Saturday, July 3, 2010

ဒေါက်တာဝင့်သူတို့အမှု ပြင်ဆင်ခွင့် အယူခံတင်

မြင့်မောင် | ကြာသပတေးနေ့၊ မတ်လ ၂၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးတိုင်းမှ နိုင်ငံရေးတက်ကြွသူ ၁၅ ဦးအား အိုးဖိုထောင်တွင်း တရားရုံးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြစ်ဒဏ် ၂ နှစ်မှ ၇၁ နှစ်အထိ ချမှတ်ခဲ့သည်ကို ၎င်းတို့၏ ရှေ့နေများက တိုင်းတရားရုံး၌ ယခုလ ၂၃ ရက်နေ့တွင် ပြင်ဆင်ခွင့်အယူခံ လျှောက်ခဲ့ကြသည်။

၎င်းတို့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း မြင်းခြံ၊ ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့တို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်ပြီး အကြောင်းပြချက်မရှိ ဖမ်းဆီးခံခဲ့ရကာ၊ ၎င်းတို့အပေါ် ဆွဲဆိုထားခဲ့သည့် အမှုပေါင်ငး ၁၈ မှုအတွက် အယူခံတင်ခဲ့ခြင်း ဖြစ်သည်။

“အမှု ၁၈ မှုနဲ့ ပြစ်ဒဏ်ချလိုက်တဲ့အပေါ်မှာ တိုင်းတရားကို အယူခံတက်တယ်။ တိုင်းရုံးကို ကျနော်နဲ့ (ရှေ့နေ) ကိုကျော်စိုးလင်းက အယူခံတက်ပါတယ်။ တက်တဲ့အခါ တိုင်းတရားရုံးက ပယ်ချလိုက်ပါတယ်။ တရားရုံးချုပ် မန္တလေးရုံးထိုင်ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပြင်ဆင်မှုတွေ ဆက်တက်တာပါ” ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြောင့် မြင်းခြံမြို့မှ ဒေါက်တာဝင့်သူ အပါအဝင် ၉ ဦးနှင့် ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မန္တလေးတို့မှာ ဖမ်းဆီးခံရသူ ၆ ဦးအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ဝ ရက်နေ့က မန္တလေး ခရိုင်တရားရုံးက တပြိုင်တည်း အမိန့်ချမှတ်ခဲ့သည်။

၎င်းတို့သည် အီလက်ထရောနစ် အက်ဥပဒေ၊ မတရားအသင်း၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှု၊ ပုံနှိပ်အက်ဥပဒေ၊ အသင်းအဖွဲ့ပုဒ်မ၊ ရုပ်မြင်သံကြား ဥပဒေ စသဖြင့် တဦးလျှင် အနည်းဆုံး ၃ မှုမှ အများဆုံး ၁ဝ မှု ထက်မနည်းဖြင့် တရားစွဲခံရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား ၂၁၇၃ ဦး ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မကြာသေးခင်က စာရင်းထုတ်ပြန်ခဲ့သည်။

No comments: