Sunday, July 4, 2010

ကိုဖြိုးဝေအောင် အသည်းရောဂါကုသရန် လိုအပ်နေ

မြင့်မောင် | အင်္ဂါနေ့၊ မေလ ၂၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန် သင်္ကြန်ဗုံးခွဲမှုတွင် ပါဝင်သူဟု စွပ်စွဲကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရသူ ကိုဖြိုးဝေအောင်အား အသည်းရောင် အသားဝါ (B) ရောဂါ ကုသခွင့်ပြုရန် ယမန်နေ့တွင် မိသားစုက အာဏာပိုင်များထံ တောင်းခံခဲ့သည်။

“အပြင်မှာတုန်းက နေ့တိုင်း ဆေးသောက်ခဲ့တာ။ အဖမ်းခံရတော့ ဆေးပြတ်သွားတယ်။ အပြင်ဆေးခန်းမှာ ကုသခွင့်ပေးဖို့ တောင်းတာ။ မိသားစုအနေနဲ့ ထောင်အာဏာပိုင်တွေရော၊ ပြည်ထဲရေးဝန်ကြီးရော၊ ထောင်ညွှန်ကြားရေးမှူးချုပ်ကိုပါ စာတင်တယ်။ ဘယ်နေ့လောက်မှာ ခွင့်ပြုမယ်ဆိုတာ မသိရသေးဘူး” ဟု တရားရုံးချုပ် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်မှ ရဲများက ဖမ်းဆီးပြီး အောင်သပြေ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်စစ်ဆေးကာ ယခုလ ၃ ရက်နေ့တွင် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းခဲ့သည်။ တရားရုံးမထုတ်ဘဲ ယခုလ ၁၇ ရက်နေ့တွင် အင်းစိန်ထောင်တွင်း၌ မျက်ကွယ်ယမန်ယူကာ လာမည့်လ ၁ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။

အမှုအတွက် ရှေ့နေပါဝါ ရရှိရန် ဦးကျော်ဟိုးက ယခုလ ၁၂ ရက်နေ့တွင် ထောင်အာဏာပိုင်များထံ လျှောက်ခဲ့သော်လည်း SB ရဲသတင်းတပ်ဖွဲ့က ဆိုင်းငံ့ထားရန် ပြောဆိုသဖြင့် ယနေ့ထိတိုင် ရှေ့နေပါဝါ မရရှိသေးပါ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကြောရေး ပြီးသွားပြီဟု ကိုဖြိုးဝေအောင်က ယမန်နေ့ ထောင်ဝင်စာတွင် ဇနီးသည်အား ပြောပြခဲ့သဖြင့် မကြာခင် ရှေ့နေပါဝါ ရရှိနိုင်ကြောင်း ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

သင်္ကြန်အကြတ်နေ့တွင် X2O မဏ္ဍပ်၌ ဗုံး ၃ လုံး ပေါက်ကွဲမှုသည် ထိုင်း-မြန်မာနယ်စပ်ရှိ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ အဖွဲ့ဝင် ၄ ဦး လက်ချက်ဖြစ်ကြောင်းနှင့် ကိုဖြိုးဝေအောင်မှာ ပတ်ဝန်းကျင် စောင့်ကြည့်ပေးသူဟု ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲ တရပ်တွင် ပြောဆိုခဲ့သည်။ ဗုံးပေါက်ကွဲမှုများကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ပြီး၊ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

No comments: