Saturday, July 3, 2010

NLD မြို့နယ် လူငယ်ခေါင်းဆောင် ထောင်ဒဏ် ၂ နှစ် တိုး

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် တဦးအား တာမွေမြို့နယ် တရားရုံးက တရားမဝင် အသင်းအဖွဲ့နှင့် ဆက်သွယ်မှုဖြင့် ယမန်နေ့တွင် ထောင်ဒဏ် ၂ နှစ် ထပ်မံ၍ ချမှတ်လိုက်ပြန်သည်။

မြို့နယ်လူငယ်တာဝန်ခံ ၂ ကိုကျော်မျိုးနိုင်အား ပြီးခဲ့သည့်နှစ်ထဲတွင် ဗဟန်းမြို့နယ် တရားရုံးက ပြစ်ဒဏ် ၂ နှစ် ချမှတ်ခဲ့ရာမှ ယခုတဖန် တာမွေ တရားရုံးကပါ နောက်ထပ် ပြစ်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

“အခုကျတော့ သူတယောက်ထဲကိုပဲ ရုံးဆက်ထုတ်ပြီးတော့ နောက်အမှုတခုဖြစ်တဲ့ ပုဒ်မ ၁၇ (၁) နဲ့ တာမွေ တရုံးကနေ ၂ နှစ် အမိန့်ထပ်ချတယ်။ တာမွေ တရားရုံးမှာပဲ လာမယ့် ၉ ရက်နေ့မှာလည်း အီလက်ထောနစ် အက် ၃၃ (က) နဲ့ နောက်တမှု ရင်ဆိုင်ဖို့ ရှိတယ်” ဟု ကိုကျော်မျိုးနိုင်နှင့် ဆွေမျိုးတော်စပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် မြို့နယ်ပါတီလူငယ် တာဝန်ခံ ကိုအောင်အောင်ဦး၊ မြို့နယ် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ကိုကျော်မင်းထွန်း (ခေါ်) ဗိုလ်ထွန်းနှင့် လူငယ်တာဝန်ခံ ၂ ကိုကျော်မျိုးနိုင် (ခေါ်) ကျော်ကြီးတို့အား နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။

၎င်းတို့သည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါရှိသည့် ကပ်ခွာ Sticker များကို ဖြန့်ဝေသဖြင့် ဗဟန်းရဲစခန်းမှ ရဲ ၂ ဦးက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရှေ့နေ ဦးအေးသိန်းက ကိုကျော်မျိုးနိုင် အမှုအတွက် လိုက်ပါအကျိုးဆောင်ပေးနေကာ၊ သူ့ကို အင်းစိန်ထောင် သီးသန့်အဆောင်တွင် ထားရှိပြီး လမ်းလျှောက်ခွင့် မပေးကြောင်း မနေ့က တရားရုံးသို့ သွားရောက်ခဲ့သည့် အဖွဲ့ချုပ် လူငယ်တဦး အပြောအရ သိရသည်။

No comments: