Friday, July 23, 2010

ပဲဈေးကွက် ရောင်းအားကျဆင်း

မြင့်မောင်
ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၀ ခုနှစ်။

နယူးဒေလီ ။ ။ နိုင်ငံခြား တင်ပို့သည့် ပဲမျိုးစုံဈေးကွက် တည်ငြိမ်မှု မရှိသဖြင့် ပဲကုမ္ပဏီများက ၀ယ်ယူလိုခြင်း မရှိသောကြောင့် ပြည်တွင်း ပဲဈေးများ ကျဆင်းနေကြောင်း ပဲလုပ်ငန်းရှင်များနှင့် ပဲအ၀ယ်ဒိုင်များက ပြောဆိုကြသည်။

မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစိမ်းငုံ အပါအ၀င် ပဲမျိုးစုံများအား နိုင်ငံခြားသို့ တင်ပို့သည့် ပို့ဆောင်အား မကောင်းသဖြင့် ပဲသွင်းကုန်ထုတ်ကုန် ကုမ္ပဏီများဘက်က အ၀ယ်မလိုက်သောကြောင့် ပြည်တွင်း ပဲဈေးနှုန်းများ တရှိန်ထိုး ကျနေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“ရန်ကုန်မှာတော့ ၀ယ်လက် သိပ်မရှိဘူး။ ၀ယ်လက်ကတော့ အေးနေတယ်။ ပဲဈေးကွက်က ရန်ကုန်ဘက်မှာတော့ နှိမ့်တယ်။ နိုင်ငံခြား တင်ပို့မှုတွေ မရှိတော့ ဈေးက ကျနေတယ်။ တရုတ်ပြည်ကတော့ နည်းနည်းပါးပါး ၀ယ်တာတော့ ရှိတယ်” ဟု ရန်ကုန်မြို့ ဘုရင်နောင် ပွဲရုံမှ ပဲကုန်သည်ကြီး တဦးက မဇ္ဈိမကို ပြောသည်။

၃ တင်းဝင် ပဲစိမ်းငုံ အလုံး အိတ်တအိတ်လျှင် ကျပ်ငွေ ၆ သောင်း ၇ ထောင်နှင့် ၇ သောင်းကြား ရောင်းဈေးရှိနေသလို၊ အခြမ်း တပိဿလျှင် ကျပ် ၁၆၅၀ နှင့် ၁၇၀၀ ကြား ဈေးရှိနေကြောင်းနှင့် ယခင်က ကျပ် ၂၂၀၀ မှ ၂၃၀၀ ကျော်အထိ ရှိခဲ့ကြောင်း မန္တလေးတိုင်း ပဲကုန်သည် တဦးက ပြောသည်။

၃ တင်းဝင် ပဲတီစိမ်း တအိတ်သည် ယခင်ဈေးထက် ကျပ် ၅ သောင်းခန့်နှင့် ပဲစိမ်းငုံမှာ ၃ သောင်းခန့် ကျဆင်းသွားသည်ဟု သူက ဆိုသည်။

လက်ရှိတွင် အကောင်းစား ရွှေဝါ ပဲတီစိမ်း ၃ တင်းဝင် တအိတ်လျှင် ကျပ် ၁ သိန်း ၁ သောင်းခွဲ အထိရှိနေပြီး၊ ပဲတီစိမ်း အခြမ်းသည် ကျပ် ၁ သိန်း နီးပါးရှိကာ ပဲစိမ်းငုံ အကောင်းစားမှာမူ ၇ သောင်းနီးပါးနှင့် ကုလားပဲမှာ ၆ သောင်းခန့် ရှိကြောင်း သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ ဘုရင့်နောင် ကုန်စည်ဒိုင်ပေါက်ဈေးများမှာ မတ်ပဲ RC တတန်လျှင် ကျပ် ၉၇၅၀၀၀ နှင့် ကျပ် ၉၈၀၀၀၀ ကြား၊ SQRC တတန်လျှင် ကျပ် ၁၀၇၅၀၀၀ နှင့် ပဲစင်းငုံတတန်လျှင် ကျပ် ၈၅၀၀၀၀၊ ပဲတီစိမ်း (ပိဿာ ၆၀) လျှင် ကျပ် ၁၃၀၀၀၀ နှင့် ကျပ် ၁၄၀၀၀၀ ကြား ရှိကြောင်း ယခုတပတ်ထုတ် Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ရွှေဝါပဲတီစိမ်း အကောင်းစားဆိုလျှင် ကျပ် ၁ သိန်း ၁ သောင်းမှ ၁ သိန်းခွဲ၊ အလတ်စားမှာ ၁ သိန်းကျော်၊ အညံ့စားမှာမူ ၉ သောင်းကျော်၊ ပဲစိမ်းငုံအနီ ၇ သောင်းကျော်နှင့် ပဲစိမ်ငုံအဖြူက ၆ သောင်းကျော် ပေါက်ဈေးရှိကြောင်း မန္တလေးတိုင်း ပဲကုန်သည် တဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်း ပဲဈေးကွက်ပျက်ပြီး ငွေမချေနိုင်မှုကြောင့် ပဲကုန်သည် အသိုင်းအဝိုင်းတွင် ငွေကြေး အရှုပ်အထွေး ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ ပဲဈေးကွက်တွင် အကြွေးစနစ်ဖြင့် အရောင်းအ၀ယ် မလုပ်တော့ဘဲ လက်ငင်း ငွေချေစနစ်ဖြင့်သာ ရောင်းဝယ်နေကြောင်း မန္တလေးရှိ ပဲကုန်သည်များက ပြောဆိုသည်။

အာဏာပိုင်များက ဝင်ရောက်ထိန်းသိမ်းခြင်းမှာ ဈေးကစားသည့် ကုန်သည်များကို အခြားပဲကုန်သည်များက တိုင်ကြားသောကြောင့် ဖြစ်ကြောင်း၊ ပဲဈေးကွက် မရပ်ဆိုင်းမီက ပြည်ပသို့ တင်ပို့သည့် ပဲမျိုးစုံ တတန် ပေါက်ဈေးနှုန်းမှာ တရက်ထဲတွင်ပင် ကျပ်ငွေ သိန်းဂဏန်းနှင့်ချီ၍ အတက်အကျများ ဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၂၀၀၉ ခုနှစ်အတွင်း ငွေစက္ကူ ၅၀၀၀ ကျပ်တန် ထုတ်ဝေခဲ့ပြီးနောက် နိုင်ငံခြားသို့ တင်ပို့နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ ရုတ်တရက် မြင့်တက်သွားခဲ့သေးသည်။

ပြည်တွင်းထွက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့၏ ၇၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယသို့ တင်ပို့နေခဲ့ပြီး ကျန်ရှိသည်များထဲမှ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့သည်။

ပြည်ပပို့ကုန် ပဲများကို ဟင်္သာတ၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ မြင်းခြံ၊ ခရမ်း၊ သုံးခွ အစရှိသည့် မြို့နယ်များနှင့်ရှမ်းပြည်နယ်တွင် အဓိက စိုက်ပျိုးကြသည်။

ဘဏ္ဍာရေးနှစ်အလိုက် ပြည်ပသို့ ပဲတင်ပို့မှုကို Eleven ဂျာနယ်က အောက်ဖော်ပြပါအတိုင်း ရေးသားထားသည်။

ဘဏ္ဍာရေးနှစ် ပမာဏ(တန်ချိန်) တန်ဖိုး (အမေရိကန်ဒေါ်လာ)
၂၀၀၂-၂၀၀၃ ၂၆၈ သန်း
၂၀၀၃-၂၀၀၄ ၁၂.၁၀ သိန်း ၂၈၈ သန်း
၂၀၀၄-၂၀၀၅ ၈.၇ သိန်းကျော် ၂၂၄ သန်း
၂၀၀၅-၂၀၀၆ ၈.၇ သိန်းနီးပါး ၃၁၉ သန်း
၂၀၀၆-၂၀၀၇ ၁၁.၅ သိန်းကျော် ၆၀၉ သန်း
၂၀၀၇-၂၀၀၈ ၁၃.၄ သိန်းကျော် ၇၄၇.၄၂ သန်း
၂၀၀၈-၂၀၀၉ ၁၅.၄ သိန်းကျော် ၇၉၇.၀၉ သန်း
၂၀၀၉-၂၀၁၀ ၁၃ သိန်း ၉၈၀ သန်း

No comments: