Saturday, July 3, 2010

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တိုကျိုတွင် ဆန္ဒပြ

မြင့်မောင် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (အိန္ဒိယ)။ ။ ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ရေးအတွက် မြို့တော်တိုကျိုတွင် ယနေ့ ချီတက် ဆန္ဒပြခဲ့သည်။

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်မည်ဖြစ်ကြောင်း နေ့လည် ၃ နာရီမှ စတင်ကာ တိုကျိုမြို့ Ebisu ပန်းခြံမှ Sandagaya (MEIJI) ပန်းခြံအထိ ချီတက်ကာ ဆန္ဒပြသူများက ပြောသည်။

“၂၀၁၀ က မြန်မာလူထုအတွက် အင်မတန် အရေးကြီးတဲ့ နှစ်ဖြစ်နေတယ်။ ပြည်သူလူထုအားလုံး အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေတာပါ။ ဒီအခြေအနေတွေကို ပြေလည်ဖို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ လိုအပ်နေတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ လိုအပ်တာ ဖြစ်တယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်ဋ္ဌာနခွဲ) အတွင်းရေးမှူး ကိုသောင်းမြင့်ဦးက ပြောသည်။

ဂျပန်အစိုးရက ကြားဝင်ဖြေရှင်းပေးပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့် စစ်အစိုးရ၏ တိုင်းရင်းသား လူမျိုးများအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရန် လုပ်ဆောင်ဖို့ သူက တိုက်တွန်းလိုက်သည်။

ဆန္ဒပြပွဲသို့ ဂျပန်နိုင်ငံရောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်၊ ဂျပန်နိုင်ငံရောက် တိုင်းရင်းသား လူမျိုးများ၊ မြန်မာ့ဒီမိုကရေစီ အဖွဲ့ချုပ် (LDB) နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်ပြီး ဆန္ဒပြသူ ဦးရေ ၄၅၀ နည်းပါး တက်ရောက်ခဲ့သည်။

No comments: