Thursday, July 22, 2010

၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့

ဗိုလ်မှူး အောင်လင်းထွဋ်


ကျွန်တော့်အနေဖြင့် အခုတစ်လော ပြည်တွင်း ၊ ပြည်ပမှာ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိတ်ကူးယU်နေသူများကို ယခင် အတွေ့အကြုံ နဲ့ ယခုလက်ရှိ နေပြည်တော်လို့ခေါ်တဲ့ ကြပ်ပြေးမြို့တော်က သူငယ်ချင်းများရဲ့  ပေးပို့နေတဲ့ သတင်းများ ကိုအခြေခံကာ သုံးသပ်တင်ပြ ချင်ပါတယ် ။

၁၉၈၈ ခု စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းမှာ AD လမ်းမှာနေတဲ့ ဗိုလ်ချုပ်နေ၀င်းရဲ့  အိမ်တွင်ပြုလုပ်ခဲ့သော အရေးပေါ်အစည်း အဝေးတစိတ်တပိုင်းကို အရင်ဦးဆုံးပြောပြချင်ပါတယ်။ အဲဒီအစည်းအဝေးမှာဦးနေ၀င်းနဲ့ သူ့ရဲ့လက်ရုံး တင်မဲ့ လက်သားတွေဖြစ်ကြတဲ့ ဦးစန်းယု၊ ဦးအေးကို၊ ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင် အပါအ၀င် ထိပ်ပိုင်း ခေါင်းဆောင်များ ရှိခဲ့ကြပါတယ်။

လက်ရှိတပ်မတော်ရဲ့ တာဝန်ရှိသူတွေထဲမှာ ထိုစဉ်က စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်ညွှန့်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ဦးနေ၀င်း က နေပြီး “စောမောင်နဲ့ ခင်ညွှန့် တိုင်းပြည်ရဲ့ အခြေအနေကို အားလုံးသိအောင်ရှင်းပြ”လို့ အမိန့်ပေးတော့ ဗိုလ်မှူးကြီး ခင်ညွှန့်က တစ်နိုင်ငံလုံး ဆူပူအုံကြွပြီး အုပ်ချုပ်ရေး ယန္တရား လုံးဝရပ်ဆိုင်းနေပြီဖြစ်တာရယ်၊ ကုန်သွယ်ရေးဝန်ကြီးရုံးမှာ ပြည်သူလူထုနဲ့စစ်တပ် နားလည်မှုရသွားတာရယ်၊ တပ်မတော်တွင်းမှာ စစ် သည်များမကြေမနပ်ဖြစ်ပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာတွေ၊ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်များရဲ့လှုပ်ရှားမှုတွေ၊ ဖမ်းဆီးရမိ မှုအခြေအနေအလုံးစုံကို တင်ပြခဲ့ တယ်လို့သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဦးနေ၀င်းက ဗိုလ်မှူးကြီးခင်ညွှန့်ရဲ့ တင်ပြချက်အပေါ် တက်ရောက်နားထောင်ကြတဲ့ အစိုးရ ခေါင်းဆောင်များရဲ့ သဘောထားကိုမေးခဲ့ပါတယ်။ မည်သူတစ်ဦး တစ်ယောက်ကမျှ ထုံးစံအတိုင်း ဘာသဘောထား မှတ်ချက်ကိုမှ ဦးနေ၀င်းရဲ့ရှေ့မှာမပေး ရဲခဲ့ကြပါဘူး။ ဒီတော့ ဦးနေ၀င်းက မဆလပါတီနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထောက်ခံမှု၊ ဘယ်လောက်ရာနှုန်းလောက် ရှိနိုင်လဲဆိုတာ ကိုတက်ရောက်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုမေးတော့ သူတို့က အဲဒီအချိန်မှာ တပ်မတော်သားတွေကို သူတို့ရဲ့ထောက်ခံမဲလို့ အပိုင်တွက် ထားပုံပေါ်ပါတယ်။ ဒါကြောင့် တပ်မတော် မိသားစု နဲ့ မဆလပါတီဝင်အင်အားစုတွေကို ပေါင်းပြီးတော့ ပြည်သူလူထုထောက်ခံမှု အနည်းဆုံး ၆၀%အထက်မှ ရှိကြလိမ့်မည် လို့တွက် ခဲ့ကြပါတယ်။

အဲဒီနောက် ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ လက်ရှိအာဏာယူထားတဲ့ လူကြီးတွေကို “မင်းတို့ စောမောင်နဲ့ ခင်ညွှန့်တို့ကို အာဏာ လွှဲပေးလိုက်တော့”လို့ အမိန့်ပေးခဲ့ပါတယ်။ဆက်လက်ညွှန်ကြားတာကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့ဆိုပြီး ဖွဲ့ဖို့ရယ် ဥက္ကဋ္ဌက စောမောင်၊ အတွင်းရေးမှူးက ခင်ညွှန့်ကိုထားပြီး တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင် တွေနဲ့ စစ်တိုင်းမှူးတွေကို အဖွဲ့ ၀င်တွေထားပြီးဖွဲ့ဖို့ ဦးနေ၀င်းက အမိန့်ပေးခဲ့ပါတယ်။ အာဏာလွှဲယူပြီး စစ်အစိုးရဲ့ကြေငြာချက် လမ်းညွှန်မှုအနေနဲ့ကတော့ ဒို့တာဝန်အ ရေးသုံးပါးကိုအခြေခံပြီး ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမည်ဆိုတဲ့ (Guide Line) အား ဦးနေ၀င်းက အဲဒီအစည်းအဝေးမှာ ချမှတ်ပေးခဲ့ ပါတယ်။

ဦးနေ၀င်းရဲ့  Guide Line တွေကို စာသားအဖြစ်ရေးပေးခဲ့ရသူက ဒေါက်တာမောင်မောင် ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့  ပြည်သူ လူထုထံ ပြောကြားသည့် ကြေငြာချက်ကို အဲဒီအစည်းအဝေးမှာဘဲ ဒေါက်တာမောင်မောင်က လက်ရေးမူနဲ့ရေးသားခဲ့ပါတယ်။ န၀တ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ကတော့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်မှူးကြီးခင်ညွှန့်တို့က အဲဒီအစည်းအဝေးမှာဘဲ ဘယ်သူတွေ ပါဝင်ဖွဲ့စည်းမည်ဆိုတာ ကို ဦးနေ၀င်းကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ လက်ရေးမှုတွေနဲ့ ရေးထားတဲ့စာရွက်တွေကို ထိုစU်က တပ်မတော်ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးသန့်(နောင် ပြန်ကြားရေးဝန်ကြီး) ဒုတိယတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူး ကြီးသန်းထွန်း (နောင်ဘဏ္ဍာ ရေး ဒုတိယ၀န်ကြီး)တို့ (၂)ဦးက မြန်မာ့အသံကိုသွားရောက်ပြီး စက်တင်ဘာလ(၁၈)ရက်နေ့ ညနေ(၄)နာရီမှာ နိုင်ငံတော်ကို ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမိန့်ကြေငြာချက်တွေ ဆက်တိုက်ထုတ်ပြန်လာပြီး နိုင်ငံရေးသမားတွေ နဲ့ ပြည်သူ လူထုတွေကို ဆူပူဆန္ဒပြနေရာက ရွေးကောက်ပွဲလမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့ အ မှန်တကယ်ဘဲ ရွေးကောက်ပွဲပြီးရင် ပြည်သူလူထုကို အာဏာလွှဲပေးမယ်ဆိုတာကို တရားဝင်ပြောကြား ခဲ့ပါတယ်။

ကျွန်တော်တို့သိသလောက် ဗိုလ်ချုပ်စောမောင် အဲဒီအချိန်က ယုံကြည်ခဲ့တာက တစညနဲ့စစ်တပ်ကို ထောက်ခံတဲ့ နိုင်ငံရေး ပါတီတွေ သည်ရွေးကောက်ပွဲမှာ ရှုံးရင်တောင်မှ အပြတ်အသက် မရှုံးနိုင်ဟုလျော့တွက်ခဲ့ပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲ ကို သမာသမတ်နဲ့ လုပ်ဖို့လက်အောက်ကို အမိန့်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင် မသိတာကတော့ တစညပါတီကို ပြည်သူတွေ ဘယ်လောက်မုန်း တီးနေတယ်ဆိုတာနဲ့ တစညအမတ်လောင်းတွေ (Golf) ရိုက်ပြီးစည်းရုံးရေးဆင်း နေတာတွေကိုပါ။

ဒီ့အပြင် ဗိုလ်စောမောင်ဟာ ဦးနေ၀င်းနဲ့အစည်းအဝေးမှာ သူ့ရဲ့  ဆရာသမား မဆလ ခေါင်းဆောင်တွေရဲ့  ပြောစကားတွေကို ယုံကြည်မိ ခဲ့တာတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်စစ်တပ်ကို ကျောထောက်နောက်ခံလုပ်မဲ့ အစိုးရကသာ အာဏာရ လိမ့်မယ်လို့ သူ့အနေနဲ့ လျော့တွက်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါဘဲ။ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ န၀တ တဖွဲ့လုံး မျက်လုံးပြူး မျက်ဆံပြူးဖြစ်ခဲ့ကြ ပါတယ်။ခြေမကိုင်မိ၊လက်မကိုင်မိကြိတ်မနိုင်ခဲမရဖြစ်ခဲ့ကြတယ်။

ဒီအထဲမှာ ရွေးကောက်ပွဲမှာနိုင်တဲ့အမတ်အချို့က စစ်တပ်ကို ပြုပြင်ပြောင်းလဲရမယ်၊ အရေးအခင်းမှာ ပြည်သူတွေကို သတ်ခဲ့သူတွေ ဖေါ်ထုတ်အရေးယူရမယ်၊ စစ်တပ်တွင်းမှာလဲ ဗိုလ်မှူးကြီးအဆင့်နဲ့ အထက်ပုဂ္ဂိုလ်များကို ဖယ်ရှားပစ်ရမယ်၊ စတဲ့အချက်တွေကိုကြွေး ကြော်လာခဲ့တာတွေ့ရှိလာပါတယ်။ စစ်တပ်အတွင်းမှာလဲ တပ်မတော်ရဲ့အနာဂါတ် ဘယ်လိုဖြစ်လာ နိုင်မလဲဆိုတာကို စိုးရိမ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကိုလဲ ကျန်တဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် န၀တအဖွဲ့ဝင် တချို့က ဖိအားပေးလာခဲ့တာတွေ့ရှိရပါတယ်။

အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပုဂ္ဂိုလ်ရေးအရ ပိုမိုရင်းနှီးတဲ့ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်ချုပ်ဖုန်းမြင့်၊ ဗိုလ်ချုပ် မောင်မောင်ခင်(ရေ)၊ ဗိုလ်ချုပ်တင်ထွန်း(လေ)၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ် မောင်အေး၊ ဗိုလ်ချုပ်တင်ဦး တို့ရဲ့  ဖိအားကိုလည်း ဗိုလ်ချုပ်ကြီးစောမောင်ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ကြီးစောမောင် အရက်တွေ ဖိသောက်လိုက်၊ ပုတီးစိပ်လိုက် နဲ့ဂယောင်ချောက်ခြားဖြစ်ခဲ့ရပါတယ်။

NLD ကလည်း ရွေးကောက်ပွဲနိုင်တဲ့ အမတ်တွေစုပြီး စစ်တပ်ကိုအာဏာလွှဲပေးဖို့ ဂန္ဒီခမ်းမမှာစုဝေးပြီး တောင်းဆိုမဲ့ ကြေငြာ ချက်စာ တမ်းတွေထုတ်မယ်လို့ သတင်းတွေလဲရခဲ့ပါတယ်။ နောက်ဆုံးတော့ NLD ကို အာဏာလွှဲမပေးဖို့ ဗိုလ်ချုပ်သန်းရွှေနဲ့ အပေါင်းအပါတွေ သဘောထားတင်းမာတဲ့သူတွေရဲ့တောင်းဆိုချက်ကို ဗိုလ်ချုပ်ခင်ညွှန့်တို့ပါပူးတွဲပြီး ဗိုလ်ချုပ်ကြီးစောမောင် ကို တင်ပြလာတဲ့အခါမှာတော့ NLD ကို အာဏာလွှဲမပေးဖို့နဲ့ ရွေးကောက်ပွဲနိုင်အမတ်တွေဟာ အခြေခံဥပဒေအသစ် ရေးဆွဲ ဖို့သာ ဖြစ်တယ်ဆိုတဲ့ န၀တရဲ့၁/၉၀ ကြေငြာချက်ကိုထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲကတိကို လွယ်လွယ်လေးလက်နဲ့ ရေးပြီး ခြေနဲ့ဖျက်ခဲ့တာကို အားလုံးအမှတ်ရလိမ့်မယ် ထင်ပါတယ်။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲရဲ့ သင်ခန်းစာကို ဗိုလ်ချုပ်ကြီးသန်းရွှေ ကောင်းကောင်းကြီး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်လဲ ရွေးကောက်ပွဲမှာ ကတိဖျက်ခဲ့ရတာရယ်၊ လက်အောက်က လုပ်ဖေါ်ကိုင်ဖက်များရဲ့ Pressure တွေရယ်၊ ပြည်တွင်း နိုင်ငံရေးအင်အား စုတွေရဲ့ Pressure တွေရယ်၊ ပြည်ပနိုင်ငံများရဲ့ Pressure တွေရဲ့ဒဏ်ကို အကြီးအကျယ်ခံခဲ့ ရပြီး နောက်ဆုံး ယU်ယU်လေးနဲ့ ရူးခဲ့ရတဲ့ အရှုးတပိုင်းလိုဖြစ်သွားခဲ့ရပါတယ်။
အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွှန့်ကိုယ်တိုင် ဗိုလ်ချုပ်သန်းရွှေဘက်ကို ဘက်ပြောင်းခဲ့ပြီး ဗိုလ်ချုပ်ကြီးစောမောင် ဖယ်ရှားရေးကို တိုးတိုး တိတ်တိတ် ကြိတ်ပြီးစီစU်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာဘဲ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ၁၉၉၀ ရွေးကောက်ပွဲကို တသားတည်း ဥပက္ခာပြု ဖယ်ရှားခဲ့ပါတယ်။ နောက် ဗိုလ်ချုပ်ကြီးသန်းရွှေတက်လာပြီး အမျိုးသားညီလာခံဆိုတဲ့ နိုင်ငံရေးခေါင်းစU်တပ်ကာ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုကို လှည့်စားခဲ့ပြန်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဟိုလိုလို ဒီလိုလိုလုပ်ပြီး နိုင်ငံရေးလှည့်ကွက်အမျိုးမျိုးနဲ့ အယုံသွင်းခဲ့တယ်ဆိုတာကိုလည်း ကျွန်တော့်အနေနဲ့ သတိပေးချင် ပါတယ်။

ဒီနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့တန်းကအော်နေရှာတဲ့ ကိုအေးလွင်(၈၈ကျောင်းသား)နဲ့ အဖွဲ့တွေကို အကျU်းကျနေစU် ထောက်လှမ်း ရေးအဖွဲ့တွေက ကြိမ်ဖန်များစွာနားချ စည်းရုံးမှုနဲ့အတူ အမျိုးသားညီလာခံဆိုတာကြီးကို ဘုမသိဘမသိ အချိန်ကတည်းက သဘောတ ရားရိုက်သွင်းနိုင်ခဲ့ပါတယ်။ NLD ဖြိုခွဲရေးဆိုတဲ့ Plan အရလည်း NLD ထဲက စိုးလင်း၊ ကြည်ဝင်းတို့ အဖွဲ့တွေကို ထောက်လှမ်းရေး အဖွဲ့ တွေကဘဲ ဖဲ့ထုတ်စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ ထောက်လှမ်းရေး ပျောက်သွားပေမဲ့ ဒီအဖွဲ့တွေကတော့ဗိုလ်ချုပ်မှူးကြီး သန်း ရွှေရဲ့ (Psy War) မှာ အသုံးချဖို့လက်ကွက်ကျန်ရစ်နေဆဲပါ။

ပြည်ပမှာဆိုရင် နိုင်ငံခြားသားတွေနဲ့ ပေါက်ရောက်တဲ့ အထူးသဖြင့်အနောက်နိုင်ငံတွေကို ထိုးဖောက်ဝင်ရောက်နိုင်မဲ့ ဒေါက်တာကျော် ရင်လှိုင်တို့၊ ဒေါက်တာဇာနည်တို့အား ထောက်လှမ်းရေးကဘဲ အသိမဲ့သတင်းပေး Unconscious Informer အဖြစ် သုံးခဲ့သလို ယခုလဲ ဒေါက်တာကျော်ရင်လှိုင် အပါအ၀င် English လို ဘိုလိုပြောနိုင်တဲ့သူတွေကို အများကြီး ပြန်လည် အသုံးချနေတာတွေကို တွေ့ရမှာဖြစ် ပါတယ်။နအဖရဲ့  စည်းရုံးမှုကို ခံသွားရရှာသော အေးလွင်ကို ကျွန်တော့်အနေနဲ့ ပြောချင် တာက ယခင်၊ ယခု အသုံးချနေတဲ့သူတွေကို မျိုးချစ်စိတ်ဓာတ်တွေသွင်းပြီး ထင်ရောင်ထင်မှားဖြစ်စေမဲ့ အကြောင်းအရာများ ကို အခြေခံကာ မြှောက်ပင့်ပေးလိုက်သည့်အတွက် Brain Wash လုပ်ခံရမှန်းမသိ လုပ်ခံလိုက်ရတာကို သတိထားစေချင်ပါ တယ်။ အဲဒီသူတွေကိုယ်တိုင်ကတော့ သူတို့ကိုယ်သူတို့ မသိဖြစ်နေပါ တယ်။ ဒါကြောင့်သူတို့ကိုလည်း အမြင်မှန်တွေ ပြန်ရအောင် Brain Wash ပြန်လုပ်ပေးဖို့လိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါကြောင့်ယနေ့ နေပြည်တော်ကနေ သတင်းပေးပို့လာတဲ့ အတွင်းသတင်း တစ်ခု ကိုအသိပေးချင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခင်၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ မဖြစ် စေရန်၊ (Plan) များ ရေးဆွဲထားတယ်လို့သိရပါတယ် ၂၀၁၀ခုနှစ်ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်မှာဖြစ်ပါတယ်။

*(A - Plan) အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ အုပ်စုက ပြတ်ပြတ်သားသားနိုင်ခဲ့မည်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် အစိုးရဖွဲ့၍ အာဏာလွှဲပြီးပါက ၄င်းအနေဖြင့် တရုတ်နိုင်ငံကခေါင်းဆောင် တိန့်ရှောင်ပိန်၊ အီရန်နိုင်ငံကဘာသာရေး ခေါင်းဆောင်အရာတိုလာခိုမေနီတို့လို၊ ရှိနေမည်ဖြစ်ပြီးနေရာတိုင်း၊ အစိုးရအဖွဲ့ကိုဝင်စွက်တော့ မည်မဟုတ်ပါ။

*(B Plan) အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့သူများ ပြတ်ပြတ်သားသားမနိုင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အတူ လက်ရှိ SPDC သို့)အလားတူ စစ်ကောင်စီတစ်ခုသည် အစိုးရ၏နောက်ကွယ်တွင် ရှိနေမည်ဖြစ်ပါတယ်။ Uပမာအနေဖြင့် မြောက်ကိုးရီး ယား၊ကျူးဘားနိုင်ငံတို့လို၊ယခင်မဆလဥက္ကဋ္ဌဦးနေ၀င်းလိုပုံစံမျိုး၊ဆက်ရှိသွားမည်ဖြစ်ပါတယ်။

*(C Plan) အနေဖြင့် ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံသူများ ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်က အာဏာပြန်သိမ်းဖို့ဆိုပြီး Plအn(၃)ခုရေးဆွဲထားပြီးဖြစ်တယ်ဆိုတာကိုသိရပါတယ်။

ဒီ Planတွေ မတိုင်မီ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတွေမှနေ၍ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်ပုံအုပ်ချုပ်နည်းတွေကို သတင်းစုဆောင်းပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ရုံးကို အစီရင်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေကိုရေးဆွဲဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမျိုးသားညီလာခံ ဗဟိုကော်မတီဝင်၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းညွှန့်ကို တိုက် ရိုက်လမ်းညွှန်ပြီး ရေးခိုင်းတယ်လို့သိရပါတယ်။ ၂၀၀၈ ခုမကုန်မှီ ဦးသောင်းညွှန့် ကိုယ်တိုင် အချောသတ်ပြီး ဗိုလ်ချုပ်ကြီးသန်းရွှေထံ လက်မှတ်ထိုးဖို့၊တင်ပြထားတယ်လို့သိရပါတယ်။
မူလက ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လွတ်လပ်ရေးနေ့မှာ Election Low ထုတ်ဖို့လက်အောက်က စီစU်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုံးကထွက်လာတဲ့ သတင်းအရကတော့ ရွေးကောက်ပွဲ မတိုင်မှီ (၆)လလောက် လိုမှအမိန့်ထွက်မယ်။ ပါတီတွေကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် အချိန်ကန့် သတ်ထား တာ ဖြစ်တယ်။ ဒီ့ပြင်စစ်တပ်ထောက်ခံမည့် ကြံ့ဖွတ်အပါအ၀င်အခြား နိုင်ငံရေးပါတီတွေအပေါ် လက်ရှိအခြေအနေကို အားမရ သေးဘူးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မှတ်ချက်ပြုထားကြောင်းသိရပါတယ်။ ဒါကြောင့် ဒီအဖွဲ့တွေကို ရက်တိုနိုင်ငံရေး မွမ်းမံသင်တန်းတွေပေးဖို့ ကြံ့ဖွတ်ဝန်ကြီးတွေကို ဆူပူနေတယ်လို့သိရပါတယ်။

နိုင်ငံတကာနဲ့ ပတ်သက်ရင်တော့ ဗိုလ်ချုပ်သန်းရွှေအနေနဲ့ နာဂစ်မုန်တိုင်းအပြီး ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသစ်ကို အနောက်နိုင်ငံတွေက လက်ခံလာအောင်လုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထောက်လှမ်းရေးအဖွဲ့ တွေကို Pressure ပေးနေ တယ်လို့ သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲပြီးသွားပေမဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုမရဘူးဆိုရင် ဘယ်လိုအစိုးရမျိုးဘဲ ပေါ်လာပေါ်လာ ထူးခြားမှု မရှိနိုင်ဘူးဆိုတာကို ဗိုလ်ချုပ်သန်းရွှေအနေနဲ့ သဘောပေါက်တယ်လို့ သိရပါတယ်။ဒါပေမဲ့ သူ့အနေနဲ့ မထူးဇာတ် ခင်းပြီး ဖြစ်ချင်ရာဖြစ် ဆိုတာမျိုးလဲ လုပ်သွားနိုင်တယ်လို့ နေပြည်တော် ဗိုလ်ချုပ်မှူးကြီးရုံးက ထွက်လာတဲ့ သတင်းတွေအရ သိရပါတယ်။ယခုနောက်ဆုံးရတဲ့သတင်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘယ်တော့မှ အာဏာကို လက်လွှတ်မှာ မဟုတ်၊ သေရင်တောင်သရဲဘ၀ကနေ အာဏာကို ယူထားမှာဟု ၎င်းနှင့်နီးစပ်သော ဆွေမျိုး အသိုင်းအ၀ိုင်းက တဆင့်သိရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အားလုံးနားလည်ထားရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ရလဒ်ဟာ ကျွန်တော်တို့ ခင်ဗျားတို့ မြန်မာနိုင်ငံအတွက် ဘာတစ်ခုမှ အကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူး ဆိုတာကိုသေသေချာချာနားလည်ထားစေချင်ပါတယ်။

ယနေ့ မြန်မာနိုင်ငံဟာ သာမန်အရပ်သူ အရပ်သားများတင်မကပါဘူး။ တပ်မတော်သားများအားလုံးလည်း ကျေးကျွန်ဘ၀ကို ရောက်နေ ကြရတာပါ။ ဒီဖွဲ့စည်းပုံ၊ ဒီရွေးကောက်ပွဲနဲ့ ဆက်လက်သွားနေလို့ကတော့ “ကျွန်” ဘ၀ကလွတ်မြောက်မှာ မဟုတ် ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို စစ်ကျွန်ပြုမည့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဒီရွေးကောက်ပွဲကို လက်မခံဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးအနေနဲ့ မြန်မာနိုင်ငံကို တကယ်ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်ငံတကာမှာ မြန်မာလူမျိုးရယ်လို့ ဖြစ်စေ ချင်ရင် လက်ရှိစစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ၊ တိုင်းရင်းသားလူမျိုး တွေရယ်၊ အတိုက်အခံ အင်အားစု တွေရယ်၊ လယ်သမား၊ အလုပ်သမားများရဲ့ကိုယ်စားလှယ်တွေရယ်နဲ့ တွေ့ ဆုံဆွေးနွေးဖို့ ၀ိုင်းဝန်းဖိအားပေးဖို့ လိုပါတယ်။ ဒီလိုဖိအားကို အားလုံးတက်ညီလက်ညီသာ လုပ်ပေးမည်ဆိုလျှင်တပ်မတော်တွင်းမှာရှိ နေသောပုဂ္ဂိုလ်များလည်း၊ပါဝင် လာနိုင် လိမ့်မည်ဖြစ် ပါတယ်။

နိဂုံးချုပ်အနေဖြင့် တင်ပြချင်တာကတော့ စစ်တပ်အတွင်းမှာလည်း မြန်မာနိုင်ငံကောင်းကျိုးအတွက် ပြုလုပ်ချင်နေတဲ့ အစုအဖွဲ့တစ်ခု ရှိ ကိုရှိနေပါတယ်။ ကျွန်တော်တို့ အားလုံးသာ သဘောထားကွဲတာတွေ တခြားကိစ္စတွေကိုဘေးဖယ်ထားပြီး “ကျွန်တော်တို့ နိုင်ငံအတွက်” ဆိုတဲ့ ဦးတည်ချက်တစ်ခုထားကာ ညီညီညွတ်ညွတ် စုပေါင်းလိုက်ကြရင် စစ်တပ်ထဲကလည်း ပါဝင်လာပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက် ပွဲကြီးဟာ ကျွန်တော်တို့လိုချင်တဲ့ ပုံစံမျိုး၊ရွေးကောက်ပွဲဖြစ်လာလိမ့်မယ် ဆိုတာ၊ တင်ပြလိုက်ရပါတယ်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊လိမ်လည်လှည့်ဖျားမှုကိုသတိပြုကြပါ”

* (ဆောင်းပါးသည် တနှစ်ကျော်ကရသော သတင်းအပေါ် အခြေခံထားသော်လည်း နအဖသည် ဆက်လျှောက်နေဆဲဖြစ်သည် )

No comments: