Saturday, July 3, 2010

ဘိန်းထုတ်လုပ်မှု ပိုများလာဟု ပလောင်အမျိုးသမီးများ ပြော

မြင့်မောင် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ပမာဏသည် ယခင်နှစ်များထက် ပိုမိုတိုးပွားလာကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပလောင် အမျိုးသမီးများ အစည်းအရုံးက ပြောဆိုသည်။

စစ်အစိုးရ ထိန်းချုပ်သည့် ပလောင်ဒေသများထဲတွင် ဘိန်းစိုက်ပျိုးမှု လုပ်ငန်းများ များပြားလာသည်ကို အခြေခံပြီး “အဆိပ်သင့် တောင်တန်းများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာကို ပလောင် အမျိုးသမီးများ အစည်းအရုံးက ယမန်နေ့တွင် ထုတ်ပြန်ကာ ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အစ်ီရင်ခံစာက ပလောင်ဒေသကို အခြေခံကောက်ခံထားတာပါ။ UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး) က ထုတ်ထားတဲ့ အစီရင်ခံစာနဲ့ ကျမတို့ ထုတ်ထားတဲ့ အစီရင်ခံစာက နည်းနည်း ကွာဟမှု ရှိနေတယ်။ အဓိကက ကျမတို့က ဘယ်အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာမှ မရှိဘူး။ ကျမတို့က လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်” ဟု အစည်းအရုံး အတွင်းရေးမှူး လွေးမိုးခမ်းက မဇ္ဈိမကို ပြောသည်။

ကုလသမဂ္ဂ ဘိန်းစိုက်ပျိုးမှု စစ်တမ်းက ကိုးကားဖော်ပြထားသော ရဲအစီရင်ခံစာများတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဘိန်းခင်းအများစုကို ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ၂၀၀၆-၂၀၀၇ ဘိန်းစိုက်ရာသီတွင် ၇ဝ ရာခိုင်နှုန်း၊ ၂၀၀၇-၂၀၀၈ ဘိန်းစိုက်ရာသီတွင် ၅၄ ရာခိုင်နှုန်း အထက်သို့ တင်ပြထားသည်ကို တွေ့ရှိရကြောင်း ပလောင် အမျိုးသမီး အစည်းအရုံး အစီရင်ခံစာတွင် ဆိုထားသည်။

ထို့ပြင် ၂၀၀၈-၂၀၀၉ ဘိန်းစိုက်ရာသီတွင် ရဲအစီရင်ခံစာများသည် ဘိန်းခင်းများ၏ ၂၅ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ကြောင်း တင်ပြထားသည်ဟု ဆိုသည်။

ဤကိန်းဂဏန်းသည် ၎င်းတို့ လေ့လာတွေ့ရှိထားသည့် (၁၁ ရာခိုင်နှုန်း) ထက် ၂ ဆ ကျော် ပိုများနေကြောင်း ပလောင်အမျိုးသမီးများက အစီရင်ခံထားသည်။

“UNODC အစီရင်ခံစာက နအဖ ထိန်းချုပ်ထားတဲ့ ပြည်သူစစ်၊ ရဲတွေရဲ့ အစီရင်ခံစာပေါ် အခြေခံပြီးတော့ လုပ်ထားတာ ဖြစ်တဲ့အတွက် ကျမတို့လုပ်တဲ့ အစီရင်ခံစာနဲ့ အရေအတွက်အားဖြင့် ကွာဟမှုရှိတယ်။ ကျမတို့က ရွာသားတွေနဲ့ တိုက်ရိုက်မေးမြန်းမှုတွေ ရှိတယ်။ သောက်သုံးတဲ့သူတွေကို မေးမြန်းတာ ရှိတယ်။ ဘိန်းစိုက်ပျိုးတဲ့ သူတွေကို တိုက်ရိုက်တွေ့ဆုံမေးမြန်းပြီး လုပ်ထားပါတယ်။ ကျမတို့ တော်တော်များ မြို့နယ်တွေကို မလုပ်နိုင်ဘူး။ မြို့နယ် ၃ မြို့နယ်ကိုပဲ အခြေခံပြီးတော့ လုပ်ထားတာပါ” ဟု လွေးမိုးခမ်းက ပြောသည်။

မန်တုန်နှင့် နမ့်ခမ်းဒေသ နှစ်နေရာတွင် ၂ဝဝ၆-၂ဝဝ၇ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း စုစုပေါင်း ဘိန်းစိုက် ဧက၏ ၂ဝ ရာခိုင်နှုန်းကိုသာ ဖျက်ဆီးခဲ့ကြပြီး၊ ၂ဝဝ၇-၂ဝဝ၈ ဘိန်းစိုက်ရာသီအတွက် ဧကစုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းကိုသာ ဖျက်ဆီးခဲ့ကြောင်း ပလောင် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့နောက် ၂ဝဝ၇-၂ဝဝ၉ ခုနှစ်အတွင်း နမ့်ခမ်းနှင့် မန်တုန်မြို့နယ်များအတွင်း ကွင်းဆင်းစစ်ဆေးမှုအရ လွန်ခဲ့သည့် ၃ နှစ်ခန့်က ရှိခဲ့သည့် ဘိန်းစိုက်ဧရိယာထက် ၅ ဆမျှ ပိုများလာသည်ကို တွေ့ရှိရပြီး ပမာဏအားဖြင့် ၂ဝဝ၆-၂ဝဝ၇ ခုနှစ်တွင် ၉၆၃ ဟက်တာမှ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် ၄,၅၄၅ ဟက်တာ ရှိလာခဲ့ကြောင်း ဆိုထားသေးသည်။

“မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့များ” သည် အဓိကကျသည့် ဘိန်းခင်းများကို မတို့မထိဘဲ ထားစေပြီး၊ ရဲဌာနချုပ်သို့ မူးယစ်ဆေးဝါး နှိမ်နင်းမှု အတုအယောင် သတင်းများကို လုပ်ကြံအစီရင်ခံနေကာ၊ ၎င်းတို့ တွေ့ရှိချက်အရ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် လူမြင်သာသည့် နေရာများမှ ဘိန်းစိုက်ခင်းများ၏ ၁၁ ရာခိုင်နှုန်းကိုသာ ဖျက်ဆီးခဲ့ကြောင်း အစည်းအရုံးက ဆိုသည်။

“ဒေသခံအာဏာပိုင်တွေ၊ မြို့နယ်အသီးသီးက မူးယစ်အထူးသတင်းတပ်ဖွဲ့ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့တွေက ကျေးရွာလူထုဆီက ငွေညှစ်ကောက်ခံတာတွေ ရှိတယ်။ ၂ဝဝ၇-၂ဝဝ၈ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း မန်တုန် မြို့နယ်ထဲမှာ အာဏာပိုင်တွေက ငွေကျပ်ပေါင်း ၃၇ သန်းကို ကျေးရွာ ၂၈ ရွာဆီကနေ လာဘ်ငွေအဖြစ် တောင်းယူတာတွေ ရှိတယ်” ဟု လွေးမိုးခမ်းက ပြောသည်။

အာဏာပိုင်များက မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းမှ အကျိုးအမြတ် ဖြစ်ထွန်းနေသဖြင့်လည်း၊ မူးယစ်ဆေး သုံးစွဲမှုများ ပိုများလာပြီး မန်တုန်မြို့နယ်ရှိ ကျေးရွာတခုကို စစ်တမ်းကောက်ယူရာ၌ အသက် ၁၅ နှစ်အထက် အမျိုးသားများ ဘိန်းစွဲနေသည့်နှုန်းသည် ၂ဝဝ၇ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်းမှ ၂ဝဝ၉ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

လွေးမိုးခမ်းက “နမ့်ခမ်းမြို့ အနီးတဝိုက်မှာ ဘိန်းဖြူစွဲနေသူတွေက ဘိန်းခန်းတွေဆီ ပြောင်ပြောင်တင်းတင်း သွားရောက်သုံးစွဲနေကြတယ်။ ဘိန်းရောင်းသူတွေက ဘိန်းမဲနဲ့ စိတ်ကြွဆေး အမ်ဖီတမင်း ဆေးပြားတွေကို နေအိမ်တချို့မှာ အထင်အရှား ရောင်းချနေတယ်” ဟု ပြောသည်။

ဘိန်းစိုက်ပျိုးမှု ထွန်းကားနေခြင်းမှာ ကုလသမဂ္ဂက စွပ်စွဲဖော်ပြထားသလို “သူပုန်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေးအဖွဲ့များ” ထိန်းချုပ်ရာ ဒေသများမဟုတ်ဘဲ၊ စစ်အစိုးရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ထိန်းချုပ်ထားသည့် ဒေသများအတွင်း ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ပလောင်အမျိုးသမီး အစီရင်ခံစာတွင် ဆက်လက်၍ ရေးသားဖော်ပြထားသည်။

No comments: