Saturday, July 3, 2010

ကဗျာစောဝေကို ပြန်လွှတ်ပေးရန် AAPP ပြောကြား

မြင့်မောင် | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ကဗျာဆရာ ကိုစောဝေ ယခုလ ၂၁ ရက်နေ့တွင် လွတ်ရက်စေ့ခဲ့သော်လည်း ယနေ့တိုင် ပြန်လွတ်မလာသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောဆိုသည်။

ရန်ကုန်ထုတ် အချစ်ဂျာနယ်တွင် “အာဏာရူးကြီး မှူးကြီး သန်းရွှေ” စာသားပါသည့် သူ၏ “ဖေဖော်ဝါရီ ဆယ့်လေး” ကဗျာ ပါရှိခဲ့သဖြင့် ၂ဝဝ၈ ခု ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရကာ နောက်ပိုင်းတွင် နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ချုပ်ရက်များ တပေါင်းတည်း ကျခံရန် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သဖြင့် ပြန်လွှတ်ပေးရန် AAPP-B က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တကယ်တမ်းကျတော့ ကိုစောဝေက စတင်ဖမ်းဆီးခံခဲ့ရတဲ့ နေ့ရက်ကစပြီး ချုပ်ရက်တွေကို ခံစားရမှာ။ အခုဟာက စတင်ဖမ်းဆီးစဉ်က စပြီးတော့ ချုပ်ရက်တွေကို မခံစားရဘဲ ရုံးတင်စစ်ဆေးတဲ့ မေလမှ စပြီးချုပ်ရဲ့ သတ်မှတ်လိုက်တဲ့အတွက် ပထမ အဖမ်းခံရတဲ့ ၃ လ ကျော်ကျော်က မတရား ဖမ်းထားသလို ဖြစ်နေတယ်။ ဒါဟာ ဥပဒေကြောင်းအရ ခံစားခွင့် ဆုံးရှုံးနေရတာ ဖြစ်တယ်။ အဲဒီအတွက် ကိုစောဝေကို အမြန် ပြန်လွှတ်သင့်တယ်” ဟု AAPP-B တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

ယခုအမှုကို လိုက်ပါပေးနေသည့် ဗဟိုတရားရုံးရှေ့နေ ဦးစိုးမင်းက “အင်းစိန်ထောင် အထူးတရားရုံးက ချုပ်ရက်များဖြင့် တပေါင်းတည်း ကျခံစေဆိုပြီး တရားသူကြီးက အမိန့်ချခဲ့တယ်။ ချုပ်ရက်ကတော့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စပြီးတော့ ဖမ်းဆီးတာ ဖြစ်တယ်” ဟု ပြောသည်။

ယခုလ ၂၁ ရက်နေ့တွင် လွတ်လာမည်အထင်ဖြင့် လက်ရှိချုပ်နှောင်ထားရာ မန္တလေးတိုင်း ရမည်းသင်း ထောင်သို့ ကိုစောဝေ၏ ဇနီးသည် ဒေါ်နန်းစန်းစန်းအေး သွားရောက်ခဲ့ရာ ထောင်အာဏာပိုင်များက လွတ်ရက် မစေ့သေးကြောင်း ပြောဆိုသဖြင့် ရန်ကုန်သို့ တဦးတည်း ပြန်လာခဲ့ရသည်။

ရန်ကုန်ရှိ ရှေ့နေ ဦးအောင်သိန်းက “ချုပ်ရက်ကို ဖမ်းဆီးတဲ့နေ့က စတာမဟုတ်ဘူး။ တရားရုံးကို စွဲတင်တဲ့ နေ့ကနေ စပြီးတော့ သတ်မှတ်တာ ဖြစ်တယ်။ ဖမ်းဆီးခံရတဲ့ ရက်နဲ့ တရားရုံးတင်တဲ့ ရက်တွေကြား ချုပ်ရက်တွေ မမှန်မကန် ဖြစ်နေတယ်။ ဖမ်းဆီးတဲ့ ရက်ကို ယမန်ယူတဲ့ ကာလလို့ သတ်မှတ်ထားတယ်။ အမှန်က ဖမ်းဆီးရက်ကနေ စပြီးတော့ ပေးရမယ်ဆိုတဲ့ ကျင့်ထုံးလမ်းညွှန်မှုတွေ ရှိတယ်” ဟု ပြောသည်။

ဦးအောင်သိန်းသည် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများကို လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသူ ဖြစ်သည်။

ဒေါ်နန်းစန်းစန်းက ရမည်းသင်းထောင်သို့ ထောင်ဝင်စာ တွေ့ဆုံခဲ့စဉ် ကိုစောဝေသည် သွေးဝမ်းသွားသည့် ဝေဒနာနှင့် မျက်စိဝေဒနာကို ခံစားနေရကြောင်း သိရသည်။

No comments: