Wednesday, September 17, 2008

မြို့နယ် တရားရုံးများတွင် လုံခြုံရေး တိုးမြင့်ချထား

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008

နယူးဒေလီ။ ။ ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ် စစ်ဆေးရာ မြို့နယ် တရားရုံးများတွင် လုံခြုံရေးရဲများ၊ လက်နက် အပြည့်အစုံဖြင့် လုံခြုံရေး ချထားကြောင်း သိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အပါအဝင် သင်္ကန်းကျွန်း၊ ကျောက်တံတား၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ အစရှိသည့် နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ် စစ်ဆေးလေ့ရှိသည့် မြို့နယ် တရားရုံးများတွင် သြဂုတ်လ နောက်ဆုံးအပတ်မှ စတင်ကာ လည်ပတ်အနီ လုံထိန်းရဲများ၊ တရုတ်ထုတ် (FAW) ကားများဖြင့် လုံခြုံရေး ချထားကြောင်း ရန်ကုန်မှ မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

“တပ်စိတ် တစိတ်စာလောက် ရှိတယ်။ တရားရုံးတိုင်း လိုလိုမှာ ချထားတယ်။ ကိုမင်းကိုနိုင် တို့ကို ရုံးမထုတ်ခင် သုံးရက်အလိုမှာ စပြီး ချထားတာ” ဟု နိုင်ငံရေး အကျဉ်းသားများ ရုံးထုတ် စစ်ဆေးရာတွင် လိုက်ပါ ဆောင်ရွက်ပေးနေသူ တဦးက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများ ကိစများကို ကူညီ ဆောင်ရွက်ပေးနေသူ ကျောင်းသားတဦးမှလည်း “ဖမ်းထားတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ရုံးထုတ်တဲ့ တရားရုံးတွေမှာ ချထားတာ တွေ့ရတယ်။ ကျနော် တွေ့တာကတော့ အဲဒီရုံးတွေမှာ အောက်ခန်းတွေမှာ ရဲကင်း လုပ်ထားတယ်။ အဲဒါ ရုံးတိုင်း ရုံးတိုင်းမှာ လုပ်ထားတယ်” ဟု သူကပြောသည်။

သူက ဆက်၍ ပြောဆိုရာတွင် “သူတို့က သုံးရက်တကြိမ် လူအပြောင်းအလဲ လုပ်တယ်။ တရားရုံးတွေနားမှာ ရဲကင်း တဲထိုးပြီးတော့ နေကြတယ်” ဟု သူကပြောသည်။

ယခုကဲ့သို့ မြို့နယ်အချို့ရှိ တရားရုံးများကို လုံခြုံရေး ချထားခြင်းသည် ဖမ်းဆီးထားသည့် ၈၈ ကျောင်းသား၊ နိုင်ငံရေး အကျဉ်းသားများအား မြန်မြန်ဆန်ဆန် ပုဒ်မတပ် တရားစွဲဆိုခြင်းများ ပြုလုပ်ကာ ထောင်ဒဏ်ချခြင်းများ ပြုလုပ်နေသည့်အပေါ် ဆူပူမှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးကြိုတင် ယူထားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုနေကြသည်။

အလားတူ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များနှင့် ရပ်ကွက် ငြိမ်ဝပ်ပိပြားရေး ရုံးများတွင်လည်း လုံခြုံရေး ကင်းပုန်းများ ချထားကြောင်း ဧည့်စာရင်းတိုင်သည့် အခါ တွေ့ခဲ့ရသည့် မျက်မြင်တွေ့ရှိသူ တဦးက ယခုလို ပြောသည်။

“ကျနော်တို့ မဝတရုံး တော်တော်များများမှာ ရုံးကို ဧည့်စရင်းသွားတိုင်တာတို့ ထောက်ခံ စာသွားယူတဲ့ အခါ နေတိုင်းလိုလို ရုံးရှေ့မှာ လုံထိန်းရဲ လက်နက် အပြည့်အစုံနဲ့ လည်ပတ်အနီနဲ့ လုံထိန်း တယောက်နှစ်ယောက် ဂိတ်အဝင်ပေါက်မှာ စောင့်နေတယ်။ အဲဒါ ညတိုင်းပဲ စောင့်နေတယ်” ဟု သူကပြောသည်။

ယခင် ရန်ကုန်မြို့နယ် လူစည်ကားရာ နေရာများဖြစ်သည့် လမ်းဆုံ လမ်းခွ၊ မီးပွိုင့်များ နာမည်ကြီး ဘုရားများတွင် လုံခြုံရေး ချထားလေ့ရှိရာ ယခုလို မဝတ၊ ရယက ရုံးများနှင့် မြို့နယ်တရားရုံး အချို့တို့တွင် လုံခြုံရေး ကင်းပုန်းများ ချထားခြင်းဖြင့် နောက်ထပ် ဖြစ်ပေါ်လာမည့် ဆန္ဒပြမှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုကြသည်။

လတ်တလောတွင် ရန်ကုန်မြို့ လူစည်ကားရာ နေရာများဖြစ်သည့် ကားဂိတ်များ၊ ဈေးများတွင် ရဲများက ည ၁၁းဝဝ နာရီ နောက်ပိုင်း အလုပ်ခွင်မှ အိမ်ပြန် နောက်ကျသူများအား လမ်းဆုံလမ်းခွများတွင် စစ်ဆေး မေးမြန်းခြင်းများလည်း ရှိကြောင်း သိရသည်။

“ညဘက်ဆိုရင် ၁၁ နာရီ နောက်ပိုင်းမှာ ကောင်းရောင်း ကောင်းဝယ် လုပ်စားတဲ့ ပြည်သူတွေပဲ ဖြစ်ဖြစ် အကြောင်း အမျိုးမျိုးကြောင့် သွားလာရတဲ့ ပြည်သူတွေပဲ ဖြစ်ဖြစ် စစ်ဆေး မေးမြန်းတာတွေ တချို့ စံပြဈေးတို့လို လူစည်းကားတဲ့ နေရာတွေမှာ စစ်ဆေး မေးမြန်းတာတွေ ရှိတယ်” ဟု စံပြဈေးတွင် ကုန်တင်ကုန်ချ လုပ်နေသည် တောင်ဒဂုံ နေထိုင်သူတဦးက ပြောသည်။

အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်တဦး အဖမ်းခံရပြန်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008

နယူးဒေလီ။ ။ ရွှေပြည်သာမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် မောင်မျိုးမင်းဝေအား အာဏာပိုင်များက အင်္ဂါနေ့ ညတွင် ၎င်း၏ နေအိမ်၌ လာရောက် ဖမ်းဆီးသွားကြောင်း အဖွဲ့ချုပ်က ပြောသည်။

“ည (၁၁)နာရီမှာ စတင် ရှာဖွေပြီးတော့ (၁၁း၃ဝ)မှာ ဖမ်းခေါ်သွားတယ်။ အဲဒီလို့ ဖမ်းဆီးတဲ့ အချိန်မှာ သူ့အိမ်က မြို့နယ် အခမ်းအနားတွေမှာ ရိုက်ထားတဲ့ ဖလင်လိပ်တွေရယ်၊ အလုပ်သမား ကိစ္စတွေနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ ဖမ်းခေါ်သွားတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလဲ ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း ရွှေပြည်သာ ဗုံးပေါက်ကွဲမူနှင့် ပတ်သက် ပြီး ဖမ်းသွားခြင်း ဖြစ်သည်ဟု သိရကြောင်းပြောသည်။

ဦးဥဏ်ဝင်းက “ကျနော် သိတာ ပြောရရင် မနေ့ညက ၁၁နာရီ လောက်က သူအိမ်မှ လာဖမ်းတယ်။ လာဖမ်းတဲ့ ပုဂ္ဂိုလ်တွေက ရွှေပြည်သာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်လို့ မေးမြန်းစရာရှိလို့ ဆိုပြီး ရဲတွေက ခေါ်ဆောင်သွားတယ်” ဟု ပြောသည်။

စက်တင်ဘာလ ၈ နေ့က ပြုလုပ်သော နအဖ စစ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ခင်ရီက ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ရုံးဗုံးပေါက်ကွဲမှုသည် အန်အဲလ်ဒီ အဖွဲ့ဝင်များ၏ လက်ချက် ဖြစ်ကြောင်းနှင့် ၎င်းနှင့် ပတ်သက်၍ တရာခံများကို ဖမ်းဆီးမိခံပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လမှစ၍ ယခုချိန်ထိ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ကွန်ယက်မှ ဦးမြင့်အေး အပါအဝင် အဖွဲ့ချုပ်လူငယ် အနည်းဆုံး ၁ဝ ဦး ကို နအဖမှ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စာနှင့်သတင်းစာများ ဖတ်ခွင့်ပြုရပြီ

မြင့်မောင်
သောကြာနေ့၊ စက်တင်ဘာလ 12 2008

အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်များထံမှ စာဖတ်ခွင့်နှင့် သတင်းစာစောင်များ ဖတ်ခွင့်ကို စစ်အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက် အချို့ကို စစ်အစိုးရက လိုက်လျောခဲ့ရာတွင် စာအဆက်အသွယ် ပြုခြင်းနှင့် ဂျာနယ်၊ မဂ္ဂဇင်းဖတ်ခွင့်တို့ ရရှိခဲ့သည်ဟု သူမ ဦးဆောင်သော နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

ထို့အပြင် သူမနှင့်အတူ နေအိမ်အကျယ်ချုပ် ကျခံနေရသလို ဖြစ်နေသူ စောင့်ရှောက်မှု ပြုနေသော ဒေါ်ခင်ခင်ဝင်းနှင့် သမီး မဝင်းပပ တို့ကိုလည်း လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ ဦးကြည်ဝင်းတို့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံခဲ့ခွင့် ရရှိခဲ့ပြီးနောက် ယခုသတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

“ဒေါ်ခင်ခင်ဝင်း မိသားစုကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုတယ်ဆိုတဲ့ သဘောတူညီချက် ရပါတယ်။ မိသားစုစာ နှင့် ဂျာနယ် ၊ မဂ္ဂဇင်းတွေ ဖတ်ခွင့်ရရှိဖို့ သဘောတူညီချက် ရပါတယ်။ ကျန်နေတာကတော့ အယူခံကိစ္စ မပြီးပျက်သေးဘူး ဆောင်ရွက်ဆဲ ဖြစ်နေတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က ၂ နာရီကြာ တွေ့ဆုံခဲ့ပြီး စစ်အစိုးရက သူမကို တရားမဝင် ထိန်းသိမ်းထားမှုအပေါ် ဆွေးနွေးခဲ့ကြောင်း ရှေ့နေဦးကြည်ဝင်းက မဇ္ဈိမသို့ ပြောသည်။

“သူကျန်မားရေး ကောင်းပါတယ်” ဟု ဦးကြည်ဝင်းက ပြောသွားသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ အသေးစိတ်ကို သူမ၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကသာ ထုတ်ဖော် ပြောကြားလိမ့်မည်ဟု ဆိုသည်။

ပုံမှန်တပတ်တခါ အစားအသောက်များ ပို့ဆောင်နေခြင်းကို လက်ခံရယူရန် သြဂုတ်လလယ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ခဲ့ပြီးနောက် အစာငတ်ခံ ဆန္ဒပြပြီး စစ်အစိုးရကို တောင်းဆိုမှုများ ပြုလုပ်နေသည် ဆိုသော ကောလာဟလများ ပျံ့နှံ့ခဲ့ကာ သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများစွာ ပေါ်ထွက်လာခဲ့သည်။

ရန်ပွဲကြောင့် ကောလိပ်ကျောင်းသားတဦး သေဆုံး

မြင့်မောင်
သောကြာနေ့၊ စက်တင်ဘာလ 12 2008

နယူးဒေလီ။ ။ မြင်းခြံ ဒီဂရီကောလိပ် ကျောင်းသားများနှင့် ၁ဝ တန်း ကျောင်းသားတစုတို့ ခိုက်ရန် ဖြစ်ပွားရာမှ ဗုဒ္ဓဟူးနေ့ည ၈း၃ဝ နာရီတွင် အခင်းဖြစ်ပွားရာ ကျောင်းသားမှာ ပွဲချင်းပြီး သေဆုံးသွားသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ လှည့်လည်ကပြ ဖျော်ဖြေနေစဉ် ကားနောက်တွင် လိုက်ပါလာသည့် ကျောင်းသားခြောက်ဦးနှင့် ၁ဝ တန်းကျောင်းသား တစုတို့ မြင်းခြံဈေးကြီးအနီးတွင် အချင်းများ ရန်ဖြစ်ရာမှ သံချွန်ဖြင့် အထိုးခံ၍၍ သတ္တဗေဒ ဒုတိယနှစ်ကျောင်းသား ကိုမန်ဘူးခီ သေဆုံးသွားသည်။

“မြင်းခြံ မြို့နယ်ဆေးရုံကြီးမှာ အလောင်းခွဲစိတ် စစ်ဆေးချက်အရ စကေဗာလို့ လူသိများတဲ့ ချွန်ထက်တဲ့ လက်နက်နဲ့ အထိုးခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးတာ” ဟု သေဆုံးသူနှင့် ဆွေမျိုးတော်သူတဦးက ပြောသည်။

မြင်းခြံရဲစခန်းက အမှုတွင် ပတ်သက်သည်ဟု သံသယရှိသူ ၁၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည် ဟုလည်း သူက ပြောသည်။

ကိုမန်ဘူခီးသည် ချင်းပြည်နယ် ကန်ပက်လက် မြို့မရပ်ကွက် ဇာတိကဖြစ်ပြီး သူ၏ ရုပ်အလောင်းကို ယနေ့နံနက် ၉းဝဝ နာရီတွင် သဂြိုလ်ခဲ့သည်။

တွံတွေးဈေးမီး ဆိုင်ခန်း ၁၅ဝ မီးလောင်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 10 2008

နယူးဒေလီ။ ။ တွံတေးမြို့နယ် အတွင်းရှိ ဈေးကြီးတွင် အင်္ဂါနေ့ညက ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းရာ ဈေး၏ ဆိုင်ခန်းပေါင်း ၁၅ဝ ခန့် မီးလောင်ကျွမ်းသွားပြီး ခန့်မှန်းခြေ ကျပ်ငွေ သိန်း ၃ဝဝ ခန့် ဆုံးရှုံးသွားသည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ် ဈေးကြီးတွင် ယမန်နေ့ည ၁ဝး၁၅ နာရီက လောင်ကျွမ်းမှုဖြစ်ပြီး မြို့ခံ အရပ်သားများနှင့် သံဃာတော်များ စုပေါင်းငြိမ်းသတ်ရာ ဗုဒ္ဓဟူးနေ့ နံနက် ၂ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

“မီးလောင်နေတဲ့ အချိန်မှာ ဈေးရဲ့ ၃ ပုံ ၂ ပုံလောက် လောင်ကျွမ်းသွားတယ်။ အဲဒီလို မီးလောင်နေတဲ့ အချိန်မှာ တွံတေးမှာရှိတဲ့ မီးသတ်ကား နှစ်စီးလုံးမှာ တစီးက ဘိန်းပေါက်နေပြီးတော့ ကျန်တစီးက ဓာတ်ဆီ မရှိဘူး။ မီးသတ် တပ်ဖွဲ့ဝင်တွေကလည်း ရေတောင်းခြင်းလည်း မရှိဘူး၊ ကူညီခြင်းလည်း မရှိဘူးပဲ ဒီအတိုင်း ရပ်နေကြတယ်” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမသို့ ပြောသည်။

ဈေးကြီး မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် ရွှေဆိုင်များ အပါအဝင် ဈေးဆိုင်ခန်း စုစုပေါင်း ၁၅ဝ ခန့် မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဘိုး မြန်မာကျပ်ငွေ သိန်း ၃ဝဝ ကျော်ဆုံးရှုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာ မီးသတ် အရာရှိများက ခန့်မှန်းထားကြောင်း သူမက ပြန်လည်ပြောပြသည်။
ရွှေလက်ခုတ် ဘုန်းကြီးကျောင်းနှင့် ကျောင်းသစ် ဘုန်းကြီးကျောင်းမှ သံဃာအပါး ၁ဝဝ ကျော်နှင့် မြို့ခံပြည်သူများ မီးငြိမ်းသတ်ခဲ့ရခြင်း ဖြစ်ပြီး ဒလမြို့နှင့် လှိုင်သာယာမြို့မှ မီးသတ်ကားများ နောက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်။

ဒေသ အာဏာပိုင်များက တွံတေး ဈေးကြီးမီးလောင်မူနဲ့ ပတ်သတ်၍ ဈေးအတွင်း လုံခြုံအစောင့် ၃ ဦးအား စစ်ဆေး မေးမြန်းရန် ခေါ်ဆောင်သွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လူယုံတော်ကို ဆေးရုံပြောင်း ကုသ

မြင့်မောင်
တနင်္လာနေ့၊ စက်တင်ဘာလ 08 2008

နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီစောင့်ရှောက်နေသူ အသက် ၂၈ နှစ်အရွယ် မဝင်းပပသည် ဆေးကုသနေသည့် ဆေးရုံမှ နှစ်ရက်မြောက် ယနေ့တွင် အခြားနေရာသို့ ပြောင်းရွှေ့သွားသည်။

ယခုလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် ကျောက်တံတားမြို့နယ် ဘားလမ်းရှိ ကုသိုလ်ဖြစ် မူဆလင်ဆေးရုံတွင် ကျန်းမာရေး အခြေအနေ မကောင်းသဖြင့် တက်ရောက် ကုသနေရာမှ ပုဂ္ဂလိက ဆေးရုံတခုသို့ ယနေ့တွင် ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

“ဒီကနေ့ ဆေးရုံပြောင်းတယ်လို့တော့ ကြားတယ်။ ဘယ်ဆေးရုံကို ပြောင်းသွားတယ် ဆိုတာကိုတော့ ကျနော်တို့ အတိအကျ အတည်ပြု ပြောဆိုနိုင်မှု မရှိသေးဘူး” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆေးကုသ ခံယူနေချိန်တွင် အစောင့်အကျပ်များ၊ အရပ်ဝတ် ရဲများနှင့် ရဲမေများသည် ခွဲစိတ်ခန်း အပါအဝင် ဆေးရုံ ပတ်ဝန်းကျင်တွင် လုံခြုံရေးအဖြစ် ချထားခဲ့သည်။

မဝင်းပပသည် မိခင်ဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ရှောက်နေသူ ဖြစ်သည်။

ဦးဉာဏ်ဝင်းက “၂ဝဝ၄ ခုနှစ် ကနေ အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်တယ်။ သူတို့မှာ ဘာအမှုမှ မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ရှောက်နေတဲ့အတွက် သူတို့မိသားစုကို လွတ်လွတ်လပ်လပ် အပြင်ထွက်ခွင့် မပေးတာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒါကို အရေးဆိုပေးဖို့ တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းကလည်း “လွတ်လွတ်လပ်လပ် ထွက်ခွင့် မရဘူးလေ။ ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒါကို အရေးဆိုပေးဖို့ တင်ပြပေးဖို့ မှာတဲ့အတွက် ကျနော် စာရေးထားပါတယ်” ဟု ပြောသည်။

ဦးကြည်ဝင်းက ဆက်ပြီး “အထင်ကတော့ မှန်းကြည့်ရတာက သူတို့ကို လွှတ်ပါလိမ့်မယ် ထင်တယ်။ ဒေါ်ခင်ခင်ဝင်း အနေနဲ့ သူ့ သမီး မဝင်းပပကို ပြုစု စောင့်ရှောက်နေသလား။ ဒေါ်အောင်ဆန်းစုကြည် ဘေးမှာ ရှိတာလားဆိုတာ ကျနော့်အနေနဲ့ မပြောနိုင်သေးဘူး။ မနက်ဖြန်မှာ ပြန်မေးကြည့်ရအုံးမယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ့ထံ နေ့စဉ်ပုံမှန် ပေးပို့သော ဈေးခြင်းကို လက်မခံတော့သည်မှာ ရက်သတ္တပတ် ၃ ပတ်ခန့် ရှိသွားပြီဟု ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေအဖွဲ့ချုပ် (ဗဟို) က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

“အခုဆိုရင် ၃ ပတ်ကျော်သွားပြီဆိုတော့ စားစရာမရှိသလောက် ဖြစ်ပြီလို့ ကျနော်တို့ ယူဆတယ်။ သူရဲ့ ကျန်းမာရေး အခြေအနေက ဆိုးရွားစရာ၊ စိတ်ပူပန်စရာ ဖြစ်လာတယ်။ အဲဒီလိုပဲ ခြံထဲမှာ ရှိတဲ့ သူတွေကလည်း သူ့သမီးက ရုတ်တရက် ဆေးရုံ ကောက်တက်ရတယ် ဆိုတာကလည်း အစာရေစာ ချို့တဲ့တဲ့အတွက်ကနေ စမှာဖြစ်တယ်။ တယောက်ပြီး တယောက် ဖြစ်မယ့် သဘောရှိတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှာ အတွင်းရေးမှူး ကိုမြင့်စိုးက ပြောသည်။

GW အဖွဲ့ဝင်နှင့် လူငယ်တဦး ဖမ်းဆီးခံရ

မြင့်မောင်
ကြာသပတေးနေ့၊ စက်တင်ဘာလ 04 2008

နယူးဒေလီ။ ။ ရန်ကုန်အခြေစိုက် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave (GW) မှ အဖွဲ့ဝင်တဦးနှင့် အမည်မသိ လူငယ်တဦးအား ယမန်နေ့ နံနက်ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

GW အဖွဲ့ဝင် ကိုတင်မျိုးထွတ် (ခ) ကိုကျော်ဦးနှင့် အမည်မသိ အခြား လူငယ်တဦးအား ယမန်နေ့က နံနက် ၇ နာရီခွဲခန့်က ကမာရွတ်မြို့နယ် ဘုရင့်နောင်ပွဲရုံလမ်းဆုံမှ အမေ့ရွာ လ္ဘက်ရည်ဆိုင်အနီးတွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သူက သူငယ်ချင်းတယောက်နဲ့ ချိန်ထားတယ် ဆိုတာကို သူ အဖမ်းမခံရမီ တနေ့က ကျနော်တို့ကို ဖုန်းဆက် အကြောင်းကြားထားတယ်။ မနေ့က ဖုန်းဆက်တဲ့ အခါကျတော့ ဖုန်းက စကား ပြန်မပြောတော့ဘူး။ ကိုင်တော့ ကိုင်တယ်၊ အသံတချို့လည်း ကြားရတယ်။ သူ့ကို စစ်ဆေးမေးမြန်းတဲ့ အသံတွေကို ကြားရတယ်” ဟု GW အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုမိုဃ်းသွေးက မဇ္ဈိမကို ပြောသည်။

မျက်မြင်သက်သေ တဦးကလည်း “မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ကိုတင်မျိုးထွတ်ကို မနေ့ မနက်က ဖမ်းသွားတာပါ။ သူတို့ကို အရပ်ဝတ်ရဲ ၃ ယောက်က ဖမ်းခေါ်သွားတာ ဖြစ်တယ်” ဟု ပြောသည်။

သူတို့နှစ်ဦးအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားခြင်းကိုမူ မသိရသေးကြောင်း သူက ဆက်ပြောသည်။

ကိုတင်မျိုးထွတ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ဟုတ်မှန်ကြောင်း ယခုလို အတည်ပြု ပြောဆိုသည်။

“ကိုတင်မျိုးထွတ် (ခ) ကိုကျော်ဦး အဖမ်းခံရတယ်။ နောက်ထပ် သူတို့နဲ့ ဆက်နွယ်ပြီးတော့ ဘယ်သူတွေ ဆက်အဖမ်းခံရအုံးမယ် ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ပြောသည်။

ကိုတင်မျိုးထွတ်သည် ၁၉၈၈ ခုနှစ် အထက်တန်း ကျောင်းသားဘဝတွင် ရှစ်လေးလုံး လူထု လှုပ်ရှားမှုကြီး၌ တက်ကြွစွာ ပါဝင်ခဲ့သလို၊ ၁၉၉၂ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသူ ဖြစ်သည်။

ယမန်နေ့က ထုတ်ပြန်သည့် GW ၏ အထူးထုတ်ပြန် ကျေညာချက်တွင် နအဖ အနေဖြင့် နိုင်ငံရေး ပဋိပက္ခများကို အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဝိုင်းဝန်းဖြေရှင်းရန် ကြိုးပမ်းနေသော မျိုးဆက်သစ် ကျောင်းသား လူငယ်များအား ယခုလို မတရား ဖမ်းဆီးနေခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

ထို့အပြင် ယခင်ကတည်းက ဖမ်းဆီးထားသူများကိုပါ အမြန်ဆုံး ပြန်လွှတ်ပေးပြီး နိုင်ငံရေး ပြဿနာကို လူကြီး လူကောင်းဆန်စွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းပေးရန် အလေးအနက် တောင်းဆိုကြောင်း ပြောဆိုခဲ့သည်။

အကြမ်းမဖက် လှုပ်ရှားမှုများသည် ရပ်တန့်သွားမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ်အား ဆက်လက်၍ အရှိန်မြှင့်ကာ တော်လှန်ရေးတရပ် ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ကြေညာတွင် ရေးသားထားသည်။

GW ကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားလူငယ်များ စုစည်း၍ အောက်တိုဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ အကြမ်းမဖက် နည်းလမ်းများဖြင့် အာဏာရှင်စနစ်အား တော်လှန်ဆန့်ကျင်သည့် လှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လှုပ်ရှားမှုများ ဆောင်ရွက်နေရင်း ယခုနှစ် မတ်လတွင် ဇေယျာသော် (ခ) ကျော်ကျော် (အက်စစ်အဖွဲ့ အဆိုတော်)၊ အောင်ဇေဖြိုး (အင်ဂျင်နီယာ မဟာဘွဲ့ကျောင်းသား)၊ အာကာဗိုလ် (ဆေးတက္ကသိုလ် ကျောင်းသားဟောင်း) နှင့် သီဟ၀င်းတင် (ဒုတိယနှစ် ဥပဒေကျောင်းသား) တို့ ဖမ်းဆီးခံခဲ့ရသည်။

ယခုလို ဖမ်းဆီးခံရမှုများ ရှိခဲ့သော်လည်း ကျန်ရှိသော အဖွဲ့ဝင်များမှ ဆက်လက်၍ လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ကြသည်။

လစဉ်လတိုင်း လှုပ်ရှားမှုအငယ်များ ဖော်ဆောင်ခဲ့ပြီး၊ ရှစ်လေးလုံး နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ဆေးနီပက်ဖြန်းခြင်း လှုပ်ရှားမှုကို နိုင်ငံတ၀န်းရှိ မြို့အချို့တွင် အခြားသော တော်လှန်သော အင်အားစုများဖြင့် ချိတ်ဆက် လှုပ်ရှားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်း တွေ့ဆုံခွင့်ရ

မြင့်မောင်
တနင်္လာနေ့၊ စက်တင်ဘာလ 01 2008

နယူးဒေလီ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေ ဦးကြည်ဝင်းကို ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် ယနေ့ နံနက်ပိုင်းက တွေ့ဆုံခွင့်ရခဲ့သည်။

ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်မှ စတင်ကာ မိနစ် ၃ဝ ကြာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် သူ၏ နေအိမ်တွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံခွင့် ရလိုက်ခြင်း ဖြစ်သည်။

“ကျနော် သိရတာကို ကျနော် တိတိကျကျ ပြောလိုက်မယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်။ သူရဲ့ ကျန်မာရေး ကောင်းပါတယ်။ ဒါပေမယ်လို့ ခန္ဓာကိုယ် အလေးချိန် နည်းနည်းလျော့နေတယ်။ သူ နည်းနည်း ပင်ပန်းနေတယ်။ အဲဒါကြောင့် နားဖို့လို့တယ်။ ကျန်မာရေးနဲ့ ပတ်သက်လို့ အဲဒီဟာပဲ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ဒီမိုကရေစီ ခေါင်းဆောင်အနေဖြင့် ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်း ပြန်သွားသည့် ကုလသမဂ္ဂ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အပြီး ပြင်ပရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ယခုလ ၄ ရက်နေ့တွင်လည်း သူ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံကာ ဆေးစစ်ခွင့် ရရှိမည့်အကြောင်း ဦးဉာဏ်ဝင်းက ယခုလို ပြောသည်။

သူက “ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ ပုံမှန် တလတကြိမ် တွေ့ဖို့ နအဖ စစ်အစိုးရနဲ့ သဘောတူညီမူ ရထားတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ ၁၇ ရက်၊ ၂ဝဝ၈ ခုနှစ် နောက်ဆုံး တွေ့ခွင့်ရပြီး ဒီလ ၄ ရက်နေ့မှာ သူမရဲ့ ကျန်မာရေးကို ထပ်မံ ဆေးစစ်ခွင့် ရလိမ့်မယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် လလယ်ခန့်မှ စတင်ကာ တပတ်တခါ ပုံမှန် ပေးသွင်းနေသည့် အစားအသောက်များကို လက်မခံတော့ဘဲ ရပ်ဆိုင်းထားသဖြင့် အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းပြည်ပတွင် ခန့်မှန်းချက်များ ပေါ်ပေါက်နေချိန်တွင် ရှေ့နေဖြစ်သူနှင့် တွေ့ဆုံခွင့် ရလိုက်ခြင်းလည်း ဖြစ်သည်။

၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း အကျယ်ချုပ် ကျခံခဲ့ရသည်ကို အယူခံ ဝင်ရောက်ရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ပြီးခဲ့သည့်လ ၈ ရက်နေ့နှင့် ၁၇ ရက်နေ့တွင်လည်း ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံခွင့် ရရှိခဲ့သေးသည်။

Wednesday, September 3, 2008

သံဃာတော်များအား ဝိနည်းနှင့်မညီ လူဝတ်လဲကာ တရားရုံးထုတ်ခြင်း

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 03 2008
(သိရိင်္ကာ သံဃဥသျှောင် ဥက္ကဋ္ဌ ဆရာတော် ဦးသြဘာသနှင့် ဆက်သွယ် မေးမြန်းချက်)

မြန်မာ ရဟန်းသံဃာတော်များက လမ်းပေါ်ထွက်ကာ ပြည်သူလူထု၏ စားဝတ်နေရေး ဘေးဒုက္ခမှ ကင်းလွတ်စေရေးအတွက် မေတ္တာပို့ ဆုတောင်းခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း ပြုသဖြင့် အာဏာပိုင်များက အကြမ်းဖက် ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအကျပ် လူဝတ်လဲကာ တရားရုံးထုတ်ခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးတွင် ခေါင်းဆောင် သံဃာတော်တပါး ဖြစ်သည့် အရှင် ဂမ္ဘီရအား နောက်ပိုင်းတွင် နအဖ စစ်အစိုးရက ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး မကြာသေးခင်က အတင်းအကျပ် လူဝတ်လဲကာ ရုံးထုတ် စစ်ဆေးခဲ့သည့်အပေါ် သာသနာ့မောဠိ - သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ခွဲ (သိရီလင်္ကာ) မှ ဥက္ကဋ္ဌ ဆရာတော် ဦးသြဘာသထံ မဇ္ဈိမသတင်းထောက် မြင့်မောင်က လျှောက်ထား မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

(မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး အခက်အခဲ အကျပ်အတည်းများအား ဖြေရှင်းရာ၌ ပါဝင် ဆောင်ရွက်ရန်အတွက် အမေရိကန်နိုင်ငံတွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ပီနန်ဆရာတော် ဘုရားကြီး ဦးပညာဝံသနှင့် မစိုးရိမ်ဆရာတော် ဘုရားကြီး ဦးကောဝိဒါဘိဝံသတို့ ကြီးမှူးကာ သာသနာ့မောဠိ အဖွဲ့ကြီးကို ဖွဲ့စည်း ထူထောင်ခဲ့ပါသည်။ ယခုအခါ ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ အဖွဲ့ခွဲများဖြင့် ပူးပေါင်းဆောင်ရွက်နေရာတွင် သီရိလင်္ကာလည်း အပါအဝင် ဖြစ်ပါသည်။)

မေး။ အရှင် ဂမ္ဘီရကို လူဝတ်လဲပြီး တရားရုံးထုတ်တာကို ဘုန်းဘုန်းအနေနဲ့ ဘယ်ကိုမြင်ပါသလဲ ဘုရား။

ဖြေ။ ဒါ မတရားတဲ့ လုပ်ရပ်တွေပဲ။ နအဖ စစ်အစိုးရ အနေနဲ့ ဘုန်းကြီးတပါးကို တရားရုံးမှာ အမှုရင်ဆိုင်တယ် ဆိုတဲ့ လုပ်ရပ်တွေကို လုပ်မယ်ဆိုလို့ရှိရင် ပထမဆုံး အနေနဲ့ သံဃနာယကဆိုတဲ့ အဖွဲ့ကြီးက ဝိနိ စရိယနဲ့အညီ ဆုံးဖြတ်ပြီးမှသာလျှင် ခုနတုန်းက ပြောတဲ့ သင်္ကန်းလဲခွင့် ရှိတယ်။

သင်္ကန်းလဲပြီးမှသာလျှင် အပြင်တရားရုံးတွေမှာ တရားစွဲတယ် ဆိုတဲ့ လုပ်ရပ်မျိုးတွေ၊ ဥပဒေနဲ့ ချမှတ်လို့ ရတယ်။ ဒီ သံဃာ အဖွဲ့အစည်းတွေကလည်း ဒီလို တရားဥပဒေ ချမှတ်တဲ့ အခါမှာ ဝတ်နည်း ဥပဒေအရ ချမှတ်တဲ့ နေရာမှာ သူတို့ ကိုယ်တိုင်လည်း သံဃာ အဖွဲ့အစည်း ကိုယ်တိုင်လည်း ဝိနည်း ဆုံးဖြတ်ချက် အပေါ်မှာ ဝိနည်းနဲ့ ထိရောက်မှု မရှိဘဲနဲ့ ရဟန်းတပါးကို လူချွတ်ပိုင်ခွင့်ဆိုတာ မရှိဘူး။ မရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီဟာဟာ ဆိုလို့ရှိရင် နအဖ အစိုးရလုပ်နေတဲ့ လုပ်ရပ်တွေဟာ အင်မတန် မတရားတဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို့ ဦးဇင်းက မြင်တယ်။

မေး။ ကိုလိုနီခေတ်တုန်းက ဆရာတော် ဦးဝိစာရကို အတင်းလူဝတ်လဲလို့ ဆန္ဒပြခဲ့တယ်ဆိုတာမျိုး ကြားဖူးပါတယ် ဘုရား။ ဘယ်လိုကွာခြားမှု ရှိပါသလဲ။

ဖြေ။ အဲဒီတုန်းက တရားစီရင်တယ် ဆိုတဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ ဗုဒ္ဓဘာသာအစိုးရ မဟုတ်ဘူး။ အခုချိန်မှာက ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ ဗုဒ္ဓဘာသာ အစိုးရ။ တချိန်တုန်းက ဥပဒေနဲ့ အခု ဥပဒေက လုံးဝ မသက်ဆိုင်တော့ဘူး။ အဲဒီတုန်းက အင်္ဂလိပ်ခေတ် အစိုးရဟာ ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ တရားခွင်မှာ စစ်ပြီးတော့မှ ဆုံးဖြတ်တယ် ဆိုတာကလည်း ပိတ်ဖြူလဲရုံက လွဲပြီးတော့ နိုင်ငံရေး အကျဉ်းသား ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအကျဉ်းသား ပုံသဏ္ဍန်မျိုးနဲ့ ထားပေမယ့် ထောင်ထဲမှာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေခွင့်ရှိတယ်။

ဒီလုပ်တဲ့ လုပ်ရပ်တွေ နအဖ လုပ်တဲ့ လုပ်ရပ်တွေဟာ ဆိုလို့ရှိရင် အင်မတန်မှ ဥပဒေကို ကျော်ပြီးတော့မှ လုပ်တယ်။ ဝိနည်း စည်းကမ်း ဝိနည်းဥပဒေတွေ ကျော်လွန်ပြီးတော့မှ လုပ်တယ်။ ရှေးတုန်းက ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ ကိုယ်တိုင်တောင်မှ နအဖ လောက် မပြင်းထန်တဲ့ ဥပဒေမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ကြုံတွေ့ခဲ့ရသော်လည်း ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ တို့ကို ပုဂ္ဂိုလ်မျိုးတွေက မြန်မာနိုင်ငံအတွက် ကောင်းကျိုးတွေကို ပြုပြီးတော့မှ လုပ်ခဲ့ကြတယ်။

ကောင်းကျိုးတွေကို ကြည့်ပြီးတော့မှ လုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ အတွက်တောင်မှ နအဖ စစ်အစိုးရ အနေနဲ့ ဒီပုဂ္ဂိုလ်တွေအတွက်၊ ဒီဆရာတော်ကြီးတွေအတွက် အထူး ဂုဏ်ပြုထားတာတွေ ရှိတယ်။ ဂုဏ်ပြုထားတဲ့ ဆရာတော်တွေရဲ့ ပုံစံကို ကြည့်ပြီးတော့ ဆရာတော်၊ သံဃာတော်တွေဟာ ဒီပုဂ္ဂိုလ်တွေ ကြည့်ပြီးတော့ နိုင်ငံတော်အတွက် ကောင်းကျိုးလုပ်တာပဲ၊ နိုင်ငံအတွက် အလုပ်လုပ်နေတာပဲလို့ အသိဉာဏ်တရားတွေနဲ့ လုပ်မယ်ဆိုရင် ဒီလို ဥပဒေတွေကို မချမှတ်သင့်ပါဘူး။

မေး။ သံဃာတော်တွေကို တရားစီရင်ဖို့ မရောက်ခင်စပ်ကြား သံဃာတော်တွေရဲ့ အကြီးအကဲဖြစ်တဲ့ ဆရာတော်ကြီးတွေ အနေနဲ့ ဝိနည်း စည်းကမ်းအရ စစ်ဆေး မေးမြန်းနိုင်တာ၊ ဆုံးဖြတ်နိုင်တာတွေရော ရှိပါသလား ဘုရား။

ဖြေ။ ဝိနည်းအရ ရှိပါတယ်။ ဝိနည်းစည်းကမ်းအရ ကြည့်မယ်ဆိုလို့ရှိရင် အဆင့်ဆင့် ပြောရမယ်ဆိုလို့ရှိရင် ရပ်ကွက် သံဃနာယက ရှိတယ်၊ မြို့နယ်အဆင့် သံဃနာယက ရှိတယ်။ တိုင်းအဆင့် ရှိတယ်၊ ဗဟိုအဆင့် နိုင်ငံတော် မဟာ သံဃနာယက အဆင့်ဆိုတာ ရှိတယ်။ ဝိနည်းတော်တွေကို ဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင် - မိမိရဲ့ ရပ်ကွက်အတွင်းမှာ ရဟန်းသံဃာ့တော်တပါးက အပြစ်တခု ကျူးလွန်တယ်ပေါ့ဗျာ၊ အဲလိုဆိုရင် ဝိနည်းစည်းကမ်း ဥပဒေအရ အပြစ်ကို ရဟန်းတွေက ရဟန်းတွေကို အပြစ်ယူလို့ရတယ်။ အဓိကကတော့ ရဟန်းတော်တွေမှာ အပြစ်အကြီးဆုံး အပြစ် ၄ ပါးရှိတယ်။ (၁) ကာမဂုဏ် မေထုန် မမှီဝဲရဘူး။ (၂) ခိုးယူ လူယက်တာ မလုပ်ရဘူး။ (၃) လူမသတ်ရဘူး (အောက်ဆုံးအဆင့်ကို ပြောရရင် ကိုယ်ဝန်ကျဆေးကိုတောင် မပေးရဘူး)၊ (၄) ဈာန်မရဘဲ ရဟန္တာသာ မဟုတ်ဘဲနဲ့ ရဟန္တာလို့ မပြောရဘူး။

အခုခေတ်မှာ နအဖ ကိုးကွယ်နေတဲ့ ပုဂ္ဂိုလ်တွေဆို ချဲဂဏန်းပေးတယ်။ ရဟန္တာဆိုတဲ့ လုပ်ရပ်တွေ လုပ်လို့မရဘူး။ အဲဒီလို လုပ်လိုက်တာနဲ့၊ အဲဒီအပြစ်ကြီး ၄ ချက်ကို ကျူးလွန်မယ် ဆိုလို့ရှိရင် အဲဒီရဟန်းဟာ ရဟန်း မဟုတ်တော့ဘူး။ အဲဒီ ပုဂ္ဂိုလ်မျိုး၊ ရပ်ကွက်အဆင့်၊ ဗဟိုအဆင့် ရှိတဲ့ ဆရာတော် သံဃာတွေကလည်း ဒီအပြစ်တွေကို ကျူးလွန်လာပြီ ဆိုလို့ရှိရင် သံဃနာယက ဆရာတော်တွေကနေပြီး ကျူးလွန်တဲ့ သံဃာတော်တွေကို လူချွတ်ခွင့် ရှိတယ်။ ခုနတုန်းက ဦးဇင်းတို့ လမ်းပေါ် ထွက်ပြီးတော့မှ ငြိမ်းချမ်းစွာ ဆန္ဒပြတာလေးနဲ့ လူချွတ်ခွင့်လည်း မရှိဘူး။ ဝိနည်းအရ သေးငယ်တဲ့ အရာလေးဖြစ်တယ်။

နအဖ စစ်အစိုးရက ထုတ်ထားတဲ့ သိက္ခာပုဒ်တခု ရှိတယ်။ အဲဒီ သိက္ခာပုဒ်က ဘာလဲဆိုတော့ ရပ်ထဲရွာထဲကို မထွက်ရဘူးဆိုတဲ့ ဥပဒေပေါ့။ အဲဒီ ဥပဒေ အရဆိုလို့ရှိရင် ဦးဇင်းတို့ ဝိနည်း စည်းကမ်းအရ သေးငယ်တဲ့၊ ကုစားလို့ရတဲ့ အပြစ်လေးတခု ရှိတယ်။

တကယ်သေးငယ်တဲ့ အပြစ်လေး ဖြစ်တယ်။ အခုခေတ် ရဟန်းတွေ အားလုံးဖြစ်တယ်။ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်တယ်။ အဓိကကတော့ ရပ်ထဲရွာထဲကို သင်္ကန်းရုံပြီးတော့မှ ထွက်ရမယ်၊ သင်္ကန်းမရုံဘဲနဲ့ မထွက်ရဘူးဆိုတဲ့ ဥပဒေဖြစ်တယ်။ သံဃာအားလုံးက မြင်တဲ့အတိုင်းပဲ စက်တင်ဘာ အရေးအခင်းမှာ ထွက်ကြတဲ့ သံဃာတော်တွေ အားလုံးက သင်္ကန်းရုံပြီးမှ ထွက်ခဲ့ကြတယ်။ ဒါကို အပြစ်ရှာပြီးတော့ ရွာထဲရပ်ထဲကို တရားဥပဒေမဲ့ ပုဒ်မတပ်ပြီးတော့၊ လူဝတ်လဲပြီးတော့ ခုံရုံးတွေမှာ တင်တဲ့ ကိစ္စကတော့ အခုရှိနေ၊ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဝိနည်း စည်းမျဉ်းစည်းကမ်းကို နားမလည်ဘူး။ ပြီးတော့ မဟန (မြို့နယ်သံဃမဟာနာယက) ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဝိနည်းစည်းကမ်းတွေ ဝိနည်းဥပဒေတွေ ဒါမျိုးရှိတာ သိပါလျက်နဲ့ ခုနတုန်းက တိုင်းအဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်အဆင့်၊ ဗဟိုအဆင့် သံဃနာယက အားလုံးက ဒီလိုမျိုး လက်ပိုက်ပြီး ကြည့်နေတာက သာသနာအတွက် အင်မတန် ရင်လေးစရာ ဖြစ်ရပ်တခုပဲ။

မေး။ သာသနာစက်ကို အာဏာစက်က ဖုံးတဲ့ သဘောမျိုးလား၊ ဘယ်လိုမျိုးလဲ ဘုရား။

ဖြေ။ သာသနာကို အာဏာစက် ဖုံးနေတာဖြစ်တယ်။ သာသနာ ပျက်နေတဲ့ သဘောပါပဲ။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတာဆိုလို့ရှိရင် စာသင်တိုက်တွေမှာ စက်တင်ဘာ မတိုင်မီတုန်းက ဦးဇင်းတို့လည်း ရန်ကုန်မန္တလေးတွေမှာ နေခဲ့ဖူးတယ်။ စာအာသံတွေက မြန်မာနိုင်ငံတနိုင်ငံလုံး ဆူညံနေတယ်။ အခု ဒီအသံတွေ မကြားရတော့ဘူး။ အကုန်လုံး ဆိတ်သုန်းကုန်ပြီ။

မေး။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာအပြီး တက်ကြွတဲ့ သံဃာတော်တွေကို နအဖ စစ်အစိုးရက ပြုကျင့်ခဲ့ပုံတွေကို ဘုန်းဘုန်းတို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ ဘုရား။

ဖြေ။ ရဟန်းသံဃာတော်တွေကို နှိပ်ကွပ်တဲ့ သဘောနဲ့ လုပ်နေတာပါ။ အခုဆိုလို့ရှိရင် စက်တင်ဘာမှာ ပါခဲ့တဲ့ ပုဂ္ဂိုလ်တွေ ဦးဇင်းတို့ကိုယ်တိုင် ထွက်ပြေးခဲ့လို့ လွတ်မြောက်လာခဲ့တာ။ ထွက်မပြေးဘဲနဲ့ ပြည်တွင်းမှာရှိတဲ့ ဆရာတော် သံဃာတော်တွေ ဆိုလို့ရှိရင်လည်း အပြင်ကို မထွက်ရဲဘူး။ မိမိတို့ရပ်ကွက်တွေမှာ၊ ကျောင်းတွေမှာ နေပြီးတော့မှ ပုန်းလျှိုးကွယ်လျှိုး နေနေရတဲ့ဟာတွေဟာ မြန်မာနိုင်ငံ လွတ်မြောက်ဖို့အတွက် မြန်မာပြည်သူ ပြည်သားတွေ စားဝတ်နေရေးဒုက္ခ၊ ပညာရေးဒုက္ခ၊ စီးပွားရေးဒုက္ခတွေကို ကယ်တင်လိုတဲ့ စိတ်ဓာတ်တွေ မြန်မာနိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ သံဃာတော်တွေထဲမှာ အကုန်လုံး စိတ်ဓာတ် အပြည့်အဝရှိတယ်။ အဲဒီလို စိတ်ဓာတ် အပြည့်အဝရှိတဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် နအဖဟာ နေရာတိုင်းမှာ လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတယ်။

သူ့ရဲ့ လက်ကိုင်ဒုတ်ဖြစ်တဲ့ စွမ်းအားရှင်တို့၊ ကြံဖွတ်တို့ကိုလည်း အသုံးပြုထားတာဆိုတော့ ရပ်ကွက်တိုင်း၊ နေရာတိုင်းမှာ အင်အားသုံးပြီးတယ်။ ဘုန်းကြီးတွေဘက်မှာလည်း လုပ်ရတာ အနည်းငယ် ကျပ်တည်းနေတယ်။ အဲဒီလို လုပ်လို့ရတဲ့ အချိန်မှာ ဦးဇင်းတို့က လုပ်မှာ ဖြစ်တယ်။ မိမိတို့ ဆန္ဒထုတ်ဖော်ခွင့် ရတာနဲ့ ဆန္ဒ ထုတ်ဖော်သွားမှာ ဖြစ်တယ်။ အရင်တုန်းကလည်း မေတ္တာလက်နက် ကိုင်ပြီးတော့ လုပ်သလို အခုလည်း မေတ္တာလက်နက် ကိုင်ပြီးတော့ လုပ်မှာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်း တွေ့ဆုံခွင့်ရ

မြင့်မောင်
တနင်္လာနေ့၊ စက်တင်ဘာလ 01 2008

နယူးဒေလီ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေ ဦးကြည်ဝင်းကို ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် ယနေ့ နံနက်ပိုင်းက တွေ့ဆုံခွင့်ရခဲ့သည်။

ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်မှ စတင်ကာ မိနစ် ၃ဝ ကြာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် သူ၏ နေအိမ်တွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံခွင့် ရလိုက်ခြင်း ဖြစ်သည်။

“ကျနော် သိရတာကို ကျနော် တိတိကျကျ ပြောလိုက်မယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်။ သူရဲ့ ကျန်မာရေး ကောင်းပါတယ်။ ဒါပေမယ်လို့ ခန္ဓာကိုယ် အလေးချိန် နည်းနည်းလျော့နေတယ်။ သူ နည်းနည်း ပင်ပန်းနေတယ်။ အဲဒါကြောင့် နားဖို့လို့တယ်။ ကျန်မာရေးနဲ့ ပတ်သက်လို့ အဲဒီဟာပဲ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ဒီမိုကရေစီ ခေါင်းဆောင်အနေဖြင့် ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်း ပြန်သွားသည့် ကုလသမဂ္ဂ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အပြီး ပြင်ပရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ယခုလ ၄ ရက်နေ့တွင်လည်း သူ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံကာ ဆေးစစ်ခွင့် ရရှိမည့်အကြောင်း ဦးဉာဏ်ဝင်းက ယခုလို ပြောသည်။

သူက “ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ ပုံမှန် တလတကြိမ် တွေ့ဖို့ နအဖ စစ်အစိုးရနဲ့ သဘောတူညီမူ ရထားတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ ၁၇ ရက်၊ ၂ဝဝ၈ ခုနှစ် နောက်ဆုံး တွေ့ခွင့်ရပြီး ဒီလ ၄ ရက်နေ့မှာ သူမရဲ့ ကျန်မာရေးကို ထပ်မံ ဆေးစစ်ခွင့် ရလိမ့်မယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် လလယ်ခန့်မှ စတင်ကာ တပတ်တခါ ပုံမှန် ပေးသွင်းနေသည့် အစားအသောက်များကို လက်မခံတော့ဘဲ ရပ်ဆိုင်းထားသဖြင့် အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းပြည်ပတွင် ခန့်မှန်းချက်များ ပေါ်ပေါက်နေချိန်တွင် ရှေ့နေဖြစ်သူနှင့် တွေ့ဆုံခွင့် ရလိုက်ခြင်းလည်း ဖြစ်သည်။

၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း အကျယ်ချုပ် ကျခံခဲ့ရသည်ကို အယူခံ ဝင်ရောက်ရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ပြီးခဲ့သည့်လ ၈ ရက်နေ့နှင့် ၁၇ ရက်နေ့တွင်လည်း ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံခွင့် ရရှိခဲ့သေးသည်။

မကျေနပ်ချက်များ မပျောက်ကွယ်ကြောင်း အတိုက်အခံများ ပြောဆို

ဝိုင်းပီး၊ မြင့်မောင်
အင်္ဂါနေ့၊ သြဂုတ်လ 19 2008

နယူးဒေလီ။ ။ နအဖ က အကြမ်းဖက် နှိမ်နင်းနေသော်လည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်သူများ၏ မကျေနပ်ချက်များသည် ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ပြည်တွင်းရှိ လှုပ်ရှားတက်ကြွသူများက ယနေ့ ပြောဆိုလိုက်သည်။

ယနေ့ကျရောက်သည့် လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများ တနှစ်မြောက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လှုပ်ရှားတက်ကြွသူ ကျောင်းသားလူငယ်များက ယခုလို ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

"ပြည်သူတွေက မကျေမနပ်ဖြစ်နေတာဟာ ပျောက်ကွယ်မသွားဘူး၊ ဆက်လက် မကျေမနပ်ဖြစ်နေတယ်လို့ ဒီလိုပဲ မြင်ပါတယ်" ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

တက်ကြွလှုပ်ရှားသူ ကိုအောင်မိုးဟိန်းကလည်း "ကျနော်တို့ အဖိနှိပ်ခံ နေရတာတွေကို တဦးချင်းစီ ကိုယ့်ရင်ထဲ၊ အသဲထဲမှာ ကိန်းအောင်းပြီးတော့ ဒီမိုကရေစီရရှိရေးကို အဆုံးရောက်တဲ့အထိ ကြိုးစားဆောင်ရွက်ရမယ်လို့ သန္နိဋ္ဌာန်ချပါတယ်" ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အကြမ်းဖက် တုံ့ပြန်နေခြင်းသည် အမှန်တကယ် ဆောင်ရွက်ရမည့် တိုင်းပြည်စီးပွားရေး အခြေအနေကို တိုးတက်စေရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဆန္ဒထုတ်ဖော်သည့် ပြည်သူများကိုသာ ဖမ်းဆီးနေသည်မှာ ရောဂါနှင့် ကုသနည်းက မသက်ဆိုင်ကြောင်း ဦးဉာဏ်ဝင်းက ယခုလို ဆက်ပြောသည်။

သူက "တကယ့် ရောဂါအရင်းအမြစ် ပျောက်ကင်းစေတဲ့ ကုနည်းနဲ့ ကုတာ မဟုတ်ဘူး။ တကယ်တမ်း ကိစ္စတွေက တယောက်ချင်းကို၊ သူတို့တွေကို ဖမ်းဖို့မဟုတ်ဘူး။ ဒီလိုမဖြစ်အောင် စီးပွားရေးကို တိုးတက်အောင် လုပ်ရမယ်" ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်ခဲ့သည့် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ၏ လမ်းလျှောက်ချီတက်ပွဲ နောက်ပိုင်းတွင် နအဖ က အာဏာပိုင်များ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များကို အသုံးပြုကာ အကြမ်းဖက်နှိမ်နှင်းခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် အဖွဲ့ဝင် ၁၃ ဦးအား စတင်ဖမ်းဆီးခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုအတွင်း ရဟန်းရှင်လူ၊ ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့သည်။

ကုလသမဂ္ဂက မြန်မာအာဏာပိုင်များ၏ နှိမ်နင်းမှုကြောင့် ၂ဝဝ၇ စက်တင်ဘာလအတွင်း ရဟန်းသံဃာနှင့် ပြည်သူ ၃ဝ ဦးသာ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အတိုက်အခံများက ၂ဝဝ ကျော် သေဆုံးကာ ခြောက်ထောင်နီးပါး ထိန်းသိမ်းခံခဲ့ရသည်ဟု ပြောဆိုခဲ့ကြသည်။

ယနေ့အထိ မြန်မာစစ်အစိုးရက ဆန္ဒပြပွဲများကို ကြမ်းတမ်းစွာ ဆက်လက်၍ ဖမ်းဆီးနှိပ်ကွပ်နေသလို၊ ကျန်ရှိနေသည့် မြန်မာ့နိုင်ငံရေး လှုပ်ရှားနေသူများအား အနီးကပ် စောင့်ကြည့်နေဆဲဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသူတဦးက "အိမ်ပတ်ဝန်းကျင်မှာကို စောင့်နေကြတာ။ နေ့တိုင်းပဲ ၃-၄ ယောက် အမြဲတမ်း ရှိတယ်။ ဘတ်စ်ကား မှတ်တိုင်မှာရောပဲ" ဟု ပြောသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှုနှင့် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ လူငယ်တဦးကလည်း သူနှင့် သူ၏ အပေါင်းအသင်းများအား မည်သည့်အချိန်တွင် လာရောက် ခေါ်ဆောင်သွားမည်၊ မည်သူအား ဖမ်းဆီးသွားပြီလဲဆိုသည့် စိုးရိမ်စိတ်ဖြင့် နေ့စဉ်နှင့်အမျှ အသက်ရှင်နေရကြောင်း ယခုလို ပြောသည်။

သူက "မနက်အိပ်ရာထ မျက်လုံးနှစ်လုံး ဖွင့်လိုက်တာနဲ့ မနေ့က ကိုယ် စကားပြောခဲ့တဲ့ ကိုယ်ရဲ့သူငယ်ချင်း ဒီနေ့ ရှိပါ့တော့မလား၊ ပြန်တွေ့ရပါ့မလား၊ ငါ့ကိုတော့ ဘယ်တော့ လာဝင်ဆွဲသွားမလဲ ဆိုပြီးတော့ ကြောင့်ကြစိတ်တွေနဲ့ နေ့တိုင်း ရင်ဆိုင်နေရတယ်ဗျာ" ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲအတွက် လှုပ်ရှားနေသည့် ကျောင်းသားလူငယ်များအား ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း အန်အယ်ဒီလူငယ်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများက မိမိတို့တတ်နိုင်သည့် နည်းလမ်းဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုကြသည်။

ကိုအောင်မိုးဟိန်းက "ကျနော်တို့က မြန်မာလူမျိုးတွေအတွက် လူဖြစ်တာ။ ရှေ့ဆက်လျှောက်ရမယ့် ဒီမိုကရေစီပန်းတိုင်၊ ဆုံးရှုံးနစ်နာနေတဲ့ လူ့အခွင့်အရေးတွေ ပြန်ရရေးအတွက် ဆက်လုပ်သွားမှာဖြစ်တယ်။ ဖမ်းတာက သူ့အလုပ်၊ လုပ်ရမယ့် အလုပ်က ကိုယ့်အလုပ်ဆိုတာ ကျနော်တို့ကိုယ် ကျနော်တို့ သတ်မှတ်ထားတယ်" ဟု ပြောသည်။

သူက ဆက်ပြီး "ကျနော်တို့ တနေ့နေ့မှာ အောင်မြင်မှုတော့ ရမှာပဲ။ တရားသဖြင့် ရပ်တည်နေတဲ့သူတွေ၊ အမှန်တရားကို ဆုပ်ကိုင်နေပြီး ရပ်တည်နေတဲ့သူတွေဆိုတော့ တနေ့နေ့ တချိန်ချိန်မှာ မလွဲမသွေ အောင်မြင်မှုဆိုတာ ရှိကိုရှိလာလိမ့်မယ်လို့ မျှော်လင့်ထားတယ်" ဟု ပြောဆိုသည်။

၈၈ ခေါင်းဆောင်များ မျက်ကွယ်ရမန်နှင့်ပင် ဖမ်းဆီးသည်မှာ တနှစ်ပြည့်ပြီ

မြင့်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ 21 2008

နယူးဒေလီ။ ။ ဖမ်းဆီးခံရမှု တနှစ်ပြည့်ပြီ ဖြစ်သော်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား အမှုစစ်ဆေးခြင်း မရှိဘဲ ရမန်ရုံးချိန်းများ ပေးခြင်းဖြင့်သာ ဆက်လက်၍ အကျဉ်းချထားဆဲ ဖြစ်သည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦးအား ဖမ်းဆီးခဲ့သော်လည်း ယနေ့အထိ ပုဒ်မတပ် တရားစွဲဆိုခြင်း မရှိဘဲ ထောင်တွင်း ရမန်ဖြင့် ချုပ်နှောင်ထားသည်မှာ ယနေ့တွင် တနှစ်ပြည့်မြောက်ခြင်း ဖြစ်သည်။

“အခွင့်အရေးတွေ ဆုံးရှုံးနေတယ် ဆိုတာက ရမန်ယူတာ တရားရုံးရှေ့ကို ထုတ်ရတယ်။ မျက်ကွယ် ရမန် မယူသင့်ဘူး။ မျက်ကွယ် ရမန်ယူတယ်ဆိုတာ ဥပဒေမှာ မရှိဘူး” ဟု ကိုယ်စားလှယ်လွှဲစာ ရထားသူ ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

သူက ဆက်ပြီး “ရမန်ယူတယ် ဆိုတာက အချုပ်မှာ ဘယ်လို အခြေအနေ ရှိသလဲ၊ ဘယ်လို ဒဏ်ရာ ရနေသလဲ။ ချုပ်ထားစဉ် ကာလမှာ ဘယ်လို ကျန်းမာရေး ချို့တဲ့နေတယ်။ ဒီကိစ္စတွေဟာ အရေးကြီးတဲ့ ကိစ္စတွေပါ။ ထောင်တွင်း ရမန်ယူတယ် ဆိုတာ ရုံးချိန်းပေးလိုက်ပြီး အချုပ်တရားခံတွေက တင်ပြပြောဆိုမှု မရှိဘဲ ဘာမှ နားမထောင်ဘူး၊ လိုက်လံ ဆောင်ရွက်ပေးခြင်း မရှိပါဘူး။ ရမန်ပေးတယ်ဆိုတော့ အမူဖိုင် မလုပ်သေးဘူး။ ဘယ် ပုဒ်မနဲ့ ဘယ်တရားရုံးမှာ အမှုဖိုင် လုပ်တယ်ဆိုတာ မရှိသေးဘူး” ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် နအဖ စစ်အစိုးရက ရုတ်တရက် ဆိုသလို ဓာတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းကို ၂ ဆခန့် တိုးမြှင့်လိုက်သောကြောင့် ပြည်သူလူထုအနေဖြင့် သြဂုတ်လ ၂၂ ရက်နေ့တွင် လောင်စာနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ တပြိုင်ထဲ ကျင်းပရန် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်က ဆော်သြခဲ့သည်။

အဆိုပါ သတ်မှတ်ရက်မတိုင်ခင် တရက်အလို သြဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်ရှိ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များအား အာဏာပိုင်များက နေအိမ်များမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးမခံရခင် နှစ်ရက်အလို ဖြစ်သည့် သြဂုတ်လ ၁၉ ရက်နေ့က ကျောင်းသားခေါင်းဆောင်များနှင့် အရပ်သား ၅ဝဝ ခန့်သည် ရန်ကုန်မြို့တွင်း လမ်းလျှောက် ချီတက်ပွဲ တရပ်ကို ပြုလုပ်ခဲ့ကြသေးသည်။

ရှေ့နေ ဦးအောင်သိန်း “တနှစ်နီးပါးလောက်က ရမန်ပဲ သွားနေတာ။ ပုဒ်မက ကြည့်ရတာ ၅ ခု၊ ၆ ခုလောက် ရှိမယ်ထင်တယ်။ ရမန် ၂ ပတ်ချိန်းနဲ့ သွားနေတာ။ ရမန်ပေးရင် တရားသူကြီးကို သူ တင်ပြစရာရှိရင် တင်ပြပိုင်ခွင့် ရှိရမယ်။ အခုဟာက ထောင်တွင်း ရမန် ယူတယ်ဆိုတော့ တရားသူကြီးက ဘယ်နေ့က ဘယ်ပုဒ်မနဲ့ ရမန်ပေးတယ်။ တရားသူကြီးက ပြောခွင့် မရှိဘူး။ ဒီဘက်လည်း မေးခွင့် မရှိဘူး။ အဲဒီလို ဖြစ်ကုန်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ မှ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က “ကိုမင်းကိုနိုင်တို့ကို စဖမ်းကတည်းက မတရားသဖြင့် ဖမ်းတာ။ ဖမ်းပြီးတဲ့ အခါကျတော့လည်း ဥပဒေအရ ခံစားခွင့်တွေ မရဘူး။ လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေ မရဘူး။ နအဖ အစိုးရအနေနဲ့ မလုပ်သင့်၊ မလုပ်အပ်တဲ့ အရာတွေ” ဟု ပြောသည်။

သူက ဆက်ပြီး “မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု မရှိတဲ့ ပြသမှု ဖြစ်တယ်။ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီ အပြောင်းအလဲနဲ့ လူအခွင့်အရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့သူတွေ ဖြစ်တယ်။ နှစ်ပေါင်းများစွာ ထောင်ကျခံရခြင်း ဖြစ်တယ်။ ထောင်က ထွက်လာတဲ့ အခါမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်၊ မြန်မာပြည်သူတွေ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့အတွက် ထပ်မံ အဖမ်းခံရတယ်။ အဲဒီ ရပ်တည်မှုအတွက် ကျနော်တို့တတွေက တကယ့်ကို လေးစားရတယ်။ အဲဒီအပေါ်မှာ နောက်လူငယ်တွေအနေနဲ့ စံပြထား လုပ်သင့်တယ်” ဟု ပြောသည်။

ယခင်ကလည်း နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရဖူးသည့် ကျောင်းသား ခေါင်းဆောင်များ အနေဖြင့် တမျိုးမဟုတ် တမျိုး ရောဂါအခံများ ရှိနေသဖြင့် လက်ရှိအချိန်တွင်လည်း ကျန်းမာရေး ကောင်းမွန်ခြင်း မရှိကြောင်းလည်း သိရသည်။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက “နှစ်ရှည်ကျကတည်းက သူတို့မှာ ရောဂါဟောင်းတွေနဲ့ပေါ့။ အကို့အနေနဲ့က အစာမကြေတာက အဓိကပဲ။ အကိုလည်း အဆင်ပြေအောင် ကြည့်စားနေရတာပေါ့။ အကိုကတော့ ဆန်ပြုတ် သောက်နေရတာပေါ့” ဟု ပြောသည်။

သူက ဆက်ပြီး “သူတို့တတွေက ကျန်းမာရေး အခြေအနေ ကောင်းတဲ့လူ မရှိသလောက်ပါပဲ။ စပြီး ဆွဲ (ဖမ်းဆီး) ကတည်းက အမှုက အမျိုးမျိုး ပြောင်းနေတာပဲ။ အခု နောက်ဆုံး အခြေအနေက နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင် လဲလှယ်မှု ပုဒ်မ ၂၄/၁ လို့ ပြောတယ်။ ကိုမင်းကိုနိုင် အနေနဲ့ မျက်စိ၊ သွေးတိုး၊ နှစ်လုံးသွေးကြောကျဉ်း၊ အရိုးကျီးပေါင်း တက်တာ၊ ခြေတောက်က အရိုး အတက်ထွက်တာ ဖြစ်နေတယ်” ဟု ပြောသည်။

သူတို့နှစ်ဦးကဲ့သို့ပင် ကိုမြအေးတွင် နှလုံးရောဂါ၊ ကိုမင်းဇေယျာတွင် သွေးတိုးရောဂါတို့ ရှိနေသလို အလျင်အမြန် ဆေးဝါးကုသပေးရန် လိုအပ်ကြောင်းလည်း သူက ပြောဆိုခဲ့သည်။

တရားမဝင် VCD/DVD များ ရောင်းချမှုကြောင့် ဂီတလောက ထိခိုက်ရ

မြင့်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ 28 2008




နယူးဒေလီ။ ။ မြို့တော်ဟောင်း ရန်ကုန်နှင့် နယ်ဒေသများတွင် တေးသီချင်း VCD/DVD ခွေများ တရားမဝင် ကော်ပီကူးယူ ရောင်းချမှုများ များပြားနေသဖြင့် ဂီတလောက အနေဖြင့် စီးပွားရေးအရ ဆုံးရှုံး နစ်နာနေကြောင်း ဂီတလောကမှာ အဆိုတော်များနှင့် ထုတ်လုပ်သူများက တညီတညာတည်း ပြောဆိုလိုက်ကြသည်၊

မူရင်းခွေများအား ကူးယူကာ ဈေးပေါပေါဖြင့် တရားမဝင် ရောင်းချနေမှုများ များပြားနေသောကြောင့် တေးထုတ်လုပ်သူများနှင့် တေးသံရှင်များအတွက် ကြီးမားသည့် ဆုံးရှုံးမှုများ ပေါ်ပေါက်နေရသည်။

“ခိုးကူးတွေကြောင့်မို့ ဂီတလောက တခုလုံးရဲ့ စီးပွားရေးက ရပ်ဆိုင်းလုနီးပါး ရှိပါတယ်။ လောလောဆယ် ၂ နှစ်၊ ၃ နှစ်နီးပါး ဘာမှ လုပ်လို့မရဘူး။ ဒီတော့ တချို့လူတွေကလည်း စတိတ်ရှိုးလေး ဘာလေး လှည့်ဆိုပြီး ကိုယ့်ရဲ့ ပရိုမိုးရှင်း (Promotion) လေး ဘာလေး မြှင့်ပြီးတော့လည်း VCD ခွေ ထုတ်တာတွေလည်း ရှိပါတယ်။ စီးပွားရေး အတွက်က တွက်ခြေမကိုက်ဘူး ဖြစ်နေတယ်” ဟု တေးရေးသူနှင့် အဆိုတော် ဆောင်းဦးလှိုင်က မဇ္ဈိမကို ပြောသည်။

နာမည်ကြီး ရော့ခ် Rock အဆိုတော် ဇော်ဝင်းထွဋ်ကလည်း “ကျနော်တို့ အများကြီး နစ်နာသွားတယ်။ ကျနော်တို့က ဒီအသက်အရွယ် ရောက်လာပြီး ကိုယ့်ဘဝ အကုန်လုံးနီးပါး Invest (ရင်းနှီးမြှုပ်နှံ) လုပ်ပြီးတော့ ဒီထဲမှာ နေနေတာဆိုတော့ ဒီ့ပြင်အလုပ်ကို ပြောင်းလုပ်ရအောင်ကလည်း ဘာမှ လုပ်လို့ မရတော့ဘူး။ ဒီ့ထက် ထိခိုက်တာတော့ မရှိတော့ဘူး။ လူဆိုတာက အတတ်နိုင်ဆုံးက မျှော်လင့်တယ်။ အတတ်နိုင်ဆုံး ရှင်သန်မယ်ဆိုတဲ့ စိတ်နဲ့ ပိုများ ကောင်းမလားလို့၊ မနက်ဖြန်များ ပြန်ကောင်းလာမလားလို့ မျှော်လင့်ပြီး နေရတယ်” ဟု ပြောသည်။

ခိုးကူခွေများ ရောင်းချနေမှုကြောင့် ထုတ်လုပ်သူများ၏ စီးပွားရေးနှင့် အနုပညာရှင်များ၏ ဖန်တီးမှုများ ကျဆင်းရကြောင်း ထုတ်လုပ်သူ တဦးကလည်း ပြောဆိုသည်။

ကိုဇော်ဝင်းထွဋ်က “ကိုယ်က သူတို့လို ထုတ်ခြင်းအားဖြင့် ဝင်ငွေ ဒီလောက် ရစရာ မရှိတော့တဲ့ သဘော ဖြစ်သွားတယ်။ အပြင် (ဈေးကွက်) နဲ့ ဆက်သွယ်တဲ့ နေရာမှာ ထုတ်လုပ်သူတွေနဲ့ အဆိုတော်တွေ နဲတော့ Role ကျသွားတယ်။ အရင်လို မာမာတင်းတင်း ပြောလို့ မရတော့ဘူး။ ဈေးကျသွားသလို ကိုယ်လည်း စီးပွား သိပ်မဖြစ်သလို ဖြစ်နေတယ်” ဟု ပြောသည်။

ပုံမှန်အားဖြင့် VCD/DVD စီဒီခွေ တခွေလျှင် ကျပ် ၁ဝဝဝ နှင့် ၁၅ဝဝ ကြား ပေါက်ဈေးရှိသော်လည်း ခိုးကူးခွေ တခွေလျှင် ကျပ် ၃ဝဝ-၃၅ဝ ဖြင့် ရောင်းချနေသည့်အတွက် အဆိုပါ တရားမဝင် ခွေရောင်းချမှုကို ကျော်လွှားနိုင်ရန် မကြာသေးခင်က ထုတ်လုပ်ခဲ့သော အဆိုတော် ဂျေညီညီ၏ “အကောင်းဆုံးတေးများ” မူရင်း တေးစီးရီးခွေကို ၃၅ဝ ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချခဲ့ရသည်ဟု ရန်ကုန်ရှိ ပုလဲ တေးသံသွင်းဌာနက ဆိုသည်။

“အခုလို လုပ်လိုက်တဲ့အတွက် အတော်ကို အောင်မြင်ပါတယ်။ ကျနော်တို့ ဈေးကွက်အသစ် ရလာတယ်။ အရင်တုန်းက ခွေတခွေထုတ်ရင် ရောင်းဈေးက ၁ဝဝဝ ၊ ၁၅ဝဝ ။ ခွေအရေအတွက် ၄-၅-၆ ထောင် ကုန်ဖို့ အတော် ရောင်းရတယ်။ တန်ဖိုးက ကြီးတယ်ဆိုတော့ အရောင်း မသွက်ဘူး။ အခုဟာက အတော်ကို ရောင်းကောင်းပါတယ်။ ခွေအရေအတွက် ၃-၄ သောင်းလောက် ရောင်းရတော့ ဈေးကွက်ကြီးလာတဲ့ သဘောပေါ့” ဟု ပုလဲတေးသံသွင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

သူက ဆက်ပြီး “ခိုးကူးခွေတွေကို တိုက်ဖျက်တဲ့ အနေနဲ့လည်း ပါပါတယ်။ ဈေးကွက်အသစ်လည်း ဖြစ်အောင် လုပ်တာဖြစ်တယ်။ သမရိုးကျ သွားနေရင်တော့ မဖြစ်ဘူး။ ပုံစံအသစ် အပြောင်းအလဲလေး လုပ်လိုက်တဲ့ သဘောပါပဲ။ ဒီဟာကို ကိုဂျေညီညီနဲ့ ပေါင်းလုပ်ပြီးတော့ ကိုဂျေညီညီကလည်း အနုပညာကြေး မယူဘဲနဲ့ ကျနော်တို့ ထုတ်လုပ်ရေးနဲ့ ပူးပေါင်းပြီး လုပ်တာပါ” ဟု ပြောသည်။

ကိုဆောင်းဦးလှိုင်က “ထိုက်သင့်သလောက် လျှော့ရောင်းချင်တယ်။ ရုပ်ပျက်ဆင်းပျက် ဈေးနှုန်းတော့ မရောင်းချင်ဘူး။ တတ်နိုင်တဲ့ လူရှိရင် ဝယ်လိမ့်မယ်၊ မတတ်နိုင်တဲ့လူက ခိုးကူးခွေကို ဝယ်ယူအားပေးတာ အပြစ်မတင်ချင်ဘူး။ မတတ်နိုင်လို့ မဝယ်တာဘဲ၊ ကျနော် အပြစ်မတင်ပါဘူး။ တတ်နိုင်ရဲ့သားနဲ့ ခိုးကူးခွေတွေကို ဝယ်တဲ့ လူတွေကျတော့ အနုပညာသည်တွေကို အားမပေးတဲ့ သဘောမျိုး၊ အနုပညာရှင်တွေ အနေနဲ့ ဒုက္ခရောက်နေတဲ့ဟာကို လျစ်လျှူရှုတဲ့ သဘောလို့ မြင်တယ်” ဟု ပြောသည်။

ကိုဇော်ဝင်းထွဋ်ကမူ “ကျနော်က ခွေအသစ် ထွက်လို့ရှိရင် ပြည်သူတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ ထိထိရောက်ရောက် ပြည်သူတွေ လက်ထဲရောက်အောင် ကြိုးစားသွားမှာ ဖြစ်တယ်။ ကျနော်တို့က ရန်ကုန်မှာ ထိုင်ရောင်းနေမယ့်အစား နယ်တွေကို ကိုယ်တိုင်သွားပြီး ဖျော်ဖြေတာပဲဖြစ်ဖြစ်၊ မဟုတ်ရင်လည်း ကိုယ်တိုင်ကိုယ်ကျ ဖြန့်ဝေတာမျိုးဖြစ်ဖြစ် လုပ်မှ ပိုထိရောက်လိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ကိုယ့်အနားမှာ လက်လှမ်းမီသရွေ့ ဝယ်လို့ရတာက ခိုးကူးခွေတွေ ဖြစ်နေတယ်။ ... မူရင်းခွေတွေကို ဝယ်မယ်ဆိုရင် ကားမောင်းပြီး၊ မြို့ထဲ အသံသွင်းဆိုင်ပဲဖြစ်ဖြစ် ဝယ်မယ်ဆိုရင် ကားကို အဲဒီဆိုင်ကို ရောက်အောင် မောင်းရမယ်။ ကားပါကင်မှာ ရပ်ရမယ်။ ခိုးကူးခွေက လမ်းဘေးမှာ ကားမှန်လေး ဖွင့်လိုက်ရင် ဗန်းချပြီး ရောင်းတဲ့အတွက် အနားမှာ ရှိတယ်။ မီးပွိုင့်တွေမှာ ဝယ်လို့ရတဲ့အတွက် ခိုးကူးခွေတွေကို အများပြည်သူတွေက အလွယ်တကူ ဝယ်ယူတာ ဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လက အနုပညာလောကမှ ရာသက်ပန် အနားယူတော့မည့် ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် သမီး ခင်ခင်ခတို့ ပါဝင်သီဆို သရုပ်ဆောင်သော VCD ကို နဝရတ် တေးသံသွင်းဆိုင်တွင် အသံသွင်းယူခဲ့ပြီးနောက် ဦးကျော်ဟိန်းက ရုပ်ရှင်သရုပ်ဆောင်နည်း၊ သူ၏ အတ္ထုပ္ပတ္တိ စာအုပ်တို့နှင့် ပူးတွဲကာ မူရင်းတခွေလျှင် ကျပ် ၄ဝဝ ဖြင့် ကိုယ်တိုင် လိုက်ရောင်းခဲ့သော်လည်း မည်သည့် ရည်ရွယ်ချက်ဖြင့် ရောင်းချရသည်ကိုမူ မသိရပါ။

ခိုးကူးခွေနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ဂီတ အစည်းအရုံးမှ တားမြစ်ရန် ဆောင်ရွက်ချက်များ ရှိသော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် အဆိုပါ တရားမဝင် ရောင်းချမှုမှာ ဆက်လက် တိုးပွားနေသည်ဟု ဂီတ အသိုင်းအဝိုင်းက ဆိုသည်။

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အနုပညာ မူပိုင်ခွင့်နှင့် ဆက်စပ်ကာ စီးပွားရေးအရ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လေ့ ရှိသော်လည်း ပြည်တွင်းဈေးကွက်ကိုသာ အဓိက မှီခိုနေရသည့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွင် ကော်ပီခွေ ရောင်းချမှုကို ထိရောက်စွာ တားမြစ်နိုင်ခြင်း မရှိသောကြောင့် အနုပညာဖန်တီးမှုနှင့် ထုတ်လုပ်မှုတွင် များစွာ ထိခိုက်နေရခြင်းဖြစ်သည်။