Tuesday, July 28, 2009

ဆွမ်းလောင်းလှူသူ အန်အယ်ဒီ လူငယ်များ စုံစမ်းမေးမြန်းခံရ

မြင့်မောင်
တနင်္လာနေ့၊ မေလ 11 ရက် 2009 ခုနှစ်


နယူးဒေလီ(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ယခုလ ၅ ရက်နေ့က ဆွမ်းလောင်းလှူခဲ့သည့် ရန်ကုန်တိုင်း တွံတေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ် ၃ ဦး၏ နေအိမ်များသို့ အာဏာပိုင်များက စုံစမ်းမေးမြန်းမှုများ ယနေ့ ပြုလုပ်ခဲ့သည်။

ဤသည်မှာ ၅ ရက်နေ့က အတူတကွ ဆွမ်းလောင်းခဲ့သည့် မြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင် ကို ချဲစာရွက် လက်ဝယ်တွေ့ရှိသည်ဟု စွပ်စွဲကာ ယခုလ ၇ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက်၊ ကျန်ရှိနေသည့် လူငယ် ၃ ဦးထံ လာရောက်၍ စုံစမ်းမှုများ ပြုလုပ်ခြင်းဖြစ်သည်။

''ကိုရဲထွဋ်ခေါင်နဲ့အတူ ဆွမ်းလောင်းလှူတဲ့ လူငယ် ၃ ဦးကို မေးမြန်းခဲ့တယ်။ ကိုအရှည်ကြီး အိမ်နဲ့ ကျန်တဲ့ လူငယ် အိမ် ၂ အိမ်ကို မေးမြန်းတာတွေ ရှိတယ်။ တဦးမှ အဖမ်းမခံရဘူး။ လာပြီးတော့ ခြိမ်းခြောက်တဲ့ သဘောရှိတယ်။ နောက်မလုပ်ရဲအောင် လာပြီးတော့ ပြောတဲ့ သဘောပါ။ ရဲတွေက အရှည်ကြီးအိမ် ဝင်တော့ ဒီဟာတွေ လုပ်လို့ ကိုရဲထွဋ်ခေါင်က အဖမ်းခံရတာ၊ ခင်ဗျားတို့လုပ်တဲ့ သူတွေကိုလည်း နောက် ဖမ်းဖို့ဆီးဖို့ အစီအစဉ် ရှိတယ်ဆိုပြီး ပြောသွားတယ်'' ဟု မြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌဖြစ်သူ ရှေ့နေ ဦးကျင်တိုးက ပြောသည်။

အာဏာပိုင်များ၏ လာရောက်မေးမြန်းမှုကို ခံရသည့် လူငယ်တဦး၏ မိခင်ကလည်း “သားကို ဆွမ်းလောင်းလှူပွဲနဲ့ ပတ်သက်ပြီး မေးမြန်းစရာ၊ စစ်ဆေးစရာ ရှိတယ်လို့ ပြောတယ်။ နေ့လယ်ကျရင် အိမ်ကို လာခဲ့မယ်လို့ တွံတေး ရဲစခန်းက ရဲနှစ်ယောက်နဲ့ နယ်ထိန်းတဦး လာပြောတယ်။ ကားပေါ်မှာ စကားပြောစက် တလုံးလည်း ပါတယ်။ နာမည်တော့ မသိဘူး။ ခင်ဗျား သားနဲ့ တွေ့ဖို့ လာတယ် ပြောတယ်။ သားနဲ့တော့ သူတို့ မတွေ့သွားဘူး။ ကျမ သားအတွက် စိတ်ပူနေရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုအရှည်ကြီး အပါအဝင် လူငယ် ၃ ဦး၏ နေအိမ်များသို့ အာဏာပိုင်များက သွားရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း မည်သူမှ နေအိမ်များ၌ ရှိမနေခဲ့ကြောင်း သိရသည်။

ယခု မေးမြန်းစုံစမ်းခံရသည့် ပါတီလူငယ်များနှင့်အတူ ယခုလ ၅ ရက်နေ့က ဆွမ်းလောင်းလှူပွဲတွင် ဦးဆောင်ခဲ့သည့် မြို့နယ်လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်ကို ချဲစာရွက် လက်ဝယ်တွေ့ရှိသည်ဟူသည့် စွပ်စွဲချက်ဖြင့် ယခုလ ၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ဤသည်မှာ ပြီးခဲ့သည့်လ ၂၈ ရက်နေ့က မြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် စည်းရုံးရေးအဖွဲ့ဝင် ဦးအောင်စိုးဝေ အား ရုံးထုတ်ရာတွင် သွားရောက်တွေ့ဆုံစဉ် တရားရုံးရှေ့၌ ကိုရဲထွဋ်ခေါင်ကို တွံတေး ရဲတပ်ဖွဲ့ ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦးက နိုင်ငံရေးသမားများကို အချိန်မရွေး ဖမ်းဆီး၍ရကြောင်း ခြိမ်းခြောက်မှုအပြီး ရက်သတ္တတပတ်အကြာတွင် ဖြစ်သည်။

ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦး ကိုယ်တိုင် နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး၊ တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ကာ လောင်းကစားမှုဖြင့် တရားစွဲခဲ့သည်။

အဆိုပါ အဖမ်းအဆီးနှင့် ပတ်သက်၍ အာဏာအလွဲသုံးစားမှု ဖြစ်သည်ဟု ရှေ့နေ ဦးကျင်တိုးက ဆိုသည်။

“ကျနော်တို့က ဥပဒေဘောင်အတွင်းက ရိုးရိုးသားသား လုပ်ကျတဲ့သူတွေ ဖြစ်တယ်။ ကျနော်တို့ လုပ်တဲ့ ကိစ္စကလည်း ဘာသာရေးမှာ လုပ်တာဖြစ်တယ်။ ဘယ်သူ့ကိုမှ နစ်နာစေတာ မဟုတ်ဘူး။ ရဟန်းသံဃာတွေကို ဆွမ်းလောင်းတာ ဖြစ်တယ်။ အဲဒီမှာ လာပြီးတော့၊ အာဏာရှိတဲ့ သူတွေက အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ ခြိမ်းခြောက်တာတွေက မကောင်းဘူး” ဟု သူက ပြောသည်။

''ဥပဒေကို လိုက်နာရမယ့် ရဲတွေက အရပ်သူအရပ်သားတယောက်ကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း ဆိုတာက ၅ဝ၆ ပုဒ်မနဲ့ ငြိစွန်းတယ်။ ဥပဒေကိုင်တဲ့ သူတွေက ဥပဒေ လေးစားရမယ့် နေရာမှာ ဥပဒေကို မလေးစားဘဲ ခြိမ်းခြောက်နေခြင်းဟာ ဥပဒေ ပျက်ယွင်းစေပါတယ်။ မြန်မာနိုင်ငံ တရားစီရင်ရေး မူရှိတယ်။ တရားရုံးရောက်တဲ့ လူတိုင်းဟာ အပြစ်ရှိတယ်လို့ သတ်မှတ်လို့ မရသေးဘူး။ နိုင်ငံတော်ရဲ့ တရားစီရင်ရေးမူပဲ။ အပြစ်မရှိဘဲ လူတယောက်ကို အပြင်မှာ အသားလွတ် ခြိမ်းခြောက်တာ ပိုပြီးတော့ ဆိုးတယ်'' ဟု သူက ဆက်ပြောသည်။

No comments: