Saturday, July 3, 2010

ကိုညီညီအောင်မိခင် မျက်စိကုသရန် လိုအပ်

မြင့်မောင် | ကြာသပတေးနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မကြာသေးခင်က ပြည်နှင်ဒဏ်ပေးခံရသူ အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ မိခင် ဒေါ်စန်းစန်းတင်သည် နိုင်ငံရေးပြစ်မှုဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံနေရကာ အရေးပေါ် မျက်စိဝေဒနာ ကုသရန် လိုအပ်နေကြောင်း သိရသည်။

မန္တလေးတိုင်း မိတ္ထီလာထောင်၌ အကျဉ်းကျခံနေရသည့် ၆၂ နှစ်အရွယ် ဒေါ်စန်းစန်းတင်၏ ဘယ်ဘက်မျက်လုံးအတွက် မျက်စိအထူးကု ဆရာဝန်ဖြင့် ပြသရန် လိုအပ်နေကြောင်း ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ထောင်ဝင်စာ သွားတွေ့သည့် ညီမဖြစ်သူ အဆိုအရ သိရခြင်း ဖြစ်သည်။

“သူ့ကို မျက်စိအထူးကုနဲ့တော့ မပြသေးဘူးပေါ့။ ထောင်ထဲကို ရိုးရိုးဆရာဝန်တော့ လာတယ်။ ဆေးထည့်တယ်၊ သောက်တယ်၊ ဒီလောက်ပဲ။ မျက်စိအထူးကု ဆရာဝန်နဲ့ ပြမှရမယ့် ကိစ္စဖြစ်တယ်။ ဘယ်ဘက်က သူမမြင်ရတော့ဘူး။ တော်တော်လေးကိုပဲ ဖြစ်နေတယ်” ဟု ညီမဖြစ်သူ ဒေါ်စုစုကြည်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ညာဘက်ကို ပိတ်လိုက်ရင် ကျမတို့ကို မမြင်ရဘူး။ ခွဲထားတဲ့ဘက်ကို ပြန်ပြီး စစ်ဆေးမှု ပြန်မလုပ်နိုင်ဘူး။ ၁ နှစ် အထဲမှာ ရောက်နေတဲ့အတွက် ပြန်ပြီး မစစ်ဆေးနိုင်တဲ့အတွက် အထဲမှာ ရောင်နေတယ်။ ဘာမှ မလုပ်နိုင်တဲ့အတွက် ကွယ်နေပါပြီ။ ပြန်လာရင်တော့ ပြန်ပြီး လုပ်လို့ ရမယ်၊ မရဘူး ဆိုတာကိုတော့ အန်တီတို့ မသိဘူးပေါ့” ဟု ပြောသည်။

ထောင်ဒဏ် ၃ နှစ်ချထားပြီးမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်ဖြင့် ကိုညီညီအောင်ကို ပြန်လွှတ်ပေးပြီး ထိုင်းနိုင်ငံ ဘန်ကောက်သို့ ထွက်ခွာမည့် လေယာဉ်ပေါ် တင်ပေးလိုက်သည်။

ဒေါ်စန်းစန်းတင်၏ အခြားသော သားချင်းဆွေမျိုး ၄ ဦးသည်လည်း နိုင်ငံရေးအကျဉ်းသားများဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်မှသည် ၆၅ နှစ်အထိ ကျခံနေရသည်။

No comments: