မြင့်မောင်
တနင်္လာနေ့၊ စက်တင်ဘာလ 01 2008
နယူးဒေလီ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ရှေ့နေ ဦးကြည်ဝင်းကို ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် ယနေ့ နံနက်ပိုင်းက တွေ့ဆုံခွင့်ရခဲ့သည်။
ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်မှ စတင်ကာ မိနစ် ၃ဝ ကြာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် သူ၏ နေအိမ်တွင် ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံခွင့် ရလိုက်ခြင်း ဖြစ်သည်။
“ကျနော် သိရတာကို ကျနော် တိတိကျကျ ပြောလိုက်မယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်။ သူရဲ့ ကျန်မာရေး ကောင်းပါတယ်။ ဒါပေမယ်လို့ ခန္ဓာကိုယ် အလေးချိန် နည်းနည်းလျော့နေတယ်။ သူ နည်းနည်း ပင်ပန်းနေတယ်။ အဲဒါကြောင့် နားဖို့လို့တယ်။ ကျန်မာရေးနဲ့ ပတ်သက်လို့ အဲဒီဟာပဲ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
ဒီမိုကရေစီ ခေါင်းဆောင်အနေဖြင့် ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်း ပြန်သွားသည့် ကုလသမဂ္ဂ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အပြီး ပြင်ပရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ယခုလ ၄ ရက်နေ့တွင်လည်း သူ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံကာ ဆေးစစ်ခွင့် ရရှိမည့်အကြောင်း ဦးဉာဏ်ဝင်းက ယခုလို ပြောသည်။
သူက “ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ ပုံမှန် တလတကြိမ် တွေ့ဖို့ နအဖ စစ်အစိုးရနဲ့ သဘောတူညီမူ ရထားတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ ၁၇ ရက်၊ ၂ဝဝ၈ ခုနှစ် နောက်ဆုံး တွေ့ခွင့်ရပြီး ဒီလ ၄ ရက်နေ့မှာ သူမရဲ့ ကျန်မာရေးကို ထပ်မံ ဆေးစစ်ခွင့် ရလိမ့်မယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် လလယ်ခန့်မှ စတင်ကာ တပတ်တခါ ပုံမှန် ပေးသွင်းနေသည့် အစားအသောက်များကို လက်မခံတော့ဘဲ ရပ်ဆိုင်းထားသဖြင့် အစာငတ်ခံ ဆန္ဒပြနေခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းပြည်ပတွင် ခန့်မှန်းချက်များ ပေါ်ပေါက်နေချိန်တွင် ရှေ့နေဖြစ်သူနှင့် တွေ့ဆုံခွင့် ရလိုက်ခြင်းလည်း ဖြစ်သည်။
၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း အကျယ်ချုပ် ကျခံခဲ့ရသည်ကို အယူခံ ဝင်ရောက်ရေးအတွက် ပြင်ဆင်သည့် အနေဖြင့် ပြီးခဲ့သည့်လ ၈ ရက်နေ့နှင့် ၁၇ ရက်နေ့တွင်လည်း ရှေ့နေ ဦးကြည်ဝင်းနှင့် တွေ့ဆုံခွင့် ရရှိခဲ့သေးသည်။
Wednesday, September 3, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment