Sunday, August 22, 2010

စိန်ခေါ်သူကိုစိန်ပြန်ခေါ်နိုင်အောင်ပြင်ဆင်ကြ

ရဲဘော်ဖိုးသံချောင်း

နအဖကစိန်ခေါ်လိုက်ပြီ။ အကုန်ပြင်ဆင်ပြီးမှစိန်ခေါ်လိုက်တာဆိုတာ ဘယ်သူမှမငြင်းတာသေချာပါတယ်။ သူ့ခွင်၊ စစ်စကားနဲ့ပြောရရင် သူ့ သတ်ကွင်းးထဲဝင်လာအောင် လုပ်ပြီးစိန်ခေါ်လိုက်တာဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

ဒီလိုအရေးပါလှတဲ့ ရွေးကောက်ပွဲအတွက်ပြင်ဆင်ဖို့ အချိန်အားဖြင့် ၂ လနဲ့ ၂၃ ရက်ကြီးများတောင်ပေးထား တယ်။ တချို့က ပါတီထောင်ခွင့်ရတာမှ ရက်ပိုင်းရှိသေးတယ်။

နအဖစစ်အစိုးရက ဗြုံးစားပဲ နိုဝင်ဘာလ၇ရက်လို့သတ်မှတ်ကြေညာလိုက်တော့ လူတိုင်းဟာ ဒေါ်အောင်ဆန်း စုကြည်အိမ်ချုပ်ကလွတ်မယ့်ရက် မတိုင်ခင်စီစဉ်တာပဲဆိုတာကို ပြေးမြင်မိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလည်း သူကဒီအတုအယောင်ရွေးကောက်ပွဲကို ၀င်မှာမဟုတ်ဘူးဆိုတာ အားလုံးသိနေလျက်နဲ့ နအဖ ဗိုလ်ချုပ်တွေ ဘာကြောင့်ဒါလောက်ကြောက်လန့် နေကြတာလဲဆိုတာ စဉ်းစားစရာပါ။ မလုံတဲ့အမိုးတုတ် ထိုးရုံနဲ့ပြဲ ဆိုတာလို ဒေါ်အောင်ဆန်းစုကြည်အိမ်ချုပ်ကထွက်ရတဲ့နောက် သူတို့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောလာဆိုလာမှာကို ကြောက်လို့ဖြစ်ပါတယ်။ သေချာနေတာက နအဖ အစိုးရဟာ စိန်ခေါ်တယ်ဆိုပေမဲ့ သူတို့ ကြောက်တဲ့အရာတော့ ရှိသေးတယ်ဆိုတာဖြစ်ပါတယ်။

နောက်ထူးခြားချက်တခုက ဒီတခါရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေသတ်မှတ်ပုံပဲ ဖြစ်ပါတယ်။ အကြမ်းဖျင်း အားဖြင့် သူတို့က မဲဆန္ဒနယ်ကိုမြို့နယ်တွေအခြေခံပြီးသတ်မှတ်တယ်လို့ပြောနိုင်ပါတယ်။ ဒီတော့ ဘယ်လိုဖြစ် လာ မလဲ။ ဘာလို့ဒီလိုလုပ်တာလဲ။ လက်တွေ့ဖြစ်လာမှာပေါ်ကနေပဲ ပြောပါ့မယ်။ အလွယ်ဆုံးပြော ရရင် မဲဆန္ဒ နယ်တွေဟာ လူဦးရေ အပေါ်အခြေခံပြီး သတ်မှတ်တာမဟုတ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်စား ပြုမှုဟာ လူအပေါ်မှာအခြေခံတာ မဟုတ်ပဲ နအဖရဲ့လူတွေ အကျိုးရှိမှုအပေါ်မှာ အခြေခံတာဖြစ် နေပါတယ်။

လူဦးရေအရပြောရရင် မချမ်းဘော မြို့နယ်က ၈၀၀၀၊ နောင်မွန်မြို့နယ်က ၅၅၀၀ လောက်သာရှိပြီး ခေါင်လံ ဖူးမြို့နယ် ဆိုတာကလည်း ထောင်ဂဏန်းလောက်သာရှိတာပါ။ မန္တလေးက မြို့နယ်တွေကတော့ လူဦးရေ သိန်း ချီ ရှိကြတာပါ၊ ဒီတော့ ဒါတွေကိုတတန်းထည်းထားတယ်ဆိုတာ ကျိုးကြောင်းဆီလျော်တယ်လို့ ဆိုနိုင်ပါ့မလား။ အခုအတိုင်းဆိုရင် လူဦးရေ ၁၂သိန်းကျော်ရှိတဲ့ ကချင်ပြည်နယ်က အမတ် ၁၈ယောက်၊ လူဦးရေ ၂၆သိန်းကျော် ရှိတဲ့ မကွေးပြည်နယ်က အမတ် ၂၅ယေက်၊ လူဦးရေ ၄သိန်း၈သောင်းရှိတဲ့ ချင်းပြည်နယ်က ၉ယောက် ထွက်လာ မှာပါ။

အချိုးသဘောပြောရရင် ကချင်ပြည်နယ်မှာ လူဦးရေ ၆သောင်းကျော်ကိုအမတ်တယောက်၊ မကွေးတိုင်းမှာ လူဦးရေ ၁သိန်းကျော်ကို အမတ် တယောက်၊ ချင်းပြည်နယ်မှာတော့ လူဦးရေ ၅သောင်းကို အမတ်တယောက်က ကိုယ်စားပြုတာဖြစ်ပါလိမ့်မယ်။ အခု တင်ပြခဲ့တဲ့ လူဦးရေဆိုတာ လူဦးရေအားလုံးကို ပြောတာပါ၊ မဲပေးနိုင် သူဦးရေ မဟုတ်သေးပါဘူး။ တဆက်ထဲထောက်ပြ သင့်တာက လူဦးရေမပြောစလောက် သာရှိတဲ့ ကြပ်ပြေးမှာ ကျတော့ အမတ်နေရာ ၅နေရာတောင် သတ်မှတ်ထားတာ၊ ကချင်ပြည်နယ်က အမတ်ဦး ရေဟာ ကရင်ပြည်နယ် ရဲ့ နှစ်ဆခွဲလောက်ဖြစ်နေတယ်ဆိုတာတွေပါပဲ။

ဒီအခြေအနေတွေက ဘာကိုပြနေသလဲ။ နအဖဟာတိုင်းရင်းသားလူမျိုးစုတွေကို အထူးနေရာပေးနေတာ၊ ဂရုစိုက် နေတာလား။ မဟုတ်ရေးချမဟုတ်ပါဘူး။ အဲဒီ တချို့လူမျိုးစုနယ်မြေတွေမှာက စစ်တပ်ကအတင်းဝင် ဖိနှိပ်ထား တာ၊ လူထုကို စစ်တပ်သဘောကျအတင်းအကြပ်မဲပေးခိုင်းလို့ရတဲ့ အနေအထားမှာရှိတယ်။ သူတို့ရဲ့ ဒီလိုအစွမ်း ကို အဆင်မပြေဖြစ် နိုင်စေလောက်တဲ့ ကချင်တိုးတက်ရေးပါတီလိုဟာကိုတော့ ပါတီဖွဲ့ခွင့်မပေးပဲထားလိုက် တယ်။ အဲဒီလို သူတို့နိုင်ဖို့သေချာတယ်လို့ထင်တဲ့နေရာတွေမှာ မဲဆန္ဒနယ်တွေပိုသတ်မှတ်ထား လိုက်တာသာဖြစ် ပါတယ်။

ဒီလိုလုပ်ရာမှာ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေနဲ့ သမိုင်းပြဿနာတွေကို နည်းနည်းမှထည့်စဉ်းစားတာ မဟုတ်ပါဘူး။ဗမာပြည်မှာ ဒီလိုရွေးကောက်ပွဲကိစ္စကနေ တင်ကျန်ရစ်တဲ့ ရိုဟင်ဂျာပြဿနာဟာကနေ့အထိ ရှင်း လို့ မပြီးဘူး မဟုတ်ပါလား။ နောက်ပြီးဗိုလ်နေ၀င်းတို့က စစ်သားကောက်ကောင်းအောင် နိုင်ငံသားအဖြစ် အသိ အမှတ်ပြုခဲ့တဲ့ကိစ္စ။ ဒါ့အပြင် တခြားဒေသတွေမှာလည်း မပြီးမပြတ်သေးတာတွေ၊ ထပ်ပေါ်လုဆဲဆဲဖြစ်နေတာ တွေက မနည်းပါဘူး။

ဒါတွေကဖော်ပြနေတာကတော့ တိုင်းပြည်မှာ အာဏာရှိတဲ့သူဟာ ဘာမဆိုလုပ်လို့ရတယ်၊ လက်နက်ရှိတဲ့လူဟာ ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ ဒီနေ့ဗမာနိုင်ငံရဲ့အခြေအနေပါပဲ။ ဒီကနေဆက်ပြီး တိုင်းပြည်မှာအာဏာရှိတဲ့သူဟာ ရွေး ကောက်ပွဲမှာဘယ်သူ့ကိုမဆို နိုင်စေချင်လို့ဖြစ်တယ်၊ လက်နက်ရှိတဲ့လူဟာ ဘယ်သူ့ကိုမဆိုမဲပေးခိုင်းလို့ ရတယ်ဆိုတာကို ဖော်ပြပါလိမ့်ဦးမယ်။

ပြည်သူတွေဖက်ကပြောရင် ဒါတွေဟာမျှော်မှန်းမထားတာ၊ တွက်မထားတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလိမ်သူ မဟုတ်ရင် အလွယ်ကြိုမြင်နိုင်တဲ့အချင်းအရာတွေသာ ဖြစ်ပါတယ်။ ဒီပွဲဟာ ကြံ့ဖွတ်နဲ့တဆစတို့ရဲ့ လိမ်ဆင် တိုက်ပွဲပဲ ဖြစ်မှာပါ။ ကျန်တဲ့အဖွဲ့တွေကတော့ တိုက်ကြက်တွေအတွက် အနာခံ လေ့ကျင့်ပေးရတဲ့ “ခွပ်လက်ခံ” တွေလိုပဲ ဖြစ်မှာပါ။ နအဖအနေနဲ့စေတလုံးရနေတာ၊ တိုင်းပြည်ရဲ့နိုင်ငံ ရေးမှာ သူ့ခြေသူ့လက်ချည့်ဖြစ်နေတာလို့ ထင်ပြီး စိတ်ဓာတ်ကျ၊ အားပျက်ဖို့မလိုပါဘူး။

ဒီနေ့နအဖက ရွေးကောက်ပွဲလုပ်တာမှာ ၁၉၇၄ခုနှစ်တုန်းက မဆလလောက်မီးသေတယ်လို့ဆိုနိုင်လို့လား။ အဲဒီ တုန်းက အတိုက်အခံရယ်လို့ (ဥပဒေအတွင်းမှာ်) တယောက်မှမရှိ၊ ပြည်ပမီဒီယာတွေကနေ မတူတဲ့လေသံတွေ လွှင့်ပေး နေတာတွေလည်းမရှိပါဘူး။ ဒီလိုနဲ့ဗိုလ်နေ၀င်းတို့ရဲ့ မဆလပါတီဟာ ၁၉၇၄ခုနှစ်ရွေးကောက်ပွဲမှာ ခွင်လုံးကျွတ်အနိုင်ရခဲ့ ပါတယ်။ ဒါပေမဲ့ မဆလက တပြည်လုံးမှ တနေရာမကျန်နိုင်သွားလို့တိုင်းပြည်ရဲ့စီးပွားရေး၊ ပြည်သူလူထုရဲ့လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဘ၀တွေ ပိုကောင်းလာပါသလား။ ဝေလားဝေးမဟုတ်လား။ အဲဒီ တော့ ဘာဖြစ်လာသလဲ။ ဗမာပြည် အလုပ်သမားသမိုင်းမှာ ဂုဏ်ပြောင်လှတဲ့ ၁၉၇၄ပြည်လုံးကျွတ် အလုပ်သမား သပိတ်တွေ ပေါ်လာတော့တာပါပဲ။ ဒီလိုနဲ့ ရွေးကောက်ပွဲနိုင်ကာစ၊ တောင်ရှည်ပုဆိုးဝတ်ကာစ ဗိုလ်ချုပ်တွေ သွေးပျက် ခဲ့ရပါတယ်။ အဲဒီနောက်တော့ ၁၉၇၅၊ ၁၉၇၆၊ သပိတ်တွေ တချီပြီးတချီ ဆက်တိုက်ပေါ်ပေါက်လာ ခဲ့ပါတော့တယ်။ အားလုံးဟာ မိုးပြိုမြေသိမ့်တိုက်ပွဲတွေပါ။ ရှစ်လေးလုံး အရေးတော်ပုံဟာ အဲဒီတိုက်ပွဲတွေရဲ့ အဆက်ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

အခုလည်းပဲ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်ဆိုတဲ့ ပေါ်လစီနဲ့အစိုးရလုပ်လာမယ့် ခေါင်းပေါင်းဝတ် စစ်အုပ်စုဝင်တွေကို လူထုရဲ့အင်အားကို မြည်းစမ်းစေရပါမယ်။ ဒင်းတို့ကို ချက်ခြင်းစိန်ခေါ်နိုင်အောင် အခု ကတည်းက ပြင်ရပါမယ်။ မလိုအပ်ပဲ ကိုယ့်အင်အားတွေမဆုံးရှုံးအောင်ထိန်းသိမ်းရပါမယ်။ နအဖရဲ့ခွင်ထဲကို ကိုယ်က တိုးဝင်တာ မဟုတ်ပဲ ဒင်းတို့ကိုကိုယ့်ခွင်ထဲခေါ်သတ်တဲ့အခြေအနေရောက်အောင် တည်ဆောက်ပြင် ဆင်ကြရပါမယ်။ ဒါ့အပြင် ရွေးကောက်ပွဲအကြောင်းပြုပြီးဖြစ်ပေါ်လာမယ့် ပြည်တွင်းပြည်ပနိုင်ငံရေးလှိုင်းလုံးများ ကို ကျော်လွှားဖို့လည်း ပြင်ဆင်ရပါ တော့မယ်။

မှန်တာပြောရရင် အတိုက်အခံတွေအဖို့လည်း စိတ်ကူးယဉ်လို့မရတော့တဲ့ အခြေအနေကိုရောက်သွားပါပြီ။ လက်တွေ့ရဲဝံ့စွာရင်ဆိုင်ကြပါစို့။

No comments: