Friday, September 3, 2010

ဝန်ကြီးချုပ်သိန်းစိန် ၀န်ကြီးချုပ်ရာထူးက မနုတ်ထွက်ရင် ကြားဖြတ်အစိုးရ ဖွဲ့စည်းရမည်

ခိုင်အောင်ကျော် (နယူးယောက် )

ဒီမိုကရေစီရွေးကောက်ပွဲမှာ မိမိတို့ပါတီမဲအနိုင်ရရှိဖို့ မိမိကိုယ်တိုင်အနိုင်ရရှိဖို့ ပြိုင်ကြရသည်။ စည်းရုံရေးဆင်း တော့လည်း မိမိနှင့် ပြိုင်မည့်ပါတီနှင့် ပြိုင်မည့်သူကို အနိုင်ရရှိအောင် စည်းရုံးဟောပြောရသည်။ သူမည်ကဲ့သို့ ချာကြောင်း၊ ညံ့ကြောင်း၊ သူတို့ပါတီကြောင့်တိုင်းပြည် မည်မျှ အောက်တန်းကျ သွားရကြောင်း ၊ နိုင်ငံတကာ အဆင့်မမှီကြောင်း ပြောဆိုရသည်။ ပြီးတော့မိမိကိုယ်ကို မည်မျှတတ်ကြောင်းတော်ကြောင်း စည်းရုံးရေး ဆင်းရ သည်။ ဟောပြောရသည်။

မိမိတို့ပါတီမည်မျှ ရည်မှန်းချက်ကောင်းကြောင်း၊ အကယ်၍မိမိတို့ပါတီကို မဲပေးခဲ့ပါက မိမိတို့မှာ ပြည်သူတွေ အတွက် မိမိတို့ပြည်နယ်ကို မည်မျှ ဖွံ့ဖြိုးသွားအောင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြော ရန်သာ ရှိသည်။ ပြည်သူတွေမှာ မည်မျှအောက်ကျနောက်ကျနေရကြောင်းနှင့် လူ့အခွင့်အရေးများဆုံးရှုံး နစ်နာနေ ကြောင်းကို ပြောပြရသည်။
ဤကဲ့သို့ဟောပြော စည်းရုံးရေးဆင်ပြီးမှ တဘက်ပါတီနှင့် မိမိတို့ပါတီကို ပြည်သူတွေက ရွေးချယ်ပြီး နှိုင်းယှဉ်ပြီး မဲပေးကြပါရန် စည်းရုံးကြရတော့သည်။ မည်သည့်ဆန်ဆီဆားငပိနှင့် ငရုပ်တွေကို ရွေးကောက်ပွဲ အတွက် မဲပေးရန်မည်သည့်အခါမှ မကြားဖူးခဲ့။ လာဘ်လာဘများ၊ ငွေကြေးများပေးကြသည့်အခါလည်း မရှိကြ။ သို့သော် ထိုင်းနိုင်ငံတွင်မူ မဲဆွယ်သည့်အခါ ဆင်းရဲသောပြည်သူများကို ပါတီများက ငွေပေး၍ မဲပေးရန် ခိုင်းစေခဲ့ သည်ဟု ကြားဖူးသည်။

ယခု မြန်မာနိုင်ငံတွင်ကြံ့ဖွံ့ပါတီက ဆန်ဆီဆားတွေ အ၀တ်အထည်တွေ ဆင်းရဲသားလူတန်းစားတွေကို လိုက်လဲ ဝေငှ ပေးနေကြောင်း သိရသည်။ ရှေးအယင်က ပြည်သူတွေကို နှိပ်စက်ချင်သမျှ နှိပ်စက်ပြီး တအိမ်တယောက် ကျကဲ့သို့ ထောင်ထဲရောက်ကုန်ကြသော ပြည်သူတွေမှာ ယခုအချိန်တွင် နအဖကြံ့ဖွံ့ပါတီမှ ပေးနေသော လက်ဆောင်များကို ရရှိနေကြပြီ။ ယင်းလက်ဆောင်မှာ သွေးစွန်းးသောလက်ဆောင်များသာဖြစ်သည်။ စေတနာ သန့်သန့်နှင့် ပေးနေသောပစ္စည်းများမဟုတ်။ ပြည်သူတွေကလည်း သိပါသည်။

သို့သော်သူတို့ပေးသမျှ ယူထားလိုက်ရုံပင်။ မည်သို့ပင်ဆိုစေ သူတို့ပေးသောလက်ဆောင်ယူရုံနှင့် ကြံ့ဖွံ့ ကိုယ်စားလှယ် တွေ ကို မဲမပေးဖို့အရေး ပြောဟောနေသည်ကိုတော့ သူတို့မကြားလေသလားမသိ။ အဓိကမှာ ကြံ့ဖွံ့ပါတီနှင့် ပြိုင်ကြမည့်သူများက ပြောဆိုစည်းရုံးဟောပြောရလိမ့်မည်။

ဤနေရာမှာ ကြံ့ဖွံ့ပါတီနှင့် ပြိုင်ရမည့်သူများက သူတို့ပါတီ၏အကြောင်းကို ပြောကြားရတော့မည်မှာ တာဝန် တရပ်ဖြစ်သည်။ သူတို့၏စနစ်ဆိုးကြီးကြောင့် နိုင်ငံဤသို့ဖြစ်နေရသည်ကို အချက်အလက်တွေနှင့် ပြောပြနိုင်စွမ်း ရှိ ရမည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူတို့မှာ မပြောလျှင်လည်း သိပြီးသားမို့ ပါးစပ်ကဖြဲပြရုံသာလိုသည်။ ယင်းမှာစနစ်ဆိုးအကြောင်းကို ပြောရုံသက်သက်ဖြစ်သည်။ တနေ့က ကြံ့ဖွံ့ပါတီမှာ သူတို့နှင့် ပြိုင်ဘက်ဟု သဘောမထားဆိုသော ပြောသံကိုကြားလိုက်ရသည်။

အခုတောင်မှ စစ်အစိုးရရုပ်သေးပါတီကို တလုံးတပါဒမျှ မပြောဝံ့မဆိုဝံ့သော ယင်းပါတီကို မည်သူက စဉ်းစားကြ ပါနည်း။အရေးကြီးသည်မှာ ၀န်ကြီးချုပ်သိန်းစိန်ပင်ဖြစ်သည်။ နအဖစစ်အုပ်စုမှ နှုတ်ထွက်ပြီးပြီ။

သို့သော်ယင်းလောက်နှင့် မလုံလောက်သေး။ ၀န်ကြီးချုပ်ဘ၀မှ နုတ်မထွက်ရသေး။ . ကြံ့ဖွံ့ပါတီမှာ ဧပြီလ ၂၉ ရက်နေ့ တွင် ကော်မရှင်၌ မှတ်ပုံတင်သည်။ မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ပြုသည်။ ဇွန်လ- ၁- ရက်နေ့ တွင် ပါတီမှတ်ပုံတင်သည်။

ဇွန်လ- ၈ - ရက်နေ့၌ ပါတီမှတ်ပုံတင်ခွင့်ရသည်။ ကြံ့ဖွံ့ပါတီမှတ်ပုံတင်အမှတ်မှာ( ၂၃ ) ဖြစ်သည်။ သြဂုတ်လ-၁၈ ရက်နေ့တွင် ပါတီဝင်အင်အားတင်ပြသည်။ သြဂုတ်လ( ၃၀ )ရက်နေ့တွင် ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်အများဆုံးပါဝင်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် စာရင်းတင်သည်။ ယင်းပါတီမှ လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းတွင် ၀န်ကြီးချုပ်သိန်းစိန်ပါနေသည်။

သို့အတူ ဦးဥာဏ်ဝင်းကဲ့သို့ အခြားသောဝန်ကြီးတွေလည်းပါနေသည်။ သူတို့မှာနအဖစစ်အုပ်စု၏ လက်ရှိဝန်ကြီး များ ဖြစ်သည်။ သည်တော့ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုက ယင်းဝန်ကြီးရာထူးများမှ ထွတ်ပေး ရန် လိုသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းရာထူးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို မည်သို့မျှ ခွင့်လွှတ်စရာ အကြောင်းမရှိ။ ဖြစ်လည်းမဖြစ်နိုင်။ဝန်ကြီးချုပ်ရာထူး၊ ၀န်ကြီးရာထူးတွေနှင့် သူတို့ရှိနေပြီး ပြိုင်နေခြင်းမှာ မည်သို့မျှ မဟပ်စပ်။ ၂၀၁၀ ရွေးကောက်ပွဲ၏ အရပ်သားအစိုးရတွင် ၀န်ကြီးများရွေးချယ်ရမည့် ရွေးကောက်ပွဲမှာ လက်ရှိ ၀န်ကြီးချုပ်ရာထူး၊၀န်ကြီးရာထူးနှင့် ပြိုင်လို့လည်းမရ။ ပြိုင်သည်ထားဦး။ သူတို့ပြိုင်သောနေရာတွင် မဲရှုံးနိမ့်ခြင်းရှိသွားပါက ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့်အရပ်သားအစိုးရတွင် ဦးသိန်းစိန်တို့၊ ဦးညဏ်ဝင်းတို့မှာ ၀န်ကြီးချုပ်လည်း ဖြစ်မလာနိုင်။ ၀န်ကြီးတွေလည်း ဖြစ်မလာနိုင်။ထို့ကြောင့် ဤအချက်ကို ယခုပြိုင်ကြမည့် ရွေးကောက်ပွဲ ၀င်မည့် ပါတီများက ချက်ချင်းကန့်ကွက်ပြောဆိုရမည်ဖြစ်သည်။

တချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ဤအချက်ကိုထောက်ပြရန်လိုသည်။ တနည်းအားဖြင့် ၀န်ကြီးချုပ်သိန်းစိန်ကို ချက်ချင်းရာထူးမှ နုတ်ထွက်ရန်တောင်းဆိုရလိမ့်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သြဂုတ်လ-၃၀- နေ့တွင်ကျရောက်သော မလေးရှားနိုင်ငံ၏လွပ်လွပ်ရေးနေ့ကို သ၀ဏ်လွှာပေးပို့သောအခါ ၀န်ကြီးချုပ်ဦးသိန်းစိန်အနေဖြင့် ပေးပို့သည်မှာ ရွေးကောက်ပွဲ ကော်မရှင်တခုလုံးကို စော်ကားရာကျနေသည်။ သို့အတူအခြားရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်သူများအားလည်း ဂရုမစိုက် သလိုဖြစ်နေသည်။

ဒ်ီတော့ဤအချက်ကို ငြိမ်ခံနေကြရမည်လား။ မည်သည့်နည်းနှင့်မျှ ရွေးကောက်ပွဲဝင်မည့်ပါတီများက ဆွံ့အနေ၍ ဖြင့်သဘာဝကျမည်မဟုတ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် တိုက်ပွဲဝင်ကြမည် ဟုဆိုသော ယင်းပါတီများမှာ ၀န်ကြီးချုပ်သိန်းစိန်ကို ယခုရာထူးမှထွက်ပေးပြီးမှ ရွေးကောက်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း အတိအလင်းတောင်းဆိုရမည်ဖြစ်သည်။ သို့မဟုတ်က ၀န်ကြီးချုပ်သိန်းစိန် သိက္ခာက မကျဘဲ ရွေးကောက်ပွဲကို ၀င်ရန်အားရပါးရ ပြောဆိုခဲ့ကြသောသူတို့မှာသာ သိက္ခာကျစရာဖြစ်သည်။

ယခုအချိန်တွင် ကော်မရှင်က ကိုယ်စားလှယ်စာရင်းများ လက်ခံပြီးပြီဖြစ်သည်။ထို့ကြောင့်ကော်မရှင်မှာ လည်း ဤကိစ္စကို ချက်ချင်းဆောင်ရွက်ရမည်ဖြစ်သည်။ အရပ်သားအစိုးရတွင် ပါဝင်ရန်ရွေးကောက်ပွဲ့ ၀င်ကြမည့် သူများသည် အစိုရအဖွဲ့ဝင်ရာထူးနှင့် လုံး၀၀င်ပြိုင်၍မရချေ။ ပြသနာတခုမှာစစ်အစိုးရအဖွဲ့ထဲတွင် အမည်မတပ် ရသေးသော အာဏာသိမ်းမှုတခုမှာ မလွဲမရှောင်သာ ဖြစ်နေသည်။ စီနီယာကျလွန်းမကကျနေသော ဗိုလ်ချုပ်ကြီး များကို တောင်ကျော်ပြီး ဂျူနီယာဗိုလ်ချုပ်များကို ခန့်အပ်လိုက်သောပြသနာမှာ သာမန်အားဖြင့် နေပြည်တော်၌ အာဏာလုပွဲပြသနာဖြစ်နေသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ယခုအချိန်ထိ စစ်ရာထူးမှနှုတ်ထွက်ခြင်းမပြုသေးကြောင်း သြဂုတ်လ- ၃၀ ရက်နေ့ တွင် ကျရောက်သည့် မလေးရှားနိုင်ငံ လွပ်လွပ်ရေးနေ့သ၀ဏ်လွှာာကို ပေးပို့သောအခါ သိသာ နိုင်လွန်း သည်။ သို့သော် သူတို့မှာ ကာကွယ်ရေးစစ်ဦးချုပ်အဖြစ် သူရမြင့်မောင်ကို ဗိုလ်ချုပ်မှူးကြီးရာထူးဖြင့် ခန့်အပ်လိုက်ပြီးပြီ ဆိုသော သတင်းက ထွက်လာနေသည်။ ယင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးကစားကွက်ချည်းမဟုတ်။ ရှုပ်ထွေးလွန်းလှသော သူတို့၏ နောက်ထပ်ပြသနာမှာ စစ်ဘက်ဆိုင်ရာရာထူးများဖြင့် ပြုတ်ထွက်သွားသော ဗိုလ်ချုပ်တွေဖြစ်သည်။ သူတို့မှာ ဋ္ဌာနလက်ကိုင်မရှိ၍ အလုပ်လက်မဲ့ဘ၀ဖြင့် ရွေးကောက်ပွဲကို ၀င်ရန်သာ ရှိနေသည်။ ယင်းကိုလည်းအများစုက မကြေနပ်ကြ။ အဘယ့်ကြောင့်ဆိုသော် အခြားသောဝန်ကြီးများမှာ လစာ ကောင်း ကောင်းရနေပြီး စည်းစိမ်မပျက်ရှိနေသည်ကို သူတို့ ရင်နာနေကြရပြီ။

ကြံ့ဖွံ့ပါတီမှ အထူးအားကိုးအားထားပြုနေသောသူတို့မှာ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။ သူတို့အား ဦးသုဝေတို့ နေမျိုးဝေတို့က မဲရောင်းပြီးခေါ်နေခဲ့ကြသည်။သို့သော် ယင်းပုဂ္ဂိုလ်တို့မှာ လူလည် လူပါးများ ဖြစ်သည်။ မနိုင်သည့်ဖက်က မနေသောလူတွေမို့ ဤပွဲမှာသူတို့ခံလိုက်ရသည်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်တို့မှာ ရွေးကောက်ပွဲအနိုင်ရမည့် ကြံ့ဖွံ့တို့၏ ကြောထောက်နောက်ခံအားကို ယူထားသည်။

အကယ်၍ သူတို့က မဲရှုံးသွားလျှင်တောင် ၅ သိန်းကျော် ၆ သိန်းမျှသာ၊ နိုင်သွားပြီဆိုလျှင်တော့ ကြံ့ဖံွ့ပါတီနှင့် အစိုးရဖွဲ့သည့် အခါ မဟာမိတ်လုပ်သွားမည့် အခွင့်အရေးသမား လှေနံနှစ်ဖက်ရပ်နေမည့် သူတွေဖြစ်သည်။ သူတို့မှာ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ၀င်ရောက်ချင်၍ ၀င်ရခြင်းမဟုတ်ကြောင်း ပြောဆိုထားသည်။ ခိုင်းလို့ လုပ်ရပါသည်။

ဝင်ရပါသည်ဟု ကြံ့ဖွံ့ပါတီကို မကြိုက်သလိုလိုနှင့် ပြောထားတော့ လူတွေကလည်း သူတို့ကိုမဲပေးချင်ကြသည့် အနေအထား ရထားသည်။ ၂၀၁၀ ရွေးကောက်ပွဲကား ဒူးထောက်ပွဲဖြစ်သည်။ စစ်အစိုးရကို အံတုသည့် ပွဲမျိုးမဟုတ်။ ယခုတောင်မှ မည်သို့မျှ အံတု မပြောမဆိုနိုင်၊။ နောင်ကိုကော ပြောဆိုရဲပါမည်လား။ သိရက်နှင့် သိသည်ဟု ပြောနေသောသူတို့မှာ စင်စစ်နိုင်ငံရေးသမားကောင်းတော့ မဟုတ်တန်ရာ။ အကယ်၍ဤပွဲကို ရှုံးနိမ့်မည်မှန်းသိပါက နိုင်မည့်ပွဲကိုကြိုးစားလုပ်ကြဖို့ဘဲရှိသည်။

စစ်အစိုးရသည် ကြားဖြတ်အစိုးရအဖြစ် မုချကြေညာရမည်ဖြစ်သည်။ ၀န်ကြီးချုပ်သိန်းစိန်တို့ကို ၀န်ကြီးချုပ်ရာထူး ဘ၀မှ ဖြုတ်ထုတ်ရပေလိမ့်မည်။ သို့မှသာသူတို့၏ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူတို့အနေအထားမှာ လက်ရည် တူချင်တူနေပေလိမ့်မည်။ ယင်းလက်ရည်တူနေဖို့အတွက် ယခုပြိုင်ပွဲဝင်မည့်သူများက ကြိုးစားရဲရမည်ဖြစ်သည်။ တခုသာရှိသည်။ စစ်အစိုးရကို ယခုအချိန်တွင် ရင်မဆိုင်လိုက ပြည်သူတွေနှင့် လက်တွဲရမည်ဖြစ်သည်။

ပြည်သူတွေကကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် ရဲရင့်သောနိုင်ငံရေးခေါင်းဆောင်များကို လိုလားနေကြသည်။ စစ်အစိုးရက ကြားဖြတ်အစိုးရမဖွဲ့နိုင်ခင် ဒီမိုကရေစီအင်အားစုတွေက အမြန်ဆုံးဖွဲ့စည်းရန်လိုသည်။ ဤသည်မှာမြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာကို ဖြေရှင်းသောနည်းလမ်း တခုဖြစ်ကြောင်းပြောချင်ပါသည်။ စစ်အစိုးရမှာ အကြီးအကျယ်ပြသနာတက်နေကြောင်းကို ကမ္ဘာကလည်း သိနေပါသည်။ ထို့ကြောင့် ကျနော်တို့ တခုခုကိုတော့ ကြိုးစားရန်သာရှိပါတော့သည်။

No comments: