Friday, September 3, 2010

အသွင်ကူးပြောင်းရေးကို ရွေးကောက်ပွဲက လုပ်လို့မရ အတိုက်အခံမှ လုပ်လို့ရမည်

ခိုင်အောင်ကျော် ( နယူးယောက် )

ခပ်တိုတိုဘဲ ပြောစတမ်းဆိုက မြန်မာနိုင်ငံဘယ်တော့ ဒီမိုကရေစီရမှာလဲ မေးခွန်းကို ဖြေရမှာဖြစ်သည်။ အဖြေမှာ နှစ်မျိုးရှိပါသည်။ ပထမအဖြေက စစ်အစိုးရ ရှိနေသမျှ ကာလပတ်ပုံး ဒီမိုကရေစီ မရရှိနိုင်ခြင်း ဖြစ်သည်။ ဒုတိယ အဖြေမှာ ပြည်သူတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရကို ထောက်ခံပေးလျှင် ရရှိနိုင်ခြင်း ဖြစ်သည်။ ကျနော် ပြောချင်သည်မှာ ယင်းသို့ဖြစ်သည်။

ဦးစွာ ရှေ့နေကြီး လမ်းပြကြယ်ဦးအေးမြင့်နှင့် တွေ့ဆုံဆွေးနွေးရင်း သူမေးသော စကားတခွန်းကို ဖေါက်သည် ချချင်သည်။ ၄င်းမှာ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အုပ်စုမှ အမှန်တကယ် လုပ်ဖြစ်မည်ဟု ထင်ပါသလား ဆိုသော မေးခွန်းဖြစ်သည်။ အဓိပ္ပာယ်ရှိလွန်းသော သူ့မေးခွန်းကို ကျနော် ချက်ချင်း မဖြေဖြစ်ပါ။ အကြောင်းမှာ ပြည်ပ နိုင်ငံတွင် နေထိုင်သော ကျနြေ့်အနေဖြင့် လက်လွပ်စပယ် အဖြေမျိုးကို မပေးချင်၍ ဖြစ်သည်။ သို့သော် သူနားလည်အောင် တခုတည်းသော အဖြေတခုကိုတော့ ပြောရဲခဲ့ပါသေးသည်။

ကျနော်၏အဖြေကို ဦးအေးမြင့် လက်ခံသည် မခံသည်ကို ကျနော် မသိ။ ကျနော်၏အဖြေမှာ စစ်အုပ်စုက သူတို့ အာဏာတည်တန့်ခိုင်မြဲဖို့အတွက်သေနတ်ဖြင့် ခြိမ်းခြောက်ပြီး အနိုင်ရရှိမည်ဟု ထင်လျှင် ကျိန်းသေ ရွေးကောက် ပွဲ ကို ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

လွပ်လွပ်ပြီးတရားမျှတမှု ရှိသည် မရှိသည်ကို စစ်အုပ်စုမှ ဂရုစိုက်စရာမရှိ။ ကမ္ဘာကြီးတခုလုံးက မည်သို့ပင် ဆိုနေပြောနေ ဘာမျှဂရုစိုက်စရာမလိုဟု သူတို့ထင်ထားသည်။ သူတို့သိသည်မှာ သူတို့၏ အာဏာတည်တန့် ခိုင်မြဲရေးဖြစ်သည်။ သူတို့တွင် အဓိကရန်သူမှာ အမေရိကန်နိုင်ငံမဟုတ်။ ဥရောပနိုင်ငံမဟုတ်။ လုံခြုံရေးကောင်စီ မဟုတ်။ သူတို့၏အဓိကရန်သူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ သူတို့ ဂရုစိုက်သည်မှာ ဒေါ်အောင်ဆန်း စုကြည် ဖြစ်သည်။

လွှင့်ပစ်၍လည်းမရ၊နှင်ထုတ်လို့လည်းမဖြစ်၊ အကျဉ်းထောင်ထဲထားလို့လည်း မလွယ်ဖြစ်နေသော ဒေါ်အောင် ဆန်းစုကြည်ကား သူတို့ အဖို့တကယ့် ပြဿနာကောင်ဖြစ်သည်။ သို့သော် သူတို့ကြောက်သော အသည်းတုန် သော ဒေါ်အောင်ဆန်းစုကြည်မှာ သာမန် မိန်းမသားမျိုး မဟုတ်မှန်း သူတို့ ကောင်းကောင်းကြီး နားလည်ပါသည်။ တနေ့တွင် သူတို့ အာဏာလွှဲပြောင်းပေးရမည်ကိုလည်း သူတို့နားလည်ထားပါသည်။ယင်း အချိန်ခါတွင် စစ်အုပ်စု အဖို့ အခံရသက်သာအောင် စီမံထားမှု များရှိသည်ဟုလည်း သတင်းများက ဆိုပါသည်။

မှန်သည်မှားသည်ကို မပြောတတ်သော်လည်း စစ်အုပ်စုသည် အခါခပ်သိမ်း သူတို့ပြုတ်ကျသွားမည့် အရေးကို ထာဝရ တွေးတောပူပန်နေကြသူများဖြစ်သည်။

အကယ်၍ယခုအချိန်တွင် နေပြည်တော်၌ စစ်အုပ်စုအဘို့ လူအင်အားနည်းနေချိန် အာဏာသိမ်းမှုများ မဖြစ်ပေါ် နိုင်ဟု မည်သူမျှခန့်မှန်းပြော၍ မရနိုင်သည့်အခြေဖြစ်နေသည်။ စစ်အုပ်စုတွင် ပညာတတ်အရာရှိ အရာခံ စစ်ဗိုလ် များမှာ အာဏာရှင် စစ်မိန့်စစ်ဥပဒေများကို မကြိုက်နှစ်သူများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ နျူးကလီးယားလက်နက်စက်ရုံနှင့် ပါတ်သက်၍ ထုတ်ဖေါ်ခဲ့သော ဗိုလ်မှူးစိုင်းသိန်းဝင်းနှင့် ဗိုလ်မှူး အောင်လင်း ထွဋ် တို့အဆိုအရ တပ်မတော်အတွင်း ပေါက်ကွဲမူများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းပြောဆိုသံများ ထွက်ပေါ် နေသည်။

၁၉၆၂ ခုနှစ်ကပင် ၁၉၈၈ ခုနှစ်ထိ အာဏာရှင်အဖြစ် အုပ်ချုပ်နေခဲ့သာ ဦးနေ၀င်းမှာ တကယ့်သက်ဦးဆံပိုင် အာဏာရှင်တဦးဖြစ်ပါသည်။ နောက်ဆုံးမှာ အာဏာရှင် ဦးနေ၀င်းအားလည်း ဖြုတ်ချခဲ့ ကြသည်မှာ သင်္ခမ်းစာ တရပ်ဖြစ်သည်။ လေ့လာစရာဖြစ်သည်။ အတုခိုးစရာဖြစ်သည်။ စစ်တပ်အတွင်းမှ စစ်ဗိုလ် စစ်သား တို့သည် အိန္ဒိယနိုင်ငံသို့ ၅ ရက်တာခရီးသွားသော မိစ္ဆာကောင်သန်းရွှေ မရှိခင် အာဏာသိမ်းမှုများကို အမြန်ဆုံးပြု လုပ်နိုင်ပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် တက်ရောက်နေသော ထိုင်းနိုင်ငံ ၀န်ကြီးချုပ် သက်ဆင်ရှင် နာဝပ်ကို ထိုင်းနိုင်ငံရေးပါတီက အာဏာသိမ်းလိုက်သည်မှာ မကြာသေးချေ။

အာဏာရှင်ဆိုသည်မှာ ဖြုတ်ချလိုက်ပြီဆိုသည်နှင့် ကြံရာမရဖြစ်သွားတတ်ပါသည်။ နဂါးဖြစ်နေရာမှ အဆိပ်မဲ့မြွေ တကောင်လိုဖြစ်သွားရပါသည်။ ဤအချက်ကို ပြည်သူများက အထူးနိုင်ငံရေးအသိပညာများဖြင့် သိနားလည်ရန် လိုပါသည်။ အာဏာသိမ်းမည့် သတင်းများကို ပြည်တွင်းတွင် လုံးဝဖြန့်ချီရမည့်အချိန်ဖြစ်နေပါပြီ။ နိုင်ငံရေးဆို သည်မှာ ကျားကွက်ရွေ့သလို ကစားရတတ်ပါသည်။ အသေချည်းကစား ပြနေလျှင် စစ်အုပ်စုသည် ထာဝရ အနိုင်ယူကစားသွားမည် ဖြစ်ပါသည်။

သူ လှုပ်မှကိုယ်ကနောက်ကနေပြီး ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ဓါတ်ပုံရိုက်နိုင်ငံရေးအခန်းအနား ပြုလုပ်ခြင်း တို့ကို လုပ်နေလို့ကတော့ နှစ်ပေါင်း ၂၂ နှစ်မဟုတ်၊ စစ်ကျွန်ဘ၀ကို နောက်ထပ် နှစ်ပေါင်း ၂၂၀ ထိ ကြာမြင့်သွားနိုင်ပါသည်။ ကျနော်တို့မှာ တခါတခါ ကိုယ်ကဦးအောင် စစ်မျှာားကို ချွန်ထုတ်သုံးရန်လိုသည်။ ယခုအချိန်တွင် စစ်တပ်အတွင်း ပေါက်ကွဲနိုင်သော အခြေအနေများစွာရှိသည်ဟု သတင်းကြားနေရသည်။ တပ်မတော်ပြိုကွဲအောင် လုပ်ရန်လိုအပ်ပါသလားဟု တွေးတောကြည့်မှ ဖြစ်တော့မည်ထင်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်မှာ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးထား နေပါ သည်။

ယခုအခါ ယင်းတပ်မတော်ကို ဗိုလ်သန်းရွှေ ဦးဆောင်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းကို သူလေးစားသမှု မရှိကြောင်း သူ၏လုပ်ရပ်များက ကောင်းစွာ သက်သေပြနေပါသည်။ တပ်မတော်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုး သော စစ်ဗိုလ်စစ်သားများစွာ ရှိကြသည်ဟု ဆိုကြပါသည်။ သည်တော့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ လမ်းစဉ်အတိုင်း မကျင့်သုံးသော ခါးပိုက်ဆောင်အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ကို ပြိုကွဲအောင် ပြုလုပ်ရန်မှာ တပ်မတော်သားများသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ကံကြမ္မာကို ကယ်တင်ရန်မှာ တပ်မတော်သား များသာဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင်များအဖြစ် တပ်မတော်မှ စစ်ဗိုလ် စစ်သားများကို ပြည်သူတရပ်လုံးမှ မျှော်လင့်တောင့်တ နေကြပါသည်။ ရီဝေနေသောမျက်လုံးတို့ဖြင့် ကမ်းမမြင် လမ်းမမြင်ဖြစ်နေသော ပြည်သူတရပ်လုံး၏ဘ၀သည် တပ်မတော်မျိုးချစ် ဒီမိုကရေစီခေါင်းဆောင်များ၏ လက်ထဲတွင် ကံကြမ္မာတခုလုံးကို ၀ကွက်အပ်နှံထား သလိုဖြစ် နေ ပါ သည်။

ကရင်ပြည်နယ်ဘက်တွင် ကရင်လူမျိုးများကို အကြမ်းဖက်တိုက်ခိုက်နေသော နအဖတပ်မတော်ထဲမှ ရခိုင်လူမျိုး ၊ ချင်းလူမျိုး၊ ဗမာလူမျိုးတို့မှာ ကရင်လူမျိုးများကို ဒုက္ခကြီးငယ်ညှင်းပမ်းနှိပ်စက်နေမှု အား ရပ်ဆိုင်းသင့်ပါပြီ။
အဘယ့်ကြောင့်ဆိုသော် ကရင်လူမျိုးများဖြစ်သော နအဖစစ်သားများသည် ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ်၊ အခြားပြည်နယ်များတွင် ရမ်းကားနှိပ်စက်၍ ယင်းပြည်နယ်ရှိပြည်သူများမှာ အတိဒုက္ခရောက်နေကြပါသည်။

အဲဒီတော့ ကိုယ်က အနောက်ဖက်မှာ ပြည်သူတွေကို မုဒိမ်းကျင့်နေချိန် အရှေ့ဖက်မှာ ကျန်နေခဲ့သော မိမိ၏ ဆွေမျိုး။ မိဘ ၊ ညီအမတို့မှာ တပ်မတော်ထဲမှ မိမိတို့၏ ဘ၀တူ စစ်သားစစ်ဗိုလ်များ၏ မုဒိမ်းကျင့်ခြင်း ခံနေရ သည်ကို နားလည်ဖို့ လိုနေပါပြီ။ ရှေ့တန်းထွက်တိုက်နေကြသော စစ်သားများ၏ သားသမီးတို့မှာ နိုင်ငံခြားတွင် ကျောင်းတက်နေသည်ဟု တခါမျှ မကြားဖူးသေးပါ။

သို့သော် ဗိုလ်ချုပ် ဗိုလ်မှူးကြီးသားသမီးများမှာ နိုင်ငံခြားတွင် ပညာသင်ကြားနေကြပါသည်။ သူတို့၏ ဆွေမျိုး များမှာ တိုက်ကြီးဖြင့် ဇိမ်နှင့် အကျအန နေထိုင်ကြပါသည်။ စစ်သားများ၏ မိသားစုများမှာ မည်ကဲ့သို့ နေထိုင်ရ သည်ကို ပြန်လည်ကြည့်တတ်ဖို့ လိုပါသည်။ ကြားရသော သတင်းများအရ စစ်သားများ၏ မယားနှင့် သမီးများမှာ လစာငွေနည်းပါး၍ ပြည့်တန်ဆာဘ၀ရောက်ကာ ညငှက်ဘ၀ဖြင့် ခန္ဒာကိုယ်ကို ရင်းနှီးလုပ်ကိုင် စားသောက် နေကြရသည်ဟု သတင်းများ ထွက်ပေါ်နေကြပါပြီ။ ယင်းသို့ရောက်အောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စီစဉ်ထား ခြင်းဖြစ်သည်။

ပြသနာကား စစ်သားများမှာ ပြည်သူတွေကို နှိပ်စက်နေလေလေ မိမိတို့သားသမီး လူလုံးမလှဖြစ်ကြရသည်ကို နားမလည်ဘဲ ရှိနေကြခြင်းဖြစ်သည်။ မိမိတို့က အပင်ပမ်းခံကာ သေနတ်ကိုင်ပြီး ပြည်သူတွေကို နှိပ်စက်နေချိန် ဗိုလ်ချုပ်ကြီးတို့မှာ စည်းစိမ်ချမ်းသာ ဇိမ်နှင့် နေထိုင်နေရခြင်းဖြစ်သည်။ သူတို့မှာ လူကဲ့သို့ လူသားတဦးပီပီ စည်းစိမ်ဥစ္စာနှင့် နေထိုင်ကြရပြီး အရာရှိအရာခံ အကြပ်တပ်သားများမှာ လူသားဖြစ်ပါလျှက် လူနှင့် မတူဘဲ ခိုင်းသမျှ အမိန့်ကို လိုက်လုပ်ပေးနေရသော နွားလိုဖြစ်နေသည်။ ခွေးတိရစ္ဆှာန်လိုလို ဖြစ်နေသော စစ်သားတို့မှာ ယခုအချိန်တွင် ပြည်သူတွေနှင့် တသားတည်းကျရန် အချိန်လည်းဖြစ်သည်။

သန်းပေါင်း ၅၀ ကျော်လူဦးရေသည် သေနတ်ကိုင်ထားသော စစ်သားများ၏ လက်ထဲတွင် ဆိုးသွမ်းသော ကံကြမ္မာဖြင့် ကျရောက်နေသည်။ ထို့ကြောင့် တပ်မတော်ထဲမှ ပြည်သူ့ရင်ခွင်ဘက်သို့ ကူးပြောင်းလာချိန်သည် ကမ္ဘာ့မြေပုံတွင် မြန်မာနိုင်ငံ ပြောင်းလဲသွားသောနေ့ ဖြစ်သည်။ စီးပွားရေး ချွတ်ချုံကျနေသော မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သား အစိုးရနှင့်သာ အနာဂါတ်ကို ကျော်ဖြတ်ရမည်ဆိုလျှင် ချက်ချင်း ပြောင်းလဲသွားနိုင်သော အခြေအနေရှိပါသည်။

တံထားဆောက်၊ တိုက်ဆောက်ခြင်းသည် နိုင်ငံတနိုင်ငံ၏ အလွန်အရေးကြီးသော အခြေအနေမဟုတ်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အခြေခံကျကျ တည်ဆောက်နိုင်ပြီ ဆိုလျှင်လူသားတိုင်းသည် မွေးရာပါ အခွင့်အရေးအရ လွပ်လွပ်စွာ ထုတ်ဖေါ်ခွင့် ၊လွပ်လွပ်စွာရေးသားခွင့်၊ လွပ်လွပ်စွာသက်မွေးဝမ်းကျောင်းခွင့် နှင့် လွပ်လွပ်စွာအသင်းအပင်းဖွဲ့စည်းပိုင်ခွင့် များ ရရှိသွားမည်ဖြစ်သည်။ ယင်းမှာ ပကတိအခြေအနေအရ မြန်မာနိုင်ငံ၏ အဓိကအရေးတကြီး လိုအပ်နေခြင်းများဖြစ်ပါသည်။

လွန်ခဲ့သော ၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံမှသည် ယနေ့ထက်ထိ နှစ်ပေါင်း ၂၂ နှစ်တာကာလအတွင်း ကျနော်တို့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းနေခဲ့ကြသူ၊ ကြိုးပမ်းနေကြသူ၊ ကြိုးပမ်းနေကြ ဆဲသူများဖြစ်သည်။ သို့သော် ပန်းတိုင်နှင့် ကပ်လွှဲလွဲနေပါသေးသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးသမားတို့၏ ရည်မှန်းချက်အတိုင်း တနေ့ မုချအောင်ပွဲခံရမည်ဟု စိတ်ထဲတွင် ကိန်းအောင်းကြသူများသာဖြစ်သည်။

ပကတိ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးသည် ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် ပြည်ပရှိ နိုင်ငံရေးအဖွဲ့အစည်းများ၏ အခြေအနေပေါ်တွင် ကောင်းစွာအကျိုးသက်ရောက်စေပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ မှတ်ပုံမတင်၍ တရားဝင် ပါတီအဖြစ် ရပ်တည်၍ မရဖြစ်နေသည်။ သို့သော် နိုင်ငံတကာအစိုးရများမှ ယခုထက်ထိ နေ့စဉ်လိုလို သွားရောက်တွေ့ဆုံနေသည်။

ယင်းမှာ ကောင်းသောလက္ခဏာဖြစ်ပါသည်။ တနည်းအားဖြင့် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ပြောဆို နေရခြင်းကြောင့် စစ်အစိုးရအဖို့ ကံမကောင်းလှပါ။ သို့အတူ ပြည်ပရှိ နိုင်ငံရေး ပါတီအဖွဲ့အစည်းများ ကလည်း ကုန်ခဲ့သောနှစ်က ကုလသမဂ္ဂမှပင် ထုတ်ပယ်ရေးအထိကို ကန့်ကွက်ခဲ့ကြပါသေးသည်။ နောက်ဆုံး နိုင်ငံတကာတရားရုံးအထိ ရာဇ၀တ်ကောင်အဖြစ် တရားစွဲရန် ကြိုးပမ်းခဲ့ကြပြီးပါပြီ။

စစ်အစိုးက ခြိမ်းခြောက်ထားသော ၂၀၁၀ ရွေးကောက်ပွဲသည် မကြာခင်ပင် ကျင်းပလာမည်လားဟု မေးခွန်းများ ဖြစ်ပေါ်နေပါသည်။ နိုင်ငံတကာမှ အသိအမှတ်မပြု၍ ရွေးကောက်ပွဲကို မကျင်းပသေးဟု ဆိုကာ ရွှေပြောင်းနိုင် သည်ဟုလည်း ပြောသူများရှိလာပါပြီ။ မည်သို့ပင်ဆိုစေ သူတို့သည် သူတို့၏ ဆင်ဖဲကို သူတို့၏လက်နှင့် ကစား မည့် သူများသာဖြစ်သည်။ ကျနော်တို့ကလည်း ကျနော်တို့၏လက်နှင့် ၀ှက်ဖဲများကို ထုတ်သုံးပြီး နိုင်ငံရေး ကစားကွက်ကို ရွှေ့ကစားရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်တွင်းတွင် ရွေးကောက်ပွဲနှင့် ပါတ်သက်၍ မေးစမ်းနေသော နိုင်ငံများစွာ ရရှိပါသည်။

ယင်းမေးခွန်းကို ပြည်ပရှိ နိုင်ငံရေးအဖွဲ့အစည်းများက ဖြေဆိုနိုင်ရဲရန် အခွင့်အရေးရရှိနေဖို့ လိုပါသည်။ ယင်းမှာ နိုင်ငံကာက အသိအမှတ်မပြုဆိုသောအဆင့်သည် သက်ဆိုင်ရာနိုင်ငံများနှင့် မပါတ်သက်ဘဲ ရှိနေကြောင်း ခန့်မှန်းဖို့လိုသည်။ ကာယကံရှင် နိုင်ငံကသာ ပြောမှတရားဝင်ပြီး အဓိပ္ပာယ်လည်း ရှိမည်ဖြစ်သည်။

ဒီအခါ နိုင်ငံတကာရှိနေသောအဖွဲ့အစည်းများအနေဖြင့် ခိုင်မာကျစ်လစ်သော အဖွဲ့အစည်းတခုဖြစ်ရန် လိုအပ်နေ သည်။ နှစ်ပေါင်းနှစ်ဆယ်အတွင်း အဖွဲ့အစည်းများက ထူးမခြားနားဖြစ်နေသောကြောင့် ကျနော်တို့အမေရိကန်ရှိ အင်အားစုတွေက နိုင်ငံတကာမြန်မာနိုင်ငံအမျိုးသားဖေါင်းဒေးရှင်းကွန်ဂရက်အဖွဲ့ကို ဖွဲ့စည်းထားလိုက်ကြပြီးပြီ။ ၂ လ သားရှိသော အဖွဲ့အစည်းမှာ ခိုင်မာမူမရှိသေး။ ငွေကြေးရံပုံငွေ တပြားတချပ်မျှ မရရှိသေး။ တနည်းအားဖြင့် လုပ်ငန်းအစီအစဉ်တွေ မချမှတ်ကြရသေးချေ။

လွန်ခဲ့သောနေ့က အိန္ဒိယ နိုင်ငံနယူးဒေလီမြို့တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေလာရောက်ခဲ့သည်ကို ကန့်ကွက် ဆန္ဒပြရန် ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ ရဲဘော်ကိုကျော်သန်း၏ လှုပ်ရှားမှုကတော့ ၂လသားအဖွဲ့အစည်း၏ လှုပ်ရှားမှု ဖြစ်ကြောင်း ပြော၍ရသည်။ အခြားသောပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေနှင့် ဆက်သွယ် ဆောင်ရွက်ရန် တာစူနေခြင်းကမူ ရှိနေသည်။ ကျနော်ပြောချင်သည်မှာ မည်သည့်အဖွဲ့အစည်းမဆို လတ်တလော ပေါ်လီစီချ ပြခြင်းနှင့် ရေရှည်ပေါ်လီစီကျင့်သုံးခြင်းဆိုသည်ကို လုပ်ဆောင်ရန်သာဖြစ်ပါသည်။

လောလောဆယ်အားဖြင့် ကျနော်တို့မှာ အတိတ်က သင်္ခမ်းစာကို ရထားခဲ့ကြပြီးဖြစ်သည်။ သက်ဆိုင်ရာ နိုင်ငံများတွင်လည်း အတိုက်အခံကောင်းများပီပီ တိုက်ပွဲဝင်နေကြသည်။ ပြောတော့လည်း ဘုံရန်သူကို တိုက်ရန် ဟု ပြောဆိုကြသည်။ လက်တွေ့တွင် အကွဲကွဲအပြဲပြဲ။ သည်လိုတော့ဖြင့် မဖြစ်သင့်တော့။ စောစောက ရေးခဲ့ထား သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံတကာက ပြည်တွင်းမှာ မေးခွန်းတွေ ထုတ်နေပြီ။

မနေ့ကတော့ ဦးဝင်းတင်က ပြည်သူတွေကို သပိတ်မှောက်ရန် လှလှပပပြောလိုက်ပါပြီ။ အလွန်တရာ အကြပ် အတည်းကြားမှ သူတို့တွေ၏ နိုင်ငံရေးလှုပ်ရှားနေမှုကို ကိုယ်ချင်းစာကြည့်မိပါသည်။ သူတို့ပြောချင်သော စကား၊ သူတို့ ဖြစ်ချင် သော ဆန္ဒတွေကို ကျနော်တို့ တတ်နိုင်သမျှ ပြုလုပ်ပေးရန်လိုနေသည်။ မကြာခင် ဆွီဒင်နိုင်ငံမှာ ညီလာခံ၊ ထိုင်းနိုင်ငံမှာ DAB ညီလာခံ စသည်ဖြင့် တခဲနက် ကျင်းပကြမည်ဖြစ်သည်။

သည်တော့ ကျင်းပကြသည်နှင့် ပြီးဆုံးသွားသည်အထိ ဆုံးဖြတ်ချတွေချမှတ်ပြီး ရေစံမျောကြေညာချက်မျိုးကို မလုပ်မိဖို့ သတိထားပေးရန်လိုပါသည်။ အကြောင်းမှာပြည်သူတွေက ရိုးအီနေသောဇတ်လမ်းမျိုးကို မဖတ်ချင် ကြတော့ချေ။

တခုတော့ ရှိပါသည်။ ရွေးကောက်ပွဲဖြင့် အသွင်ကူးပြောင်းရေးကာလကို ပြုလုပ်၍မရ။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများက ညီညွတ်ကြပြီဆိုလျှင် နိုင်ငံတကာအစိုးရများနှင့် ကျနော်တို့၏ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို ဖွဲ့စည်းက အသိအမှတ်ပြုပေးပါမည်လားဟု မေးရန်သာရှိပါသည်။

နိုင်ငံတကာမှ လက်သင့်ခံပြီဆိုလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အတိုက်အခံများမှ ပြုလုပ်၍ရသည် ဖြစ်ကြောင်း နားလည်သဘောပေါက်မည်ဟု ပြောပြချင်ပါသည်။

No comments: