Sunday, July 25, 2010

ဒေါ်အောင်ဆန်းစုကြည် တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်သင့်တယ်လို့ ပြောကြရင်

ခိုင်အောင်ကျော် ( နယူးယောက် )

ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ မှ ဒေသတွင်းလုံခြုံရေးဆိုင်ရာညီလာခံကို အာဆီယံညီလာခံနှင့် တဆက်တည်း ကျင်းပ ခဲ့ကြသည်။ ယင်း ညီလာခံ မှာ အာဆီယံနိုင်ငံတွေကပါ အနောက်နိုင်ငံတွေကပါ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ် သက်၍ ဝေဖန်ခဲ့ကြသည်။ ထောက်ပြခဲ့ကြ သည်။ တောင်းဆိုခဲ့ကြသည်။ နောက်ဆုံးမှာ စစ်အစိုးရ နိုင်ငံခြား ရေးဝန်ကြီး ဦးညာဏ်ဝင်းက အရှက်မရှိ ပြောသံကြားရသည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မကန့်သတ် ထား၍ နေအိမ်အကျယ်ချုပ်မှ လွပ်မြောက်လာလျှင် ရွေးကောက်ပွဲကို ၀င်ပြိုင်နိုင်ပါသည်ဟု ပြော သွားခြင်းဖြစ်သည်။

သူပြောချင်သည်က သူတို့မှာ ဒေါ်အောင်န်းစုကြည်အား တရားသဖြင့် ဖမ်းဆီးထားရခြင်းဖြစ်သည်။ အပြစ်မှ လွပ်မြောက်ပြီဆိုလျှင် ရွေးကောက်ပွဲကို ၀င်လို့ရပြီဆိုသော သဘောဖြစ်သည် ။ သာမန်လူတယောက်အနေနှင့် ဆိုလျှင် ဤစကားသည် အလွန်လှပသော ကရုဏာရသမြောက်သော စကားလုံးဖြစ်ပါလိမ့်မည်။ ဒေါ်အောင်ဆန်း စုကြည် အတွက်မှာမူ ဟာသတပုဒ် သို့မဟုတ် ရယ်စရာ စကား တခွန်း အဖြစ် မှတ်ယူပါလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်ဖြစ်နေသည်။ ပြည်သူတရပ်လုံး၏ ဒီမိုကရေစီ မိခင်ဖြစ် နေသည်။ စစ်အစိုးရသည် မည်သည့်အခါမျှ ဒေါ်အောင်ဆန်းစကြည်အား နိုင်ငံတော်အာဏာကို လွဲပြောင်းပေးလိုသည်မဟုတ်။ အကယ်၍ ကနေ့လမ်းပေါ်ထွက်ပြီး ရပ်ပြလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် နောက်မှ ပြည်သူတရပ်လုံး ရှိနေပေလိမ့်မည်။ ဒီပဲယင်းအရေးအခင်းတွင် လက်နက်မဲ့ပြည်သူတို့မှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါသည်။ ယခုအချိန်ထိ အဖမ်းဆီးခံနေကြရသည်။ တချို့ ထောင်ထဲတွင် ရှိနေကြတယ် ဆိုကြပါစို့ ။

ယခုသာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ရန်အတွက် လမ်းပေါ်ထွက်ပြီး ရပ်ပြလိုက်လျှင် ဒေါ်သန်း သန်းနု၊ ဒေါ်ချိုချို ကျော်ငြိမ်း၊ ဒေါ်နေရီဘဆွေ တို့ထက်တော့ မဲဆွယ်စည်းရုံးရေးကောင်းမည်မှာ သေချာလှပါ သည်။ သူတို့လည်း ၀န်ကြီးဟောင်းများ၏ သား သမီးများ ဖြစ်ပါလျှက်ကယ်နှင့် မြန်မာနိုင်ငံအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ထက် အနေများသူများဖြစ်ပါလျှက်ကယ်နှင့် ပြည်သူတွေ က ဘာကြောင့်များ သူတို့အပေါ် စိတ်မ၀င်စားပါ သနည်း။

စင်စစ်အားဖြင့် ဒီပဲယင်းအရေးအခင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံသောအရေးအခင်းဖြစ်သည်။ သို့သော် သေကံမရောက် သက်မပျောက်ခဲ့။ ကံကြမ္မာသည် ဒေါ်အောင်ဆန်းစုကြည်အား မျက်နှာသာ မပေးခဲ့ သေးပါ။ အမေရိကန်မှ မဆီမဆိုင်ပုဂ္ဂိုလ်တဦးဖြစ်သူ မစ္စတာဂျွန်ယက်ထော ဆိုသူက အင်းယားကန်မှ ရေကူးပြီး ၀င်ရောက်သွားခဲ့သည်။ သူကား ပထမတကြိမ်က ၀င်ရောက်ခဲ့ပြီမို့ ယခု အကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။

ယင်းပြသနာကြောင့်ဒေါ်အောင်ဆန်းစုကြည်မှာ ဦးစွာအင်းစိန်ထောင်ရောက်သွားရပြီး နောက်မှ နေအိမ် အကျယ် ချုပ်ကျခံ နေရသည်။ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေထုတ်သောအခါ အကျဉ်းကျနေသူများ၊ နေအိမ်အကျယ်ချုပ် ကျခံနေရသူများ မပါရဟု ထုတ်ထားသည်။ ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသည် လူတယောက်ကိုသက်သက်ရည်ညွှန်းပြီး ထုတ်ထား ကြောင်း သိစေနိုင်ပါသည်။ ဒီတော့ ဤရွေး ကောက်ပွဲ ဥပဒေကို ဘာများ ပြောစရာလိုပါတော့မည်နည်း။

နောက်တချက်မှာ ၂၀၀ရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်ကိုလည်း ဒေါ်အောင်ဆန်းစကြည်မှာ တစက်ကလေးမျှ စဉ်းစားသူမဟုတ်။ အဓိကမှာ ၁၉၉၃ ခုနှစ်က အမျိုးသားညီလာခံဟု ခေါ်ဆိုသော ညောင်နှစ်ပင်မှ ဖြစ်ပေါ် လာသည့် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် အတုအယောင် အလိမ်အညာ ဥပဒေဖြစ်ကြောင်း ပြောဆိုထား သူလည်းဖြစ်သည်။ပြီးတော့ တကယ်တမ်း မြန်မာနိုင်ငံတော်အတွက် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ တရပ်ကို မည်သူက ရေးဆွဲ အကောင်အထည် ဖေါ်ဆောင်ရမည်နည်း ဆိုသည်ကိုလည်း သာမန်နိုင်ငံရေးသမား ပေါက်စ ကလေးများတောင် သိပါသည်။

ဤကဲ့သို့အနေအထားမှာ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်ပြုပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မည်သို့ခံယူပါမည် နည်း။ ထို့ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့ခြင်း ဖြစ် သည်။ ပြောရလျှင် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု ကြေညာလိုက်သလို သပိတ်မှောက်သည်ဟု လည်း နိုင်ငံတကာကို ကြေညာလိုက်ခြင်းဖြစ်သည်။

ရွှေဂုံတိုင်ကြေညာစာတမ်းတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ပေးရန် တောင်းဆို ထား ပါသည်။ တနည်း နည်းအားဖြင့် အသိအမှတ်ပြုရန် တင်ပြထားပါသည်။ နအဖစစ်အစိုးရသည် တခါတခါ တုံးသလိုလိုနှင့် လည်လွန်းပါသည်။ သူတို့ အကြောင်း သိသာနိုင်သည်။ မည်သည့်အခါမျှ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရေး သစ္စာရေသောက်ထားသလို ခပ်တင်းတင်းတောင့်ခံထားကြပါသည်။

စကားအနေဖြင့်တောင် သူတို့နှုတ်မှ ထုတ်ဖေါ်ပြောဆိုခြင်းမပြု။ တခါတလေ ယောင်ယမ်း၍ ၂၀၀ရ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည်ပြုပြင်လျှင် ပြည်သူ့လွှတ်တော်တွင် ပြုပြင်နိုင်ပါသေးသည်ဆိုသော စကား မျိုးကိုတောင် ဝေဖန်ပြောဆိုခွင့် ပြုလုပ် ပေးပါသေးသည်။ လက်တွေ့တွင်မူ သူတို့မှာ ယင်းဖွဲ့စည်းပုံကို အထိ မခံ ရွှေပုဂံဖြစ်သည့်အနေအထားဖြစ်သည်။ မည်သည့် အတွက် ဆိုလျှင် ယင်းမှာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ရေး ဖြစ်နေသောကြောင့်ဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရခြင်းမှာ ယင်းအချက်သည် အဓိကအနေဖြင့် ရှိနေသောအချက်တချို့ ထဲမှ တချက်ဖြစ်ပါ သည်။ စ်အစိုးရသည် ပထမအကြိမ်ကပင် ဂတိသစ္စာတည်ခဲ့သူမဟုတ်။ အကယ်၍ မြန်မာ နိုင်ငံကို ပြောင်းလဲလိုလျှင် ၉၀ ခုနှစ်ကပင် အာဏာ လွဲပြောင်း လိုက်သည်နှင့် လုံးဝပြောင်းလဲ သွားနိုင်သော လက္ခာများ ရှိသည်။ ထိုင်းနိုင်ငံကို လေ့လာကြည့်က သိသာနိုင်ပါသည်။ ကျနော်တို့ တခါတခါ ကြားနေရပါသည်။

ရန်ကုန်လေဆိပ်မှ ထွက်လိုက်သည်နှင့် ထိုင်းနိုင်ငံကိုရောက်ပြီဆိုလျှင် အရာခပ်သိမ်းတို့မှာ မည်သို့မျှ ပြော၍ မရတော့ဟု ဆိုသံကြား ရပါသည်။ အားလုံးကွဲပြား ခြားနေသည်မှာ ရှက်စရာဟု ပြောကြပါသည်။ လွန်ခဲ့သော ၁၉၆၃ ခုနှစ်က မြန်မာနိုင်ငံတွင် လေယဉ်လေးစီး ရှိသည်။ ယင်းအချိန်မှာ ထိုင်းနိုင်ငံတွင်လည်း လေယဉ်မှာ လေးစီး ရှိသည်။ နှစ်ပေါင်း ၃၀ အကြာ ၁၉၉၃ ခုနှစ်တွင်မူ ထိုင်းနိုင်ငံတွင် လေယဉ်ပျံတွေ ၁၅ မိနစ် တစီးကျ နိုင်ငံတကာကို ပျံသန်းနေပြီ။ ကမ္ဘာတ၀ှမ်းလုံးသို့ ပျံသန်းထွက်ခွါနေပုံကို တီဗွီမှာ ပြသနေသောအခါ ယပ်တောင် ဖြန့်သလို ဖြာသွားနေသော လေယဉ်လမ်းကြောင်းတို့မှာ အံ့သြလောက်အောင် များပြားလွန်းနေပါသည်။ မြန်မာ နိုင်ငံတွင်မူ ယခုအချိန်ထိလည်း လေယဉ်မှာ လေးစီးသာရှိနေပါသေးသည်။ ပြောချင်သည်မှာ မဆလ၏ စနစ်ဆိုး ကြောင့်ဖြစ်ပျက်နေသော စီးပွား ရေး ကြောင့်မည်သည့်အရာမျှ တိုးတက်ဖြစ် ထွန်းမူမရှိကြောင်း ပြောဆိုခြင်းဖြစ် သည်။

ယခုလည်းမည်သည့်အရာများ တိုးတက်ပြောင်းလဲမူ ရှိပါသနည်း။ လူမူအဆောက်အအုံတို့မှာ ပြောင်းလဲလာ သည်ဟု ယေဘူယျ ပြောလျှင် ရတတ်ပါသည်။ တံတားတွေ တိုက်တာတွေ တည်ဆောက်ထားသည်မှာ သူ့မြို့ သူ့ ရွာ အတိုင်းအတာနှင့် တည်ဆောက် ထား သည်မှာ ရှိနေပါသည်။သို့သော် ပြည်သူတရပ်လုံး၏ စီးပွားရေး ချွတ်ချုံ ကျနေမူကို ငြင်း၍တော့မရနိုင်။ ထို့ကြောင့်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံတို့မှ စီးပွါးရေးပိတ်ဆို့မူ ကြောင့် စီးပွားရေးပြသနာဖြစ်ရသည်။ အလုပ်လက်မဲ့ပြသနာဖြစ်ရပါသည်။ ယင်းမှာ ဒေါ်အောင်ဆန်း စုကြည်ကြောင့် ဖြစ်ရ ပါသည်ဟု စစ်အစိုးရမှ ငြင်းချက်ထုတ်သည်။

မိမိတို့၏ စနစ်ဆိုးကြောင့်ဤသို့စီးပွါးရေးကပ်ဆိုက်၍ ကမ္ဘာတွင် အဆင်းရဲ ဆုံးနိုင်ငံဖြစ်ရသည်ကို ၀န်မခံ။ ပြော နိုင်သည်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်သာ ၁၉၉၀ ခုနှစ်က အာဏာလွှဲပြောင်း ရရှိခဲ့လျှင် မည်သို့မျှ အဆင်းရဲဆုံး နိုင်ငံစာရင်း ၀င်မည်မဟုတ်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ လုံးဝယုံကြည်ပြီး ထောက်ခံမူ ပေးနေကြခြင်းဖြစ်သည်။ ဥပမာပြောရလျှင် ဓနသဟာ နိုင်ငံများမှ သန်းပေါင်း ၁၀၀၀ ထောက်ပံ့ကူညီပါမည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးပွဲ လုပ်ရန် တိုက်တွန်းပြီး ၉၀ ခုနှစ်ရွေေးကာက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ပါဟု တိုက်တွန်းခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်က တိုက်တွန်းခဲ့သော်လည်း နအဖစစ်အုပ်စုသည် ယင်းအချက်ကို လက်မခံချေ။

နိုင်ငံရေးသမားတို့မှာ နိုင်ငံကကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကြရပါသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သောအခါ တွင်လည်း နိုင်ငံသူနိုင်ငံသားတို့အား အေးအတူပူအမျှ ရင်အုပ်နှင့်မကွာ စောင့်ရှောက် အုပ်ချုပ် ထိမ်းသိမ်းပေးရပါသည်။ ယင်းအမျိုးအစား ထဲမှာ ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းနှင့် ကိုက်ညီ နေသည်ကို တွေ့ရှိရပါလိမ့်မည်။ စစ်အစိုးရမှာမူ သူတို့၏ မိသားစု ကောင်း စားရေးနှင့် စစ်အာဏာရှင်စနစ် ရှည်ကြာဖို့အတွက် အာဏာကိုမည်သည့်အခါမျှ လွဲပြောင်းပေးရန် စိတ်ကူးထားမူမရှိချေ။ မြောက်ကိုး ရီးယား နိုင်ငံမှ နျူကလီးယားလက်နက်စက်ရုံတည်ဆောက်ထားမူကို ကမ္ဘာကြီးမှ သိရှိသွားပြီဖြစ်သည်။

ချမ်းသာကြွယ်ဝသောနိုင်ငံများအနေဖြင့် ယခင်က နျူကလီးယား လက်နက်စက်ရုံတည်ဆောက်ကြသည့်တိုင် နျူကလီးယားလက်နက် မပြန့်ပွါးရေးစာချုပ်ကို ချုပ်ဆကြရပါသည်။ ဆင်းရဲဆုံးသောနိုင်ငံပါဟု အသိအမှတ် ပြု ခြင်းခံရသော မြန်မာနိုင်ငံတွင် ဒေါ်လာပေါင်းများ စွာ ကုန်ကျသော နျူကလီးယား စက်ရုံတည်ဆောက်မူမှာ စဉ်း စားစရာဖြစ်ပါသည်။ ပြည်သူတို့ထမင်းငတ်နေကြချိန် နျူကလီးယား လက်နက် စက်ရုံတည်ဆောက်ရန် လိုအပ် နေပါသလားဟု မေးခွန်းတွေ ထုတ်နေကြပါသည်။

ပြည်သူတွေမှာထမင်းငတ်နေကြသော်လည်း နအဖစစ်အုပ်စုမှာ ကျိကျိတက်ချမ်းသာ ကြွယ်ဝနေကြပါသည်။ သားသမီးများကို နိုင်ငံခြားတွင် အဆင့်မြင့်ပညာများးကို သင်ကြားနေစေပါသည်။ ပြည်သူများ၏သားသမီးများမှာ တက္ကသိုလ်ကျောင်းများတွင် ကျောင်းတက်နိုင်ဖို့အရေး ကျောင်းကားခ ဈေးကြီးပေးမစီးနိုင်သောကြောင့်ဆန္ဒပြ တောင်းဆိုနေကြရပါသည်။ တပ်မတော်ထဲမှ အရာရှိအရာခံ အကြပ်တပ်သားတို့၏ သားသမီးတို့မှာ တက္ကသိုလ် ကျောင်းများကို တက်နိုင်သည့်အနေအထား မရှိကြချေ။

သို့သော် စစ်ဗိုလ်ချုပ်သားသမီးတို့မှာ အေးအေးဆေးဆေး တက္ကသိုလ်ကျောင်းကို ကိုယ်ပိုင်ကားနှင့် ကျောင်း တက်နေကြသည်။ နအဖစစ်တပ်တွင် စစ်မူထမ်းနေသော တပ်မတော်သားတို့မှာ တပ်မှထွက်ခွင့်တောင်း သော် လည်း ထွက်စာမရသော ကြောင့်ပြသနာ များဖြစ်နေကြသံ ကြားရပါသည်။တချို့မှာ တပ်မှထွက်ပြေး နေကြ ပါသည်။ နအဖစစ်တပ်၏ဖွဲ့စည်းပုံတွင် တပ်သားစစ်သည်အင်အား လေးသိန်းကျော်သည်ဟု ကြေညာထားသည်။ သို့သော်ယင်းလောက်မရှိကြောင်းလည်း ထောက်ပြကြပါသည်။ ထို့ကြောင့်လည်း အသက်မပြည့်သူ ကလေးငယ် များကို ဖမ်းဆီးပြီးလိမ်ညာပြီး စစ်တပ်ထဲ ဆွဲသွင်းနေသံများကို ကြားနေရပါသည်။

နအဖစစ်တပ်မှာ နျူကလီးယားလက်နက်များသာ ပိုင်ဆိုင်သွားပါက ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိ သူများ ကို အာဏာလွဲပြောင်းသွားမည်ဟု မထင်ရချေ။ ၂၀၁၃ ခုနှစ်တွင် နျူကလီးယားလက်နက် စက်ရုံတည် ဆောက်မူ ပြီးစီးသွားနိုင်သည်ဟု ခန့်မှန်းထားကြပါသည်။ တချိန်တည်းမှာ သဘာဝဓါတ်ငွေ့မှ ရရှိမည့် အမေရိကန် ဒေါ်လာ ငွေ သန်းပေါင်း ၁၀၀၀ ကျော်သည်လည်း ၂၀၁၃ ခုနှစ်တွင်ပင် နှစ်စဉ်ရရှိမည်ဖြစ်ပြီး နှစ်ပေါင်း ၄၀ နှစ်ထိ ကြာမြင့် စွာရရှိမည်ဖြစ်ပါသည်။စစ်အစိုးရသည် ၈၈ ခုနှစ်က အာဏာသိမ်းသည့်အချိန်က နိုင်ငံခြားလိုငွေ ပြနေခဲ့သော် လည်း တိုင်းပြည်ကို သေနတ်ဖြင့် ခြိမ်းခြောက်အုပ်ချုပ်နိုင်ခဲ့သည်။

ယင်းအချိန်က ငွေကြေးတပြားတချပ်မျှ မရှိချိန်တွင်ပင် ရပ်တည်နိုင်ခဲ့ပါသည်။ ယခုလို အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀၀ ကျော်ကို ရရှိမည်ဆိုပါက မည်သူကများ အာဏာကို လွဲပြောင်းပေးပါမည်နည်း။ ဤအချက်မှာ အထူးစဉ်းစားရမည့်ပြသနာဖြစ်ပါသည်။

ဒီတော့ စစ်အစိုးရသက်ဆိုးရှည်စေဖို့ ကျနော်တို့က ရွေးကောက်ပွဲကို အသက်ဆက်ပေးရပါမည်လား။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရက ကြောထောက်နေက်ခံပြုထားသော ကြံ့ဖွံနှင့် တစညပါတီတို့မှ အနိုင်ရရှိခဲ့လျင် သူတို့က အစိုးရဖွဲ့ရန်ထိ ကြိုတင်ပြင်ဆင်ထားပါသည်။ သူတို့မှာ ဖိနပ်သိန်းစိန်က ၀န်ကြီးချုပ် ဘ၀နှင့်ပင် ရွေး ကောက်ပွဲကို ၀င်ရန်ပြင်ဆင်ထားပါပြီ။ အကယ်၍ ဖိနပ်သိန်းစိန်တို့ အနိုင်ရရှိသွားလျှင် သမတမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ရန် သေချာနေပါသည်။ အကြောင်းကား သမ္မတမှာ စစ်မှူထမ်းအတွေ့အကြုံရှိရမည်ဟု ၂၀၀၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အတိအလင်းဖွင့်ဆိုထားပါသည်။ ယင်းဥပဒေကို မည်သည့်နိုင်ငံရေး
သမားတို့ကမျှ အရေင်ပြောင်း၍မရနိုင်။

ကျနော်တို့ထက်ဒေါ်အောင်ဆန်းစုကြည်က ပို၍သိပါသည်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားများကို မလွတ်ပေး လျှင် လက်မခံဟုလည်း ပြောထားသူဖြစ်ပါသည်။ စစ်မှန်သောဒိမိုကရေစီနှင့် လူ့အခွင့်အရေးကို သိရှိနားလည် သော ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်မှ လွပ်မြောက်လာလျှင် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နိုင်ခွင့်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းပြောသောစကားကို ကြားရပါပြီ။ မြန်မာနိုင်ငံရေး လေ့လာရေးအဖွဲ့က ပုဂ္ဂိုလ်တဦးကမူ ဒေါ်အောင်ဆန်းစုကြည်အား တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲတွင် ပါဝင် သင့်သည်ဟု ခန့်မှန်းပြောဆိုသုံးသပ်ပြသည်ဟု ခေတ်ပြိုင်ဂျာနယ်၌ ဖတ်လိုက်ရသည်။

ဤမျှတုံးသော အသောပုဂ္ဂိုလ်က မြန်မာ့နိုင်ငံရေးလေ့လာရေးအဖွဲ့တွင် ရှိနေသည်ဆိုတော့ ကျနော်ဖြင့် နားမ လည်။ ကျနော် နားလည်သည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုသော မိခင် ပါတီရှိသည်။ ယင်းပါတီကို ပြည်သူတွေကချစ်သည်။ ပြည်သူတွေက ရင်ထဲမှာ ယခုထက်ထိ လက်ခံထားသည်။ စစ်အုပ်စုထံတွင် မှတ်ပုံတင်ခြင်းမတင်ခြင်းက အကြောင်းမဟုတ်။ပြီးတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သောအဖွဲ့ချုပ်ဖြစ်သည်။ဤအဖွဲ့ချုပ်သည် နှစ်ခါအလိမ်မခံနိုင်သလို နှစ်ခါလည်း ပြိုင်နေစရာ အကြောင်းမရှိ။

စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သာ တကိုယ်ကောင်းစိတ်ရှိမည်ဆိုပါက ပြည်သူတို့၏ ဒီမိုကရေစီ မိခင် အဖြစ် ဂုဏ်ပြုနေကြမည်မဟုတ်။ ကမ္ဘာကလည်း လေးစားမည်မထင်။ယခုတော့ ပြည်သူကကော ကမ္ဘာကကော လေးစားချစ်ခင်မြတ်နိုးကြသည်မှာ အံ့သြစရာဖြစ်သည်။ပြီးတော့ စစ်အစိုးရပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲ ကကောမည်ကဲ့သို့များ ကြက်သရေရှိနေပါသနည်းဟုမေးစရာရှိသည်။ ထို့ကြောင့်လည်း ကျနော်ပြောချင်ပါ သည်။

ဒေါ်အောင်ဆန်းစုကြည်အား တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်သင့်သည်ဟု ပြောသူသည် စစ်အစိုးရ၏ ဒလံသူသျိုမှလွဲ၍ အခြားပုဂ္ဂိုလ်မျိုးတော့မဖြစ်နိုင်ကြောင်း ပြောဆိုရုံမှ အပ အခြားမရှိချေ။ အဘယ့်ကြောင့် ဆိုသော် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ခိုင်းသလို ပြည်သူတွေကိုလည်း မဲမပေးရန် တိုက်တွန်းထား သူ ဖြစ်သည်မို့ မည်သည့်အခါမျှ ဒီမိုကရေစီကို ကြောခိုင်းသွားမည့်သူမျိုးမဟုတ်မှန်း ပြောချင်ပါသည်။

No comments: