မြင့်မောင်
တနင်္လာနေ့၊ စက်တင်ဘာလ 08 2008
နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီစောင့်ရှောက်နေသူ အသက် ၂၈ နှစ်အရွယ် မဝင်းပပသည် ဆေးကုသနေသည့် ဆေးရုံမှ နှစ်ရက်မြောက် ယနေ့တွင် အခြားနေရာသို့ ပြောင်းရွှေ့သွားသည်။
ယခုလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် ကျောက်တံတားမြို့နယ် ဘားလမ်းရှိ ကုသိုလ်ဖြစ် မူဆလင်ဆေးရုံတွင် ကျန်းမာရေး အခြေအနေ မကောင်းသဖြင့် တက်ရောက် ကုသနေရာမှ ပုဂ္ဂလိက ဆေးရုံတခုသို့ ယနေ့တွင် ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။
“ဒီကနေ့ ဆေးရုံပြောင်းတယ်လို့တော့ ကြားတယ်။ ဘယ်ဆေးရုံကို ပြောင်းသွားတယ် ဆိုတာကိုတော့ ကျနော်တို့ အတိအကျ အတည်ပြု ပြောဆိုနိုင်မှု မရှိသေးဘူး” ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ဆေးကုသ ခံယူနေချိန်တွင် အစောင့်အကျပ်များ၊ အရပ်ဝတ် ရဲများနှင့် ရဲမေများသည် ခွဲစိတ်ခန်း အပါအဝင် ဆေးရုံ ပတ်ဝန်းကျင်တွင် လုံခြုံရေးအဖြစ် ချထားခဲ့သည်။
မဝင်းပပသည် မိခင်ဖြစ်သူ ဒေါ်ခင်ခင်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ရှောက်နေသူ ဖြစ်သည်။
ဦးဉာဏ်ဝင်းက “၂ဝဝ၄ ခုနှစ် ကနေ အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်တယ်။ သူတို့မှာ ဘာအမှုမှ မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ရှောက်နေတဲ့အတွက် သူတို့မိသားစုကို လွတ်လွတ်လပ်လပ် အပြင်ထွက်ခွင့် မပေးတာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒါကို အရေးဆိုပေးဖို့ တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းကလည်း “လွတ်လွတ်လပ်လပ် ထွက်ခွင့် မရဘူးလေ။ ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒါကို အရေးဆိုပေးဖို့ တင်ပြပေးဖို့ မှာတဲ့အတွက် ကျနော် စာရေးထားပါတယ်” ဟု ပြောသည်။
ဦးကြည်ဝင်းက ဆက်ပြီး “အထင်ကတော့ မှန်းကြည့်ရတာက သူတို့ကို လွှတ်ပါလိမ့်မယ် ထင်တယ်။ ဒေါ်ခင်ခင်ဝင်း အနေနဲ့ သူ့ သမီး မဝင်းပပကို ပြုစု စောင့်ရှောက်နေသလား။ ဒေါ်အောင်ဆန်းစုကြည် ဘေးမှာ ရှိတာလားဆိုတာ ကျနော့်အနေနဲ့ မပြောနိုင်သေးဘူး။ မနက်ဖြန်မှာ ပြန်မေးကြည့်ရအုံးမယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ့ထံ နေ့စဉ်ပုံမှန် ပေးပို့သော ဈေးခြင်းကို လက်မခံတော့သည်မှာ ရက်သတ္တပတ် ၃ ပတ်ခန့် ရှိသွားပြီဟု ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေအဖွဲ့ချုပ် (ဗဟို) က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
“အခုဆိုရင် ၃ ပတ်ကျော်သွားပြီဆိုတော့ စားစရာမရှိသလောက် ဖြစ်ပြီလို့ ကျနော်တို့ ယူဆတယ်။ သူရဲ့ ကျန်းမာရေး အခြေအနေက ဆိုးရွားစရာ၊ စိတ်ပူပန်စရာ ဖြစ်လာတယ်။ အဲဒီလိုပဲ ခြံထဲမှာ ရှိတဲ့ သူတွေကလည်း သူ့သမီးက ရုတ်တရက် ဆေးရုံ ကောက်တက်ရတယ် ဆိုတာကလည်း အစာရေစာ ချို့တဲ့တဲ့အတွက်ကနေ စမှာဖြစ်တယ်။ တယောက်ပြီး တယောက် ဖြစ်မယ့် သဘောရှိတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှာ အတွင်းရေးမှူး ကိုမြင့်စိုးက ပြောသည်။
Wednesday, September 17, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment