Thursday, October 21, 2010

ဦးတင်ဦး စင်္ကာပူ ဆေးကုသွားမည်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး မျက်စိရောဂါ ခွဲစိတ်ရန် လာမည့်အပတ် စင်္ကာပူသွားမည်ဟု နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ပြောဆိုသည်။

အသက် ၈၃ နှစ်အရွယ် ဦးတင်ဦး ဤနှစ် ဖေဖော်ဝါရီလက အကျယ်ချုပ်မှ လွတ်ပြီးနောက် ရန်ကုန် ပန်းလှိုင်ဆေးရုံ၌ မျက်စိပြရာမှ လိုအပ်ချက်အရ စင်္ကာပူတွင် ကုသရန် စီစဉ်ခဲ့သည်။

U-Tin-Oo“ဘယ်လေကြောင်းနဲ့ ဆိုတာတော့ မသိဘူး။ ပန်းလှိုင်ဆေးရုံမှာ ပြတော့ အသက်လည်း ကြီးပြီ၊ ရိုးရိုးတိမ်လဲ မဟုတ်ဘူးလေ။ မျက်စိထဲက ဒဏ်ရာရနေတဲ့ ဟာကို ခွဲထုတ်ရမယ်ဆိုတော့ ကြာရင်လည်း ကြာမှာမို့ လွှတ်တာ” ဟု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းကလည်း ဦးတင်ဦး စင်္ကာပူသို့ သွားခွဲမည် ပြောသော်လည်း သွားရမည့် ရက်အတိအကျကို မပြောပါ။

“၂ ပေ၊ ၃ ပေ အကွာ လူလာရပ်လို့ရှိရင် ရပ်မှန်းမသိဘူး၊ မျက်စိက တော်တော်လေး ချွတ်ယွင်းနေတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပါတီခေါင်းဆောင်တဦးကမူ စက်တင်ဘာ ၂၈ ရက် ရန်ကုန်မှ ထွက်နိုင်သည် ခန့်မှန်းထားသည်။ ခရီးစဉ်မှာ အနည်းဆုံး ၂ ရက်မှ အများဆုံး ၇ အထိ ကြာနိုင်သည် ဆိုသည်။ ခရီးထွက်ခွာရန်နှင့် ဆေးကုသရန် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ပန်းလှိုင်ကပင် ပြုလုပ်ပေးခဲ့သည်။

ခရီးစဉ်နှင့်ပတ်သက်၍ ပန်းလှိုင်ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းက ဖြေကြားခွင့် မရှိဟု ဆိုသည်။ ဦးတင်ဦးအိမ်သို့ ဆက်သွယ်ကြည့်ရာတွင်လည်း ဖုန်းလိုင်း မသဲကွဲလှပေ။

ဆေးကုရာသို့ ဇနီးနှင့် သားလည်း လိုက်သွားဖွယ်ရှိသည်။

No comments: