Saturday, July 3, 2010

ဂါယာဘုရားဖူးကား တိမ်းမှောက်၊ တဦး သေဆုံး

မြင့်မောင် | တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၄ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဗုဒ္ဓဘုရား ပွင့်တော်မူရာ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာသို့ ဘုရားဖူးလာရင်း ရန်ကုန်မှ ဘုရားဖူးများ တင်ဆောင်ထားသည့် မော်တော်ကားတစီး လမ်းချော် တိမ်းမှောက်သဖြင့် လူတဦး သေဆုံးကာ ၁ဝ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြသည်။

အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘုရား သတင်းသုံးရာ နေရာဌာနများသို့ သွားရောက်ဖူးမျှော်သည့် ၁၃ ရက်ကြာ ဘုရားဖူး ခရီးစဉ်တွင် ခရီးသည် ၁၅ ဦး ပါရှိသော ဘုရားဖူးကားသည် မြို့တော် နယူးဒေလီ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာရှိ သင်္ကဿကုန်း အဝင်တွင် ယမန်နေ့ နံနက် ၅ နာရီခန့်၌ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

“အသက် ၅၀ အရွယ် ရှိတဲ့ ကိုသိန်းမြင့်၊ လှိုင်မြို့နယ်က ယောက်ျားတဦး သေဆုံးတယ်။ ကားပေါ်ကလူတွေ တော်တော်များများ ဒဏ်ရာရတယ်။ ခါး၊ ခြေထောက်နဲ့ ခေါင်းတွေ ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးတဲ့ သူကိုတော့ မနေ့က ညနေမှာပဲ မီးသင်္ဂြိုဟ်လိုက်တယ်။ ကျနော်တို့ သက်သာရင်တော့ မနက်ဖြန်လောက်ကို ဗုဒ္ဓဂါယာကိုပဲ ပြန်တော့မယ်။ ခရီးစဉ်တွေ ဆက်သွားဖို့ စိတ်မပါတော့ဘူး” ဟု အခင်းဖြစ်ပွားမှုတွင် ကိုယ်တိုင်ရှိနေခဲ့သည့် ဘုရားဖူးတဦးက မဇ္ဈိမကို ပြောသည်။

“ဒေလီမြို့ကနေ သင်္ကဿကို အသွား မနေ့က မနက် ၅ နာရီလောက်မှာ သင်္ကဿအဝင် ကီလိုမီတာ ၃၀ အလိုမှာ မှောက်သွားတယ်။ မြူတွေကျလို့ ကားကို ဖြေးဖြေးမောင်းရင်း အကွေးကို ပြထားတဲ့ ဆိုင်းဘုတ်ကို မမြင်ရဘဲ ကားသမားက တည့်တည့်မောင်းလိုက်တော့ လမ်းဘေးချောက်ထဲ ဘီးတခုကျပြီး မှောက်သွားတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာပြည်မှ ၁၀ ရက်ကြာ ဂါယာဘုရားဖူး ခရီးစဉ်တွင် သံဝေဇနိယ ၄ ဋ္ဌာနဖြစ်သည့် ဗုဒ္ဓဘုရား ဖွားမြင်ရာ၊ ပွင့်တော်မူရာ၊ တရားဦးဟောရာနှင့် ပရိနိဗ္ဗာန်စံတော်မူရာ ဌာနများအပြင် ၁၃ ရက်ကြာ ခရီးစဉ်တွင်မူ နယူးဒေလီနှင့် မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ ဆင်းသက်လာရာ သင်္ကဿကုန်းအရပ်တို့ပါ လှည့်လည်ကြသည်။

သင်္ကဿကုန်းသည် ဗုဒ္ဓဂါယာ အနောက်မြောက်ဘက် ကီလိုမီတာ ၇၀၀ ခန့် အကွာတွင် ရှိကာ၊ Uttar Pradesh ပြည်နယ်အတွင်း တည်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့တွင်လည်း ဗုဒ္ဓဂါယာသို့ ဘုရားဖူးကြွလာသည့် ရန်ကုန်တိုင်း သာကေတ မြို့နယ်ရှိ မိုးကုတ် ဝိပဿနာရိပ်သာမှ သက်တော် ၅၀ နှစ်ကျော်ရှိ ဆရာတော် ဦးပုညာနန္ဒသည် ဗုဒ္ဓဂါယာအတွင်း သုံးဘီးကားဖြင့် စီးနင်းလာစဉ် အခြားကားတစီးက ဝင်တိုက်မိရာမှ ဦးခေါင်းတွင် ဒဏ်ရာရရှိပြီးနောက် ဆေးကုသခံယူရင်း ရက်ပိုင်းအကြာတွင် ပျံလွန်တော်မူခဲ့သည်။

No comments: