Tuesday, September 6, 2011

အမျိုးသမီးနှင့် မြန်မာနိုင်ငံ၏ မျှော်လင့်ချက်ကို ပိုင်းခြားစိတ်ဖြာကြည့်ခြင်း

ဂျိုးဆက်ဖ် ဘော | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၁ ခုနှစ်

ကြာသပတေးနေ့၊ သြဂုတ်လ ၂၅ ရက်၊ ၂ဝ၁၁ ခုနှစ်။
စာအုပ်အမည် ။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှု
Aung San Suu Kyi and Burma's Struggle for Democracy



စာရေးသူ ။ ဘောတေးလ် လင့်တနာ (Bertil Lintner)
ထုတ်ဝေသူ ။ Silkworm Books, အောက်တိုဘာလ၊ ၂ဝ၁၁ ခုနှစ်။

၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် ညနေ ၅ နာရီထိုးပြီး မကြာမီနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝင်း တံခါးပေါက်အနီးတွင် လှုပ်ရှားမှုများ ချက်ချင်းဆိုသလို ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ ရှပ်အင်္ကျီဖြူ နှင့် အရောင်ရင့်ရင့် လုံချည်များ ဝတ်ဆင်ထားကြသည့် လူအချို့က သူ့အိမ်ခြံဝင်းမှ ခပ်သုတ်သုတ် ထွက်သွား သည်ကို မြင်လိုက်ကြရသည်။

နေလုံးက သစ်ပင်ကြီးများ၏ အကိုင်းများအတွင်း၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အိမ်ခြံများကြားသို့ နိမ့်ဆင်းသွားချိန် တွင် အစိုးရပိုင် သတင်းမီဒီယာက နိုင်ငံရေးအကျဉ်းသားများအနက် နာမည် အကျော်ကြားဆုံး ဖြစ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် လူအများက ကျွမ်းဝင် ပြီးသား ဖြစ်နေသည့်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ကြရတော့သည်။

ညနေ ၅ နာရီ ၂၂ မိနစ်တွင် ခြံဝင်းရှေ့ထွက်လာ၍ အဝါရောင် ခြံတံခါးပေါ်မှနေ၍ နှုတ်ဆက်သည်။ အနီရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာက ရွှင်ပြနေသည်။ ပရိသတ်အများအပြားလည်း ခြံရှေ့ရောက်လာခဲ့သည်။

သူ့ကို လူအများက ပန်းစည်းများပေး၍ နှုတ်ဆက်ကြသည်။ သူကတော့ ပန်းတပွင့်ကို ညာဖက်နားနောက်နား တွင် ထင်ထင်ရှားရှား ပန်ထားသည်ကို မြင်ရသည်။ ကမ္ဘာတလွှားရှိ လူသန်းပေါင်းများစွာက လေးစား တန်ဖိုးထား နေရသည့် ပုံရိပ်လွှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်တော့သည်။

မကြာသေးခင် ကာလများက စာရေးသူ၏ မြန်မာပြည်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် သူ့အိမ်ခြံဝင်း အတွင်း၌သာ ချုပ်နှောင်ခံထားရဆဲရှိသည်။ သူ့ကို အမာခံ ထောက်ခံနေကြသူများက အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ပြန်လည် လွတ်မြောက်လာပါက မြန်မာပြည်၏ ပြဿနာများ အားလုံး အချိန်တိုအတွင်း ပြေလည်သွားလိမ့်မည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့ကြသည်ကို ကြားရဖူးသည်။

သူကသာ မည်သို့ဆောင်ရွက်ရမည်ကို သိသူဖြစ်သည်။ နိုဝင်ဘာလ၏ ထိုတညနေနှင့် ယင်းရက်နောက်ပိုင်း အမျိုးသား ဒီမိုကရေစီရုံး ပတ်ဝန်းကျင်တွင် လူအများက မျှော်လင့် တက်ကြွနေကြသည်။ ရန်ကုန်မြို့၏ လေထုတွင်လည်းမျှော်လင့်ချက်တို့ဖြင့် ပြန်လည်ရှင်သန် လာခဲ့သည်။

သို့သော်လည်း ဒေါ်စုပြန်လည် လွတ်မြောက်လာသည့်အပေါ် အခြားတုံ့ပြန်မှုများလည်း ရှိနေသည်။ ဒေါ်စု ပြန်လည် လွတ်မြောက်လာမှုအပေါ် ပြည်သူလူထုက အထူးတလည် စိတ်ဝင်စားကြမည်မှာ မေးခွန်းထုတ်စရာ မလိုပေ။

မြန်မာနိုင်ငံအရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ဆယ်စုနှစ် ၂ ခုကျော်ကြာမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ဤသို့ သတ္တိဖြင့် စွမ်းစွမ်းတမန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ဒေါ်စုနှင့် သူ့ကို ထောက်ခံလှုပ်ရှားနေကြသူများက မြန်မာပြည်သူများအတွက် တန်ဖိုးထိုက်တန်သည့်အောင်ပွဲ အနည်းငယ်မျှကိုသာ ပေးစွမ်းနိုင်ခဲ့ကြသည်။

ဒေါ်စုရှိနေသည့် ဝန်းကျင်တွင် လူအများ၏ မျှော်လင့်စိတ်အားထက်သန်မှုများ ရှိနေသော်လည်း၊ အမှန်တကယ် တက်ကြွလှုပ်ရှားလာရမည့် လူထုကြီးက သူတို့ဈေးဆိုင်များကိုသာ အာရုံထားနေကြသည်။ လက်ဖက်ရည်ဆိုင်
များတွင် စုဝေးဆဲ၊ သူတို့၏နိစ္စဒူဝ လုပ်ငန်းများဖြင့် လည်ပတ်နေကြဆဲ ဖြစ်သည်။ ယခုလို လွတ်မြောက်လာမှု
အပေါ် သူတို့၏ တုံ့ပြန်မှုက အများအားဖြင့် ခြုံ၍ကြည့်လျှင် တသမတ်တည်း ဖြစ်သည်။ သူတို့က လက်ငင်းဘဝတွင်း တွင် တစုံတရာတိုးတက်မှုကို ပထမဦးဆုံး မြင်တွေ့လိုနေကြသည်။

နာမည်ကျော် မြန်မာပြည်အရေးကျွမ်းကျင်သူ စာရေးဆရာ ဘာတေးလ် လင့်တနာ (Bertil Lintner) ၏ နောက်ဆုံး ကြိုးပမ်းမှု စာအုပ်အဖြစ် "ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှု" (Aung Sun Suu Kyi and Burma’s Struggle for Democracy ) ထွက်ရှိလာခဲ့သည်။ ယင်းစာအုပ်မှာ မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ဆက်လက် လှုပ်ရှား ဆောင်ရွက်နေသည့် မြန်မာပြည်၏ ထိပ်တန်း အတိုက်အခံခေါင်းဆောင်၏ ကိုယ်ရေး သဘောသဘာဝကို သေချာ ချင့်ချင့်ချိန်ချိန် ပိုင်းခြားဝေဖန် ပြထားသည်။

သူ၏အားနည်းချက်များကိုလည်း မီးမောင်းထိုးပြထားသလို၊ အားကောင်းချက်များကိုလည်း အချိန်အပိုင်းအခြား
အလိုက် တင်ပြထားသည်။ ယခုတင်ပြချက်များ အားလုံးကတော့ အသစ်အဆန်း မဟုတ်ပါ။ ဥပမာအားဖြင့်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်၌ကပင်လျှင် သူ၏ ခေါင်းမာတတ်မှု အားနည်းချက်ကို နှစ်ဘက်ဓားသွား သဖွယ်
ဖြစ်ရကြောင်း မှတ်ချက်ပြု ဖော်ပြပြောဆိုခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ယခုစာအုပ်ကတော့ ပို၍ အတွင်းကျကျ
နှိုက်ထားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာများအတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်နေသည့် အဖြေခက်
သော မေးခွန်းများကိုလည်း မေးမြန်းတင်ပြထားခဲ့သည်။

ထိုအမျိုးသမီး၏ အားသာချက်၊ အားနည်းချက်များကို ချိန်ဆ ယှဉ်ပြထားရာ၌ ဘာတေးလ် လင့်တနာက အထူး သတိထား ချိန်ဆ ရေးသားထားပါသည်။ အကြောင်းမှာ အချို့သော စာဖတ်သူများက ယင်းရေးသားထားချက် များကို အကြောင်းပြု၍ ရယ်ပွဲ ဖွဲ့နိုင်သောကြောင့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းခဲ့သည့် ပြီးခဲ့သည့်နှစ်များကို ချီးမွမ်းရေးသားထား ခဲ့ရာ၌လည်း၊ စိတ်ခံစား လှုပ်ရှားဖွယ် ဖြစ်နေသေးသည့်၊ အက်ကြောင်း ထင်နေသေးသည့်၊ အကဲဆတ်ထိရှလွယ် ဖြစ်နေ သေးသည့် မြန်မာ့နိုင်ငံရေးဇာတ်ခုံမှ လူအများက မည်သို့ တုံ့ပြန်ကြမည်ကို မှန်းဆကြည့်နိုင်သည်။

၁၉၈၈ ခုနှစ်မှနေ၍ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်လည်ရေးသားရာ၌ ဘာတေးလ် လင့်တနာက "လူတွေက ဘယ်လိုပဲ ယုံမှတ်မှားချက် တွေ ရှိနေနေ၊ ဒေါ်စုနဲ့ နဝတ (စစ်အစိုးရ၏ ယခင်အမည်)အကြား အားပြိုင်ပွဲက လူအများစု၏ စိတ်ထဲတွင် မင်းသမီးနဲ့ လူ့ဘီလူးကြီးလိုမျိုး မြင်တတ်ကြတယ်။ အင်မတန် သတ္တိပြောင်မြောက်တဲ့ အမျိုးသမီးတဦးက ကမ္ဘာပေါ်မှာ အရက်စက် အကြမ်းကြုတ်ဆုံး အာဏာရှင်ကို အံတုနေတာမျိုး မြင်ကြတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး နောက်ပိုင်းဖြစ်နေတဲ့ အခြေအနေတွေက ဒီလောက် မရိုးစင်းပါဘူး" ဟု ပြောသည်။

ထို့အပြင် ၁၉၈၈ မတိုင်မီကာလမှနေ၍ လက်ရှိတိုင် ကြုံတွေ့နေရသည့် မြန်မာပြည်၏ ပြဿနာများအနက် အရေးအကြီးဆုံး ရင်ဆိုင်နေရသည့် ပြဿနာမှာ မူးယစ်ဆေးဝါးကိစ္စနှင့် တိုင်းရင်းသား လူမျိုးစုပြဿနာတို့က အထူးခေါင်းခဲဖွယ်ဖြစ်ကြောင်း ဘာတေးလ် လင့်တနာက ကောက်ချက်ချသည်။ ဒုတိယအကြိမ် ပင်လုံညီလာခံ
ခေါ်ယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုနေသည့်ကိစ္စများက မကြာသေးမီလများအတွင်း မှေးမှိန်လာခဲ့
သည်ဟု ဘာတေးလ် လင့်တနာက သတိထား၍ မှတ်ချက်ပေးသည်။

ပင်လုံသည် ဗဟိုအစိုးရနှင့် တိုင်းရင်းသားလူမျိုးများအကြား နိုင်ငံရေး ကွာဟချက်များကို ပေါင်းကူး ပေးနိုင်ရန်နှင့် လွတ်လပ်ရေးကို ရည်မှန်း၍ ၁၉၄၇ ခုနှစ်၌ ဆောင်ရွက်ခဲ့သည့် ညီလာခံဖြစ်ပြီး၊ အထမမြောက် မအောင်မြင် ဖြစ်ခဲ့ရ သည့် ညီလာခံကို ပြန်၍ရည်ညွှန်း ပြောဆိုနေခြင်းဖြစ်သည်။

သူရေးသားခဲ့ရာ၌ "ပြန်ပြောင်းကြည့်မည် ဆိုပါက၊ မြန်မာနိုင်ငံ၏ ညီညွတ်ရေးနှင့် လွတ်လပ်ရေးအတွက် ပြဿနာများ၏ အဖြေကို အမြန်ဆုံးရယူနိုင်ရန်၊ ဖြစ်နိုင်သမျှသော အကျယ်ပြန့်ဆုံး ထောက်ခံအားပေးမှုကို စုစည်းရန်အတွက်တောင်တန်းဒေသနေ ပြည်သူများအတွက် ဤသို့ကတိကဝတ်များနှင့် သဘောတူညီချက်များ ပေးခဲ့သည်ဟု ယူဆလျှင် ကျိုးကြောင်း ဆီလျော်ရှိပါသည်။"

လက်ငင်းကာလကို ပြန်၍သုံးသပ်ရာ၌ ဘာတေးလ် လင့်တနာက ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားချက်များကို ကိုးကား၍ မေးခွန်းထားထုတ်ထားသည်။ အနာဂတ်အတွက် မျှော်မြင်ချက်၊ တပြည်ထောင်စနစ်စသည့် မည်သည့် ရည်မှန်းချက်များပင် ဖြစ်စေ၊ တိုင်းရင်းသား လူမှု အသိုက်အဝန်းများအကြား တည်ရှိနေသည့် သူတို့၏ လက္ခဏာကို အပြည့်အဝ လေးစားလက်ခံ အလေးထားနိုင်ပါမည်လောဟု မေးခွန်းထုတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲလာမှုများကို သူက နောက်ကြောင်းခံ စုစည်းဖော်ပြထားရာ၌၊ ဂူစတပ်ဖ် ဟော့တမင်း (Gustaaf Houtman) ရေးသားသည့် "မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွင်းမှ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အကြောင်း" (Mental Culture in Burmese Crisis Politics; Aung San Suu Kyi and the National League for Democracy) စာအုပ်မှ အများဆုံး ကောက်နှုတ် ရယူထားသည်။

ဟော့တမင်း၏ သုတေသနကို အခြေခံ၍ ဘာတေးလ် လင့်တနာက ကောက်ချက်ချ သုံးသပ်ရာ၌ "ဒေါ်အောင်ဆန်းစုကြည်၏ အားသာချက်မှာ သူ့အနီးတွင် လူများကို စုစည်း စည်းရုံးနိုင်ခြင်း ဖြစ်ပြီး၊ သူပေးလိုသည့် သတင်းစကားကို နားထောင်စေနိုင်ခြင်း ဖြစ်သည်။ သူ့၏ အားနည်းချက်မှာမူ 'စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေး' တရပ်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဤသို့စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေးဟူသည်မှာ ရှေးရိုးစွဲဆန်လှသည့် ဝါဒ၊ သိပ်ပြီး သဘောတရားရေး ဆန်လှသည့်ကိစ္စ ဖြစ်နေသည်" ဟု ဆိုထားသည်။ သို့အတွက်ကြောင့် လိုအပ်နေသည်မှာ စကားလုံးများမှသည် အမှန်တကယ် လိုအပ်နေသည့် အသွင် ကူးပြောင်းရေး ဖြစ်စေရန်၊ လက်တွေ့ကျသည့် နိုင်ငံရေး အစီအစဉ်များ ချမှတ်ရေးအတွက် တောင်းဆိုရန်သာ ဖြစ်သည်ဟု သူကဆိုသည်။

ဘာတေးလ် လင့်တနာက စိတ်ဝင်စားဖွယ် မှန်းဆချက်တခုကိုလည်း တင်ပြထားသေးသည်။ ဆက်၍ လေ့လာ စူးစမ်းမည် ဆိုလျှင်ဖြင့် သင့်မည့်ကိစ္စလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ခင်ပွန်း မိုက်ကယ်အဲရစ်
တို့ ဘူတန်နိုင်ငံတွင် နေထိုင်စဉ် ၁၉၇ဝ ခုနှစ်များကာလက ဘူတန်ဘုရင်နှင့် ဘုရင့်တော်ဝင် မိသားစုများနှင့်ပါ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ သို့အတွက်ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်၏ စဉ်းစားချက်က စီးပွားရေးဖွံ့ဖြိုး
တိုးတက်မှု ထက်စာလျှင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ပို၍ တန်ဖိုးထားလေသလောဟု ဘာတေးလ် လင့်တနာက
မေးခွန်းထုတ်ထားခဲ့သည်။

နိုင်ငံရေးအရ အရေးပါသည့် ဖြစ်ရပ်တခုအဖြစ် ဘူတန်နိုင်ငံ၏ ထူးခြားသည့် စီးပွားရေး တိုင်းတာမှု ညွှန်းကိန်း တခုဖြစ်သော၊ ဂျီဒီပီ (စုစုပေါင်း အမျိုးသား ထုတ်ကုန်တန်ဖိုး) အစား၊ "အမျိုးသား ပျော်ရွှင်မှု အသားတင်တန်ဖိုး" (Gross National Happiness) အဖြစ် တိုင်းတာခဲ့သည်ကို ဘာတေးလ် လင့်တနာက ညွှန်း၍ ဖော်ပြထားခဲ့သည်။

ဘာတေးလ် လင့်တနာက ဖော်ပြရေးသားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် ယေဘုယျ နိုင်ငံတခုလုံး အနေဖြင့် ဆက်လက်ကျော်လွှား ကိုင်တွယ်ကြရမည်ဖြစ်သော အခြားအခက်အခဲများမှာ ယခုစာအုပ် ဝေဖန်ချက်
ဆောင်းပါးရေးသားသူ မကြာသေးမီက မြန်မာပြည် ခရီးစဉ်တွင်တွေ့ရှိ မှတ်တမ်းတင်ခဲ့သည့်ကိစ္စ အများအပြားနှင့် ထပ်တူကျပါသည်။ ဒေါ်စု၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် သူ့ကို ဝိုင်းရံနေကြသူအများတွင် လုပ်ငန်းများကို ကူညီရန်နှင့် အကြံဉာဏ် ပေးနိုင်ရန် အရည်အချင်းပြည့်ဝသူများ မရှိသလောက် နည်းပါးနေသည်ကို တွေ့ရသည်။

ဤကိစ္စနှင့်အတူ အချိန် အများစုတွင် ဥပဒေကြောင်း ကိစ္စများ အပေါ်သာ တင်းတင်းကျပ်ကျပ် အားထားလွန်း
နေသည်၊ ဤရပ်တည်ချက် အပေါ်၌သာ ကစားနေသည်ဟုလည်း ဖော်ပြထားသည်။ မြန်မာနိုင်ငံ အတွက်မူ
မြင်ကွင်းထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင် အချိန်အထိ နှစ်ပေါင်းများစွာ တာဝန်မဲ့သည့် အုပ်ချုပ်စီမံမှု စနစ် ဖြစ်နေခဲ့သည်။

အစိုးရဝန်ထမ်း အလုပ်အကိုင်များ အပါအဝင် နိုင်ငံတွင်းရှိ အလုပ်အင်အား နေရာချထားနိုင်မှု အလားအလာတွင် ကွာဟချက်များစွာရှိနေခဲ့သည်။ လက်ငင်းတွင် လိုအပ်နေသည့် အရည်အချင်း၊ ကျွမ်းကျင်မှုများ ပြည့်ဝသူများမှာ အသက် ၆ဝ ကျော်လွန်နေသူ လူကြီးပိုင်းများဖြစ်ရာ၊ နိုင်ငံ၏ အနာဂတ်အတွက် ဖန်တီးနိုင်မည့် အနေအထားကို ယနေ့လူငယ်များ မည်မျှဖွံ့ဖြိုးတိုးတက် နိုင်မည်နည်းဟူသည့် အပေါ်တွင်သာ အားထားမျှော်လင့်နေရ ပေတော့သည်။

ယခု ဖော်ပြရေးသားချက်များတွင် ပြည်ပရောက် မြန်မာအသိုက်အဝန်းများအတွက် အနည်းငယ် ပြင်းထန်မည်ဟု ယူဆသည့် အသုံးအနှုံး စာသားများကိုလည်း ခြွင်းချန်ထားခဲ့သည်။ ယင်းပြည်ပရှိ အင်အားစုများမှာ အမှန်ဆိုရလျှင်
ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လှုပ်ရှားမှုများနှင့် နီးစပ်စွာ ချိတ်ဆက်မှုရှိနေသည်ဟု ယူဆထားနိုင်သူများလည်း ဖြစ်သည်။ ဘာတေးလ် လင့်တနာက ယင်းတို့ကို လေးစားမှုနှင့် ရှုမြင်ပြီး "တွေ့ဆုံ ဆွေးနွေးရေး" အတွက်၊ "အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး"အတွက် တိုက်တွန်းနှိုးဆော်နေကြသူများဟုဖော်ပြထားသည်။

ဤစကားလုံးများမှာ နိုင်ငံတကာ အလှူရှင်များ သည်းခြေကြိုက် စကားလုံးများ ဖြစ်ပြီး၊ မြန်မာပြည်တွင်း ဖြစ်ထွန်း တိုးတက်မှုများနှင့် သိပ်တော့ဆီလျော်မှု မရှိလှချေ။ အကြောင်းမှာ စစ်တပ်က သူတို့ ဘာသာအပြင်၊ အခြား မည်သူနှင့်မျှ ဆွေးနွေးပြောဆိုနေခြင်း မရှိသောကြောင့် ဖြစ်သည်။ သို့သော်လည်း ၎င်းစကားလုံး၊ စကားရပ်များ မှာ မြန်မာနိုင်ငံ အရေးအတွက် လိုအပ်နေသည်ဟု ယေဘုယျလူအများက အဓိပ္ပါယ် ဖွင့်ဆိုထားချက်များ ဖြစ်ပြီး၊ အမှတ်ရရန် မမေ့ရန် လိုအပ်သည့်ကိစ္စမှာ အတိတ်ကာလက တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) မှ ပြောဆိုချက်များကို ပြန်၍ ပဲ့တပ်ထပ် ပြောဆိုနေခြင်းဟုဆိုလျှင်လည်း အမှန်ပင် ဖြစ်သည်။

ဘာတေးလ် လင့်တနာ၏ အမြင်ကို ချုပ်၍ဆိုရလျှင် ရှေ့ဆက်တိုးရန် လမ်းပျောက်ကွယ်နေပြီး၊ မြန်မာနိုင်ငံ၏အရေးကို ရှုမြင်ရာ၌ "နိုင်ငံတကာ၏အမြင်"နှင့် "မြန်မာပြည်သူများ၏ အမြင်" အကြား သိသိသာသာ ကွဲပြားခြားနားမှု ရှိနေပြန်သည်။

နောက်ဆုံးအနေဖြင့် နှိုင်းယှဉ်ချက်အရ ရေတိုကာလအတွင်း အကောင်းဘက်ပြောင်းလဲရန် မျှော်လင့်ချက် ကင်းဝေးနေရသည့် အခြေအနေကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားပြီး၊ ပြိုကွဲအစည်းပြေခဲ့သည့် ယူဂိုဆလားဗီးယား အခြေအနေမျိုး မဖြစ်နိုင်ဟုလည်း သူက ငြင်းချက်မထုတ်ထားပါ။ နေရာအတော်များများတွင် ဘာတေးလ် လင့်တနာက မြန်မာပြည် အနာဂတ်တွင် ဖြစ်လာနိုင်သည့် မှုန်ရီမှိုင်း အခြေအနေအဖြစ် ထောက်ပြခဲ့ပါသည်။

တဘက်တွင် ဘာတေးလ် လင့်တနာက "နိုင်ငံအတွက် အမှန်တကယ် အရေးကြီးသည့် အဖွဲ့အစည်း (အင်တစီ ကျုရှင်း) ဖြစ်သည့် တပ်မတော်အတွင်းမှသာ အပြောင်းအလဲများ ဖြစ်ပေါ်လာရလိမ့်မည်" ဟု ထောက်ပြခဲ့ပါသည်။ လူအများ အငြင်းပွားနိုင်သည့် နိဂုံးချုပ်သုံးသပ်ချက်မျိုးဖြစ်ပြီး၊ အောင်ပွဲမခံနိုင်ခဲ့သည့် ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်က ၎င်းအချက်ကို ထင်ဟပ်ဖော်ပြနေပါသည်။ သို့သော်လည်း ၎င်းအတွင်း အပြောင်းအလဲက မြန်မာပြည်၏ အတိုက်အခံ ခေါင်းဆောင်နှင့် မည်သို့ ထိမ်းမြားပေါင်းစပ် နိုင်ပါမည်နည်း၊ မေးစရာ ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက် အနေအထားကို အလွယ်တကူ မြင်နေရပြီး၊ သူကိုယ်၌ကလည်း သူတိုင်းပြည်ပြင်ပတွင် နေခဲ့ရသည့်အချိန်က သူ၏နိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးမှု ရှိနေကြောင်းလည်း ထုတ်ဖော် ဝန်ခံထားပြီး ဖြစ်သည်။ ယင်းအမြင်မျိုးကို အလွန်အကျူး မျိုးချစ်စိတ် ပြင်းပြလွန်းသည့်၊ ကြောက်ရွံ့စိုးထိတ်မှု ကဲနေသည့် နိုင်ငံတော် လုံခြုံရေး ကဏ္ဍအတွင်းမှ အင်အားစုများက အမျိုးသား အကျိုးစီးပွားအတွက် မနှစ်သက်ဖွယ်ရာဟု မြင်ကြပေလိမ့်မည် ဖြစ်သည်။

အခြားတဘက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က နောက်တကြိမ် ပြန်လည်ရှင်သန်ထမြောက်၍ ယခင် အတိတ်က ကြိုးပမ်းချက်များနှင့်မတူ၊ မြန်မာနိုင်ငံကို ရှေ့သို့ တက်လှမ်းနိုင်ရန် အောင်မြင်ရန် ကြိုးပမ်းနိုင်၊ မနိုင်ဆိုသည်မှာ အချိန်ကသာ စကားပြောလိမ့်မည် ဖြစ်သည်။ အစိုးရ၏ ကိုယ်စားလှယ်နှင့် မကြာသေးမီက ဆွေးနွေးပြောဆိုမှုများ အပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့သည့်အပေါ် ဆက်လက်ဖြစ်ပေါ်လာမည့် အလားအလာများကိုတော့ သတိနှင့် ဆက်၍ စောင့်ကြည့် မျှော်လင့် ထားနိုင်ပါသေးသည်။ ယခင်ကနှင့် မတူသည့် လမ်းမျိုးလည်း ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်း နိုင်ပါသေးသည်။

သို့သော်လည်း မည်သို့မည်ပုံ ဖြစ်ပေါ်လာမည်ဟူသည့် အလားအလာကို မျှော်မှန်းနမိတ်ဖတ်ရန် ခက်ခဲသည်ဟု ဘာတေးလ် လင့်တနာက အမှန်တကယ်လည်း ထောက်ပြပြောဆိုထားပါသေးသည်။

အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မည်သို့မည်ပုံ စဉ်းစားနေသည်၊ မည်သို့မည်ပုံ ပြုမူမည်နှင့် ပတ်သက်၍ သမိုင်းအချက်အလက်အရ အနည်းအကျဉ်းဖြင့်သာ မှန်းဆနေကြရပေသည်။

မည်သို့ပင် ဆိုစေကာမူ သူ့အပေါ် လူထုအများအပြားက ထောက်ခံလေးစားမှုသည်ပင် သူ့အပေါ် ကျရောက်နေသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရပေသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူ၏ပင်ကိုယ် အသံကို ဆက်လက် ရှာဖွေတွေ့ရှိနိုင်ရန် များစွာမှအရေးကြီးပေလိမ့်မည်။ အကြောင်းမှာ သူက စာရေးဆရာ ဘာတေးလ် လင့်တနာနိဂုံးချုပ် သုံးသပ်ထားသည့် အတိုင်း မည်သို့သော အမှားမျိုး ရှိခဲ့သည်ဖြစ်စေ၊ "မြန်မာနိုင်ငံ၏ ကောင်းမွန်လာမည့် အနာဂတ်အတွက် တခုတည်းသော မျှော်လင့်ချက်" ဖြစ်နေသောကြောင့်ပင်။

ယခုစာအုပ် ရောင်းရငွေမှ ရာခိုင်နှုန်း အနည်းငယ်ကို မဇ္ဈိမ သတင်းဌာနသို့လည်း ကူညီပံ့ပိုးပေးမည် ဖြစ်သည်။

Joseph Ball ရေးသားသည့် Dissecting The Lady and Burma’s hope ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments: