Saturday, July 3, 2010

ဦးတင်ဦး ပြန်လွတ်မည့် မျှော်လင့်ချက် ပိုမိုပေါ်ထွက်

မြင့်မောင် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၂ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး အကျယ်ချုပ် ကျခံရသည့် ၆ နှစ်ပြည့် မနက်ဖြန်တွင် ပြန်လွှတ်ပေးလိမ့်မည် ဟူသော မျှော်လင့်ချက်များ ပိုမိုပေါ်ထွက်လာနေသည်။

၈၃ နှစ်အရွယ် ဦးတင်ဦးသည် ရန်ကုန်ရှိ အမေရိကန် ဗီးရှင်း မျက်စိအထူးကု ဆေးခန်းတခန်းတွင် ပြီးခဲ့သည့် တပတ်အတွင်း မျက်စိ ခွဲစိတ်ခဲ့ကြောင်း သိရပြီးနောက် NLD ပါတီခေါင်းဆောင်များနှင့် ဂျပန်တွင် နေထိုင်သည့် သားဖြစ်သူ ဦးသန့်ဇင်ဦးတို့က ၎င်းကို ပြန်လွှတ်ပေးလိမ့်မည်ဟူ၍ ပိုမို မျှော်လင့်နေကြခြင်း ဖြစ်သည်။

''လွှတ်မယ့်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးတတ်တယ်။ ပြီးခဲ့တဲ့ အပတ်က အမေရိကန် ဗီးရှင်းမှာ မျက်စိခွဲစိတ်တယ်၊ ဂရုစိုက်မှုတွေ ပေါ်လာတယ်။ အကျယ်ချုပ် သက်တမ်း တိုးမယ်ဆိုရင် ကြိုအကြောင်းကြားတတ်တယ်။ အခု ဦးတင်ဦးကို ကြိုပြီး မပြောဘူး။ အဲဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် လွတ်လာမယ့် အခြေအနေ ရှိလာနိုင်တယ်လို့ ကျနော် ယူဆတယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

''မနက်ဖြန်ဆို ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်ပြီဆိုတော့ ပြန်လွတ်လာမယ် လို့တော့ မျှော်လင့်တယ်။ မနက်ဖြန် ညနေပိုင်းမှာ သေသေချာချာ သိရမှာ ဖြစ်တယ်” ဟု သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဋ္ဌ၊ NLD လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။

ဦးတင်ဦးကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ဥပဒေအရ ဆက်လက်၍ မချုပ်နှောင်နိုင်တော့ဘဲ လွှတ်ပေးရမည်သာ ဖြစ်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးလည်းဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

သူက ''ဒီဥပဒေအရ ဆိုရင်တော့ မနက်ဖြန် လွှတ်ရမှာပဲ။ ဒီဥပဒေအရ ဆက်ချုပ်လို့ မရတော့ဘူး။ ဥပဒေကြောင်းအရ ချုပ်နှောင်တဲ့ကာလ ကုန်ဆုံးသွားပြီ'' ဟု ပြောသည်။

ဦးတင်ဦးကို လုံခြုံရေး အစောင့်အရှောက်များဖြင့် နေအိမ်မှ ခေါ်ထုတ်ကာ ပြီးခဲ့သည့် တပတ်အတွင်း မျက်စိ ခွဲစိတ်ပေးခဲ့ခြင်း ဖြစ်သည်။

“ကျနော် နောက်ဆုံးကြားတာက မျက်စိကိစ္စပဲ။ ပြီးခဲ့တဲ့ အပတ်ထဲတုန်းက သူ့ရဲ့ မျက်စိကို အမေရိကန် ဗီးရှင်းမှာ ခွဲဖို့ ခွင့်ပြုတယ်။ သူ့ရဲ့ မျက်စိက တလုံးက ရေတိမ်၊ ကျန်တလုံးက သွေးခဲပြီးတော့ ပိတ်နေတယ်လို့ ပြောတယ်။ မျက်စိတဖက်က ပြန်ကောင်းဖို့ မလွယ်ဘူးလို့ ကြားတယ်'' ဟု ဦးဝင်းတင်က ပြောသည်။

''ပြီးခဲ့တဲ့ တပတ်က ကုသတာ ဖြစ်တယ်။ မျက်စိက အစကတည်းက လုပ်ဖို့ရှိပါတယ်။ အဲဒီအတွက် လုပ်ပေးတာ ဖြစ်ပါလိမ့်မယ်။ တခြားတော့ ဘာမှ မသိရသေးဘူး'' ဟု ဦးသန့်ဇင်ဦးက ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒီပဲယင်း အရေးအခင်းအပြီး ဖမ်းဆီးခံရကာ၊ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ ချထားခံခဲ့ရသည်။

၎င်းသည် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဝင်များ၊ ထောက်ခံ အားပေးသူများနှင့် အတူ အထက်မြန်မာပြည် စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် စစ်အစိုးရ လက်ကိုင်ဒုတ် လူအုပ်စုကြီး၏ ဝိုင်းဝန်းရိုက်နှက်ခြင်း ခံခဲ့ရပြီးနောက် စတင်ဖမ်းဆီးခံခဲ့ရသည်။

ဦးတင်ဦးတွင် ခြေသလုံးရှိ ကြွက်သားများ ဖုထစ်ပြီး သွေးခဲ၊ သွေးကြောပိတ်သည့် ရောဂါကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်ကတည်းက ခံစားခဲ့ရကြောင်း သိရသည်။

No comments: