Thursday, November 18, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ်

၇ နှစ်ကြာ နေအိမ်အချုပ်မှ နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ၊ အင်တာနက်နှင့် မီဒီယာသစ် သုံးစွဲမှု၊ တိုင်းရင်းသားအရေး၊ ဂျွန်ယက်ထောကို ဘယ်သူလွှတ်လဲ၊ လူငယ်နှင့် အမျိုးသမီးကဏ္ဍ၊ လုံခြုံရေး အကြောင်းများ မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ကိုစိန်ဝင်းက တယ်လီဖုန်းဖြင့် မေးမြန်းထားသည်။


မေး။ ။ ကျနော် ပထမဆုံး အိန္ဒိယနဲ့ ပတ်သက်တဲ့ မေးခွန်းမေးချင်တယ်ခင်ဗျ၊ အိန္ဒိယလူထုအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဘာများလုပ်ပေးနိုင်တယ် အန်တီ ထင်လဲခင်ဗျ။

အဖြေ။ ။ ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူး ဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။အန်တီတို့ နိုင်ငံ ၂ နိုင်ငံဟာ လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလကနေစပြီး မိတ်ဆွေတွေလို ရဲဘော်ရဲဘက်တွေလို လုပ်ခဲ့ကြတာ၊ အခုနောက်ပိုင်းမှာတော့ အိန္ဒိယ ပြည်သူတွေက သိသင့်သလောက် မသိဘူးလို့ အန်တီထင်တယ်၊ အဲဒါ ပိုပြီးတော့ သိနိုင်ရင် ပထမဆုံး ခြေလှမ်းပဲ။

အမေး။ ။ အိန္ဒိယ ပါလီမန်၊ အစိုးရက ဘာတွေလုပ်နိုင်တယ် ဘာတွေဖြစ်သင့်တယ်လို့ အန်တီပြောချင်လဲ။

အဖြေ။ ။ အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံဆိုတော့ အခုမေးလိုက်တဲ့မေးခွန်းနဲ့ ခုနတုန်းက ပြောလိုက်တဲ့ကိစ္စနဲ့ ဆက်နွယ်နေတယ်၊ ဒီမိုကရေစီနိုင်ငံဆိုတော့ ပြည်သူလူထုက နိုးကြားတက်ကြွပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်ပေးချင်တဲ့ စိတ်ဓာတ်တွေရှိရင် ပါလီမန်နဲ့ အစိုးရကလဲ လျစ်လျူရှုထားလို့ ရမှာမဟုတ်ဘူး၊ အဲဒါကြောင့်မလို့ ပထမဆုံး ခြေလှမ်းက အိန္ဒိယ ပြည်သူလူထုအနေနဲ့ အန်တီတို့ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်းကို ပိုပြီး သိဖို့၊ ထောက်ခံလာဖို့လိုတယ်။

အမေး။ ။ အိန္ဒိယဘက်က ပြောလေ့ပြောထရှိတာက တရုတ်က မြန်မာပြည်ထဲကို လွှမ်းမိုးလာတယ်၊ နောက်တခုက မြန်မာပြည်မှာ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း ပြောင်းလဲ ဖြစ်ထွန်းလာတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆတွေရှိတယ်၊ အဲဒီအယူအဆနဲ့ ပတ်သက်ပြီးတော့ အန်တီ့အမြင်ကကော ဘယ်လိုလဲခင်ဗျ။

အဖြေ။ ။ အဲဒါမျိုးဆိုရင် တရုတ်နဲ့ဆက်ဆံရေးကိုပဲ အဓိက စဉ်းစားနေသလို ဖြစ်နေဘူးလား၊ မြန်မာပြည်ရဲ့ အခြေအနေကိုစဉ်းစားတာထက်။ အဲဒီတော့ မြန်မာပြည်ရဲ့ အခြေအနေကို စဉ်းစားတဲ့နေရာမှာ တကယ်ပဲ မြန်မာပြည်အခြေအနေကို စဉ်းစားနေတာလား၊ တရုတ်နဲ့ အိန္ဒိယဆက်ဆံရေးကို စဉ်းစားနေတာလား ဆိုတာ ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ကွက်ကွက်ကွင်းကွင်းသိအောင် လုပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ဒီမိုကရေစီသာ မြန်မာပြည်နဲ့ ကိုက်ညီတယ်၊ မကိုက်ညီဘူးဆိုတာက အန်တီတို့ မြန်မာတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။

အမေး။ ။ အင်တာနက်တွေဘာတွေ သုံးဖို့ လျှောက်လွှာမှာ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရမယ်ဆိုတော့ နိုင်ငံရေး မကင်းရှင်းပါဘူးဆိုတာလဲ အမှန်အတိုင်းတော့ ပြောရမှာပဲ၊ မှန်မှန်ကန်ကန်ပဲ ပြောပြီးတော့ လျှောက်မှာပဲ။
တချို့အနောက်နိုင်ငံတွေ ယူဆတာကလဲ မြန်မာအစိုးရ ပြောတာနဲ့ သွားတူတယ်နဲ့တူတယ်၊ ဖြည်းဖြည်းချင်းပေါ့လေ၊ အဲဒီပုံစံက ပိုကိုက်တယ်ဆိုပြီးပြောကြတော့ အဲဒီအပေါ်မှာကော အန်တီ့အမြင်က ဘယ်လိုရှိလဲ။

တဆင့်ချင်းသွားတဲ့ ပုံစံကို ပိုကိုက်တယ်ဆိုတဲ့ အယူအဆကို ခိုင်မာတဲ့အတွေးအခေါ်တွေနဲ့ ပြနိုင်ဖို့ လိုပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ လူမျိုးရေး ပဋိပက္ခတွေဖြစ်ခဲ့တာကြာလို့ ဖြည်းဖြည်းလေး ဒီမိုကရေစီဆီ သွားရမယ်ဆိုတဲ့ဟာက ပြောင်းပြန်ပြောလို့လဲရတာပဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီမရှိလို့ ဒီလူမျိုးရေး ပဋိပက္ခတွေက ပိုပြီးတော့ ဖြစ်နေသေးတယ် ဆိုပြီးတော့လဲ ပြောလို့ရတာပဲ၊ ဒါက ကိုယ်ကြိုက်သလို ကိုယ်ဆွဲပြီးတော့ ပြောလို့ရတာပဲ။ ဒါပေမဲ့ တကယ် အဓိက စဉ်းစားရမှာက အခုအခြေအနေတွေဟာ ပြည်သူလူထုကို ဘယ်လောက်အထိ အကျိုးပေးနေသလဲ၊ အကျိုးပေးအောင်လို့ ဘယ်လိုလုပ်ရင်ရမလဲ ဒါကိုစဉ်းစားရမှာပါ။

အမေး။ ။ အန်တီ့ ကျန်းမာရေး အခြေအနေကော ဘယ်လိုရှိလဲခင်ဗျ။

ကျန်းမာရေးကတော့ ကောင်းပါတယ်၊ အလုပ်ကတော့ ရှုပ်တာပေါ့၊ အသက်ရှုဖို့အချိန်တောင် နည်းနည်း, နည်းနေသလိုပဲ။

အမေး။ ။ သားနဲ့ ဖုန်းပြောဖြစ်တယ်လို့ကြားတယ်၊ သားကော ပြည်ဝင်ခွင့်ဗီဇာ ရပြီလားခင်ဗျ။

အဲဒါကလေ ပေးမယ်လဲ မပြောဘူး၊ မပေးမယ်လဲ မပြောဘူး၊ ဒီလိုပဲ စောင့်နေရတော့မှာပေါ့။

အမေး။ ။ မိခင်တယောက်အနေနဲ့ ဆုံးဖြတ်ရတဲ့အခါကျတော့ ဒီလိုမျိုးစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အန်တီ ဘယ်လိုဖြတ်သန်းလဲ။

ဒါပေမယ့်လဲ အန်တီ့ထက် ပိုခက်ခဲတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတဲ့လူတွေ အများကြီးလေ၊ ဘာပဲပြောပြော အန်တီ့ရဲ့ သားတွေက မတောင့်မတ မကြောင့်မကြနဲ့ နေနိုင်တဲ့အနေအထားပေါ့နော်၊ လူ့အခွင့်အရေးအပြည့်အဝရတဲ့ နိုင်ငံတွေမှာ နေရတယ်၊ စားရေး သောက်ရေး နေရေးထိုင်ရေးအတွက် ပူပင်စရာမလိုဘူး၊ တခြားကလေးတွေ အများကြီးဟာ တနေ့နဲ့တနေ့ ဘယ်လို စားရမယ်၊ သောက်ရမယ်၊ နေရမယ်၊ ထိုင်ရမယ်ဆိုတာ မသိတဲ့အခြေအနေမှာ ရှိနေပါတယ်၊ သူ့တို့မိဘတွေကလဲ သူတို့ကလေးတွေကို မကူနိုင်တဲ့ အနေအထားမှာ ရှိတယ်၊ အဲဒီတော့ အန်တီ့အနေနဲ့ ဆိုးတယ် ပြောရအောင် တခြား မိဘတွေကို ဘယ်လို မျက်နှာနဲ့ သွားပြီးတော့ ကြည့်မှာလဲ။

အမေ။ ။ အန်တီ့လုံခြုံရေးအတွက် စိုးရိမ်ကြတယ်လို့ ပြောကြတယ်၊ အဲဒီအပေါ်မှာ တယောက်ယောက် အနှောက် အယှက် ပေးလိမ့်မယ်လို့ အန်တီ ထင်လား။

ဒါကတော့ အရင်တုန်းက အနှောက်အယှက်ပေးခဲ့တာတွေ ရှိခဲ့ဖူးတော့ မလုပ်ဘူးလို့လဲ ပြောလို့မရဘူးပေါ့၊ ဒါပေမဲ့ ဒါအနှောက်အယှက်ပေးမှာပဲလို့ ဒါကိုပဲ ရှေ့တန်းတင်ပြီးတော့ ကိုယ့်ရဲ့ လုပ်တာကိုင်တာတွေကို အဲဒီအပေါ်မှာ အခြေခံပြီးတော့ လုပ်လို့လဲ မဖြစ်ဘူးလေ။ လူငယ်တွေကော၊ လူကြီးတွေကော အန်တီ့ကို တော်တော်လေး ဂရုစိုက်ကြပါတယ်၊ သူတို့ တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်ပါတယ်၊ လုံခြုံရေးအတွက်လဲ တတ်နိုင်သလောက် အစီအစဉ်တွေ လုပ်ပြီးတော့ ဆင်ဆင်ခြင်ခြင်နေကြပါတယ်။

မစ္စတာ ယက်ထော လာခဲ့တဲ့အပေါ်မှာကော လူတွေက အမျိုးမျိုးပြောကြတယ်ခင်ဗျ၊ အန်တီ ဘယ်လိုထင်လဲ၊ စစ်တပ်က အကွက်ချလိုက်တယ်လို့ ထင်လားခင်ဗျ။

အမေး။ ။ သတင်းနဲ့ ပတ်သက်လို့ လုပ်တဲ့နေရာမှာ တိုင်းပြည်ရဲ့ အကျိုးကို ဘယ်လောက် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ စဉ်းစားပေး စေချင်တယ်။

အန်တီကတော့ အဲဒါကို တကယ်ပဲ ဖြေလို့မရဘူး၊ အန်တီ မသိဘူး၊ ဘယ်ဘက်ကိုမှ အန်တီ မယိမ်းဘူး၊ ဒါ စစ်တပ်ကလွှတ်လိုက်တယ်ဆိုတာလဲ အမှန်အတိုင်းပြောရရင် အန်တီ မထင်ဘူး၊ ဒါပေမယ့်လဲ တကယ့်ကို လွှတ်လိုက်တာ မဟုတ်ဘူးလို့လဲ တိတိကျကျကြီး ၁ဝဝ ရာခိုင်နှုန်းတော့ ပြောလို့မရဘူး၊ အန်တီ့အနေနဲ့တော့ မထင်ဘူးလို့ပဲ ပြောရမှာပဲ။

အမေး။ ။ အန်တီ့ ဟောပြောပွဲကို လူငယ်တွေလည်း အတော်လာကြတယ်၊ အန်တီအနေနဲ့ လူငယ်တွေ အမျိုးသမီးတွေကို ဘာပြောချင်လဲ၊ ဘာလုပ်ပေးချင်လဲ။

အန်တီမြင်ရတဲ့ အင်အားတွေကိုလေ တကယ်ပဲ သေသေချာချာ ထိရောက်အောင် လုပ်စေချင်တယ်၊ အင်အားတွေကတော့ ရှိတယ်၊ စွမ်းရည်တွေကတော့ ရှိတယ်၊ ဒါပေမဲ့လို့ ဒီအင်အားစွမ်းရည်တွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက်နဲ့ တိုင်းပြည်ကောင်းကျိုးအတွက် အများကောင်းကျိုးအတွက် အဲဒါလဲ သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းပေါ့နော်၊ အတ္တဟိတ၊ ပရဟိတ္တ နှစ်ခုလုံးအတွက်ဖြစ်အောင်လို့ မှန်မှန်ကန်ကန် စနစ်တကျ သုံးနိုင်ဖို့ အန်တီ အားပေးချင်တယ်၊ တတ်နိုင်သမျှ အကူအညီပေးချင်တယ်။

အမေး။ ။ ဟုတ်ကဲ့ မှန်မှန်ကန်ကန်ဆိုတာ သူတို့အနေနဲ့ နိုင်ငံရေးထဲမှာ ပါဝင်လာရမယ်လို့ ဆိုလိုတာလားခင်ဗျ။

အဲဒီလိုတော့ မဟုတ်ဘူး၊ အဟောသိကံ မဖြစ်သွားအောင်လို့ပေါ့၊ အင်အားတွေကို အတ္တဟိတ သဘောနဲ့ ကိုယ့်အတွက်ပဲ ကိုယ်သုံးမယ်ဆိုရင်၊ ရေရှည်မှာ ကိုယ်လဲ အကျိုးမပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင်မလုပ်နိုင်လို့ရှိရင် ကိုယ်တယောက်ထဲ ကောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ နိုင်ငံရေးလို့ပဲ ပြောပြော၊ လူမှုရေးလို့ပဲ ပြောပြော၊ အန်တီ့ရဲ့ အယူအဆကတော့ နိုင်ငံရေးနဲ့ လူမှုရေးဆိုတာခွဲခြားလို့မရပါဘူး၊ ဒီလို စိတ်ဓာတ်တွေကတော့ ရှိရမယ်၊ နိုင်ငံသားတယောက် ထားသင့်တဲ့ စိတ်ဓာတ်ပေါ့နော်၊ အန်တီတို့ ခေတ်တုန်းကတော့ ပြည်သူ့နီတိ ဆိုပြီးတော့ သင်ရတယ်၊ အဲလို စိတ်ဓာတ်မျိုးတွေပေါ့။

အမေး။ ။ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အခုတလော စစ်ပွဲတွေ ပြန်ဖြစ်လာတယ်၊ အဲဒီတင်းမာမှုတွေကို ဘယ်လိုလုပ်ပေးနိုင်ရင် ပြေလည်မယ်လို့ထင်လဲ။

အဲဒါက အန်တီစောစောတုန်းက ပြောသလိုပေါ့နော်၊ ဆွေးနွေးလို့မရဘူးလားဆိုတော့ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးပြီးတော့ အေးအေးချမ်းချမ်း အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေး အစဉ်အလာတွေ အန်တီတို့မှာမရှိသေးဘူး၊ အဲဒါကို အန်တီက သိပ်ဖြစ်စေချင်တယ်၊ ဒါကြောင့်မလို့လဲ အန်တီက အကြမ်းမဖက်တဲ့ လမ်းကိုသွားတယ်ဆိုတာ ဒါပဲ၊ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဒီတိုင်းပြည်ဟာ နိုင်ငံရေး ပြဿနာတွေဟာ နိုင်ငံရေးနည်းနဲ့ အေးအေးချမ်းချမ်း ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်လို့ အန်တီတို့ ဖန်တီးယူရမယ်၊ အဲဒါကတော့ လွယ်တာလဲ မဟုတ်ဘူးပေါ့နော်၊ တိုးလိုက် ဆုတ်လိုက်လဲ ရှိမှာပေါ့၊ အခြေအနေက ဖြေရှင်းဖို့လဲ လွယ်တဲ့အခြေအနေရှိချင်ရှိမယ်၊ တခါတလေတော့လဲ ပိုပြီးခက်တဲ့အခြေအနေဖြစ်မယ်၊ ဒါပေမယ့်လဲ အဲဒီလို အစဉ်အလာတခုဖြစ်အောင်တော့ ကြိုးစားရမှာပဲ၊ မကြိုးစားရင်တော့ အဲဒီ ပဋိပက္ခတွေက ပျောက်သွားမှာမဟုတ်ဘူး။

အမေး။ ။ အန်တီက ဆက်သွယ်ရေး နည်းလမ်းတွေသုံးပြီးတော့ ဒုတိယ ပင်လုံညီလာကို လုပ်ချင်တယ်ဆိုတဲ့ သဘောပေါ့နော်၊ ဒီနေ့ သတင်းတွေထဲမှာတွေ့ရပါတယ်။ Twitter သုံးမယ်လို့လဲ အန်တီ ပြောထားတယ်၊ ဘယ်တော့လောက်သုံးမလဲဆိုတာ စိတ်ဝင်စားနေကြတယ်ခင်ဗျ။

အဲဒါ ဒီနေ့ပဲ အင်တာနက်တွေဘာတွေ သုံးဖို့ လျှောက်လွှာတွေဘာတွေ ကြည့်နေတယ်၊ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာပါရမယ်ဆိုတော့ အန်တီကတော့ လျှောက်တော့ လျှောက်မှာပဲ၊ ဒါပေမဲ့ နိုင်ငံရေး မကင်းရှင်းပါဘူးဆိုတာလဲ အမှန်အတိုင်းတော့ ပြောရမှာပဲ၊ ဒါက ကင်းမှမကင်းရှင်းပဲ ဘယ်လိုပြောရမလဲ၊ လျှောက်တော့ လျှောက်မယ်၊ မှန်မှန်ကန်ကန်ပဲ ပြောပြီးတော့ လျှောက်မှာပဲ။

အမေး။ ။ အန်တီ အင်တာနက် သုံးလို့မရဘူးဆိုရင် တခြားနည်းလမ်းနဲ့ပေါ့လေ Tele Conference လိုဟာမျိုးတွေပေါ့နော် ဘယ်လိုနည်းလမ်းတွေ ရှိနိုင်သေးတယ်လို့ အန်တီထင်လဲ။

အဲဒါကတော့ ရှာရမှာပေါ့လေ၊ ဒါကြောင့်မလို့ အန်တီကပြောတာ၊ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးနဲ့ လုပ်ရမယ်ဆိုတာ၊ ဒုတိယ ပင်လုံညီလာခံဆိုတာကလဲ အန်တီ အထဲမှာရှိနေတုန်း ထွက်လာတာလေ၊ ရေဒီယိုကနေ ကြားရတာ၊ အဲဒီတည်းက အန်တီစဉ်းစားနေတယ်၊ ၂၁ ရာစုပုံစံနဲ့ လုပ်ရင် ပိုပြီးတော့ အဆင်ပြေမယ်ပေါ့နော်၊ နည်းလမ်းတွေဘာတွေကတော့ အန်တီတို့ လူငယ်တွေက ရှာရမှာပေါ့၊ ကိုစိန်ဝင်းတို့လဲ ဝိုင်းပြီးတော့ အကြံဉာဏ်တွေပေးကြပေါ့။

အမေး။ ။ ဟိုနေ့က မိုဘိုင်းဖုန်းသုံးရတာ တစိမ်းဆန်တယ်ပေါ့နော်၊ အခုအင်တာနက် ကျတော့ကော ဘယ်လိုရှိလဲခင်ဗျ။

အန်တီက အင်တာနက် မသုံးဖူးဘူးလေ၊ ဒါပေမဲ့ ကွန်ပျူတာတော့ အတော်အတန်လုပ်တတ်ပါတယ်။ ကွန်ပျူတာနဲ့ နည်းနည်း ရင်းနှီးနေပြီဆိုရင် အင်တာနက်တွေဘာတွေ သုံးဖို့က မခက်ပါဘူး။

အမေး။ ။ နယ်ကိုခရီးထွက်ဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့တွေ့ဖို့ အစီအစဉ်ရှိလားခင်ဗျ။

လောလောဆယ်တော့ မရှိသေးပါဘူး၊ ရန်ကုန်မှာတောင် အလုပ်တွေမပြီးသေးဘူး။

အမေး။ ။ ရွေးကောက်ပွဲဝင်တဲ့ နိုင်ငံရေးပါတီတွေကို NLD နဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် အဲဒီပေါ်မှာ အန်တီ ဘယ်လိုသဘောထားလဲ။

အန်တီကတော့လေ ထွက်လာတဲ့နေ့ထဲက ပြောတယ်ပေါ့နော်၊ ပြည်သူတွေက ပြည်သူ့အတွက် ဒီမိုကရေစီ ကွန်ယက်ကြီးတခုဆောက်စေချင်တယ်၊ အဲဒီတော့ အဲဒီမှာဆိုရင် မဟာမိတ်တွေ အများကြီးရှိရမှာပေါ့၊ လူတိုင်းနဲ့ လက်တွဲနိုင်တာ မဟုတ်ဘူးဆိုရင်တောင် ကိုယ်နဲ့ အဓိကကျတဲ့ ရည်ရွယ်ချက်တူတဲ့လူတွေနဲ့ တွဲပြီးတော့ လုပ်နိုင်တဲ့ အခြေအနေဖြစ်အောင်လို့ အန်တီလုပ်ချင်တယ်။ အန်တီ ပြောထားပြီးပါပြီ၊ ရွေးကောက်ပွဲကိုဝင်တဲ့ ၃၇ ပါတီထဲက ဘယ်ပါတီပဲဖြစ်ဖြစ် တကယ်ပဲ အန်တီတို့နဲ့ ရည်ရွယ်ချက်တူပြီးတော့ ဒီမိုကရေစီအတွက် ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် အန်တီတို့ကလဲ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။

“အဓိက စဉ်းစားရမှာက အခု အခြေအနေ တွေဟာ ပြည်သူလူထုကို ဘယ်လောက်အထိ အကျိုးပေးနေသလဲ၊ အကျိုးပေးအောင်လို့ ဘယ်လိုလုပ်ရင်ရမလဲ”

အမေး။ ။ မဇ္ဈိမ ဝိုင်းတော်သားတွေကို အန်တီပြောချင်တဲ့ စကားက ဘာများဖြစ်မလဲခင်ဗျ။

ပြောရမယ်ဆိုရင်တော့လေ သတင်းသမားတွေရဲ့ ကဏ္ဍက အခုအချိန်မှာ အင်မတန်မှ အရေးကြီးပါတယ်၊ အခုခေတ်မှာ အင်မတန်မှ အရေးပါပါတယ်၊ အဲဒီတော့ သတင်းသမားတွေရဲ့ သြဇာကလည်း မနည်းဘူး၊ အဲဒီတော့ ဒီသြဇာကို အကောင်းအတွက် သုံးပါလို့ အန်တီသတိပေးချင်တယ်။ တချို့သတင်းသမားတွေက ကိုယ်သတင်းထူးဖို့ သတင်းဦးဖို့ အဲဒါကို အဓိက ထားကြတယ်၊ သတင်းထူးတာ သတင်းဦးတာလဲ ကောင်းပါတယ်၊ ဒါတင်မကသေးဘူး သတင်းနဲ့ ပတ်သက်လို့ လုပ်တဲ့နေရာမှာ တိုင်းပြည်ရဲ့ အကျိုးကို ဘယ်လောက် ဆောင်ရွက်ပေးနိုင်သလဲဆိုတာ စဉ်းစားပေးစေချင်တယ်။ နောက်ပြီးတော့ အန်တီစောစောက ပြောဖြစ်လားတော့မသိဘူး၊ ထွက်လာတဲ့အချိန်မှာ ဆက်သွယ်ရေး ကဏ္ဍက ပိုပြီးတော့ ကျယ်ပြန့်လာတယ်၊ ဆဲလ်ဖုန်းလေးတွေပေါ့နော် လူတိုင်းမှာရှိတယ်၊ အဲဒီတော့ သတင်းတွေဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်လို့၊ အဲဒီအရေးကြီးတာကို မမေ့ပါနဲ့လို့၊ ကိုယ်ဟာ အရေးကြီးတဲ့နေရာမှာရှိနေပါတယ်၊ ဒါကြောင့်မလို့ အဲဒီနေရာမှာ မှန်မှန်ကန်ကန်နဲ့ အန်တီတို့ အများစု ကောင်းကျိုးအတွက် လုပ်ပေးပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ တာဝန်သိတဲ့ စိတ်နဲ့ လုပ်သင့်ပါတယ်။

HIV/ AIDS ဝေသနာရှင်များထံ အာဏာပိုင်းများက ဖိအားပေး

HIV/AIDS နှင့် နေထိုင်နေသူ ၁ဝဝ ကျော်ကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ သဖြင့် အာဏာပိုင်များဘက်မှာ ဝေဒနာရှင်များထံ ၂၈ ရက်နေ့ နောက်ဆုံးထား ဧည့်စာရင်းတိုင်ကြားရန် ဖိအားပေး အကြောင်းကြား ခဲ့ကြောင်း သိရသည်။

NLD လူမှုအထောက်အကူပြုအဖွဲ့က ထောက်ပံ့ကာ ပါတီဗဟိုဦးစီးကော်မတီဝင် မဖြူဖြူသင်းနှင့် လူငယ်များ ဦးဆောင်ကာ တည်ထောင်ထားသည့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ HIV/AIDS ကယ်ဆယ်ရေးစင်တာရှိ ဦးရေ ၁ဝဝ ကျော်ကို ယနေ့ နေ့လည် ပိုင်းက အာဏာပိုင်များက ၂၈ ရက်နေ့ နောက်ဆုံးထား ဧည့်စာရင်းတိုင်ကြားရန် အကြောင်းကြားခဲ့ပြီးနောက် ဧည့်စာရင်းတိုင်းကြားမှု မရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားဖြစ်ကြောင်း လာရောက်ပြောခဲ့ကြောင်း သိရသည်။

ဒုတိယပင်လုံကို ခေတ်မီဆက်သွယ်ရေးဖြင့် ဒေါ်စု ဆွေးနွေးလို

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ တိုင်းရင်းသားများအကြား ခိုင်မာသော သဘောတူညီမှု တည်ဆောက်နိုင်ရေး အတွက် အစည်းအဝေးတရပ်ကို ခေတ်မီ ဆက်သွယ်ရေးသုံး၍ ပြည်တွင်းပြည်ပ အင်အားစုများအကြား ပြုလုပ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်ဟု တိုင်းရင်းသားပါတီ ခေါင်းဆောင်များက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ခေါင်းဆောင် ၅ ဦးနှင့် ၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ခေါင်းဆောင် ၇ ဦးက အန်အယ်ဒီ ရုံးချုပ်၌ ယမန်နေ့တွင် ဆွေးနွေးပွဲကျင်းပရာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဒုတိယ ပင်လုံ ညီလာခံ ကျင်းပရေး သဘောတူခဲ့ပြီး၊ အနှောင့်အယှက် ကင်းစေရန် ခေတ်မီ ဆက်သွယ်ရေး နည်းပညာ အသုံးပြုလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အစည်းအဝေး ခေါ်တာတောင် ခွင့်ပြုချက်တွေ တောင်းရတယ်ဆိုတော့ အဲဒါမျိုးတွေ မလိုဘဲနဲ့ ခေတ်မီပညာတွေနဲ့ အခု အမေရိကန်မှာရှိတဲ့ သူတွေ၊ သြစတြေးလျမှာရှိတဲ့ သူတွေနဲ့ မြန်မာပြည်မှာရှိတဲ့ သူတွေ တနေရာမှာ ထိုင်ပြီးတော့၊ ဆက်သွယ်ပြီးတော့ ညီလာခံလုပ်လို့ ရတဲ့ပုံစံမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုး ပြောတယ်” ဟု ဇိုမီးအမျိုးသား ကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သမားရိုးကျ အခမ်းအနားဖြင့် စုဝေးကျင်းပလျှင် စစ်အစိုးရက တားမြစ်မည့်အရေးကို ကျော်လွှားရန်နှင့် အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန်အတွက် ဆက်သွယ်ရေးစနစ်သုံး စည်းဝေးလိုနေကြခြင်း ဖြစ်သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ဥက္ကဋ္ဌ ဦးသာဘန်းက “ မီဒီယာလောကရဲ့ တိုးတက်လာတဲ့ အနေအထားအရ ခင်ဗျားတို့ လုပ်နေကြတဲ့ တိုက်ရိုက်လွှင့်နေတဲ့ ပုံစံမျိုးပေါ့။ ” ဟု ပြောဆိုသည်။

မည်သည့် ဆက်သွယ်ရေး နည်းလမ်းကို အသုံးပြုမည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း လူမှုဆက်သွယ်ရေး ကွန်ယက် twitter ကို အသုံးပြုလိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အချုပ်မှ မလွတ်မီ သူမ၏ ရှေ့နေမှတဆင့် ပြောကြားဖူးသည်။

သို့သော်လည်း ထောင်တွင်းအကျဉ်းချခံခဲ့ရသော နိုင်ငံရေး ခေါင်းဆောင်အများစုမှာ အင်တာနက်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။

“ကွန်ပြူတာဆိုကလည်း သူတို့တတွေ ထောင်ထဲရောက်နေကြတဲ့ အချိန်မှာ ပေါ်တာဆိုတော့ အင်တာနက်တို့၊ အီးမေးတို့ ဖေ့စ်ဘွတ်တို့၊ တွစ်တာတို့ဆိုတာတွေကို သူတို့အနေနဲ့ မသိဘူး။ အဲဒီကိစ္စတွေကတော့ အများဆုံး ဆုံးဖြတ်မှာက ဒေါ်စုဖြစ်မယ် ထင်ပါတယ်” ဟု အန်အယ်ဒီ သတင်းရပ်ကွက်တခုက ပြောသည်။

ယမန်နေ့ အစည်းအဝေးသို့ အန်အယ်ဒီမှ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်းနှင့် ဦးလှဖေ၊ ဇိုမီးအမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်၊ ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD မှ ဦးထောင်ကိုထန်း၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငွေသိမ်း၊ နိုင်ထွန်းသိမ်း၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ဦးရွှေကြိုး၊ ဦးစိုင်းတင်လှိုင်နှင့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD မှ ဦးသာဘန်းတို့က ယနေ့ နေ့လည် ၁ နာရီမှစ၍ မိနစ် ၃ဝ ကြာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၂၄ ရက်နေ့တွင် ZNC ထူထောင်သည့် ၂၂ နှစ်မြောက် အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့၌ ကျင်းပရာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့သည်။

အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်၊ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ မွန်အမျိုးသားခေါင်းဆောင် နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်းနှင့် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်၊ ဦးအုန်းမောင်၊ ဦးညွန့်သိန်းနှင့် ကျောင်းသားလူငယ် ခေါင်းဆောင်များ အပါအဝင် လူဦးရေ ၅ဝ ကျော်က သဘောတူလက်မှတ် ရေးထိုးခဲ့သည်။

ပြည်မနှင့်တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့တွင် စည်းဝေးခဲ့ကြရာက ပင်လုံညီလာခံဟု ခေါ်တွင်ခဲ့သည်။ သို့သော်လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီး သဘောတူညီမှုပျက်ပြားကာ ပြည်တွင်းစစ် ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အပစ်ခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးရပြီဟု ပြောလေ့ရှိသော်လည်း တိုင်းရင်းသား အဖွဲ့များက နိုင်ငံရေး သဘောတူညီချက် မပါကြောင်း ငြင်းဆိုထားကြသည်။

ခန့်မှန်းခြေ စုစုပေါင်း ၄ သောင်းဝန်းကျင်ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အင်အားကို ကာကွယ်ရေး ဦးစီးချုပ်အောက် သွတ်သွင်းမည့် နယ်ခြားစောင့်တပ်အဖြစ် မပြောင်းလဲသေးနိုင်သလို၊ အပစ်ခတ်မရပ်ဘဲ ဆက်လက်တိုက်နေသော တိုင်းရင်းသားအဖွဲ့များလည်း ရှိနေသေးသည်။

Tuesday, November 16, 2010

“ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား”

မင်းသွေးသစ်
၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ

မကြာမီ ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲအပေါ် ကျောင်းသားလူ ငယ်တွေအနေနဲ့ ဘယ်လိုသဘောထား ပါ သလဲဟု မီဒီယာနှင့် အင်တာဗျူးတစ်ခုမှာ သတင်းထောက် တစ်ဦးက ကျွန်တော့်ကို မေးပါသည်။

“ကျွန်တော်တို့ ပြည်တွင်းမှာ ကြုံတွေ့ နေရတဲ့ မျက်မြင်အခြေအနေအရ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဒီမိုကရေစီ စနစ်ထွန်းကားစေဖို့ အပြောင်းအလဲ တစ်ခုလို့ မမြင်ပါဘူး။ စစ်အစိုးရအနေနဲ့ တကယ်အပြောင်းအလဲ ဖြစ်စေချင်ရင်၊ ဒီမိုကရေစီစနစ်ဆီကို တကယ်သွားချင်ရင် လုပ်ရမယ့်လုပ်ငန်းစဉ်တွေကတော့ ပထမဆုံးလုပ်ရမှာက နိုဝင်ဘာ (၇) ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမဟုတ်ပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များနဲ့ စစ်အစိုးရ တာဝန်ရှိသူတွေ တစ်စားပွဲထဲ ထိုင်တွေ့ဆုံဆွေးနွေးပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပြည်သူမကြိုက်တဲ့ အချက်တွေ၊ ဥပမာအားဖြင့် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် နာမည်စာရင်းနဲ့ ခန့်အပ်တဲ့ စစ်တပ် ကိုယ်စားလှယ် (၂၅%) က လွှတ်တော်အသီးသီးမှာ ပါဝင်တယ်ဆိုတဲ့ အချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေပါ အချက်အချို့ကို ညှိနှိုင်း ပြင်ဆင်ပေးရပါမယ်။ အဲဒီလုပ်ငန်းစဉ် ပြီးဆုံးပြီး နောက်မှ (၆) လ သို့မဟုတ် တစ်နှစ်အတွင်းမှာ အားလုံးပါဝင်တဲ့ ရွေးကောက် ပွဲကို ကျင်းပ ပေးသင့်ပါတယ်။


အတိုက်အခံ ခေါင်းဆောင်တွေ အတိုက်အခံ ပါတီ မပါပဲနဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲဆိုတာဟာ ဘယ်လိုမှ အဓိပ္ပါယ် ရှိမလာနိုင် ပါဘူး။ ကိုယ့်ဖဲကိုယ်ချိုးပြီး ကိုယ့်ဟာကိုယ် ပြန်နိုင်အောင် လုပ်နေတဲ့ လုပ်ပွဲကြီးပဲ ဖြစ်လာမှာပါ” လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒီသဘောထားဟာ ကျွန်တော့် တစ်ယောက်ထဲရဲ့ သဘောထား မဟုတ်ပဲ ယနေ့ မြန်မာနိုင်ငံ စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့၊ ဒီမိုကရေစီစနစ် ထွန်းကားလာဖို့ ကြိုးစားနေကြတဲ့ ကျောင်းသားလူငယ်ထုရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ ဒါဟာ ရှုပ်ထွေး ပွေလီလှတဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေးလမ်းကြောင်းတွေထဲက ကျွန်တော်တို့ ကျောင်းသား လူငယ်ထု လျှောက်လှမ်းနေတဲ့ အရိုးရှင်း ဆုံး လမ်းကြောင်းလဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ လပိုင်းအတွင်းမှာလဲ ပဲ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတွေက လွှတ်တော်ထဲ ရောက်ရင် ပြည်သူမကြိုက်တဲ့ ဥပဒေတွေကို ပြင်ပေးပါ့မယ်ဆိုတဲ့ အာမခံချက်နဲ့ လူထုဆီက မဲရအောင် စည်းရုံးနေတာကို တွေ့ မြင် ကြားသိ နေရပါတယ်။

ထိုပါတီဝင်များနဲ့ ပါတီ ခေါင်းဆောင်များအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေသေချာချာ နားမလည်၍ပဲလား၊ နားလည် လျက်နှင့် လုပ်လို့ရနိုးဆိုတဲ့ အတွေးနဲ့ လူထုကို ယခုလို ပြောဆို စည်းရုံးနေခြင်းပဲလား ဆိုတာကတော့ ကာယကံရှင်များ ကိုယ်တိုင်ပဲ သိနိုင်ကြပါလိမ့်မည်။ ကျွန်တော် ၀ါရင့်နိုင်ငံရေးသမားကြီးမဟုတ်ပါ။ သို့သော် ဘာကောင်မှ မဟုတ်သည့် ကျွန်တော်၏ ဖြုတ်ဦးနှောက်လေးကပင် အကယ်၍ ရွေးကောက်ပွဲ ပြီးဆုံးပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေများကို ကြိုတင်သိမြင်နေခဲ့ပြီး ဖြစ်ပါသည်။

တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အများဆုံးတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်လောက်အောင် ဘဏ္ဏာရေး အခြေအနေ ကောင်းမွန်သော ကြံ့ဖွတ် ပါတီသည် စစ်အစိုးရ၏ ဥပဒေအရ ယှဉ်ပြိုင်ဖက် မရှိသည့် မဲဆန္ဒနယ်များတွင် မဲတစ်မဲရရှိရုံနှင့်ပင် လွှတ်တော်ထဲ ရောက်လာပါ လိမ့်မည်။

ကာကွယ်ရေး ဦးစီးချုပ်၏ နာမည်စာရင်းဖြင့် တိုက်ရိုက်ခန့် အပ်မည့် စစ်တပ်ကိုယ်စားလှယ် (၂၅%)၊ ၄င်းနောက် စစ်အစိုးရ လက်သပ် မွေးမြူထားသော (၈၈) ကျောင်းသားအတုများနှင့် စစ်တပ်လက်ဝေခံ ဟိုပါတီ၊ ဒီပါတီများ၊ ထိုအဖွဲ့များ အားလုံးပေါင်း လိုက်သောအခါ လွှတ်တော်တစ်ရပ်လုံး၏ (၇၅%) နီးပါး ဖြစ်လာပါလိမ့်မည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြေခံဥပဒေ အချက်များအား ပြင်ဆင် လိုပါလျှင် လွှတ်တော်တစ်ရပ်လုံး၏ (၇၅%) ကျော် ထောက်ခံမဲရရှိမှ ပြင်ဆင်နိုင်ပါမည်။

မိမိတို့ ကိုယ်မိမိတို့ ဒီမိုကရက်များဟု ခံယူထားသော၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများအနေဖြင့် ပြည်သူမကြိုက်သော ဥပဒေများကို လွှတ်တော်ရောက်လျှင် ပြင်ဆင်၍ရကောင်းရနိုင်သည်ဟု အထင်ရှိပါလျှင် မည်သည့်နည်းဖြင့် ပြင်ဆင်ပေးပါမည်လဲ။ သန်းငါးဆယ်ကျော် မြန်မာပြည်သူများကိုယ်စား ရိုးသားစွာ ကျွန်တော် သိလိုပါသည်။ မိမိတို့ အာဏာရရှိရေးနှင့် မြန်မာပြည်၏ အနာဂါတ်မလဲကြဖို့သာ မေတ္တာရပ်ခံချင်ပါသည်။ လူထုအား လမ်းကြောင်းမှားများ အတွေးအခေါ်မှားများ မပေးသင့်ပါ။

ပြည်သူများအနေဖြင့် ၁၉၈၈ အရေးတော်ပုံကြီးကို ပြန်လည်သတိရကြဖို့ လိုပါသည်။ ဗိုလ်နေ၀င်း၏ မဆလအစိုးရအား လွှတ်တော်ထဲ က ဖြုတ်ချနိုင်ခြင်းမဟုတ်ပဲ လမ်းမများပေါ်က ပြည်သူလူထု၏ တောင်းဆိုဆန္ဒပြမှုများကသာ ဖြုတ်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်းကို ပြန်လည်သတိရကြ စေလိုပါသည်။ ပြည်သူ့အား ကို မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အစိုးရကမှ မယှဉ်နိုင်ပါ။

ထို့ကြောင့်မြန်မာပြည်သူများသည် လွတ်တော်တွင်းမှ တဆင့် ပြောင်းလဲပါမည်ဟူသော ပါတီများကို၎င်း၊ ဇာတ်သိမ်းခန်း ကြိုတင် သိမြင်နေရသော၂၀၁၀ ရွေးကောက်ပွဲ တခန်းရပ်ပြဇာတ်ကို၎င်း၊ ၂၀၀၈ စစ်အခြေခံ ဥပဒေကို၎င်း လူထုအုံကြွမှုဖြင့် ဆန့်ကျင် သပိတ်မှောက်သွားကြရန် နည်းလမ်း တလမ်းသာ ရှိပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျောင်းသား လူငယ်ထုက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်နေခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဖြစ်ခြင်းကြောင့်မဟုတ်ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံကို လက်ခံ၍ မရခြင်းကြောင့်သာ ဖြစ်ကြောင်း သဘောပေါက် နားလည်ဖို့ လိုပါသည်။

မည်သို့ပင် ဖြစ်စေ မြန်မာပြည် ရွေးကောက်ပွဲက ပြဿနာပေါင်းစုံ၊ ကန့်ကွက် သံပေါင်းစုံဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲဝင် ပါတီများ ကျောချခံရ၍ ဓါးပြမှန်း သိသွားကြပြီ။ ပြည်သူတို့ အလိမ်ခံလိုက်ရကြောင်း သဘောပေါက် သွားကြပြီ။

ဤရွေးကောက်ပွဲရလဒ်ထွက်လာလျှင ကြံ့ဖွတ်ပါတီပဲ နိုင်ပါလိမ့်ဦးမည်။ ကြံ့ဖွတ် ပါတီဦးဆောင်သော စစ်တပ်လက်ဝေခံ ပါတီများပါဝင်သော လွှတ်တော်ပေါ်လာလျှင်လဲ မည့်သို့မျှ ထူးမလာနိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မည်သည့် အခြေ အနေမှန်း သေသေချာချာ မသိရသော နိုင်ငံတော်၏ အရေးပေါ်အခြေအနေတွင် စစ်တပ်အာဏာ သိမ်းခွင့်ကို တရားဝင် ပေးထား ပါသည်။ နိုင်ငံတော်တွင် ပြဿနာ တစ်ရပ်ရပ်ကြုံလာပါက ဖြေရှင်းမည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် အရပ်သား အစိုးရထံမှ စစ်တပ်က အာဏာပြန်သိမ်းပါမည်။ ကျေနပ်လောက်အောင် အုပ်ချုပ်အပြီးတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးပါလိမ့်မည်။ ပါတီအများရွေးကောက်ပွဲ ၀င်ကြပါမည်။ ပြည်သူများ မဲပေးကြရပါဦးမည်။ဤသို့ဖြင့် မြန်မာ့နိုင်ငံရေးသည် စစ်အုပ်ချုပ်ရေးယန္တရား သံသရာအတွင်း ရုန်းမထွက်နိုင်ပဲ ရှိနေပါဦးမည်။ အိမ်နီးခြင်း နိုင်ငံများအလည် ဆင်းရဲနိမ့်ကျ နေပါဦးမည်။

ကျွန်တော်တို့ အနေဖြင့် ရွေးကောက်ပွဲ ပြီးစီး ဖြစ်မြောက်ခြင်းနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ကိုခွဲခြား သိမြင်ဖို့ လိုအပ်ပါသည်။ ဤနှစ်ခုကို နိုင်ငံတကာ၏ တုံ့ပြန်ပုံ အဆင့်အတန်းခြင်း မတူညီနိုင်ပါ။ အားလုံး ပါဝင်မှု မရှိသော ရွေးကောက်ပွဲသည် မည်သည့်အခါမှ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ဖြစ်မလာနိုင်ပါ။ အမျိုးသားစည်းလုံးညီညွတ်မှု မရှိသရွေ့ တိုင်းပြည် မတိုးတက်နိုင် ပါ။ နယ်စပ် ဒေသစစ်မီးများ မငြိမ်းနိုင်ပါ။

ဤသဘောတရားများကို လက်ရှိအုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်ကြီးများ သဘောပေါက် လက်ခံစေချင်ပါသည်။ နိုင်ငံတော်၏ လမ်းမများပေါ်တွင် သံဃာ့သွေး၊ ပြည်သူ့သွေး၊ ကျောင်းသားသွေးများ ထပ်မံ မစွန်းထင်းစေချင်တော့ပါ။ ရာဇ၀တ်သားများသာ ရှိနေ သင့်သော ထောင်များအတွင်းတွင် သံဃာများ၊ လူထုခေါင်းဆောင်များ၊ ပညာတတ် နိုင်ငံရေးသမားများ ရှိမနေစေချင်တော့ပါ။ ပြည်သူ့ရင်သွေး ကျောင်းသား လူငယ်များက အမိမြန်မာပြည်ကြီး မတရားမှုများ ချုပ်ငြိမ်းသွားပြီး ငြိမ်းချမ်း သာယာစွာ ဖွံ့ဖြိုး တိုးတက်စေရန် ဆန္ဒပြု တင်ပြခြင်း ဖြစ်ပါသည်။

နိဂုံးချုပ် အနေဖြင့် ပန်ကြားလိုသည်မှာ စစ်တပ်အကြီးအကဲ ဗိုလ်သန်းရွှေ အနေဖြင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ပြီး နိုင်ငံတော်နှင့် မြန်မာပြည်သူများအတွက် ခိုင်မာသော လမ်းစဉ်အား ရွေးချယ်ပေးပါရန် ထပ်လောင်း ပြောကြားလိုပါသည်။ တဖတ်သတ် ရွေးကောက်ပွဲကြောင့် ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင်လာပါက သမိုင်းတရားခံအဖြစ် လူထု၏ ဒါဏ်ခတ်ခြင်းကို မလွဲမသွေ ခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ကျောင်းသား လူငယ်ထုက သတိပေး လိုက်သည်။

Monday, November 15, 2010

ပါတီရပ်တည်ခွင့် အမှုအတွက် ဒေါ်စု ကျမ်းကျိန်ရမည်

မြင့်မောင်
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၀ ခုနှစ်။

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ စစ်အစိုးရ အပေါ် တရားစွဲဆိုသည့် အမှုအတွက် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန် နေ့လည် ၁၂ နာရီ၌ ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ် တွင် ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်သည်။

ပါတီဆက်လက်ရပ်တည်ခွင့် ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများမှတဆင့် ရန်ကုန် တိုင်း ဗဟိုတရားရုံးချုပ်သို့ ပြီးခဲ့သည့်လ ၅ ရက်နေ့တွင် တရားဆွဲဆို လျှောက်ထားခဲ့ရာ တရားရုံးက လက်ခံခဲ့ သဖြင့် ယင်းအမှုအတွက် တရားစွဲဆိုသူအနေဖြင့် မနက်ဖြန် ကျမ်းကျိန်ရမည်ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောဆို ခြင်း ဖြစ်သည်။

“မနက်ဖြန် ၁၂ နာရီမှာ ကျမ်းကျိန်းလွှာကို ဒေါ်စုလာပြီး ဗဟိုတရားရုံးချုပ်မှာ လုပ်ပေးမယ်။ အခု ကျနော် ကျမ်းကျိန်လွှာကို အခု ကျနော် ရေး နေတယ်။ ကျနော်တို့ နေပြည်တော်မှာ ဆွဲတဲ့ အမှုက ဆွဲတဲ့ ပုဂ္ဂိုလ်က ကျမ်းကျိန်လွှာလေးပေးရမယ်။ ဟိုတပတ်က ကျနော်တို့ တရားရုံးက ကျမ်းကျိန်လွှာမပါလို့ လက်မှတ်ထိုး မပေး ဘူးလေ။စာရေးမက ကျမ လက်မှတ်ထိုး မပေးနိုင်ဘူး ဆိုတာဖြစ်တယ်။ အခုတော့ ဒေါ်စု ကိုယ်တိုင်ထွက်လာပြီး ဆိုတော့ မနက်ဖြန်ကို အဲဒီအတွက် တရားရုံးမှာ တင်ပြမှာပါ” ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ ပါတီကို မှတ်ပုံပြန်မတင်လျှင် ပျက်ပြယ်ဟု ဆိုထားရာ ပြန်လည် မှတ်ပုံမတင်ခဲ့သည့် NLD က ရပ်တည်ခွင့်ရရန် လျှောက်ထားရာမှ စွဲချက်တင်သင့် မတင်သင့်အတွက် တရားရုံး ဆုံးဖြတ်ချက် ခံယူရန် ဦးဥာဏ်ဝင်းနှင့် ဦးကျော်ဟိုး စသည့် ရှေ့နေများက လျှောက်လဲ မည်ဖြစ်သည်။

ယခုမှ စတင်တရားစွဲဆိုရန် ပြင်ဆင်နေသည့် အမှုအတွက် အမှုကို လက်ခံသင့် မခံသင့် လျှောက်လဲစေခြင်းသည် လုပ်ရိုးလုပ်စဉ် မရှိ သည့် ဆောင်ရွက်ချက်ဟု ဦးကြည်ဝင်းက ပြောသည်။

“မူလအမှုကို လက်ခံသင့်မသင့်ဆိုတာက လုပ်ရိုး ထုံစံမရှိဘူး။ လုပ်ရိုး ထုံးစံ မရှိဘူးဆိုတာ ဘာဖြစ်လို့လည်း ဆိုတော့ မူလအမှု ဖြစ်တယ်။ အယူခံတို့ ၊ ပြင်ဆင်မှုတို့ ဖြစ်ရင် လက်ခံသင့် မသင့်ဆိုတာ လုပ်ပါတယ်။ အောက်ရုံးမှာ ဆုံးဖြတ်ပြီးလို့ တဆင့်ထပ်တက်တာဆိုရင် အဲဒီလို့ လုပ်လို့ ရပါတယ်။ အခုဟာက ကျနော်တို့ တင်တာက မူလ အမှုဖြစ်တယ်။ မူလအမှုဆိုတော့ သက်သေတွေ ၊ ဘာတွေ ဖော်ပြ ထား တယ်။တကယ်တော့ အဲဒီမှာ စစ်ရမယ်။ ကျနော်တို့ မစစ်ပဲနဲ့ ပယ်ရင်တော့ ဥပဒေက မည်သို့ပင် ဆိုစေကာမှုဆိုတဲ့ သဘောမျိုး ဖြစ်သွားမယ်” ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီဆက်လက်ရပ်တည်ခွင့်ရရှိရေးအတွက် သူမ၏ ရှေ့နေများမှတဆင့် ရန်ကုန်တိုင်း တရားရုံးချုပ်သို့ အောက်တိုဘာလ ၅ ရက်နေ့တွင် တရားဆွဲဆို လျှောက်ထားရာ ၎င်းအမှုကို လက်ခံသင့် မသင့်ကို နေပြည်တော် တရားရုံးချုပ်၌ ယခုလ ၁၈ ရက်နေ့တွင် ရှေ့နေများ လျှောက်လဲရမည်ဟု သောကြာနေ့ က တွင် ဗဟိုတရားရုံးက ကျေညာခဲ့ပြီးနောက် ယခုလို ပြောဆိုခြင်း ဖြစ်သည်။

၁၉၉၀ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃ သာမက နဝတ ကြေညာချက်အမှတ် ၁/၉ဝ၊ အပိုဒ် ၁၂တွင် ရွေးကောက်ခံ လွှတ်တော် အမတ် များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းရမည်ဟု ဆိုသည်။ NLDက ၈ဝ ရာခိုင်နှုန်း ကျော် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များက ယနေ့ထိ လွှတ်တော် ခေါ်မပေးခဲ့ပါ။

ဦးကြည်ဝင်းက“၉ဝ ရွေးကောက်ပွဲကြီး လုပ်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ နဝတ အစိုးရက အသိအမှတ်ပြုသလို သိက္ခာရှိတဲ့ ကော်မရှင်လူကြီးတွေကလည်း အဲဒီအတိုင်း ကြေညာခဲ့တယ်။ ပြည်ပ နိုင်ငံတွေ က ဒီလိုပဲ မှတ်တမ်းတင်ထားတယ်။ ဘာမှ အကျိုးအကြောင်းမပြဘဲ လွှတ်တော်ကို ခေါ်မပေးဘူး။ သမိုင်းမှာ ဘယ်ကောင်းမလဲ။ ကျနော်တို့က ဥပဒေစိုးမိုးရေးအတွက် ပြောတာပါ။ ဗမာ့ရွေးကောက်ပွဲ သမိုင်းမကောင်းမှာ စိုးလို့ လုပ်တာပါ” ဟု ပြောသည်။

တရားဝင် ရပ်တည်မှုကို ပျက်ပြယ်စေမည့် ဥပဒေ ပါရှိသဖြင့် ဧပြီလ ၂၉ ရက်နေ့တွင် စစ်အစိုးရကို တရားစွဲရန် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ရန်ကုန်တိုင်းအဆင့် တရားရုံးချုပ်သို့ လျှောက်ထားရာ ပယ်ချခံခဲ့ရသေးသည်။

၁၉၈၈-၈၉ခုနှစ်တွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်အရ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ ရွေးကောက် တင်မြောက်ခံရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

ဦးကြည်ဝင်းက“န၀တအနေနဲ့ လုပ်ပေးမယ်ဆိုပြီး မလုပ်ဘဲ ပျက်ကွက်ခဲ့တာ။ ၁၉၇၃ စကားရပ်များ အဓိပ္ပာယ် များ ဖွင့်ဆိုချက် ဥပဒေ ရှိတယ်။ ပုဒ်မ ၁၄ ပြဋ္ဌာန်းချက်မှာ ပုဒ်မခွဲ က ၊ခ၊ ဂ၊ ဃ ဆိုပြီးတော့ ၄ ခု ရှိတယ်။ ဒီ ၄ ခု ကို ဖတ်ရင် ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို သူဟာနဲ့သူ ဟိုတုန်းက ကြိုးစားပမ်းစား လုပ်လာခဲ့တဲ့ ရပြီးသား အခွင့်အရေး၊ ခံစားခွင့်တွေကို နောက်ဥပဒေကြောင့်မို့ ဆုံးရှုံးမှု မဖြစ် စေရ၊ မထိခိုက်စေရဘူး။ ဒီတော့ကာ အန်အယ်ဒီရဲ့ ရလဒ်တွေက သဲထဲရေသွန် မဖြစ်စေရ၊ မထိခိုက်ရဘူး။ ဒါကြောင့် အဲဒီပြဋ္ဌာန်းချက် တွေနဲ့အညီ၊ ဥပဒေ စိုးမိုးရေး အားကိုးအားထား လုပ်ပြီး စွဲခဲ့တာ” ဟု ပြောသည်။

ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်မှတ်ပုံမတင် သဖြင့် NLD အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခု တရားဝင် ရပ်တည်ခွင့် ပျက်ပြယ်သည်ဟု လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။