Monday, August 9, 2010

ဒေါ်စုမပါသည့် ရွေးကောက်ပွဲကို ဆန့်ကျင်

မြင့်မောင်
သြဂုတ်လ ၈ ရက်၊ ၂၀၁၀ ခုနှစ်။

နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရသည့် ၂၀၁၀ ရွေးကောက်ပွဲကို မြန်မာပြည်သူတရပ်လုံးက ၀ိုင်းဝန်းသပိတ်မှောက်ရန် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ယနေ့ ပြောကြားလိုက်သည်။

မြန်မာ့ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသည့် ရှစ်လေးလုံး ၈၈၈၈ အရေးတော်ပုံ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့လယ်တွင် ကျင်းပသည့် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ဆန္ဒပြပွဲက “ဒေါ်အောင်ဆန်းစုကြည် မပါရှိသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်” ထုတ်ဖော်ပြောဆိုကြခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးအေးသာအောင်တို့လို ပုဂ္ဂိုလ်မျိုးတွေက ဒီရွေးကောက်ပွဲ အယုံအကြည် မရှိဘူး။ သပိတ်မှောက်ဖို့လိုတယ်၊ သပိတ်မှောက်ကြလို့လည်း နှိုးဆော်ထားပြီးပြီ။ ခင်ဗျားတို့၊ ကျနော်တို့ မသေဘဲ ကျန်ခဲ့တဲ့လူတွေက ကျဆုံးသွားတဲ့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေရဲ့ သမိုင်းကြွေးကို ဆပ်ဖို့ဆိုရင်၊ လူထု တောင်းတတဲ့ ဒီမိုကရေစီရဖို့ဆိုရင် ဒီရွေးကောက်ပွဲကို အပြင်းအထန်တိုက်မှ ဖြစ်မယ်၊ ရှုတ်ချမှ ဖြစ်မယ်၊ သပိတ်မှောက်ကြမှ ဖြစ်မယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် All Burma Students’ League - ABSL ဥက္ကဋ္ဌ ကိုကျော်သန်းက ဆန္ဒပြပွဲတွင် ပြောဆိုသည်။

ယနေ့ထုတ်ပြန်သည့် သံဃာ့တပ်ပေါင်းစု၊ လွတ်လပ်သော သမဂ္ဂီ၊ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ဇညှပ်လူငယ်သမဂ္ဂနှင့် ABSL တို့၏ ကြေညာချက်တွင် အတုအယောင် ရွေးကောက်ပွဲသည် တိုင်းပြည်နှင့် လူမျိုးစုံ ပြည်သူတို့အား ထာဝရ စစ်ကျွန်ဇာတ်သွင်းမည့် ရွေးကောက်ပွဲဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့နောက် တိုင်းပြည်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် စစ်တပ်အာဏာသိမ်းမှုများ ဖြစ်ပေါ်စေမည့် ရွေးကောက်ပွဲဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုခေါင်းဆောင်များ မပါဝင်သည့် အတုအယောင် ရွေးကောက်ပွဲအား တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ရန် တပ်လှန့် နှိုးဆော်ထားသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ မတရားဘူး။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရအောင် ရွေးကောက်ပွဲ ဥပဒေတွေကလည်း လုပ်ထားတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်သင့်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ သူတို့ အာဏာတည်မြဲဖို့လုပ်မယ့် ရွေးကောက်ပွဲ” ဟု ဆန္ဒပြပွဲသို့ တက်ရောက်လာသည့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လူငယ်များအဖွဲ့ချုပ် All India Youth federation – AIYF ဥက္ကဋ္ဌ မစ္စတာ Santosh Kumar ကလည်း မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲသို့ တက်ရောက်လာသည့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့ချုပ် AIYL နှင့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် AISF မှ ခေါင်းဆောင်များကလည်း စစ်အစိုးရ ရွေးကောက်ပွဲကို ဆန့်ကျင်သွားရန်နှင့် မကြာသေးခင်က အိန္ဒိယသို့ လာရောက်ခဲ့သည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခရီးစဉ်ကို သပိတ်မှောက်ကြောင်း ပြောဆိုခဲ့ကြသည်။

ဆန္ဒပြသူ ၁၀၀ ကျော်က ရှေ့ဘက်နှင့် နောက်ကျောတွင် No Election – Without Aung San Suu Kyi ’’ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲ ကန့်ကွက်ရှုတ်ချ သပိတ်မှောက်ကြ’’ စာတန်းနှင့် ရှေ့ဘက်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ အနီနှင့် အဖြူရောင် တီရှပ်အင်္ကျီများ ၀တ်ဆင်၍ ကြွေးကြော်ဆန္ဒပြကြခြင်း ဖြစ်သည်။

ဆန္ဒပြ ကျောင်းသားလူငယ် ၁၅ ဦးခန့်ကလည်း ’’ရွေးကောက်ပွဲလို့ မောင်းထုပြီ၊ စကြ၀ဠာချီ လိမ်ဖို့ ကောက်ဖို့၊ အချောင်သမားတို့ ၀င်တန်းစီ၊ ထောက်ခံပါတယ် ၀ုတ်ကဲ့ ၀ုတ်ကဲ့၊ တချို့ကတော့ လည်ကြသည်၊ မကန့်ကွက်ပါ NGO မကြိုက်လို့၊ တော်လှန်ရေးလို့ တကျော်ကျော်၊ အနှစ် ၂၀ ကျော် သူတို့အော်ခဲ့၊ အခုကျတော့ ရှော်လေပြီ၊ ရွေးကောက်ပွဲဟာ ရီယယ်လတီတဲ့၊ စစ်ဖွဲ့စည်းပုံ လက်ခံတာ၊ ကြားရသူမှာ တအံ့တသြ၊ ကြည့်လိုက်စမ်းပါ့ ဖွဲ့စည်းပုံ၊ အခွင့်အရေးအကုန် စစ်တပ်ယူထား၊ ရွေးကောက်ပွဲက ဟန်ပြပါ၊ လွှတ်တော်ထဲမှာ စစ်ဗိုလ်တမတ်သား၊ အကြံပိုင်တဲ့ စစ်ဗိုလ်ငခွေး၊ မကျေနပ်ရင်တောင် အာဏာသိမ်းမတဲ့၊ စစ်ဗိုလ်မပါ ပြင်မရပါ၊ ဖွဲ့စည်းပုံဟာ စစ်ကျွန်အစစ်’’ ဟူသည့် သံချပ်စားများဖြင့် သံချပ်ဟစ်ကြွေးခဲ့ကြသည်။

ယနေ့ နေ့လည်ပိုင်းတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးရေ ၅၀ ကျော်က ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲတရပ်ကို နယူးဒေလီရှိ မြန်မာရိပ်သာခန်းမတွင် ကျင်းပရာ ရှစ်လေးလုံးလှုပ်ရှားမှု အတွေ့အကြုံများ ဟောပြောသလို၊ ဂုဏ်ပြုကဗျာများ ရွတ်ဖတ်ခြင်း၊ ၈၈ တိုက်ပွဲဝင်သီချင်း သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဂျပန်၊ မလေးရှား၊ သြစတြေးလျား၊ ထိုင်းနှင့် တောင်ကိုရီးယား ဒေသများတွင် ရှစ်လေးလုံး ဆန္ဒပြပွဲများ ယနေ့ ပြုလုပ်သလို၊ ယနေ့မတိုင်ခင်ကလည်း အခြား နိုင်ငံများတွင် ဆန္ဒပြပွဲနှင့် အခန်းအနားများ ကျင်းပခဲ့ကြကြောင်း သိရသည်။

No comments: