Thursday, October 21, 2010

စစ်အစိုးရ အလံသစ် တင်ပြီ

မြင့်မောင် | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိ) ။ ။ နိုင်ငံတော် အလံသစ်တင်ပွဲကို မြို့တော်ဟောင်း ရန်ကုန် အပါအဝင် တတိုင်းပြည်လုံးရှိ အစိုးရဌာနဆိုင်ရာ ရုံးများတွင် ယနေ့ ညနေ ၃ နာရီမှစ၍ လွှင့်တင်လိုက်ပြီဖြစ်သည်။

ရန်ကုန်မြို့တော်ခန်းမ၌ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဦးဆောင်ကာ စည်ပင်ဝန်ထမ်းများရှေ့တွင် လွှင့်တင်ခဲ့သလို၊ အခြားမြို့နယ်များရှိ အစိုးရရုံးဌာနများနှင့် NGO ရုံးများပါမကျန် တပြိုင်တည်း တင်လိုက်ကြခြင်း ဖြစ်သည်။

’’မြို့တော်ခန်းမမှာ နာရီဝက် နောက်ကျပြီး တင်ခဲ့တာဗျ။ ၃ နာရီအတိ မဟုတ်ဘူး။ ဦးအောင်သိန်းလင်း ဦးဆောင်ပြီး ဘင်ခရာတီးဝိုင်းနဲ့ နိုင်ငံတော် သီချင်းဆိုတယ်၊ အလေးပြုခဲ့တယ်။ ဝန်ထမ်းတွေက အဆောက်အဦးနဲ့ အမိုးအောက်တွေကနေ ကြည့်နေခဲ့ကြတယ်’’ ဟု အလံတင်ပွဲသို့ သွားရောက်ခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ’’ဝန်ကြီးများရုံးမှာတော့ အဟောင်းရော၊ အသစ်ပါ ဘာမှ တပ်ထားတာကို မတွေ့ရဘူး။ မြဝတီဘဏ်ရယ်၊ တယက ရယ်၊ မြို့နယ်အသီးသီးက ရုံးတွေရယ်မှာတော့ အလံသစ်တွေ တွေ့ရတယ်ဗျ’’ ဟု ပြောသည်။

အလံဟောင်းများကိုမူ မြို့တော်စည်ပင်နှင့် ဗဟိုမီးသတ်ဌာနတွင် မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။

’’ကျနော်တို့ မီးသတ်မှာတော့ အလံသစ်ကို တင်ပြီးတဲ့အခါ အလံဟောင်းကို မီးရှို့လိုက်တယ်။ ဒါက လူကြီးတွေရဲ့ လမ်းညွှန်ချက်ပါ’’ ဟု ဗဟိုမီးသတ် အရာရှိတဦးက ပြောသည်။

၁၉၇၃ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ အသုံးပြုခဲ့သော အနီရောင်အောက်ခံ၏ လက်ဝဲဘက်အပေါ်ထောင့်တွင် အပြာလေးထောင့်ကွက်၌ အဖြူရောင် ခွေးသွားစိတ်နှင့် စပါးနှံကို အရွယ်တူ ကြယ် ၁၄ လုံး ဝန်းရံနေသော အလံနေရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေအရ သတ်မှတ်ခဲ့သော အထက်မှ အောက်သို့ ဆင့်ထားသော ဝါ၊ စိမ်း၊ နီ အလယ်တွင် ကြယ်ဖြူတလုံးရှိသည့် အလံကို အစားထိုးခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပ ရဲစခန်းတွင် အလံသစ်တင်ပွဲနှင့်ပတ်သက်ပြီး ဒေသခံတဦးက “စစ်အခမ်းအနားနဲ့ အလေးပြုပြီးတော့ အဟောင်းကို ဖြုတ်ချတယ်။ နောက် စစ်အခမ်းအနားနဲ့ အလံသစ်ကို ပြန်တင်တယ်။ ရဲဘော်တယောက်က အလံကို လုံးထွေးပြီးတော့ ယူသွားတာ တွေ့တယ်။ အစအဆုံး ပြုလုပ်တာ တွေ့ခဲ့ရတယ်’’ ဟု ပြောသည်။

ရုံးဝန်ထမ်းများထဲမှ အင်္ဂါသားသမီးများက အလံဟောင်းက ဖြုတ်ချကာ၊ ဗုဒ္ဓဟူးသားသမီးက အလံသစ်ကို လွှင့်တင်ရန် ညွှန်းကြားချက်များဖြင့် အလံကို အတင်အချများ ပြုလုပ်ခဲ့ကြသည်။

“အလံလဲမယ်ဆိုရင် နံနက်ပိုင်း ဖြစ်သင့်တယ်။ အခုဟာက နံနက်ပိုင်း မဟုတ်ဘဲနဲ့ ညနေ ၃ နာရီ ဖြစ်ရမယ်။ အင်္ဂါ သားသမီးကနေ ဖြုတ်ချပြီး၊ ဗုဒ္ဓဟူးနေ့မွေးတဲ့ ဝန်ထမ်းက အလံသစ်ကို လွှင့်တင်ကြရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိနေတဲ့အတွက် ရင်မောဖွယ်ရာ လုပ်ရပ်လို့ပဲ မြင်ပါတယ်။ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ သူတွေက ဗေဒင်ကိန်းခန်းကို သက်ဝင်ယုံကြည်တယ်ဆိုရင် တိုင်းပြည်အတွက် ရင်လေးစရာပါ” ဟု ရန်ကုန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

အလျား ၆ ပေ၊ အနံ ၄ ပေရှိ အလံအရေအတွက် တသန်းအထိ ချုပ်လုပ်မည်ဖြစ်ရာ ယနေ့ အပြီးပေးသွင်းရမည့် တသိန်းခွဲကို တထည်ချုပ်ခ ကျပ် ၆ဝဝ နှုန်းဖြင့် အထည်ချုပ်စက်ရုံများက ပေးပို့ခဲ့ကြရသည်။

ကျန်ရှိသည်များကို အထည်ချုပ်စက်ရုံများက တာဝန်ယူချုပ်လုပ်ရန် တင်ဒါခေါ်ယူပြီး၊ မြောက်ဥက္ကလာပရှိ အမှတ် ၁ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်ချုပ်လုပ်ငန်းအမှတ် ၁၇ ၌ ပိတ်စများ ထုတ်ယူရန် ညွှန်ကြားထားကြောင်း စက်ရုံများနှင့် နီးစပ်သူများ အဆိုအရ သိရသည်။

ပြည်သူများကို ကြိုတင်အသိမပေးဘဲ နိုင်ငံတော်အလံအား ပြောင်းလဲလွှင့်တင်ခြင်းမှာ မဖြစ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီမှ ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏ်စိုးက မဇ္ဈိမကို ပြောသည်။

“ပြည်သူလူထုကို အသိမပေး၊ ကြေညာခြင်း မရှိဘဲနဲ့ အလံလဲတာက ပြည်သူလူထုကို မလေးစားရာ၊ အလေးအနက် မထားရာ ရောက်တယ်လို့ ပြောချင်ပါတယ်” ဟု သူက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေကမူ “ရွေးကောက်ပွဲပြီးတော့ လွှတ်တော်ခေါ်၊ လွှတ်တော်ခေါ်ပြီးမှ ၂ဝဝ၈ ဥပဒေက အတည်ဖြစ်မယ်။ အဲဒီအခါကျမှ အလံတွေ တင်သင့်တာပေါ့။ အခုတင်မယ်ဆိုရင် မမှန်ဘူးပေါ့နော်။ ဥပဒေအတိုင်း မဟုတ်ဘူး။ ကျနော်တို့က ဥပဒေအတိုင်း ဖြစ်စေချင်တယ်။ ဥပဒေတိုင်း ဖြစ်စေချင်တယ်ဆိုတာက အတည်ပြုပြီးတော့မှ အဲဒီဥပဒေမှာပါတဲ့ အကြောင်းအရာတွေကို လက်တွေ့ အသုံးချစေချင်တာပေါ့။ ဒါမှပဲ သဘာဝကျမှာပေါ့” ဟု ဆိုသည်။

၂ဝဝ၈ ခုနှစ် မေလဆန်းတွင် စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပကာ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည်ဟု ကြေညာခဲ့သည်။

သို့သော် လေ့လာအကဲခတ်သူများကမူ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီနှင့် ရန်ကုန်တိုင်းတွင် လေဘေးသင့်ချိန်၌ပင် စစ်အစိုးရက အတင်းအကျပ် ကျင်းပခဲ့သလို၊ မဲလိမ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း ထောက်ပြဝေဖန်ခဲ့ကြသည်။

No comments: