Saturday, July 3, 2010

DVB သတင်းထောက် မလှလှဝင်းအမှု အယူခံတက်

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြစ်ဒဏ် ၂၇ နှစ် ကျခံနေသည့် DVB သတင်းထောက် မလှလှဝင်း အမှုအယူခံအတွက် လာမည့်လ ၅ ရက်နေ့တွင် မကွေးတိုင်း တရားရုံး၌ နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲမည်ဖြစ်သည်။

ယခုလ ၈ ရက်နေ့တွင် ပြစ်ဒဏ်ပြင်ဆင်ပေးရန် အယူခံလွှာအတွက် ၂၂ ရက်နေ့တွင် တရားရုံးက ကြားနာလက်ခံခဲ့ပြီးနောက် အပြီးသတ် လျှောက်လဲချက်ရန် ရှေ့နေများကို လာမည့်လ ၅ ရက်နေ့သို့ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

“ရုံးတော်က လာမယ့် ဧပြီလ ၅ ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက်ပေးဖို့ ပြန်ချိန်းထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ကျနော်နဲ့ ဦးဆွေလှ လိုက်ပေးပါတယ်” ဟု မလှလှဝင်း၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။

မကွေးတိုင်း ပခုက္ကူခရိုင် တရားရုံးက နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် မလှလှဝင်းနှင့် ကိုမြင့်နိုင်တို့အား အီလက်ထောနစ်နှင့် ဗီဒီယို အက်ဥပဒေများ အပါအဝင် ပုဒ်မ ၃ မှုဖြင့်လည်းကောင်း၊ ကိုမြင့်နိုင်အား သီးခြား လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေဖြင့်လည်းကောင်း တရားစွဲခဲ့ခြင်း ဖြစ်သည်။

မလှလှဝင်းသည် ထိုအမှု ၃ မှုဖြင့် ပြစ်ဒဏ် ၂ဝ နှစ်နှင့် ကိုမြင့်နိုင်မှာ ပြစ်ဒဏ် ၃၂ နှစ် ကျခံရန် ပခုက္ကူခရိုင် တရားရုံးက စီရင်ခဲ့ပြီး၊ မြို့နယ်တရားရုံးက မလှလှဝင်းအား သွင်းကုန်ထုတ်ကုန် ဥပဒေ ၅/၁ (လိုင်စင်မဲ့ ဆိုင်ကယ် စီးနင်းမှု) ဖြင့် ပြစ်ဒဏ် ၇ နှစ် ချမှတ်ခဲ့သေးသည်။ ဤအမှုအတွက် အခြားရှေ့နေတဦးဖြင့် အယူခံဝင်ထားဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မလှလှဝင်းသည် မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) မှ သံဃာတော်များကို တွေ့ဆုံမေးမြန်းပြီးအပြန် သူတည်းခိုသည့် အိမ်ရှင် ကိုမြင့်နိုင်နှင့်အတူ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

No comments: