Sunday, January 25, 2009

မလေးရှားရောက် မြန်မာများ ဆန္ဒပြ

မြင့်မောင်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 22 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒုက္ခသည်အခွင့်အရေးများ ပေးရန်အတွက် မလေးရှားရောက် မြန်မာဒုက္ခသည် ၃၀၀ ခန့်က ကွာလာလမ်ပူအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရှေ့တွင် ယမန်နေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့သည်။

"ဒုက္ခသည် စာရင်းအသစ်လက်ဖို့၊ UNHCR ရုံးမှာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ တန်းတူညီတူ အခွင့်အရေးရရန်၊ လာဘ်ပေးလာဘ်ယူ လုပ်နေတာတွေ ရပ်တန့်ရန်၊ UNHCR လူကြီးတွေ့နဲ့ ပတ်သက်တဲ့ သူတွေကို ဒုက္ခသည်အဖြစ် ကဒ်အသစ်တွေ ထုတ်ပေးနေတာမျိုးတွေ ရှိတဲ့အတွက် ရပ်စဲပေးဖို့ ဆန္ဒပြခြင်း ဖြစ်တယ်" ဟု ရိုဟင်ဂျာဒုက္ခသည် ကူညီရေးအဖွဲ့မှ ကိုညီညီက မဇ္ဈိမကို ပြောသည်။

UNHCR ရုံးမှာ လုံခြုံရေး အရာရှိ ဟာချီ ဟစ်ပတာဟင်က ဆန္ဒပြသူများကို ရုံးရှေ့ထွက်တွေ့ပြီး အထက်အရာရှိကို တင်ပြကာ၊ လိုအပ်ချက်များကို အသေးစိတ် ပြုလုပ်သွားမည်ဟု ပြောဆိုကြောင်း သိရသည်။

''UNHCR ရဲ့ ဒုက္ခသည်အားလုံးအပေါ် ခွဲခြားမှု မရှိတဲ့ မူဝါဒနဲ့ ဆက်လုပ်သွားမှာပါ။ ဒုက္ခသည်အားလုံးကို အကူအညီပေးရေး၊ ကာကွယ်စောင့်ရှောက်ရေးအတွက် အစွမ်းကုန် လုပ်နေတာပါ'' ဟု ကွာလာလမ်ပူ UNCHR ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရန်တီ အစ္စမေးလ်၏ ပြောဆိုချက်ကို အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာတိုင်းရင်းသား ဒုက္ခသည်များဖြစ်သည့် ချင်း၊ မွန်၊ ကရင်၊ ကယား၊ ရှမ်း၊ ဒီမိုကရေစီ တပ်ပေါင်းစု အဖွဲ့ဝင်များ၊ ကဒ်မရသေးသူများနှင့်အတူ ရိုဟင်ဂျာဒုက္ခသည် အများစုက ပါဝင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

မလေးရှားတွင် ဒုက္ခသည်နှင့် ဒုက္ခသည်အဖြစ် လျှောက်ထားသူပေါင်း ၄၅၄၀၀ ဦးရေရှိသည့်အနက် ၄၀၀၀၀ နီးပါးမှာ မြန်မာပြည်ကဖြစ်ပြီး၊ အများစုမှာ မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာများဖြစ်သည်ဟု UNHCR စာရင်းများအရ သိရသည်။

UNHCR အနေဖြင့် ၂၀၀၆ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ဒုက္ခသည်အဖြစ် လျှောက်ထားသူများအား လက်မခံဘဲ ယာယီရပ်ဆိုင်းထားသည်။

No comments: