Saturday, July 3, 2010

CC လျာထားစာရင်း မပေးပို့ဟု NLD ဗဟို ပြောဆို

မြင့်မောင် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၂ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ (CC) အဖွဲ့ဝင်အဖြစ် လျာထားမည့် ပြည်နယ်/တိုင်း ကိုယ်စားလှယ် စာရင်းတွင် မည်သူ့ကို ထည့်သွင်း ရွေးချယ်ရမည်ဟူသည့် ညွှန်ကြားမှုမျိုး ဗဟိုတွင် မရှိခဲ့ကြောင်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များက ပြောဆိုသည်။

ယခုလ ၉ ရက်နေ့တွင် ပဲခူးတိုင်းမှ CC အဖွဲ့ဝင် လျာထားသူ ၇ ဦး ရွေးချယ်သည့် အစည်းအဝေး၌ ဗဟိုမှ ပေးပို့သည်ဟူသော အမည်စာရင်းအတိုင်း ရွေးချယ်သည်များ ရှိခဲ့သဖြင့် ပဲခူးတိုင်း NLD စည်းရုံးအဖွဲ့ ခေါင်းဆောင်များအကြား အငြင်းပွားမှု ဖြစ်ခဲ့ပြီးနောက် ဗဟိုပြောခွင့်ရ ခေါင်းဆောင်များက ထိုကဲ့သို့ စာရင်းပေးပို့ခဲ့ခြင်း မရှိကြောင်း တုံ့ပြန် ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“ဗဟိုကနေ လူစာရင်း ချပြမယ်ဆိုတဲ့ မူလည်း မရှိဘူး။ ချပြစရာလည်း မရှိဘူး။ အောက်ခြေက လျာထားချက်အတိုင်း လုပ်ရမှာ။ အဲဒီလျာထားချက်ကို ဗဟိုမှာ လူစာရင်းရှိတယ်ဆိုရင် ဗဟိုလူစာရင်းနဲ့ တိုက်ပြီးတော့မှ ညှိနှိုင်းမှာပဲ။ ဗဟိုက လူစာရင်း ရှိခဲ့ရင်လည်း အောက်ခြေကို ချပြစရာ အကြောင်းကို မရှိဘူးလို့ ထင်တယ်” ဟု ဗဟို CEC အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

CEC အဖွဲ့ဝင် နောက်တဦးဖြစ်သူ ဦးခင်မောင်ဆွေကလည်း “လူနာမည်တွေနဲ့ ချထားတာ မရှိပါဘူး။ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါတယ်။ လူတွေကို ဘယ်သူဘယ်ဝါ ရွေးပါဆိုပြီး ညွှန်ကြားထားတာ မရှိပါဘူး။ ပဲခူးတိုင်းကဖြစ်တဲ့ ပြဿနာက ကျနော်တို့ဆီမှာ တရားဝင် တင်ပြထားတာ မရှိသေးဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေက ထွက်နေတာပေါ့။ ဗဟိုကနေ ချပေးထားတယ်ဆိုပြီးတော့ နားလည်မှု လွဲနေတာတွေ ရှိပါတယ်” ဟု ပြောသည်။

ပဲခူးတိုင်းလည်း CC အတွက် လျာထားမည့် ၇ ဦး တင်မြှောက်ခွင့် ရှိသော်လည်း ပဲခူးတိုင်း ဥက္ကဋ္ဌ ဦးညွန့်ဝေက ဗဟိုမှ ချမှတ်ပေးသည်ဆိုသော ၅ ဦးအမည်စာရင်းနှင့် ၎င်းကိုယ်တိုင် ရွေးချယ်ထားသည့် ၃ ဦးကို အစည်းအဝေး တက်ရောက်သူများ၏ ဆန္ဒသဘောထားကို မရယူဘဲ ရွေးချယ်ခဲ့ကြောင်း ပဲခူးတိုင်း တောင်ငူမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က မဇ္ဈိမကို ပြောသည်။

ဗဟိုမှ အမည်စာရင်း ပေးပို့သည်ဆိုသော ပုဂ္ဂိုလ် ၅ ဦးမှာ ပြည်ခရိုင်မှ ဒေါက်တာခင်မောင်ဝင်းနှင့် ဦးလှကျော်၊ ဒေါ်လှလှမိုး (သာယာဝတီ)၊ ပဲခူးခရိုင်အတွက် ဦးကျော်သိန်းနှင့် ပါမောက္ခဟောင်း ဦးထွန်းကြွယ်တို့ ဖြစ်သည်။ တောင်ငူခရိုင်အတွက် ကိုယ်စားလှယ် ၂ ဦး အမည်စာရင်းကို အစည်းအဝေး တက်ရောက်သူ တိုင်းစည်းအဖွဲ့ဝင် ၅ ဦးက တင်သွင်းရာ ထိုအဆိုကို ပဲခူးတိုင်း ဥက္ကဋ္ဌ ဦးညွန့်ဝေက ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဦးအောင်စိုးမြင့်က “ကျန်တဲ့လူ ၂ ယောက်ကို တက်ရောက်လာတဲ့ ကိုယ်စားတွေအနေနဲ့ အဆိုပြုလို့ ရပါသလား မေးတော့ တိုင်းဥက္ကဋ္ဌက ရပါတယ်လို့ ပြောတယ်။ တိုင်းစည်းအဖွဲ့ဝင် ၅ ဦးက တောင်ငူဒေသမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့်နဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးကို အဆိုပြုတယ်။ ပဲခူးတိုင်း ဥက္ကဋ္ဌဖြစ်သူ ဦးညွန့်ဝေက သူ့သဘောနဲ့ ငြင်းဆန်ခဲ့တယ်” ဟု ပြောသည်။

ချမှတ်ထားသည့် မူများနှင့် ကိုက်ညီမှု မရှိလျှင် ဗဟိုအနေဖြင့် လက်ခံစဉ်းစားမည် မဟုတ်ဟု ဦးခင်မောင်ဆွေက ပြောသည်။

“ကြားတဲ့အတိုင်း မှန်ကန်တယ်ဆိုရင် ဒီမိုကရေစီနည်းနဲ့ မကိုက်ညီပါဘူး။ အဖွဲ့ချုပ်က ညွှန်ကြားထားတဲ့ မူနဲ့လည်း မကိုက်ညီပါဘူး။ အောက်ခြေက သူတို့ဆန္ဒသဘောထားနဲ့ လွတ်လပ်စွာ ရွေးချယ်လျာထားခွင့် ပေးထားတာကို အောက်ခြေရဲ့ ဆန္ဒနဲ့ ရွေးချယ်ရာထားချက် မဟုတ်လို့ရှိရင် ဒါက ဘောင်မဝင်ဘူးလို့ ပြောရမှာပါ” ဟု သူက ပြောသည်။

ပဲခူးတိုင်း စည်းရုံးရေးအဖွဲ့ဝင်များအကြား အငြင်းပွားမှုများနှင့် ပတ်သက်၍ တိုင်းဥက္ကဋ္ဌဖြစ်သူ ဦးညွန့်ဝေထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ပြန်လည်ဖွဲ့စည်းမည့် ဗဟိုဦးစီးအဖွဲ့ဝင် CC အဖြစ် လျာထားမည့်သူများကို ရွေးချယ်ရာ၌ လိုက်နာရမည့် ရွေးချယ်ရေးမူ ၅ ချက်အပါအဝင် ညွှန်ကြားစာကို NLD ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌများထံ ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ညွှန်ကြားစာထဲတွင် NLD ကို ကျစ်လစ်ခိုင်မာ တောင့်တင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်ရန် အရည်အချင်းရှိသူ၊ ပါတီအပေါ် သစ္စာရှိသူ၊ ပါတီနှင့် ယနေ့အထိ မကင်းမကွာ တာဝန်ထမ်းဆောင်သူ၊ ပါတီ၏ လက်ရှိမူဝါဒ သဘောထားများအတိုင်း ရပ်တည်သူ၊ ပါတီ စည်းမျဉ်းစည်းကမ်းများအရ အရေးယူခံနေရသူ မဖြစ်စေရ ဟူသည့် အချက်များ ဖြစ်သည်။

ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ အမျိုးသမီး လုပ်ငန်းအဖွဲ့များအနေဖြင့် အများဆုံး ၅ ဦး ထက်မပိုရန်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်တို့အနေဖြင့် အများဆုံး ၇ ဦးထက် မပိုစေဘဲ ရွေးချယ်ဆုံးဖြတ်ရန်ပါ ညွှန်ကြားခဲ့သည်။

ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့များက ရွေးချယ်ဆုံးဖြတ်သူများသည် CC အဖွဲ့ဝင်ဖြစ်ရန် လျာထားစာရင်းသာ ဖြစ်ကြောင်းနှင့် ယင်းလျာထားစာရင်းနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးသည် ဗဟိုဌာနချုပ်သို့ လာမည့် ဖေဖော်ဝါရီလ ၁၆/၁၇ ရက်နေ့အရောက် လာရောက်၍ CEC နှင့် တွေ့ဆုံညှိနှိုင်းရမည်ဟုလည်း ဆိုထားသည်။

ထို့ပြင် CEC သည် ပြည်နယ်/တိုင်းများတွင် CC အဖွဲ့ဝင်ဦးရေ လျှော့ခြင်း၊ တိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ လုပ်ငန်းလိုအပ်ချက်အရ ပါဝင်သင့် ပါဝင်ထိုက်သော ပုဂ္ဂိုလ်များကို ထည့်သွင်းနိုင်ခြင်း လုပ်ပိုင်ခွင့် ရှိကြောင်းနှင့် CEC က စိစစ်သုံးသပ်ပြီး အပြီးသတ် ရွေးချယ်အတည်ပြု၍ CC ကို ဖွဲ့စည်းမည်ဟု ရေးသားဖော်ပြခဲ့သည်။

NLD ဗဟို CEC အဖွဲ့ဝင် ၁၁ ဦး ရှိခဲ့ရာမှ ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံတိုးချဲ့ခဲ့ပြီးနောက် ဗဟိုဦးစီးအဖွဲ့ CC ကို ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ CEC တွင်မူ ယခုအခါ အဖွဲ့ဝင် ဦးရေ ၂ဝ ရှိသွားပြီဖြစ်သည်။

၁၉၉ဝ ခုနှစ်အတွင်း ပြည်နယ်/တိုင်း ကိုယ်စားလှယ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည့် CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် ဖျက်သိမ်းခဲ့သည့် သဘောမျိုး ဖြစ်ခဲ့သည်။

ယခု ပြန်လည်ဖွဲ့စည်းမည့် CC ကို အဖွဲ့ဝင် ဦးရေ အနည်းဆုံး ၉ဝ မှ အများဆုံး ၁၂ဝ ခန့်ဖြင့် ဖွဲ့စည်းမည်ဟု သိရပြီး ရွေးချယ်လိုက်သည့် အမည်စာရင်းကို ယခုလကုန်ပိုင်းတွင် ကြေညာဖွယ်ရှိကြောင်း CEC အဖွဲ့ဝင်များက ခန့်မှန်းထားသည်။

No comments: