Tuesday, January 6, 2009

မီဇိုရမ်မှာ မြန်မာစားသောက်ဆိုင် မီးလောင်

မြင့်မောင်
တနင်္လာနေ့၊ ဇန်နဝါရီလ 05 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ ဈေးကြီးတွင် ဖွင့်လှစ်ထားသည့် မြန်မာစားသောက်ဆိုင် တဆိုင်တွင် ယမန်နေ့က ဂက်(စ်)အိုး ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်း အမရပူရမြို့နယ်မှ ကိုထွန်းထွန်းဆိုသူ ပိုင်ဆိုင်သည့် စားသောက်ဆိုင်တွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဂက်(စ်) သဘာဝဓာတ်ငွေ့ဖြင့် ချက်ပြုပ်နေစဉ် ဂက်(စ်)အိုးဝါရှာ မလုံရာမှ မီးကူးစက်ကာ ပေါက်ကွဲ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

"ဂက်(စ်)အိုးက ပထမ တအိုး ကုန်တော့မှာဆိုတော့ ကုန်ခါနီးကို လဲတဲ့ အခါကျတော့ နောက်တအိုး ဖောက်တာ။ ဖောက်တဲ့အိုးက ၀ါရှာ မကောင်းတဲ့အခါကျတော့ ဂက်(စ်)ခေါင်း မတပ်ခင် ပန်းထွက်တဲ့အတွက် ချက်နေတဲ့ မီးစက ကူးသွားလို့ မီး ထလောင်တယ်" ဟု မြန်မာ ရက်ကန်းသမား ဦးသန်းထွန်းက ပြောသည်။

သူက ဆက်ပြီး "ဆိုင်အတွင်းက ဆိုင်သုံးပစ္စည်းတွေ အကုန်ပါသွားတယ်။ ငွေသား ၂ သောင်း နီးပါးပါတယ်။ မီးလောင်တဲ့အတွက် အာဏာပိုင်တွေ၊ မီးသတ်တွေ ရောက်လာပေမယ့် လူကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိဘူး" ဟု ပြောသည်။

မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အိန္ဒိယရူပီးငွေ ၁ သိန်းနီးပါး ရှိသည်ဟု ဆိုင်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

မီဇိုရမ်ပြည်နယ်မှာ ချင်းပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ ပြည်နယ်တခု ဖြစ်သည်။

ပြည်နယ်မြို့တော် အိုက်ဇော၌ပင် မြန်မာနိုင်ငံဖွား တိုင်းရင်းသား အလုပ်သမားပေါင်း ထောင်ပေါင်းများစွာ ရောက်ရှိနေပြီး ရက်ကန်း၊ ပန်းတိမ်၊ လမ်းဖောက်၊ ကားဒရိုင်ဘာ၊ အိမ်ဖော်နှင့် ကျဘမ်းအလုပ်များတွင် ၀င်ရောက်လုပ်ကိုင်နေသည်။

စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်ပေါင်း ၂၅၀ ကျော်လည်း ဖွင့်လှစ်ထားရှိကာ လမ်းဘေး ပြန်ကျဈေးသည်မှာမူ ဦးရေ ၁၅၀၀ နီးပါးရှိနိုင်ကြောင်း အဆိုပါဒေသတွင် လွန်ခဲ့သည့် ၂၅ နှစ်ခန့် ကတည်းက ရောက်နေပြီး လက်ရှိတွင် မြန်မာလူမှုရေးကိစ္စများ ဆောင်ရွက်နေသူ ကိုဖိုးနီက ခန့်မှန်းပြောဆိုသည်။

No comments: