Wednesday, September 14, 2011

ဧရာဝတီ ပန်ကြားလွှာ စာအုပ် NLD ထုတ်ဝေမည်

ထွန်းထွန်း
အင်္ဂါနေ့
စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ အပါအဝင် ဧရာဝတီမြစ်ပေါ်ရှိ အငြင်းပွားဖွယ်ရာ ရေကာတာ စီမံကိန်းများ တည်ဆောက်မှုကို ရပ်ဆိုင်းထားပြီး ပြန်လည်သုံးသပ်ရန် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ခဲ့သည့် “ဧရာဝတီအတွက် ပန်ကြားချက်” အပါအဝင် ထောက်ခံလက်မှတ်ထိုးထားမှုများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ စုဆောင်း၍ စာအုပ်အဖြစ် ထုတ်ဝေသွားမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၁၁ ရက်နေ့က လက်မှက်ထိုးထုတ်ဝေခဲ့သော စာတွင် ဆည်စီမံကိန်းများ
ကြောင့် မြစ်ကြောင်း ပြတ်တောက်ခြင်း၊ ရေတိုက်စားမှုနှုန်း မြင့်မားခြင်း၊ ရေစီးအားနည်းခြင်း၊ စီမံကိန်း ဆောက်လုပ်
ရာမှ ကျန်ရှိနိုင်သည့် ဓာတုဓာတ်ပစ္စည်းများ ပိုမိုစုစည်းကာ ဆည်လွှတ်ရေတွင် ပါဝင်နိုင်ခြင်းတို့ကြောင့် စိုးရိမ်စရာ
ဖြစ်ခဲ့ကြောင်း ပါရှိသည်။

ယဉ်မျိုးစာပေမှ ဖြန့်ချိတော့မည့် ဧရာဝတီကိုတော့ မလွမ်းချင်ပါ စာအုပ်မျက်နှာဖုံး

စာအုပ်ကို “ဧရာဝတီ အတွက် ပန်ကြားလွှာ” ဟု အမည် ပေးမည်ဖြစ်ကာ ပန်ကြားချက်အား ထောက်ခံသည့်
အနေဖြင့် ပါတီဗဟို အလုပ်အမှုဆောင်များ၊ ဝါရင့် နိုင်ငံရေး သမားများ၊ ကျောင်းသား လူငယ်များ၊ သတင်းစာ ဆရာ၊ စာရေးဆရာများက ထောက်ခံ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး လက်မှတ်ပေါင်း ၃၀၀ ခန့် ရရှိနေပြီ ဖြစ်သည်။

“ဧရာဝတီ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ အသက်ဖြစ်သလို တိုင်းရင်းသား လူမျိုးအားလုံးရဲ့ အသက်သွေးကြောလည်း
ဖြစ်တယ်။ အဲဒီတော့ ဒါဟာ စွန့်စားဖို့ မကောင်းတဲ့ တချို့ကိစ္စတွေဟာ လူမျိုးရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်၊ လူမျိုးရဲ့ သင်္ကေတလည်း ဖြစ်တယ်။ ... ဒါဟာ အကျိုးအမြတ် တန်ဖိုးဖြတ်ဖို့ အတော်ခက်တဲ့ဟာ ဖြစ်နေပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဆိုသည်။

ဆည် တည်ဆောက်မှုကြောင့် မြစ်ရေ စီးဆင်းမှု နည်း၍ ပင်လယ်ရေ ဝင်လာကာ မြစ်ဝကျွန်းပေါ် ဒေသရှိ စပါး ထုတ်လုပ်နိုင်မှုကိုပါ ထိခိုက်လာမည်ဖြစ်ကြောင်း သတိပေးထားသည်။

ယင်းအပြင် မြစ်ဆုံ စီမံကိန်း အစပျိုးစဉ်ကပင် မြန်မာအစိုးရ အဆက်ဆက်သည် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်
မြှင့်တင်ရန် ပျက်ကွက်ခဲ့သည် ဟူသော ကချင်အမျိုးသားတို့၏ ခံယူချက်များ ပိုမိုနက်ရှိုင်းလာခဲ့သည် ဟူ၍လည်း ထည့်သွင်း ဖော်ပြခဲ့သည်။

အလားတူပင် ကီလိုမီတာ ၂၁၇ဝ အရှည်ရှိ ဧရာဝတီမြစ်နှင့် ပတ်သက်၍ စာပေ၊ ဂီတ အနုပညာရှင်များ စုပေါင်း
ရေးသားထားသည့် “ဧရာဝတီကိုတော့ မလွမ်းချင်ပါ” စာအုပ်လည်း မကြာမီရက်ပိုင်းအတွင်း ထွက်ရှိတော့မည်ဟု သိရသည်။

ကွယ်လွန်သွားပြီဖြစ်သည့် ဆရာရွှေဥဒေါင်း၊ ဆရာဇော်ဂျီ၊ ဆရာပါရဂူ၊ ဒါရိုက်တာမောင်ဝဏ္ဏ အပါအဝင် လေးဖြူ၊
ဇော်ဝင်းထွဋ်၊ ထူးအိမ်သင်၊ ခင်ဝမ်း စသည့် စာပေ၊ ဂီတအနုပညာရှင် ၅၁ ဦး ရေးသား၊ သီဆိုခဲ့ကြသည့် ကဗျာ၊
ဆောင်းပါး၊ ဓာတ်ပုံ၊ သတင်းနှင့် သီချင်းများကို စုပေါင်း၍ ထုတ်ဝေခြင်း ဖြစ်သည်။

“အကုန်လုံးက သမိုင်းနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီကြီးတခုက ပျောက်သွားမယ် ဆိုတာကတော့ ဘယ်သူမှ ကျနော်
တို့ စိတ်ထဲမှာလည်း ကောင်းနိုင်မှာ မဟုတ်ဘူး။ နောက် ဖြစ်လည်း မဖြစ်နိုင်ဘူးလေ။ ဖြစ်လည်း မဖြစ်သင့်ဘူးပေါ့။
အဲဒီလို ခံစားမှုကတော့ ကျနော်တို့ အမြဲတမ်းရှိနေတာပဲလေ” ဟု စာအုပ်ထုတ်ဝေ ဖြန့်ချိမည့် ယဉ်မျိုးစာပေမှ ကိုယဉ်ထွန်းက မဇ္ဈိမကို ပြောသည်။

သမိုင်းမှတ်တမ်းဝင်စေရန်ဟု ဆိုသော စာမျက်နှာ ၂၅ဝ ကျော်ပါ မဂ္ဂဇင်းဆိုက်ဖြင့် ထုတ်ဝေသော စာအုပ်တွင် ဧရာဝတီနှင့် ပတ်သက် သည့် ကဗျာ၊ ဆောင်းပါး၊ သတင်း၊ သတင်းဓာတ်ပုံ စသည်ဖြင့် ကဏ္ဍ ၇ ခု ခွဲထားသည်။ ထို့အပြင် ဧရာဝတီနှင့်ပတ်သက်၍ စပ်ဆိုခဲ့သည့် သီချင်းများကိုလည်း ကဏ္ဍာသီးသန့်ထား၍ ဖော်ပြထားသည်။



“ပုဂံကို အခု မမြင်လိုက်ရဘူး။ ဒါပေမဲ့ ဒေါက်တာသန်းထွန်းတို့ ဘာတို့ ပြုစုထားတဲ့စာအုပ်တွေ၊ ဒီပြင့် စာရေးဆရာ
တွေ ပြုစုထားတဲ့ စာအုပ်တွေက တဆင့် ကျမတို့ ပုဂံကို လှမ်းကြည့်လို့ရတယ်။ အဲဒီလိုပဲ နောင် ကျမတို့ရဲ့
မြန်မာပြည်ရဲ့ မျိုးဆက်သစ်တွေဟာ ဧရာဝတီက အရင်အတိုင်း မရှိခဲ့ရင် တို့မြန်မာပြည်ရဲ့ ဧရာဝတီမြစ်ကြီးဟာ တချိန်က ဒီလိုပါလားဆိုတာကို ကျမတို့ ဖော်ပြတာ” ဟု စာအုပ် စီစဉ်သူဖြစ်သည့် ဒေါ်ဒေဝီသန့်စင်က ဆိုသည်။


ဧရာဝတီမြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အားထုတ် ရေကာတာပေါင်း ရှစ်ခု တည်ဆောက်ရန် အတွက် အစိုးရက စီစဉ်ထားကာ ယင်းတို့ထဲတွင် မြစ်ဆုံ ရေအားလျှပ်စစ်မှာ အကြီးဆုံးဖြစ်ပြီး စက်တပ်ဆင်အင်အား မဂ္ဂဝပ် ၆ဝဝဝ ရှိသည်။ မြစ်ဆုံရေကာတာ တခုတည်း အတွက်ပင် မေခမြစ်တွင် တာ ငါးခု၊ မလိခမြစ်တွင် နှစ်ခု ပိတ်ဆို့ရမည်
ဖြစ်ကာ ဆည်နယ်မြေမှာ စတုရန်းမိုင် ၁၈,၀၀၀ ကျယ်ဝန်းသည်။

ဆည်အမြင့်မှာ ၁၅၂ မီတာ (ပေ ၅၀၀) နှင့် အထက်၊ ရေလှောင်ကန်အမြင့်မှာ ၂၉၉ မီတာ (ပေ ၉၈၀) ရှိကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ထုတ်ပြန်ထားသည်။

အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းကမူ မြစ်ဆုံ ရေကာတာအား ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်း တနင်္ဂနွေနေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုသွားသည်။

“ပျက်ပြားအောင် ဆိုပြီးတော့ Environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျနော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ” ဟု တိုင်းပြည် အကျိုးအမြတ်
အတွက် ဆက်လုပ်မည်ဟု ဆိုသည်။

No comments: