Saturday, July 3, 2010

မီတာထိန်းသိမ်းခ နှစ်ဆတိုးမြှင့်မည်

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၇ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတဝှမ်း လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခကို ယခုလမှ စတင်ကာ ကျပ် ၅ဝဝ မှ ကျပ် ၁ဝဝဝ အထိ တိုးမြှင့်ကောက်ခံရန် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မကြာသေးခင်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

“မီတာထိန်းသိမ်းခက ၁ဝဝဝ (ကျပ်) ဖြစ်မယ်။ အရင်က ၅ဝဝ ပဲ ရှိတယ်။ ၅ဝဝ တိုးလာတယ်။ ဒီလ ၂ဝ လောက်မှာ မီးခတောင်းရင် မီတာထိန်းသိမ်းခကို ၁ဝဝဝ စကောက်မယ်။ မီတာထိန်းသိမ်းခကို ဘာကြောင့် တက်တာမသိဘူး။ အထက်က ညွှန်ကြားတာပါပဲ” ဟု ချင်းပြည်နယ် တီးတိန်မြို့မှ လျှပ်စစ်ရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်း ပဲခူးမြို့မှ ဒေသခံတဦးကလည်း “မီတာစောင့်ရှောက်ခ တိုးကောက်တယ်။ မနေ့က မီတာသွားဆောင်မှ သိရတာပါ။ အရင်က ကျပ် ၅ဝဝ ဆောင်ရတယ်။ အခု ကျပ် ၁ဝဝဝ ပေးရမယ်ဆိုတာ ပါလာတယ်။ နောက်တခါ မီတာတလုံး အသစ်လျှောက်ရင် ၅ သောင်း ၆ ထောင်ကနေ ၇ သောင်း ၂ ထောင်အထိ တက်သွားတယ်။ အရင်က မီတာတလုံးက ၅ သောင်း ၆ ထောင် ရှိတယ်။ စရံအဖြစ် ၃ ထောင် တင်ရတယ်။ မီတာ ဝါယာကြိုး သွယ်တန်းခ ၁၅ဝဝဝ အောက်ဆုံး ပေးရတယ်” ဟု ပြောသည်။

မန္တလေးတိုင်း အနောက်မြောက်မြို့နယ်၊ မကွေးတိုင်း ချောက်နှင့် ရေနံချောင်း အပါအဝင် မြို့နယ် ၄ မြို့နယ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့၊ ပဲခူးတိုင်း ပဲခူးမြို့နှင့် ချင်းပြည်နယ် တီးတိန်မြို့သို့ ဆက်သွယ်မေးမြန်းကြည့်ရာ ယခုလ မီတာခနှင့်အတူ မီတာထိန်းသိမ်းခပါ တပါတည်း ကောက်ခံရန် ဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ကြောင်း လျှပ်စစ်ရုံးများနှင့် ဒေသခံများက ပြောဆိုကြသည်။

No comments: