Saturday, July 3, 2010

ကလေးမြို့မှာ လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ

မြင့်မောင် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ကလေးမြို့၌ ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ CDMA 450 MHz ကဒ်သုံး လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

FEC ၅ဝ တန် ကဒ်ဖုန်းများကို စစ်အစိုးရမှ တရားဝင် ချထားပေးခြင်း မဟုတ်ဘဲ ဒေသခံ စီးပွားရေးသမားများက ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ သယ်ယူရောင်းချသဖြင့် အသုံးပြုနိုင်ခြင်း ဖြစ်သည်။

“အစိုးရက ပြီးခဲ့တဲ့ ၂ လ လောက်ကတည်းက ကဒ်ဖုန်းတွေ ချပေးဖို့ ပြောထားတယ်။ အခုထိ ရောက်မလာသေးဘူး။ ဒါကြောင့် ကိုယ်တိုင် ရန်ကုန်ဆင်းပြီး ဝယ်တယ်။ နောက် ဒီမှာ ပြန်ရောင်းတယ်” ဟု ကလေးမြို့ရှိ ဖုန်းအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

ကမ်းရိုးတန်းဖုန်းဟု နာမည်ကြီးသည့် CDMA 450 MHz ဖုန်းတွင် ဝ၉-၄ ဖြင့် စတင်သည့် ဂဏန်း ၉ လုံးပါဝင်ပြီး ဖုန်းခေါ်ဆိုခအပြင် ပြန်လည်ဖြေဆိုခပါ ပေးဆောင်ရသည့်ဖုန်း အမျိုးအစားဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာ ဖုန်း hand set ဖြင့်သာ ဖုန်းကဒ်များ ထည့်သွင်းအသုံးပြုနိုင်ပြီး hand set တခုလျှင် အနည်းဆုံး ကျပ် ၅ သောင်းခန့်မှ ၄ သိန်းကျော်အထိ ဈေးနှုန်းရှိကြောင်း သိရသည်။

ဖုန်းကဒ်များမှာ FEC ၂ဝ တန်၊ ၅ဝ တန်၊ ကျပ် ၁ သောင်းတန်နှင့် ကျပ် ၃ သောင်းတန်ဟူ၍ အမျိုးအစား ၄ မျိုး ရှိသော်လည်း ကလေးမြို့တွင် FEC ၅ဝ တန် ကဒ်များသာ ရောင်းချသည်။

ပြည်တွင်းခေါ်ဆိုခမှာ တမိနစ်လျှင် ၅ဝဝ ကျပ်၊ ပြည်တွင်းဖုန်း ပြန်လည်ဖြေဆိုခ တမိနစ် ၃ဝဝ ကျပ်နှင့် ပြည်ပခေါ်ဆိုခ တမိနစ် ၉ဝဝ ကျပ် ကုန်ကျသည်။

“အခုက ကလေးမြို့မှာ လူကြိုက်များနေတယ်။ ဒီ ၃ ရက် ၄ ရက်အတွင်း ၁ဝ လုံးလောက် ရောင်းလိုက်ရတယ်။ ကဒ်ဖုန်း အသုံးပြုနိုင်တော့ စီးပွားရေးရော၊ လူမှုရေးကိုပါ အမျာကြီး အထောက်အကူ ပြုတာပေါ့ဗျာ” ဟု အဆိုပါ ဆိုင်ပိုင်ရှင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တခါသုံး ဖုန်းကဒ်လိုင်းများ မပါဝင်ဘဲ မိုဘိုင်းဖုန်းများ၊ အော်တိုတယ်လီဖုန်း (လိုင်းဖုန်း၊ ကြိုးဖုန်း) များ၏ ဖုန်းလိုင်းပေါင်းမှာ ၇ သိန်းခွဲနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင် ထုတ်ပြန်ထားသည်။

No comments: