Saturday, July 3, 2010

အမြောက်သယ်စစ်ကားများ ကချင်သို့ဝင်ရောက်

မြင့်မောင် | အင်္ဂါနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် စစ်အစိုးရနှင့် ကချင်အဖွဲ့တို့ မပြေမလည် ဖြစ်နေစဉ်မှာပင် မြန်မာစစ်တပ်က အမြောက်ကြီးများပါ သယ်ဆောင်၍ တပ်ရွှေ့ပြောင်းမှုကြီးတခု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မန္တလေး-ဗန်းမော်-မြစ်ကြီးနား အဝေးပြေးလမ်းတွင် အမြောက်တင် ၁ဝ ဘီးကား ၂၆ စီး အပါအဝင် တရုတ်ပြည်လုပ် စစ်ထရပ်ကားများ စုစုပေါင်း အစီးရေ ၁ဝဝ ခန့်သည် မြစ်ကြီးနားသို့ ဦးတည်ကာ ယမန်နေ့ နေ့လည်ပိုင်းတွင် မောင်းနှင်ဝင်ရောက်လာကြောင်း ကိုယ်တိုင်မြင်တွေ့သူ ဒေသခံများနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO စစ်ဘက်အရာရှိများက မဇ္ဈိမသို့ ပြောကြားသည်။

“တရုတ်ပြည်နယ်စပ် ဗန်းမော်-မြစ်ကြီးနား ဟိုက်ဝေးလမ်းမပေါ်ကနေ သွားတယ်။ အကုန်လုံးက ကားအစီးရေ ၁ဝဝ နီးပါး ရှိတယ်။ ၂၆ စီးကတော့ အမြောက်ကြီးတွေ ဖြစ်တယ်။ ၁ဝ ဘီးကားတွေနဲ့ သယ်သွားတယ်။ ပြောင်းဝတွေက အပြင်ကို ထွက်နေတယ်။ ကျန်တဲ့ကားတွေက လက်နက်ခဲယမ်းမီးကျောက်တွေ ဖြစ်နိုင်တယ်။ အဲဒီဟာတွေကို အလုံပိတ်ထားတယ်” ဟု မျက်မြင်သက်သေ ဗန်းမော်ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“၅ စီးကတော့ လုံခြုံရေး တာဝန်ယူထားတဲ့ ကားတွေ ဖြစ်တယ်။ လူက ကားတစီးမှာ ၁ဝ ယောက်ကျော် ပါတယ်။ အမြောက်တင်ထားတဲ့ ကားတွေကြားမှာ လုံခြုံရေးကားတွေ ပါတယ်။ အဲဒီကားတွေက မြစ်ကြီးနားဘက်ကို သွားတယ်” ဟု သူက ဆက်ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ မြစ်ကြီးနားသို့ ဦးတည်သယ်ဆောင်လာကြောင်းနှင့် အမြောက်များပါ ပါရှိကြောင်း KIO အရာရှိတဦးက ပြောသည်။

“သယ်သွားတာကတော့ သေချာတယ်။ စစ်ကားကတော့ ၉၂ နဲ့ ၁ဝဝ ကြား ရှိတယ်။ အမြောက်တွေပါတာ သေချာတယ်။ ကားအစီးတိုင်းမှာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလို စစ်လက်နက်ပစ္စည်းများ သယ်ဆောင်လာခြင်းသည် KIO နှင့် စစ်အစိုးရကြား အပစ်ရပ် ၁၆ နှစ်ကျော် ကာလအတွင်း အများဆုံး စစ်ယာဉ်တန်းဖြစ်သဖြင့် အနီးကပ် လေ့လာစောင့်ကြည့်နေသည်ဟု ကချင်အရာရှိက ပြောသည်။

ထိုင်း-မြန်မာအခြေစိုက် ကချင်သတင်းစဉ် KNG မှ အယ်ဒီတာ ကိုနော်ဒင်းက “စစ်ပွဲအတွက် ဖြစ်နိုင်တယ်။ ဒါ့အပြင် လက်နက်ကြီးတွေ မြစ်ကြီးနားကို ကြိုတင်သယ်ပို့ထားတာလည်း ဖြစ်နိုင်တယ်” ဟု ဆိုသည်။

ယခုလ ၄ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုဥက္ကဋ္ဌ ဂေါင်ရီဇော်ဆိုင်းနှင့် စစ်အစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ် အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ နောက်ဆုံးတွေ့ဆုံခဲ့သေးသော်လည်း သဘောတူညီမှု မရခဲ့ပေ။ ကချင်တပ်များကို မြန်မာ့တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် အကန့်အသတ်ဖြင့် သွတ်သွင်းမည့် အစီအစဉ်အတွက် လွန်ခဲ့သည့် ဧပြီလမှစတင်ကာ စစ်အစိုးရက ကချင်ခေါင်းဆောင်များနှင့် ၁၂ ကြိမ်ထက်မနည်း တွေ့ဆုံပြီးဖြစ်သည်။

“နယ်ခြားစောင့် ပြဿနာကတော့ ပြီးသွားတဲ့ သဘော ရှိတယ်။ နှစ်ဖက်စလုံးက တင်းမာတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ KIO အနေနဲ့ကလည်း ကိုယ့်ရဲ့ဒေသ၊ ကိုယ့်လူမျိုး ကာကွယ်ဖို့အတွက် အဆင်သင့် အနေအထား ရောက်နေပြီ။ KIO လူကြီးတွေ ပြောတာကတော့ အဆင်သင့် ဖြစ်နေပြီတဲ့။ နအဖ ဘက်ကနေပြီး စပစ်လာရင် ပြည်တွင်းစစ် ပြန်ဖြစ်လာနိုင်တယ်” ဟု KIO နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် ဝ' ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ၊ မိုင်းလားအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N ခေါင်းဆောင်များကိုလည်း မကြာသေးခင်က တွေ့ဆုံခဲ့ပြီးနောက် ယခုလ ၂၈ ရက်နေ့တွင် နောက်ဆုံးထားရန် ရာဇသံ ပေးထားပြီး ဖြစ်သည်။

KIO က နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံခြုံရေးတပ် KRGF အဖြစ် ဖွဲ့စည်းလိုကြောင်းနှင့် အခြားဌာနဆိုင်ရာများလည်း ပူးပေါင်းလိုကြောင်း တင်ပြထားခဲ့သည်။

ယခုထိ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) ၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ကိုးကန့်တပ်ဖွဲ့တို့က နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းလဲပြီး ဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံအနီးရှိ ပုံပါကျင်မှ တပ်ကို အမှတ် ၁ဝဝ၇ နှင့် မိုင်းယု ပြည်သူ့စစ် အမှတ် ၁ဝဝ၈ အား နယ်ခြားစောင့်တပ်အဖြစ် စစ်အစိုးရက အမည်ပေးထားသည်။

No comments: