Tuesday, July 28, 2009

ဒေါ်အောင်ဆန်းစုကြည်က ဘန်ကီမွန်း ခရီးစဉ်အပေါ် မှတ်ချက်မပေး

မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 09 ရက် 2009 ခုနှစ်


နယူးဒေလီ (မဇ္စျိမ) ။ ။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုလဆန်းပိုင်းတွင် မြန်မာပြည်သို့ လာရောက်ခဲ့သည့် ကုလ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်နှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်မပေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် အဆိုအရ သိရသည်။

အမှုကိစ္စ အပြီးသတ် လျှောက်လဲချက်နှင့် ပတ်သက်၍ ယမန်နေ့က သူမ၏ ရှေ့နေများထဲမှ ၃ ဦးက အင်းစိန်ထောင်အတွင်းရှိ သီးသန့်အဆောင်သို့ သွားရောက်ဆွေးနွေးစဉ် မစ္စတာဘန်၏ ခရီးစဉ်အပေါ် မှတ်ချက်ပေးခြင်း မပြုကြောင်း သိရခြင်း ဖြစ်သည်။

“ကျနော်တို့က ဘန်ကီမွန်းလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကုန်ရှင်းပြပါတယ်။ အဖွဲ့ချုပ် CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) က ဘန်ကီမွန်းနဲ့ တွေ့ပြီးတော့ တင်ပြခဲ့တဲ့ အကြောင်းအရာတွေကို ဒေါ်စုကို သတင်းစကား ပြောပါတယ်။ ဒေါ်စုဘက်က ဘာမှ မှတ်ချက်မပေးပါဘူး” ဟု ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မစ္စတာဘန်ကီမွန်းသည် ယခုလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် မြန်မာပြည်သို့ လာရောက်ခဲ့စဉ်က ပထမရက်တွင် NLD ဗဟိုအလုပ်အမှုဆောင်ဝင် ၄ ဦးနှင့် ၁၀ မိနစ်ကြာ တွေ့ဆုံခွင့်ရခဲ့သည်။

တွေ့ဆုံခွင့်ရသည့် အချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်အစပြုရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရေးနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန်အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သည့် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရေးအတွက် NLD ခေါင်းဆောင်များက မစ္စတာဘန်ကို တင်ပြခဲ့သည်။

ဘန်ကီမွန်း၏ ခရီးစဉ်အတွင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နှစ်ကြိမ်မျှ တွေ့ဆုံခဲ့သော်လည်း အကျဉ်းထောင်အတွင်း တရားစွဲခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရေး တောင်းဆိုခဲ့ရာ မြန်မာစစ်အစိုးရဘက်က ပယ်ချခဲ့သည်။

အကျဉ်းထောင်အတွင်း၌ ယမန်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည့် သူမ၏ ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့က အမှုနှင့်ပတ်သက်သည့် အပြီးသတ် လျှောက်လဲချက် မူကြမ်းကို ပြသခဲ့ကြသည်။

“အပြီးသတ် လျှောက်လဲချက် မူကြမ်း ၁၈ မျက်နှာကို ဒေါ်စုကို ပြတယ်။ နောက်ရက်ကျမှ ပြန်ဆွေးနွေးရအုံးမယ်။ ဒေါ်စုနဲ့တွေ့တဲ့ ရည်ရွယ်ချက်က အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာပါ။ ကျနော်တို့ လျှောက်လဲချက် မူကြမ်းကို ဒေါ်စုက သဘောတူပါတယ်” ဟု NLD ပါတီ ပြောခွင့်ရနှင့် ဒေါ်စုအမှုတွင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

အမှုနှင့်ပတ်သက်ပြီး ဒေါ်စုတွင် အပြစ်မရှိကြောင်း သူမ၏ ရှေ့နေ ၄ ဦးက ခုခံချေပသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် အတူနေထိုင်ခဲ့သည့် ဒေါ်ခင်ခင်ဝင်း၊ သမီး မဝင်းမမတို့သည် ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားဆိုင်သက်သေ ဒေါ်ခင်မိုးမိုးကို ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံး၌ မနက်ဖြန် နံနက် ၁ဝ နာရီတွင် စစ်ဆေးရန် ရုံးချိန်းရက် ပေးထားသည်။

No comments: