Thursday, July 10, 2008

အိမ်ငှါးခများ အဆမတန်တက် ဟု အကူအညီပေးရေး အုပ်စုများက ပြော

ဆော်လမွန်နှင့်မြင့်မောင်
စနေနေ့၊ ဂျူလိုင်လ 05 2008

နယူးဒေလီ။ ။ မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများကို ကူညီရန်အတွက် ကုလသမဂ္ဂ အပါအဝင် အကူအညီပေးရေး အေဂျင်စီ အများအပြား ရောက်လာခဲ့ပြီးနောက် မုန်တိုင်းဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် အိမ်ငှါးခများ အဆမတန် မကြုံဖူးအောင် တက်သွားသည်ဟု သိရသည်။

ယခင်က တလလျှင် ကျပ် ၂ဝဝဝဝ မှ ၃ဝဝဝဝ (အမေရိကန်ဒေါ်လာ ၂၃ ခန့်) အထိသာ ပေးရသော ရိုးရိုးသာမန် တထပ်အိမ်သည် အဆိုပါ အကူအညီပေးရေး အုပ်စု အများအပြား ရောက်လာပြီးနောက် တလလျှင် ကျပ် တသိန်း (အမေရိကန်ဒေါ်လာ ၈ဝ ခန့်) အထိ တက်သွားသည်ဟု လပွတ္တာမြို့ခံ တဦးက ပြောပြပါသည်။

“ပုံမှန်အတိုင်း ဆိုရင်တော့ အိမ်ငှါးခတွေ ဒီလိုတခါမှ မတက်ဖူးပါဘူး၊ အိမ်ရှင်တွေက အိမ်ငှါးမဲ့သူတောင် လိုက်ရှာနေရတာ” ဟု အဆိုပါ မြို့ခံက ပြောသည်။

ကြိုတင် အားဖြည့်ကွန်ကရိ (RC) နှစ်ထပ်အိမ်ဆိုလျှင် ယခုအခါ တလလျှင် ကျပ် ၄ သိန်း (အမေရိကန်ဒေါ်လာ ၃ဝဝ) ဖြစ်နေပြီ ဖြစ်ပြီး၊ မြို့ပေါ်တွင် အခြေချ နေထိုင်လိုသည့် အကူအညီပေးရေး အုပ်စုများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ပိုမို ရောက်ရှိလာနေသည့်အတွက် အိမ်ငှါးလိုသူများ ပို၍ပင် များလာနေသည်ဟု အဆိုပါ မြို့ခံက ဆက်လက် ပြောဆိုသွားပါသည်။

သူ့အဆိုအရ ယခုအခါ မြို့ပေါ်တွင် အနည်းဆုံး နိုင်ငံတကာ အန်ဂျီအို ၆ ခု၊ အခြား ပြည်တွင်းအန်ဂျီအို အများအပြားနှင့် ပုဂ္ဂလိကအလှူရှင်များ အခြေစိုက် နေထိုင်လျက် ရှိကြသည်ဟု ဆိုသည်။

နာဂစ် ဆိုင်ကလုံးမုန်တိုင်း မြန်မာပြည် ကမ်းရိုးတန်းဒေသကို ဝင်ရောက် မွှေနှောက် တိုက်ခတ်သွားသည်မှာ ၂ လကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ မုန်တိုင်း ဒုက္ခသည် အားလုံးထံ ရောက်ရှိခြင်း မရှိသေးဘဲ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများမှာ ယခုမှ စတင်ရန် အစပျိုးဆဲ ရှိသည်ဟု အကူအညီပေးရေး လုပ်သားများက ပြောဆိုကြပါသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) သည် ဘိုကလေး၊ လပွတ္တာ နှင့် ဖျာပုံမြို့များတွင် ဂိုဒေါင်များ ဖွင့်လှစ်ထားရှိပြီ၊ အဆိုပါ ဂိုဒေါင်များမှ စားနပ်ရိက္ခာများကို မုန်တိုင်း ဒုက္ခသည်များထံ ဖြန့်ဝေ ပေးပို့နေသည်။

“မြို့ထဲမှာ အကူအညီပေးရေး လုပ်သားတွေ သွားနေတာ နေ့တိုင်း မြင်နေရတယ်ဗျာ၊ အများကြီး ရှိနေပုံရတယ်” ဟု ဖျာပုံမြို့မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက မဇ္ဈိမသို့ ပြောပြပါသည်။

ဤသို့ မုန်တိုင်း ဒုက္ခသည်များကို အကူအညီပေးရာ၌ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများ အပါအဝင် လူသားချင်း စာနာသည့် အကူအညီပေးရေး အုပ်စုများသည် မြင့်တက်နေသော အိမ်ငှါးခကို သာမက အကူအညီပေးရေး ပစ္စည်းများ သယ်ယူရန် ငှါးရမ်းရသည့် ယာဉ်များ၊ မော်တော်ဘုတ်များ၏ ငှါးရမ်းခများ တက်သည့် ထောက်ပို့ စရိတ်စကများမြင့် တက်သည့်ဒဏ်ကိုပါ ခံနေရသည်ဟု ဆိုသည်။

စပါးတင်း ၃ဝ မှ ၄ဝ အထိ သယ်နိုင်သည့် မော်တော်ငယ်လေးကို တနေ့လျှင် ကျပ် ၅ဝဝဝဝ (အမေရိကန်ဒေါ်လာ ၃၈) ပေးနေရပြီး၊ အနည်းဆုံး စပါးတင်း ၁ဝဝ တင်ဆောင်နိုင်သည့် မော်တော်ကြီး တစင်းလျှင် တရက် ကျပ်ငွေ တသိန်း (အမေရိကန်ဒေါ်လာ ၈ဝ) ပေး ငှါးရမ်းနေရသည်ဟု လပွတ္တာမြို့မှ ဒေသခံ အကူအညီပေးရေး လုပ်သားတဦးက ပြောပါ သည်။

အလားတူပင် ထရပ်ကားများ၊ လေးဘီးယက်ကားများ ငှါးရမ်းခသည်လည်း တလလျှင် ကျပ် ၁ဝ သိန်းမှ သိန်း ၂ဝ (အမေရိကန်ဒေါ်လာ ၁၅ဝဝ) ပေးနေရပြီး ဤမျှများပြားသည့် ကားငှါးခကို ကုလသမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ အန်ဂျီအိုများကသာ တတ်နိုင်သည် ဟုလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။

ဝေးလံခေါင်ဖျားသည့် အရပ်ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ရန် ဤ မော်တော်များ၊ ယဉ်များဖြင့်သာ အရောက် ပေးပို့နိုင်သည့်အတွက် ဤသို့ငှါးရမ်းခ ဈေးနှုံးများ အဆမတန် မြင့်တက်နေသော်လည်း မော်တော်ဘုတ်များ၊ ယာဉ်များအားလုံး ငှါးရမ်းနေကြရသည်ဟု ဆိုပါသည်။

“မော်တော်ကြီးတစင်းကို တရက် ကျပ် တသိန်းပေး ငှါးနေရတယ်” ဟု အကူအညီပေးရေး လုပ်သားတဦးက ပြောသွားပါသည်။

No comments: