သူ ...။

ဘာပဲဖြစ်ဖြစ် ... ကျနော်တို့ အားလုံးက စစ်ပွဲများကို ကြုံခဲ့ဖူးကြ၏။ ပြည်တွင်းစစ်အတွင်း မွေး၍ ... ပြည်တွင်းစစ် အတွင်း၌ပင် ကြီးခဲ့ကြရသည်။

ဗိုလ်လင်းထင်တို့၏ ခေတ်ကို မမှီလိုက်သော်လည်း ... ဗိုလ်ဒင်္ဂါး၊ ဗိုလ်စိန်သီးတို့၏ ခေတ်တွင်မူ ကျနော်တို့ မြို့လေးသည် နွေဦး စစ်ဆင်ရေး ကာလများအတွင်း တစ်နှစ်လျှင် တကြိမ်ခန့်တော့ အသိမ်းခံရသည်သာ ...။

သေနတ်သံကြားလျှင် ကျနော်တို့ အိမ်အောက်သို့ ဆင်းကြရ၏။ အိမ်အောက်၌ ဗုံးခိုကျင်းများ တူးထားကြသည်။ ဗုံးခိုကျင်း အတွင်းမှ သေနတ်သံများကို နားထောင်ကြသည်။ မီးညွန့်၊ မီးစွယ်များကို ဗုံးကျင်းအတွင်းမှ ခေါင်းပြူ၍ ကြည့်ကြရသည်။

ကျွဲချိုများ မှုတ်သံကြားလျှင်မူ ဗိုလ်စိန်သီးတို့ မြို့မှ ပြန်၍ဆုတ်ပြီ ...။

နံနက်တွင်မူ မြို့လေး၏ သတင်းမျိုးစုံ ကြားရတော့၏။

အစိုးရ ဆန်စက်က ဆန်ဂိုဒေါင် မီးလောင်သွားတယ် ...။

သမဝါယမဆိုင်တော့ တဆိုင်လုံး မီးလောင်သွားပြီ ...။ သူပုန်တွေ ထွက်သွားပြီးမှ သမဆိုင်က မီးလောင်တာလို့ ပြောတယ် ...။

နံနက်ခင်းသတင်းက စုံသည်။

ပြီးလျှင် ... ကျနော်တို့ ခလေးများ စစ်တိုက်တန်း ကစားကြပြီ ...။ ကစားလျှင် ... သူပုန်ဗိုလ်သာ လုပ်ချင်ကြ၏။

ဤသို့ ... ကျနော်တို့ ကြီးပြင်းခဲ့ကြရသည်။

တပ်ကြပ်ကြီး စောငါးပြား က တပ်ရင်း ၂ဝ သို့ မပြန်တော့ ... ကျနော်တို့နှင့်အတူပင် ဒု-အရာခံဗိုလ် ကျော်သန်း၏ ထောက်ပို့တဲလေး၌ အိပ်၏။ တဲငယ်က မိုး၊ လေ အောက်၌ ဝပ်၍ ကုပ်နေသည်။ လေအဝှေ့တွင် မိုးစက်တို့က တဲအတွင်း လွင့်စင်၍ ဝင်လာသေး၏။ သူသည် လောက်သေရွက် အဖန်ရည်ကို ဝါးခွက်နှင့် သောက်ရင်း ဆေးတံကို တဆုံပြီး တဆုံဖွာ၏။ ၁၉၇ဝ ဝန်းကျင် တော်လှန်ရေးကာလ သူ၏ ဖြတ်သန်းမှု အတွေ့အကြုံများက စိတ်ဝင်စားဖွယ် ကောင်း၏။

မော်ဖိုးကေး ... မဲသဝေါ ... ကာလ တော်လှန်ရေးသမားများ၏ ဘဝစာမျက်နှာများ ...။

ညဥ့်နက်မှပင် ကျနော်တို့ အိပ်ယာ ဝင်ခဲ့ကြ၏။ လေနှင့်မိုးက သည်းဆဲ ...။ သံလွင်မြစ်ပြင် အတွင်းမှ လှိုင်းပုတ်သံများကို ကြားရ၏။ ထိုညက ကျနော် ကျူးဘားမှ ကြယ်နီကြီး ဖီဒယ်ကပ်စထရိုနှင့် တွေ့၏။ အိပ်မက်အတွင်းမှ ဖြစ်သည်။ ဖီဒယ်ကပ်စထရိုက ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သူနှင့် ပြောက်ကျားရဲဘော် ၂ဝဝ တို့ ကျူးဘားအာဏာရှင် ဘတ္တစတ္တာ၏ မွန်ကာဒါ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့သည့် တိုက်ပွဲအကြောင်းကို ပြောပြနေခြင်း ဖြစ်သည်။

နံနက်တွင်မူ အစီအစဉ်များ အားလုံးက ပြောင်းလဲ၍ သွားပြန်သည်။ KNLA မှ တပ်ကြပ်ကြီး စောငါးပြား၏ တပ်စိတ်နှင့် တပ်မဟာ ၃ နယ်မြေသို့ ဆင်း၍ စစ်ဆင်ရေးထွက်ရန် မဟုတ်တာ့ ...။

ရွှေအိမ်စည်

No comments: