Saturday, August 16, 2008

မလေးရှားမှာ မြန်မာ ၁၆ဝ ကျော် အဖမ်းခံရ

မြင့်မောင်
သောကြာနေ့၊ သြဂုတ်လ 15 2008

နယူးဒေလီ။ ။ မလေးရှားရှိ နိုင်ငံခြားသားများနှင့် မြန်မာ အလုပ်သမားများအား မလေးအာဏာပိုင်များ ဖမ်းဆီးရာတွင် ယခုလအတွင်း မြန်မာနိုင်ငံသား ၁၆ဝ ကျော် ဖမ်းဆီးခံရပြီး ဖြစ်သည်။

RELA (Volunteers of Malaysian People) ခေါ် မလေးရှား ပြည်သူ့စစ်များက တရားမဝင် နေထိုင်သူ နိုင်ငံခြားသားများ သာမက ပြည်ဝင်ခွင့် ဗီဇာနှင့် ကုလဒုက္ခသည်ကဒ် ကိုင်ထားသူများမရှောင် ဖမ်းဆီးရာတွင် ယခုလ ၁၃ ရက် တရက်ထဲတွင်ပင် Cheress မြို့ Maruri ရပ်ကွက်၌ မြန်မာနိုင်ငံသား ၆ဝ ကျော် အဖမ်းခံရပြီးနောက် ယခုလအတွင်း မြန်မာ ၁၆ဝ ကျော် ဖမ်းဆီးခံရပြီး ဖြစ်သည်။

“ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသား ၆ဝ ကျော်ကို ဖမ်းဆီးတယ်။ တရားဝင် နေထိုင်တဲ့ သူတွေရော၊ ဘာမှ အထောက်အထား မရှိသူရော၊ UNHCR ကဒ် ရှိသူတွေကို ဖမ်းတယ်။ အလုပ်လုပ်တဲ့ ပါမစ်သမားတွေ ကျတော့ သူဋ္ဌေးက လာထုတ်တဲ့ သူကျတော့ လွှတ်ပေးတယ်။ သူဋ္ဌေးက လာမထုတ်ရင် နိုင်ငံခြားသားတွေ ထားတဲ့ camp ထဲမှာ နေရတယ်” ဟု မလေးရှားနိုင်ငံ ကွာလာလန်ပူရှိ မြန်မာ အလုပ်သမားတဦးက ပြောသည်။

ယခုလအတွင်း Chress မြို့ Maluri ရပ်ကွက် (လူဦးရေ ၆ဝ ကျော်)၊ ကွာလာလမ်ပူမြို့ရှိ Sungai Buloh (၅ဝ ခန့်) နှင့် Alorstar ပြည်နယ်အတွင်းရှိ Palati မြို့ (၅ဝ ခန့်) တွင် ဖမ်းဆီးခံရသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှားဌာနခွဲ) ၏ အလုပ်သမားရေးရာ ကူညီစောင့်ရှောက်ရေး ဌာနမှ သုတေသန စာရင်းအရ သိရသည်။

ယခုလို အဖမ်းအဆီးများသည် ၂ဝဝ၅ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး အဖမ်းဆီးခံ နိုင်ငံခြားသားများကို စမုံညှင်း၊ လင်းခေး စခန်းများတွင် ထိန်းသိမ်းထားလေ့ ရှိသည်။

မြန်မာအလုပ်သမားက “ဘတ်စ်ကားတွေပေါ်မှာ တက်စစ်ဆေးတယ်၊ ဖမ်းသွားတယ်။ တခြား ရပ်ကွက်တွေမှာ ဆိုရင် အိမ်တွေထဲအထိ ပိုက်စိတ်တိုက် ရှာတယ်ဆိုတော့ အခုလက်ရှိ နေရထိုင်ရတဲ့ အပိုင်းမှာ တော်တော်လေး ဒုက္ခရောက်နေတယ်” ဟု ပြောသည်။

အခြား မြန်မာအလုပ်သမားက “RELA ဆိုတဲ့ နိုင်ငံခြားသား နှိမ်နှင်းရေးအဖွဲ့က ပါမစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းကြတာ။ ပြီးမှ လူဝင်မှု ကြီးကြပ်ရေးက ခေါ်ပြီးတော့ ပြန်လွှတ်ပေးသင့်မှ ပြန်လွှတ်တယ်။ ပါမစ် မှန်တယ်၊ လုပ်ပိုင်ခွင့် ရှိတယ် ဆိုတာတောင်မှ သူဋ္ဌေးရဲ့ ထောက်ခံတဲ့ စာတွေကို ပါလာမှ ပြန်လွတ်တယ်” ဟု ပြောသည်။

အန်အယ်ဒီ-လွတ်မြောက်နယ်မြေ (မလေးရှားဌာနခွဲ) ဥက္ကဋ္ဌ ကိုကျော်ကျော်က “ကျနော်တို့ အလုပ်အမှုဆောင် EC ထဲက ကိုမင်းသူဆိုရင် ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကဒ်နံပါတ် ၃၅၄-ဝ၇ (စီ) ဝ၃ဝ၉၅ ကို ကိုင်ထားတယ်။ သူ့ကို ဘတ်စ်ကားပေါ်မှာ ဖမ်းသွားတယ်” ဟု ပြောသည်။

ကိုမင်းသူ အား မြန်မာ သို့မဟုတ် ထိုင်းနယ်စပ်သို့ ပို့ဆောင်ဖွယ် ရှိသလို၊ အရေးယူမှုများလည်း ပြုလုပ်နိုင်သဖြင့် UNHCR သို့ အကူအညီ တောင်းခံရာ မရရှိသေးကြောင်းနှင့် လာမည့်လ ၁၄ ရက်နေ့တွင် အမေရိကားသို့ ထွက်ခွါမည့် ကိုကျော်ဆန်း (UNHCR နံပါတ် ၃၅၄-ဝ၇ (စီ) ၁ဝ၅၂၂) နှင့် အလားတူ ကဒ်ကိုင်ဆောင်ထားသူ ၂ ဦးလည်း ဗုဒ္ဓဟူးနေ့ကပင် ဖမ်းဆီးခံခဲ့ရကြောင်း သူက ဆက်ပြောသည်။

ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေ သိရှိရန်အတွက် မဇ္ဈိမက မလေးရှားရှိ UNHCR သို့ ဆက်သွယ် မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း မရှိပါ။

ဒုက္ခသည်ကဒ် ကိုင်ထားသူ ကိုအောင်ကျော်ဆက်က “အရင် ၆ လ ၊ တနှစ်ကျော်လောက်အထိ UNHCR ကို သွားရင် ဟုတ်ပါပြီဆိုပြီး camp တွေ၊ ထောင်တွေကို လိုက်ကြည့်တယ်။ အခုနောက်ပိုင်းကျ ထောင်တွေ၊ camp တွေကို ဝင်ခွင့် မရတော့ဘူးလို့ UNHCR က ပြောတယ်။ အစိုးရက UNHCR ကို သက်ဆိုင်ရာ camp တွေမှာ ပေးမဝင်တော့ဘူး။ သူတို့က ဘယ်လိုပဲညှိညှိ သက်ဆိုင်ရာ အထောက်အထားတွေပဲဖြစ်ဖြစ်၊ UNHCR ကိုင်ထားသူတွေပဲဖြစ်ဖြစ်၊ ဖမ်းမိတယ်ဆိုရင် လိုက်မတွေ့နိုင်တော့ဘူး” ဟု ပြောသည်။

မလေးရှားရှိ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ဥပဒေပညာရှင်များက မလေးအစိုးရက RELA ကို ဖမ်းဆီးရန် လုပ်ပိုင်ခွင့် ပေးသည့်အတွက် အပြင်းအထန် ရှုတ်ချခဲ့သေးသည်။

မြန်မာများအပြင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားများလည်း အလားတူ ဖမ်းဆီးခဲ့ရသည်။ မလေးရှားတွင် တရားဝင်နှင့် တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသား ၅ သိန်းခန့်ရှိသည်ဟု မြန်မာလုပ်သားများက ခန့်မှန်း ပြောဆိုကြသည်။

Thursday, August 14, 2008

မြန်မာ့အရေး ဆောင်ရွက်သူ ၉ ဦး စင်္ကာပူက ဗီဇာတိုးမပေး

မြင့်မောင်(မဇ္ဈိမသတင်းဌာန)
ကြာသပတေးနေ့၊ သြဂုတ်လ 14 2008

နယူးဒေလီ။ ။ နေထိုင်ခွင့် ကုန်ဆုံးသွားသူ မြန်မာ ၁၂ ဦးကို စင်္ကာပူ အာဏာပိုင်များက သက်တမ်း တိုးမပေးဘဲ ထားလိုက်သည်။

နေထိုင်ခွင့် ပါမစ်ကို အချိန်မီ သက်တမ်း တိုးမပေးဘဲ အကြောင်း အမျိုးမျိုးပြကာ ပိတ်ဆို့လိုက်သည့်အတွက် စင်္ကာပူနိုင်ငံမှ မြန်မာ ၃ ဦး ထွက်ခွါသွားရပြီး နောက်ထပ် ထွက်ခွါရန်လည်း ၉ ဦးမျှ ရှိနေသေးကြောင်း သိရခြင်း ဖြစ်သည်။

“ကျနော်က စင်္ကာပူ အမျိုးသား တက္ကသိုလ်မှာ ပညာသင်ခဲ့တယ်။ ကျောင်းပြီးချိန်မှာ တခြား ကျောင်းသားတွေနဲ့အတူ အလုပ်အကိုင် ရှာဖွေဖို့လည်း မရဘူး။ PR Application Offer Letter ကိုလည်း လက်ခံရရှိခြင်း မရှိဘူး” ဟု စင်္ကာပူမှ ထွက်ခွါခဲ့ရသူ ကိုစိုးသီဟက မဇ္ဈိမကို ပြောသည်။

သူက “အမှန်တကယ်က တိုးပေးရမယ်၊ ကျောင်းပြီးတဲ့ ကျောင်းသားတွေ အလုပ်ရပြီး ဒါမှမဟုတ် မလုပ်မရသေးတဲ့ သူတွေကို အလုပ်ရတဲ့ အထိ ၆ လကနေ ၁ နှစ်အထိ နေထိုင်ခွင့် ရှိတယ်။ သူများတွေရတဲ့ အခွင့်အရေးကို မရတဲ့ အခါ ကျနော်တို့ တခုခု ပေါင်းလုပ်သင့်တယ်။ နေထိုင်ခွင့် မရှိရင်တောင် ဘာလို့ နေထိုင်ခွင့် မရှိဘူးဆိုတာ ပြောသင့်တယ်။ ဘာတခုမှမသိဘဲ လက်မခံဘူး၊ နေလို့မရဘူးလို့ ပြောတော့ ထွက်လာခဲ့ရတာပေါ့” ဟု ပြောသည်။

ကိုစိုးသီဟ (National University of Singapore) ၊ ကိုမျိုးထွန်း (Work Permit) ၊ ကိုလှိုင်မိုး MOM (Ministry of Manpower) တို့သည် စင်္ကာပူနိုင်ငံမှ ကမ္ဘောဒီယား၊ ထိုင်းနှင့် မလေးရှားသို့ ထွက်ခွါခဲ့ရပြီး၊ ပြီးခဲ့သည့်နှစ် ရွှေဝါရောင် လှုပ်ရှားသည့် အချိန်က တက်ကြွစွာ ပါဝင်ခဲ့သူ မျိုးချစ်မြန်မာအဖွဲ့ဝင် ကိုကျော်စိုး (Temasek Polytechnic)၊ ကိုသူရိန်ဝင်း၊ မငွေဇင်စိုး (Temasek Polytechnic)၊ ကိုဝဏ္ဏစောသိန်း၊ မအေးသန္တာနှင့် ကိုစိုးထွန်းတို့ကိုလည်း အကြောင်းအမျိုးမျိုးပြကာ သက်တမ်း မတိုးပေးဘဲ ထားရှိသည်။

“ကျနော်က ပတ်စ်ပို့ သက်တမ်းတိုးတယ်။ အဲဒါ တိုးမပေးဘူး။ ပုံမှန်အရဆိုရင် ပတ်စ်ပို့ သက်တမ်းတိုးရင် တပတ်ပဲ ကြာတယ်။ အဲဒါကို နှစ်လလောက် စဉ်းစားမယ်လို့ ပြောတယ်။ MOM (Ministry of Manpower) အဲဒီလို ပြောပြီး စာပို့တယ်။ အဲဒီလို ပြောပြီး မကြာဘူး ကျနော့် လျှောက်လွှာက၊ သက်တမ်းတိုးတဲ့ ကိစ္စက MOM Rule ကို ၅ ခေါက် သွားမေးတယ်။ သေသေချာချာ၊ ကောင်းကောင်းမွန်မွန် မပြောဘူး။ ဘာတခုမှ မရှင်းပြဘူး” ဟု စင်္ကာပူမှ ထွက်ခွါခဲ့ရသူ ကိုလှိုင်မိုးက ပြောသည်။

သူက ဆက်ပြီး “ပထမ တကြိမ်သွားတုန်းက ကျနော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ကျနော့် ပတ်စ်စပို့ကို တောင်းတော့ ပေးလိုက်တယ်။ အသေးစိတ် ထွက်လာတယ်။ ဘာရေးထားလဲ မသိဘူး။ ချက်ချင်းပဲ မျက်နှာပြောင်းသွားတယ်။ ကျနော်ကို ဘာတခုမှ မရှင်းပြဘဲ ထားတယ်။ နောက်ပိုင်း Human Resource Department မှာ ကျနော် ကုမ္ပဏီအရာရှိဆီ Email အရ ကျနော့်ကို Police Record ရှိတာကြောင့် MOM မှာ လုပ်မပေးနိုင်တဲ့အကြောင်း သိရတယ်” ဟု ပြောသည်။

နောက်ထပ် ကျန်ရှိသူ အမျိုးသမီး ၃ ဦးအမည်နှင့် အချက်အလက်များကို ဖော်ပြရန် အဆင်သင့် မဖြစ်သေးကြောင်းနှင့် သူတို့ ၃ ဦးသည် Temasek Polytechnic မှ ကျောင်းပြီးထားသူများဖြစ်ကာ PR များဖြစ်သည်ဟု စင်္ကာပူရောက် အကြားအမြင်များသည့် မြန်မာသတင်းရပ်ကွက် တခုက ဆိုသည်။

ကျောင်းသားတဦး အနေဖြင့် တက်ရောက် ပညာသင်ကြားခွင့် Student Pass ပေးပြီးနောက် ကျောင်းပြီးသည့်အခါ အလုပ်အကိုင် ရှိနေလျှင် လူမှုရေးဆိုင်ရာ အလည်အပတ်အဖြစ် Social Visit Pass နေထိုင်ခွင့် တိုးပေးရမည် ဖြစ်သလို၊ အလုပ်မရှိသေးသူများ ဖြစ်လျှင်လည်း တလချင်း တိုးပေးသွားနိုင်ကြောင်းနှင့် အချို့ဆိုလျှင် ယခုထက် ကာလရှည်စွာ နေထိုင်ခွင့်ပြုကြောင်း သိရသည်။

ယခုလို နေထိုင်ခွင့် တိုးမြှင့်ပေးခံခြင်း မရှိသည့် မြန်မာများက စင်္ကာပူအစိုးရမှ တိကျစွာ အဖြေပေးရန်အတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ထားသော်လည်း ယခုထိ အဖြေထွက်ခြင်း မရှိသေးပါ။

မြန်မာပြည်တွင်း၌ အလုပ်အကိုင် ရှားပါးခြင်းနှင့် ပညာရေး အာမခံချက် ကျဆင်းလာခြင်းတို့ကြောင့် စင်္ကာပူနိုင်ငံသို့ ပညာသင်ရန်နှင့် အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်နေထိုင်သူ တသိန်းနီးပါး ရှိသည်ဟု မြန်မာများက ခန့်မှန်း ပြောဆိုကြသည်။

စင်္ကာပူအစိုးရ အနေဖြင့် လွန်ခဲ့သော မတ်လမှ စတင်ကာ မြန်မာ့အရေး လှုပ်ရှားသော အဖွဲ့များအား ပြင်းထန်စွာ နှိမ်နင်းရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်က စင်္ကာပူသို့ လာရောက် ပညာသင်ကြားသူ၊ အလုပ်လုပ်ကိုင်သူတို့၏ ဗီဇာသက်တမ်းမှာ အားလုံးနီးပါး မကုန်သေးသောကြောင့် သိပ်ပြီး မထင်ရှားခဲ့ကြောင်း မြန်မာသတင်း ရပ်ကွက်က ဆိုသည်။

သို့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ ဗီဇာသက်တမ်း ကုန်သောသူများ၊ တဦးပြီးတဦး ရှိလာခဲ့ရာ ယခုအချိန်အထိ ၁၂ ဦးတိတိ စတင် ထိခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

Friday, August 1, 2008

၈၈ ကျောင်းသား ခေါင်းဆောင် ကိုမာကီ ဆေးရုံတက်နေရ

မြင့်မောင်
သောကြာနေ့၊ သြဂုတ်လ 01 2008

နယူးဒေလီ။ ။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမာကီ (ခေါ်) ကိုကျော်ကျော်ထွေးသည် ကျန်းမာရေး မကောင်းသဖြင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ ခံနေရသည်။

ပြီးခဲ့သည့် လအတွင်းက တိုက်ပိတ်ခံထားရစဉ် တိုက်ခန်းအတွင်း ချော်လဲ၍ ဆီးခုံရိုး အက်သွားသဖြင့် အင်းစိန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်လ ၃ဝ ရက်နေ့မှ စတင်ကာ ဆေးကုသ ခံယူနေရခြင်း ဖြစ်သည်။

“ချော်လဲသွားတော့ ၇ ရက်လောက် မထနိုင်ဘူး။ နည်းနည်း သက်သာသွားတယ်။ နောက်ပိုင်း လှုပ်လှုပ်ရှားရှား လုပ်တဲ့ အချိန်မှာ အောင့်သွားတဲ့အတွက် အိပ်လို့ မရဘူး။ မတ်တပ်ရပ်လို့ မရဘူး၊ ထိုင်လို့ မရဘူး။ အဲဒါနဲ့ ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ ဆီးအိမ်က အရိုးအက်တယ် ပြောတယ်။ တလလောက် ဂဲ (ခဲ) ဆွဲရမယ်ဆိုပြီး အင်းစိန်ဆေးရုံမှာ ဗုဒ္ဓဟူးနေ့က ပို့လိုက်တယ်” ဟု မိသားစုဝင်တဦးဖြစ်သူ မမိုးမိုးက ပြောသည်။

ဆေးရုံတက်ပြီး နောက်တရက် နံနက်တွင် ကြားသိရသဖြင့် မိသားစုက သွားရောက်ကာ အစားအသောက်နှင့် လိုအပ်သည်များ ဝယ်ပေးနိုင်ခဲ့သော်လည်း ညနေပိုင်းတွင် ထပ်မံသွားရောက်ရာ တွေ့ခွင့်မရဘဲ အခန်းအပြင်မှ စကားလှမ်းပြောရကြောင်း သူက ဆက်ပြောသည်။

ကိုမာကီ ကို ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အခြား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၂ ဦးကဲ့သို့ အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က “တိုက်ပိတ်ပြီး ချော်လဲတယ် ဆိုတာကိုပဲ သိရတယ်။ တိုက်ပိတ်ပြီး ချော်လဲတယ် ဆိုတာက တယောက်ယောက်က တွန်းလို့ ချော်လဲတာလား၊ ခြေတောက်နဲ့ ကန်လို့လား၊ ပုံစံထိုင်ခိုင်းလို့ ချော်လဲတာမျိုးလား။ သေသေချာချာ မသိပေမဲ့ အခန်းကျဉ်းလေးမှာ ချော်လဲစရာ မရှိဘူး” ဟု ပြောသည်။

ကျောင်းသားခေါင်းဆောင်များအပြင် အခြား နိုင်ငံရေး အကျဉ်းသားအချို့သည် တိုက်ခန်းအတွင်း နှစ်ပေါင်းများစွာ နေလာခဲ့သည့်အတွက် မျက်လုံး၊ အာရုံကြောနှင့် နောက်ကျော ရောဂါဝေဒနာများ ခံစားကြရကြောင်း သူက ဆက်ပြောသည်။

အေအေပီပီ အတွင်းရေးမှူးက “ဥပမာ ကိုမင်းကိုနိုင် ဆိုရင် လက်တဖက် ကပ်နေတယ်လို့ ကြားတယ်။ အဲဒီလိုပဲ ကိုကျော်စိုးတို့ ဆိုရင်လည်း အခု ထောက်လှမ်းရေးမှာ ထပ်ရိုက်ခံရတဲ့အတွက် အကြီးအကျယ် အနာတရဖြစ်ပြီး အဲဒီဒဏ် ပြန်ပေါ်နေတယ်” ဟု ပြောသည်။

အင်းစိန်ထောင်တွင် ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် နှလုံးရောဂါအခံရှိသူ ကိုမြအေးသည် ရင်ဘတ် အောင့်နေရသလို၊ ကိုမင်းကိုနိုင်သည် အရိုးကျည်းပေါင်းတက်၊ ခြေထောက်အရိုး အတက်ထွက်နှင့် မျက်လုံးဝေဒနာ ခံစားနေရကြောင်းနှင့် ကိုကိုကြီးလည်း ယခင် ဖမ်းဆီး ချုပ်နှောင်ခဲ့စဉ်က ဖြစ်ပွားခဲ့သည့်ဒဏ်များ ပေါ်နေကြောင်း မိသားစုနှင့် နီးစပ်သူများ အဆိုအရ သိရသည်။

မုံရွာမှာ သွေးလွန်တုပ်ကွေး အဖြစ်များနေ

မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 31 2008

နယူးဒေလီ။ ။ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေသည်။

ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားနေသည့်အတွက် မြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် ပြင်ပ ဆေးခန်းများတွင် ကလေးငယ် အများအပြား ဆေးကုသ ခံယူနေရခြင်း ဖြစ်သည်။

“ကလေးတွေကတော့ တော်တော်များများ ဖြစ်နေတယ်။ ဆေးရုံမှာဆို လူတွေတောင် မဆန့်ဘူး။ ကလေးတွေ ကုတင်တောင် မဆန့်ဘူး။ တကုတင်ကို ကလေးနှစ်ယောက်လောက် ထားနေရတယ်။ ကုတင် မဆန့်တော့တဲ့အတွက် လူကြီးအဆောင်တွေမှာ ထားရတယ်။ ကျမ ကလေးတောင် ၃ ရက်လောက် ကုခဲ့ရသေးတယ်” ဟု အုန်းခြံရပ်ကွက်မှာ မိခင်တဦးက ပြောသည်။

သူက ဆက်ပြီး “ကျမ ကလေးက သိပ်မပြင်းဘူး။ အသင့်အတင့်ဖြစ်တာ။ လက်မောင်းမှာ အနီပျောက်လေးတွေ ပေါ်လာတယ်။ ဆေးတိုက်လိုက်တော့ သက်သာသွားတာပေါ့။ ဓာတ်ဆားကတော့ အဓိက တိုက်ရတာပေါ့။ သွေးလွန်တုပ်ကွေး ရောဂါဆိုးတဲ့ ကလေးတွေက နှာခေါင်းထဲမှာ သွေးရှန်တာတွေ ဖြစ်တယ်။ ကျမ အသိထဲမှာ ကလေးငယ် ၁ဝ ယောက်လောက်ရှိတယ်။ လောလောဆယ် ဒီနားမှာတော့ အသားဝါနဲ့ သွေးလွန် တုပ်ကွေး ပေါင်းပြီးတော့ ဖြစ်တယ်။ စလိုင်းတွေကို တပတ်လောက် ချိတ်ရတယ်” ဟု ပြောသည်။

ပြင်ပဆေးခန်းတခုတွင် ရောဂါဖြစ်ပွားသူ သားငယ်ကို သွားရောက်ကုသနေရသူ ဘုရားကြီးရပ်ကွက်မှ ဒေသခံ တဦးကလည်း “ဒေါက်တာ ဒေါ်မြင့်မြင့်သိန်းရဲ့ ကလေးအထူးကု ဆေးခန်းမှာ လာကုတဲ့ ကလေးတွေက တနေ့ကို ၁၅ဝ နီးပါး ရှိတယ်” ဟု ပြောသည်။

အဆိုပါ ဆေးခန်းသည် နံနက် ၇ နာရီမှာ ၉ နာရီအထိ တကြိမ်၊ နေ့လယ် ၁၂ နာရီမှ ၂ နာရီအထိ တကြိမ်၊ ညနေ ၄ နာရီမှ ၈ နာရီအထိ တကြိမ်၊ တနေ့လျှင် စုစုပေါင်း ၃ ကြိမ်ဖွင့်ပြီး တကြိမ်တွင် ၅ဝ ခန့် ကုသနေရသည်ဟု မေးမြန်းသိရှိခဲ့ရကြောင်း သူက ဆက်ပြောသည်။

မုံရွာမြို့ ပြည်သူဆေးရုံကြီးမှ ကလေးဆောင်တွင် တာဝန်ကျသူ ဝန်ထမ်းတဦးကလည်း ကလေးငယ်များ သွေးလွန်တုပ်ကွေးကြောင့် လာရောက် ဆေးကုသ ခံယူနေရကြောင်း အတည်ပြု ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် ပြီးခဲ့သည့် နှစ်ကထက် ယခုနှစ်တွင် ပိုမိုဆိုးရွားကြောင်း ပုဂ္ဂလိက ဆေးခန်းတခုမှ အမည်မဖော်လိုသူ ဆရာဝန်တဦးကလည်း ထုတ်ဖော်ပြောဆိုသည်။

သူက ဆက်ပြီး “လွန်ခဲ့တဲ့ ၂ လလောက်က စဖြစ်တာပါ။ ဆေးရုံနဲ့ ဆေးခန်းတွေမှာ ကလေးတွေ ဆေးကုတာရှိတယ်။ သေဆုံးတာတွေ ရှိတယ်လို့လည်း ကြားရပေမယ့် ဘယ်နှစ်ဦး သေဆုံးတယ်တော့ အတိအကျ မသိဘူးလေ။ လိုအပ်ရင် ဆေးသွင်း၊ သွေးသွင်း လုပ်ပေးရတယ်။ ပြင်ပဆေးခန်းမှာတော့ စိုးရိမ်စရာရှိတဲ့ ကလေးတွေကို ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပေးရတယ်လေ” ဟု ပြောသည်။