မြင့်မောင်၊ နန်းဒေဝီ
ကြာသပတေးနေ့၊ ဧပြီလ 02 2009
နယူးဒေလီ (မဇ္စျိမ)။ ။ စင်္ကာပူနိုင်ငံ မြန်မာသင်္ကြန် အကြိုပွဲတော် အထူးဖျော်ဖြေရေး ဂီတခရီးစဉ်အတွက် အဆိုတော် ဆောင်းဦးလှိုင် သွားရောက် ဖျော်ဖြေရန် မသေချာသေးကြောင်း သိရသည်။
ယခုလ ၁၂ ရက်၊ တနင်္ဂနွေနေ့တွင် စင်္ကာပူရှိ မြန်မာများထံ သွားရောက်ဖျော်ဖြေရန် စီစဉ်ထားသော်လည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေးမှာ အဆင်မပြေသေးသဖြင့် သူ လိုက်ပါရေး မသေမချာ ဖြစ်နေသည်။
“ကျန်တဲ့သူတွေကတော့ ၁ဝ ရက်နေ့ ထွက်မယ်။ ကျနော်တော့ ပတ်စ်ပို့သက်တမ်း တိုးရဖို့ လှုပ်ရှားနေတုန်းပဲ။ ရနိုင်မယ့် အခြေအနေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ အခုထိ လက်ဝယ် ဘာမှ မရရှိသေးဘူး” ဟု ဆောင်းဦးလှိုင်က မဇ္စျိမကို ပြောသည်။
၂ဝဝ၇ ခုနှစ်တွင် နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ခဲ့ရာ အာဏာပိုင်များက ပညာရေးကင်းရှင်းကြောင်း EC တောင်းခံခဲ့သဖြင့် ယခုလို အဆင်မပြေ ဖြစ်ရသည်။ သူသည် ဆေးဘက်ဆိုင်ရာ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ ဖြစ်သည်။
M 1 တယ်လီဖုန်းလိုင်းနှင့် MAI မြန်မာ့လေကြောင်းက စပွန်ဆာပေး စီစဉ်သည့် ၎င်းသင်္ကြန်ဖျော်ဖြေပွဲတွင် D-J ဖြိုး၊ ဖြူဖြူကျော်သိန်း၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဦးဇော်ဝမ်း၊ ရှင်ဖုန်း၊ ရဲလေး၊ ဥက္ကာဦးသာ စသည့် မြန်မာ ပရိသတ်အကြိုက် အဆိုတော်များ သွားရောက်ဖျော်ဖြေမည်။
ဖျော်ဖြေပွဲကို Patent ကွင်းတွင် နေ့လယ် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွားမည်။
လက်မှတ်တစောင်လျှင် စင်္ကာပူ ၁၅ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သော်လည်း ကမ္တာ့ငွေကြေးပြဿနာ ရင်ဆိုင်ရချိန် ဖြစ်သဖြင့် မြန်မာများ အားပေးကြည့်ရှုရန် အခက်အခဲရှိကြောင်း လက်မှတ်ရောင်းသူတဦးက ပြောသည်။
လက်မှတ်စောင်ရေ တသောင်းကျော် စီစဉ်ထားသည့်အနက် ယခုအခါ စောင်ရေ ၃၅ဝဝ ရောင်းချပြီးဖြစ်သည်။
Thursday, April 30, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment