Sunday, August 22, 2010

ကွမ်းခြံကုန်းမှာ ကြံ့ဖွံ့ငွေချေး

မြင့်မောင်
သောကြာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ တဧကလျှင် ကျပ် ၅ သောင်းနှုန်းဖြင့် စိုက်ပျိုးစရိတ် ထုတ်ချေးကာ ရွေးကောက်ပွဲတွင် ၎င်းတို့ကို မဲထည့်ရန် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ တောင်သူ လယ်သမားများကို စည်းရုံးနေကြောင်း သိရသည်။

လယ်တဧကလျှင် ကျပ် ၅ သောင်းနှုန်းဖြင့် ၅ ဧကအထိ ချေးယူနိုင်ပြီး အတိုးငွေကို ကျပ် ၁၀၀ လျှင် ၂ ကျပ်နှုန်းဖြင့် ကွမ်းခြံကုန်းမြို့နယ်ရှိ ပိန္နဲတန်၊ ဘုရားလေးငူ၊ ဇဖြူသန်၊ ဆိပ်ဖြူ၊ ဘန့်ဘွေးကုန်း၊ တော်ခရမ်းကြီး၊ တော်ခရမ်းလေး၊ တော်ဗူးကြီး၊ ခလောက်ဆံနှင့် ခလောက်တရာတို့အပြင် ကျေးရွာ အများအပြားတွင် ကြံ့ဖွံ့က စည်းရုံးနေခြင်း ဖြစ်သည်။

“ငွေချေးယူတဲ့ လယ်သမား မိသားစုတွေထဲက မဲပေးခွင့်ရှိတဲ့ သူတွေကို ကြံ့ခိုင်ရေးပါတီကိုပဲ မဲပေးရမယ်။ တချို့ဆိုရင် ရယက ဥက္ကဋ္ဌက တအိမ်တက်တအိမ်ဆင်း စာရင်းသွင်းပြီး လက်မှတ်ထိုးခိုင်းတာပါ။ တချို့ဆို ဘုမသိ၊ ဘမသိနဲ့ တရပ်ကွက်လုံး စာရင်းပါသွားတယ်” ဟု ဆိပ်ဖြူကျေးရွာမှ တောင်သူတဦးက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွံ့ပါတီဝင်အဖြစ် ၀င်ရောက်ကာ ရွေးကောက်ပွဲတွင် ၎င်းပါတီကို မဲပေးမည့်သူများသာ ချေးငွေထုတ်ပေးခြင်း ဖြစ်သည်။

“လူတိုင်းကို ထုတ်ချေးပေးတာ မဟုတ်ဘူး။ ပါတီဝင်မယ်ဆိုမှ ထုတ်ချေးပေးတယ်။ မ၀င်တဲ့ လူဆိုရင် မချေးဘူး။ မ၀င်ဖြစ်ပါဘူးဆိုရင် မချေးပေးတော့ဘူး။ ရွာလုံးချုပ်ပြီးတော့ ထွက်မယ်ဆိုရင် ငွေအမောင့်က တော်တော်ကို များတယ်” ဟု ကွမ်းခြံကုန်းမြို့ခံ တောင်သူဦးကြီးက ဆိုသည်။

ကွမ်းခြံကုန်းသည် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးလွန်းသီ ရွေးကောက်ပွဲဝင်ရန် သတ်မှတ်ထားသော မဲဆန္ဒနယ်ဖြစ်သည်။

ကွမ်းခြံကုန်းသာမက ရန်ကုန်တိုင်းရှိ အခြားမြို့နယ်များတွင်လည်း ကြံ့ဖွံ့ပါတီသည် လမ်းခင်းခြင်း၊ တံတားဆောက်ခြင်း၊ ဆေးခန်းဖွင့်ခြင်းတို့အပြင် ငွေကုန်ကြေးကျခံကာ နည်းမျိုးစုံဖြင့် လွတ်လပ်စွာ စည်းရုံးနေသော်လည်း ကျန်ပါတီအချို့ စည်းရုံးရေးဆင်းရာတွင် ဒေသအာဏာပိုင်များ၏ အနှောင့်အယှက်များ ရှိနေသည်။

မကြာသေးခင်က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP နှင့် ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) 88 GSY တို့သည် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် စည်းရုံးရေးဆင်းရာ လက်ခံတွေ့ဆုံခဲ့သူများကို အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“သူတို့လည်း ပြန်ရော သူတို့ဝင်တဲ့ အိမ်က ကျနော်တို့ပါတီနဲ့ ထိစပ်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ပြည်ခိုင်ဖြိုးတွေ၊ ကျန်တဲ့ အဖွဲ့အစည်းတွေ၊ ရဲတွေ လည်းပါတယ်။ တအိမ်ဝင် တအိမ်ထွက် လိုက်ပြီးတော့ မေးတယ်။ သူတို့က သတင်းယူဖို့လို့ အကြောင်းပြချက်နဲ့ ပြောတာပေါ့။ ဒါပေမဲ့ လူတွေက ကြောက်လန့်ပြီးတော့ ပါတီစည်းရုံးရေးမှာ ကသိကအောက်တော့ ဖြစ်တာပေါ့။ အဲဒါမျိုးက တချိန်လုံး ဖြစ်နေတာ” ဟု UMFNP ဥက္ကဋ္ဌ ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် တပတ်ထဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM က ရွေးကောက်ပွဲကော်မရှင်ထံ ပါတီဝင်အင်အား ၁,ဝဝဝ စာရင်းကို ပေးပို့ခဲ့ရာ ကော်မရှင်က ၎င်းစာရင်းကို ထောက်လှမ်းရေးထံ လက်ဆင့်ကမ်းလိုက်ရာ ၎င်းတို့ ပါတီအဖွဲ့ဝင်များ၏ နေအိမ်များသို့ ဝင်ရောက်ကာ ကိုယ်ရေးအကျဉ်းနှင့် ဓာတ်ပုံ ၂ ပုံ စီ တောင်းယူသွားခဲ့သည်။

“ဒါမျိုးတွေက လုံးဝ မလုပ်ထိုက်တဲ့ ကိစ္စလို့ မြင်တယ်။ ဒီလိုလုပ်တာက ကျနော်တို့ ပါတီဝင်တွေကို ခြိမ်းခြောက်နေတယ်၊ ပါတီဝင်ချင်တဲ့ သူတွေလည်း မ၀င်ရဲအောင် လုပ်နေတဲ့ သဘောမျိုးပါ” ဟု DPM ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကအဖြစ် ကြီးမှူးခဲ့သော ကြံ့ဖွံ့လူမှုရေးအသင်းသည် ယခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့ကာ ၀န်ကြီးချုပ် အပါအ၀င် လက်ရှိ ၀န်ကြီးရာထူး ရယူထားသော စစ်ဗိုလ်ချုပ် ၁၇ ဦးသည် စစ်ဘက်မှ နုတ်ထွက်ပြီး ဦးဆောင်သည်။

လူမှုရေးအသင်းအဖြစ် တည်ရှိခဲ့စဉ်က တနိုင်ငံလုံး၌ ရုံးပေါင်း ၁၅၄၂၁ ရုံးရှိခဲ့ကာ အဖွဲ့ဝင် ၂၄ သန်းကျော် ရှိကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ သို့သော် ပါတီအဖြစ် အသွင်ပြောင်းသောအခါ အသင်းဝင်အဖြစ် လက်ခံခဲ့သော ကျောင်းသူ ကျောင်းသားများ၊ အစိုးရ၀န်ထမ်းများကို ပြန်လည်လျှော့ချခဲ့သည်။

No comments: