Monday, November 15, 2010

ပါတီရပ်တည်ခွင့် အမှုအတွက် ဒေါ်စု ကျမ်းကျိန်ရမည်

မြင့်မောင်
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၀ ခုနှစ်။

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ စစ်အစိုးရ အပေါ် တရားစွဲဆိုသည့် အမှုအတွက် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန် နေ့လည် ၁၂ နာရီ၌ ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ် တွင် ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်သည်။

ပါတီဆက်လက်ရပ်တည်ခွင့် ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများမှတဆင့် ရန်ကုန် တိုင်း ဗဟိုတရားရုံးချုပ်သို့ ပြီးခဲ့သည့်လ ၅ ရက်နေ့တွင် တရားဆွဲဆို လျှောက်ထားခဲ့ရာ တရားရုံးက လက်ခံခဲ့ သဖြင့် ယင်းအမှုအတွက် တရားစွဲဆိုသူအနေဖြင့် မနက်ဖြန် ကျမ်းကျိန်ရမည်ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောဆို ခြင်း ဖြစ်သည်။

“မနက်ဖြန် ၁၂ နာရီမှာ ကျမ်းကျိန်းလွှာကို ဒေါ်စုလာပြီး ဗဟိုတရားရုံးချုပ်မှာ လုပ်ပေးမယ်။ အခု ကျနော် ကျမ်းကျိန်လွှာကို အခု ကျနော် ရေး နေတယ်။ ကျနော်တို့ နေပြည်တော်မှာ ဆွဲတဲ့ အမှုက ဆွဲတဲ့ ပုဂ္ဂိုလ်က ကျမ်းကျိန်လွှာလေးပေးရမယ်။ ဟိုတပတ်က ကျနော်တို့ တရားရုံးက ကျမ်းကျိန်လွှာမပါလို့ လက်မှတ်ထိုး မပေး ဘူးလေ။စာရေးမက ကျမ လက်မှတ်ထိုး မပေးနိုင်ဘူး ဆိုတာဖြစ်တယ်။ အခုတော့ ဒေါ်စု ကိုယ်တိုင်ထွက်လာပြီး ဆိုတော့ မနက်ဖြန်ကို အဲဒီအတွက် တရားရုံးမှာ တင်ပြမှာပါ” ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ ပါတီကို မှတ်ပုံပြန်မတင်လျှင် ပျက်ပြယ်ဟု ဆိုထားရာ ပြန်လည် မှတ်ပုံမတင်ခဲ့သည့် NLD က ရပ်တည်ခွင့်ရရန် လျှောက်ထားရာမှ စွဲချက်တင်သင့် မတင်သင့်အတွက် တရားရုံး ဆုံးဖြတ်ချက် ခံယူရန် ဦးဥာဏ်ဝင်းနှင့် ဦးကျော်ဟိုး စသည့် ရှေ့နေများက လျှောက်လဲ မည်ဖြစ်သည်။

ယခုမှ စတင်တရားစွဲဆိုရန် ပြင်ဆင်နေသည့် အမှုအတွက် အမှုကို လက်ခံသင့် မခံသင့် လျှောက်လဲစေခြင်းသည် လုပ်ရိုးလုပ်စဉ် မရှိ သည့် ဆောင်ရွက်ချက်ဟု ဦးကြည်ဝင်းက ပြောသည်။

“မူလအမှုကို လက်ခံသင့်မသင့်ဆိုတာက လုပ်ရိုး ထုံစံမရှိဘူး။ လုပ်ရိုး ထုံးစံ မရှိဘူးဆိုတာ ဘာဖြစ်လို့လည်း ဆိုတော့ မူလအမှု ဖြစ်တယ်။ အယူခံတို့ ၊ ပြင်ဆင်မှုတို့ ဖြစ်ရင် လက်ခံသင့် မသင့်ဆိုတာ လုပ်ပါတယ်။ အောက်ရုံးမှာ ဆုံးဖြတ်ပြီးလို့ တဆင့်ထပ်တက်တာဆိုရင် အဲဒီလို့ လုပ်လို့ ရပါတယ်။ အခုဟာက ကျနော်တို့ တင်တာက မူလ အမှုဖြစ်တယ်။ မူလအမှုဆိုတော့ သက်သေတွေ ၊ ဘာတွေ ဖော်ပြ ထား တယ်။တကယ်တော့ အဲဒီမှာ စစ်ရမယ်။ ကျနော်တို့ မစစ်ပဲနဲ့ ပယ်ရင်တော့ ဥပဒေက မည်သို့ပင် ဆိုစေကာမှုဆိုတဲ့ သဘောမျိုး ဖြစ်သွားမယ်” ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီဆက်လက်ရပ်တည်ခွင့်ရရှိရေးအတွက် သူမ၏ ရှေ့နေများမှတဆင့် ရန်ကုန်တိုင်း တရားရုံးချုပ်သို့ အောက်တိုဘာလ ၅ ရက်နေ့တွင် တရားဆွဲဆို လျှောက်ထားရာ ၎င်းအမှုကို လက်ခံသင့် မသင့်ကို နေပြည်တော် တရားရုံးချုပ်၌ ယခုလ ၁၈ ရက်နေ့တွင် ရှေ့နေများ လျှောက်လဲရမည်ဟု သောကြာနေ့ က တွင် ဗဟိုတရားရုံးက ကျေညာခဲ့ပြီးနောက် ယခုလို ပြောဆိုခြင်း ဖြစ်သည်။

၁၉၉၀ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃ သာမက နဝတ ကြေညာချက်အမှတ် ၁/၉ဝ၊ အပိုဒ် ၁၂တွင် ရွေးကောက်ခံ လွှတ်တော် အမတ် များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းရမည်ဟု ဆိုသည်။ NLDက ၈ဝ ရာခိုင်နှုန်း ကျော် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များက ယနေ့ထိ လွှတ်တော် ခေါ်မပေးခဲ့ပါ။

ဦးကြည်ဝင်းက“၉ဝ ရွေးကောက်ပွဲကြီး လုပ်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ နဝတ အစိုးရက အသိအမှတ်ပြုသလို သိက္ခာရှိတဲ့ ကော်မရှင်လူကြီးတွေကလည်း အဲဒီအတိုင်း ကြေညာခဲ့တယ်။ ပြည်ပ နိုင်ငံတွေ က ဒီလိုပဲ မှတ်တမ်းတင်ထားတယ်။ ဘာမှ အကျိုးအကြောင်းမပြဘဲ လွှတ်တော်ကို ခေါ်မပေးဘူး။ သမိုင်းမှာ ဘယ်ကောင်းမလဲ။ ကျနော်တို့က ဥပဒေစိုးမိုးရေးအတွက် ပြောတာပါ။ ဗမာ့ရွေးကောက်ပွဲ သမိုင်းမကောင်းမှာ စိုးလို့ လုပ်တာပါ” ဟု ပြောသည်။

တရားဝင် ရပ်တည်မှုကို ပျက်ပြယ်စေမည့် ဥပဒေ ပါရှိသဖြင့် ဧပြီလ ၂၉ ရက်နေ့တွင် စစ်အစိုးရကို တရားစွဲရန် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ရန်ကုန်တိုင်းအဆင့် တရားရုံးချုပ်သို့ လျှောက်ထားရာ ပယ်ချခံခဲ့ရသေးသည်။

၁၉၈၈-၈၉ခုနှစ်တွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်အရ ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ ရွေးကောက် တင်မြောက်ခံရသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

ဦးကြည်ဝင်းက“န၀တအနေနဲ့ လုပ်ပေးမယ်ဆိုပြီး မလုပ်ဘဲ ပျက်ကွက်ခဲ့တာ။ ၁၉၇၃ စကားရပ်များ အဓိပ္ပာယ် များ ဖွင့်ဆိုချက် ဥပဒေ ရှိတယ်။ ပုဒ်မ ၁၄ ပြဋ္ဌာန်းချက်မှာ ပုဒ်မခွဲ က ၊ခ၊ ဂ၊ ဃ ဆိုပြီးတော့ ၄ ခု ရှိတယ်။ ဒီ ၄ ခု ကို ဖတ်ရင် ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို သူဟာနဲ့သူ ဟိုတုန်းက ကြိုးစားပမ်းစား လုပ်လာခဲ့တဲ့ ရပြီးသား အခွင့်အရေး၊ ခံစားခွင့်တွေကို နောက်ဥပဒေကြောင့်မို့ ဆုံးရှုံးမှု မဖြစ် စေရ၊ မထိခိုက်စေရဘူး။ ဒီတော့ကာ အန်အယ်ဒီရဲ့ ရလဒ်တွေက သဲထဲရေသွန် မဖြစ်စေရ၊ မထိခိုက်ရဘူး။ ဒါကြောင့် အဲဒီပြဋ္ဌာန်းချက် တွေနဲ့အညီ၊ ဥပဒေ စိုးမိုးရေး အားကိုးအားထား လုပ်ပြီး စွဲခဲ့တာ” ဟု ပြောသည်။

ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်မှတ်ပုံမတင် သဖြင့် NLD အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခု တရားဝင် ရပ်တည်ခွင့် ပျက်ပြယ်သည်ဟု လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။

No comments: