Thursday, October 21, 2010

သက်သေ မရှိဘဲ နောက်ထပ် အနှစ် ၂ဝ

မြင့်မောင် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမှုသည် ၇ ဦးကို မျက်မြင်သက်သေ အထောက်အထားမရှိဘဲ ထောင်အနှစ် ၂ဝ စီ ချသည်ဟု ရန်ကုန် ဗုံးပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ အနောက်ပိုင်းခရိုင် တရားရုံးနှစ်ရုံးက ယမန်နေ့က စီရင်ချက်ချခြင်းကို ရှေ့နေ ဦးကျော်ဟိုးက ပြောဆိုသည်။

၂ဝဝ၈ က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင် ကိုအေးမင်းနိုင် အပါအဝင် ၇ ဦးကို ပြည်မြို့၌ ဖောက်ခွဲရေးပစ္စည်းများနှင့် ဖမ်းမိပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၃၁ နှစ်မှ ၃၈ နှစ်အထိ ချမှတ်ခံခဲ့ရသည်။ ယခုတဖန် ၂ဝဝ၄-၂ဝဝ၅ အတွင်း ရန်ကုန် ၃ နေရာတွင် ဗုံးကွဲမှုများနှင့် ဆက်စပ်သည်ဆိုကာ ပန်းဘဲတန်း၊ ကျောက်တံတားနှင့် တောင်ဥက္ကလာပ ရဲစခန်းများမှ ရဲအုပ် ၂ ဦးနှင့် ဒုရဲအုပ်တဦးက တရားလိုလုပ်၍ တရားစွဲခဲ့ပြီး ဖောက်ခွဲရေးပုဒ်မ ၂ ခုဖြင့် တမှုလျှင် ၁ဝ နှစ်စီ ကျခံရမည်ဖြစ်သောကြောင့် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂ဝ စီ ထပ်မံတိုးချလိုက်ပြန်သည်။

“အမှုစစ်တဲ့အခါ မျက်မြင်သက်သေလိုတယ်၊ အထောက်အထားလိုတယ်။ အားပေးကူညီတယ်ဆိုတာက ဘယ်လိုနေရာမှာ ကူညီသလဲ၊ ဘယ်လိုနေရာမှာ အားပေးသလဲ မေးရတယ်။ ဘာမှလည်း မျက်မြင်သက်သေမရှိဘူး၊ အထောက်အထား မရှိဘူး။ တရားရုံးက အပြစ်ပေးလိုက်တာမှာ ဘယ်သူဘယ်ဝါ ဘယ်သက်သေက မြင်တယ်၊ ဘယ်အထောက်အထား ရှိတယ်ဆိုတာကို တိတိပပ ကပ်မထားဘူး။ အဲဒီတော့ ဥပဒေအချက်နဲ့ သိပ်ပြီး မညီဘူးပေါ့ဗျာ။ ဥပဒေအချက်နဲ့ ပေါ်ပေါက်ချက်တွေက စစ်တာဆေးတာ သိပ်ပြီး မညီညွတ်ဘူးပေါ့ဗျာ” ဟု ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

၂ဝဝ၄-၂ဝဝ၅ က ရန်ကုန်မြို့ Zawgyi House စားသောက်ဆိုင်၊ Panorama ဟိုတယ်အနီးနှင့် ပါရမီကားဝင်းအတွင်းရှိ ရွှေမန်းသူကားဂိတ် ဗုံးကွဲမှုများတွင် လက်သည်တရားခံများအဖြစ် စွပ်စွဲကာ အနောက်ပိုင်းခရိုင် ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် တရားရုံးများက ဖောက်ခွဲရေးပုဒ်မ ၃ ဖြင့် တရားစွဲပြီး မနေ့က အနှစ် ၂ဝ စီ ချမှတ်ခဲ့သည်။

“အဲဒီအမှုတွေက တရားခံ စုံစမ်းဖော်ထုတ်လို့ မရတဲ့ အမှုတွေ ဖြစ်တယ်။ ၂ဝဝ၈ ကျမှ ကိုအေးမင်းနိုင်တို့အုပ်စု ပြည်မှာ မိတာကို ဆက်စပ်တယ်ဆိုပြီး ပြန်ဖွင့်လိုက်တဲ့ အမှုတွေ ဖြစ်တယ်။ အဲဒီ ၃ မှုထဲက ၂ မှုကို တရားရုံး ၂ ခုက ထောင်ဒဏ် ၁ဝ နှစ်စီ ထပ်တိုးချလိုက်တယ်” ဟု ဦးကျော်ဟိုးက ပြောသည်။

ပန်းဘဲတန်းမြို့နယ် တရားသူကြီး ဦးမြင့်စန်းက ဖောက်ခွဲရေးပုဒ်မ ၃ ဖြင့် ၁ဝ နှစ်၊ ကျောက်တံတားမြို့နယ် တရားသူကြီး ဒေါ်နုနုခင်က ဖောက်ခွဲရေး ပုဒ်မ ၃ ဖြင့် ၁ဝ နှစ်စီ ချကြောင်း ကိုအေးမင်းနိုင်၏ ဆွေမျိုးတဦးကလည်း မဇ္ဈိမကို ပြောသည်။

၎င်းတို့ ၇ ဦးမှာ ကိုအေးမင်းနိုင်၊ သူ၏ ဇနီး မစန်းစန်းမော် (ခ) မိဌေး၊ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့မှ ကိုကျော်စွာလင်း ခေါ် ခူစာရယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့မှ ဒေါ်ခင်ရီ (ခ) ဒေါ်စန်း၊ ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ခြောက်လုံးကြီး ရွာသား ကိုဇော်လွင်၊ ပဲခူးတိုင်း ပြည်မြို့ ကျွန်းတောရပ်မှ ကိုကျော်ဇင်ဦးနှင့် မကွေးတိုင်း အောင်လံမြို့နယ် ဒုရင်သဘိုရွာမှ ကိုထက်ကိုလွင်တို့ ဖြစ်သည်။

ကိုအေးမင်းနိုင်၊ မစန်းစန်းမော်၊ ကိုကျော်စွာလင်းနှင့် ဒေါ်ခင်ရီကို ၂ဝဝ၈ တွင် မတရားအသင်းပုဒ်မ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ဆက်သွယ်ရေးပုဒ်မ၊ လက်နက်ခဲယမ်း ကိုင်ဆောင်မှု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ပြည်မြို့နယ်နှင့် ခရိုင် တရားရုံးများက ထောင်ဒဏ် ၃၈ နှစ်စီ၊ ကျန် ၃ ဦးကို ၃၁ နှစ်စီ ချမှတ်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို သာယာဝတီထောင်သို့ ပို့ခဲ့ပြီး ၂ဝဝ၉ နှစ်လယ်ပိုင်းတွင် နောက်တိုးပုဒ်မများဖြင့် တရားစွဲရန် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ပြစ်ဒဏ်ချမှတ်မှုများနှင့်ပတ်သက်၍ ပြင်ဆင်ရန် တိုင်းရုံးနှင့် ဗဟိုတရားရုံးချုပ်များသို့ အယူခံဝင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် နောက်ထပ် ဖောက်ခွဲရေးပုဒ်မ ၃ ဖြင့် စွဲချက်ကိုလည်း တရားဆိုင်နေရကြောင်း သိရသည်။ အမှုအတွက် ဦးကျော်ဟိုးအပြင် ရှေ့နေ ဦးမောင်မောင်လတ်လည်း လိုက်ပါဆောင်ရွက်ပေးနေသည်။

၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရန် တက်ကြွသော ကျောင်းသားလူငယ်များက ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာတွင် ထိုနှစ် နိုဝင်ဘာလ ၁ ရက်က ABSDF ကျောင်းသားတပ်မတော်ကို ဖွဲ့စည်းခဲ့သည်။

No comments: